← Chapters

အခုမှပြည့်စုံသွားတာ

Vol. 5 Ch. 61

အခုမှပြည့်စုံသွားတာ

Vol. 5 Ch. 61

"ဓာတ်ကြီးငါးပါးအနှစ်သာရသဲတွေလား"

ကျိယွမ်၏ရှေ့မှလူလေးဦး၏ မျက်လုံးများ က အရောင်တလက်လက် တောက်ပလာကြသည်။

ဓာတ်ကြီးငါးပါးအနှစ်သာရသဲများကို အသုံးချလိုက်လျှင် ဓာတ်ကြီးငါးပါးစွမ်းအင်များကိုနားလည်ရန် အခွင့်အရေးများစွာတိုးလာနိုင်၏။

ထိုသဲများက ဓာတ်ကြီးငါးပါးလေ့ကျင့်ရေးမြေ၏ ရတနာဖြစ်သည်။

အဝတ်အထည်ဌာနသခင်က ၄င်းကို မည်သည့်နေရာမှ ရရှိခဲ့လေသနည်း။

သူ၏ ပင်ကိုယ်ပါရမီ ပြင်းထန်လွန်းနေသည်မှာ ထိုသဲများကြောင့်လား။

တန်ယန်တို့အဖွဲ့အဖြေရှာနေဆဲမှာပင် ကျိယွမ်၏အသံထွက်ပေါ်လာသည်။

“ဒီဟာကို ငါအဓိကနေရာမှာ တွေ့ခဲ့တာ။ငါ့အတွက်ကတော့ အသုံးမဝင်တော့သလောက်ပဲ"

" ဒါပေမဲ့ မင်းတို့အတွက်တော့ အသုံးဝင်နိုင်တယ်ထင်လို့ ပေးလိုက်တာ"

တန်ယန်တို့လေးဦး၏ သံသယများ ပျောက်ကွယ်သွားခဲ့သည်။ သို့သော် နောက်ပိုင်းစကားကိုကြားရသောအခါတွင်မူ သူတို့တိတ်ဆိတ်သွားပြန်သည်။

ဤမျှရှားပါးအဖိုးတန်သောရတနာက သူ့အတွက်အသုံးမဝင်ဘူးတဲ့လား။

အဝတ်အထည်ဌာနသခင်သည် သူ၏ပင်ကိုပါရမီ​သပ်သပ်ဖြင့်ပင် ဓာတ်ကြီးငါးပါးချီစွမ်းအင်ကို ၁၀၀ ရာခိုင်နှုန်းနားလည်နိုင်၏။

အနှစ်သာရသဲများက နားလည်နိုင်ရန် ရာခိုင်နှုန်းအနည်းငယ်ကိုသာ မြှင့်တင်ပေးနိုင်သည်။

သူကထိုသဲများကို အဘယ့်ကြောင့် လိုအပ်တော့မည်နည်း။

ထိုသို့တွေးမိသောအခါ တန်ယန်တို့သည် ရှားပါးရတနာဖြစ်သော အနှစ်သာရသဲများကို ကိုင်ဆောင်ထားသော်လည်း ယခင်ကဲ့သို့ စိတ်လှုပ်ရှားမှုကို မခံစားရတော့ပေ။

တန်ယန်က သူ၏လက်ထဲမှသဲများကို ငုံ့ကြည့်နေရင်းမှ သတိရသွားသလိုပြောလိုက်သည်။

"အဝတ်အစားဌာနသခင် ဓာတ်ကြီးငါးပါးစွမ်းအင်တွေကိုစုဆောင်းရတာ အရမ်းနှေးတယ်လို့ ပြောခဲ့တယ်မှတ်လား"

"ဒီဓာတ်ကြီးငါးပါးအနှစ်သာရသဲတွေကိုမြင်ရတော့ ငါအကြံတစ်ခုရလာတယ်၊အလုပ်ဖြစ်မဖြစ်တော့ မသိဘူး"

ယခုအခါမှာတော့ ကျိယွမ်၏ မျက်လုံးများ အရောင်တလက်လက်တောက်ပလာသည့် အလှည့်ဖြစ်သည်။ဓာတ်ကြီးငါးပါးအနှစ်သာရသဲများကိုပေးလိုက်ခြင်းသည် မှန်ကန်သောလုပ်ရပ် ဖြစ်သွားပုံပေါ်သည်။

ဂိမ်းထဲတွင် အပိုမစ်ရှစ်များကို ပို၍လုပ်ဆောင်သင့်သည်။ထိုမှသာ ဂိမ်းထဲမှပဟေဋိများကိုဖြေရှင်းရန် လမ်းစများရလာမည်ဟု သူတွေးလိုက်သည်။

“ဘာအကြံလဲ”

