ကောင်းကင်မိုးကြိုးသည် ခွေးလေးတစ်ကောင်သာ ဖြစ်သည်
Vol. 5 Ch. 66
"ချီကိုသုံးပြီး ဓားဖန်တီးတဲ့နည်းစနစ်လား"
ကျိယွမ်သည် သတ္တုဒြပ်စင်ကို ပြီးပြည့်စုံစွာ ကျင့်ကြံထားပြီး သူ၏ခန္ဓာကိုယ်၌ သတ္တုချီများ အလွန်ကြွယ်ဝစွာပိုင်ဆိုင်ထားသည်။
ထို့ကြောင့် ရိုးရိုးချီအစား သတ္တုချီကိုအစားထိုးသုံးရန်မှာ သူ့အတွက်မခက်ခဲပေ။
ကျိယွမ်က အာရုံစူးစိူက်လျှက် လက်ညှိုးတစ်ချက်ထိုးလိုက်သည်နှင့် ရွှေရောင်အလင်းတန်းတစ်ခု ဖြစ်ပေါ်လာ၏။
သူ၏လက်ချောင်းထိပ်၌ ရွှေရောင်တောက်ပနေသော ချီဓားတစ်လက် ပုံပေါ်လာလာခဲ့သည်။
ဓာတ်ကြီးငါးပါးထဲမှ သတ္တုစွမ်းအင်များဖြင့်ဖွဲ့စည်းထားသောရွှေရောင်ဓားက တလက်လက်တောက်ပနေပြီး မယုံနိုင်စရာကောင်းအောင် ထက်မြနေ၏။
"ဓား....ဓားလား"
ထုံရှီးယန်သည် ထိုဓားကို မျက်လုံးအဝိုင်းသားဖြင့် ကြည့်ကာ စကားရှာမရပေ။
ဒါက ဘာကြီးလဲ။
အစ်ကိုကြီးကျိယွမ်က တကယ်ပဲချီကိုသုံးပြီး ဓားကိုဖွဲ့စည်းလိုက်တာလား။
သူ ဘယ်လိုလုပ်လိုက်တာလဲ။
ထုံရှီးယန်သာမက ရှေးဟောင်းဝိညာဥ်ပင် ထိုဓားပုံရိပ်ကိုကြည့်ကာ လေးနက်စွာစဥ်းစားနေသည်။
ဒါက ဓားနည်းစနစ်လား၊မဟုတ်ဘူး ထူးခြားစွမ်းအားတစ်မျိုးကြောင့်ဖြစ်နိုင်တယ်။
ကျိယွမ်က သူ၏လက်ချောင်းထိပ်မှ ချီဖြင့်ဖွဲ့စည်းထားသော ဓားကိုကြည့်ကာ ထုံရှီးယန်အား သတိပေးလိုက်သည်။
“မင်းပြောသလိုပဲ ငါ့ရဲ့ဓားတစ်ချက်ကိုဝှေ့ယမ်းပြီး ကောင်းကင်ပေါ်က ငှက်တွေကို ခုတ်ချတာကို သေချာကြည့်ထားပါ”
သူက စကားဆုံးသည်နှင့် ရွှေရောင်ဓားကို ကောင်းကင်ပေါ်သို့ မြှောက်လိုက်၏။
ထိုအခိုက်မှာပင် နေခင်းကြောင်တောင် လင်းရှင်းနေသော ကောင်းကင်မှ ရုတ်တရက် မိုးကြိုးတစ်စင်းက ကျိယွမ်ဆီသို့ တည့်တည့်ပစ်ချလိုက်သည်။
ကျိယွမ် ဆံပင်မွှေးများ ထောင်သွားသည်။
မပြောမဆိုနှင့်ထပစ်သော မိုးကြိုးက သူ့ဆီတည့်တည့်ကြီးဦးတည်နေသည် မဟုတ်ပါလား။
နွေခေါင်ခေါင်ကြီးကို ဘာလို့မိုးကြိုးပစ်တာလဲ။
ပြီးတော့ ငါ့ဆီတည့်တည့်ကြီး။
ကျိယွမ်အလွန်ထိတ်လန့်သွားကာ လက်ကိုအမြန်ဆုံးဝေ့ယမ်းပြီး ရွှေရောင်ဓားကို အဝေးသို့လွှင့်ပစ်လိုက်ရာ မိုးကြိုးကလည်း ထိုဓားတည့်တည့်သို့ ထိမှန်၏။
"ဂျိမ်း..."
