← Chapters

စစ်ဝံပုလွေများ၏ အညံ့ခံမှု

Vol. 82 Ch. 1230

စစ်ဝံပုလွေများ၏ အညံ့ခံမှု

Vol. 82 Ch. 1230

ဧည့်ခန်းတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေသည်။ ချူးယွင်ဖန်း၏ ပုရှန်ကို လျင်မြန်စွာ သတ်ဖြတ်လိုက်သော ဖြစ်ရပ်မှ လူတိုင်း သတိပြန်မကပ်နိုင်သေးပုံပေါ်သည်။ ၎င်းတို့သည် တည်ငြိမ်သော မျက်နှာထားရှိနေသည့် ချူးယွင်ဖန်းကို ကြည့်လိုက်ကြသည်။ ပုရှန်ကို သတ်ဖြတ်ခြင်းသည် သူ့အတွက် အလွန်လွယ်ကူခဲ့ပုံပေါ်သည်။ ချူးယွင်ဖန်း၏ စွမ်းအားအများစုကို တားဆီးခဲ့သည့် ပုရှန်၏ အရည်အသွေးမြင့် မှော်ချပ်ဝတ်တန်ဆာကြောင့်သာ မဟုတ်ပါက၊ ပုရှန်ကို မြန်ဆန်စွာ သတ်ဖြတ်နိုင်ပေလိမ့်မည်။

ပုရှန်သည် ခြေလှမ်းတစ်ဝက် ရွှေအမတေအဆင့်၏အစွန်းကို ထိမိနေသော်လည်း ထိုအဆင့်သို့ အမှန်တကယ် မတက်လှမ်းနိုင်သေးပေ။ ထို့အပြင် ပုရှန်သည် ခြေလှမ်းတစ်ဝက် ရွှေအမတေအဆင့်သို့ ဝင်ရောက်ခဲ့လျှင်ပင် သူနှင့် ယှဉ်ပြိုင်နိုင်မည် မဟုတ်သောကြောင့် ချူးယွင်ဖန်းက မစိုးရိမ်ပေ။

ဤအခိုက်အတန့်တွင် ထူးခြားဆန်းကြယ်သော အကြီးအကဲနှင့် လူငယ်အကြီးအကဲတို့သည် ကိုယ့်ကိုယ်ကို ချူးယွင်ဖန်းနှင့် နှိုင်းယှဥ်ရန် စိတ်ကူးမရှိကြပေ။ ဆန့်ကျင်ဘက်အနေဖြင့် ၎င်းတို့သည် သူ့ကို ကြောက်လန့်တကြား ကြည့်နေကြသည်။ ၎င်းတို့သည် ရန်ဆွရန်မသင့်သောစာရင်းတွင် သူ့ကို ထည့်သွင်းထားကြသည်။ ချူးယွင်ဖန်းသည် ထိုစာရင်းတွင် အသက်အငယ်ဆုံးဖြစ်ကြောင်း သိသာထင်ရှားသည်။ ၎င်းသည် မကြုံစဖူးဖြစ်စဥ်မျိုးပင် ဖြစ်နိုင်သည်။

ချူးယွင်ဖန်းသည် ပုရှန်ကို သတ်ဖြတ်ပြီးနောက် ဓားနှင့်တူကို သိမ်းဆည်းလိုက်သည်။ ပြီးနောက် သူသည် လူတိုင်း၏ဒဏ်ရာများကို စတင်ကုသပေးလိုက်သည်။ သူ၏အကူအညီဖြင့် လူတိုင်း၏ဒဏ်ရာများ လျင်မြန်စွာ သက်သာလာခဲ့ရာ၊ အထူးသဖြင့် ထူးခြားဆန်းကြယ်သော အကြီးအကဲ၏ ခန္ဓာကိုယ်ထဲရှိ အဆိပ်အတောက်များသည် ဖိနှိပ်ထားလိုက်ရသောကြောင့် အလွန် နည်းပါးလာခဲ့သည်။ ကျန်ရှိသော အဆိပ်အတောက်များကို ကိုယ်တိုင်တွန်းထုတ်ရန်သာ နည်းလမ်းရှာရပေလိမ့်မည်။

