← Chapters

နတ်ဘုရား ရောင်ပြန်ဟပ်ခြင်း

Vol. 5 Ch. 64

နတ်ဘုရား ရောင်ပြန်ဟပ်ခြင်း

Vol. 5 Ch. 64

ဓာတ်ကြီးငါးပါးသည် ကျိယွမ်၏ ခန္ဓာကိုယ်အတွင်း၌ တဖြည်းဖြည်းပြောင်းလဲနေဆဲဖြစ်သည်။

ကျိယွမ်ကတော့ ဂိမ်းထဲသို့ တစ်ဖန်ပြန်ရောက်လာခဲ့သည်။

သူသည် သတို့သမီးလေးကို ပွေ့ထားရင်း တွင်းထဲတွင် နိုးလာ၏။

ချက်ချင်းဆိုသလိုပင် သတိပေးချက်တစ်ခု ပေါ်လာသည်။

[ဒြပ်စင်ငါးပါး တားမြစ်နယ်မြေကို ရှင်းလင်းပြီးပြီ၊ ဆုလာဘ်ကို ရရှိသည်။]

[ဆုလာဘ် ၁: ကောင်းကင်ဘုံတာအို အစိတ်အပိုင်း ၁၀ ခု ။]

[ဆုလာဘ် ၂: ဒြပ်စင်ငါးပါး နှလုံးသား။]

ယခုအကြိမ်မှာတော့ သူမျှော်လင့်ထားသလိုပင် ကောင်းကင်ဘုံအပိုင်းအစများက မပျက်စီးခဲ့ပေ။

ကျိယွမ်က ဒုတိယဆုလာဘ်ကို စစ်ဆေးလိုက်သည်။

ဒြပ်စင်ငါးပါးနှလုံးသားဆိုတော့....

ဒြပ်စင်ငါးပါး ဘိုးဘေးများထံမှ လက်ဆောင်တစ်ခုများလား။

ဒြပ်စင်ငါးပါးနှလုံးသားသည် ကျိယွမ်၏ ချီသန့်စင်ခြင်းကို ပိုမိုကောင်းမွန်စွာ ကူညီပေးနိုင်သည်။

ဓာတ်ကြီးငါးပါးချီစွမ်းအင်များသည် သာမန်ချီများမဟုတ်ပါ။ ၎င်းတို့သည် တစ်ခုကိုတစ်ခု ဆန့်ကျင်ကြသလို တစ်ခုကိုတစ်ခုလည်း ဖြည့်ဆည်းပေးကြသည်။

ဒြပ်စင်ငါးပါးနှလုံးသား မပါရှိလျှင် ချီစွမ်းအင်ကို ဓာတ်ကြီးငါးပါးချီစွမ်းအင်အဖြစ် ပြောင်းလဲခြင်းသည် ကျိယွမ်အတွက် တော်တော်ခက်ခဲမည်ဖြစ်၏။

ပထမဆုံး ပြောင်းလဲခြင်းသည် မြန်ဆန်နိုင်သော်လည်း ဒုတိယ၊ တတိယ စသည်တို့သည် ပို၍နှေးကွေးလာပြီး ကြာလေပိုနှေးလေဖြစ်၏။

ဒြပ်စင်ငါးပါးနှလုံးသားရှိလျှင် ချီလဲလှယ်ခြင်း အချိန်ကိုသိသာစွာတိုတောင်းစေနိုင်၏။

"အခုဆိုရင် တားမြစ်နယ်မြေတစ်ခုနဲ့ အခြားနေရာနှစ်ခုပဲ ကျန်တော့တာလား"

ကျိယွမ် သက်ပြင်းချလိုက်သည်။

တန်ယန်မှတစ်ဆင့် ပြင်ပနတ်ဆိုးများသည် သီးခြားမြေကမ္ဘာတွင် ရှိနေကြောင်း သိရှိခဲ့သည်။

ထို့ကြောင့် ကျိယွမ်သည် ယင်ယန်တားမြစ်နယ်မြေနှင့် သီးခြားကောင်းကင်ဘုံတို့ကို ဦးစွာအနိုင်ယူပြီးမှ နောက်ဆုံးတွင် ပြင်ပနတ်ဆိုးများကို နှိမ်နင်းလိုက်လျှင် ကောင်းကင်ဘုံတာအို အစိတ်အပိုင်း အားလုံးကို ရရှိမည်ဖြစ်သည်။

သို့သော် လောလောဆယ်မှာတော့ သူသည် ခေါင်းတလားများရှိသောချိုင့်ဝှမ်းနေရာသို့ သွားရောက်ရန် လိုအပ်သည်။

ဒြပ်စင်ငါးပါးတားမြစ်နယ်မြေမှ စွမ်းအားကြီးသူများက သူ့ကို ကြီးမားသည့် လက်ဆောင်တစ်ခု ပေးကြဦးမည်မဟုတ်ပါလား။

..................

