ငါသည်သာ ကိုယ်ကျင့်တရားအရ အမြင့်ဆုံးနေရာ၌ ရပ်တည်သူဖြစ်သည်
Vol. 5 Ch. 67
ကျိယွမ်သည် သူ့ဘာသာတွေးရင်း နတ်ဘုရားစစ်သည်တော်ကို ကြည့်လိုက်သည်။
【အဖြူရောင်နေမင်းတက်လှမ်းခြင်းဂိတ်မှ နတ်စစ်သည်ကြီး၊ တင်လှမ်းခြင်းပလ္လင်ပေါ်တွင် သူ့ကိုအနိုင်ယူလိုက်ပါ။ ထိုအခါ သင့်အနေဖြင့် တျန်းကျွဲ့ကို အုပ်စိုးနိုင်မည်ဖြစ်သည်】
သူဘာများတတ်နိုင်တော့မည်နည်း ။
ကျိယွမ် မကျေနပ်သော်လည်း ငြင်းပယ်၍မရပါ။တျန်းကျွဲ့ကို ထိန်းချုပ်လိုလျှင် လှမ်းတက်ခြင်းပလ္လင်ကို တိုက်ရုံသာရှိတော့သည်။
"ကောင်းပြီ၊ စိန်ခေါ်မှုကို ငါလက်ခံလိုက်ပြီ"
ကျိယွမ်က ခိုင်မာသောလေသံဖြင့် ပြောကာ ရှောင်းကျား၏လက်ကို တင်းတင်းဆုပ်ကိုင်ထားသည်။
သူသည် သတို့သမီးလေးကို မဖြစ်မနေခေါ်သွားရမည်၊ မဟုတ်ပါက သူမသည်ထပ်မံခြေချော်လဲပြီး ထိခိုက်နာကျင်ဦးမည်ဖြစ်သည် ။
ရွှေရောင်ချပ်ဝတ်နတ်စစ်သည်တော်က ကျိယွမ်ကို ကြည့်ကာ အသံကျယ်လောင်စွာဖြင့် ကြေညာလိုက်သည်။
"တိုက်ပွဲစပြီ"
ထိုကြေညာချက်နှင့်အတူ ကျိယွမ်သည် တက်လှမ်းခြင်းပလ္လင်ပေါ်တွင် လှေကားတစ်စင်း ပေါ်လာသည်ကို တွေ့လိုက်ရသည်။
ဒုန်း
ဒုန်း
ဒုန်း
လှေကားထံမှ မြေပြင်ကိုတုန်ဟည်းစေသော ဧရာမသားရဲကြီးတစ်ကောင်၏ ခြေသံကဲ့သို့သော အသံများထွက်ပေါ်လာကာ ကောင်းကင်မှ မြေပြင်အထိ ဆက်တိုက်ရှည်ထွက်လာ၏။
အချိန်အနည်းငယ်အကြာတွင် လှေကားသည် ကျိယွမ်၏ခြေရင်းအထိရောက်ရှိလာသည်။
မြေပြင်မှနေ၍ ကောင်းကင်သို့တက်နိုင်သော လှေကားကြီးတစ်စင်းပင်။
လှေကားထစ်များကို ရေတွက်ကြည့်လျင် ၁၂၉,၆၀၀ တိတိကျကျ ရှိနေသည်ကိုတွေ့ရမည်ဖြစ်၏။
"လှေကားထစ်တွေကိုတက်၊ တိုက်ပွဲစမယ်။ အနိုင်ရသူက လှေကားတစ်ထစ်ကို တက်ခွင့်ရမယ်"
စစ်သည်တော်က စည်းမျဉ်းများကို ရှင်းပြသည်။
ကျိယွမ်က ချက်ချင်းမတက်သေးပါ။
သူက မိုးကောင်းကင်ထဲသို့ ထိုးဖောက်ဝင်ရောက်မလိုဖြစ်နေသော လှေကားကို မော့ကြည့်ပြီး မေးလိုက်သည်။
"ကြားထဲမှာ နားလို့ရလား"
"အနိုင်ရပြီးတိုင်း လှေကားကနေ ဆင်းနိုင်ပေမယ့် တစ်ရက်ထက်ပိုပြီး အပြင်မှာနေလို့ မရဘူး၊ မဟုတ်ရင် အတင်းအကြပ်ခေါ်ယူခံရလိမ့်မယ်"
စစ်သည်တော်က သတိပေးလိုက်၏။
"မှတ်ထားပါ ၊ လှေကားထစ်တွေပေါ်မှာ တစ်နှစ်နေရတာက အပြင်မှာတစ်ရက်နေရတာနဲ့ ညီမျှတယ်"
"အိုး၊ ဒါဆို အဆင်ပြေတာပေါ့"
ကျိယွမ်က သတို့သမီးလေးကို ကြည့်ကာ ပြုံးပြသည်။
"ဒီတစ်ခါတော့ နင်နဲ့အတူတွဲပြီး တိုက်မယ်"
သူ၏စိတ်ထဲတွင် နောက်ထပ်ဝါကျတစ်ခု ထပ်ထည့်လိုက်သည်။
"မဟုတ်ဘူး ဓာတ်ကြီးငါးပါးတားမြစ်နယ်မြေနဲ့ယင်ယန်တားမြစ်နယ်မြေက လူတိုင်းနဲ့အတူ တိုက်မယ်"
တိုက်ပွဲပေါင်း ၁၂၉၆၀၀ သည် သူ၏ တိုက်ခိုက်ရေးအတွေ့အကြုံကို မြှင့်တင်ရန်အတွက် အကောင်းဆုံးဖြစ်ပြီး ကျင့်ကြံသူ ၈၄ ယောက်၏ အတွေ့အကြုံများနှင့် ကျင့်ကြံမှုများကို သန့်စင်ပေးရန်အတွက်လည်း အကောင်းဆုံးပင် ဖြစ်၏။