"ကျုပ်တို့ကို ကယ်တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဆေးဆရာချူး။ မဟုတ်ရင် ကျုပ်တို့ရဲ့ အနှစ်တစ်ရာလောက်အချိန်ယူခဲ့တဲ့ အုတ်မြစ်တစ်ခုလုံး ပျက်စီးသွားရလိမ့်မယ်" ခေါင်းဆောင်က ကမန်းကတန်း ကျေးဇူးတင်စကားပြောလိုက်သည်။

သူသည် ဤအချိန်တွင် ချူးယွင်ဖန်းနှင့် တန်းတူရည်တူအဖြစ် မဆက်ဆံဝံ့တော့ပေ။ ချူးယွင်ဖန်းသည် သူ့ကို ပထမအကြိမ်တွင် ကယ်တင်ခဲ့ဖူးသော်လည်း သူသည် ထိုအချိန်တွင် ချူးယွင်ဖန်းနှင့် တန်းတူရည်တူ ဆက်ဆံနိုင်ဆဲဖြစ်သည်။ သို့သော် ချူးယွင်ဖန်း၏အနာဂတ်သည် အကန့်အသတ်မရှိကြောင်း သူ သဘောပေါက်လာသည်။ သူသည် သူ၏ အသက်အရွယ်ကြီးရင့်မှုကို အခွင့်ကောင်းမယူဝံ့သောကြောင့် စိတ်ရင်းအမှန်ဖြင့် ပြောလိုက်သည်။

"ဟုတ်ပါတယ် ဆေးဆရာချူး၊ ဒီနေ့ ခင်ဗျားရဲ့အကူအညီမပါဘဲ ကျုပ်တို့ သေသွားနိုင်တယ်။ အနာဂတ်မှာ ခင်ဗျားသာ အကူအညီလိုအပ်ရင် ကျုပ် ခင်ဗျားအတွက် ဘာမဆိုလုပ်ပေးပါ့မယ်" ထူးခြားဆန်းကြယ်သော အကြီးအကဲက ပြောလိုက်သည်။

"ကယ်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ် ဆေးဆရာချူး။ အနာဂတ်မှာ တစ်ခုခုလိုအပ်ရင် ကျွန်မကို အချိန်မရွေး အကြောင်းကြားလိုက်ပါ"

လူငယ်အကြီးအကဲတွင် ထူးဆန်းသော အမူအကျင့်မျိုးရှိသော်လည်း ကျေးဇူးပြန်ဆပ်ရမည့် နိယာမသဘောတရားကို သူမ နားလည်ထားသည်။ ထို့အပြင် ချူးယွင်ဖန်း၏ ခွန်အားသည် သူမထက်သာလွန်သောကြောင့် ပေးအပ်ခဲ့သော အကူအညီကို မမေ့လျော့ဝံ့ပေ။

"ဆေးဆရာချူး၊ ကျုပ် တကယ် ကျေးဇူးတင်လို့တောင် မလုံလောက်ပါဘူး။ ကျုပ်ကို ဓားတောင် တက်ဖို့ပဲပြောပြော၊ မီးပင်လယ်ဖြတ်ဖို့ပဲ ပြောပြော ကျုပ် မျက်မှောင်တောင်ကြုတ်နေမှာ မဟုတ်ပါဘူး’’ လျောင်သာ့ယီက ပြောလိုက်သည်။

“အားလုံးအဲ့လောက် ယဉ်ကျေးနေစရာမလိုပါဘူး။ ဒါက အသေးအမွှားကိစ္စတစ်ခုပါ" ချူးယွင်ဖန်းက ပြောလိုက်သည်။

