သူတို့ ကြီးမားတဲ့လျှို့ဝှက်ကြံစည်မှုတစ်ခုကို လုပ်နေကြတာ
Vol. 5 Ch. 70
"ငါ့ဖိတ်စာကိုဖြဲပြီး ဈေးထဲမှာရောင်းရဲတယ်ပေါ့၊ ဒါက ဘာသဘောလဲ ၊သူတို့ကငါ့ကို မလေးမစားလုပ်တာလား၊ အလင်းနန်းတော်ကိုတောင် သူတို့ကအရေးမလုပ်ဘူးပေါ့"
ကျူးလျန်ဟွာက ဒေါသကြောင့်အသာများပင်နီရဲနေသည်။သူ၏ဘဝတွင် ယခုလို အရှက်ရဖူးခြင်းမျိုး မရှိခဲ့ပေ။
သူ၏ဘေးတွင်ရပ်နေသည့် ဝမ်ရှန်းမှာ ရယ်ချင်ခဲ့သော်လည်း တစ်စုံတစ်ခုကိုတွေးကာ စိတ်လေးနေ၏။
ရှန်ကွမ်းဂိုဏ်းသည် ယခုကိစ္စကို မည်သို့များ ညံ့ဖျင်းစွာကိုင်တွယ်ရဲခဲ့လေသနည်း။
သူသည် ကျူးလျန်ဟွာက ကျိစယ်တောင်ထွတ်သို့ တကူးတကဖိတ်စာပို့ခဲ့ကြောင်း သိပြီးသားဖြစ်သည်။သို့သော် ထိုဖိတ်စာကို စုတ်ဖြဲ၍ စျေးထဲတွင်ပြန်လည်ရောင်းချပစ်လိမ့်မည်ဟု လုံးဝမမျော်လင့်ထားခဲ့ပေ။
ထို့သို့လုပ်ခဲ့ဖူးသည်ဟုလည်း မကြားဖူးခဲ့ပါ။ထို့ကြောင့် မည်သူကထင်မှတ်ထားမည်နည်း။
သာမန်လူများကတော့ လုပ်စရာအကြောင်းမရှိပေ။
"ကျိစယ်တောင်ထွတ်ရဲ့ အကြီးဆုံးတပည့်က ဥပါဒါန်သွေးမျိုးဆက်တစ်ယောက်ဖြစ်ပြီး ပုံမှန်မဟုတ်တဲ့အပြုအမူတွေ လုပ်တယ်လို့ ကျွန်တော်ကြားဖူးတယ်၊ သူသည် ဖိတ်စာကို ရောင်းခဲ့သူ ဖြစ်နိုင်တယ်"
ဝမ်ရှန်းက ကျိစယ်တောင်ထွတ်သခင်ကို ထည့်မပြောဘဲ၊ ပဋိပက္ခကို ကျိယွမ်ထံသို့ လမ်းကြောင်းပြောင်းရန် ကြိုးစားနေသည်။
ကျူးလျန်ဟွာသည် ဒေါသတကြီးဖြင့် စိတ်ဝိညာဥ်အထွတ်အထိပ်အဆင့်ရှိသော တောင်ထွတ်သခင်မ နှင့် ထိပ်တိုက်ရင်ဆိုင်လျှင် မလိုလားအပ်သောပြဿနာများဖြစ်လာနိုင်သည် မဟုတ်ပါလား။
ထိုအစား ချီသန့်စင်ခြင်းအဆင့်သာရှိသော တပည့်တစ်ယောက်နှင့် ပဋိပက္ခဖြစ်ခြင်းက ပြဿနာကြီးကြီးမားမား မဖြစ်နိုငပေ။
"ဟွန့်း.....အဲဒီရွမ်ယူချမ်း ဆိုတဲ့မိန်းမက မခိုင်းဘဲသူ့ရဲ့တပည့်က ငါ့ရဲ့ ဖိတ်စာကို ရောင်းရဲပါ့မလား ၊သေချာပေါက် သူခွင့်ပြုလိူ့ပေါ့"
ဝမ်ရှန်းကလမ်းလွှဲသော်လည်း ကျူးလျန်ဟွာကတည့်တည်တိုးနေသည်။သို့သော် သူကအသံပို့ကာပြောခြင်းဖြစ်သည်။