နာရီဝက်ခန့်ကြာပြီးနောက်......

ကျိယွမ်သည် တန်ယန်နှင့်အတူရပ်နေရင်း အနည်းငယ်အံ့အားသင့်နေခဲ့သည်။

"နတ်ဘုရားရောင်ပြန်ဟပ်ခြင်းလား"

ခေါင်းတလားများထဲတွင်အိပ်နေသူများက သူ့အတွက်နတ်ဘုရားရောင်ပြန်ဟပ်ခြင်းကိုပြုလုပ်ပေးမည်ဟု လုံးဝမမျှော်လင့်ထားခဲ့ပါ။

ထိုအရာက သူတို့ဘဝတစ်လျှောက်လုံးကျင့်ကြံခဲ့သောနည်းစနစ်များနှင့်မှတ်ဉာဏ်များကို ကျိယွမ်ထံသို့လွှဲပေးမည်ဟု ဆိုလို၏။

ကျိယွမ်မှာ အလွန်ထူးဆန်းသည်ဟုခံစားနေရကာ သူ့ရှေ့မှ NPC များကို လေးစားစိတ်အနည်းငယ်ဝင်လာ၏။

သူ၏ အသိပညာများနှင့် မှတ်ဉာဏ်များအားလုံးကို အခြားတစ်ယောက်အား မေတ္တာကြီးမားစွာ လွှဲပြောင်းပေးရန်ကို ကျိယွမ်တစ်ခါမှ စိတ်ကူးမယဥ်ဘူးပေ။ခရီးသွားဟန်လွဲ ကူညီချင်သာကူညီပေးလိမ့်မည် ထိုမျှထိတော့ သူသဘောထားကြီးနိုင်မည် မဟုတ်ပါ။

"အဝတ်အထည်ဌာနသခင် ငါတို့ကမင်းအတွက် နတ်ဘုရားရောင်ပြန်ဟပ်ခြင်းကို ပြုလုပ်ပေးမယ်၊ဒါကမင်းရဲ့ကျင့်ကြံမှုအရှိန်ကို ပိုမြန်အောင်ကူညီပေးလိမ့်မယ်၊မင်း..သဘောတူသလား"

ယု၏အသံက နုညံ့ညင်သာနေသည်။

ခေါင်းတလားများစွာထဲမှ မျက်လုံးပေါင်းများစွာကလည်း ကျိယွမ်ကိုစိုက်ကြည့်နေကြသည်။

"ကျွန်တော် သဘောတူပါတယ်"

ကျိယွမ်တွင် ငြင်းဆန်စရာအကြောင်းမရှိပေ။

NPC များထံမှ ရရှိလာသော နတ်ဘုရားရောင်ပြန်ဟပ်ခြင်းသည် သူ့ကိုများစွာအကူအညီဖြစ်စေမည်မှာ သံသယရှိစရာမလိုပေ။သူကဘာအတွက် ကန့်ကွက်နေစရာလိုမည်နည်း။

တိုက်ခိုက်ရေး အတွေ့အကြုံများလည်း ရမည်၊အဆောင်မန္တာန်တိုက်ခိုက်မှုများအကြောင်းလည်း သိနိုင်၏။အခြားနည်းစနစ်များကိုလည်း တတ်ကျွမ်းနိုင်ဦးမည်။

ဒါကိုငြင်းရင် ငါ့ထက်မိုက်တဲ့ကောင်ရှိပါဦးမလား။

ထိုအခိုက် ရှည်လျားသောမုတ်ဆိတ်မွှေးများ

ရှိသော လုံပန်က ကျိယွမ်အားသတိပေးလိုက်၏။

"အဝတ်အထည်ဌာနသခင် ၊ နတ်ဘုရားရောင်ပြန်ဟပ်ခြင်းကို လက်မခံခင်မှာ ပြင်ပနတ်ဆိုးတွေကို ဖျက်ဆီးပစ်ပါမယ်လို့ အတွင်းနတ်ဆိုးဆီမှာ ကျိန်ဆိုရပါမယ်"

သူ၏အသံကပျော့ပြောင်းနေသော်လည်း ခိုင်မာသည်။

"ပြဿနာ မရှိပါဘူး"

ဓာတ်ကြီးငါးပါးဘိုးများကို ကတိပေးထားပြီးဖြစ်သောကြောင့် ဤလူများအား ထပ်မံကတိပေးခြင်းသည် အကြောင်းမဟုတ်တော့ပါ။

