နောက်ဆုံးအဆင့်
Vol. 5 Ch. 71
ကျန်းလင်းစု အသံကုန်ဟစ်ကာအော်လိုက်မိစဥ်မှာပင် ကျိယွမ်သည် ကျူးလျန်ဟွာနှင့်ဝမ်ရှန်းတို့နှစ်ဦးလုံးကို ဟင်းသီးဟင်းရွက်လှီးသကဲ့သို့ အလွယ်တကူခုတ်ပိုင်းပစ်လေသည်။
အခြေတည်အဆင့်နှစ်ဦးမှာ သူတို့ကိုယ်သူတို့ဘာဖြစ်သွားသည်ကိုပင် သိလိုက်ဟန်မတူချေ။
ကျန်းလင်းစုမှာ ပါးစပ်အဟောင်းသားဖြစ်သွားပြီး မြင်ကွင်းကို မယုံနိုင်စွာငေးကြည့်နေမိ၏။
အခြေတည်အဆင့်နှစ်ယောက်က ဘာမှန်းပင်မသိလိုက်ခင်မှာ သေသွားသည်တဲ့လား။
လတ်ဆတ်သောသွေးနံ့နှင့်အတူ နီရဲသောသွေးများကို မြင်လိုက်ရသောအခါ ကျိယွမ်၏မျက်လုံးများက ထိတ်လန့်ဖွယ်အေးစက်သွား၏။
ဒီလှေကားထစ်ကို ငါရအောင်တတ်မယ်။အကုန်လုံးကို သတ်။
သူက မီးဖိုချောင်သုံးဓားကို တင်းကျပ်စွာကိုင်လျှက် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
"သတ်..."
"သေစမ်း..."
"သေကြစမ်..."
ကျူးလျန်ဟွာနှင့်ဝမ်ရှန်းတို့၏ အလောင်းများ ကျိယွမ်၏ဓားချက်များကြောင့် မြင်ရက်စရာမရှိအောင် ပွင့်ထွက်ကုန်သည်။
"သေစမ်း..."
"သေကြစမ်း..."
ကျိယွမ်က သွေးစွန်းနေသောဓားကိုကိုင်ကာ ကြောက်မက်ဖွယ်အော်ဟစ်နေသည်ကို မြင်သောအခါ ကျန်းလင်းစု သည်းခြေပျက်မတတ်ထိတ်လန့်သွား၏။
သို့သော်ကျိယွမ်က ချက်ချင်းသတိပြန်ဝင်သွားသည်။
"ခွေးဂိမ်း...ညစ်ပတ်တဲ့ဂိမ်း...မင်းကိုငါနိုင်အောင် ဆော့ပြမယ်၊ရန်သူတွေအကုန် သတ်ပြမယ်ကွ"
ကျိယွမ်၏ အော်ဟစ်သံကိုကြားသောအခါ ကျန်းလင်းစု၏ မျက်တောင်ရှည်ကြီးများ ပုတ်ခတ်ပုတ်ခတ်ဖြစ်သွားသည်။
သူမက သနားစဖွယ်မျက်ဝန်းလေးများဖြင့် ကျိယွမ်အားကြည့်လိုက်၏။
“အစ်ကိုကြီး၊ ကျွန်မ ဘာမှမမြင်လိုက်ပါဘူး၊ ဘာမှလည်း မသိဘူးနော်”
ကျန်းလင်းစုသည် ဆရာတူအစ်ကိုကြီးအား ရှေးဟောင်းနတ်ဆိုးကြီးတစ်ပါး ဝင်ပူးနေသလားဟု ထင်မိလိုက်သည်။
မီးဖိုချောင်သုံးဓားတစ်ချောင်းတည်းဖြင့် အခြေတည်အဆင့်နှစ်ဦးကို မျက်စိတစိမှိတ်အတွင်း သတ်ပစ်နိုင်သည်မှာ အလွန်ကြောက်စရာကောင်းသည်။
ထို့ကြောင့် သူ၏ခန္ဓာကိုယ်မှ ပြင်းထန်သော သတ်ဖြတ်လိုစိတ်များ ထွက်ပေါ်လာခြင်းပင်ဖြစ်ရမည်။
ထို့အပြင် သတ်ဖြတ်ရသောဂိမ်းများကို နေမအိပ်ညမနား အလွန်အကျွံဆော့ကစားသောကြောင့် သူ့ခန္ဓာကိုယ်တွင်သတ်ဖြတ်လိုစိတ်များ ပြည့်နေခြင်းဖြစ်နိုင်၏။
သာမန်လူများက ဂိမ်းထဲမှသတ်ဖြတ်မှုများကိုအလေးအနက်မထားသော်လည်း သူမ၏အစ်ကိုကြီးမှာဥပါဒါန်သွေးမျိုးဆက်တစ်ယောက်ဖြစ်သည်။
သူ၏ဂိမ်းအပေါ်စွဲလမ်းမှုက ယခုကဲ့သို့ အရူးတစ်ယောက်လို အပြုအမူများကို ဖြစ်စေနိုင်သည် မဟုတ်ပါလား။
ကျန်းလင်းစုကျင့်ကြံနေချိန်တွင် သူသည် ဂိမ်းထဲ၌နေ့တိုင်း အမဲလိုက်နေရပုံပေါ်သည်။
"ဆရာတူအစ်ကိုကြီး ခုနကသတ်သွားတဲ့ပုံစံမျိုးက အမြုတေအဆင့်တစ်ယောက်ဆိုရင်တောင် သတိမထားမိရင်ဒဏ်ရာကြီးကြီးရသွားနိုင်တယ်"
ကျန်းလင်စူးသည် ကျိယွမ်ကို ကြည့်ကာ ပြင်းထန်စွာ စိတ်လှုပ်ရှားနေသည်။
ကျိယွမ်ကတော့ သတ်တုန်းကသတ်လိုက်ပြီး ယခုမှ အလင်းနန်းတော်ကိုသတိရသွားကာ ထူပူသွားလေသည်။
ညီမလေးကျန်းလင်းစုက ပါးနပ်လှသည်။ချက်ချင်းပင် ဘာမှမသိပါဘူးဟုဆိုကာ ကိစ္စအပြင်သို့ ထွက်ထိုင်နေ၏။