ထိုအချိန်တွင် ဝမ်ဖေးဟုန်သည် ထောင့်စွန်းတွင် ဒူးထောက်နေဆဲဖြစ်သည်။ သူသည် ဒူးထောက်နေသော်လည်း အခြေအနေတစ်ခုလုံးကို မြင်တွေ့နေရသည်။ ကနဦးတွင် သူသည် ဒူးထောက်ခိုင်းခံထားရသောကြောင့် ပုရှန်က သူ့ကို တိုက်ခိုက်လာလျှင် ပြန်မတိုက်ခိုက်နိုင်မည်ကို အလွန်စိုးရိမ်ကြောက်လန့်နေခဲ့သည်။

သူသည် ပုရှန်၏ ဓားချက်ကို သူ၏အထွတ်အထိပ်အခြေအနေ၌ပင် တားဆီးနိုင်မည် မဟုတ်ပေ။ ထို့အပြင် သူသည် ဖခင်ဖြစ်သူ၏ နာမည်ကိုပင် မပြောနိုင်ခဲ့ပေ။ သူ့ကို ထိုသို့စိတ်ပျက်အားငယ်စေသော ပုရှန်သည် ချူးယွင်ဖန်းထံတွင် ရှုံးနိမ့်သွားမည်ဟု သူ မည်သည့်အချိန်ကမှ မမျှော်လင့်ထားခဲ့ပေ။ ပုရှန်သည် ချူးယွင်ဖန်း၏ လှုပ်ရှားမှုအနည်းငယ်မျှဖြင့် သေဆုံးသွားခဲ့သည်။

ထိုအချိန်တွင် သူသည် ချူးယွင်ဖန်းနှင့် အဘယ်ကြောင့် မယှဉ်ပြိုင်နိုင်ခဲ့သည်ကို သူ နားလည်သွားခဲ့သည်။ ချူးယွင်ဖန်း၏ ခွန်အားအရ၊ အဋ္ဌမမြောက် နတ်အဆင့် ကျွမ်းကျင်သူမဆိုနှင့် နတ်အဆင့် အထွတ်အထိပ်ရှိ ကျွမ်းကျင်သူပင် သူနှင့် ယှဉ်နိုင်မည် မဟုတ်ပေ။ ဝမ်ဖေးဟုန်သည် ချူးယွင်ဖန်းမဆိုနှင့် ပုရှန်၏ ဓားချက်တစ်ချက်ကိုပင် တားဆီးနိုင်မည် မဟုတ်ပေ။

ချူးယွင်ဖန်းသည် အမွှာကြယ်စင်နှင့် ပုရှန်ကို ဖရဲသီးများ အသီးအရွက်များ ခုတ်ဖြတ်သကဲ့သို့ သတ်ဖြတ်နေသည့် အပြုအမူကို မြင်တွေ့ပြီးနောက် ဝမ်ဖေးဟုန်သည် ပို၍ပင် ကြောက်ရွံ့လာသည်။ ယခင်ကဲ့သို့ မောက်မာ၍ မလိုမုန်းတီးစိတ်များ မရှိတော့ပေ။

ချူးယွင်ဖန်းက သူ့ကို မသတ်ဖြတ်ရဲသူ မဟုတ်ကြောင်း ဝမ်ဖေးဟုန် လုံးလုံးလျားလျား နားလည်သွားခဲ့သည်။ သူသည် ပုရှန်ကဲ့သို့ ကြီးကျယ်ခမ်းနားသော ပုဂ္ဂိုလ်မျိုးကိုပင် သတ်ပစ်နိုင်ခဲ့သည်။ ချူးယွင်ဖန်းသာ သူ့ကိုသတ်ဖြတ်ခဲ့ပါက၊ ငိုစရာနေရာပင် ရှိမည်မဟုတ်ပေ။ ဒူးထောက်ရခြင်းသည် သေခြင်းတရားနှင့် နှိုင်းယှဉ်လျှင် မပြောပါ့လောက်ပေ။ သို့သော် သူ၏မျက်လုံးများတွင် အမုန်းတရားများဖြင့် ပြည့်နှက်နေဆဲဖြစ်သည်။ ချူးယွင်ဖန်းသည် ယနေ့တွင် သူ့ကိုဘဝတစ်သက်တာအတွက် မျက်နှာပျက်စေခဲ့သောကြောင့် သူ၏ဤအရှက်တရားကို ဘယ်သောအခါမှ မဖယ်ရှားနိုင်မည်ကို စိုးရိမ်မိသည်။