ကျိယွမ်က သူတို့ပြောသည့်အတိုင်း အတွင်းနတ်ဆိုးကိုတိုင်တည်ကာ ကျိန်ဆိုပြလိုက်သည်။သူကကတိကိုဖောက်ဖြတ်ခဲ့ပါက အတွင်းနတ်ဆိုးဖြစ်တည်လာပြီး သူ၏ကျင့်ကြံမှုလမ်းကြောင်းပျက်စီးကာ ဖောက်ပြန်သွားမည်ဖြစ်သည်။

"ကတိပေးပြီးပြီဆိုတော့ နတ်ဘုရားရောင်ပြန်ဟပ်ခြင်းကို စလိုက်ကြစို့"

ယုကပြောပြီးသည်နှင့် သူကိုယ်တိုင်ဦးဆောင်ကာ လှုပ်ရှားလိုက်သည်။

ခေါင်းတလားများထဲတွင် ထိုင်နေသော ပုံရိပ် ငါးဆယ့်သုံးခုစလုံးက ကျိယွမ်ကို အာရုံစိုက်လာကြသည်။

အနားတွင်ရှိသော တန်ယန်၊ အနီရောင်ဝတ်ထားသောအမျိုးသား ၊ ဆံထုံးနှင့်မိန်းကလေးများစသည့် မျိုးဆက်သစ် ပါရမီရှင်များကလည်း ကျိယွမ်အားလေးစားအားကျသလို ကြည့်နေကြ၏။

လူအများအပြား၏ စိုက်ကြည့်ခြင်းခံရသော်လည်း ကျိယွမ်ကတည်ငြိမ်နေသည်။

"နတ်ဘုရားရောင်ပြန်ဟပ်ခြင်း"

ယုကစတင်​​အော်ဟစ်လိုက်သည်နှင့် ခေါင်းတလားများထဲမှလူများကလည်း "နတ်ဘုရားရောင်ပြန်ဟပ်ခြင်း "ဟု တညီတည်း ရွတ်ဆိုလိုက်ကြသည်။

ချက်ချင်းပင် ကျိယွမ်သည် သူ၏စိတ်ထဲတွင် ပုံရိပ်များ ဆက်တိုက် စီးဆင်းနေသည်ကို ခံစားလိုက်ရသည်။

ထိပ်တန်းကျင့်ကြံသူ ငါးဆယ့်သုံးယောက်၏ မှတ်ဉာဏ်များနှင့်ကျင့်ကြံမှုဆိုင်ရာအသိဉာဏ်များသည် လှိုင်းလုံးကြီးများကဲ့သို့ ကျိယွမ်၏ စိတ်ထဲသို့ စိမ့်ဝင်လာသည်။

"မင်းစိတ်ကို ငြိမ်သက်အောင်ထား၊ နှလုံးသားကို ဖွင့်အောင်ထား၊ နားလည်ဖို့ မကြိုးစားနဲ့ဦး ၊ ဒီအတိုင်းလေးပဲ ကြည့်နေပါ"

ယုက ဘေးမှ သတိပေးသည်။

နတ်ဘုရားရောင်ပြန်ဟပ်ခြင်း အစပိုင်းတွင် လက်ခံသူသည် မျှဝေသူ၏အနက်ရှိုင်းဆုံးသောမှတ်ဉာဏ်ပုံရိပ်အချို့ကိုသာ မြင်ရမည်ဖြစ်သည်။

ရောင်ပြန်ဟပ်ခြင်းပြီးဆုံးပြီးနောက်တွင် မှတ်ဉာဏ်များအားလုံးကို ဖြည်းဖြည်းချင်း လက်ခံပြီး တဖြည်းဖြည်းသွားမည် ဖြစ်သည်။

"အင်း"

ကျိယွမ်က မျက်လုံးများကို မှိတ်လိုက်ပြီး မှတ်ဉာဏ်များကိုနားလည်ရန်မကြိုးစားတော့ဘဲ စီးဆင်းစေလိုက်၏။

သူ့စိတ်ထဲတွင် ပုံရိပ်များစွာ ပေါ်လာသည်။

သူသည် ရှက်သွေးဖြန်းနေသည့် ကောင်လေးတစ်ယောက်က နောက်တွင်ထိုင်နေသည့် သတို့သမီးမင်းသမီးလေးကို တိတ်တိတ်လေး ကြည့်နေသည်ကို တွေ့လိုက်ရသည်။

ထိုချောမောသောကောင်လေးသည် အရည်အချင်း မြင့်မားသော်လည်း အတော်လေးရှက်တတ်သည်။သူ၏ချောမောသောမျက်နှာတွင် မုတ်ဆိတ်မွှေးများကို ခန့်ညားစွာတွေ့ရ၏။