ကျိယွမ်သည် ကျန်းဟွာ တစ်ယောက်တည်းနှင့်တိုက်ခိုက်စဥ်ကပင် အတွေ့အကြုံများစွာကို ရရှိခဲ့သည်။
ယခုက ၁၂၉၆၀၀ သောတိုက်ပွဲများဖြစ်သည်။
သူလိုအပ်နေသော တိုက်ခိုက်ရေးအတွေ့အကြုံကိုပြည့်စုံစေရန် ဤနေရာထပ်ကောင်းသောနေရာ ရှိပါဦးမည်လား။
ပြင်ပနတ်ဆိုးများနှင့်တိုက်ရန် အတွေ့အကြုံအချို့ကို ဤနေရာ၌သင်ယူနိုင်လိမ့်မည်ဟု ကျိယွမ်ထင်မိသည်။
အတွေးများနှင့်အတူ ကျီယွမ်သည် ပထမဆုံးလှေကားထစ်ပေါ်သို့ တက်လိုက်သည်။
သူ၏မျက်စိရှေ့မှ မြင်ကွင်းသည် ချက်ချင်းပြောင်းလဲသွားသည်။
ယခုအခါ သူသည် တက်လှမ်းခြင်းပလ္လင်ပေါ်တွင် ရပ်နေရသလို ခံစားရသည်။
သူ၏ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုလိုက်သောအခါ ယခုရောက်ရှိနေသောနေရာသည် အားကစားကွင်းကြီးတစ်ခုနှင့်တူကြောင်း သတိပြုမိ၏။
အားကစားကွင်းပတ်လည်တွင် ထိုင်ခုံပေါင်း သောင်းနှင့်ချီရှိနေသည်။
ထိုင်ခုံများကလည်း အဆင့်အမျိုးမျိုးရှိပြီး အချို့သည် မြင့်မားကာ အချို့မှာ သာမန်ဖြစ်သည်။
အတိတ်တွင်လူများသည် ဤနေရာ၌ တိုက်ခိုက်ပွဲများကို ကြည့်ရှုခဲ့ကြသည်ဟု ထင်ရလေ၏။
သို့သော် ယခုအချိန်မှာတော့ လူတစ်ဦးတစ်ယောက်မှ မရှိဘဲ ပရိသတ်မရှိသော အားကစားကွင်းကြီးတစ်ခုပမာ ခြောက်ကပ်နေသည်။
လူကြောက်တတ်သော ကျိယွမ်အတွက် ထိုအရာက ပို၍ကောင်းသည်ဟု ခံစားရစေသည်။
"ဘယ်သူမှ ကြည့်မနေတော့ တော်သေးတာပေါ့။ မဟုတ်ရင် အုပ်လိုက်ကြီးနဲ့ဆို ရှက်စရာကောင်းလိမ့်မယ်"
ထိုအချိန်တွင် ကျယ်လောင်သော နှလုံးခုန်သံကြီးတစ်သံ ထွက်ပေါ်လာသည်။
ကျိယွမ်သည် ခန္ဓာကိုယ်ထွားကြိုင်းသောလူတစ်ယောက် သူ၏ရှေ့သို့ အပြေးလာနေသည်ကို တွေ့လိုက်ရသည်။
ထိုအရာက သက်ရှိသတ္တဝါမဟုတ်သည်မှာ သေချာ၏။အရိပ်တစ်ခု သို့မဟုတ် မကောင်းဆိုးရွားတစ်ကောင်ဖြစ်နိုင်သည်။
"သတို့သမီးလေး"
ကျိယွမ်သည် သတို့သမီးလေးနှင့် လျှင်မြန်စွာ ပေါင်းစည်းလိုက်သည်။
ထိုနောကိ သူ၏ မျက်လုံးများကို မှိတ်လိုက်သည်။
ယခုအချိန်တွင် သူသည်သူမဟုတ်တော့ပါ။
သူက မည်သူနည်း။
သူသည် လုံပန်ဖြစ်သည်။
လုံပန်၏ မှတ်ဉာဏ်များနှင့် တိုက်ခိုက်ရေးအတွေ့အကြုံများသည် စမ်းရေကဲ့သို့ ကျိယွမ်၏ စိတ်ထဲသို့ စီးဆင်းဝင်ရောက်လာသည်။
ထိုအချိန်တွင် သူသည် သူ့ကိုယ်ပိုင် လှုပ်ရှားမှုများကို မေ့လျော့သွားခဲ့သည်။
သူသည် သူ့ကိုယ်သူ လုံပန်အဖြစ် မှတ်ယူလိုက်သည်။
အကယ်၍ ယခုနေရာ၌ လုံပန်ဆိုလျှင် သူ၏ရန်သူကို မည်သို့ရင်ဆိုင်မည်နည်း။
ထိုအချိန်မှာပင် ရန်သူကသူ့အနီးသို့လျှင်မြန်စွာရောက်ရှိလာလေပြီ။
ကျိယွမ် ရုတ်တရက် လှုပ်ရှားလိုက်သည်။
သူ၏ခန္ဓာကိုယ်အား တစ်ချက်ရွှေ့ကာ ရန်သူကိုကျောပေးလိုက်၏။
အရှိန်ဖြင့်ပြေးဝင်လာသောရန်သူဆီသို့ လက်တစ်ဖက်ဆန့်ထုတ်လိုက်သည်။
သူ၏လက်က ထိုသူ၏လည်မျိုပေါ်သို့ ရောက်သည်နှင့် တိုက်ခိုက်မှုက ပြီးဆုံးသွားလေပြီ။
ဂျွပ်...