“ညီမလေး၊ နင်က အစ်ကိုကြီးကိုဒီလိုလုပ်ပြီးမှ တာဝန်မယူဘဲဘယ်လိုလုပ်ရက်ရတာလဲ”
ကျန်းလင်စုက အံ့သြသွားပြီး ကျိယွမ်၏မျက်နှာအမူအရာကို စူးစိုက်ကြည့်သည်။
ကျိယွမ်မှာ စိုးရိမ်ထိတ်လန့်နေပြီး နောင်တကြီးစွာရနေ၏။သူကဟန်ဆောင်နေပုံမရပေ။ကျန်းလင်းစု၏စကားကြောင့် အားငယ်နေပုံလည်း ရလေသည်။
အခြေတည်အဆင့်ကျင့်ကြံသူနှစ်ဦးကို သက်ပစ်လိုက်သူမှာ သူမှဟုတ်ပါလေစဟုပင် စဥ်းစားယူရသည်။
သူမ၏ အကဲဖြတ်မှုကပင် မှားသွားခဲ့လေသလား သို့မဟုတ် ရှေးဟောင်းနတ်ဆိုးကြီး၏ဟန်ဆောင်နိုင်စွမ်းကပင် အလွန်မြင့်မားနေလေသလား မသိတော့ပေ။
ကျန်းလင်းစုသည် ကောင်းကင်နှင့်မြေကြီးကြေးမုံအစိတ်အပိုင်းကို လျှို့ဝှက်စွာ အသက်သွင်းလိုက်သည်။
သူမ၏အစ်ကိုကြီးအား ပူးကပ်နေသော နတ်ဆိုးကိုဖော်ထုတ်ရမည်။
သို့သော် ထွက်ပေါ်လာသည့်ရလဒ်တွင် သူမ၏အစ်ကိုကြီးသည် ချီသန့်စင်ခြင်းအထွတ်အထိပ်အဆင့်သာရှိပြီး သူ၏ဝိညာဉ်သည်လည်း မပျက်စီးသေးပေ။ ဝင်ပူးခံရသော အရိပ်အယောင်များလည်း မရှိပါ။
ကျန်းလင်းစုမှာ ထိတ်လန့်သွားသလို ဝမ်းလည်းသာသွားသည်။
သူမ၏အစ်ကိုကြီးက မယုံနိုင်စရာကောင်းအောင်တိုက်ခိုက်နိုင်သည်ကို သိလိုက်ရသောကြောင့် ထိတ်လန့်ခြင်းဖြစ်ပြီး သူမ၏ အစ်ကိုကြီးမှာ ရှေးဟောင်းနတ်ဆိုးကြီး ဝင်ပူးခံထားရသူမဟုတ်သောကြောင့်လည်း ဝမ်းသာရသည်။
သို့သော် ကျန်းလင်းစုမှာ ကျိယွမ်၏တိုက်ခိုက်ပုံကို ယခုထိနားမလည်နိုင်သေးပါ။
သူမက ကျိယွမ်၏ လှုပ်ရှားမှုများကို ပြန်တွေးကြည့်လိုက်သည်။
သူသည် မည်သည့်ထူးခြားသော လှုပ်ရှားမှုမှမပါဘဲ မီးဖိုချောင်သုံးဓားတစ်ချောင်းတည်းဖြင့် အခြေတည်အဆင့်ကျင့်ကြံသူနှစ်ဦးကို သတ်ပစ်နိုင်ခဲ့သည်။
အဘယ့်ကြောင့်နည်း။
သူမမနေနိုင်တော့ပါ ။ ထုတ်မေးမိတော့သည်။
“အစ်ကိုကြီး၊ ရှင်ကဘာလို့ ဒီလောက်တော်နေရတာလဲ။လျှို့ဝှက်ချက်ဆိုရင်တော့ ကျွန်မကို မပြောလဲရပါတယ်”
“နင် ငါ့အတွက် တာဝန်ယူမယ်လို့ ကတိပေးရင် ငါပြောပြမယ်”
ကျိယွမ်က အခွင့်အရေးယူကာ တောင်းဆိုလိုက်၏။
ကျန်းလင်းစု ခေါင်းကိုက်သွားသည်။
ငါ့ရဲ့မူလဆရာတူအစ်ကိုကြီး ပြန်ရောက်လာပြီပဲ။
“ကျွန်မ... တာဝန်ယူပါမယ်”
ကျန်းလင်းစုက တုန့်ဆိုင်းစွာပြောလိုက်သည်။
ထိုစကားသည် သူမကအစ်ကိုကြီးနှင့်အတူအိပ်ပြီးမှ အစ်ကိုကြီးအပေါ်မသိကျိုးနွံလုပ်မိသလိုမျိုး ခံစားရစေသည်။
“ဘာလို့လဲဆိုတော့ ဂိမ်းထဲမှာ ငါကအဆုံးမရှိတဲ့သတ်ဖြတ်ခြင်းတွေကို နေ့တိုင်းတွေ့ကြုံနေခဲ့ရလို့ပဲ"
"နေ့တိုင်း သတ်ရတယ်၊အချိန်တိုင်းသတ်ရတယ်၊အမြဲတမ်း သတ်နေရတာပဲ၊ ဘယ်လောက်ကြာသွားလဲတောင် မသိတော့ပါဘူး”
ကျိယွမ်က သက်ပြင်းချကာအလေးအနက် ပြောပြလိုက်သည်။ သူ၏အသံမှာလည်း အနည်းငယ်ပင်ပန်းသလို နွမ်းလျနေသည်။
တကယ်ပဲ ဂိမ်းကျောက်ပြားထဲမှာလား။
ကျန်းလင်းစုသည် ကျိယွမ်ကို ကြည့်ကာ ရှင်းမပြနိုင်သောနာကျင်မှုကို ခံစားရသည်။
ကျိစယ်တောင်ထွတ်ပေါ်မှဆရာအကြောင်းကို စဥ်းစားမိသောအခါ သူမရုတ်တရက်သဘောပေါက်သွားသည်။
အခြေတည်အဆင့်နှစ်ယောက်ကို သတ်ရာတွင် ဆရာတူအစ်ကိုကြီး ပြသခဲ့သော စွမ်းရည်များသည် ထူးခြားမှုမရှိသော်လည်းသူ၏တိုက်ခိုက်ရေးနည်းစနစ်များသည် အလွန်ချောမွေ့နေသည်။အပြစ်ပင်ရှာမတွေ့အောင် ညက်ညောသည်။