ထိုကောင်လေးသည် နောက်ပိုင်းတွင် လုံပန်ဖြစ်လာသည်။

ကျိယွမ်သည် ယုကိုလည်း မြင်၏။ယုသည် သူ၏ မိသားစုတစ်စုလုံး ရက်စက်စွာအသတ်ခံရပြီးနောက်မိုးရွာထဲတွင် အရူးတစ်ယောက်ပမာ တစ်ညလုံးအော်ဟစ်ငိုယိုနေသည်။ထိုမြင်ကွင်းမှာ လက်ရှိ ယုဆိုသူ၏ တည်ငြိမ်ပြီး နူးညံ့သည့်အမူအရာနှင့် လုံးဝကွာခြားနေသည်။

ကျိယွမ်က ငယ်ဘဝတွင်ပျင်းရိပြီး အဆော့မက်လှသည့် ပုရစ်တိုက်ပွဲများကိုနှစ်သက်သော ခန္ဓာကိုယ်ထွားကျိုင်းသော အမျိုးသားတစ်ဦးကိုလည်း မြင်သည်။ထိုအမျိုးသားက တစ်နေ့တွင်စာအုပ်တစ်အုပ် ဖတ်ပြီးနောက် ရုတ်တရက် လုံ့လဝီရိယရှိလာပြီး ကြိုးစားကျင့်ကြံလာသည် တွေ့လိုက်ရသည်။

ကျိယွမ်သည် အစွမ်းထက်ပါသည်ဆိုသော သွေးစုပ်ငါးမျှားကြိုးကိုလည်း မြင်၏ ။ထိုအရာက ကောင်းကင်မှကျလာပြီး အနီရောင်ဝတ်စုံနှင့်အမျိုးသား၏ ဖခင်ကိုစုပ်ယူသွားခဲ့သည်။ အနီရောင်ဝတ်အမျိုးသားသည် သွေးစွန်းနေသည့် ဖခင်၏အရေပြားကိုကိုင်ထားကာ နားကျည်းစွာအံကြိတ်နေသည်ကို တွေ့လိုက်ရသည်။

ကျင်းကျူက ရွှေရောင်လူငယ်တစ်ယောက်ကိုကောက်ယူကာ ဒြပ်စင်ငါးပါးတားမြစ်နယ်မြေသို့ ပြန်ခေါ်လာသည်ကို တွေ့လိုက်ရပြီး ထိုလူငယ်လေးက အိမ်အလွတ်တစ်ခုတွင် ရွှေရောင်ကြက်ဖကို အစာကျွေးမွေးနေသည်ကို တွေ့လိုက်ရသည်။

ကျိယွမ်သည် မှတ်ဉာဏ်များစွာကိုတွေ့လိုက်ရသည်။

ထို့အတူ နည်းစနစ်များနှင့်ကျင့်ကြံခြင်းဆိုင်ရာ အတွေ့အကြုံများစွာကိုလည်း ရရှိခဲ့သည်။

"နတ်ဘုရားရောင်ပြန်ဟပ်ခြင်း ပြီးဆုံးပြီ"

ယု၏အသံနှင့်အတူ ရုတ်တရက် ဆက်သွယ်မှုအားလုံး ပြတ်တောက်သွားပြီး ပုံရိပ်များလည်း ပျောက်ကွယ်သွားသည်။

သို့သော် ထိုမှတ်ဉာဏ်များနှင့် ထိုးထွင်းဉာဏ်များသည် သူ့စိတ်ထဲတွင် နက်ရှိုင်းစွာ ပုန်းအောင်းနေသည်ကို ကျိယွမ်နားလည်သည်။

"ပြီးသွားပြီလား"

"ဟူး... ဒီလောက်အကြာကြီး ထိန်းသိမ်းလာပြီးမှ နောက်ဆုံးတော့ ရင်ဖွင့်နိုင်ခဲ့ပြီ"

"ငါ ဆယ်နှစ်လောက် အိပ်ဖို့လိုလိမ့်မယ်နဲ့ တူတယ်"

နတ်ဘုရားရောင်ပြန်ဟပ်ခြင်း ပြီးဆုံးပြီးနောက် ၎င်းတို့အားလုံးသည် အတိုင်းအတာတစ်ခုအထိ အားနည်းနေကြသည်။

ကျိယွမ်သည် သူ၏ရှေ့တွင်ရှိနေသော ပုံရိပ် ငါးဆယ့်သုံးခုကိုကြည့်ပြီး ခေါင်းကို ဖြည်းဖြည်းချင်းငုံ့လိုက်ကာ လေးလေးနက်နက် အရိုအသေပေးလိုက်သည်။

"ခင်ဗျားတို့အားလုံးဟာ ကျွန်တော့်ကို နည်းစနစ်တွေကို သင်ပေးခဲ့ကြတဲ့ ကျွန်တော့်ရဲ့ ဆရာတွေပါပဲ။ ဒီနေ့ရဲ့ ကရုဏာကို

