ဖိတ်စာ
Vol. 5 Ch. 69
ကျိယွမ် လုံးဝအပြင်မထွက်ပါ ။
ဓာတ်ကြီးငါးပါးမှ ရေဓာတ်စွမ်းအင်များပြည့်စုံစွာအစားထိုးသည်နေ့က ရှန်ကွမ်းဂိုဏ်း၌ မိုးသည်းထန်စွာရွာခဲ့သည်။
သို့သော်ကျိယွမ်၏ ကြီးမားသောသတ်ဖြတ်ခြင်းလိုစိတ်သက်ရောက်မှုကြောင့် မိုးရေများက သွေးများအလားအနီရောင်ဖြစ်နေ၏။
ပို၍ဆိုးသည်မှာ မိုးရေထိသူအားလုံးက သူ၏သတ်ဖြတ်ခြင်းပုံရိပ်ကို အိမ်မက်အဖြစ်မြင်မက်ကာ အိပ်ပင်မအိပ်ရဲအောင် ဖြစ်ကုန်သည်။
ကံကောင်းသည်မှာ ထိုအရာများက ၇ ရက်ခန့်သာဖြစ်ပျက်ခဲ့ခြင်းပင်။
ကျိယွမ်သည် ထိုရက်များအတွင်း အခန်းထဲ၌သာငြိမ်ကုတ်နေ၏။သူက လုံးဝအပြင်မထွက်ရဲပါ။
ဂိမ်းထဲသို့ရောက်သောအခါ သူကပျင်းပျင်းရှိသည်နှင့် ကျင်းလီနှင့်စကားပြောနေသည်။
"ငါ့စိတ်ထင် နောက်တစ်လခွဲလောက်တို တျန်းကျဲ့ကို ရှင်းလင်းလို့ပြီးမယ် ထင်တယ်၊နင်ရော အဆင်ပြေရဲ့လား"
ကျိယွမ်၏ စာရောက်ပြီးမကြာမီမှာပင် ကျင်းလီထံမှ စာပြန်လာသည်။
"ရှင့်ရဲ့ လက်ရွေးစင်စစ်သည်တော်တွေအကူအညီနဲ့ တိန့်ယန့်ဂိုဏ်းကို သင်ခန်းစာပေးလိုက်ပြီ၊နတ်ဆိုးမျိုးနွယ်ထဲက အစွမ်းထက်ဆုံး ဧကရာဇ်သုံးပါးကိုလည်း သတ်နိုင်ခဲ့တယ်၊နောက်တစ်ပတ်ခွဲလောက်ကြာရင် ကျွန်မရဲ့မစ်ရှင်ပြီးမြောက်တော့မယ်"
ကျင်းလီက ကျိယွမ်၏အသုံးအနှုန်းကို အတုခိုး၍ ပြောတတ်နေလေပြီ။
"မစ်ရှင်ပြီးတော့မှာလား၊ အရမ်းမြန်တာပဲ၊ အရမ်းထူးချွန်တာပဲ၊ ပြီးသွားတာနဲ့ ချက်ချင်းမထွက်သွားနဲ့၊ ခဏစောင့်ပေးပါဦး၊ အပြင်မှာ တွေ့ကြရအောင်"
ကျိယွမ်က သတိထပ်ပေးသည်။
"ကောင်းပါပြီ"
ကျင်းလီက လင်လုံယွီရှီကိုကိုင်ထားရင်းမှ ခေတ္တစဥ်းစားမိသွားသည်။
အဝတ်အထည်ဌာန၏စစ်သည်တော်များကို အမိနိ့ပေးနိုင်ခဲ့သောကြောင့် သူမသည်နန်းကန်၏ စစ်မှန်သောဘုရင်မတစ်ဦးဖြစ်လာခဲ့သည်။
အခွင့်အာဏာ၏အရသာသည် အမှန်တကယ်ပင် စွဲမက်ဖွယ်ကောင်းလှသည်။
ကျင်းလီပင်လျှင် အာဏာ၏အရသာကို ယစ်မူးသွားမိမလိုဖြစ်ခဲ့၏။
သို့သော်လည်း တောင်ကျစမ်းရေနှင့် အေးချမ်းသောလေညှင်းကို အမြဲတစေ နှစ်သက်တတ်သည့်သူမသည် မကြာမီ အာဏာ၏အရသာမှ နိုးထလာနိုင်ခဲ့သည်။
"ဒီကိစ္စပြီးရင် ငါထွက်သွားသင့်တယ်"
"ငါက အရည်အချင်းရှိတဲ့ဧကရီတစ်ပါး မဟုတ်ခဲ့ဘူး၊ ဒါကြောင့် ဒါကိုစွန့်ခွာသွားတာက ကိစ္စကြီးတစ်ခုမဟုတ်ပါဘူး"
သူမသည်လက်ရှိတာဝန်များကို အကောင်းဆုံးလုပ်ဆောင်ခဲ့ပြီး တိုင်းပြည်ကို ခြိမ်းခြောက်နေသော သို့မဟုတ် တိုင်းပြည်အနာဂတ်ကို ခြိမ်းခြောက်လာနိုင်သော အရာမှန်သမျှကို ဖယ်ရှားခဲ့၏။
အားလုံးပြီးဆုံးသွားလျှင် အနာဂတ်ကိစ္စများကို နောက်လိုက်များထံသို့ ချန်ထားခဲ့မည်ဖြစ်သည်။
"တစ်ပတ်ခွဲဆိုတဲ့အချိန်က သိပ်မဝေးတော့ပါဘူး "
ကျင်းလီသည် ပြတင်းပေါက်ဘေးတွင်ထိုင်လျက် ဝေးလံသောနေရာမှ ရှေးဟောင်းစီးချောင်သစ်ပင်ကြီးကို ငေးကြည့်နေမိကာ အတွေးများထဲတွင် နစ်မြုပ်နေလေသည်။
...................