အဆုံးမရှိသောတိုက်ခိုက်မှုနှင့် သတ်ဖြတ်မှုမရှိဘဲ ထိုကဲ့သို့သောကျွမ်းကျင်မှုမျိုးကို ရရှိရန်မလွယ်ပါ။
သူမ၏အစ်ကိုကြီးတွင်ရှိသော ဂိမ်းကျောက်ပြားသည် ထိုကဲ့သို့သောတိုက်ခိုက်မှုများကို လေ့ကျင့်နိုင်သည့်အတွက် အလွန်တန်ဖိုးရှိရမည်။
ထိုကဲ့သို့ တန်ဖိုးကြီးသော ကျောက်ပြားကို အစ်ကိုကြီးက မည်သို့ရရှိခဲ့သနည်း။
သေချာပေါက်မှာ ကျိစယ်တောင်ထွတ်ပေါ်မှ လျှို့ဝှက်ဆန်းကြယ်သောဆရာက ပေးထားခြင်းပင်ဖြစ်ရမည်။
သို့သော် ကျန်းလင်းစုမှာ တစ်ခုကိုတော့ အံ့အားသင့်မိသည်။
ချီသန့်စင်ခြင်းအဆင့်တွင် တိုက်ခိုက်ရေးစွမ်းရည်များကို ဘာကြောင့် ဦးစားပေးလေ့ကျင့်ရသနည်း။
ချီအပေါ်အခြေခံကာ ကျင့်ကြံခြင်းကိုသာ အာရုံထားသင့်သည်။ကျင့်ကြံမှုအဆင့်မြင့်လာသည်နှင့်အမျှ တိုက်ခိုက်ရေးစွမ်းအားက နောက်ကလိုက်လာမည်သာဖြစ်သည်။
တိုက်ခိုက်ရေးစွမ်းရည်မည်မျှပင်ကောင်းစေကာမူ ကျင့်ကြံဆင့်ကွာခြားလျှင် ဘာတတ်နိုင်မည်နည်း။
သို့သော် အစ်ကိုကြီးအနေဖြင့်ဆိုလျှင်တော့ ဤမျှတိုက်ခိုက်နိုင်သည်ကပင် အံမခန်းဖြစ်နေလေပြီ။
ကျန်းလင်းစုက ကျိယွမ်အားချီးမွမ်းလိုက်သည်။
“အစ်ကိုကြီး၊ အစ်ကိုကြီးက တကယ့် အံ့မခန်းပဲ။မသေမျိုးလမ်းစဥ်ထွန်းကားတဲ့ ဒေသတွေမှာဆို အစ်ကိုကြီးကိုတကယ့်ပါရမီရှင်တစ်ယောက်လို့ သတ်မှတ်ကြမှာသေချာတယ်"
သို့သော်သူမက စကားတစ်ခွန်းကိုတော့ ချန်ထားခဲ့၏။
အစ်ကိုကြီးက မွေးကင်းစပါရမီရှင်တစ်ဦးအဖြစ်သာ သတ်မှတ်နိုင်သည်၊ အရွယ်ရောက်ပြီးသောပါရမီရှင်များနှင့်တော့ အလွန်ဝေးကွာနေသေးသည်မဟုတ်ပါလား။
အစ်ကိုကြီးကျိယွမ်၏ တိုက်ခိုက်နိုင်စွမ်းက ပုံမှန်ချီသန့်စင်ခြင်းအဆင့်ကျင့်ကြံသူတစ်ဦးထက် အဆများစွာသာလွန်သည်။
ထိုပါရမီရှင်မျိုးကရှားပါးသော်လည်း ကျန်းလင်းစုသည် သူတို့၏အဆင့်ထက်ကျော်လွန်တိုက်ခိုက်နိုင်သူများကို မြင်ဖူးသည်။ထိုသူများက ပို၍ပင်အစွမ်းထက်ကြသေးသည်။
ဆရာတူအစ်ကိုကြီးကျိယွမ်မှာ သာမန်ပါရမီရှင်တစ်ယောက်သာဖြစ်သည်။သို့သော်သူ၏တိုက်ခိုက်ရေးစွမ်းရည်က ဤမျှထူးချွန်နေခြင်းမှာ အကြောင်းရင်းရှိသည်။
အဓိကမှာ လျှို့ဝှက်ဆန်းကြယ်သော ဆရာကြောင့်ပင်။ထိုဆရာ၏တပည့်ဖြစ်နေသောကြောင့် ပါရမီရှင်များနှင့် နှိုင်းယှဥ်နိုင်သည်မှာ ပုံမှန်ပင်ဖြစ်၏။
အတွေးများနှင့်အတူ ကျန်းလင်းစုက ကျိယွမ်အားသေချာကြည့်မိသည်။
ပါရမီရှင်တစ်ဦးကဲ့သို့ ထူးချွန်သောတိုက်ခိုက်နိုင်စွမ်းရှိသည်။
သူမတူအောင်ချောမောသော အသွင်အပြင်ကိုလည်း ပိုင်ဆိုင်ထားသည်။
ကောင်းမွန်သောစိတ်ထားမျိုးလည်း ရှိ၏။
ထိုသို့တွေးမိသောအခါ သူမ၏နှလုံးသားလေးသည် တဖျပ်ဖျပ်ခုန်လာခဲ့သည်။
ကျိယွမ်ကတော့ မသိပါ။
ကျန်းလင်းစုက သူ့ကိုပါရမီရှင်များနှင့် နှိုင်းယှဥ်သည်ကို ကြားရသောအခါ လက်ခံသလိုခေါင်းညိတ်ပြသော်လည်း ပါးစပ်ကတော့ မလျှော့ပါ။
“ညီမလေး၊ ငါ့ကို မြှောက်ပင့်ပြီးလမ်းလွှဲမလို့လား၊ မရဘူး ၊ကတိအတိုင်း တာဝန်ယူပေးပါ”
ကျန်းလင်းစုသည် သူမ၏စိတ်ကူးယဥ်အိမ်မက်ကလေး တစ်စစီနင်းချေခံလိုက်ရသလို ခံစားရသည်။
သူမစိတ်ပျက်သွားလေ၏။
“အစ်ကိုကြီးက ပါးစပ်မရှိရင်ပိုကောင်းလိမ့်မယ်”
“ပါးစပ်ရှိရှိ မရှိရှိ တာဝန်ယူရမယ်၊
ဒီကိုလာဖို့ နင်တိုက်တွန်းခဲ့တာ၊ နင်က အဓိကခေါင်းဆောင် ၊ ငါက သာမန်နောက်လိုက်ပဲ”