အကယ်၍ ကျန်းလင်းစုသာ ကျူးလျန်ဟွာ၏ အသံကိုကြားလျှင် "ဆရာတူအစ်ကိုကြီးကတော့ ရောင်းရဲတယ်" အသံကျယ်ကျယ်နှင့်ထအော်မှာ သေချာသည်။
"တာအိုမိတ်ဆွေကျူး ၊ စကားကို နည်းနည်းထိန်းစေချင်ပါတယ်၊ဒါက ရှန်းကွမ်းဂိုဏ်းလက်အောက်က စျေးပါ"
"ဟွန့်၊ ငါတို့က အသံပို့ပြီးပြောတာပဲ ဘာကိုကြောက်နေရမှာလဲ"
ကျူးလျန်ဟွာသည် သူ၏အသံကို ဆက်လက်၍ပို့လွှတ်သည်။
ဝမ်ရှန်း၏မျက်နှာက အနည်းငယ်တည်သွားလေသည်။
ဒီကောင်ကြောက်လို့ ပွင့်ပွင့်လင်းလင်းမဆဲရဲဘဲ တိတ်တိတ်လျောက်အော်နေမှန်းလူတိုင်းသိတယ် ၊ဒါကိုဘာလို့ ဒီလောက်မာန်တတ်နေရတာလဲ။
"တာအိုမိတ်ဆွေ ၊ ကျွန်တော်တို့ ရှန်ကွမ်းဂိုဏ်းကို သွားဦးမှာလား"
ဝမ်ရှန်းကစိတ်လျှော့ကာ စမ်းသပ်သလို မေးသည်။
"ငါတို့အနေနဲ့ ရှင်းပြချက်တောင်းဖို့ သွားကိုသွားသင့်တယ်မှတ်လား"
ဝမ်ရှန်းက ကျူးလျန်ဟွာကို ကြည့်ကာ ထိုသူက ဒေါသတကြီးဖြင့် ပြဿနာရှာမည်ကို စိုးရိမ်နေမိသည်။
အကယ်၍ ထိုသို့ဖြစ်ခဲ့ပါက သူသည်သူ့၏ ၁၃ ယောက်မြောက်မိန်းမက မီးဖွားရခက်နေသဖြင့် အိမ်သို့အမြန်ပြန်ရမည်ဟု အကြောင်းပြကာ ချက်ချင်းပြန်ပြေးလာရမည်ဟု ကြိုတွေးထားလိုက်၏။
ထိုအခိုက် ကျူးလျန်ဟွာ၏ အသံကထွက်လာသည်။
"ဒါပေမဲ့ အခုသွားရင် အရှက်ရဖို့ပဲရှိမယ်"
" ဒီနေ့အရှက်ခွဲခံရတာကို ငါမှတ်ထားလိုက်ပြီ၊ရှန်ကွမ်းဂိုဏ်း. ဒီနေ့ငါ့ကို အရှက်ရစေတယ်၊ အနာဂတ်မှာ ငါစိတ်ဝိညာဥ်အဆင့်ကို ရောက်ရင် မင်းတို့ဂိုဏ်းကို အေးအေးချမ်းချမ်း မနေရအောင် လုပ်ပြမယ်"
"သွားကြစို့"
ကျူးလျန်ဟွာသည် ဒေါသထွက်နေသော်လည်း သင့်တော်သောအချိန်ကိုစောင့်ဆိုင်းရန် ဆုံးဖြတ်လိုက်သည်။
ထိုအပြင် အဓိကအနေဖြင့်သူ၏ဆရာဖြစ်သူ ပေးထားသည့်အလုပ်ကို ပြီးမြောက်အောင်လုပ်ရန်ကသာ ဦးစားပေးဖြစ်သည်။
ရှန်ကွမ်းဂိုဏ်း ၊ရွမ်ယူချမ်းနဲ့ကျိယွမ် မင်းတိူ့ကို ငါမှတ်ထားလိုက်ပြီ။
ဝမ်ရှန်းကတော့ မထင်မှတ်ထားသည့်စကားကို ကြားရသဖြင့် အံ့အားသင့်သွားသည်။
ခုနကတော့ အခုပဲတောင်ပေါ်ပြေးတတ်တော့မလို ပြောနေတာမှတ်လား။