"ဆရာတူအစ်ကိုကြီး၊ ဖိတ်စာပါ"
မနက်စောစော ခေါ်သံတစ်ခုကြောင့် ကျိယွမ်နိုးလာသည်။
ဂိမ်းထဲတွင်လူပေါင်းများစွာကို နှစ်ပေါင်းများစွာသတ်နေရ၍လားမသိပါ။သူသည် ၎င်းနှင့်အသားကျနေပြီး အိပ်မက်ဆိုးများပင် မမက်တော့ပေ။
သို့သော်လည်း လူအများကြီးကိုသတ်ရသည့်အတွက် ပင်ပန်းသည်၊ ထို့ကြောင့် သူသည်ဤရက်များတွင် အချိန်ကြာကြာအိပ်စက်မိနေ၏။
ကျိယွမ် အိပ်ချင်မူးတူးဖြင့် မျက်လုံးများကိုပွတ်ကာ နဖူးပေါ်မှဆံပင်များကို စိတ်မရှည်စွာ သပ်တင်လိုက်သည်။
"ဘာလဲ၊ ဘာကိစ္စလဲ"
သူ၏အသံက မာဆတ်နေပြီးယခင်နှင့်မတူဘဲ စိတ်တိုနေသလိုခံစားရ၏။
သို့သော်လည်း အကြောင်းအရင်းကိုသတိရကာ သူ့၏ဒေါသစိတ်ကို ထိန်းချုပ်လိုက်သည်။
ကောက်ရိုးအိမ်လေးမှ ထွက်လာသောအခါတွင် အပြင်ဘက်၌ သပ်ရပ်စွာဝတ်စားထားပြီး လှပနေသောကျန်းလင်းစုကို တွေ့လိုက်ရသည်။
သူမ၏ ဆွဲဆောင်မှုနှင့်ပျော်ရွှင်မှုတို့ ရောယှက်နေသောအလှသည် မျက်စိပသာဒဖြစ်စေပြီး သူ့၏နံနက်ခင်းစိတ်တိုမှုအချို့ကို ပြေပျောက်စေခဲ့၏။
"ဆရာတူအစ်ကိုကြီး၊ ဒါက ဆရာအတွက် ဖိတ်စာပါ"
ကျန်းလင်းစုက ဖိတ်စာကို ကျိယွမ်ထံပေးလိုက်သည်။
"ဂိုဏ်းချုပ်က ချင်းရင်ကို ပို့ခိုင်းလိုက်တာ၊ ဂိုဏ်းချုပ်မှာ အစ်ကိုကြီးအတွက် စကားပါးစရာရှိတယ်လို့လည်း သူက ပြောပါတယ်"
"အော်၊ ဘာစကားလဲ"
ကျိယွမ်က ဖိတ်စာကို သေချာစစ်ဆေးကြည့်သည်။
ဖိတ်စာ၏အပြင်ဘက်တွင် လက်ရာမြောက်ရေဆေးပန်းချီရေးဆွဲထားသည့်အတွက် တော်တော်လေး အဆင့်မြင့်သည်ဟု ထင်ရ၏။
"ဂိုဏ်းချုပ်က ဖိတ်စာကိုဖွင့်ပြီး အစ်ကိုကြီးဘာသာ ကြည့်နိုင်တယ်လို့ ပြောပါတယ်"
ကျိယွမ် အနည်းငယ်တုန့်ဆိုင်းသွားသည်။
သူကဖိတ်စာကို ဖင်ပြန်ခေါင်းပြန် လှန်ကြည့်မိသည်။
အဆင့်မြင့်ဟန်ရှိသော်လည်း ထူးထူးခြားခြားမဟုတ်ပါ။
ဂိုဏ်းချုပ်ကြီးက ဖိတ်စာတွေရော အမှာတော်တွေရော၊ ဘာသဘောပါလိမ့်။
ကျိယွမ်က ဖိတ်စာကိုဖွင့်ပြီး ဂရုတစိုက်ဖတ်လိုက်သည်။
သူ၏မျက်ခုံးများ တွန့်ချိုးသွားတော့သည်။
အိပ်ယာနိုးကတည်းက အလိုမကျသလို စိတ်တိုနေသည်မှာ မှန်ကန်သည်ဟု သူ ခံစားရသည်။
အတွေးတစ်ခုက သူ့ခေါင်းထဲသို့ ရုတ်တရက်ဝင်ရောက်လာ၏။
တစ်နေ့က အလင်းနန်းတော်အကြောင်းကို သူပြောခဲ့သည်အား ထိုအဖွဲ့မှကျွမ်းကျင်သူများသည် တနည်းနည်းဖြင့်သိရှိသွားသဖြင့် သူ့၏ဆရာကိုတွေ့ရန် ယခုလိုဖိတ်စာပို့လိုက်ခြင်း ဖြစ်နိုင်မည်လား။