"ဓာတ်ကြီးငါးပါးအနှစ်သာရသဲတွေဖြစ်လာဖို့က တော်တော်ခက်ခဲပါတယ်၊တော်ရုံတန်ရုံအခြေအနေနဲ့ မရနိုင်ပါဘူး၊တကယ်လို့ ဖြစ်ပေါ်လာတယ်ဆိုရင်လည်း အနီးနားမှာ ဓာတ်စင်ဝိညာဥ်တွေကြောက်ရွံ့စေတဲ့ တစ်ခုခုရှိမှာသေချာတယ်၊အဲဒီအရာနဲ့ဆိုရင် အဝတ်အထည်ဌာနသခင်က ဓာတ်စင်ဝိညာဥ်တွေကို သတ်ဖို့ပိုလွယ်ကူပြီး ဓာတ်ကြီးငါးပါးပြည့်စုံဖို့ ပိုလွယ်သွားမှာပါ"

"ဒီလိုလား"

ကျိယွမ်က တန်ယန်၏စကားသည် အဓိပ္ပာယ်ရှိသည်ဟု ယူဆလိုက်သည်။

ဓာတ်ကြီးငါးပါးအနှစ်သာရသဲများ ဖြစ်ပေါ်လာရခြင်း၏ အကြောင်းရင်းမှာ ကြီးမားသောနေမင်းကြီး၏ အရှိန်အဝါကြောင့် ဖြစ်သည်။

တန်ယန်၏စကားအရဆိုလျှင် ဓာတ်စင်ဝိညာဥ်များက နေမင်းကြီးကို ကြောက်ရွံ့ကြသည်ဟု အဓိပ္ပါယ်ရလေ၏။

နေမင်းကြီးသည် ဓာတ်စင်ဝိညာဥ်များကို သတ်ဖြတ်နိုင်သောကြောင့် ၄င်းတို့၏ရန်သူပင်ဖြစ်သည်။

အကယ်၍ သူ့တွင်ကြီးမားသောနေမင်းကြီး ရှိခဲ့လျှင် ဒြပ်စင်ငါးပါးတားမြစ်နယ်မြေတွင်ရှိသော ဓာတ်စင်ဝိညာဥ်များအားလုံးကို လျှင်မြန်စွာ သတ်ဖြတ်နိုင်မည် မဟုတ်ပါလား။

ကျိယွမ် အံကိုကြိတ်လိုက်၏။

အကုန်လုံးသေပြီသာမှတ် ၊ ငါ့ကို ပါတီပွဲမဖိတ်တဲ့ကောင်တွေ။

သူတက်ကြွသွားသည်။

နေဦး ၊နေမင်းကြီးကိုက ဘယ်လိုလုပ်ရမှာလဲ ။

သူက ချောက်နက်ကြီးထဲတွင် တွေ့ခဲ့သော အလင်းတန်းမျှင်နှင့် နေ့ခင်းကြောင်တောင်အိမ်မက်ကို သတိရသွားသည်။သို့သော် နည်းလမ်းကို ချက်ချင်းစဥ်းစား၍ မရဖြစ်နေသည်။

ထားတော့ အထဲရောက်မှ ကြည့်လုပ်တာပေါ့။

“အားလုံးပဲ ကျေးဇူးတင်ပါတယ်၊သွားလိုက်ဦးမယ်"

ကျိယွမ် ချက်ချင်းထွက်ပြေးသွားခဲ့သည်၊

သူသည် လုံခြုံသည့်နေရာတစ်ခုကို ရှာပြီး သူ့ကိုယ်သူ မြေကြီးထဲတွင် တူးမြှုပ်ရဦးမည်မဟုတ်ပါလား။

တန်ယန်တို့လေးဦးသည် ကျိယွမ်၏ကျောပြင်ကိုကြည့်ရင်း အတွေးကိုယ်စီဖြင့် ကျန်ခဲ့ကြကုန်၏။

"သူကနည်းနည်းတော့ ထူးဆန်းသလိုပဲ"

........................

ကျိစယ်တောင်ထွတ်။

ကျိယွမ်က သူမှတ်တမ်းထင်ထားသော နေ့ခင်းအိမ်မက်နည်းစနစ်ကိုလေ့လာနေ၏။

မပြည့်မစုံဖြစ်နေသော အချက်များကိုကြည့်ကာ တွေဝေနေသည်။

“ငါ ဒါကို တကယ်လေ့ကျင့်သင့်ရဲ့လား။ ပြဿနာတွေများ ရှိလာမလား”

သူသည် သူ့၏ကျိယွမ်ကျမ်း ကို လှမ်းကြည့်လိုက်သည်။

"တကယ်တော့ သိပ်အရေးမကြီးပါဘူး၊ ကျိယွမ်ကျမ်းကို လေ့ကျင့်တုန်းကလည်း တစ်ခါတလေ စိတ်ပိုင်းဆိုင်ရာပုံမှန်မဟုတ်တာတွေ မှတ်ဉာဏ်ဆုံးရှုံးတာတွေ ဖြစ်တတ်တာပဲလေ၊ ဒါပေမဲ့ အခုထိ ငါအကောင်းကြီးရှိသေးတာပဲ ၊ လူတွေအားလုံးကလည်း ငါ့ကိုပုံမှန်လို့ပဲ ထင်နေကြတာပဲလေ၊ ငါ့စိတ်ကလည်း ကြည်လင်နေတယ်"