သို့သော် သူဝမ်းမြောက်သွားသည်။
"တာအိုမိတ်ဆွေကျူး ၊ဒါက အလွန်ပညာသားပါတဲ့ ရွေးချယ်မှုပါပဲ၊အဲဒီ ရွမ်ယူချမ်းက အလွန်အစွမ်းထက်ပြီး ရန်စဖို့မလွယ်ပါဘူး၊ ဒါပေမဲ့ သူ့တပည့်ကတော့ ချီအဆင့်ပဲ ရှိသေးတယ်၊သူဂိုဏ်းက ထွက်လာခဲ့ရင် မိတ်ဆွေရဲ့ဒေါသဖြေလို့ရအောင် ဖမ်းထားပေးပါမယ်"
မလှမ်းမကမ်းတွင် ခေါင်းပ်ဝတ်ရုံရှည်ကြီးဝတ်ထားသော ကျိယွမ်သည် စိုးရိမ်တကြီးဖြင့် သူ၏ခေါင်းကို ပို၍ငုံ့လိုက်သည်။
သူက ထိုဖိတ်စာကို ရောင်းချရန် တောင်ပေါ်မှ တိတ်တဆိတ်ဆင်းလာခဲ့သည်။
မမျှော်လင့်ဘဲ အလင်းနန်းတော်မှ လူများနှင့် တည့်တည့်တိုး၏။
ကမ္ဘာကြီးက ဒီလောက်တောင်ကျဥ်းနေတာလား။
ကျိယွမ်က သူ၏လျှို့ဝှက်စွာဖြင့် နောက်ယောင်ခံကာ သူတိူ့ပြောနေသည်များကို နားထောင်ခဲ့သည်။
ကျူးလျန်ဟွာက ရတနာကိုသိမ်းပိုက်ချင်သောဟူသည်။
သူတိူ့ပြောနေသော ရှန်ကွမ်းဂိုဏ်းမှရတနာဆိုသည်က အခြားမဟုတ်ပေ။ကျိယွမ်ကိုယ်တိုင် ဖြစ်နေသည်။
သူကငါ့ကို သိမ်းပိုက်ချင်နေတာလား။
ကျိယွမ်သည် ထိုအရာကို မည်သိူ့ခွင့်ပြုနိူင်လိမ့်မည်နည်း။
နောက်ဆုံးတွင် သူရောင်းလိုက်သော ဖိတ်စာကတိုက်ဆိုင်စွာ ပိုင်ရှင်ဆီသို့ ပြန်ရောက်သွားပြီး သေချာပေါက်ပြဿနာတတ်ပြီဟု ထင်လိုက်သည်။
သို့သော်ကျူးလျန်ဟွာက ထင်မှတ်မထားအောင် တည်ငြိမ်နေ၏။သေချာပေါက် ထိုအရာက သဘာဝမကျဟု သူခံစားမိသည်။
ဖြစ်နိုင်သည်မှာ ထိုကိစ္စထက်ပို၍ကြီးမားသောကိစ္စရှိနေ၍သာ ယခုလိုသည်းခံနေခြင်းဖြစ်နိုင်သည်။
"ငါသာ သူတို့ရဲ့ စိတ်ကိုဖတ်နိုင်ခဲ့ရင် ကောင်းမယ်၊ ဒါဆို ဒီကောင်တွေ ဘာကိုလျှို့ဝှက်ပြီး ကြံစည်နေတယ်ဆို သိမှာပဲ၊သူတို့က ရှန်ကွမ်းဂိုဏ်းကို ဖြုတ်ချဖို့ကြံနေတာပဲဖြစ်ရမယ်"
ကျိယွမ်၏မျက်နှာက တင်းမာသွားသည်။
"ဝံပုလွေလို ကောက်ကျစ်တဲ့ကောင်တွေပဲ"
သူကတစ်ယောက်တည်းအတွေးများဖြင့် နဘမ်းလုံးနေ၏။
"ဒါပေမဲ့ ငါ့မှာသက်သေမရှိတာက ကံဆိုးတာပဲ။ ဂိုဏ်းကို သတင်းပို့ရင်၊ ပြီးခဲ့တဲ့တစ်ကြိမ် ဂိုဏ်းခေါင်းဆောင်ကို သူလျှိုလို့ ဖော်ထုတ်ခဲ့သလိုမျိုး ထပ်ပြီး အကျဉ်းချခံရနိုင်တယ်"