ဖိတ်စာက အလင်းနန်းတော်၏နာမည်ဖြင့် ထုတ်ပြန်ထားသည်ကို အရင်ဆုံးမြင်လိုက်ရသည်။
ကျိယွမ် စာကိုလျန်မြန်စွာ ဖတ်လိုက်၏။
ဖိတ်စာပါ အကြောင်းအရာကတော့ ရိုးရှင်းပါသည်။
အလင်းနန်းတော်မှ အခြေတည်အဆင့်ကျင့်ကြံသူ ကျူးလျန်ဟွာဆိုသူက သာရှန်းသို့ရောက်ရှိလာပြီး သာ့ရှန်းတိုင်းပြည်ကျင့်ကြံခြင်းလောက၏ အခြေအနေကိုစုဝေးတိုင်ပင်ဆွေးနွေးရန်နှင့် သာ့ရှန်း၏ဖွံ့ဖြိုးတိုးတက်မှုကို ဆုံးဖြတ်ရန်အတွက်တိုင်းပြည်အတွင်းမှ ထိပ်တန်း ဖြောင့်မတ်သည့်ပုဂ္ဂိုလ်အချို့ကို ဖိတ်ကြားလိုသည်ဟု ရေးသားထားသည်။
စုဝေးပွဲမလုပ်မီတွင် သူကလာရောက်လည်ပတ်ဦးမည်ဖြစ်သည်။
ထို့ကြောင့် ကျူးလျန်ဟွာသည်လာမည့် ရက်အနည်းငယ်အတွင်း ရှန်ကွမ်းဂိုဏ်းသို့ လာမည်ဖြစ်ပြီး အချိန်ကိုတိတိကျကျသတ်မှတ်ထားခြင်းမရှိသည့်အတွက် ရှန်ကွမ်းဂိုဏ်းအနေနှင့် ကြိုတင်ပြင်ဆင်ထားရန် လိုအပ်သည်ဟု ရေးသားထား၏။
အကြောင်းအရာကိုဖတ်ပြီးနောက် သူသည် အနည်းငယ် စိတ်သက်သာရာရသွားခဲ့၏။
ထိုကိစ္စသည် သူ့အတွက်ပြဿနာမဟုတ်ပါ၊သူနှင့်မသက်ဆိုင်ပေ။ သူက အချည်းနှီး စိုးရိမ်ခဲ့မိသည်ဟုခံစားရသည်။
သို့သော် ကျိယွမ်က ဖိတ်စာထဲမှ နာမည်ကို ပြန်ဖတ်ကြည့်ကာ မတတ်နိုင်သလို ခေါင်းယမ်းမိ၏။
"ဒီကောင်က ငါ့ထက်တောင်ဟန်တလုံးပန်တလုံးလုပ်တတ်တာပဲ"
ကျိယွမ်က သူ၏ဘေးနားမှာလည်တရှည်ရှည်လုပ်ကာ ဖိတ်စာကိုစိတ်ဝင်စားနေသော ကျန်းလင်းစုထံသို့ ကမ်းပေးလိုက်သည်။
ထိုကိစ္စက လျို့ဝှက်ထားရန်မလိုအပ်သော ကိစ္စပင်။
ကျန်းလင်းစု၏မျက်နှာက ဝင်းလတ်သွားပြီး ဖိတ်စာကိုယူကာ ဖတ်ကြည့်လေ၏။သို့သော် ဖိတ်စာပေါ်မှ နာမည်ကိုမြင်သောအခါတွင် သူမ၏မျက်လုံးများထဲ၌ လူသတ်လိုသည့်အငွေ့အသက် အနည်းငယ် လင်းလက်သွားခဲ့သည်။
"ဒီကျူးလျန်ဟွာက အရမ်းရယ်စရာကောင်းတယ်၊ အမြဲတမ်း အရမ်းမောက်မာနေတာ၊သူ့ကိုယ်သူ ဘယ်သူလို့များထင်နေလဲမသိဘူး။ အခြေတည့်အဆင့်ကျင့်ကြံသူလေးဖြစ်ပြီး ဒီလောက်မောက်မာနေရလား"
ဖိတ်စာတွင်ပါရှိသော အကြောင်းအရာသည် ကျူးလျန်ဟွာ၏ မောက်မာမှုကို အပြည့်အဝဖော်ပြနေ၏။
လာမည့်အချိန်ကို အတိအကျသတ်မှတ်မထားသော်လည်း သူတို့ကသူ့အတွက် ကြိုတင်ပြင်ဆင်ထားရမည်ဟုပင် ပါလိုက်သေးသည်။
သူ့ကိုယ်သူ စစ်ဆေးရေးမှူးတစ်ဦးလာသည်ဟုများ ထင်နေပုံရသည်။