ချက်ချင်းပင် ရွှေရောင်ဓားသည် သတ္တုစွမ်းအင်များအဖြစ် အစိတ်စိတ်အမြွှာမြွှာ ကွဲထွက်သွားပြီး လေထဲသို့ ပျံ့လွင့်သွားသည်။
မိုးကြိုးသည်လည်း ပျောက်ကွယ်သွားလေ၏။
ကျိယွမ် ခြေဖျားလက်ဖျားများ အေးစက်သွားသည်။
ငါက အပေါ် ကိုအမြင့်ကြီးမြှောက်လိုက်တော့ သတ္တုက မိုးကြိုးကို ဆွဲဆောင်လိုက်မိတာ ထင်တယ်။
ထိုမြင်ကွင်းကို မြင်လိုက်ရသည့်အခါ ထုံရှီးယန်သည် ရူးချင်သလိုလို ဖြစ်သွားရှာသည်။
လောကကြီးက ဘာတွေဖြစ်ကုန်တာလဲ။
သူလုံးဝလိုက်မမီတော့ပါ။
ထိုအချိန်တွင် ရှေးဟောင်းဝိညာဥ်၏ အသံက သူ၏စိတ်ထဲ၌ ပဲ့တင်ထပ်လာသည်။
“ဒီကျိယွမ်က ထူးဆန်းတဲ့တားမြစ်ပညာရပ်တစ်ခုခုကို ကျင့်ကြံထားပုံရတယ်၊ ဒါကြောင့် မိုးကြိုးပုံစံနဲ့ ကောင်းကင်ရဲ့ပြစ်ဒဏ်ကို ခံရတာပဲ။ ချီကိုသုံးပြီး ဓားဖွဲ့စည်းတဲ့ နည်းစနစ်ကို ဘယ်တော့မှမလုပ်ကြည့်နဲ့”
ဆရာဖြစ်သူ၏ သတိပေးစကားကြောင့် ထုံရှီးယန်သည် ချက်ချင်းနားလည်သွားပြီး နန်းတွင်းမှတ်တမ်းများထဲရှိ ကောင်းကင်မိုးကြိုးနှင့်ပတ်သက်သည့် မှတ်တမ်းများကို သတိရသွားခဲ့သည်။
ယနေ့ခေတ်တွင် ကောင်းကင်မိုးကြိုးသည် လုံးဝနီးပါး ပေါ်လာလေ့မရှိတော့ပေ။
သို့သော် ထူးဆန်းသည့် တားမြစ်ပညာရပ်အချို့ကို ကျင့်ကြံပါက ကောင်းကင်မိုးကြိုးကို ဆွဲဆောင်နိုင်သည်။
ထုံရှီးယန်က ကျိယွမ်ကို စေတနာနှင့်သတိပေးလိုက်သည်။
“ဂိုဏ်းတူအစ်ကိုကြီး ကျိယွမ်၊ ချီစွမ်းအင်နဲ့ဓားဖွဲ့စည်းတဲ့နည်းစနစ်ကို ဆက်မသုံးသင့်ဘူး၊ ဒါက ကောင်းကင်က ခွင့်မပြုတဲ့ တားမြစ်ပညာရပ်တစ်ခု ဖြစ်တယ်လို့ ကျွန်တော်ထင်တယ်။”
အမှန်အတိုင်းဝန်ခံရလျှင် ထုံရှီးယန်သည် ကျိယွမ် မိုးကြိုးပစ်ခံရပြီး သေသွားမည်ကို စိုးရိမ်သဖြင့် အတော်လေး တုန်လှုပ်နေခဲ့သည်။
အကယ်၍ ထိုသို့ဖြစ်ခဲ့ပါက သူ၏စနက်မကင်းသောကြောင့် ကျိစယ်တောင်ထွတ်သခင်သည် သူ့ကိုမည်သို့မျှ ခွင့်လွှတ်နိုင်မည်မဟုတ်ပေ။
ထိုအချိန်၌ ရှေးဟောင်းဝိညာဥ်ကလည်း အလွန်ထူးဆန်းသည်ဟု ပြန်တွေးနေမိ၏။
ကျိယွမ်က တားမြစ်ပညာကိုသုံးလို့ ကောင်းကင်မိုးကြိုးနဲ့အပြစိပေးတယ်ဆိုရင် မိုးကြိုးက ဘာလို့ သူ့ကိုမပစ်ဘဲဓားကိုပစ်ရတာလဲ။
ထုံရှီးယန်၏စကားကို ကျိယွမ်က နားမလည်ပါ။မိုးကြိုးဘာကြောင့် ပစ်ရသည်ကို သူသေချာသိပါသည်။
“ငါက ဓားကို အပေါ်ကိုအရမ်း မြှောက်လိုက်လို့နေမှာပါ၊ ပြီးတော့ ဓားကလျှပ်စစ်ဓာတ်လိုက်တဲ့ပစ္စည်းဆိုတော့ မိုးကြိုးကို ဆွဲဆောင်သလိုဖြစ်သွားတာ မဟုတ်ဘူးလား"
“ဒါမှမဟုတ် ဒါက တကယ်ပဲ တားမြစ်ပညာရပ်တစ်ခု ဖြစ်နေတာလား။”
ကျိယွမ်၏ ပထမစကားတစ်ဝက်ကို ထုံရှီးယန်နားမနားလည်သော်လည်း နောက်တစ်ဝက်ကိုတော့ နားလည်ပါသည်။
သူက အလေးအနက်ထားကာ ထပ်ပြောလိုက်၏။
“အစ်ကိုကြီး ကျိယွမ်၊ ဒီနည်းစနစ်ကို အနာဂတ်မှာ မကျင့်ကြံဘဲ စွန့်ပစ်သင့်တယ်”
အစ်ကိုကြီးကျိယွမ်က သူ့ကို အရင်ဆုံးလက်တွေ့ပြသခဲ့သည့်အတွက် ကံကောင်းသည်ဟု သူတွေးမိလိုက်သည်။