"ဘာပဲပြောပြော ငါလက်ပိုက်ကြည့်မနေနိုင်ဘူး၊ ဂိုဏ်းအတွက် ငါလုပ်မှရမယ်"
"ဂိုဏ်းက ဒီနေ့ ဒုက္ခရောက်နေချိန်မှာ ငါကဝင်မကူညီရင်၊ မနက်ဖြန် ငါဒုက္ခရောက်တဲ့အခါ ဘယ်သူက ကယ်တင်မှာလဲ"
"အဆိုးဆုံးကတော့ သူတို့က ငါ့ဆရာကိုလည်း ထိခိုက်အောင်လုပ်ဖို့ရည်ရွယ်နေတာ သေချာတယ်! ဒီလိုကောင်မျိုးတွေ ဒီကမ္ဘာပေါ်မှာ မရှိသင့်ဘူး"
ကျိယွမ်က တွေးရင်းတွေးရင်းမှ အံများပင် ကြိတ်မိသည်။
ကျူးလျန်ယန်ဟွာသည် အမှန်တကယ်ပင်စိတ်ထားသေးသိမ်ပြီး တယူသန်လွန်းသူ တစ်ယောက်ဟုသူခံစားရသည်။
ကြည့်ရသည်မှာ ထိုသူကလည်း မဟူရာတောင်တန်းဂိုဏ်းလို အမြဲတမ်းမိသားစုတစ်ခုလုံးကို မျိုးဖြုတ်ပစ်တတ်သူပင်ဖြစ်ရမည်။
ဖိတ်စာကို သူခိုးတစ်ယောက်က မတော်တဆခိုးယူပြီး ရောင်းလိုက်တာဆိုလျှင်ပင် ကျူးလျန်ဟွာက ယခုလိုသာ စွပ်စွဲမှာသေချာသည်။ထိုအခါဆိုလျှင် သူနှင့်ဆရာက ကြားထဲကမည်မျှနစ်နာသွားမည်နည်း။
"ငါက ဆင်းရဲလွန်းလို့ ရွေးချယ်စရာမရှိဘဲဖိတ်စာကိုရောင်းစားမိတာလေးကို၊သူက နားလည်မပေးနိုင်ဘူးလား"
ကျိယွမ်မျက်နှာက သုန်မှုန်နေ၏။
ထိုအခိုက်မှာပင် နူးညံ့ဖြူဖွေးသော လက်တစ်ဖက်က သူ့ပခုံးကို ပုတ်လိုက်သည်။
"ဆရာတူအစ်ကိုကြီး"
အနက်ရောင် ခေါင်းစွပ်ဝတ်ထားသည့် မိန်းကလေးတစ်ယောက်က ချီယွမ်၏မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်သည်။
ကျန်းလင်းစုပင်။
ကျိယွမ်သည် ထိန်လန့်သွားသည်။သူက ပြာပြာသလဲ ငြင်းလိုက်၏။
"လူမှားနေပြီ ၊ကျွန်တော်က ခင်ဗျားရဲ့အစ်ကိုကြီးမဟုတ်ဘူးနော်၊ ကျွန်တော်ကျိယွမ်ကို မသိပါဘူး"
"အစ်ကိုကြီး၊ ဟန်ဆောင်မနေပါနဲ့တော့"
ကျန်းလင်းစုသည် ကျိယွမ်၏နားအနီးသို့ ကပ်ကာ တိုးတိုးလေး ပြောသည်။
"အဲဒီ အလင်းနန်းတော်က လူတွေနဲ့ပတ်သတ်ပြီး အစ်ကိုကြီး ဘယ်လိုစိတ်ကူးထားလဲ"
ကျိယွမ်က လိပ်ပြာမလုံစွာ ဘေးဘီဝဲယာအကုန်ကြည့်လိုက်၏။သူက စိတ်မချသေးသဖြင့် သူထိူင်နေသော ခုံအောက်ပါမကျန် ငုံ့ကြည့်သည်။
