← Chapters

ကျန်းလန်ရှုံးနိမ့်တော့မှာလား

Vol. 16 Ch. 222

ကျန်းလန်ရှုံးနိမ့်တော့မှာလား

Vol. 16 Ch. 222

အခန်း (၂၂၂) ကျန်းလန်ရှုံးနိမ့်တော့မှာလား

ကျန်းလန် ရင်ပြင်ထက်တွင် မတ်တတ်ရပ်နေရင်း သူ့ထံလမ်းလျှောက်လာသည့် လုန်မန်ကို ကြည့်နေ၏။

အပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားည့် အသက် (၂၀)ဝန်းကျင် လူငယ်လေးသည် ကျန်းလန်ရှိရာတည့်တည့်သို့ လမ်းလျှောက်လာနေသည်။

သူ ခြေတစ်လှမ်းလှမ်းလိုက်တိုင်း မမြင်ရသည့် တန်ခိုးစွမ်းအားများ ထွက်ပေါ်နေသည်ကို ခံစားရသည်။

အင်မော်တယ်အဖြစ် မွေးဖွားလာသူဖြစ်လေရာ သာမန်မဟုတ်သည်ကတော့ အသေအချာပင် ဖြစ်၏။ မွေးဖွားလာစဉ်ကတည်းကပင် တောက်ပသည့်အလင်းတန်းတစ်ခုပမာ ဖြစ်ပေလိမ့်မည်။

မရေမတွက်နိုင်သည့် ကျင့်ကြံသူများအလယ်တွင် သူက အမြဲတမ်း ပေါ်လွင်ထင်ရှားနေမည် ဖြစ်သည်။

ကျန်းလန် စိတ်ထဲမှ တိတ်တဆိတ်ရေရွတ်လိုက်၏။

"အရင်က ဒီလောက် အရှိန်အဝါတွေကြီးမနေပါဘူး…"

ဟုတ်ပေ၏။

ယခင်က သူ လုန်မန်ကိုတွေ့ခဲ့စဉ်က ယခုလောက်တောက်ပထက်မြက်နေခြင်း မရှိပေ။

ကြည့်ရသည်မှာ ယခုတစ်ကြိမ်တော့ စိန်ခေါ်ပွဲကို သေချာပေါက် အနိုင်ရမည်ဟု တွေးထားသည့်အတွက် ရောင်ဝါများကို ဖွင့်ထုတ်ထားခြင်း ဖြစ်နိုင်သည်။ ဤသည်က အလွန်ပင် လူအများ၏ စိတ်အာရုံကို ဖမ်းစားနိုင်စေသည်။

သူ့အနေဖြင့် လုန်မန်ကို အနိုင်ယူရန်မှာ အလွန်ခက်ခဲမည် ဖြစ်သည်။

လုန်မန်က ကျန်းလန်နှင့် မနီးမဝေးတစ်နေရာသို့ ရောက်သည့်အခါ ခြေလှမ်းများကို ရပ်တန့်လိုက်သည်။

"ကျုပ်က နဂါးမျိုးနွယ်က အဋ္ဌမမင်းသား လုန်မန်ပါ... ၊ မင်းနဲ့ယှဉ်ပြိုင်ဖို့ ရောက်လာတာပါ"

လုန်မန်၏ပုံစံက ကြောက်မက်ဖွယ်ရာရန်သူတစ်ယောက်နှင့် ရင်ဆိုင်ရတော့မည့်သူပမာ တည်ကြည်လေးနက်လျှက် ရှိသည်။

ဤသည်က ကျန်းလန် မျှော်လင့်မထားသည့်အချက် ဖြစ်၏။

သူနှင့်ရင်ဆိုင်ခဲ့သူများအားလုံး မည်သူမှ သူ့ကို အလေးအနက်မထားခဲ့ကြပေ။ နတ်မိစ္ဆာများရော နတ်လူသားမျိုးနွယ်များပါ မည်သူမှ သူ့ကို အထင်မကြီးခဲ့ကြပေ။

နောက်တစ်ချက်မှာ နဂါးမျိုးနွယ်မှ အဋ္ဌမမင်းသားက အင်မော်တယ်အဖြစ်မွေးဖွားလာသူဖြစ်လေရာ ပို၍ပင် မာနကြီးသူတစ်ယောက်သာ ဖြစ်သင့်သည်။