"ဒါပေမယ့် ပုရှန် တိုက်ခိုက်တဲ့ပုံစံအရ ပျံကျကျင့်ကြံသူတစ်ယောက်နဲ့ မတူဘူး။ သူက အမွေဆက်ခံထားတဲ့ကျင့်ကြံသူ ဖြစ်လောက်တယ်" ချူးယွင်ဖန်းက ပြောသည်။

ပျံကျကျင့်ကြံသူများနှင့် အမွေဆက်ခံထားသော ကျင့်ကြံသူများကြားတွင် သိသာသော ကွာခြားမှုများရှိနေသည်။ ၎င်းတို့ ကျင့်ကြံထားသော အတွင်းအားနှင့် သိုင်းပညာနည်းစနစ်များသည် ၎င်းတို့၏ နတ်အဆင့် သိုင်းပညာများနှင့် လိုက်ဖက်ညီသောကြောင့် ၎င်းတို့၏ စွမ်းအင်များ အဆမတန် တိုးပွားလာမည်ဖြစ်သည်။ ဤသည်မှာ အမှန်တရားဖြစ်သည်။

ပျံကျကျင့်ကြံသူများသည် ယေဘူယျအားဖြင့် နေရာအနှံ့အပြားမှ စုရုံးကြသောကြောင့် တူညီသောနည်းစနစ် မရှိနိုင်ကြပေ။ ထိုကဲ့သို့သော ကျွမ်းကျင်သူများသည် အမွေဆက်ခံထားသော ကျွမ်းကျင်သူများနှင့် နှိုင်းယှဉ်နိုင်မည် မဟုတ်ပေ။ အမွေဆက်ဆံမှုနှင့် အခြေခံအုတ်မြစ်ရှိခြင်း မရှိခြင်းသည် ကျင့်ကြံသူများအတွက် အလွန်အရေးပါသည်။

ထူးခြားဆန်းကြယ်သော အကြီးအကဲနှင့် လူငယ်အကြီးအကဲတို့၏ မျက်ခုံးများ တွန့်ခေါက်သွားကြသည်။ ပုရှန်သည် အလွန်ကြောက်မက်ဖွယ်ကောင်းနေပြီဖြစ်သည်။ ထို့ကြောင့် သူ၏ကျောထောက်နောက်ခံ ပုဂ္ဂိုလ်သည် မည်မျှ ကြောက်မက်ဖွယ်ကောင်းမည်ကို ၎င်းတို့ စူးစမ်းနေမိသည်။ ထိုသို့တွေးမိသောအခါ ပြဿနာများ ပို၍တိုးလာသည်ဟု ၎င်းတို့နှစ်ဦး ခံစားလိုက်ရသည်။

'အခု ပုရှန်က သေသွားပြီဆိုတော့ သူ့နောက်မှာရှိနေတဲ့လူက ဒီကိစ္စကို ဘယ်လိုလုပ်လွှတ်ပေးမှာလဲ'

ခေါင်းဆောင်သည် ထိုအချိန်တွင် ဤကိစ္စကို ဖုံးကွယ်ထား၍ မရတော့ကြောင်း သဘောပေါက်သွားသည့်အတွက် ထိုသို့သာ ပြောလိုက်သည်။

"ဟုတ်ပါတယ်၊ ကျုပ် သိရသလောက်တော့ ပုရှန်က သူ့ဆရာရဲ့ အမွေကို ရထားတာ"