ကျိယွမ်က လုံးဝအလျှော့မပေးပါ။သူက မျက်နှာပြောင်စွာ အခိုင်အမာကို ပုတ်ထုတ်နေ၏။
ကျန်းလင်းစုသည် ကျိယွမ်ကို မျက်လုံးလှန်ကြည့်လိုက်သည်။
သူမ၏အကြည့်တွင် အမျိုးမျိုးသောခံစားချက်များ ပြည့်နေသည်။
“ဒီနှစ်ယောက်ကို ကျွန်မပဲ သတ်လိုက်တာပါ”
ကျန်းလင်းစုက တိုးတိုးလေးပြောသည်။
ယခုနေရာသို့ မလာမီကပင် ထိုနှစ်ယောက်အားသတ်ဖြတ်လိုက်လျှင် ဖြစ်လာနိုင်မည့်အကျိုးဆက်များကို မည်သို့ ကိုင်တွယ်ရမည်ကို သူမ စီစဥ်ထားခဲ့ပြီးဖြစ်သည်။
သူမသည် ရှန်ကွမ်းဂိုဏ်းကို အပြစ်ပုံချမည်မဟုတ်ဘဲ တာဝန်အပြည့်အဝ ယူမည်ဖြစ်သည်။
ကျိယွမ်က ထိုစကားကို ကြားသောအခါမှ စိတ်သက်သာရာရသွားတော့သည်။
“ငါက မတော်တဆ ဖြတ်သွားတုန်းမှာ ဒီနှစ်ယောက်က ညီမလေးကိုအရင်တိုက်ခိုက်ခဲ့လို့ ညီမလေးက ရွေးချယ်စရာမရှိဘဲ ပြန်ပြီးတိုက်ခိုက်ခဲ့ရတာကို မြင်လိုက်တယ်လို့ သက်သေခံနိုင်တယ်”
ကျန်းလင်းစုသည် အစ်ကိုကြီး၏ ယုတ္တိဗေဒကျသောစကားများကို လက်ခံမိမလိုပင် ဖြစ်သွားသည်။
ဒါက လူသားတွေရဲ့ဘာသာစကားမှဟုတ်ရဲ့လား။
လူသတ်သမားကနေ ချက်ချင်းကြီး မျက်မြင်သက်သေဖြစ်သွား၏။
မည်မျှဗလောင်းဗလဲနိုင်လွန်းလှလေသနည်း။
မတတ်နိုင်စွာပင် ကျန်းလင်းစုသက်ပြင်းချမိ၏။
ထို့နောက် ကျန်းလင်းစုသည် ရုပ်ပျက်ဆင်းပျက်ဖြစ်နေသာ ကျုးလျန်ဟွာ၏အလောင်းနားသို့ သည်းခံကာချည်းကပ်သွားသည်။
ဂိမ်းများကတိုးတက်စေနိုင်သော်လည်း တရားလက်လွတ်စွဲလမ်းမိလျှင် ယခုလိုခဏတာ ရူးသွပ်သွားစေနိုင်သည်ဟု တွေးမိ၏။
သူမက ကျူးလျန်ဟွာ၏ သိုလှောင်အိတ်ကို ယူကာစစ်ဆေးလိုက်သည်။
သူမ၏ လက်ကို ခါလိုက်သောအခါ ကျောက်စိမ်းပြားတစ်ခုက သူမ၏ လက်ဖဝါးထဲသို့ ကျလာခဲ့သည်။
ကျန်းလင်းစုက သဘောပေါက်သွားဟန်ဖြင့် ရေရွတ်လေသည်။
“ထင်ထားတဲ့အတိုင်းပဲ၊အလင်းနန်းတော်ကသာ့ရှန်းကိုထိန်းချုပ်ပြီး ကျင့်ကြံခြင်းဂိုဏ်းတွေပါမကျန် သူတို့လက်အောက်ထဲကို ထည့်သွင်းဖို့အတွက် သူ့ကို စေလွှတ်လိုက်တာပဲ”
ကျိယွမ်မျက်ခုံးကျုံ့သွား၏။သူနားမလည်ပါ။
“ဘာပြောတာလဲ”
“အရှေ့ပိုင်းဒေသမှာ ပြည်နယ် ၁၃ ခုရှိတယ်၊ အလင်းနန်းတော်က ဆွေ့ယွမ်မသေမျိုးပြည်နယ်မှာရှိပြီး အဲဒီကနေ တစ်ရာသောတိုင်းပြည်တွေကို နတ်လှေနဲ့သွားရင် တစ်လခွဲလောက်ကြာတယ်"
တစ်ရာသောတိုင်းပြည်တွေမှာ အလင်းနန်းတော်လို ကြီးမားတဲ့ဂိုဏ်းတွေမရှိသလို အမြဲတမ်း စစ်ဖြစ်နေကြတယ်၊သာ့ရှန်းတိုင်းပြည်ကတော့ တစ်ရာသောတိုင်းပြည်တွေထဲက တစ်ခုပဲ"
"တကယ်တော့ တစ်ရာသောတိုင်းပြည်တွေက အရှေ့ပိုင်းဒေသတွေရဲ့ ပြည်နယ်တစ်ခုစာလောက်ပဲ ရှိတယ်”
ကျိယွမ် အများကြီးစဥ်းစားသွားသည်။လောကကြီးက ထိုမျှကျယ်ပြန့်နေသည်ကို သူမသိခဲ့ပါတကား။
“ဒီမြေပုံက တော်တော်ကြီးတာပဲ။ ဒါဆို ငါက တောင်ပေါ်ကဆင်းလာတဲ့ တောသားလေးပေါ့”
ကျိယွမ်က ကျိစယ်တောင်ထွတ်ကို ဝင်ရောက်ပြီးနောက် အကြီးဆုံးတပည့်ဖြစ်လာသောအခါ သူ့ကိုယ်သူယောက်ျားတွေကြားထဲက နဂါးတစ်ကောင်ဟုသတ်မှတ်ကာ ဂုဏ်ယူနေခဲ့သည်။
သို့သော် ဤမျှကျယ်ပြန့်သော ကမ္ဘာကြီးအကြောင်းကို ကြားလိုက်ရသောအခါ သူ၏ ဂုဏ်ယူစိတ်များ ပျောက်ကွယ်သွားသည်။
ယခုအခါမှာတော့ တောရွာလေးတစ်ရွာရှိ မူလတန်းကျောင်းတစ်ကျောင်းမှ ကိုးတန်းကျောင်းသားများ၏ ဒုတိယအတန်းခေါင်းဆောင်လေးတစ်ဦးလို ခံစားရသည်။