ကျန်းလန်အနေဖြင့်လည်း တစ်ဖက်လူက သူ့ကို အထင်အမြင်သေးနေခြင်းက တိုက်ပွဲကို အနိုင်ရစေမည့် အခွင့်ကောင်း ဖြစ်၏။ သို့မှသာ ပြိုင်ဘက်က မထင်မှတ်သည့်အချိန်တွင် တိုက်ကွက်ထုတ်ဖော်နိုင်မည် ဖြစ်သည်။

သို့သော်…

ယခုတော့ လုန်မန်က သူ့ကို အဘယ့်ကြောင့် အထင်ကြီးနေရပါသနည်း။ ဤသည်က သူ့အတွက် တိုက်ပွဲတွင်အနိုင်ရမည့်အခွင့်အရေးကို လွဲချော်သွာစေနိုင်သည်။

ကျန်းလန်က တည်ငြိမ်စွာဖြင့်…

"ဒါဖြင့် စတိုက်ပါဗျာ…"

ဟု ပြောလိုက်၏။

သူ့လေသံက မောက်မာခြင်းလည်းမရှိသလို နှိမ့်ချနေခြင်းလည်း မရှိပေ။

တန်းတူရည်တူတစ်ယောက်နှင့် ရင်ဆိုင်တိုက်ခိုက်ရမည့်အလား ကျန်းလန်ထံတွင် ကြောက်ရွံ့တုန်လှုပ်မှုလေး အနည်းငယ်မျှပင် မတွေ့ရှိရပေ။

"အတော်လေးတော့ သတ္တိရှိတဲ့သူပဲ"

လုန်မန် ကျန်းလန်ကိုအကဲခတ်ရင်း စိတ်ထဲမှ ပြောလိုက်၏။

တစ်ဖက်လူက တန်ခိုးစွမ်းအားနည်းပါးပြီး ကြောက်ရွံ့နေမည်ဆိုလျှင် ယှဉ်ပြိုင်ရသည်မှာ စိတ်ပျက်စရာကောင်းမည်ပင်။ သို့သော် ဤသူကတော့ သေရည်ဆိုင်တွင် ပထမဆုံးတွေ့စဉ်ကပင် သူ့ကို ကြောက်ရွံ့ထိတ်လန့်သွားစေသည့် ခံစားချက်ကို ပေးစွမ်းသူ ဖြစ်သည်။

နဂါးသုတ်သင်ဓားသိုင်းကြောင့်လား။

ထိုဓားသိုင်းကို သူအမြဲတမ်း အမှတ်ရနေခဲ့သည်။

နဂါးသုတ်သင်ဓားသိုင်းက အခြားသောနဂါးများကို သတ်ဖြတ်နိုင်မည်ဖြစ်သော်လည်း သူကတော့ တစ်ဖက်လူ၏ ဓားသိုင်းကို ထိပ်တိုက်ရင်ဆိုင်ပြီး ကျော်လွှားလိုသည်။

ကျန်းလန်၏တန်ခိုးစွမ်းအားက လုံလောက်စွာ မြင့်မားနေသရွေ့ တိုက်ခိုက်သည့်ဓားချက်တိုင်းက နဂါးသုတ်သင်ဓားသိုင်း ဖြစ်နေနိုင်သလို လုန်မန်၏ တိုက်ခိုက်မှုတိုင်းကလည်း လူသားတစ်ယောက်ကို သတ်ဖြတ်ပစ်နိုင်သည့် လူသတ်လှံချက်များ ဖြစ်လာနိုင်သည်။

ထိုသို့ တွေးလိုက်မိသည်နှင့် သူ့လက်ထဲတွင် လှံရှည်တစ်ချောင်းပေါ်လာပြီး လှံရှည်ဦးချွန်ပိုင်းတွင် လျှပ်စီးများ လင်းလက်တောက်ပလာသည်။

ဤသည်က သူ့ဘက်မှ စတင်တိုက်ခိုက်တော့မည်ဟု ယောက်ဖလောင်းကို ကြေငြာလိုက်သည့်သဘောပင်။

ကျန်းလန်က ဆက်ခံသူတပည့်များသာ ကိုင်ဆောင်ခွင့်ရှိသည့် သူ၏ဓားကို ဆွဲထုတ်လိုက်သည်။ ဓားသွားထက်တွင် ဓားဝိညာဉ်က ချက်ချင်း ထွက်ပေါ်လာသည်။