"ပြီးတော့ငါက အကုန်လုံးလေ့ကျင့်ဖို့မှမလိုတာ နေမင်းကြီးရဲ့အရှိန်အဝါကို ပုံဖော်ရုံလောက်ပဲ လိုတာ၊နေမင်းကြီးရဲ့အရှိန်အဝါကို ထုတ်ပြပြီး ဓာတ်စင်နတ်ဆိုးတွေကို ထိတ်လန့်စေမယ်၊ပြီးမှ ငါ့ဓားကြီးနဲ့ ရှင်းပစ်ရုံပဲ"

ယုံကြည်မှုရှိသွားသော ကျိယွမ်က နေ့ခင်းအိမ်မက်နည်းစနစ်ကို စတင်လေ့လာလိုက်သည်။

သူက နည်းစနစ်ကိုအပြည့်အဝမလေ့ကျင့်ပါ။ကြီးမားသော နေမင်းကြီး၏အရှိန်အဝါကို ပုံဖော်နိုင်ရန်သာ အာရုံစိုက်ခဲ့သည်။

နေ့ခင်းအိမ်မက်နည်းစနစ်သည် တိမ်မြုပ်နေသောပညာတစ်ရပ်ဖြစ်၏။နည်းပညာကိုအပြည့်အဝမကျွမ်းကျင်သည့်တိုင်အောင် အလွန်ထိရောက်မှု ရှိနေသေးသည်။

နေရာမှမထတမ်းလေ့ကျင့်ပြီး နေ့တစ်ဝက်ခန့်အကြာတွင် ကျိယွမ်သည် အောင်မြင်စွာပုံဖော်နိုင်ခဲ့သည်။

သူအလွန်ဝမ်းသာသွားလေသည်။

"ခုမှပဲ စိတ်အေးရတော့တယ်၊ငါထင်ထားသလိုပဲ နည်းနည်းပါးပါးကျင့်တာက ဘာမှမဖြစ်ပါဘူးဆို"

သူကစိတ်သက်သာရာရသွားပြီး အနားယူရန်ပြင်လိူက်သည်။

သို့သော် ကျိယွမ်၏ ထူထဲသောမျက်ခုံးများ တွန့်သွားလေသည်။

“ငါ ဘာလို့ အေးနေတယ်လို့ ခံစားရတာလဲ”

​လေ့ကျင့်ပြီးနောက် တော်တော်လေးကို အေးလာသည်ဟု ခံစားရသည်။အအေးဓာတ်များက သူ၏အရေပြားများကို ဓါးပါးလေးများ​​ထိုးဖောက်ဝင်ရောက်လာသလို တစိမ့်စိမ့်ဝင်လာ၏။

“ငါ အရမ်းအားနည်းနေလို့များ အချမ်းဒဏ်ကို မခံနိုင်တော့တာလား”

ကျိယွမ်သည် သူ့ကိုယ်သူပြန်ကာမေးခွန်းထုတ်မိသည်။ပြီးမှ ခေါင်းယမ်းလိုက်မိ၏။

သူ အားမနည်းပါ ။

"ဒါဆို ဘာဖြစ်တာလဲ"

အတန်ကြာတွေးပြီးနောက် သူကအတွေးပေါက်သွားသည်။

"ငါကအားနည်းနေတာမဟုတ်ဘူး၊ ဒီကမ္ဘာကြီးက အားနည်းနေတာပဲ"

နည်းစနစ်ထဲတွင် ကြယ်များ ကမ္ဘာများ စကြဝဠာများ၏အနှစ်သာရများနှင့် သက်​ဆိုင်နေသော ဗဟုသုတများပါဝင်နေသည်။

ကျိယွမ်က ကမ္ဘာကြီး၏အနှစ်သာရကို မတော်တဆရှာဖွေတွေ့ရှိလိုက်ပြီဟု သူ့ကိုယ်သူ ယူဆလိုက်သည်။

အချမ်းဒဏ်ကို မခံနိုင်သောကြောင့် သူက နောက်ထပ် အဝတ်များအထပ်ထပ်ဝတ်လိုက်သော်လည်း သူ့ခန္ဓာကိုယ်ပေါ်ရှိ အေးစက်မှုသည် လုံးဝပျောက်ကွယ်မသွားခဲ့ပါ။

"မီးလှုံရမယ်"

သူသည် ကောက်ရိုးအိမ်လေးမှ ကုပ်ချောင်းဖြင့်ထွက်လာပြီး ခြံဝင်းထဲတွင် မီးမွှေးလိုက်သည်။

သူမီးမွှေးပြီးနောက် မကြာမီမှာပင် သူလိုပင် ကုပ်ချောင်းချောင်းနှင့် အပြင်ထွက်လာသူတစ်ယောက်ကို မြင်လိုက်ရသည်။