ကျန်းလင်းစုကတော့ သူမ၏ဥပါဒါန်သွေးမျိုးဆက်အစ်ကိုကြီးအကြောင်းကို သိနေသဖြင့် မတားဘဲသာကြည့်နေလိုက်သည်။
အကုန်စိတ်ချရပြီဆိုမှ ကျိယွမ်က ခြင်အော်သံမျှသာကျယ်သောအသံဖြင့် ပြောပြ၏။
"ငါက လိုအပ်တာလေးတွေစုဆောင်းဖို့ အပြင်ထွက်ခဲ့တာ၊ သူတို့ရဲ့ လျှို့ဝှက်ကြံစည်နေတာကို မတော်တဆ ချောင်းနားထောင်မိခဲ့တယ်"
"သူတို့က ရှန်ကွမ်းဂိုဏ်းနဲ့ သာ့ရှန်းမင်းဆက်ကိုပါ ဖြုတ်ချချင်နေကြတာပဲ"
ကျန်းလင်းစုသည် ထိတ်လန့်သွားသည်။
ထို့နောက် ကျိယွမ်ထိုင်နေသော ကျူးလျန်ဟွာတို့ရှိနေသောနေရာကို တွတ်ဆမိသွားပြီး ပြောစရာစကားမဲ့သွားသည်။
သူမသည် မီတာနှစ်ဆယ်အကွာတွင်ရှိသော ကျုးလျန်န်ဟွာနှင့် ဝမ်ရှန်းကို ကြည့်လိုက်၏။
ဒီလောက်အကွာအဝေးကနေပြီး အသံပို့ပြီး ပြောနေတဲ့အရာကို အစ်ကိုကြီးကချောင်းနားထောင်မိတယ်တဲ့လား။
"အဲဒါဆို အစ်ကိုကြီးက အဲဒီနှစ်ယောက်နဲ့ပတ်သတ်ပြီး အကြံရှိလား"
"ရှိတာပေါ့"
ကျိယွမ်သည် ဖြောင့်မတ်သူတစ်ယောက်လို ပြောလိုက်၏။
"ဂိုဏ်းအတွက် ဒီလူယုတ်မာတွေကို သတ်ချင်တယ်"
ကျန်းလင်းစု သူမ၏ရင်ဘက်ကိုပင် ဖိမိသွားသည် ။သူမ၏အစ်ကိုကြီးကို မေးမြန်းခဲ့မိသည်မှာ ကံကောင်းသွားလေသည်။
ထိုသို့မဟုတ်ပါက အစ်ကိုကြီးက စိတ်လိုက်မာန်ပါ လုပ်လိုက်လျှင် သူ့ကိုယ်သူသတ်သလိုဖြစ်ကာ သူမ၏အစီအစဉ်ကို လည်းဖျက်ဆီးမိမှာသေချာသည်။
"အစ်ကိုကြီး၊ အဲဒီနှစ်ယောက်က တကယ်ကို မုန်းစရာကောင်းတယ် ၊ကျွန်မလည်း သူတို့ကို သတ်ချင်တာပေါ့၊ ဒါပေမဲ့ သူတို့က အားကြီးတယ်၊ ကျွန်မတို့က သူတို့နဲ့ ယှဉ်နိုင်မှာ မဟုတ်ပါဘူး"
ကျန်းလင်းစုသည် ကျိယွမ်ကိုနားချရန် ဆုံးဖြတ်လိုက်သည်။
ကျူးလျန်ဟွာကို သတ်ရန် သူမတွင်ကိုယ်ပိုင်အစီအစဉ်များ စိတ်ကူးထားပြီးဖြစ်သော်လည်း အစ်ကိုကြီးကို ပြောပြရန် မသင့်တော်ပါ။
"ဆရာတူအစ်ကိုကြီး၊ ကျွန်မနောက်ကို လိုက်ပြီး ကျွန်မပြောသလိုပဲနေပေး၊ဒါဆိုရင် သူတို့နှစ်ယောက်ကို ကျွန်မတို့အတူတူ သတ်လို့ရပြီ"
ကျိယွမ်သည် မယုံရဲသလို တွန့်ဆုတ်နေ၏။