ကျွန်တော် မှတ်မိနေပါမယ်"

ပုံရိပ်ငါးဆယ့်သုံးခုထဲမှ အချို့က ပြုံးကာ ပြန်ဖြေကြသည်။

"ငါတို့က မဟာမိတ်တွေပဲ ၊ ပြင်ပနတ်ဆိုးတွေကို သတ်ဖို့အတွက်ပဲလေ"

အချို့က စိတ်မသက်မသာဖြစ်နေပုံရ၏။

"အဝတ်အထည်ဌာနသခင်၊ ငါ့ရဲ့ မှတ်ဉာဏ်တွေကို ဆက်ပြီးခိုးမကြည့်ပါနဲ့"

ကျိယွမ်သည် ရှက်ရွံ့နေသည့် အမျိုးသားကို ကြည့်ပြီး ညင်သာစွာ ပြောလိုက်သည်။

"တစ်ခါလောက်ပဲ ကြည့်မှာပါ"

ထိုအမျိုးသားက တော်တော်ရှက်နေပုံရလေသည်။နောက်ထပ်စကားမဆိုတော့ဘဲ သူ၏ခေါင်းတလားထဲသို့ ပြန်ဝင်ကာ အဖုံးကိုပိတ်လိုက်လေသည်။

ထို့နောက် ကျန်သောသူများကလည်း သူတို့၏ခေါင်းတလားများထဲသို့ ပြန်ဝင်သွားကာ တိတ်ဆိတ်သွားတော့သည်။

နတ်ဘုရားရောင်ပြန်ဟပ်ခြင်းကို ပြုလုပ်ပေးပြီးနောက် ၎င်းတို့အားလုံးမှာ အနည်းငယ် အားနည်းနေပြီး အနားယူရန် လိုအပ်သည်။

ယုသည် ကျိယွမ်ကို ကြည့်ပြီး ဖြည်းညင်းစွာပြောလိုက်သည်။

- "နတ်ဆိုးသတ်ပွဲကို မမေ့ပါနဲ့"

"ဟုတ်ကဲ့"

ကျိယွမ်သည် ခေါင်းကိုလေးနက်စွာညိတ်သည်။

လုံပန်က အသံနက်ကြီးဖြင့် ပြောလိုက်သည်။

"ငါ ယင်ယန်တားမြစ်နယ်မြေကို အကြောင်းကြားထားပြီးပြီ ၊မင်းက ကျန်းဟွာကိုအနိုင်ယူလိုက်ရုံနဲ့ ယင်ယန်တားမြစ်နယ်မြေက မင်းရဲ့ထိန်းချုပ်မှုအောက် ရောက်လာမှာဖြစ်သလို သူတို့ကလည်း မင်းအတွက်နတ်ဘုရားရောင်ပြန်ဟပ်ခြင်းကို ပြုလုပ်ပေးလိမ့်မယ်၊မင်းမှာသတို့သမီးမင်းသမီးရဲ့အကူအညီရှိနေတာကြောင့် ကျန်းဟွာကို အနိုင်ယူဖို့ ပြဿနာမရှိလောက်ပါဘူး"

"ယင်ယန်တားမြစ်နယ်မြေကို အနိုင်ယူပြီးရင် ဒီနှစ်ပေါင်းသုံးရာအတွင်း မှတ်ဉာဏ်တွေကို တတ်နိုင်သမျှနားလည်အောင် လုပ်ပါ"

"လမ်းညွှန်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"

ကျိယွမ်က အချိန်ဆွဲတတ်သူမဟုတ်ပါ ။ သူက နောက်ဆုံးတားမြစ်နယ်မြေဖြစ်သော ယင်ယန်တားမြစ်နယ်မြေသို့ ထွက်ခွာရန် ပြင်လိုက်သည်။

သို့သော် သူကခြေလှမ်းအနည်းငယ်လှမ်းပြီးနောက် ခေတ္တရပ်ကာလုံပန်အားပြောလိုက်၏။

"တကယ်တော့ ခင်ဗျားငယ်ငယ်က အတော်လေး ချစ်စရာကောင်းတယ်"

လုံပန်၏မျက်နှာအမူအရာ ပြောင်းလဲသွားပြီးချက်ချင်း ရှက်သွေးဖြန်းသွားရာ သူ့မုတ်ဆိတ်မွေးကြီးများကပင် ဖုံးကွယ်မထားနိုင်တော့ပေ။

ကျိယွမ် ရယ်မောလိုက်ပြီး ထွက်ခွာသွားသည်။

ယုကလည်း လုံပန်ကိုကြည့်ပြီး ညင်သာစွာ ပြောလိုက်သည်။

"နတ်ဆိုးသတ်ပွဲအတွက် မင်းရဲ့မုတ်ဆိတ်ကို ရိတ်ပစ်လိုက်ပါ၊ မဟုတ်ရင် လောကကြီးက နဂါးတရားသူကြီးဟာ ရုပ်ဆိုးတဲ့လူလို့ ထင်သွားလိမ့်မယ်"