ဒုန်း.....
ကြီးမားသောခန္ဓာကိုယ်ကြီး လဲကျသွားသောကြောင့် ကျယ်လောင်သောအသံထွက်ပေါ်လာသည်။
ရန်သူ၏လည်တိုင်မှ သွေးများဒလဟောစီးကျကာ အားကစားကွင်းကို အနီရောင်ဖြင့် စွန်းထင်းသွားစေသည်။
ကျိယွမ်သည် ပထမဆုံးတိုက်ပွဲကို တစ်ကွက်တည်းနှင့် အနိုင်ရရှိခဲ့သည်။
သူ၏မျက်လုံးများကို ဖွင့်လိုက်ပြီး တိုက်ပွဲကို ပြန်လည်ဆင်ခြင်သုံးသပ်သည်။
"လုံပန်က ဘာလို့ကျောပေးပြီးတိုက်ခိုက်တာလဲ"
"ရန်သူတွေကို ကျောပေးပြီး မထီမဲ့မြင်ရင်ဆိုင်တာက"
"တကယ်ကို စတိုင်ကျတာပဲ"
"မဟုတ်ဘူး၊ သူက ရှက်နေတာပဲ"
ကျိယွမ်သည် အဓိကအချက်ကို ရုတ်တရက် သဘောပေါက်သွားသည်။လုံပန်သည် အလွန်ရှက်တတ်သော လူငယ်လေးတစ်ယောက်မဟုတ်ပါလား။
သူ၏အကြည့်က ဒုတိယလှေကားပေါ်သို့ရောက်သွားသည်။
ကျိယွမ် တည်ငြိမ်စွာဖြင့် ဒုတိယလှေကားထစ်ပေါ်သို့ တက်လိုက်သည်နှင့်
နောက်ထပ်ရန်သူတစ်ကောင် ပေါ်လာသည်။
မိကျောင်းနှင့်တူသည့် ရက်စက်ကြမ်းကြုတ်ပုံရသည့် သားရဲတစ်ကောင်ဖြစ်သည်။
ကျိယွမ်က မိချောင်းသားရဲကိုကြည့်ကာ သူ၏ မျက်လုံးများကို ထပ်မံမှိတ်လိုက်သည်။
"ဒီတစ်ခါ ဘယ်သူလဲ"
....................
ခုနစ်ရက်ကြာသောအခါ....
ကျိယွမ် ဂိမ်းထဲမှထွက်လိုက်သည်။
သူက အပြင်လေးဘာလေးထွက်ကာ လမ်းလျှောက်ရန် ရည်ရွယ်လိုက်၏။
အိပ်ချိန်မှလွဲ၍ ဂိမ်းချည်းဆော့နေရသဖြင့် သူငြီးငွေ့နေလေပြီ။
သူ၏ကောက်ရိုးအိမ်လေး၏ တံခါးကိုဖွင့်ကာ ထွက်မည်ပြင်စဥ် မိန်းကလေးနှစ်ဦး၏ အသံကိုသူကြားလိုက်ရ၏။
"ရှောင်ယင် ၊နင်လည်း အတူတူပဲလား"
"ဟုတ်တယ် ၊ ငါတင်မဟုတ်ဘူး တောင်ထိပ်တစ်ခုလုံးက ကျင့်ကြံသူတွေအကုန်ဒီလိုဖြစ်နေတာ။ "
"ရှက်ဖို့အရမ်းကောင်းတာပဲ အပြင်တောင်မထွက်ရဲတော့ဘူး"
ကျိယွမ်မျက်မှောင်ကျုံ့သွားသည် ။
ဘာတွေများဖြစ်ကုန်လို့ ညီမလေးကျန်းလင်းစုက အပြင်မထွက်ရဲတာပါလိမ့်။
ဘယ်ကောင်က ငါ့ရဲ့ဆရာတူညီမလေးကို အနိုင့်ကျင့်တာလဲ။
ကျိယွမ်၏ မျက်နှာကချက်ချင်းတင်းသွားသည်။
သူကတံခါးကိုဖွင့်ကာ အော်မေးလိုက်သည်။
"ပြောစမ်း ၊ ငါ့ရဲ့သဘောကောင်းတဲ့ ညီမလေးကို ဘယ်ကောင်......"
"အမ်....."