"ငါတို့က အရမ်းအားနည်းတယ်၊တော်ကြာ သူတို့ကို မနိုင်ရင် ဘယ်လိုလုပ်မလဲ"
ကျန်းလင်းစုမှာ ကျိယွမ်ကိုကြည့်ကာ အနည်းငယ်ခါးသီးစွာ ပြုံးလိုက်သည်။
အစ်ကိုကြီးက ကိုယ့်ကိုယ်ကို အားနည်းမှန်းတော့သိတယ်ပေါ့။
အကယ်၍ သူမသာရောက်မလာခဲ့ပါက ကျိယွမ်သည် ထိုနှစ်ယောက်ကိုဒုက္ခပေးရန် သေချာပေါက်လိုက်သွားလိမ့်မည်ဟု ခံစားရသည်။
သူ၏အစ်ကိုကြီးသည် ဥပါဒါန်သွေးမျိုးဆက်ဖြစ်သည်။
ထို့ကြောင့် သူ၏တွေးခေါ်ပုံက ရိုးရိုးလူများနှင့် မတူပေ။ကြောက်ချင်လျှင် အဆုံးစွန်ထိတွေးကာကြောက်နေတတ်ပြီး ၊တစ်ခုခုလုပ်ချင်ပြီဆိုလျှင်လည်း ရှေ့နောက်မစဥ်းဘဲထလုပ်တတ်သည်။
ထို့ကြောင့် ဘာမဆိုဖြစ်ပျက်သွားနိုင်သည်ဟု သူမထင်နေသည်။
"စိတ်မပူပါနဲ့၊ ကျွန်မမှာ သူတို့နှစ်ယောက်လုံးကို သေချာပေါက်သတ်နိုင်တဲ့ ရတနာတစ်ခု ရှိပါတယ်၊ အစ်ကိုကြီးကသာ ကျွန်မပြောတဲ့အတိုင်း လုပ်ပါ ၊မဆင်မခြင် မလုပ်ပါနဲ့၊ ဒါမှမဟုတ် အမှားတွေလုပ်မိသွားနိုင်တယ်"
ကျန်းလင်းစုပြောပြီးသည်နှင့် အဆောင်သုံးခုကို ချီယွမ်လက်သို့ ပေးလိုက်သည်။
"ဒီတစ်ခုက ဖုံးကွယ်နိုင်တဲ့အဆောင်၊ဒါကကြေးနီသံချပ်ကာအဆောင်၊နောက်ဆုံးတစ်ခုကတော့ ရေလှိုင်းလွတ်မြောက်ခြင်းအဆောင်ပဲ ၊ဒါတွေနဲ့ဆိုရင် ပုန်းနေလို့လည်းရသလို ကာကွယ်ဖို့နဲ့ထွက်ပြေးဖို့လည်း အခက်အခဲမရှိဘူး"
ကျိယွမ်၏ မျက်လုံးများ အရောင်တောက်သွားပြီး အဆောင်များကို လက်ခံလိုက်သည်။
"ကျေးဇူးတင်ပါတယ် ညီမလေး"
"ဒါဆိုအဆောင်တွေသုံးပြီးသူတို့နောက်ကို လိုက်ကြတာပေါ့"
"ကောင်းပြီလေ"
သူတို့နှစ်ဦးသည် အဆောင်များကို အသုံးပြု၍ ဈေးထဲမှ ထွက်ခွာလာ၏။
ကျူးလျန်ဟွာနှင့်ဝမ်ရှန်းတို့ကလည်း စျေးမှထွကိခွာနေပြီဖြစ်လေသည်။
ကျိယွမ်နှင့် ကျန်းလင်းစုတို့သည် သူတို့၏နောက်မှ ပုန်းကွယ်၍ ဆက်လိုက်နေသည်။
"အစ်ကိုကြီး၊ ကျွန်မနားမှာ ကပ်နေပါ"
ကျန်းလင်းစုက ကျိယွမ်အား သူ၏အနီးသို့ခေါ်ထားသည်။