အကယ်၍ ထိုသို့မပြဘဲ နည်းစနစ်ကိုသူအားသင်ပေးခဲ့ပြီး သူကမသိနားမလည်ဘဲ ကျင့်ကြံခဲ့ပါက ဓားမဖွဲ့စည်းနိုင်ခင်မှာပင် မိုးကြိုးပစ်ခံရပြီး သေဆုံးသွားနိုင်သည် မဟုတ်လား။
တွေးရင်းတွေးရင်းမှ ထုံရှီးယန် ပို၍ကြောက်လာ၏။နောက်ထပ်နည်းစနစ်များကိုလည်း သူမလိုချင်တော့ပါ။
“ဒါဆိုရင် အစ်ကိုကြီး၊ဂရုစိုက်ပါ၊ ကျွန်တော်လုပ်စရာလေးရှိလို့ ပြန်လိုက်ပါဦးမယ်။”
ထုံရှီးယန်က ကျိယွမ်ကိုနှုတ်ဆက်ပြီးသည်နှင့် ဝေးနိုင်သမျှအမြန်ဝေးရန် ဆင်းပြေးသွားတော့သည်။
သူတွေးထားသည့်အတိုင်းပင် ရူးသွပ်သူများသည် ကိုင်တွယ်ရခက်ရုံသာမက ဘေးနားတွင် ကြာကြာနေရသည်မှာလည်းအန္တရာယ်ရှိလေသည်။
ကျိစယ်တောင်ထိပ်သို့ ပြန်ရောက်သောအခါ ကျိယွမ်သည် မြေကြီးပေါ်တွင် ထိုင်၍ လေးနက်စွာ စဉ်းစားနေခဲ့သည်။
အတန်ကြာသောအခါ သူကလက်တွေ့စမ်းရန်ဆုံးဖြတ်လိုက်၏။
ချီကိုသုံး၍ ဓားဖွဲ့စည်းခြင်း။
သူသည် ထိုင်နေရာမှထရပ်ကာ ချီစွမ်းအင် ဓားကို ထပ်မံဖွဲ့စည်းလိုက်သည်။
ကောင်းကင်မှ မိုးကြိုးတစ်စင်းက ဝင်းခနဲပေါ်လာပြီး နောက်ထပ်တစ်ကြိမ် ထပ်ပစ်ချလေ၏။
ကျိယွမ်က ချီဓားကို ကောင်းကင်ထဲသို့ အမြင့်ဆုံးပစ်တင်လိုက်ရာ မိုးကြိုးသည် ထိုဓားကို ချက်ချင်းဖျက်ဆီးပစ်သည်။
“ဒါက တကယ်ပဲ တားမြစ်ပညာရပ်တစ်ခု ဖြစ်နေပုံရတယ်။”
ကျိယွမ် စိတ်အနည်ငယ်ပျက်သွားပြီး အဘယ့်ကြောင့် ထိုသို့ဖြစ်ရသည်ကို တွေးနေမိ၏။
အတန်ကြာသောအခါ စိတ်ပျက်အားငယ်ခြင်းအစား သူ၏မျက်လုံးများက စိတ်လှုပ်ရှားမှုများဖြင့် ပြည့်လာသည်။
“ဟားဟးဟားဟားဟား "
"ငါက တကယ်ကိုပါရမီရှင်ပဲ၊ နောက်ထပ် နတ်ဘုရားစွမ်းရည်တစ်မျိုးကို ဖန်တီးလိုက်ပြန်ပြီ"
“ဒီနတ်ဘုရားစွမ်းရည်ကို "ကောင်းကင်မိုးကြိုး ငါအမိနိ့ပေးမယ်၊ ငါခိုင်းတဲ့နေရာကိုပစ်ချ ’ လို့ ခေါ်ရမယ်"
သူသည် နောက်ထပ်ရွှေရောင်ဓားတစ်လက်ကို ထပ်မံစုစည်းလိုက်ရာ ကောင်းကင်မှ မိုးကြိုးများ ထပ်မံကျလာသည်။
“ဟိုနေရာကို ပစ်”
ကျိယွမ်သည် ရွှေရောင်ဓားကို တစ်နေရာသို့ ပစ်လိုက်ရာ မိုးကြိုးသည် ဓားကျရာနေရာသို့ ပစ်ချလိုက်ပြီး ဓားကိုဖျက်ဆီးပစ်လေ၏။
“မဟုတ်ဘူး၊ ငါနာမည်ပြောင်းရမယ်။ ဒီမိုးကြိုးက ခွေးတစ်ကောင်လိုပဲ ”
ဓားသည် အရိုးတစ်ချောင်းနှင့်တူပြီး မိုးကြိုးသည် ခွေးတစ်ကောင်နှင့်တူနေသည်။
သူက အရိုးပစ်လိုက်တိုင်း မိုးကြိုးကခုန်အုပ်သည်။
ထိုအရာက အတော်လေး စိတ်ဝင်စားစရာကောင်းလေသည်။
ကျိယွမ်က မတတ်နိုင်သလို ခေါင်းခါလိုက်သည်။
“ငါကတကယ်ကို ပါရမီရှင်တစ်ယောက်ပါလား၊ ကောင်းကင်မိုးကြိုးတောင် ငါနဲ့တွေ့ရင် ခွေးဖြစ်သွားရတယ်"
မိုးကြိုး၏အဖျက်စွမ်းအားသည် သူဖန်တီးထားသော ချီဓားထက်အဆများစွာပို၍ ပြင်းထန်သည်။
လက်ညှိုးထိုးလိုက်ရုံဖြင့် မိုးကြိုးပစ်ခံရလိမ့်မည်ဟု မည်သူကထင်ထားမည်နည်း။
ကျိယွမ်၏ မျက်နှာက ပြုံးဖြီးဖြီးကြီးဖြစ်နေသည်။
သို့သော်ကံမကောင်းသည်မှာ ယခုစွမ်းရည်ကို ဂိမ်ထဲတွင်အသုံးချ၍ မရခြင်းပင်။မဟုတ်လျှင်ပြင်ပနတ်ဆိုးများ အံ့အားသင့်သွားမှာ သေချာ၏။
..................