ကျန်းလင်းစုပင်။

သူမ၏မျက်နှာကလည်း သိသာစွာဖြူဖျော့နေ၏။

“ညီမလေး ကျန်းလင်းစု၊ အဆင်ပြေရဲ့လား”

“အဆင်..အဆင်​.ပြေပါတယ်”

ကျန်းလင်စုသည် သူမ၏ဆရာတူအစ်ကိုကြီးကို မြင်လိုက်ရသောအခါ အနည်းငယ်တွေဝေသွားခဲ့သည်။

သူမ၏တဲထဲ၌ ကျင့်ကြံနေစဥ် ဘာကြောင့်မှန်းမသိရသော်လည်း သူမ၏ခန္ဓာကိုယ်ထဲသို့ ရေခဲဓာတ်များက ပို၍ဝင်ရောက်လာခဲ့၏။

ယခုအချိန်တွင် သူမသည် အလွန်အေးနေသည်ဟု ခံစားရသည်။

သူမ၏အစ်ကိုကြီးလည်း အေးနေသည်ကို မြင်သောအခါ သူမ၏ရေခဲဓာတ်များက ပတ်ဝန်းကျင်ကို ထိခိုက်စေသည်လားဟု တွေးမိသည်။

သူမ၏အအေးဓာတ်ပြဿနာသည် ပို၍ ဆိုးရွားလာပုံပေါ်သည်။

“ညီမလေး၊ အေးနေရင် ငါ့ခြံဝင်းထဲ လာခဲ့ပါလား၊ ငါ မီးမွှေးထားတယ်”

ကျိယွမ်က လက်ဝါးများကို မီးကင်ရင်း နွေးထွေးစွာ ကမ်းလှမ်းလိုက်သည်။

“နေပါစေတော့”

ကျန်းလင်စူးက မီးဖိုကို​မြင်၍ထွက်လာခဲ့ခြင်းဖြစ်သော်လည်း ငြင်းဆန်ခဲ့သည်။

ဆရာတူအစ်ကိုကြီး၏အနားသို့ သွားမိလျှင် သူမကြောင့် အစ်ကိုကြီးကို ပို၍ အေးစက်သွားစေမည်ကို ကြောက်ရွံ့သောကြောင့်ဖြစ်သည်။

ကျန်းလင်းစုက သူမ၏အခန်းထဲသို့ ပြန်လှည့်သွားခဲ့သည်။

ကျန်းလင်းစု၏ကျောပြင်ကို ကြည့်ရင်း ကျိယွမ်က မနေနိုင်စွာသက်ပြင်းချမိသည်။

ချီယွမ်သည် မပြောဘဲ မနေနိုင်ခဲ့ပါ၊

"ကျိစယ်တောင်ထွတ်ပေါ်မှာ အေးစက်တဲ့အရာနှစ်ခုရှိတယ်၊တစ်ခုက ညီမလေးဖြစ်ပြီး နောက်တစ်ခုကတော့ ဆရာမပဲ"

“မဟုတ်ဘူး၊ အဲဒီ လမင်းလည်း ပါတယ်”

ကျိယွမ်သည် တောင်ထွတ်ဖျားဆီမှ နန်းတော်ပေါ်ရှိ အေးစက်သော လမင်းကိုကြည့်ကာ ပြောလိုက်သည်။

“ဒါပေမဲ့ ငါ့ရဲ့စိတ်အားထက်သန်မှုက မီးတစ်ခုလိုပဲ၊ ကမ္ဘာကြီးရဲ့အေးစက်မှုကိုတောင် အရည်ပျော်စေနိုင်တယ်”

နေမင်းကြီး၏အရှိန်အဝါကို ပုံဖော်နိုင်ပြီးနောက် ကျိယွမ်သည် ပို၍ပင်ယုံကြည်မှုရှိလာခဲ့သည်။

........................

ဂိမ်းထဲသို့ ဝင်ရောက်ပြီးနောက် ကျိယွမ်သည် ထုံးစံအတိုင်း သတို့သမီးလေးနှင့် ပေါင်းစည်းလိုက်သည်။

သူက ရှည်ရှည်ဝေးဝေးစဥ်းစားမနေတော့ဘဲ အဓိကနေရာသို့ ချက်ချင်းဝင်ခဲ့သည်။

ကျိယွမ်ကို မြင်သောအခါ ရွှေဓာတ်ဝိညာဥ်နှင့် သစ်သားဓာတ်ဝိညာဥ် အပါအဝင် ဓာတ်ကြီးငါးပါးဝိညာဥ်များက မုန်းတီးစွာကြည့်လာကြသည်။

အားလုံးကကြောက်မက်ဖွယ် အော်သံကြီးများဖြင့် ဟိန်းဟောက်ကာ ကျိယွမ်ကို တိုက်ခိုက်ရန် ဦးတည်ကုန်သည်။