မဟူရာတောင်တန်းဂိုဏ်းကို ဖျက်ဆီးခဲ့သည်တဲ့လား။
အိမ်နီးချင်း ကလေးဝဝလေးနှင့် ရန်ဖြစ်ပြီး ညဘက်တွင် သူ့အိမ်ကကြက်များကို သွားရိုက်နှက်သကဲ့သို့ ဖြစ်နေသည်။
စိတ်ပျက်သွားပုံရသော ကျိယွမ်ကို ကျန်းလင်းစုက နှစ်သိမ့်သည်။
“အစ်ကိုကြီး၊ ကိုယ့်ကိုယ်ကိုယ် အထင်မသေးပါနဲ့။ တစ်ရာသောတိုင်းပြည်တွေမှာရှိတဲ့ အင်အားစုတွေကလည်း သေးငယ်တာမဟုတ်ဘူး၊ စိတ်မကောင်းစရာက ခရမ်းရောင်နန်းတော်အဆင့်ကျင့်ကြံသူတွေ မရှိတာပဲ”
အရှေ့ပိုင်းဒေသ၏ ပြည်နယ် ၁၃ ခုတွင် သူမ၏ကျန်းမိသားစုကို အဓိကမျိုးနွယ်စုတစ်ခုအဖြစ် သတ်မှတ်သည်။
သို့သော်လည်း အဆင့်မြင့်ကျင့်ကြံသူသူများ၏အမြင်မှာတော့ လက်ဖျောက်တစ်ချက်တီးလိုက်ရုံဖြင့် ကျန်းမျိုးနွယ်ကို ဖျက်ဆီးပစ်နိုင်သည်။
ကျန်းလင်းစုသည် ကန်းလန်ကမ္ဘာ၏ အနာဂတ် ကပ်ဘေးဆိုးကြီးကို အလွန်အစွမ်းထက်သောကျင့်ကြံသူများကလည်း ကြိုတင်မြင်နိုင်သည်ဟု ယုံကြည်ထားသည်။
ထိုကျင့်ကြံသူများသည် သိနေသော်လည်း “အားနည်းသူများ” ကိုပြောပြလျှင် ထိတ်လန့်သွားကြပြီး ပို၍ဆိုးသွားနိုင်သဖြင့် မပြောပြကြခြင်းဖြစ်နိူင်သည်။
သူမအတွေးနက်နေစဥ်မှာပင် ကျိယွမ်၏အသံထွက်လာ၏။
“ကိုယ့်ကိုယ်ကိုယ် အထင်မသေးပါဘူး၊ တော်တော်လေး ကောင်းတယ်လို့တောင်ခံစားရတယ်”
ပထမတွင် စိတ်ပျက်အားငယ်သလိုခံစားရသော်လည်း သေချာတွေးကြည့်သောအခါ ကျိယွမ်က လုံခြုံမှုတစ်မျိုး ခံစားရသည်။
ကမ္ဘာကြီးက ပိုကြီးမားပြီး ကျယ်ပြန့်လေလေ သူကပို၍မထင်ရှားလေဖြစ်သည်။
ထို့ကြောင့် ကြောက်မက်ဖွယ်ကောင်းသော ကျင့်ကြံသူများနှင့် တွေ့ဆုံနိုင်ခြေ နည်းပါးသည်။
ခပ်ညံ့ညံ့နေပြီး တိတ်တိတ်လေးတိုးတက်အောင် လုပ်ရမယ်။
“အလင်းနန်းတော်က တစ်ရာသောတိုင်းပြည်တွေထဲက တချို့ကိုထောက်ခံချင်တယ်၊ ကျူးလျန်ဟွာကို ဒီအကြောင်းပြချက်နဲ့ စေလွှတ်လိုက်တာ”
“ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်တာပေါ့၊ သူ သေသင့်တယ်”
ကျိယွမ်က ထိုသူအားသတ်ခဲ့ခြင်းမှာ တရားသည်ဟု ခံစားရသည်။
“ငါ့ရဲ့အရှင်သခင်ဖြစ်ဖို့ စဥ်းစားနေတာ၊ အလင်းနန်းတော်က တကယ်ကို စက်ဆုပ်စရာပဲ”
ကျန်းလင်းစုက ဆက်ရှင်းပြသည်။
“အမှန်ပြောရရင် ကျွန်မကရှင်ဟွာအဖွဲ့ ရဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်ပြီးတော့ အလင်းနန်းတော်ကိုအမြဲ ဆန့်ကျင်နေသူပဲ၊
သူတို့ဘာလုပ်ချင်လုပ်ချင်၊ ကျွန်မက တားဆီးရမယ်”
ကျန်းလင်းစုက လှစ်ခနဲ ပြုံးပြီး
သူမ၏လက်ကို ခါလိုက်သောအခါ ထူးခြားသော ပွင့်ချပ်တစ်ပွင့်က ကျူးလျန်ဟွာ၏ ရင်ဘတ်ပေါ်သို့ရောက်သွားသည်။
“ဒါက ရှင်ဟွာအဖွဲ့ရဲ့ သင်္ကေတပဲ။ အလောင်းကိုအလင်းနန်းတော်ဆီကို ပြန်ပို့တဲ့အခါ ဒီပွင့်ချပ်ကို မြင်ရင် ဘယ်သူသတ်လိုက်လဲဆိုတာ သိကြလိမ့်မယ်”
“အခု ကျွန်မတို့လုပ်ရမှာက သူတို့ရဲ့ အလောင်းတွေကို တစ်ယောက်ယောက်ကရှာတွေ့ပြီး လင်ထျန်နတ်နန်းကို ပို့အောင်လုပ်ဖို့ပဲ”
ထိုကိစ္စက ပြဿနာမရှိပါ။ထို့ကြောင့် ကျိယွမ်က သူသိလိုသောအချက်ကို မေးလိုက်၏။
"ရှင်ဟွာအဖွဲ့ဆိုတာက ဘာအဖွဲ့လဲ"
“ရှင်ဟွာဆိုတာက စိတ်တူကိုယ်တူရှိတဲ့ကျင့်ကြံသူတွေရဲ့ မဟာမိတ်အဖွဲ့ပဲ။