ယင်ယန်တားမြစ်နယ်မြေ...
တုန်သည် ချီယွမ်ကို ကြည့်ပြီး ဖြည်းဖြည်းချင်း ပြောလိုက်သည်။
"ယင်ယန်နယ်နိမိတ်ကို မင်းအခုပိုင်ဆိုင်သွားပြီ၊ယင်ယန်တားနယ်မြေကိုထိန်းချုပ်ဖို့ဆိုရင် တော့ ရှင်သန်ခြင်းနဲ့ သေဆုံးခြင်းကို နားလည်ပြီး အသက်ရှင်ခြင်းနဲ့ သေဆုံးခြင်းကြားက ကြီးမားတဲ့အကြောက်တရားကို တွေ့အောင်ရှာရမယ်"
ကျိယွမ်သည် အလွန်သာမန်ပုံစံရှိသောကျောက်တုံးတစ်တုံးကို ကိုင်ထားပြီးတုန်ဆိုသူ၏ စကားများကို ဘာတစ်ခုမှနားမလည်နိုင်အောင်ဖြစ်နေသည်။
ထို့ကြောင့် သူ၏မျက်လုံးများကိုသုံးကာ ယင်ယန်နယ်နိမိတ်ကျောက်တုံး၏လျှို့ဝှက်ချက်များကို ဖော်ထုတ်လိုက်၏။
[ယင်ယန်နယ်နိမိတ်ကျောက်တုံး၊ ယင်ယန်တားမြစ်နယ်မြေထဲမှ ထူးခြားသောကျောက်တုံးတစ်တုံးဖြစ်သည်။]
ဒါပဲလား။
ငါ့မျက်လုံးတွေကတောင် ငါ့ကိုသစ္စာဖောက်သွားပြီလား။ဒီလောက်ကတော့ နင်ပြောမှလား၊ငါ့ဘာသာလည်း သိတာပေါ့။
ကျိယွမ်ခေါင်းကုတ်မိသလို ဖြစ်သွားသည်။
“အသက်နဲ့ သေဆုံးခြင်းကို နားလည်ပြီး အသက်ရှင်ခြင်းနဲ့ သေဆုံးခြင်းကြားက ကြီးမားတဲ့အကြောက်တရားကိုမြင်အောင်ဘယ်လိုလုပ်ရမှာလဲ။”
“ငါမသိဘူး။”
တုန်က ခေါင်းခါလိုက်၏။
“ဒါက မင်းရဲ့နားလည်နိုင်စွမ်းအပေါ် မူတည်တယ်။”
ပြောပြီးသည်နှင့် တုန်သည် သူ၏ခေါင်းတလားထဲသို့ ပြန်ဝင်သွားခဲ့သည်။
ကျိယွမ်သည် ယင်ယန်နယ်နိမိတ်ကျောက်တုံးကိုယူကာ သတို့သမီးလေး၏လက်ကိုဆွဲ၍ ထိုနေရာမှ ထွက်လာခဲ့သည်။
“ရှင်သန်ခြင်း နဲ့ သေဆုံးခြင်းကို နားလည်ရမယ်ဆိုတာ ငါသေရမယ်ဆိုတဲ့ အဓိပ္ပာယ်လား။”
ယင်ယန်နယ်နိမိတ်ကျောက်တုံးကို ကိုင်ထားရင်း ကျိယွမ်အဖြေရှာနေ၏။အတန်ကြာစဥ်းစားပြီးနောက် ကျိယွမ်က သူ၏ဓားကြီးကို ကောက်ကိုင်ကာ ကိုယ့်ကိုကိုယ် ထိုးသွင်းလိုက်သည်။
ဓားကစိုက်ဝင်သွားပြီးနောက် သွေးများစီးကျလာ၏။
ကျိယွမ် ထိုသိုပြုလုပ်လိမ့်မည်ဟု ထင်မထားသော သတို့သမီးလေးသည် အလွန်စိုးရိမ်သွားပြီး သူမ၏အဝတ်အစားက ပြာယာခပ်သွားသည်။
သူမက ကျိယွမ်၏ခန္ဓာကိုယ်ပေါ်သို့ ဖုံးလွှမ်းလိုက်ပြီး အမြန်ဆုံးပေါင်းစည်းလိုက်ရာ သွေးနီရောင်ချပ်ဝတ်တန်ဆာက ချက်ချင်းပေါ်လာပြီး
သူ၏ဒဏ်ရာများက ချက်ချင်းဆိုသလို ပျောက်ကွယ်သွားခဲ့သည်။
သတို့သမီးလေးထိုသို့ပြုလုပ်လိုက်သည်ကို မြင်သောအခါ ကျိယွမ်၏နှလုံးထဲမှ နာကျင်မှုကို ခံစားလိုက်ရသည်။
သူ၏ဒဏ်ရာများကို ချပ်ဝတ်တန်ဆာက အစားထိုးခံယူလိုက်ခြင်းပင် မဟုတ်ပါလား။
“သတို့သမီးလေး၊ ငါတောင်းပန်ပါတယ်၊ နင့်ကိုပါ နာကျင်အောင် မလုပ်သင့်ဘူး"