သူက စိန်ခေါ်ပွဲအတွက် အသေးစိတ် ကြိုတင်ပြင်ဆင်ထားခဲ့သည်။

သို့ပေသိ အခြားသူများကတော့ သူ စိန်ခေါ်ပွဲအတွက် မည်မျှကြိုတင်ပြင်ဆင်ထားသည်ကို အာရုံထားကြမည် မဟုတ်ပေ။ တိုက်ပွဲအနိုုင်အရှုံးကိုသာ အာရုံစိုက်ကြမည် ဖြစ်သည်။

ကျန်းလန်က ဓားကိုဆွဲထုတ်လိုက်သည်နှင့် လုန်မန်ကလည်း စတင်တိုက်ခိုက်ရန် ဟန်ပြင်လိုက်သည်။

ကျန်းလန်က သူ့ကို စတင်တိုက်ခိုက်ရန် အခွင့်အရေးပေးထားသောကြောင့် သူ့ဘက်က စတင်တိုက်ခိုက်ရမည် ဖြစ်၏။

"ဝှီး…"

လုန်မန်က လှံရှည်ကို ဝှေ့ယမ်းလိုက်ရာ မိုးကြိုးပစ်ခတ်သံများထွက်ပေါ်လာပြီး လျှပ်စီးအလင်းရောင်များက နေနှင့်လ တစ်ပြိုင်တည်းထွန်းလင်းသည့်ပမာ တောက်ပလွန်းလှသည်။

သူ၏ ခြေလှမ်းသိုင်းကလည်း လျှင်မြန်လွန်းလေရာ မူလဝိညာဉ် ၊ နောက်ဆုံးအဆင့် တန်ခိုးစွမ်းအားက ကျန်းလန်ရှိရာသို့ တည့်တည့်ဝင်ရောက်လာသည်။

တိုက်ခိုက်မှုနှင့်ရင်ဆိုင်ရသည့်တိုင် ကျန်းလန်က လှုပ်ရှားမှုများစွာ မပြုလုပ်ခဲ့ပေ။

သူက ရင်ဘတ်ရှေ့တွင် ကိုင်ထားသည့်ဓားကို ကောင်းကင်ထက်သို့ တစ်ချက်ထိုးညွှန်လိုက်သည်။ ထိုအခါ ဓားသွားထက်မှ ဓားဝိညာဉ်မိုးရေစက်များထွက်ပေါ်လာ၏။

ကျန်းလန်က လက်ကောက်ဝတ်ကို တစ်ချက်လှုပ်ရှားလိုက်သည်နှင့် ဓားရိပ်များက နေရာအနှံ့သို့ ပျံ့နှံ့သွားသည်။

ထို့နောက် သူက ဓားကိုင်လျှက်ဖြင့် ကိုယ်ကို ဘေးသို့လှည့်လိုက်ရာ ပြင်းထန်လှသည့် တန်ခိုးစွမ်းအားလှိုင်းလုံးကြီးများ ကျန်းလန်၏ အနောက်ဘက်မှ ထွက်ပေါ်လာသည်။

ထိုတန်ခိုးစွမ်းအားလှိုင်းလုံးကြီးက ရေလှိုင်းကြီးတစ်ခုပမာဖြစ်ပြီး အဆုံးမရှိသည့် ဓားဝိညာဉ်တစ်ခုလည်း ဖြစ်သည်။

လုကျန်းက အံ့အားသင့်စွာဖြင့်…

"ဒီလောက် နက်ရှိုင်းတဲ့ဓားဝိညာဉ်ကွာ…"

ဟုန်လွမ်က…

"ကျန်းလန်က အဋ္ဌမတောင်ထွတ်မှာ မကြာခဏလာပြီး ဓားသိုင်လေ့ကျင့်တယ်ဆို … သူ့ဓားဝိညာဉ် ဒီလောက်ပြင်းထန်တာ ဂိုဏ်းတူအစ်ကိုလုကျန်းက မသိဘူးလား"

သူမလည်း အံ့အားသင့်နေမိသည်။

ကျန်းလန်ကိုကြည့်ရသည်မှာ ရင်းမြစ်ပစ္စည်းများစွာသုံးပြီး ကျင့်ကြံခြင်းအဆင့် မြင့်တက်စေရန် အတင်းအကြပ်ဖိအားပေး ကျင့်ကြံထားရသူတစ်ယောက်နှင့် မတူညီပေ။