သို့သော် ကျိယွမ်ကတော့ အလွန်တည်ငြိမ်နေ၏။

“နေမင်းအရှိန်အဝါ"

ကျိယွမ်၏သွေးနီရောင်ဓားပေါ်တွင် အဖြူရောင်အလင်းလွှာတစ်ထပ် ပေါ်လာသည်။

ထိုအလင်းရောင်တွင် တိုက်ခိုက်နိုင်စွမ်း များစွာမရှိသောကြောင့် သူ၏ဓားကို စွမ်းအားမမြင့်စေခဲ့ပါ။

သို့သော်အလင်းရောင်ပေါ်လာသည်နှင့် ကြမ်းတမ်းစွာအော်ဟစ်နေသော ဓာတ်စင်ဝိညာဥ်များမှာ မီးကိုရေနှင့်ဖြန်းလိုက်သလို တိတ်သွားသည်။

သူတို့၏ မျက်လုံးနှင့်တူသော ကြည်လင်နေသည့်အင်္ဂါအစိတ်အပိုင်းထဲတွင် အသည်းထဲမှလာသော နက်ရှိုင်းသည့်ကြောက်ရွံ့မှုကို ပြသနေသည်။

ကျိယွမ်၏အနီးသို့ရောက်ရှိနေသော ဓာတ်စင်ဝိညာဥ်များက ချက်ချင်းပြန်လှည့်ပြေးရန် ကြိုးစားကြတော့သည်။

အလင်းရောင်နှင့်နီးလေ သက်ရောက်မှုက ပိုပြင်းထန်လေဖြစ်ပုံရပြီး ၎င်းတို့၏ခန္ဓာကိုယ်များသည် လျှင်မြန်စွာပျော့ပြောင်းလာပြီး အနှစ်သာရသဲများကဲ့သို့ ဖြစ်လာသည်။

“တကယ် အလုပ်ဖြစ်တယ်”

ကျိယွမ် ဝမ်းသာလုံးဆို့သွားသည်။

သူ၏ဓားကြီးကို မာန်ပါစွာ ဝင့်ကိုင်လျက် ဓာတ်စင်ဝိညာဥ်များထဲသို့ နွားသိုးကြိုးပြတ် ပြေးဝင်သွားတော့သည်။

"ငါ့ကို ပါတီမဖိတ်တဲ့ကောင်တွေ"

အဓိကနေရာတစ်ခုလုံးကို သူ၏ဓားရိပ်များဖြင့် တလျှလျှပ်တဖိတ်ဖိတ် လွှမ်းမိုးပစ်သည်။

ဓားတစ်ချက်အဝင့်တွင် ဓာတ်စင်ဝိညာဥ်များမှာ ထွေးခနဲ ထွေးခနဲနေအောင် ဖျက်ဆီးခံနေရသည်။

သတ်..

သတ်..

သတ်...

ကျိယွမ်သည် မနားတမ်းဆက်လက်သတ်ဖြတ်နေပြီး သူ၏မျက်လုံးများက သွေးဆာမှုကြောင့် သိသွာစွာနီရဲလာသည်။

အတွေ့အကြုံရမှတ်များ မည်မျှတိုးလာသည်ကိုပင် သူသတိမထားမိတော့ပါ။

အချိန်ပေါင်းများစွာ ထိုးခုတ်တိုက်ခိုက်ပြီးနောက် ကျိယွမ်သတိပြန်ဝင်လာ၏။

“ပင်ပန်းလိုက်တာ”

ကျိယွမ်သည် မနားတမ်းသတ်ဖြတ်နေရသောကြောင့် အလွန်ပင်ပန်းနေသည်။

သာမန်လူတစ်ယောက်ပင် ဝက်ထောင်ပေါင်းများစွာကို မနားတမ်းသတ်လျှင် ပင်ပန်းသွားမည်မှာ သေချာ၏။

"တိုက်ပွဲဆိုတာ သေတဲ့သူတင်မဟုတ်ဘူး ၊ သတ်ရတဲ့သူလည်း ပင်ပန်းတာကိုး.."

လူအနည်းငယ်ရှိသောတပ်ဖွဲ့များက သောင်းနှင့်ချီသောတပ်ဖွဲ့များကို အနိုင်ယူခဲ့သည့် သမိုင်းဝင်ဥပမာများကို သူစဉ်းစားမိသည်။

ထိုစစ်တပ်များသည် အလွန်တုံးကြ၍သာ ရှုံးနိမ့်ရသည်ဟု သူထင်၏။သူတို့ကဘာမှမလုပ်ဘဲ ထိုင်ပြီးအသတ်ခံနေလျင်ပင် ရန်သူအနည်းငယ်မှာ သတ်ရလွန်း၍ ပင်ပန်းကာရှုံးနိမ့်သွားနိုင်သည်မဟုတ်ပါလား ။