"တော်စမ်း"

လုံပန်က ရှက်ရှက်နှင့်အော်ဟစ်လေသည်။

"ငါအဲဒီကောင်လေးကို ဖမ်းပြီး ရိုက်ပစ်ချင်တာ"

"ဒါပေမဲ့ မင်းသူ့ကို အခုမယှဉ်နိုင်တော့ဘူး။ နှစ်ပေါင်း သုံးရာအတွင်း သူ ဘယ်လောက်အထိ ရောက်သွားမလဲဆိုတာ ဘယ်သူသိနိုင်မလဲ"

ဒေါသထွက်နေသော လုံပန်ငြိမ်သက်သွား၏။သူက စိတ်ပျက်သွားပုံရသည်။

"နှစ်ပေါင်း သုံးရာက တိုလွန်းတယ်။ အကယ်၍ နှစ်တစ်သောင်းဆိုရင်… မဟုတ်ဘူး၊ နှစ်သုံးထောင်ဆိုရင်တောင် သူက စိတ်ကူးမယဉ်နိုင်တဲ့ အဆင့်အထိ တိုးတက်လာနိုင်တယ်။ ပြင်ပနတ်ဆိုးတွေဆိုတာ ပြဿနာမဟုတ်တော့ဘူး"

"အချိန်…"

ယုသည် သူ၏ဝတ်ရုံမှ ပြုတ်ကျလာသည့် အမွှေးတစ်ခုကို လက်ဖြင့်ဖမ်းယူကာ အဓိပ္ပါယ်မဲ့ ငေးကြည့်နေ၏။

အတန်ကြာမှ ထိုအမွှေးလေးကို လေနဲ့ဖူးခနဲမှုတ်ထုတ်လိုက်ရင်းမှ ပြောလိုက်သည်။

"နှစ်ပေါင်းသုံးရာပြည့်တဲ့အချိန်ကျရင်နတ်ဆိုးသတ်ပွဲကို သူမလာဖို့ မျှော်လင့်ပါတယ်"

လုံပန်သည် ယု၏စကားကို ကြားသောအခါ ပြုံးလိုက်ပြီး ဘာမှပြန်မပြောပေ။

ယုက ဆက်ပြောသည်။

"နှစ်ပေါင်း သုံးရာမှာကျင်းပမယ့် နတ်ဆိုးသတ်ပွဲဟာ ဆယ်ယောက်သွား ၊ဆယ်ယောက်သေအခြေအနေဖြစ်နေတုန်းပဲလို့ ငါ တွက်ဆထားတယ်"

လုံပန်၏မျက်နှာအမူအယာက မပြောင်းလဲပါ။

"မင်းပြောတာ မှန်တယ်၊ နှစ်ပေါင်းသုံးရာမှာလုပ်မဲ့ နတ်ဆိုးသတ်ပွဲကို သူမသွားတာ အကောင်းဆုံးပါပဲ။အဲဒီကောင်လေးက တကယ်တော့ အတော်လေးကို ပါးနပ်တယ်။

သူ အတွင်းနတ်ဆိုးဆီမှာ ကျိန်ဆိုတုန်းက နတ်ဆိုးသတ်ပွဲမှာပါဝင်မယ်လို့ တိတိကျကျ မပြောခဲ့ဘူး၊ ပြင်ပနတ်ဆိုးတွေကို သတ်မယ်လို့ပဲ ပြောခဲ့တာ။ဒီအချက်ကို သူ့စိတ်ထဲ ကြိုသိနေလို့ ဖြစ်နိုင်တယ်"

"ငါတို့က မျောက်တွေထက် ပိုပါးနပ်ကြတာကို သူမသိဘူး။ သူ့ရဲ့ လှည့်ကွက်လေးကို မသိဘဲနေမလား ၊တမင်ထောက်မပြဘဲ ထားပေးခဲ့ကြတာ"

ယုက လုံပန်ကို ပြုံးချင်နေသောမျက်ဝန်းများဖြင့် ကြည့်လိုက်၏။

"မျောက်တွေက ပါးနပ်လို့လား"

......................