နက်ရှိုင်းခိုင်မာသည့် ကျင့်ကြံခြင်းအခြေခံအဆင့်များကို တည်ဆောက်ပြီး ဖြည်းဖြည်းချင်း ကျကျနန အဆင့်တက်လာသူ တစ်ယောက်ပမာ ဖြစ်သည်။

ရင်းမြစ်ပစ္စည်းများကို အသုံးပြုပြီး အတင်းအကြပ် ကျင့်ကြံခြင်းအဆင့်မြင့်တက်အောင် ကျင့်ကြံထားသူများက အောက်ခြေမခိုင်သည့် အဆောက်အဦတစ်ခုပမာ အားနည်းပြီး ပျက်စီးလွယ်ကြသည်။

လုကျန်းက...

"ဂိုဏ်းတူညီလေးကျန်းလန်က အဋ္ဌမတောင်ထွတ်ကိုလာတိုင်း နဂါးသုတ်သင်ဓားသိုင်းပဲ လာပြီးလေ့ကျင့်တာလေ ၊ အခုက နဂါးသုတ်သင်ဓားသိုင်းကို အသုံးမပြုသေးဘူး ၊ သာမန်ဓားသိုင်းကိုပဲ အသုံးပြုနေတာ"

လုကျန်းသည်လည်း အနည်းငယ် အံ့အားသင့်နေမိ၏။

နဝမတောင်ထွတ်မှ ဂိုဏ်းတူညီလေး၏ ဓားသိုင်းက အလွန်ပင် အဆင့်မြင့်မားလှ၏။ အဋ္ဌမတောင်ထွတ်မှ တပည့်မဟုတ်သည်မှာ နှမျောစရာကောင်းလှသည်ဟု တွေးလိုက်မိသည်။

ကျန်းလန်က အခြားတောင်ထွတ်မှ တပည့်တစ်ယောက်ဖြစ်နေပြီး တပည့်ရင်းတစ်ယောက်အဖြစ် ဆရာကို ဂါရဝပြု အသိအမှတ်မပြုရသေးပါက သူ့အနေဖြင့် ချက်ချင်းပင် အဋ္ဌမတောင်ထွတ်သို့ ခေါ်ယူလိုက်မည် ဖြစ်သည်။

သို့သော် ယခုတော့ ကျန်းလန်က နဝမတောင်ထွတ်မှ ဆက်ခံသူတပည့် ဖြစ်နေလေရာ ခေါ်ယူရန် မဖြစ်နိုင်တော့ပေ။

"ဘုန်း..."

လုန်မန်၏ မိုးကြိုးလျှပ်စီးတန်ခိုးစွမ်းအားများက ကျန်းလန်၏ ဓားဝိညာဉ်လှိုင်းလုံးကြီးနှင့် ရိုက်ခတ်မိသွားပြီး ပြင်းထန်လှသည့် တန်ခိးစွမ်းအားများက ရင်ပြင်တစ်ခုလုံးသို့  ပျံ့နှံ့သွားသည်။

သို့သော် အင်မော်တယ်အဆင့် ကျင့်ကြံသူများက ထိန်းထားပေးသည့်အတွက် စိန်ခေါ်ပွဲ လာရောက်ကြည့်ရှုသူများကို ထိခိုက်ခြင်း မရှိခဲ့ပေ။

လုန်မန်က ကျန်းလန်ကို အံ့အားသင့်စွာဖြင့် ကြည့်လိုက်သည်။

သူ၏ ယောက်ဖလောင်းက အတော်လေးစွမ်းအားကြီးမားပုံရသည်။

ဤသည်က ကောင်းသည့်အချက်ပင် ဖြစ်သည်။ သူ့အနေဖြင့် တိုက်ခိုက်ရာတွင် ညှာတာနေစရာ မလိုတော့ပေ။

ထို့နောက် လုန်မန်ထံမှ တုန်လှုပ်ခြောက်ခြားဖွယ်ရာ မိုးကြိုးလျှပ်စီးတန်ခိုးစွမ်းအားများ ထွက်ပေါ်လာပြီး ကျန်းလန်၏ ဓားဝိညာဉ်လှိုင်းလုံးကြီးကို ထိုးခွဲပစ်လိုက်သည်။