အလင်းနန်းတော်နဲ့မတူတာက ရှင်ဟွာအဖွဲ့က တင်းကျပ်တဲ့စည်းကမ်းတွေမရှိဘဲ လွတ်လပ်တယ်"
"ရှင်ဟွာအဖွဲ့ဝင်တွေဟာ သူတို့ရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို ဖုံးကွယ်ပြီး ဆက်သွယ်တာတွေ အရင်းအမြစ် ဖလှယ်တာတွေ လုပ်နိင်တယ်"
ကျိယွမ် စိတ်ဝင်စားသွားသည်။
ကြားရတာတော့ ကောင်းမဲ့ပုံပဲ။
“ညီမလေး၊အစ်ကိုကြီးရော ဝင်လို့ရမလား”
ကျိယွမ်တွင် လေ့ကျင့်ရန်နည်းစနစ်များ ချို့တဲ့နေသည်။
ထို့ကြောင့် နည်းစနစ်ချို့ရရှိရန် ဝင်ရောက်လိုနေခြင်းဖြစ်သည်။
ကျန်းလင်းစု ပြန်ဖြေပေးသည်။
“ဆရာတူအစ်ကိုကြီး၊အစ်ကိုကြီးရဲ့ပါရမီက ကောင်းပါတယ်၊ ဒါပေမဲ့ အစ်ကိုကြီးရဲ့နောက်ခံကတော့..... အဲဒါက နည်းနည်းနိမ့်နေတယ်”
ကျိယွမ် အံ့အားသင့်သွားသည်။
"ကျင့်ကြံမှုလမ်းစဥ်မှာ နောက်ခံကို ထည့်စဥ်းစားစရာလိုလို့လား။နောက်ခံကောင်းတိုင်း ထိပ်ဆုံးရောက်မယ်ဆိုရင် ဘုရင်တွေနဲ့ မင်းသားတွေကို ဘယ်သူကလိုက်မှီတော့မှာလဲ။ ဒီရှင်ဟွာအဖွဲ့က အမြင်မကျယ်ဘူးပဲ၊ အဓိကနဲ့ သာမညကိုမခွဲတတ်ဘူး၊ အဝေးကြီး သွားနိုင်မှာမဟုတ်ဘူး”
ကျိယွမ်က ဝေဖန်လိုက်သည်။သူ့အားလက်မခံသဖြင့် အထင်သေးခံရသလိုခံစားရ၏။
ဒီအဖွဲ့က ငါ့ကိုသပ်သပ်မဲ့ အထင်သေးနေတာပဲ။
ကျန်းလင်းစုက ကျိယွမ်အားနှစ်သိမ့်ပေးလိုက်သည်။
“လောကကြီးမှာ ပါရမီရှင်တွေက များနေပေမဲ့ အရင်းအမြစ်တွေကတော့ နည်းနေတယ်လေ။အရင်းအမြစ်မရှိရင် ပါရမီရှင်တွေလည်း အမြင့်မတတ်နိုင်ဘူး၊
ဒါပေမဲ့ ရပါတယ်၊ အစ်ကိုကြီး အခြေတည်အဆင့်ရောက်ရင် ကျွန်မရဲ့ အကြံပြုချက်နဲ့ ရှင်ဟွာအဖွဲ့ထဲကို ဝင်ရောက်နိုင်လိမ့်မယ်”
ထိုအခါကျမှ ကျိယွမ်စိတ်ကြည်သွားသည်။
“အင်း...ရှင်ဟွာအဖွဲ့က အမြင်ကျဥ်းပေမဲ့ တော်တော်စိတ်ဝင်စားဖို့ကောင်းတယ်၊ ကျေးဇူးပဲ ညီမလေး”
နဂါးကိုသတ်ခဲ့သော ကျိယွမ်က နောက်ဆုံးတော့ နဂါးဖြစ်လာသည်။
“ဆရာတူ အစ်ကိုကြီး၊ ကျွန်မတို့ အခုသွားသင့်ပြီ”
ကျန်းလင်းစုက ပတ်ဝန်းကျင်အားတစ်ချက်ကြည့်ကာ သတိပေးလာသည်။
ကျိယွမ်က ချက်ချင်းမသွားသေဘဲ အနည်းငယ် ရှက်နေဟန်ဖြင့် မေးလိုက်၏။
“ညီမလေး၊ အလောင်းတွေဆီက မလုယူသင့်ဘူးလား”
သူ၏ညီမလေးက ချမ်းသာသောမိန်းကလေးဖြစ်သောကြောင့် အလောင်းတွေဆီမှ လုယူသည်ကို အထင်သေးနိုင်သည်။
ဒါပေမဲ့ ငါက ဆင်းရဲသားလေးလေ၊ အလောင်းတွေဆီက မလုရင် မကြာခင်မှာ ထမင်းငတ်သွားနိုင်တယ်။
“သူ့ရဲ့သိုလှောင်အိတ်ထဲမှာ တန်ဖိုးရှိတာ ဘာမှမရှိပါဘူး၊ ကျောက်စိမ်းပြားတစ်ခုပဲ ရှိတယ်။နောက်တစ်ယောက်က ပိုဆင်းရဲတယ်၊ သူ့အိတ်ထဲမှာဆို အမှိုက်တွေပဲရှိတယ်”
ကျန်းလင်းစု ပြောနေရင်းမှသူမ၏ လက်ကို လှန်လိုက်သောအခါ ရှုပ်ပွနေသော ပစ္စည်းများ အပုံလိုက်ထွက်လာသည်။
ပျက်စီးနေသော ဝိညာဥ်ကျောက်တုံးများပင် ရောနှောပါဝင်နေပြီး အများစုမှာဝမ်ရှန်း၏ သိုလှောင်အိတ်ထဲမှ ကျလာခြင်းဖြစ်သည်။
ကျိယွမ်၏ မျက်လုံးများ အရောင်တောက်လာသည်။
ဒါကို အမှိုက်လို့ ခေါ်တာလား။
သို့သော် ညတိုင်း ညီမလေး၏ကောက်ရိုးတဲအိမ်အပြင်ဘက်မှ အမှိုက်ပုံကို မွှေနှောက်နေသည့် သူ၏ဓားကို စဥ်းစားမိသောအခါ သူတိတ်ဆိတ်သွားသည်။
မှန်ပါသည်။ဤပစ္စည်းများသည် ညီမလေးအတွက်အမှိုက်နှင့်ပင် နှိုင်းယှဥ်၍မရပေ။