ကျိယွမ်၏စကားကို ကြားသောအခါသတို့သမီးလေးသည် ပေါင်းစပ်မှုမှ ခွဲထွက်လိုက်ပြီး သူ့ကို အနီးကပ်တွယ်ကပ်၍ တိတ်ဆိတ်စွာ မှီထားခဲ့သည်။
ကျိယွမ်သည် သတို့သမီးလေးကို စစိဆေးကြည့်ပြီး ဒဏ်ရာမရသည်ကို မြင်မှစိတ်သက်သာရာ ရသွား၏။
“ငါမှားသွားတာ၊ မစဉ်းစားဘဲ လုပ်လိုက်မိတယ်။”
“အခု ငါ့မှာ ဇနီးသည်တစ်ယောက်ရှိနေပြီဖြစ်လို့ စိတ်ထင်တိုင်းလျှောက်လုပ်နေလို့ မရတော့ဘူး။”
ကျိယွမ်ပြောနေရင်း သူ့စကားကိုသူ ရယ်လိုက်သည်။
သတို့သမီးလေးသည် သူဘာကြောင့်ရယ်သည်ကို နားမလည်သော်လည်း ကျိယွမ်အနားတွင်သာ တိတ်ဆိတ်စွာ ကပ်နေခဲ့သည်။ သူက ထိုအရာကိုနောက်တစ်ကြိမ်
ထပ်လုပ်မှာကို အလွန်စိုးရိမ်နေပုံပင်။
ကျိယွမ်၏ အကြည့်က ယင်ယန်နယ်နိမိတ်ကျောက်တုံးပေါ်သိူ့ ကျရောက်သွားသည်။
“ယင်ယန်တားမြစ်နယ်မြေကို ငါဘယ်လို ထိန်းချုပ်ရမှာလဲ။”
သူက သေခြင်းနှင့်ရှင်ခြင်းကြားမှ အကြောက်တရားကိုသိရန် သူ့ကိုယ်သူဓားနှင့်ထိုးသော်လည်း အသားနာရုံသာရှိပြီး ဘာမှန်းပင်မသိလိုက်ပါ။
ကျိယွမ် လမ်းပျောက်နေလေ၏။
“ငါ့အနေနဲ့ ယင်နဲ့ယန်အနှစ်သာရကို တကယ်နားလည်ဖို့ဆိုရင် သူတို့လို ယင်ယန်ပုံစံနဲ့ ပြောနေရမှာထင်တယ်”
"အကောင်းမြင်ဝါဒသမားတစ်ယောက်အနေနဲ့ ငါကယင်ယန်ပုံစံနဲ့ ဘယ်လိုပြောလို့ရမှာလဲ"
မဖြစ်နိုင်ဘူး မဟုတ်လား။
ကျိယွမ်အတွေးများနေစဥ်မှာပင် ထင်မှတ်မထားဘဲ တောက်ပသောရောင်ခြည်တန်းတစ်ခုက သူ့အပေါ်ထိုးကျလာခဲ့သည်။
"ဘာလဲ ၊ ငါဉာဏ်အလင်းရသွားတာလား"
ကျိယွမ် ဝမ်းသာသွားသည်။နောက်ဆုံးတော့ သူက ယင်ယန်နယ်နိမိတ်ကျောက်တုံးကို နားလည်သွားပုံပင်။
ငါတောင် ဘာမှမသိလိုက်ဘဲ ဉာဏ်အလင်းပွင့်သွားလား၊ယင်ယန်တားမြစ်နယ်မြေက စကားပြောပုံတင်ထူးခြားတာမဟုတ်ဘူး အနှစ်သာရတွေကလည်း တော်တော် ထူးဆန်းတာကိုး။
ကျိယွမ် ခေါင်းတညိတ်ညိတ်လုပ်နေစဥ် သူ၏အနီးအနားမှ လေဟာနယ်က သိသိသာသာလှုပ်ရှားလာသည်ကို တွေ့လိုက်ရသည်။
ဘာလဲဟ။
ထိုအတွေ့အကြုံမျိုးကို သူကအလွန်ရင်းနှီးနေ၏။
"နေပါဦး ၊ဒါက တည်နေရာရွေ့ပြောင်းတဲ့ အလန်းတန်းလား၊ သေစမ်း...ငါကဉာဏ်အလင်းရသွားတာ မှတ်နေတာ"
ကျိယွမ်က သူသည် တျန်းကျွဲ့ ဟုခေါ်သော အန္တရာယ်အလွန်များသည် နေရာတစ်ခုသို့ သွားမည့် ရွှေ့ပြောင်းအစီအရင်ထဲတွင် ရောက်နေကြောင်း တွေ့လိုက်သည်။တျန်းကျွဲ့သည် တားမြစ်နယ်မြေလေးခုနှင့် သီးခြားနယ်မြေနှစ်ခုထဲတွင် ပါဝင်သောနေရာတစ်ခုဖြစ်၏။
(သေဆုံးခြင်းနယ်မြေကို သီးခြားနယ်မြေဟု ပြောင်းလဲသုံးနှုန်းထားပါသည်)
“ယင်ယန်တားမြစ်နယ်မြေကို မထိန်းချုပ်နိုင်သေးဘဲ ငါ့ကိုမြေပုံအသစ်ဆီ ရောက်အောင် ရွှေ့လိုက်တာပါလား"