"သတို့သမီးလေး၊ ငါပြင်ပနတ်ဆိုးတွေကို အနိုင်ယူနိုင်မယ်လို့ နင်ထင်လား"

ကျိယွမ်သည် သတို့သမီးလေးကို ပွေ့ထားရင်း ယင်ယန်တားမြစ်နယ်မြေသို့ ရောက်လာသည်။

သတို့သမီးလေး၏ လက်မောင်းစထဲမှ သစ်သားပြားတစ်ချပ် ထွက်ကျလာ၏။

လက်ချင်းချိတ်နေသော ပုံ။

သတို့သမီးလေးက ကျိယွမ်၏လက်မောင်းတစ်ဖက်ကို တင်းကျပ်စွာ ဖက်ပြသည်။

"နင်က ငါနဲ့အတူ နတ်ဆိုးတွေကို တိုက်ခိုက်ပေးမှာလား"

ကျိယွမ်သည် ရုတ်တရက် အနည်းငယ် ရှက်သလို ခံစားရသည်။သူက သတို့သမီးလေးကို ထပ်ပြောလိုက်သည်။

"နင်သိလား ၊ငါ NPCတွေဆီမှာ အကြွေးတင်နေသလို ခံစားရတယ်"

"အဲဒါကတွေးကြည့်ရင် တော်တော်ခေါင်းကိုက်စရာပဲ၊ငါကအကြွေးယူပြီးရင် မျက်နှာပြောင်တိုက်ပြီး မနေတတ်ဘူး"

"ဒါပေမယ့် ကိစ္စမရှိပါဘူး၊ ဘာပဲဖြစ်ဖြစ် အဲဒီနောက်ဆုံးဘော့စ်ကို ငါနှိမ်နင်းပစ်မယ် ၊ဒါဆို အဆင်ပြေပြီ"

ကျိယွမ်က သတို့သမီးလေးနှင့် စကားပြောကာလျှောက်လာရင်းမှ ရုတ်တရက်ယင်ယန် တားမြစ််မြေသို့နယ်မြေသို့ ကူးပြောင်းလိုက်သည်။

"ယင်ယန်တားမြစ်နယ်မြေက လူတွေဟာ စကားပြောပုံထူးဆန်းတယ်လို့ ငါကြားတယ်။ သူတို့ရဲ့ စကားပြောပုံကို ငါအတုယူပြောရင် သူတို့ကငါ့ကို ရိုက်ကြမလား"

"သူတို့က ငါ့အတွက် နတ်ဘုရားရောင်ပြန်ဟပ်ခြင်းကို လုပ်ပေးလိုက်ရင် ငါကသူတို့ရဲ့ထူးဆန်းတဲ့ စကားပြောပုံကိုတတ်သွားမယ်ထင်တယ်၊အဲဒီအတိုင်း လိုက်ပြောနေမိရင် ဘယ်လိုလုပ်မလဲ"

သတို့သမီးလေးနှင့် အနည်းငယ်စကားပြောပြီးနောက် ကျိယွမ်သည်ပြန်လည်လန်းဆန်းလာသည်ဟု ခံစားရသည်။

ကျိယွမ်က သူကိုယ်သူ ကံကောင်းသည်ဟု ထင်မိသည်။

သူတစ်​ကိုယ်တည်းဘဝတွင် ကျန်းမားရေးဆိုးဝါးလာပြီးနောက်တွင် အခန်းထဲမှာအမြဲနေခဲ့ရပြီး စကားပြောဖော်ဟူ၍ မရှိခဲ့ပေ။

နောက်ပိုင်းတွင် သူသည် ကျင်းလီနှင့် တွေ့ဆုံခဲ့သည်။

ယခုတွင် သူသည် သတို့သမီးလေးနှင့် ထပ်မံတွေ့ဆုံပြန်သည်။

"ကျင်းလီဆိုမှ သတိရတယ် သူနဲ့စကားပြောဦးမှပဲ"

ဂိမ်း၏စကားပြောမျက်နှာပြင်တွင် ကျင်းလီထံမှ မက်ဆေ့ချ်များစွာ ရောက်နေ၏။

ကျင်းလီက အဝတ်အထည်ဌာန စစ်သည်တော်များ၏ထောက်ပံ့မှုဖြင့် နန်းကန်ကို အပြည့်အဝ ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ကြောင်း ပြောထားသည်။

ယခုတွင် စစ်သည်တော်များနှင့်အတူတိန့်ယန်အထွတ်အမြတ်ဂိုဏ်းကို ဝိုင်းရံထားသည်။

တိန့်ယန်ဂိုဏ်းနှင့် နတ်ဆိုးမျိုးနွယ်စုများကို ကိုင်တွယ်ဖြေရှင်းပြီးနောက် သူမသည်နန်းကန်ဧကရီဘုရင်မဘွဲ့ကို စွန့်လွှတ်ပြီး ရှေးဟောင်းစီးချောင်သစ်ပင်ဆီသို့ သူ့နှင့် တွေ့ဆုံရန် လာမည်ဟုစာပို့ထားသည်။

"ငါလည်း အရှိန်မြှင့်ဖို့ လိုမယ်နဲ့ တူတယ်"