ယခု သူကလက်တွေ့ဖြစ်သည်။ သတ်ရသည်မှာလည်း ပင်ပန်းလေ၏။

ကျိယွမ်သတိရသွားပြီး သူ့ကိုယ်သူစစ်ဆေးကြည့်သောအခါ အဆင့် ၉၄ သို့ရောက်နေသည့်အပြင် အတွေ့အကြုံရမှတ်များစွာ ကျန်နေသေးသည်။

သို့သော် သူ၏အခြေအနေက မဟန်တော့ပါ။ ဆက်လက်မသတ်ဖြတ်နိုင်တော့သဖြင့် ဂိမ်းထဲမှ ထွက်ခဲ့ရလေသည်။

နောက်တစ်နေ့တွင် သူသည် အချိန်မှန်ဂိမ်းထဲသို့ ဝင်ရောက်ပြီး အဓိကနေရာတွင် ဆက်လက်ရှင်းလင်းပြန်သည်။

ဂိမ်း၏မွန်းတည့်ချိန်တွင် ကျိယွမ်သည် သူ၏ရှေ့မှ ရေဓာတ်ဝိညာဥ်တစ်ကောင်ကို သတ်လိုက်သည်။

ထိုအခိုက် သူ၏မျက်လုံးများထဲတွင် အရောင်ငါးမျိုးက ရုတ်တရက်လင်းလက်သွားသည်။

"ဓာတ်ကြီးငါးပါးစွမ်းအင်တွေ ပြည့်စုံသွားပြီ"

ကျိယွမ်သည် နေမင်းကြီး၏အကူအညီဖြင့် တစ်ရက်ခွဲအချိန်အတွင်း ဓာတ်ကြီးငါးပါးစွမ်းအင်များကို ပြည့်စုံအောင်စုဆောင်းနိုင်ခဲ့သည်။

ကျိယွမ် ငြိမ်နေစဥ်တွင် တန်ယန်၏အသံက လေ့ကျင့်ရေးကွင်းထဲသို့ ပျံ့လွှင့်လာခဲ့သည်။

“ဂုဏ်ယူပါတယ်၊ အဝတ်အထည်ဌာန သခင်ဓာတ်ကြီးငါးပါးစွမ်းအင်တွေကို ပြည့်စုံအောင်စုဆောင်းနိုင်သွားပါပြီ"

“လေ့ကျင့်ရေးကွင်းထဲက ထွက်လာခဲ့ပါ၊ မင်းအတွက် လက်ဆောင်ကြီးတစ်ခု ရှိတယ်”

“ဒီကနေစပြီး ဒြပ်စင်ငါးပါးတားမြစ်နယ်မြေက မင်းရဲ့ထိန်းချုပ်မှုအောက်မှာ ရှိလာပါလိမ့်မယ်”

ကျိယွမ်သည် ဓာတ်ကြီးငါးပါးစွမ်းအင်များကို ပြည့်စုံစွာစုဆောင်းနိုင်ခဲ့သဖြင့် ဓာတ်ကြီးငါးပါးချီစွမ်းအင်များ၏ အမှတ်အသားဖြစ်သော ရောင်ခြည်စက်ဝန်းက သူ့ပေါ်တွင်ပေါ်လာခဲ့သည်။

ကျိယွမ်က သူ၏လက်ထဲမှဓားကိုတလှည့် အဓိကနယ်မြေထဲမှ ကျန်ရှိနေသေးသောဓာတ်စင်ဝိညာဥ်များကို တလှည့်ကြည့်လိုက်ပြီးမှ တန်ယန်၏အသံကို တုန့်ပြန်လိုက်သည်။

“ငါသိတယ်၊ ဒါပေမဲ့ အခုတော့ငါမထွက်သေးဘူး။ဒီနေရာက ဓာတ်စင်ဝိညာဥ်တွေကို သတ်ပြီးမှ ထွက်မယ်"

စကားဆုံးသည်နှင့် ကျိယွမ်က ဝိညာဥ်များကို ပြန်လည်သတ်ဖြတ်တော့သည်။

ပြင်ပနတ်ဆိုးများက အလွန်အစွမ်းထက်ကြသည်။လက်ရှိအဆင့် ၉၄ သည်၄င်းတို့၏ ပြိုင်ဘက်မဟုတ်ပါ။

သူကယခုနေရာမှ ဝိညာဥ်များကိုသတ်၍ အဆင့်ကို ရနိုင်သမျှမြှင့်ထားရမည်ဖြစ်သည်။

ထန်ယန်သည် ကျိယွမ်၏ တုံ့ပြန်မှုကြောင့် အံ့ဩသွားခဲ့သည်။

“အဝတ်အထည်ဌာနသခင်ကို ကျွန်တော်တို့ အပြင်မှာ စောင့်နေပါ့မယ်”

ထို့သို့ပြောကာ ထန်ယန်သည်နောက်ဆုတ်သွား၏။

လီချင်းသည် ကျိယွမ်၏ အရပ်ရှည်ပြီး ခန့်ညားသော ပုံရိပ်ကို ကြည့်ပြီးကာ မှတ်ချက်ချသည်။