"ဘာလို့လဲ၊ဘာလို့ဒီလိုလုပ်ရတာလဲ"
ကျိယွမ် အလွန်ရှုပ်ထွေးနေသည်။အဘယ့်ကြောင့် ဤသို့ဖြစ်ရသနည်းဆိုသည်ကို သူစဥ်းစားမရပေ။
"ဧကန္တ ငါကိုယ်တိုင်မသိလိုက်ဘဲ ယင်ယန်နယ်မြေကို ထိန်းချုပ်သွားနိုင်တာများလား"
“ဒါဆို ငါ့အတွက်ဆုလာဘ်ကဘယ်မှာလဲ၊ကောင်းကင်ဘုံတာအိုဆုလာဘ်ကို မပေးသေးဘူးလေ”
“ဒီအပေါစားဂိမ်းက bugတွေနဲ့ ပြည့်နေတာပဲ။”
ကျိယွမ်သည် ဂိမ်း၏ bug တစ်ခုခုကြောင့် error တတ်ခြင်းဖြစ်ရမည်ဟု တွေးလိုက်သည်။
သူခဏစဉ်းစားပြီး ကျင်းလီထံသို့ စာတစ်စောင်ပို့လိုက်သည်။
“ကျင်းလီ၊ သတိထားပါ၊ ဒီဂိမ်းက bug တွေနဲ့ ပြည့်နေတယ်။”
“ငါ့တောင် ယင်ယန်တားမြစ်နယ်မြေကို မပြီးသေးဘဲ အခုမြေပုံအသစ်ဖြစ်တဲ့ တျန်းကျွဲ့ကို ရောက်နေပြီ။”
ယခုအခါမှာတော့ ဂျင်လီ၏စာက ချက်ချင်းလိုလို ပြန်ရောက်လာသည်။
“တျန်းကျွဲ့လား ၊သတိထားပါ၊ အဝတ်အထည်ဌာနရဲ့ စစ်သည်တော်တွေကို ရှင့်ကိုကူညီဖို့ ပြန်လွှတ်လိုက်ရမလား။”
သူမသည် “စေလွှတ်သည်” ဟူသည့်အစား “ပြန်လွှတ်သည်” ဟူသော စကားလုံးကို အသုံးပြုခဲ့သည်။
သူမသည် အဝတ်အထည်ဌာန၏စစ်သည်တော်များသည် ကျိယွမ်၏စစ်သည်တော်များ ဖြစ်သည်ကို အမြဲသတိရသည်။
“မလိုပါဘူး၊ သူတို့က အရမ်းအားနည်းတယ်။”
ကျိယွမ်က ပြတ်သားစွာ ငြင်းဆန်လိုက်သည်။
သူ၏စစ်သည်တော်များတွင် ခေါင်းဆောင်များမှလွဲ၍ အားအကောင်းဆုံးသည်ပင် အထွတ်အထိပ်ဘုရင်အဆင့်သာရှိပြီး ကောင်းကင်ဘုံအဆင့်ကိုပင် မရောက်သေးပေ။
နတ်ဘုရားရောင်ပြန်ဟပ်ခြင်းကို လက်ခံခဲ့ပြီးနောက် ကျိယွမ်သည် ဂိမ်ထဲမှ NPCများ၏ အဆင့်သတ်မှတ်ချက်များကို နားလည်လာခဲ့သည်။
ကျင်းလီသည် ခဏမျှ ငြိမ်သက်သွားပြီးမှ သတိပေးလိုက်၏။
“တျန်းကျွဲ့က အရမ်းအန္တရာယ်များတဲ့ နေရာပဲ၊ အဲဒီမှာ အထက်ဘုံကိုတက်တဲ့ ပလ္လင်တစ်ခုလည်း ရှိတယ်။ တက်လှမ်းခြင်းပလ္လင် ဆိုလား ၊အဲဒီပေါ်ကို မတက်ပါနဲ့။”
“အဲဒီအပေါ်တက်ရင် ဒီကမ္ဘာကနေ ထွက်ခွာပြီး အထက်ဘုံကိုတက်သွားမယ်လို့ ပြောကြတယ်။”
“ဒါပေမဲ့ အဲဒါက တကယ်လားဆိုတာတော့ ဘယ်သူမှမသိကြဘူး။”
ကျိယွမ်က ပြန်ဖြေလိုက်သည်၊
“ငါမှတ်ထားပါ့မယ်၊ စိတ်မပူပါနဲ့၊ နင်နဲ့မတွေ့ရသေးဘဲ ဒီကမ္ဘာကနေ ငါဘယ်တော့မှ ထွက်မသွားပါဘူး"
တစ်ဖက်တွင်ရှိသော ကျင်းလီ၏တည်ငြိမ်နေခဲ့သော နှလုံးသားထဲတွင် လှိုင်းထန်မှုတစ်ခုကို ခံစားလိုက်ရသည်။
သူမသည် ပြတင်းပေါက်မှ အပြင်ဘက်ကို ကြည့်လိုက်ရာ ဝမ်ယုကုန်းမြေတိုက်ကြီးတစ်ခုလုံးကို အုပ်မိုးနေသလိုရှိနေသော ရှေးဟောင်းစီးချောင်သစ်ပင်ကြီးကိုတွေ့လိုက်သည်။ မြင့်မားလှသော သစ်ပင်ကြီး၏ အကိုင်းအခက်များတွင် ကြယ်ပွင့်များက တလက်လက်တောက်ပနေပြီး အလှဆင်ထားသည့်အလား ရှိလေသည်။