လုန်မန်က လက်ထဲတွင် လှံရှည်ကို ဆုပ်ကိုင်ထားရင်း ဓားဝိညာဉ်လှိုင်းလုံးကြီးအတွင်းသို့ ဝင်ရောက်သွားသည်။

"သိပ်ကို စွမ်းအားကြီးမားနေတယ်ပေါ့ ၊ ကျုပ်ကို တားဆီးနိုင်မလား ကြည့်ရအောင်"

လျှပ်စီးများက နေရာအနှံ့ လင်းလက်တောက်ပသွားသည်။

လုန်မန်၏ မိုးကြိုးလျှပ်စီးတန်ခိုးစွမ်းအားများက ကျန်းလန်၏ ဓားဝိညာဉ်လှိုင်းလုံးကြီးကို ဖြိုခွင်းလိုက်သည်။ ဓားဝိညာဉ်ကွဲအက်သွားပြီး အလယ်တွင် လမ်းကြောင်းတစ်ခု ပေါ်လာ၏။

ထို့နောက် လုန်မန်က ထိုလမ်းကြောင်းမှတစ်ဆင့် ကျန်းလန်ရှိရာသို့ အရှိန်ဖြင့် ခုန်ဝင်တိုက်ခိုက်လိုက်လေတော့သည်။

***

"ကြည့်ရတာ နဝမတောင်ထွတ်ကတပည့်တော့ ရှုံးတော့မယ်ထင်တယ် ၊ ထားလိုက်ပါလေ… သူက အဋ္ဌမမင်းသားရဲ့ သိုင်းကွက်သုံးကွက်ကို ခံနိုင်ရင် ကံကောင်းပဲ"

လုန်လီက ခေါင်းတစ်ချက်ခါယမ်းကာ သက်ပြင်းချရင်း ပြောလိုက်သည်။

သူက နဝမတောင်ထွတ်အစွန်းတွင် ရှိနေသည်ဖြစ်ရာ တိုက်ပွဲကို ရှင်းရှင်းလင်းလင်း တွေ့မြင်နေရသည်။

"တကယ်ပါပဲ ၊ ခွန်လွန်တောင်မှာ သူ့ထက်တော်တဲ့တပည့် မရှိတော့ဘူးလား"

လုန်စီးစီးကလည်း အထင်သေးစွာဖြင့် ပြောလိုက်၏။

သူတို့ (၂)ယောက်၏ စကားများကို ကြားသော်လည်း မော့ကျန်းသုန့်က မည်သည့်စကားမှ မပြောဘဲ တိတ်ဆိတ်ငြိမ်သက်နေ၏။

ဒုတိယတောင်ထွတ်၏တောင်သခင် လျိုကျင်း ၊ တတိယတောင်ထွတ်၏တောင်သခင်မ ကျူးချင် ၊ ပဉ္စမတောင်ထွတ်၏တောင်သခင်မ မြောင်ယွဲ့နှင့် အဋ္ဌမတောင်ထွတ်၏တောင်သခင် ကျိုးကျုန်းထျန်းတို့လည်း စိန်ခေါ်ပွဲကို လာရောက်ကြည့်ရှုကြ၏။

သူတို့လည်း ပြိုင်ပွဲရလဒ်အဖြေကို သိချင်နေကြသည်။ ကျန်းလန်အလွန်ဆုံးခံနိုင်လျှင် သိုင်းကွက် (၁၀) ကွက်သာ ရှိမည်ဟု သူတို့ တွေးထားကြသည်။

သို့သော် ကျန်းလန်၏ တိုက်ခိုက်မှုက သူတို့မျှော်လင့်ထားသည်ထက် သာလွန်နေသည်။ နဝမတောင်ထွတ်မှ တပည့်က တန်ခိုးစွမ်းအားနည်းပါးသော်လည်း သူတို့ထင်ထားသလောက် အားနည်းပျော့ညံ့သူ မဟုတ်ပေ။

အထူးသဖြင့် ကျိုးကျုန်းထျန်း အတော်လေး အံ့အားသင့်နေ၏။

ကျန်းလန်က ဤသို့နှယ် ခိုင်မာထူထဲလှသည့် ဓားဝိညာဉ်ကို ထုတ်ဖော်နိုင်သည်တဲ့လား။

ဤသည်က…

ကျန်းလန်၏ ဓားသိုင်းပညာက အမှန်တကယ်ပင် အရည်အချင်းပြည့်ဝလွန်းနေသည်။

"အခုမှ အစပဲရှိသေးတာ ၊ မင်းတို့နှစ်ယောက်က သိပ်ကိုသေချာနေကြပါလား... အဟက်"

လျိုကျင်းက လုန်လီနှင့် လုန်စီးစီးကိုကြည့်ကာ အသံနှိမ့်ပြီးပြောလိုက်သည်။

လုန်လီက လျိုကျင်းကိုလှမ်းကြည့်လိုက်ရင်း...