ကျိယွမ်၏ အသံကခြေလှမ်းတစ်ဝက်နှင့် ရပ်သွား၏။
သူက ကျန်းလင်းစုနှင့်ရှောင်ယင်ကို မမြင်ဖူးသလို ငေးကြည့်နေမိသည်။
ဒါကဘာတွေလဲ။
ရိုးရှင်းသောအစိမ်းရောင်ဝတ်စုံနှင့် ကျန်းလင်းစုသည် ယခင်အတိုင်းအလွန်အေးချမ်းသန့်ရှင်းနေ၏။
သို့သော်သူမ၏ခေါင်းပေါ်တွင် အစိမ်းရောင်ခေါက်ဆွဲမျှင်များက တစ်ခေါင်းလုံးဖုံးလွှမ်းနေသည်။သေချာကြည့်သောအခါ ခေါက်ဆွဲစိမ်းများက အရွက်များပင်ထွက်နေ၏။
သစ်ပင်တွေလား ၊ဆံပင်တွေအစား နွယ်ပင်တွေပေါက်နေတာပေါ့။
သူမ၏ဆံပင်သည် ခေါက်ဆွဲကဲ့သို့ ဖြစ်လာသော်လည်း အစိမ်းရောင်အရွက်များဖြင့် ဝေဆာနေသည်။
စိမ်းလန်းစိုပြေ၍ အားအင်ပြည့်ဝနေသည်။
ကျိယွမ်သည် ထိုစိမ်းလန်းသောအရွက်များကြားတွင် အဖူးအပွင့်လေးများကိုပါ တွေ့ရသည်။
"ဂိုဏ်းတူအစ်ကိုကြီးကျိယွမ်ကို ရှောင်ယင်ကနှုတ်ဆက်ပါတယ်"
ရှောင်ယင်ကျိယွမ်ကို မကြည့်ရဲပါ ။သူမကအလွန်ရှက်နေပြီး လက်ချောင်းများကိုလိမ်ချိုးနေရင်းမှ ခေါင်းငုံ့ထားလေသည်။
သူမ၏ခေါင်းပေါ်တွင်လည်း အစိမ်းရောင်နွယ်ပင်များစွာပေါက်နေ၏။ပို၍ဆိုးသည်မှာ သူမ၏နွယ်ပင်များက ကျန်းလင်းစုထက်ပင် ပိုမိုထူထပ်နေပြီး ခေါင်းပေါ်တွင် ချုံပုတ်စိမ်းကြီး တင်ထားသည့်အလားပင်။
ကျိယွမ်က ထိုခြုံထဲတွင် ငှက်ကလေးတစ်ကောင် အသိုက်လုပ်နေသည်ကိုပင် မြင်လိုက်ရသည်။
ဘာရောဂါတွေဖြစ်နေတာလဲ။
ရှန်ကွမ်းဂိုဏ်းတွင် ဆိုးရွားသောရောဂါကပ်ဘေးတစ်ခုကျရောက်နေတာလား။
ကျိယွမ်က စကားပြောရန်ပြင်လိုက်စဥ်မှာပင် ကျန်းလင်းစု၏ ကတိုက်ကရိုက်နိုင်သော အသံကထွက်လာ၏။
"ညီမတို့လုပ်စရာလေးတွေရှိလို့ သွားလိုက်ပါဦးမယ်"
သူမက ရှောင်ယင်၏လက်ကိုဆွဲကာ ကောက်ရိုးအိမ်ထဲသို့ ပြေးဝင်သွားတော့သည်။
ကျိယွမ်က မတားခဲ့ပါ။သူမတို့ရှက်နေကြခြင်းပင်။
သူကထိုနေရာရပ်နေခဲ့ကာ အချိန်အတန်ကြာအထိ စဥ်းစားနေခဲ့သည်။
တစ်စုံတစ်ခုကိုတွေးမိသောအခါ ကျိယွမ်မျက်လုံးပြူးသွားပြီး သူ၏ကောက်ရိုးအိမ်ထဲသိူ့ပြန်ပြေး၏။
ထိုပြဿနာက ဘယ်ကစသည်ကို သူသဘောပေါက်သွားလေပြီ။
.................
ရှန်ကွမ်းဂိုဏ်းတွင် အားလုံးသည် မိမိကိုယ်ကိုယ် မိမိပြန်ကြည့်ကာ ထိတ်လန့်နေခဲ့ကြသည်။
အဘယ်ကြောင့်ဆိုသော် ဂိုဏ်းသားများစွာ၏ ခေါင်းများနှင့်ခန္ဓာကိုယ်အစိတ်အပိုင်းများတွင် အညွန့်များနှင့်အရွက်များပေါက်နေသောကြောင့်ဖြစ်သည်။
အစတွင် အားလုံးထိတ်လန့်တုန်လှုပ်ကုန်ပြီး တစ်စုံတစ်ဦးက သူတို့ကိုအန္တရာယ်ပြုရန် မကောင်းသောအစွမ်းသုံးထားသည်ဟု ထင်နေကြသည်။
သို့သော် ဂိုဏ်းချုပ်ကြီးကိုယ်တိုင် စစ်ဆေးပြီးနောက် သစ်သားရတနာတစ်ခု ပေါ်လာခြင်း၏လက္ခဏာဖြစ်နိုင်သည်ဟု ရှင်းပြသောအခါမှလူတိုင်း ငြိမ်သက်သွားခဲ့ကြသည်။