ကျိယွမ် လေးနက်စွာ စဉ်းစားရသည်။

"မိန်းကလေးတစ်ယောက်က ငါနဲ့တွေ့ဖို့အတွက် ဘုရင်မဘွဲ့ကို စွန့်လွှတ်နေတာ"

"ဒါက ကောလိပ်ဝင်ခွင့်စာမေးပွဲမှာ တမင်တကာအဖြေမှားရေးပြီး စာညံ့တဲ့ကောင်လေးနဲ့ ကျောင်းအတူတူတက်ရအောင်လုပ်တာမျိုးထက်တောင် ပိုပြီးပေးဆပ်ရမှာ"

ကျိယွမ်သက်ပြင်းချလိုက်သည်။ ထိုလုပ်ရပ်က သေချာပေါက် ကြီးမားလွန်းသော ပေးဆပ်မှုတစ်ခုပင်။

သူအတွေးနက်နေစဥ်မှာပင် ယင်ယန်တားမြစ်နယ်မြေအတွင်းပိုင်းသို့ ရောက်လာသည်ကို သတိထားမိလိုက်၏။

ယင်ယန်တားမြစ်နယ်မြေသည် တားမြစ်နယ်မြေကြီးလေးခုထဲမှ နောက်ဆုံးတစ်ခုဖြစ်သည်။

ယင်ယန်တားမြစ်နယ်မြေ၏ အထူးခြားဆုံးအချက်မှာ နယ်မြေတစ်ဝက်သည် ညဖြစ်နေပြီး ကျန်သည့်တစ်ဝက်က နေ့ ဖြစ်နေခြင်းပင်။

သို့သော်အမြဲတမ်းထိုသို့ငြိမ်နေသည်မဟုတ်ဘဲ တစ်လှည့်စီ ဖြစ်ပေါ်နေ၏။

ကျိယွမ်က သူ၏မွေးရပ် ၂၁ရာစုကမ္ဘာမြေကိုပင် ပြန်သတိရသွားသည်။

သို့သော် ခြားနားသည်မှာ ယင်ယန်တားမြစ်နယ်မြေသည် ကမ္ဘာကြီးကဲ့သို့စက်လုံးပုံစံ မဟုတ်ပေ။

"ကျန်းဟွာကို အနိုင်ယူပြီး နတ်ဘုရားရောင်ပြန်ဟပ်ခြင်းကို ရအောင်ယူရမယ်၊ဒါဆို အဆင်ပြေပြီ"

"ဒါပေမယ့် ယင်ယန်တားမြစ်နယ်မြေကို ဘယ်လို ထိန်းချုပ်ရမလဲ"

ကျိယွမ်သည် အဘိုးကြီးသတ်သမား မဖြစ်ချင်တော့ပါ။သူကြောင့် လူအိုကြီးများ သေပေးရမည့်အဖြစ်မျိုးကို ထပ်မကြုံချင်တော့။

ယင်ယန်တားမြစ်နယ်မြေကို ထိန်းချုပ်ခြင်းသည် ရှုပ်ထွေးမည်ပုံရလေ၏။

ထိုအခိုက် ကျိယွမ်က အသံတစ်ခုကို ကြားလိုက်သည်။

"အဝတ်အထည်ဌာန သခင်၊ နင် ရောက်လာပြီပေါ့"

အသံပိုင်ရှင်သည် အနက်ရောင်ဆံပင်များကို ကျစ်ဆံမြီးပေါင်းများစွာကျစ်ပြီးမှ ပိုနီတေးဆန်ဆန်စည်းထားသော အမျိုးသမီးတစ်ဦး ဖြစ်သည်။ သူမ၏ရုပ်ရည်သည် အလွန်လှပသော်လည်း မျက်နှာထားက အေးစက်လွန်း၏။ ထိုအေးစက်မှုက သူမ၏လှပမှုကို ဖျက်ဆီးနေသလိုပင်။

"ကျန်းဟွာလား"

သူမသည် ယင်ယန်တားမြစ်နယ်မြေမှ သူ့၏ပြိုင်ဘက်ဖြစ်ကြောင်း ကျိယွမ် နားလည်လိုက်သည်။

"ငါ့ကိုနိုင်အောင်တိုက်၊ဒါဆိုရင် ယင်ယန်တားမြစ်နယ်မြေက နင့်ရဲ့ထိန်းချုပ်မှုအောက် ရောက်လာလိမ့်မယ်"

သူမ၏အသံက သူမ၏မျက်နှာကဲ့သို့ အေးစက်နေ၏။

စကားဆုံးသည်နှင့် သူမက ကျိယွမ်ကို ရုတ်တရက်တိုက်ခိုက်လိုက်သည်။

-----------------------------

All Chapters