"အဝတ်အထည်ဌာနသခင်က မရပ်မနားသတ်နေတဲ့ လူသတ်စက်ဖြစ်နေပြီ၊သူ့ရဲ့သတ်ဖြတ်စိတ်က အရမ်းကြီးမားနေပြီး လွယ်လွယ်နဲ့ရပ်တန့်လို့မရတော့ဘူး"

သတ်ဖြတ်ခြင်းများစွာကို နေ့စဥ်ရက်ဆက်ပြုလုပ်ပြီးနောက် ကျင့်ကြံသူများပင် သတ်ဖြတ်မှုကို စွဲလမ်းသွားနိုင်သည်။

အနီရောင်ဝတ်စုံနှင့်အမျိုးသားကတော့ အာခေါင်ခြောက်လာသလို ခံစားရကာ တံတွေးမျိုချလိုက်သည်၊

“အဝတ်အထည်ဌာနသခင်က အရမ်း ရက်စက်ပြင်းထန်တာပဲ ၊ထပ်သတ်နေဖို့မှ မလိုတော့တာ ”

တစ်ချိန်တည်းမှာပင် သူကထိုသူအား မကောင်းပြောထားမိသည်က်ု သတိရသွားသည်။

ဌာနသခင်သည် သတ်ဖြတ်သူအဖြစ် ပြောင်းလဲသွားခဲ့လျှင် သတ်စရာဓာတ်စင်များမရှိတော့သည့်အခါ သူ့ဘက်ကိုများ လှည့်လာနိုင်မလားဟု တွေးပူမိသည်။

အနာဂတ်မှာ ငါ့ပါးစပ်ကိုပါ ထည့်ပြီးကျင့်ကြံရမယ်၊ဒါမှ အသက်ရှည်နိုင်မှာ။

..................

ကျိယွမ်ကတော့ ဘာမှမသိပါ။သူက အဆင့်တက်ရေးအတွက် တရစပ်သတ်ဖြတ်နေရသည်။

“အဆင့် ၉၅ လား”

မည်မျှကြာအောင် သတ်ဖြတ်ခဲ့သည်ကို မသိတော့ပေ။

အဓိကနေရာထဲမှာတော့ ဓာတ်စင်ဝိညာဥ်များက တစ်ထောင်ပင်မကျန်တော့ပါ။

ကျိယွမ်၏ မျက်လုံးများသည် နီရဲနေသလို ရောင်ခြည်ငါးမျိုးပါသောစက်ဝန်းက သူ့ကိုဝန်းရံထားသဖြင့် သူ၏လက်ရှိသွင်ပြင်က သာမန်လူများနှင့် မတူတော့ပေ။

“ဒါပေမဲ့ ဒီလောက်နဲ့ မလုံလောက်သေးဘူး၊ အရမ်းအားနည်းနေသေးတယ်”

သတို့သမီးလေးနှင့်ပေါင်းစည်းထားသော်လည်း သူသည် အဆင့် ၁၀၀ အင်အားသာ ရရှိနိုင်သေးသည်။

ထိုအင်အားသည် တားမြစ်နယ်မြေများတွင်ရှိသော နတ်ဘုရားအထွတ်အထိပ်များနှင့် တိုက်ခိုက်ရန်ဆိုလျှင်တော့ အဆင်ပြေကောင်းပြေနိုင်မည်။

သို့သော် ပြင်ပနတ်ဆိုးများကို ရင်ဆိုင်ရန်အတွက်ကတော့ ထိုအဆင့်​သည် ယုံကြည်စိတ်ချရမှုမရှိဟု ကျိယွမ်ခံစားရသည်။

အဆင့် ၉၉၉ သို့ရောက်မှသာ ကျိယွမ်က သူ့ကိုယ်သူ ယုံကြည်မှုအနည်းငယ်ပိုရလာမည်ဖြစ်သည်။

အဆင့် ၉၉၉၉၉၉၉ သို့ရောက်မှသာ

ကျိယွမ်က သူ့ကိုယ်သူ အနည်းငယ်လုံခြုံသည်ဟု ခံစားရမည်ဖြစ်သည်။

အဆင့် ၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉ ၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉ သို့ ရောက်မှသာ သူသည် တစ်စုံတစ်ယောက်ကိုသတ်ပြီးနောက် သူ၏အမည်ကို ချန်ထားရဲမည်ဖြစ်သည်။

“ကျူးလွန်သူ ကျိယွမ်”

သို့သော် ကျိယွမ်က ချက်ချင်းပင် ခေါင်းယမ်းလိုက်မိသည်။

၎င်းသည် မဖြစ်နိုင်ကြောင်း သူတွေးမိသွားသောကြောင့်ပင်။

သူက သတ်ချင်လျှင်တောင် တားမြစ်နယ်မြေလေးခုမှ မကောင်းဆိုးရွားများ၏ အရေအတွက်က အကန့်အသတ်ရှိနေသည်။