သာ့ရှန်းတိုင်းပြည် ကျင့်ကြံခြင်းလောက၏အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုနှင့် သာရှန်း၏ဖွံ့ဖြိုးတိုးတက်မှုကို ဆုံးဖြတ်ရန် သူက ထိပ်တန်းပုဂ္ဂိုလ်များနှင့် ဆွေးနွေးဦးမည်ဟုပင် ဆိုပြန်သည်။
ကျူးလျန်ဟွာ၏ မောက်မာမှုက ကြားရသူတိုင်းကို လက်သီးတပြင်ပြင်ဖြစ်စေနိုင်လောက်အောင် ရင့်သီးလှသည်။
"ဒီတစ်ခါတော့ ညီမလေးစကားကို ငါသဘောတူတယ် ၊ ဒီကောင့်ခေါင်းက ပုံမှန်ဟုတ်ပုံမရဘူး"
ဥပါဒါန်သွေးမျိုးဆက်ဖြစ်သော ကျိယွမ်ကပင် ခေါင်းမကောင်းဟုထင်ရလောက်အောင် ထိုသူကအောက်ခြေလွတ်နေခြင်းပင်။
ကျန်းလင်းစုက ခေါင်းညိတ်ကာ ဆက်ရှင်းပြသည်။
"အလင်းနန်းတော်ကလူတွေက အမြဲတမ်း ဒီလိုပဲ၊ အထူးသဖြင့် သူတို့ကမထင်ရှားတဲ့နေရာလေးတွေကိုလာတဲ့အခါ မျက်စိကို ခေါင်းပေါ်တင်ထားတတ်ကြတယ်၊ ကံမကောင်းစွာနဲ့ သူတို့မှာမောက်မာဖို့အတွက် အရင်းအနှီးတော့ ရှိတယ်လေ"
"ပြောသာပြောရတာ သူတို့နဲ့မတိုက်ခိုက်တာ ပိုကောင်းပါတယ် ၊မဟုတ်ရင် ပြဿနာဖြစ်နိုင်တယ်"
ကျန်းလင်းစုသည် အလင်းနန်းတော်ကို အနည်းငယ် ကြောက်ရွံ့ပုံရသည်။
"ထားတော့ ၊ဖိတ်စာကို ဆရာ့ဆီသွားပေးရဦးမယ်"
ကျိယွမ်က ဖိတ်စာကိုယူလိုက်ရင်း သူ၏ စိတ်ခံစားချက်သည် ရုတ်တရက်တောက်ပလာခဲ့၏။
သူသည် သူ့၏ဆရာကို ပြန်တွေ့ခွင့်ရချင်ရနိုင်သည်။
လပေါင်းများစွာကြာခဲ့ပြီဖြစ်၍ ဆရာကို လွမ်းလှပြီဖြစ်သည်။
စိတ်အားထက်သန်စွာတတ်လာသောကျိယွမ်သည် တောင်အလယ်သို့ရောက်သောအခါတွင် သူ့၏ လမ်းကို ပိတ်ဆို့နေသည့် အတားအဆီးတစ်ခုနှင့် ပြန်လည်တွေ့ဆုံခဲ့၏။
သူက ဖိတ်စာကို မြှောက်ကိုင်လိုက်ပြီး တောင်ထိပ်သို့မျှော်ကာ အော်လိုက်သည်။
"ဆရာ၊ အလင်းနန်းတော်က လူတစ်ယောက်လာလည်ပါတယ်၊ ဒါက ဖိတ်စာပါ"
သူသည် အော်ပြောရင်းမှ ဖိတ်စာကို မြှောက်ကိုင်ထားပြီး ရှေ့သို့မျှော်ကြည့်နေမိသည်။
ကျိယွမ်သည် သူ့၏ဆရာကို အလွန်တွေ့ချင်နေခဲ့၏။
ထိုအချိန်တွင် ရုတ်တရက်လေညှင်းတစ်ချက်ဝေ့လာပြီး ဖိတ်စာကို လှန်လိုက်သည်။
ကျိယွမ်သည်တောင်ထိပ်ပေါ်မှ လရောင်တစ်ခုယိုဖိတ်လာသည်ဟု ထင်လိုက်စဥ်မှာပင် ထိုအလင်းနှင့်အရိပ်သည် စကားလုံးနှစ်လုံးကို ဖြစ်ပေါ်စေသည်။
"မတွေ့ဘူး"
အလင်းတန်းက ခဏတာကြာအောင် ရပ်တန့်နေပြီးနောက် ပျောက်ကွယ်သွားခဲ့၏။
"နားလည်ပါပြီ၊ ဆရာ"
ကျိယွမ်က ဆရာဖြစ်သူကိုမတွေ့ရသည့်အတွက် စိတ်ပျက်ခြင်းနှင့်အတူ အားငယ်သွားသလို ခံစားလိုက်ရသည်။