လျောင်သာ့ယီနှင့် ခေါင်းဆောင်သည် ခါးသီးစွာ ပြုံးလိုက်သည်။ ၎င်းတို့သည် ဖြစ်နိုင်ပါက၊ အများအပြားပေးဆပ်ရမည်ဆိုလျှင်ပင် ပုရှန်နှင့် ပြန်လည်သင့်မြတ်လိုစိတ်ရှိသော်လည်း ပုရှန်သည် ၎င်းတို့ကို အလွန်မုန်းတီးနေသည့်အတွက် ပြန်လည်သင့်မြတ်ရန် ဆန္ဒမရှိပေ။ သူသည် စစ်ဝံပုလွေဂိုဏ်းကိုသာ သတ်ဖြတ်ချင်နေသည်။ ထို့ကြောင့် ၎င်းတို့ဘက်မှ ခုခံရန်မှတစ်ပါး ရွေးချယ်စရာမရှိပေ။

"ဒါကြောင့် ကျုပ်တို့ကို ကူညီပေးဖို့ ဆေးဆရာချူးကို တောင်းဆိုချင်ပါတယ်။ ကူညီပေးမယ်ဆိုရင် ကျုပ်တို့စစ်ဝံပုလွေဂိုဏ်းက တကယ်ကျေးဇူးတင်နေမှာပါ" ခေါင်းဆောင်က အလျင်အမြန် ပြောလိုက်သည်။

ချူးယွင်ဖန်းသည် ခေတ္တစဉ်းစားပြီးနောက် ပြောလိုက်သည်။

"ဒီကိစ္စကို ကျုပ် လက်ခံနိုင်ပါတယ်။ ကျုပ်က ပုရှန်ကို သတ်ခဲ့တာဆိုတော့ သူ့ဂိုဏ်းဘက်က ဒီကိစ္စကို ပြဿနာရှာချင်ရင် ကျုပ်လည်း လွတ်နိုင်မှာ မဟုတ်ဘူး။ ဒါပေမယ့် သူ့နောက်မှာ ဘယ်လိုလူမျိုးရှိနေလဲဆိုတာ ကျုပ်လည်း သိချင်မိိတယ်"

ပုရှန်၏ဂိုဏ်းသည် ချူးယွင်ဖန်းကို တိုက်ခိုက်လာလျှင်ပင် သူ၏ကျင့်ကြံမှုများ ပြန်လည်ကောင်းမွန်၍ တိုးတက်လာတော့မည်ဖြစ်သည့်အတွက် အနည်းငယ်မျှ စိုးရိမ်စရာမရှိပေ။

ချူးယွင်ဖန်းက သဘောတူလက်ခံခဲ့သောကြောင့် ခေါင်းဆောင်နှင့် လျောင်သာ့ယီတို့နှစ်ဦးစလုံး သက်ပြင်းချလိုက်သည်။ ပြီးနောက် ခေါင်းဆောင်က ပြောလိုက်သည်။

"ခဏနေရင် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံးဆယ်သန်းကို ပို့ပေးလိုက်ပါ့မယ်။ ခင်ဗျား ရှာခိုင်းထားတဲ့ ဆေးဖက်ဝင်အပင်တွေ စုဆောင်းဖို့လည်း ကျုပ်တို့ အတတ်နိုင်ဆုံး ကြိုးစားမှာပါ၊ ဆေးဆရာချူး"

"ကောင်းပါပြီ" ချူးယွင်ဖန်းက ပြောလိုက်သည်။ သူသည် အကြောင်းပြချက်မရှိဘဲ လူကောင်းတစ်ဦး မဖြစ်ချင်ပေ။ ချူးယွင်ဖန်းသည် ဆေးဖက်ဝင်အပင်များ စုဆောင်း၍ ကုသမှုကို အရှိန်မြှင့်တင်ရန်အတွက် စစ်ဝံပုလွေဂိုဏ်း၏ အဆက်အသွယ်များကိုသာ အသုံးပြုရပေလိမ့်မည်။

All Chapters