များစွာသောသူတို့သည် သစ်သားရတနာကို ရှာဖွေခဲ့ကြသည်။ အချို့မှာသူတို့ကိုယ်ပေါ်တွင် ပေါက်နေသော အရွက်စိမ်းများနှင့် အညွန့်များသည် သစ်သားဓာတ်အနှစ်သာရဖြစ်နေပြီး ကျင့်ကြံမှုအဆင့် မြှင့်တင်ရန်အတွက် အကျိုးရှိသည်ကို တွေ့ရှိခဲ့ကြသည်။
ထို့ကြောင့် များစွာသောဂိုဏ်းသားများသည် သစ်သားအနှစ်သာရများကို စတင်ရောင်းချခဲ့ကြပြီး အချို့ကမူ ကိုယ်တိုင်စုပ်ယူကြသည်။
ထိုအထဲတွင် လှပသော အမျိုးသမီးကျင့်ကြံသူများ၏ခန္ဓာကိုယ်ပေါ်တွင် ပေါက်နေသော သစ်သားအနှစ်များသည် အလွန်တန်ဖိုးရှိပြီး အထူးရေပန်းစားခဲ့သည်။
ထိုသတင်းကို ကြားသောအခါ ကျိယွမ်က မနာလိုစွာဖြင့် အံကြိတ်နေမိ၏။
သူ ဖန်တီးခဲ့သော သစ်သားအနှစ်သာရများသည် အခြားသူများပေါ်တွင်ပေါက်နေပြီး သူတို့ကို ချမ်းသာစေခဲ့သည်။သူကတော့ မွဲနေ၏။
သူသည် ထိုလူများကို ထိုးကြိတ်ပြီး သစ်သားအနှစ်အားလုံးကို ခြစ်ထုတ်ယူရန်ပင် စဉ်းစားခဲ့သည်။
သို့သော် သေချာပြန်စဥ်းစားမိသောအခါ ထိုအကြံကိုစွန့်လွှတ်လိုက်၏။ဂိုဏ်းကသိသွားလျှင် ဂိုဏ်းကနှင်ထုတ်ခြင်းကိုပင် ခံရနိုင်သည်။
ကျိယွမ်က ကျန်းလင်းစုနှင့်ဆုံသောအခါ သွေးတိုးစမ်းလိုက်၏။
"ညီမလေး၊ နင့်ရဲ့ သစ်သားအနှစ်သာရနည်းနည်းပါးပါးလောက် ငါ့ကိုပေးလို့ရမလား"
ကျန်းလင်းစုမှာ ချက်ချင်းမျက်နှာနီရဲသွားကာ "မပေးနိုင်ဘူး" ဟုချက်ချင်းငြင်းလေသည်။
"ညီမလေးကလည်း အပြင်မှာ သူများတွေအများကြီး ရောင်းနေကြတာကို ငါတွေ့တယ်. နင်ရိတ်လိုက်လည်း ပြန်ထွက်.."
ကျိယွမ်၏ စကားမဆုံးမီမှာပင် ကျန်းလင်းစုက ရှက်ရှက်နှင့် ထအော်သည်။
"မရဘူးဆို မရဘူး"
သစ်သားအနှစ်သာရများသည် သူမ၏ ခန္ဓာကိုယ်နှင့် ချိတ်ဆက်နေပြီး သူမ၏အစိတ်အပိုင်းတစ်ခု ဖြစ်သည်။
အခြားယောက်ျားတစ်ယောက်ကို မည်သို့ပေးနိုင်မည်လဲ။
ဆရာတူအစ်ကိုကြီး ဖြစ်နေသော်လည်း မရပါ။သူမ၏စိတ်ထဲတွင် ရှက်နေ၏။
ကျိယွမ်က စိတ်မကောင်းသလို သက်ပြင်းချလိုက်သည်။
ထို့နောက် သူ၏တဲအိမ်သို့ပြန်ရန်ပြင်လိုက်သည်။
ထိုအချိန်မှာပင် ကျန်းလင်းစုက သူ့ကိုထူးဆန်းသောအကြည့်ဖြင့်ကြည့်ကာ စကားဆို၏။
"ဆရာတူအစ်ကိုကြီး၊ အခုတလော ရှင့်ဆီက သွေးနံ့တွေ ရနေတယ်"
"ဟင်"
"သွေးနံ့လား"
ကျိယွမ်သည် ချက်ချင်းပင် ဂိမ်းထဲမှတိုက်ပွဲများကို သတိရလိုက်သည်။
သူသည် တက်လှမ်းခြင်းပလ္လင်ပေါ်၌ တိုက်ပွဲများစွာဆင်နွှဲခဲ့ပြီး သတ္တဝါအများအပြားကို သတ်ဖြတ်ခဲ့ရသည်။
လှေကားထစ်များတွင် ရန်သူတစ်ဦးတည်းရှိနေသာ်မဟုတ်ဘဲ တစ်ခါတစ်ရံ အဖွဲ့လိုက်လည်း ရှိလေသည်။
ဂိမ်းထဲက သတ်ဖြတ်လိုစိတ်နဲ့သွေးနံ့တွေက လက်တွေ့ဘဝထိ ပါလာတာလား။
ကျိယွမ် မျက်မှောင်ကျုံ့သွား၏။
"တော်တော်လေး နံနေတာလား"
သူက စိုးရိမ်တကြီး မေးလိုက်သည်။
ကျန်းလင်းစုက မဆိုင်းမတွခေါင်းညိတ်ပြသည်။
"အကယ်၍ အစ်ကိုကြီးသာ ကျိစယ်တောင်ထိပ်မှာ အမြဲပုန်းနေတာမဟုတ်ရင်၊ ရှင်က ဂိုဏ်းတစ်ခုကို တိတ်တိတ်လေးသွားပြီး အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တယ်လို့တောင် ကျွန်မသံသယဝင်မိမှာ"