သူ၏ဆရာက သူ့ကိုပစ်ပယ်ထားခဲ့လေပြီ။
ကျိယွမ် ခေါင်းငိုက်စိုက်ကျလျှက် တောင်အောက်သို့ တရွေ့ရွေ့ပြန်ဆင်းလာခဲ့သည်။
သူ၏ခြေလှမ်းများက အလာတုန်းကလို မသွက်လက်တော့ပါ။
ကျိယွမ်က ဖိတ်စာကို အဓိပ္ပါယ်မဲ့စွာငေးကြည့်နေသည်။
ထိုအရာက အသုံးမဝင်တော့ပါ လွှင့်ပစ်ရုံသာရှိသည်။
ထို့ကြောင့် လွှင့်ပစ်ရန်ပြင်လိုက်စဥ်မှာပင် သူက ရုတ်တရက်အကြံပေါက်သွား၏။
"နေဦး ၊ ဖိတ်စာပေါ်ကပန်းချီက တော်တော်လေးခန့်ညားတယ်၊အဆင့်မြင့်လက်ရာပဲ ၊၊ရောင်းလိုက်ရင် ဝိညာဥ်ကျောက်တုံးတစ်ခုလောက်တော့ အသာလေး ရလောက်တယ်"
ကျိယွမ်က ဖိတ်စာကို ပြန်သိမ်းထားလိုက်သည်။
..............
တစ်ရက်ခန့်အကြာ၌...
ရှန်ကွမ်းဂိုဏ်း၏အနီးတွင်ရှိသော ဈေးတစ်ခုတွင်ဖြစ်သည်။
ထူးခြားသောသွင်ပြင်ရှိသူတစ်ဦးက အခြေတည်အဆင့်ရှိသူတစ်ဦးနှင့်အတူသည် စျေးထဲသို့ ရောက်လာသည်။
ထူးခြားသောသွင်ပြင်ရှိသူက အခြေတည်အဆင့်အထွတ်အထိပ်ဖြစ်သော်လည်း အလတ်အလတ်အဆင့်ကျင့်ကြံသူအား အလွန်အင်မတန်မှပင် ယဥ်ကျေးပြူငှာပြနေလေသည်။
"တာအိုမိတ်ဆွေကျူး၊ ဒါက ရှန်ကွမ်းဂိုဏ်းအောက်ဘက်က ဈေးပါပဲ။ ဒါပေမဲ့ တော်တော်လေး ဟောင်းနွမ်းနေတယ်၊ တန်ဖိုးရှိတာ သိပ်မရှိဘူး၊ ခင်ဗျားတို့ရဲ့ အလင်းနန်းတော်နဲ့ယှဥ်လို့ မရပါဘူး"
အခြေတည်အထွန်အထိပ်ရှိသူက အလင်းနန်းတော်၏အမည်ကို တမင်ကျယ်လောင်စွာ ပြောသည်။
သို့သော် ဈေးထဲမှလူများက အလင်းနန်းတော်ကို မည်သူမှမကြားဖူးကြသည့်အတွက် သူ့၏စကားများကအကျိုးသက်ရောက်မှုမရှိပေ။
ခေါင်းစွပ်ပါသော ဝတ်ရုံရှည်ကြီးကိုဝတ်ထားသည့် ကျင့်ကြံသူတစ်ဦးကသာ အလင်းနန်းတော်ဟူသော အမည်ကိုသတိထားမိခဲ့ပြီးသူ့၏နှလုံးခုန်နှုန်း မြန်ဆန်သွား၏။သို့သော်လည်း ထိုသူကခေါင်းစွပ်ကို အနည်းငယ်ဆွဲချကာ ဘာမှမဖြစ်သလို ဟန်ဆောင်လိုက်သည်။
ကျူးလျန်ဟွာက ဈေးကိုမျက်လုံးတစ်ချက်ဝေ့ကြည့်ကာ ပေါ့ပေါ့ပါးပါးတုန့်ပြန်၏။
"ရတယ် ၊ ဒီလိုနေရာမျိုးလည်း ငါနေတတ်ပါတယ်၊ လူတွေသတိမထားမိတဲ့ ရတနာနည်းနည်းပါးပါး ရှာတွေ့မယ်လို့ မျှော်လင့်တာပဲ"
ရှန်ကွမ်းဂိုဏ်းသို့ အလည်လာခြင်းမှာ ပထမအချက်အနေဖြင့် ရှန်ကွမ်းဂိုဏ်း၏ အစွမ်းထက်ဆုံးသူတစ်ဦးဖြစ်သော ကျိစယ်တောင်ထွတ်သခင်ကိုဂါရဝပြုရန်ဖြစ်ပြီး ဒုတိယအချက်အနေဖြင့် မကြာသေးမီက ရှမ်ကွမ်းဂိုဏ်းတွင် ရတနာတစ်ခုပေါ်လာပြီး ထူးခြားဆန်းကြယ်မှုများရှိခဲ့သည်ဟု ကောလာဟလများ ထွက်ပေါ်ခဲ့သောကြောင့်ဖြစ်သည်။