"သူ သိုင်းကွက်ဘယ်နှစ်ကွက်ထိ ခုခံနိုင်မယ်လို့ မင်းထင်သလဲ"

သူက ရွဲ့ပြီးမေးခြင်းမဟုတ်ပေ။

အမှန်တကယ်သိချင်သောကြောင့် မေးလိုက်ခြင်း ဖြစ်၏။

"သိုင်းကွက် လေးကွက် ငါးကွက်လောက် ခံနိုင်မယ်လို့ မင်းထင်သလား"

လျိုကျင်း မည်သည့်စကားမှ မပြောတော့ပေ။

ခွန်လွန်တောင်မှ အခြားသူများကလည်း မည်သည့်စကားမှ မပြောကြဘဲ ငြိမ်သက်နေကြ၏။

ကျိုးကျုန်းထျန်းက တိုက်ပွဲကိုကြည့်ရင်း သေရည်တစ်ငုံ မော့သောက်လိုက်သည်။

ကျူးချင်နှင့် မြောင်ယွဲ့ကတော့ အတူတူဘေးချင်းယှဉ်လျှက် မတ်တတ်ရပ်နေကြပြီး တီးတိုးတီးတိုးနှင့် အခြားသူများမကြားအောင် စကားပြောနေကြသည်။

မော့ကျန်းသုန့်ကတော့ ရင်ပြင်ထက်သို့သာ တိတ်ဆိတ်စွာဖြင့် ကြည့်နေသည်။ သူ့စိတ်ထဲ ဘာတွေးနေသည်ကို မည်သူမှ မခန့်မန်းနိုင်ပေ။

လုန်လီနှင့် လုန်စီးစီးတို့လည်း စကားဆက်မပြောကြတော့ပေ။

သူတို့က ရင်ပြင်ထက်မှ တိုက်ပွဲကိုကြည့်ရင်း ကျန်းလန် ရှုံးနိမ့်သွားမည့်အချိန်ကိုသာ စောင့်မျှော်နေကြလေသည်။

စောစောက သူတို့ပြောခဲ့သည့်စကားများမှာ ခွန်လွန်တောင်မှ တောင်သခင်များကြားအောင် တမင်သက်သက် ပြောဆိုခဲ့ကြခြင်း ဖြစ်၏။

ကျန်းလန် ကောင်းကင်ထက်သို့ မော့ကြည့်လိုက်သည်။

အဋ္ဌမမင်းသား၏ လှံရှည်က ပင်လယ် (၄)ခုကို မွှေနှောက်ပစ်တော့မည့် နဂါးတစ်ကောင်အလား ကျန်းလန်၏ ဓားဝိညာဉ်ကို ဖျက်စီးပစ်လိုက်သည်။

မိုးကြိုးလျှပ်စီးတန်ခိုးစွမ်းအားများက ကျန်းလန်ကို ပိတ်ဆို့ထားပြီး တစ်စစီဆွဲဖြဲတော့မည့်အလား ခြိမ်းခြောက်လျှက် ရှိသည်။

ကျန်းလန် မျက်မှောင်တစ်ချက်ကြုတ်လိုက်၏။ နဂါးမင်းသားက တကယ့်ကို စွမ်းအားပြင်းထန်လွန်းပေတာပဲ။

ထို့နောက် သူက ဓားကို ဝှေ့ယမ်းလိုက်ပြီး ရှေ့သို့ ခြေတစ်လှမ်းတိုးကာ ဝင်ရောက်လာသည့် လှံရှည်ကို ခုခံတိုက်ခိုက်လိုက်သည်။