"ဘာ"
ကျိယွမ်၏ မျက်လုံးများသည် ချက်ချင်းနီရဲလာပြီး အနည်းငယ်သွေးဆူလာသည်။
"နင် ဘယ်လိုများစွပ်စွဲရက်တာလဲ ၊ငါ မဟူရာတောင်တန်းဂိုဏ်းကို အစုလိုက်အပြုံလိုက် မသတ်ခဲ့ဘူး"
ကျန်းလင်းစုက ကျိယွမ်၏တုန့်ပြန်ပုံကိုမြင်လျှင် ကျေနပ်သွားသည်။
"ဘယ်သူသိမှာလဲရေ တစ်ညနေခင်းမှာ အစ်ကိုကြီးက ဂိုဏ်းကခိုးထွက်ပြီး မီးဖိုချောင်သုံးဓားနဲ့ မဟူရာတောင်တန်းဂိုဏ်းထဲက လူတိုင်းကို သတ်ခဲ့တယ်လို့လည်း ဖြစ်နိုင်တာပဲ"
ကျိယွမ်၏ အကြည့်သည် ချက်ချင်းအေးစက်သွား၏။သူ၏အသံကလည်း ကျောချမ်းစရာဖြစ်လာသည်။
"ညီမလေး၊ နင် သိတာတွေအရမ်းများနေပြီပဲ"
ကျိယွမ်၏ အမူအယာနှင့်စကားသံကြောင့် ကျန်းလင်းစုမှာ ကျောချမ်းသလို ခံစားလိုက်ရသည်။
သူမက ကျိယွမ်ကို အနည်းငယ်ကြောက်ရွံ့သလို ကြည့်ကာ သတိပေးလိုက်သည်။
"အစ်ကိုကြီး၊ ရှင် ဘာလို့ အဲဒီလောက်သွေးနံ့ပြင်းနေတာလဲဆိုတာ ကျွန်မမသိဘူး။
ဒါပေမယ့် အဲဒါကိုဖယ်ရှားပစ်တာ ဒါမှမဟုတ် ဖုံးကွယ်ထားတာ ပိုကောင်းမယ်။
မဟုတ်ရင် ရှင်ရဲ့ ကျင့်ကြံခြင်းအတွက် အန္တရာယ်ရှိနိုင်ပြီး အတွင်းနတ်ဆိုး ပေါ်လာနိုင်တယ်"
"ပိုအရေးကြီးတာက တကယ်လို့ ထူးဆန်းတဲ့ အဆင့်မြင့်ကျင့်ကြံသူတွေနဲ့ တွေ့ရင် သူတို့က တရားမျှတမှုအတွက်ဆိုပြီး ရှင့်ကိုသတ်ပစ်နိုင်တယ်"
ကျန်းလင်းစုသည် ထိုသို့သော ကျင့်ကြံသူများကို ကောင်းစွာသိသည်။
ထိုသိုသော ထူးဆန်းသည့်သူများဖြင့် ဖွဲ့စည်းထားသော အဖွဲ့အစည်းတစ်ခုလည်း ရှိ၏။
အဖွဲ့အစည်းရှိလူများသည် မကောင်းမှုကို မုန်းတီးသော်လည်း အများစုကနာမည်ဆိုးဖြင့် ကျော်ကြားကြသည်။
သူတို့ကိုယ်သူတို့ ဖြောင့်မတ်သောတမန်တော်များဟု ခေါ်ကြသော်လည်း အလွန်မောက်မာပြီး အကျိုးအကြောင်းမဲ့စွာ ပြုမူကြသည်။
ကျင့်ကြံသူတစ်ယောက်သည် ဓားပြစခန်းတစ်ခုကို ရှင်းလင်းခဲ့သော်လည်း သူ့ထံမှပြင်းထန်သောသွေးနံ့ရနေသောကြောင့် အနာဂတ်တွင် သတ်ဖြတ်မှုများကို ကျူးလွန်လိမ့်မည်ဟုဆိုကာ တမန်တော်အဖွဲ့အစည်းမှ သတ်ပစ်ခဲ့သည်။
သူတို့အဖွဲ့က အလွန်အကျွံသတ်ဖြတ်ခြင်းကို တားမြစ်သည်။ တစ်စုံတစ်ဦးသည် အလွန်အကျွံ သတ်ဖြတ်သည်ဟုတွေ့ရှိပါကအဘယ်ကြောင့်ဟုမမေးဘဲ ထိုသူသည် သေဒဏ်ထိုက်သည်ဟု ဆုံးဖြတ်သည်။
အလွန်အကျွံသတ်ဖြတ်ခြင်းများသည် နတ်ဆိုးများပူးကပ်ခြင်းနှင့်သက်ဆိုင်သည်ဟု အဖွဲ့သားများက ယုံကြည်ကြ၏။
"ဘာ "
ငါ့ကို ရှင်းပစ်ချင်နေတဲ့ သူတွေရှိတယ် ၊ ဟုတ်လား"
ကျိယွမ်က အနည်းငယ်ထိတ်လန့်သွားသည်။
ကျန်းလင်းစုကတော့
သူမ၏ထူးဆန်းသော အစ်ကိုကြီးသည် အဘယ့်ကြောင့် ယခုလောက်အထိ သွေးနံ့ပြင်းနေသည်ကို နားမလည်နိုင်ပေ။
သို့သော် ကျိယွမ်အနည်းငယ် လန့်သွားသည်ကိုမြင်သောအခါ သူမကျေနပ်သွား၏။