ထိုသို့သော အထွတ်အထိပ်ရတနာသည် အရည်အချင်းရှိသူနှင့်သာ ထိုက်တန်သည်ဟု သူကယူဆသည်။
သူသည်အလင်းနန်းတော်မှဖြစ်သည်။ထို့ကြောင့် ရှန်ကွမ်းဂိုဏ်းသားများထက် သူကများစွာပို၍ အရည်အချင်းရှိသူ မဟုတ်ပါလား။
အခြေတည်အထွတ်အထိပ်အဆင့်ကျင့်ကြံသူဖြစ်သောဝမ်ရှန်းကတော့ စိတ်ထဲတွင်ကြိတ်ကာ ရယ်မောလိုက်သည်။
သ်ု့သော်မျက်နှာမှာတော့ မပေါ်စေဘဲ မျက်နှာချိုသွေးကာ စွာမေးလိုက်သည်။
"တာအိုမိတ်ဆွေကျူးလည်း အဲဒီရတနာအတွက် လာတာထင်တယ်"
"အဲဒီလိုရတနာရှိနေတယ်ဆိုရင် ငါကိုယ်တိုင်ယူရမှာပေါ့။ ရှန်ကွမ်းဂိုဏ်းက အရမ်းသေးလွန်းတယ်၊ ဒီလိုရတနာမျိုးကို သူတို့ ကိုင်တွယ်လို့မရဘူး၊ ဒုက္ခရောက်သွားနိုင်တယ်"
ကျုးလျန်ဟွာက သဘာဝကျသလိုဖြေလိုက်၏။
ဝမ်ရှန်းက စိတ်မပါသော်လည်း ဆက်လက်ချီးကျူးပေးရန် မမေ့ပါ။
"တာအိုမိတ်ဆွေကျူးက တကယ်ကိုအများအကျိုးအတွက် ဂရုစိုက်တာပဲ၊ ရှန်ကွမ်းဂိုဏ်းနဲ့ မရင်းနှီးခင်ကတည်းက သူတို့အတွက်တွေးပေးနေပြီ"
"ဒါနဲ့ အဲဒီရတနာကို သူတို့ရထားတယ်လို့ မင်းထင်လား"
ဒီတစ်ခါမှာတော့ ဝမ်ရှန်းကအမှန်အတိုင်း ဖြေသည်။
"သူတို့ရထားရင်တောင် အများရှေ့မှာ ဝန်ခံမှာမဟုတ်ပါဘူး"
ကျူးလျန်ဟွာက ပြဿနာမရှိဘူးဟူသောမျက်နှာထားဖြင့် ဖွင့်ဟလိုက်၏။
"ငါက အလင်းနန်းတော်ကိုဝင်ဖို့ ထောက်ခံချက်ကို သူတို့ရဲ့ရတနာနဲ့ လဲလှယ်မယ်ဆိုရင် သူတို့သဘောတူမယ်ထင်လား"
ဝမ်ရှန်းက ကျူးလျန်ဟွာကို အံ့သြသွားသလိုကြည့်ကာ အကြည့်ပြန်လွှဲ၏။
အလင်းနန်းတော်သို့ ဝင်ရောက်ရန် ထောက်ခံချက်သည် အမှန်တကယ်ပင် တန်ဖိုးရှိသည်။
သို့သော်လည်း လက်တွေ့တော့ သိပ်မကျလှပေ။
အလင်းနန်းတော်သည် အင်အားကြီးမားသော်လည်း သာ့ရှန်းတိုင်းပြည်နှင့် အလွန်တရာမှ ဝေးကွာလှသည်မဟုတ်ပါလား။
ဝမ်ရှန်းသည် ကျူးလျန်ဟွာကို အလင်းနန်းတော်ကြောင့် လေးစားသည်မှာ အမှန်ဖြစ်သည်။သို့သော် အဆုံးစွန်ထိတွန်းအားအပေးခံရပါက သို့မဟုတ် မတတ်သာသောအခြေအနေမျိုးရှိလာပါက ကျူးလျန်ဟွာကို သတ်ရဲ၏။
သို့သော် လုံးဝမတတ်သာသောအခြေအနေအထိတွနိးအားပေးခံရမှသာဖြစ်သည်။မဟုတ်လျှင်တော့ မည်သူက မိမိကိုယ့်ကိုယ် ဤမျှကြီးမားသော အန္တရာယ်ကို ယူမည်နည်း။
ဝမ်ရှန်းက မြို့ကြီးပြကြီးမှလာသော ကျူးလျန်ဟွာ၏အတွေးအခေါ်ကို အသုံးမဝင်ဟုထင်သော်လည်း အခြေအနေကြည့်ကာ တုန့်ပြန်လိုက်သည်။