ဆင်းရဲသောမိသားစုမှ ကလေးများသည် စောစောအရွယ်ရောက်ကြသည်တဲ့။
ကျိယွမ်က ကျန်းလင်းစုအလစ်တွင် ကျောက်တုံးများကို တိတ်တိတ်ဆိတ်ဆိတ် ကောက်ယူလိုက်သည်။
“အစ်ကိုကြီး၊ ဒါကလည်း အလင်းနန်းတော်ရဲ့ အခြေခံကျင့်ကြံမှုနည်းစနစ်ဖြစ်တဲ့ ရွှမ်ထျန်အလင်းနည်းစနစ်ပဲ ၊ နက်နဲသောအဆင့်နည်းစနစ်တစ်ခုဖြစ်ပေမဲ့ သာမန်တပည့်တွေအတွက် လေ့ကျင့်ဖို့ဖြစ်လို့ အာရုံစိုက်စရာ ဘာမှမရှိဘူး။ ဒါပေမဲ့ ဒီထဲက လျှို့ဝှက်နည်းစနစ်တစ်ခုဖြစ်တဲ့ တောက်ပသောဓားကတော့ စိတ်ဝင်စားဖို့ကောင်းတယ်”
ကျန်းလင်စုက ကျောက်စိမ်းပြားကို ကျိယွမ်ဆီ ပစ်ပေးလိုက်သည်။
ကျိယွမ်က ကျောက်စိမ်းပြားကို ကမန်းကတမ်းဖမ်းရင်းမှ သူသည် တောသားတစ်ဦးသာဖြစ်သည်ဟု ပိုမိုခံစားရသည်။
‘လို’ ဆိုတဲ့ စကားလုံးကို ဖယ်လိုက်တော့၊တောသားတစ်ယောက်လို မဟုတ်ဘူး ငါကတောသားကိုဖြစ်နေတ။
ရှန်ကွမ်းဂိုဏ်းတွင်ရှိသော အကောင်းဆုံး နည်းစနစ်သည် ကျောက်စိမ်းအဆင့်သာဖြစ်သည်။
သို့သော် ညီမလေးကသာမန်ဟုခေါ်ကာ အမှိုက်တစ်ခုလိုဝဲပစ်သော ဤနည်းစနစ်က တကယ်တမ်းမှာ နက်နဲ့သောအဆင့်ဖြစ်သည်။
ကျိယွမ်က နက်နဲသောအဆင့်ကျင့်ကြံခြင်းနည်းစနစ်ကို သေသေချာချာဂရုတစိုက်ကြည့်သည်။
သူကြည့်လေလေ၊ အံ့အားသင့်လေလေပင်။
နက်နဲသောအဆင့်ဟူသော စကားလုံးမှာ အလကားပေးထားသည် မဟုတ်ပေ။
အဆင့်မြင့်နည်းစနစ်ဆိုသည့်အတိုင်း ကျင့်ကြံခြင်းနည်းစနစ်တစ်ခုတည်းတွင် အရာအားလုံးပါဝင်နေသည်။
ဤနည်းစနစ်ကိုသာ အပြည့်အဝ နားလည်ပါက အဆင့်နိမ့် နည်းစနစ် ၁၀၀၀ သို့မဟုတ် ၁၀၀၀၀ ကို ကြည့်ရသည်ထက် အကျိုးကျေးဇူးပိုရလိမ့်မည်ဟု သူသိလိုက်ရသည်။
မဟူရာတောင်တန်ဂိုဏ်းမှအဆင့်နိမ့် နည်းစနစ်များစွာကို နေ့စဥ်နေ့တိုင်း ကျားကုတ်ကျားခဲ ဇွဲမလျှော့တမ်း ထိုင်ဖတ်နေခဲ့ခြင်းမှာ အချိန်ဖြုန်းခြင်းသာဖြစ်သည်ဟု ရုတ်တရက် ခံစားရသည်။
အဆင့်နိမ့် နည်းစနစ် ထောင်ပေါင်းများစွာကို နှစ်ချီအောင် ကြည့်ခြင်းက နက်နဲသောအဆင့်နည်းစနစ်တစ်ခုကို ကြည့်ရသည်ထက် များစွာအကျိုးနည်းလှသည်။
နက်နဲသောအဆင့်နည်းစနစ်များကပင် ဤမျှ ကြောက်စရာကောင်းသည်ဆိုပါက ကောင်းကင်အဆင့် နည်းစနစ်များက မည်မျှ ကြောက်စရာကောင်းမည်နည်း။
သူသာ ကောင်းကင်အဆင့် နည်းစနစ်တစ်ခုကိုရရှိပြီး နေ့စဥ်လေ့လာပါက “ကျိယွမ်ကျမ်း” ကို အမြုတေအဆင့် သို့မဟုတ် စိတ်ဝိညာဉ်အဆင့်အထိပင် ခွဲခြမ်းစိတ်ဖြာနိုင်မည် မဟုတ်လား။
ဂိမ်းထဲတွင်ရရှိသော လေ့ကျင့်ရေးနည်းစနစ်များကမူ ကျင့်ကြံမှုလမ်းကြောင်းတစ်ခုတည်းမှ မဟုတ်သောကြောင့် ၄င်းတို့ကို ကိုးကားပြီး ကျိယွမ်ကျမ်းအား တိုးတက်ရန် အသုံးမပြုနိုင်သည်မှာ နစ်နာလှ၏။နည်းစနစ်အချို့ကို အနည်းငယ်သုံးနိုင်သော်လည်း စိတ်ပိုင်းဆိုင်ရာပြဿနာများစွာ ခံစားရသဖြင့် အဆင်မပြေပါ။
သို့သော် ထိုသို့ဖြစ်ခြင်းသည် ကျိယွမ်၏ လက်ရှိကျင့်ကြံမှုစွမ်းရည်က အလွန်အားနည်းနေခြင်းနှင့်လည်း ဆက်စပ်နေနိုင်၏။ သူက ကျင့်ကြံခြင်းနည်းစနစ်များ၏ တူညီသောအနှစ်သာရကို မမြင်နိုင်ခြင်းပင်ဖြစ်သည်။
“ကျေးဇူးပဲ ညီမလေး၊ ဒီနည်းစနစ်က အစ်ကိုကြီးအတွက် အများကြီး အသုံးဝင်တယ်”
ကျိယွမ်က ကျောက်စိမ်းပြားကို သိမ်းရန်ပြင်လိုက်ပြီးမှ ကမန်းကတမ်းသတိပေးလိုက်၏။