ယခုမှ တစ်ခုခုဆိုလျှင် တရားလွန်တွေးပူတတ်သော ဥပါဒါန်သွေးမျိုးဆက်နှင့် တူတော့သည်။
"ဟုတ်တယ်၊ အဲဒီလိုလူတွေ ရှိတယ်။ တစ်ယောက်တည်းတောင်မဟုတ်ဘူး၊ အဖွဲ့အစည်းတစ်ခုလုံး ရှိနေတာ"
"ဘာလဲ၊ အစ်ကိုကြီးက သူတို့ကို သွားပြီး ရှင်းပစ်ဖို့ စီစဉ်နေတာလား၊
သူတို့က မဟူရာတောင်တန်းဂိုဏ်းလို အားမနည်းဘူး၊ စိတ်ဝိညာဥ်အဆင့်ကျင့်ကြံသူအယောက် ၂၀ လောက်ရှိတယ်"
ကျန်းလင်းစုက ကျိယွမ်အားပို၍ထိတ်လန့်စေရန် ခြောက်လိုက်သည်။
သူမ၏စကားကို ကြားသောအခါ ကျိယွမ်သည် မြေကြီးပေါ်တွင် ပစ်ထိုင်ချလိုက်ပြီး စိတ်ဓာတ်ကျကာ ညည်းလေ၏။
"ငါက လုံးဝအသုံးမကျဘူး၊ အားနည်းပြီး အကူအညီမဲ့နေတယ်။ တစ်ညတည်းနဲ့ သူတို့အားလုံးကို မသတ်နိုင်သလို သူတို့အဖွဲ့အစည်းတစ်ခုလုံးကိုလည်း မရှင်းပစ်နိုင်ဘူး"
ကျိယွမ်က ခေါင်းကငိုက်စိုက်ကျပြီး ညည်းညူနေရာမှ တစ်ခုခုကို တွေးလိုက်မိသွားသည်။
"ဒီလို မုန်းစရာကောင်းတဲ့ လူတွေကိုရှင်းပစ်ဖို့ ဖြောင့်မတ်တဲ့လူတွေနဲ့ ငါပေါင်းရမယ်"
ကျိယွမ်၏ထူးဆန်းသော အတွေးအခေါ်များနှင့် ဦးတည်ချက်မရှိလျှောက်ပြောတတ်သော အကျင့်ကိုရင်းနှီးနေသဖြင့် ထိုစကားများကို ကျန်းလင်းစု မအံ့သြတော့ပါ။
ကျိယွမ်ကို စနောက်ရသည်မှာပျော်သလိုရှိလာသဖြင့် သူမကထပ်ပြောလိုက်သည်။
"ဖြောင့်မတ်တဲ့လူတွေက သူတို့ကိုတိုက်ခိုက်ရဲမှာ မဟုတ်ဘူး။ သူတို့အဖွဲ့အစည်းက တရားမျှတမှုကို ထိပ်ဆုံးမှာထားတယ်လို့ နာမည်ကြီးတယ်၊အများအားဖြင့်တော့ တရားမျှတယောင်ဆောင်ပြီး မကောင်းမှုတွေကို လုပ်နေကြတာပဲ"
ထိုစကားကို ကြားသောအခါ ကျိယွမ်က ဆက်ခနဲခေါင်းမော့လာ၏ ။
"သူတို့အဖွဲ့က ကိုယ်ကျင့်တရားအရ အမြင့်ဆုံးနေရာမှာ ရပ်တည်နေတာလား"
ကျန်းလင်းစုသည် ကျိယွမ်၏ထူးဆန်းသောမေးခွန်းကို သေချာနားမလည်ပါ။
သို့သော် အဖွဲ့အစည်း၏နာမည်ဂုဏ်သတင်းကိုမေးခြင်းဟု ထင်လိုက်သဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။
"ဟုတ်တယ်"
"သူတို့က ငါ့ကိုအတုခိုးနေတာပဲ၊ ငါမှသာ ကိုယ်ကျင့်တရားအရ အမြင့်ဆုံးနေရာကို ပိုင်ဆိုင်ရမှာကို "
" ငါ့ဆီကနေ သင်ယူသူတွေက အသက်ရှင်မယ်၊ ငါ့ကိုတုပသူတွေက သေရမယ်။ ဒီအဖွဲ့အစည်းကတော့ ငါ့ကိုအကြီးအကဲအဖြစ် မသတ်မှတ်ရင်တော့ သူတို့ ပြီးပြီပဲ"
"မဟုတ်သေးဘူး ၊ ငါအကြီးအကဲဖြစ်သွားရင်တောင် အဲဒီမကောင်းတဲ့လူတွေနဲ့ ပုန်ကန်သူတွေကို လူ့အဆင့်အတန်းကနေ ဖယ်ရှားပစ်မယ်"
"လူ့အဆင့်အတန်းကနေ ဖယ်ရှားပစ်မယ်၊ဟုတ်လား"
ကျန်းလင်းစု တုန်လှုပ်သွားသလို ပြောလိုက်၏။
"ဆရာတူအစ်ကိုကြီး၊ ရှင် တကယ်ကို ရက်စက်တာပဲ"
ကျိယွမ်က သူ့အရှိန်နှင့်သူဆက်လိမ့်နေ၏။
"ဒါနဲ့၊ ဒီအဖွဲ့အစည်းရဲ့ နာမည်က ဘာလဲ"
ကျန်းလင်းစုက တမင်တကာ တိုးတိုးလေးဖြေလိုက်သည်။
"အလင်းနန်းတော်"