သူမနှင့် အလှမ်းဝေးနေလျှင် တိုက်ခိုက်မှုများဖြစ်လာသောအခါ သူ့ကိုကာကွယ်ပေးနိုင်မည် မဟုတ်မည်ကို စိုးရိမ်သောကြောင့်ပင်။
"အင်း"
ကျိယွမ်သည် ရုတ်တရက် ကျန်းလင်းစုအနားသို့ပို၍နီးကပ်စွာ ရွှေ့လိုက်သည်။
သူတို့နှစ်ဦးကြားအကွာအဝေးသည် အလွန်နီးကပ်သွားပြီး ကျန်းလင်းစုမှာကျိယွမ်၏ အနည်းငယ်စိတ်လှုပ်ရှားနေသည့် အသက်ရှူသံကိုခံစားမိကာ သူမ၏လှပသောမျက်နှာလေး နီမြန်းသွားသည်။
အမျိုးသားတစ်ယောက်နှင့် ဤမျှအထိနီးကပ်စွာနေဖူးခြင်းမှာ သူမအတွက်ပထမဆုံးအကြိမ် ဖြစ်သည်။
သို့သော် ဆရာတူအစ်ကိုကြီး၏လုံခြုံရေးကို စိတ်ပူနေသဖြင့် သူမကတွန့်ဆုတ်မနေဘဲ ကျိယွမ်၏လက်ကို ဆွဲလိုက်သည်။
"ဆရာတူအစ်ကိုကြီး၊တစ်ခုခုဆိုရင် အန္တရာယ်လွတ်အောင် ကျွန်မနောက်မှာနေပါ"
"အေးပါ ၊ငါ နောက်ကနေပြီး နင့်ကို ကာကွယ်ပေးမယ်"
ကျိယွမ်ကလည်း ကျန်းလင်းစု၏လက်ကိုပြန်လည်ဆုပ်ကိူင်ပြီးနောက် ကျုးလျန်ဟွာနှင့်ဝမ်ရှန်းတို့နောက်သို့ တိတ်တဆိတ် လိုက်သွားကြသည်။
အမွှေးတိုင်တစ်တိုင်ခန့် အကြာတွင် သစ်တောတစ်ခုထဲသို့ ရောက်ရှိလာ၏။
တောအုပ်က အလွန်တိတ်ဆိတ်နေပြီး လူအရောက်အပေါက်နည်းသည့်ပုံရလေသည်။
လူတစ်ယောက်မှမလာသောနေရာလည်းဖြစ်နိုင်သည်။
ကျန်းလင်းစုသည် ရန်သူနှစ်ယောက်ထံ အာရုံအပြည့်ဖြင့်ကြည့်ကာ တည်ငြိမ်နေသော်လည်း ကျိယွမ်ကတော့ စိုးရိမ်ပူပန်နေဟန်ရှိသည်။
သူ၏အသက်ရှူသံက မြန်ဆန်နေပြီး ကျန်းလင်းစုသည် ထူးဆန်းသော ခံစားမှုတစ်ခုကို ခံစားရသည်။
"အစ်ကိုကြီး အခြေအနေပေးတာနဲ့ကျွန်မတို့ တိုက်ခိုက်ပြီး သူတို့ကို သတ်ပစ်မယ်"
"ငါသိပါတယ် ၊ခိုးကြောင်းခိုးဝှက်တိုက်ရမှာ မှတ်လား"
"ဟုတ်တယ်၊ ကျွန်မ ပြောတဲ့အတိုင်းသာ လိုက်လုပ်ပါ"
ကျန်းလင်းစုက ရန်သူများထံမှ အကြည့်ကိုမခွာဘဲ အလေးအနက်အသိပေးလိုက်သည်။
သူမ၏မျက်လုံးများက အလွန်လေးနက်နေပြီး သတိအပြည့်ရှိသည်။
အခြေတည်အဆင့်အထွတ်အထိပ်တစ်ယောက်နှင့်အလယ်အလတ်အဆင့်တစ်ယောက် ။
ထိုနှစ်ယောက်၏စုပေါင်းတိုက်ခိုက်မှုကို သူမတစ်ယောက်တည်းရင်မဆိုင်နိုင်ကြောင်း ကျန်းလင်းစု ကောင်းစွာသိသည်။