"ရှန်ကွမ်းဂိုဏ်းက ဒီတန်ဖိုးကိုသိမှာမဟုတ်ဘူးလို့ ကျွန်တော်ထင်တယ်"
ထိုအပေးအယူလောက်ဖြင့် ရှန်ကွမ်းဂိုဏ်းက ရတနာကို ပေးမည်မဟုတ်ပေ။
ကျူးလျန်ဟွာက ခေါင်းညိတ်သည်။
"အင်း...နောက်တစ်နည်းလိုမယ်ထင်တယ်"
မောက်မာမှုနှင့်အသားကျနေသော်လည်း သူသည် အလွန်အမင်းတွန်းအားမပေးသင့်ကြောင်းကိုတော့ နားလည်၏။မဟုတ်လျှင်သူ့၏ဂုဏ်သိက္ခာသည် အဓိပ္ပာယ်များစွာရှိတော့မည်မဟုတ်ပေ။
သာ့ရှန်းတွင်ရှိသော အခြေတည်အဆင့်ကျင့်ကြံသူများအားလုံးကို သူဂရုမစိုက်ဘဲနေနိုင်သော်လည်း အမြုတေအဆင့်များကိုတော့ သတိထားရန်လိုသည်။မဟုတ်လျှင် အမြုတေအဆင့်တစ်ယောက်ယောက်က ဒေါသကြောင့် ဖြစ်ချင်ရာဖြစ်ဟုသဘောထားကာ သူ့ကိုတိုက်ခိုက်လာပါက သူ့အတွက် ကြီးမားသောဘေးအန္တရာယ်ဖြစ်လာနိုင်သည်။
သူတို့နှစ်ယောက်သည် စျေးထဲတွင် တစ်စုံတစ်ရာတွေ့လိုတွေ့ငြား ဆက်လက်ရှာဖွေနေ၏။ တစ်ခါတရံ၌ သူတို့က သတင်းပို့ကြပြီး တခါတရံ၌ကျယ်လောင်စွာ ဟိတ်ဟန်ထုတ်လျှက် စကားပြောနေကြသည်။
ဝမ်ရှန်းက အကြံပြုလေသည်။
"ကျွန်တော် ရတနာရှာတဲ့ နည်းစနစ်တစ်ခုကို လေ့လာခဲ့ဖူးပါတယ်၊ အမြဲတမ်းစိတ်ချရတာတော့မဟုတ်ဘူး၊ ဒါပေမဲ့တစ်ခါတစ်လေတော့ တစ်ခုခုရှာတွေ့တတ်တယ်။ ဒီနေ့ တော့ ကျွန်တော့်ရဲ့လက်ဆောင်အနေနဲ့ တာအိုမိတ်ဆွေကျူးကို ရတနာနည်းနည်းပါးပါး ရှာပြပါရစေ"
ကျူးလျန်ဟွာက အမှန်တကယ်စိတ်ဝင်စားသွားပြီး ခေါင်းညိတ်၏။
"မင်းရဲ့စွမ်းရည်ကို ကြည့်ကြရအောင်"
ဝမ်ရှန်းသည် ကောင်းကင်ဘုံရတနာရှာနည်းစနစ်ဟု အမည်ပေးထားသည့် ပညာတစ်ခုကို အသုံးပြုလိုက်သည်။
ထိုနည်းစနစ်ဖြင့်ဆိုလျှင် သူသည် ထူးဆန်းသည့် ရတနာအချို့ကို အာရုံခံနိုင်၏။
သို့သော်လည်း ဤဈေးတွင် တန်ဖိုးရှိသည့်ပစ္စည်းများမရှိကြောင်း သူသိသည်၊ ထို့ကြောင့် သူသည် ဘာမှရှာမတွေ့ပါက သူ့ကိုယ်ပိုင်ငွေကြေးဖြင့် တစ်ခုခုဝယ်၍ အစားထိုးရန် တိတ်တဆိတ် ဆုံးဖြတ်ထားသည်။
နည်းစနစ်ကိုထုတ်ဖော်လိုက်သည်နှင့် ဝမ်ရှန်း၏မျက်လုံးများတွင် ရွှေရောင်အလင်းတစ်ခုပေါ်လာခဲ့၏။
သူက ကျွမ်းကျင်သောမုဆိုးတစ်ယောက်က သားကောင်၏ခြေရာကိုခံသလို စျေးအနှံ့စေ့စပ်စွာကြည့်သည်။
သိပ်မကြာခင်မှာပင် ဝမ်ရှန်း၏မျက်ခုံးများက ပျော်ရွှင်မှုကြောင့် မြင့်တတ်သွားသည်။သူတွေ့လေပြီ။
"မမျှော်လင့်ထားဘဲ ဒီမှာတစ်ခုခုတော့ရှိနေတယ်၊ တာအိုမိတ်ဆွေကျူး ခဏစောင့်ပေးပါ၊ ကျွန်တော် ဝယ်ပြီး ပြပါမယ်"