"အလင်းနန်းတော် တဲ့လား ၊ ဘာလို့ သူတို့ကိုယ်သူတို့ ဉာဏ်အလင်းပွင့်သူတွေလို့ မခေါ်တာလဲ"
ကျီယွမ်က ဘဝမကျသလို ရေရွတ်လိုက်ပြီးမှ အရေးမကြီသလို ပြောလိုက်သည်။
"ထားတော့ ၊ ငါ သူတို့ကိုမှတ်ထားလိုက်ပြီ။ သူတို့အနေနဲ့ ငါနဲ့ မတွေ့အောင် ဂရုစိုက်သင့်တယ်။ မဟုတ်ရင် သူတို့ရဲ့ လုပ်ရပ်အတိုင်း သူတို့ခံစားရလိမ့်မယ်"
ကျီယွမ်က အထက်စီးလေသံနှင့်ပြောပြီးမှ တစ်ခုခုကို တွေးလိုက်မိပြီး စိုးရိမ်သွားပြန်သည်။
သူကအသံကို လျှော့ချကာ ကျန်းလင်းစု၏ နားရွက်နားသို့ ကပ်ပြီးတိုးတိုးလေးမေးလေ၏။
"ညီမလေး၊ သူတို့ရဲ့ဂိုဏ်းမှာ ငါခုနကသူတို့အကြောင်းပြောလိုက်တာကို သိနိုင်တဲ့ ပါရမီရှင်တွေ ဘာတွေတော့မရှိဘူးမှတ်လား"
"မရှိပါဘူး"
ကျန်းလင်းစု၏ အဖြေကြောင့် ကျိယွမ်သက်ပြင်းချလိုက်သည်။
"တော်သေးတာပေါ့ မရှိလို့"
သို့သော် သူသည် စိတ်မအေးသလို ထပ်မေးပြန်သည်။
"သူတို့ ရုတ်တရက် ကျိစယ်တောင်ထိပ်ကို ရောက်လာမှာတော့ မဟုတ်ဘူးမှတ်လား"
"အာ...မရောက်ပါဘူး"
ကျန်းလင်းစုသည် သူမ၏အစ်ကိုကြီးက ဤမျှအထိ ကြောက်ရွံ့တတ်လိမ့်မည်ဟု မထင်ခဲ့ပေ။
ဥပါဒါန်သွေးမျိုးဆက်များက တစ်ခုခုဆိုလျှင် အစွန်းရောက်သည်အထိတွေးကာ ကြံကြံဖန်ဖန် ကြောက်ရွံ့တတ်ကြလေသည်။
ကျန်းလင်းစု၏ စကားကို ကြားသောအခါ ကျိယွမ်သည် စိတ်သက်သာရာရသွားသည်။
" နင်ပြောတာ မှန်တယ်၊ ဘာပဲဖြစ်ဖြစ် ငါ့ဆီက သွေးနံ့ကို ဖယ်ရှားဖို့ လိုပြီ"
သို့သော် ကျန်းလင်းစုက တစ်ခုခုကို သတိရလိုက်သဖြင့် ထပ်ပြောလိုက်သည်။
"ဒါပေမယ့် အလင်းနန်းတော်က လူတစ်ယောက် သာ့ရှန်းကို ရောက်လာတယ်လို့ ကျွန်မကြားတယ်။ သူက သာ့ရှန်းရဲ့ နဂါးလုပွဲမှာ ပါဝင်ဖို့ စိတ်ဝင်စားနေပုံရတယ်"
"ဘာ"
စိတ်အေးလက်အေးဖြစ်သွားသော ကျိယွမ်ပြန်လည် တုန်လှုပ်သွားသည်။
"စိတ်မပူပါနဲ့ သူကအားမကောင်းပါဘူး၊ အခြေတည်အဆင့်မှာပဲ ရှိပါသေးတယ်"
ကျန်းလင်းစုက ကျိယွမ်ကို ဖြေသိမ့်ပေးလိုက်သည်။
ကျိယွမ်က စိတ်မချစွာ ထပ်မေး၏။
"တခြားလူ ဘယ်သူတွေ လာသေးလဲ"
"မလာပါဘူး"
"အင်း..တော်ပါသေးရဲ့ "
အနည်းငယ်စကားပြောပြီးနောက် ကျိယွမ်က ကျန်းလင်းစုနှင့် လမ်းခွဲလိုက်သည်။
ဤသို့ဖြင့် ညဘက်ရောက်သောအခါ သူ၏ကောက်ရိုးတဲအိမ်လေးထဲတွင် ကျိယွမ်သည် တစ်ညလုံး ကောင်းစွာမအိပ်စက်နိုင်ခဲ့ပေ။
သို့သော် သူကဂိမ်းတစ်ခန်းမပြီးသေးသည်ကို သတိရသောအခါ ဤကိစ္စကို ခဏမေ့ထားလိုက်ရန် ဆုံးဖြတ်လိုက်သည်။
သူသည် နေ့တိုင်းကျိစယ်တောင်ထိပ်တွင်သာနေသည်၊ ထိုသို့သော ပြဿနာရှာတတ်သူများနှင့်တွေ့ရလောက်အောင်တော့ သူကကံဆိုးနိုင်မည်မဟုတ်ဟု တွေးမိ၏။ ထို့အပြင် သူသည်အလင်းနန်းတော်နှင့် ရန်ငြိုးမရှိ၊ တစ်ခါမှပင် မတွေ့ဖူးပေ။
ကျိယမ် သက်ပြင်းချကာ ညည်းညူလိုက်မိသည်။
"ဟူး......ကိုယ်ကျင့်တရားအရ အမြင့်ဆုံးနေရာမှာ ရပ်တည်သူဖြစ်ရတာလည်း မလွယ်ပါလား"
--------