“ကောင်းပါပြီ၊ အချိန်တန်တဲ့အခါ ရှေးဟောင်းစီးချောင်သစ်ပင်ကြီးအောက်မှာ တွေ့ကြမယ်လေ”
“အဲဒီနေရာရဲ့ ရှုခင်းကအရမ်းလှတယ်၊ ဒီကမ္ဘာပေါ်မှာ အလှဆုံးနေရာပဲ။”
“တကယ်လား ၊ ငါတကယ်ကို မျှော်လင့်နေပြီ။”
ကျိယွမ်သည်လည်း ရှေးဟောင်းစီးချောင်သစ်ပင်ကြီးအောက်မှရှုခင်းများက မည်မျှလှပမည်ကို သိချင်နေ၏။ထို့အပြင် သူတစ်ခါမှမတွေ့ဖူးသေးသော ကျင်းလီသည် မည်သို့ပုံပန်းသဏ္ဌာန်ရှိမည်ကိုလည်း သိချင်နေခဲ့သည်။
ထိုအခိုက် ကျိယွမ်သည် ယခင်နှင့်မတူတော့သည့် ပတ်ဝန်းကျင်အငွေ့အသက်များကို သတိထားမိသည်။
“ တျန်းကျွဲ့နဲ့နီးလာပြီထင်တယ် ၊ နောက်မှ ပြန်ပြောကြတာပေါ့။”
ကျိယွမ်သည် ကျင်းလီနှင့်စကားပြောခြင်းကို အဆုံးသတ်လိုက်ပြီး သတို့သမီးလေး၏ လက်ကို ကိုင်ထားကာ ပို၍သတိထားလာသည်။
တစ်ခဏကြာလျှင် မြင်ကွင်းသည် ပြောင်းလဲသွားပြီး သူသည် အဆုံးမရှိသော သဲကန္တာရကြီးထဲသို့ ရောက်နေသည်ကို တွေ့လိုက်သည်။
“ဒါက တျန်းကျွဲ့လား။”
အပေါ်သို့ကြည့်လိုက်ရာ ကောင်းကင်ထဲတွင် ပျံဝဲနေသော ကြီးမားသည်ပလ္လင်တစ်ခုရှိနေ၏။
မြို့တစ်ခုကဲ့သို့ကြီးမားသော ပုလ္လင်ကြီး ဖြစ်သည်။
ပလ္လင်ကြီး၏ မူလအရောင်က အနက်ရောင်ဖြစ်လိမ့်မည်။သို့သော် နီရဲသောသွေးများဖြင့် သုတ်လိမ်းထားသလို အနက်ရောင်ပေါ်၌ အနီရောင်က ဖုံးလွှမ်းနေ၏။
ထိုမျှကြီးမားသောပလ္လင်ကို သွေးများဖြင့် လုံးဝနီရဲသွားအောင် ဆေးဆိုးရန် သွေးမည်မျှ လိုအပ်မည်နည်း။
“ဒါက ကျင်းလီပြောတဲ့ တက်လှမ်းခြင်းပလ္လင်ဆိုတာလား။”
ကျိယွမ်သည် ထိုပလ္လင်ကြီးကိုကြည့်ပြီး အတွေးနက်နေသည်။
ထိုအရာပေါ်သို့ တတတ်လိုက်ရုံဖြင့် ကောင်းကင်ဘုံသို့ ရောက်သွားမည်လား။
ကျိယွမ်ခေါင်းခါလိုက်သည်။
ထိုမျှမလွယ်ကူနိူင်ပါ။သေချာပေါက် တစ်ခုခုတော့ ရှိလိမ့်မည်။
ထိုအချိန်မှာပင် သြဇာကြီးမားသော အသံတစ်ခု ကျယ်လောင်စွာ ထွက်ပေါ်လာ၏။
“ရပ်လိုက်၊ လူစိမ်းကောင်”
အသံလာရာဘက်သို့ သူကြည့်လိုက်သောအခါ မလှမ်းမကမ်းတစ်နေရာတွင် ရွှေရောင်ချပ်ဝတ်တန်ဆာဝတ်ထားသော အမျိုးသားတစ်ဦး ပေါ်လာသည်ကို တွေ့လိုက်သည်။
ထိုအမျိုးသားသည် အရပ်ရှည်ပြီး တော်တော်လေး ချောမော၏။ရွှေရောင်ချပ်ဝတ်တန်ဆာကိုပါ ဝင်ဆင်ထားသဖြင့် ပို၍ပင်ခန့်ညားနေတော့သည်။
သို့သော် သူတွင် လက်တစ်ဖက်သာရှိပြီး နောက်တစ်ဖက်ကတော့ တစ်စုံတစ်ယောက်ကခုတ်ဖြတ်ထားသလို တိကျစွာ ပြတ်နေသည်။
“ငါက ကြီးမြတ်တဲ့နေမင်းရဲ့လက်အောက်ခံ အဖြူရောင်နေမင်းတက်လှမ်းခြင်းဂိတ်က နတ်ဘုရားစစ်သူကြီးပဲ”