ကျန်းလန် နောက်ဆုတ်ရန် ရည်ရွယ်ချက်မရှိသလို နောက်ဆုတ်ရန်လည်း မဖြစ်နိုင်တော့ပေ။

လုန်မန်၏ တိုက်ခိုက်မှုက အဆက်မပြတ်ဝင်ရောက်လာလေရာ နောက်ပြန်ဆုတ်သည်နှင့် တိုက်ခိုက်မှုကို ခံနိုင်ရည် မရှိတော့ဘဲ ရှုံးနိမ့်ရမည် ဖြစ်သည်။

ထို့ကြောင့် တစ်ခုတည်းသောနည်းလမ်းမှာ ပြိုင်ဘက်ကို ထိပ်တိုက်ရင်ဆိုင်ရန်သာ ရှိသည်။

"ခုနစ်စဉ်ကြယ်ဓားသိုင်း..."

ကျန်းလန် ဓားကွက်ထုတ်ဖော်လိုက်သည်နှင့် ပတ်ဝန်းကျင်တွင် ကြယ်ရောင်များ လင်းလက်လာသည်။

ထိုစဉ် လျှပ်စီးတစ်ချက်က မြွေတစ်ကောင်ပမာ သူ့ထံသို့ ဝင်ရောက်လာသည်။

"ဟူး..."

မိုးကြိုးတစ်ချက်က သူ့လက်မောင်းကို ဖြတ်သန်းဝင်ရောက်သွားပြီး သူ့မျက်ဝန်းထောင့်နံဘေးမှ ဖြတ်ကျော်သွားသည်။ လက်မောင်းတွင် ဒဏ်ရာရသွားပြီး သွေးများ စီးကျလာ၏။

သို့သော် သူက လုံး၀ နောက်မဆုတ်ဘဲ လုန်မန်ရှိရာသို့ ခုန်ဝင်လိုက်သည်။ လုန်မန်ကလည်း ကောင်းကင်ထက်မှ ကျန်းလန်ရှိရာသို့ ဆင်းသက်လာ၏။

"ဘုန်း..."

"ကလန်..."

ကျန်းလန်၏ဓားက လုန်မန်၏လှံကို ပိတ်ဆို့ထားလိုက်သည်။

"ဝုန်း..."

စွမ်းအားပေါက်ကွဲမှုများ ဖြစ်ပေါ်လာပြီး ကျန်းလန်၏နှုတ်ခမ်းထောင့်မှ သွေးများစီးကျလာသည်။

အားလုံးက ကျန်းလန်ကို ကြည့်လိုက်ကြပြီး တိုက်ပွဲရှုံးနိမ့်တော့မည်ဟု ထင်မှတ်လိုက်ကြသည်။

အဋ္ဌမမင်းသား၏ လှံရှည်ကို ဓားဖြင့် ထိပ်တိုက်ရင်ဆိုင်ရဲသည့်ကျန်းလန်မှာ သာမန်တော့မဟုတ်ကြောင်း အားလုံး သိရှိသွားကြ၏။

ကိုယ့်ကိုယ်ကိုယ် တန်ခိုးစွမ်းအားမြင့်မားသည်ဟု လက်ခံထားကြသူများပင် ကျန်းလန်ကို လျှော့မတွက်ရဲကြတော့ပေ။

"နဝမတောင်ထွတ်က ဂိုဏ်းတူညီလေး ရှုံးနိမ့်တော့မှာလား..."

လင်စီးယာ ရင်ပြင်ထက်သို့ကြည့်ရင်း မေးခွန်းထုတ်လိုက်သည်။

ကျန်းလန် တိုက်ပွဲတွင်အသာစီးမရနိုင်ပါက အနိုင်ရရန် ခဲယဉ်းသွားမည် ဖြစ်သည်။

ကျင်းထင်က…

"မဟုတ်ဘူး… ဆက်ကြည့်ကြ ၊ ပွဲက အခုမှစမှာ… ဂိုဏ်းတူညီလေးကျန်းလန်က အခု ခုနစ်စဉ်ကြယ်ဓားသိုင်းကို အသုံးပြုတိုက်ခိုက်တော့မှာ"

လင်စီးယာရော မုရှိုးပါ လှမ်းကြည့်လိုက်ကြသည်။

ထိုအချိန်မှာပင်…

ကျန်းလန်က ယခင်ကထက် ပိုမိုလျှင်မြန်သည့် ဓားကွက်များဖြင့် လုန်မန်ကို ဝင်ရောက်တိုက်ခိုက်လိုက်လေတော့၏။

All Chapters