သူ၏အဆင့်ကို စိတ်ချရသည့်အထိရောက်အောင် မြှင့်ရန်ပင် မလွယ်လောက်ချေ။

ကျိယွမ်က သက်ပြင်းချလိုက်သည်။

လောလောဆယ်တော့ ရှိတာလေးတွေကိုပဲ သတ်ရုံပေါ့။

“သတ်”

သူသည် နောက်ဆုံးလက်ကျန် ဓာတ်စင်ဝိညာဥ်တစ်ထောင်ကျော်ဆီသို့ ပြေးဝင်သွားသည်။

နောက်ဆုံးမှာတော့ ကျန်နေခဲ့သောရွှေဓာတ်စင်တစ်ကောင်ကို သတ်ပြီးသည့်နောက် ကျိယွမ်က သူ၏ဓားကို သိမ်းလိုက်လေသည်။

“အဆင့် ၉၆ နီးပါး ရောက်နေပြီ”

ဒြပ်စင်ငါးပါး တားမြစ်နယ်မြေတွင် အဆင့်များ လျင်မြန်စွာတက်ခဲ့သည်။ ရက်အနည်းငယ်အတွင်းမှာပင် အဆင့် ၉၆ သို့ရောက်ခဲ့ပြီး တားမြစ်နယ်မြေကိုလည်း ရှင်းလင်းနိုင်ခဲ့သည်။

“ကောင်းပြီ၊ ဓာတ်ကြီးငါးပါးတားမြစ်နယ်မြေကို လုံးဝထိန်းချုပ်ဖို့ အချိန်ကျပြီပေါ့"

“ပြီးတော့ သူတို့ ငါ့ကို ပေးချင်တဲ့ လက်ဆောင်ကြီးက ဘာလဲဆိုတာ ငါသိချင်တယ်”

မြောက်မြားစွာ သတ်ဖြတ်ပြီးနောက် သူ၏ စိတ်အခြေအနေသည် သက်သောင့်သက်သာပင်ရှိနေပြီး သူ့ထံမှ အေးစက်သောအော်ရာတစ်မျိုးကို ထုတ်လွှတ်နေသည်ဟု ခံစားရသည်။

ကျိယွမ်က သတို့သမီးလေးနှင့် ပေါင်းစည်းထားခြင်းကို ရုပ်သိမ်းလိုက်ချိန်မှာပင် တန်ယန်နှင့် အခြားသူများသည် ချက်ချင်းလိုလိုပျံသန်းလာကြသည်။

“အဝတ်အထည်ဌာန သခင်”

သူတို့သည် ချီယွမ်ကို ကြည့်လိုက်ကြသည်။

အားလုံး၏မျက်လုံးများတွင် ကြောက်ရွံ့မှုများက ထင်ရှားနေ၏။

ကျိယွမ်၏ သတ်ဖြတ်လိုသောအရှိန်အဝါကြောင့် သူတို့သည် ခြိမ်းခြောက်ခံရသည်။

သတို့သမီးလေးတစ်ဦးတည်းကသာ ယခင်အတိုင်း ကျိယွမ်၏အဝတ်အစားများကို တင်းတင်းကျပ်ကျပ် ဆွဲကိုင်ထားပြီးနောက်တွင် ရပ်နေခဲ့သည်။

“ဒီနေရာမှာ အကုန်သတ်ပြီးပြီ၊ အပြင်ထွက်ကြမယ်”

“ကောင်းပါပြီ”

သူတို့သည် လေ့ကျင့်ရေးမြေမှ အတူတကွထွက်ခွာသွားရန်ပြင်လိုက်စဥ်မှာပင် ပုံရိပ်လေးတစ်ခုသည် ထိုနေရာ၌ ထွက်ပေါ်လာ၏။

အစိမ်းရောင်ဝတ်ထားသော မိန်းကလေး။

သူမ၏ မျက်လုံးများသည် နီရဲနေပြီး ကျိယွမ်ကို အဝေးမှ မုန်းတီးစွာစူးစိုက်ကြည့်နေသည်။

“နင် ပြင်ပနတ်ဆိုးတွေကို မသတ်နိုင်ရင် ဒီဘဝရော နောက်ဘဝမှာပါ ငါနင့်ကို ဘယ်တော့မှ အလွတ်ပေးမှာမဟုတ်ဘူး”

သူ့ကို ခြိမ်းခြောက်ပြီးနောက် မိန်းကလေးသည် လျင်မြန်စွာ ထွက်ခွာသွားခဲ့သည်။

သူမ၏ သေးငယ်ပြီး ပါးလွှာသော ကိုယ်ခန္ဓာပုံရိပ်သည် တိတ်တဆိတ် အထီးကျန်ဆန်လှလေသည်။

ကျိယွမ် နားမလည်နိုင်ခဲ့ပါ။

"သူကဘာလို့ ငါ့ကိုဒီလောက်ကြီး မုန်းတီးနေရတာလဲ"

-----------------

All Chapters