သို့သော် သူမ၏များပြားလှသော ရတနာများကြောင့် အခွင့်အရေးကိုအသုံးချပြီး ထိုနှစ်ယောက်ကို လုပ်ကြံသတ်ဖြတ်နိုင်၏။
သူတို့က တောက်လျှောက်လိုက်ပါနေသော်လည်း ဝမ်ရှန်းနှင့်ကျူးလျန်ဟွာက ရပ်တန့်မသွားသေးပါ။
သူတိူ့က လူသူကင်းမဲ့သော တောအုပ်၏ အတွင်းဆုံးအပိုင်းထိ ဝင်ရောက်လာပြီးမှ တစ်နေရာတွင် ရပ်တန့်သွားသည်။
ထို့နောက် တစ်စုံကို တိုးတိတ်စွာဆွေးနွေးနေဟန် စကားပြောဆိုနေကြသည်။
အချိန်ကြလေပြီ။
ကျန်းလင်းစု၏မျက်လုံးများက အေးစက်သွားပြီး အဆောင်စာရွက်တစ်ရွက် ဆုပ်ကိုင်လိုက်၏။
အခြေအနေပေးနေပြီမို့ သူမ၏အဆောင်စာရွက်များကိုအသက်သွင်းရန် ပြင်လိုက်သည်။
ထိုအချိန်မှာပင် ကျိယွမ်သည် ရုတ်တရက် သူမအားလက်တို့လိုက်လေသည်။
"ညီမလေး၊ အခုက အကောင်းဆုံးအချိန်ပဲ၊ ငါသူတို့ကို ဘယ်လိုခိုးကြောင်ခိုးဝှက်ပုန်းပြီးတိတ်တိတ်လေးတိုက်ခိုက်မယ်ဆိုတာကို ကြည့်လိုက်"
စကားဆုံးသည် ကျိယွမ်သည် မီးဖိုချောင်သုံးဓားကိုထုတ်ကာ ပေါ်တင်ကြီး ပြေးဝင်သွားတော့သည်။
ကျန်းလင်းစု မျက်လုံးပြူးသွား၏။
ခိုးကြောင်ခိုးဝှက်တဲ့လား။
သူမ၏အဆောင်စာရွက်များကို အသက်သွင်းပြီးသည်နှင့် သတိလက်လွတ်ဖြစ်နေသော ထိုနှစ်ယောက်မသိခင်မှာ တိုက်ခိုက်လိုက်ရုံသာကျန်တော့သည်။
သူမ အစ်ကိုကြီးကျိယွမ်သည် ယခုလို စိတ်လိုက်မာန်ပါလုပ်လိမ့်မည်ဟု လုံးဝ မျှော်လင့်မထားခဲ့ပါ။
ထိုနှစ်ယောက်လုံးသည် အခြေတည်အဆင့်၏ ထိပ်ပိုင်းများဖြစ်လေသည်။
ချီသန့်စင်ခြင်းအဆင့်သာရှိသူက ထိုနှစ်ယောက်ထံ တည့်တည့်ကြီးပြေးဝင်သွားလေပြီ။
မည်သည့်အဆောင်ရတနာကိုမှ မသုံးဘဲ မီးဖိုချောင်းသုံးဓားလေးတစ်ချောင်းသာ ပါ၏။
ဒါကို တိတ်တဆိတ်ချောင်းပြီး လုပ်ကြံတယ်လို့ခေါ်တယ်တဲ့လား။
ကျန်းလင်းစုခမျာ တားရန်ပင်အခွင့်အရေးမရခဲ့ပါ။ကျိယွမ်က ရန်သူနှစ်ယောက်အနီးသို့ ရုတ်ခနဲရောက်ရှိသွားလေပြီ။
ကျန်းလင်းစုမှာ စိုးရိမ်လွန်း၍ အသံကုန်ဟစ်ကာ အော်မိတော့သည်။
"ဆရာတူအစ်ကိုကြီး......."
-------------------