နှစ်ယောက်လုံးသွားပါက ဆိုင်ရှင်သည် ကျူးလျန်ဟွာ၏ ခန့်ညားသည့်ဝတ်စုံကို မြင်ပြီး ဈေးမြှင့်နိုင်သည်။
ကျူးလျန်ဟွာက ပြဿနာမရှိဟန်ဖြင့်ခေါင်းညိတ်ပြလိုက်သည်။
ဒီကောင်ဘာမှရှာမတွေ့ရင် တစ်ခုခုဝယ်လာပြီး ငါ့ကိုပေးချင်နေတာထင်တယ်။
ကျူးလျန်ဟွာက နေရာမှာပင် တည်ငြိမ်စွာရပ်စောင့်နေခဲ့သည်။
ထွက်သွားပြီး သိပ်မကြာခင်မှာပင် ဝမ်ရှန်းက ပျော်ရွှင်သည့်ပုံစံဖြင့် ပြန်ရောက်လာသည်။
-"တာအိုမိတ်ဆွေကျူး...ကျွန်တော် ဝိညာဥ်ကျောက်တုံးတစ်တုံးပဲ ကုန်ကျပြီး အဖိုးတန်ရတနာတစ်ခုကို အောင်မြင်စွာ ရှာတွေ့ခဲ့တယ်၊ ကြည့်ပါဦး"
ဝမ်ရှန်းသည် သူရှာတွေ့ခဲ့သောရတနာကို ဂရုတစိုက်မြှောက်ကိုင်ထားသည်။
"ဒါကတော်တော်လေး အဆင့်မြင့်တယ်၊ နည်းနည်းတော့ ပျက်စီးနေတယ်လို့ထင်ရပေမဲ့ သူ့ရဲ့ပစ္စည်းက..."
သူ၏စကားသည် ရုတ်တရက် ရပ်တန့်သွားခဲ့၏။
ကျူးလျန်ဟွာက အလွန်လေးနက်သော အမူအရာဖြင့် သူ၏လက်ကိုစိုက်ကြည့်နေသည်ကို သတိထားမိသွားသောကြောင့်ဖြစ်သည်။
ငါတစ်ခုခုများ မှားပြောမိသွားပြီလား။သူကဘာလို့ ပြင်းထန်နေရတာလဲ။
ဝမ်ရှန်း ထိတ်လန့်သွားသည်။မလိုအပ်ဘဲနှင့်တော့ သူကအလင်းနန်းတော်၏ရန်သူမဖြစ်လိုပါ။
"တာအိုမိတ်ဆွေ ကျူး.."
ကျူးလျန်ဟွာသည် ဝမ်ရှန်း၏လက်ထဲမှ ပစ္စည်းကို လုယူလိုက်ပြီး တင်းမာစွာမေးသည်။
"ဒါ ဘယ်ကရတာလဲ"
ဝမ်ရှမ်းက သူရှာတွေ့လာသောရတနာကို ကြည့်ပြီး စိုးရိမ်စွာမေးမိသည်။
"တာအိုမိတ်ဆွေကျူးက ဒီရတနာကို သိတာလား"
"ဒါက ရတနာမဟုတ်ဘူး"
ကျူးလျန်ဟွာက ဝမ်ရှန်း၏ရတနာကို မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကိုင်ပေါက်ပစ်၏။
"ဒါကရှန်ကွမ်းကို ပို့လိုက်တဲ့ ငါ့ရဲ့ဖိတ်စာကွ ၊ ဖိတ်စာ"
သူကမေးကြောများထောင်လာပြီး အံကိုကြိတ်ထားလေသည်။လူသတ်ချင်နေသာည့်အလား လက်သီးများကို တင်းကျပ်စွာဆုပ်ထား၏။
ကျူးလျန်ဟွာ အလွန်ဒေါသထွက်နေလေပြီ။
ဝမ်ရှန်း အံ့သြသွား၏။
သူရှာတွေ့ခဲ့သည့်ပစ္စည်းသည် ရှန်ကွမ်းဂိုဏ်းသို့ပို့လိုက်သော ကျူးလျန်ဟွာ၏ဖိတ်စာဖြစ်နေမည်ဟု လုံးဝ မမျှော်လင့်ထားပေ။
သူက မျက်ထောင့်နီကြီးဖြင့် ရှန်ကွမ်းဂိုဏ်းဘက်သို့ မော့ကြည့်နေသော ကျူးလျန်ဟွာကို ကြည့်ကာ စိတ်ထဲတွင် ရယ်ချင်လာသည်။
ရှန်ကွမ်းဂိုဏ်းနဲ့တွေ့မှ ဒီကောင်ခံလိုက်ရတာပဲ။
----------