ရွှေရောင်ချပ်ဝတ်အမျိုးသား၏ အသံပဲ့တင်ထပ်သကဲ့သို့ အချိန်ကြာကြာထိ ရိုက်ခတ်နေ၏။
ကျိယွမ်သည် ရွှေရောင်ချပ်ဝတ်တန်ဆာဝတ်ထားသော အမျိုးသားကို ကြည့်ရင်း သတိအပြည့်ထားလိုက်သည်။
ကြီးမြတ်တဲ့နေမင်းရဲ့ နတ်ဘုရားစစ်သူကြီးတဲ့လား။
သူရရှိခဲ့သော နေ့ခင်းအိမ်မက်နည်းစနစ်သည် ကြီးမြတ်သောနေမင်းထံမှ ရရှိခဲ့ခြင်း ဖြစ်သည်။
သို့သော် လုံပန်၊ ကျန်းဟွာနှင့် အခြားသူများ၏ မှတ်ဉာဏ်များအရ ဤပုဂ္ဂိုလ်သည် နတ်ဘုရားရုံးတော်၏ နတ်ဘုရားစစ်သူကြီးဆယ်ယောက်ထဲတွင် မပါဝင်ပေ။
ထို့အပြင် သူ့၏ရှေ့မှနတ်ဘုရားစစ်သူကြီးဆိုသူမှာ အသက်ရှင်သောပုံစံမျိုးမရှိဘဲ ကျင်းကျူနှင့်ဆင်တူကာ ကြွင်းကျန်ရစ်သော စိတ်ဆန္ဒတစ်ခုသာ ဖြစ်နေခဲ့သည်။
“အဖြူရောင်နေမင်း တက်လှမ်းခြင်းပလ္လင်ပေါ်ကို တက်ဖို့အတွက် စစ်ပွဲပေါင်း ၁၂၉၆၀၀ ကို ဖြတ်သန်းရမယ်၊ စစ်ပွဲတိုင်းကို အနိုင်ရရှိခဲ့ရင် ပလ္လင်ပေါ်ကိုတက်နိုင်လိမ့်မယ်"
" မင်းစိန်ခေါ်ချင်သလား"
"ပလ္လင်ပေါ်ရောက်တာနဲ့ အသက်ရှင်ခြင်းနဲ့ သေဆုံးခြင်းရဲ့တစ်ဖက်ခြမ်းကိုရောက်သွားလိမ့်မယ်"
ကျိယွမ်သည် တက်လှမ်းခြင်းပလ္လင်ပေါ်သို့ တက်ရန် စိတ်မဝင်စားပေ။
ကျင်းလီကလည်း တက်လှမ်းခြင်းပလ္လင်သည် အန္တရာယ်ရှိနိုင်သည်ဟု သူ့ကိုပြောပြခဲ့သည်။
“ငါက တျန်းကျွဲ့ကိုပဲ ထိန်းချုပ်ချင်တာ၊ မင်းတို့ရဲ့ တက်လှမ်းခြင်းပလ္လင်ဆိုတာကို စိတ်မဝင်စားဘူး ။ တျန်းကျွဲ့ကို ဘယ်လို ထိန်းချုပ်ရမလဲ။”
ရွှေရောင်ချပ်ဝတ်တန်ဆာဝတ်ထားသော နတ်ဘုရားစစ်သူကြီးက စက်ရုပ်ဆန်သောအသံဖြင့် အော်လိုက်သည်၊
“အဖြူရောင်နေမင်း တက်လှမ်းခြင်းပလ္လင်ပေါ်ကိုတက်ပါ၊ ငါ့ကို သတ်ပါ၊ မင်း တျန်းကျွဲ့ကို ထိန်းချုပ်နိုင်ပြီး တျန်းကျွဲ့ရဲ့သခင်ဖြစ်လာလိမ့်မယ်”
"ဒီလိုလား”
ကျိယွမ်သည် ရွှေရောင်ချပ်ဝတ်နတ်ဘုရားစစ်သူကြီးကို စိတ်မသက်မသာစွာစိုက်ကြည့်လိုက်သည်။
သူ့အနေနှင့် တက်လှမ်းခြင်းပလ္လင်ပေါ်သို့ တက်ရန်မှအပ ရွေးချယ်စရာမရှိပုံရသည်။
ကျိယွမ်က သဲကန္တာရကြီးအပေါ်၌ ပျံသန်းနေသောပလ္လင်ကြီးကို မော့ကြည့်လိုက်၏။
တိုက်ပွဲပေါင်း ၁သိန်း ၂ သောင်း ၉ ထောင် ၆ ရာ ကိုနိုင်အောင်တိုက်ရမယ်တဲ့လား။
ယင်ယန်တားမြစ်နယ်မြေက အကြွေးကိုတောင်မဆပ်ရသေးဘဲ ဒီကောင်တွေက ဘာတွေမျှော်လင့်နေတာလဲ။
ယခုဂိမ်းကိုထုတ်သော အဖွဲ့အစည်းကိုသာ ကျိယွမ်က အကြိမ်ကြိမ်အထပ်ထပ် ကျိန်ဆဲနေမိတော့သည်။
"ဂိမ်းရုပ်ထွက်က ညံ့၊ဒီဇိုင်းကလည်း ခေတ်နောက်ကျတဲ့အပြင် ၊Bug ကလည်းဖြစ်သေးတယ်၊ဘာသွားသုံးစားရမှာလဲ"
---------------