“ညီမလေး ဒီလူသတ််မှုမှာ နင်ကခေါင်းဆောင်ပဲ၊ နင်လည်း တစ်ခုခု ယူသင့်တယ်”
ကျန်းလင်းစု၏ မျက်စောင်းက ကျိယွမ်အပေါ် ဒိုင်းခနဲ ကျရောက်သွားသည်။
အခုထိ ခေါင်းဆောင်နဲ့ နောက်လိုက်အကြောင်း ပြောနေသေးတာလား။
သူမက အရေးမကြီးသော ပစ္စည်းအချို့ကို ကောက်ယူပြီး “သွားမယ်” ဟု စိတ်မရှည်စွာ ပြောလိုက်သည်။
ကျိယွမ်သည် ချက်ချင်းမသွားသေးဘဲ ထိုနှစ်ယောက်၏ အလောင်းများကို တစ်ဖန်ပြန်ကြည့်သည်။
“ညီမလေး၊ အဲဒီပန်းလေးက တော်တော်တန်ဖိုးရှိမဲ့ပုံပဲနော်"
ထိုပန်းကအခြားမဟုတ်ပါ ရှင်ဟွာအဖွဲ့၏ သင်္ကေတပန်းပွင့်ဖြစ်လေသည်။
ကျန်းလင်းစုက ကျိယွမ်ကို အူပွသွား၏။
“အစ်ကိုကြီး၊ အဲ့ဒီအလောင်းနှစ်ခုလည်း တန်ဖိုးရှိပုံရတယ်လို့ ထင်တယ်၊ကျိစယ်တောင်ထွတ်ကို သယ်ခဲ့ပါလား ”
“မဖြစ်ဘူး၊ အလင်းနန်းတော်က အထင်လွဲသွားမှာကို ကြောက်ရတယ်”
ကျိယွမ်က အလျင်အမြန် ငြင်းဆန်သည်။
"ဒါတော့ သိသေးတယ်ပေါ့"
"သွားမယ်"
သူတို့နှစ်ယောက်စလုံးက တောအုပ်ထဲမှ လျှို့ဝှက်စွာပြန်လာကြသည်။ သို့သော် လမ်းတွင် ကျန်းလင်းစုသည် နေရာတစ်ခုသို့ခိုးဝင်ပြီး စာတစ်စောင် ထားခဲ့သည်။
အားလုံးပြီးစီးသောအခါမှာတော့ နှစ်ယောက်စလုံး ကျိစယ်တောင်ထွတ်သို့ ပြန်ရောက်လာကြသည်။
ကျန်းလင်းစုသည် ကောက်ရိုးအိမ်ထဲသို့ ချက်ချင်းမဝင်သေးဘဲ အပြင်ဘက်တွင် ရပ်နေသည်။
ကျိယွမ်၏ နောက်ကျောကို ကြည့်နေရင်းမှ တစ်ခုခုကိုစဥ်းစားမိသည်။
သူမသည် အစ်ကိုကြီးနှင့်အတူ လူသတ်ခဲ့ပြီး အစ်ကိုကြီး၏ လျှို့ဝှက်ချက်ကို သိခဲ့ရသည်။အစ်ကိုကြီးက လျှပ်တပြတ်တိုက်ခိုက်လျှင် အခြေတည်အဆင့်များကို ဟင်းသီးဟင်းရွက်များအလား ခုတ်နိုင်သည်။သူမကလည်း အခြေတည်အဆင့်သာရှိသေးသည်။
ငါနဲ့အစ်ကိုကြီးရဲ့ဆက်ဆံရေးက အရင်ကထက် ပိုနီးစပ်သင့်တယ်။
“ဆရာတူအစ်ကိုကြီး…”
သူမက တိုးတိုးလေး ခေါ်လိုက်ပြီး အစ်ကိုကြီးကို ညစာအတူစားရန် ဖိတ်ခေါ်ဖို့စိတ်ကူး
နေသည်။
ခေါ်သံကြောင့် ကျိယွမ် ရပ်သွား၏။
ထို့နောက်ပြာပြာသလဲ လှည့်လာပြီး ရှင်းပြသည်။
“ညီမလေး အထင်မလွဲနဲ့၊ငါ မဟူရာတောင်တန်းဂိုဏ်းကို မဖျက်ဆီးခဲ့ဘူး! ဒီနေ့အခြေတည်အဆင့်တွေကို သတ်ခဲ့ပေမဲ့ မဟူရာတောင်တန်းဂ်ုဏ်းမှာက အမြုတေအဆင့်အကြီးအကဲတွေ အများကြီးရှိတယ်၊ တစ်ယောက်ချင်းစီကလည်း အလွန်အစွမ်းထက်တယ်လို့ ကြားဖူးတယ်”
“ကျွန်မ အထင်မလွဲပါဘူး”
ကျန်းလင်းစုသည် ညစာ အတူစားရန်အကြောင်းကို ဆက်ပြောချင်စိတ်မရှိတော့ပါ။
အစ်ကိုကြီးကို ရှေးဟောင်းနတ်ဆိုးပူးကပ်နေလျှင်တော့ဖြစ်နိုင်ပေမဲ့ ယခုကသာမန်ချီသန့်စင်ခြင်းအထွတ်အထိပ်အဆင့်လေးသာဖြစ်သည်။
မဟူရာတောင်တန်းဂိုဏ်းကို မည်သို့ဖျက်ဆီးနိင်မည်လဲ။
ဘယ်လိုပဲတွေးတွေး မဖြစ်သောကိစ္စပင်။
................
ကျိယွမ် ကောက်ရိုးအိမ်လေးထဲတွင် ထိုင်နေသည်။
သူက ရွှမ်ထျန်အလင်းနည်းစနစ်နှင့်လျှို့ဝှက်နည်းစနစ်ဖြစ်သည့် တောက်ပသောဓားကို အာရုံအပြည့်ထားကာ လေ့လာနေ၏။
လျှို့ဝှက်နည်းစနစ်သည် ကျိယွမ် မြင်ဖူးသမျှထဲ၌ အစွမ်းအထက်ဆုံး ပညာဟုပင်ဆိုရမည်။
လူတစ်ဦး၏ ဝိညာဉ်စွမ်းအားကို တောက်ပသောဓားအဖြစ် စုစည်းပြီး ရန်သူများကို သတ်နိုင်သည်။
ဝိညာဥ်စွမ်းအားက အလင်းဓားကဲ့သို့တောက်ပနေပြီး နေမင်း၏ အလင်းရောင်ကို ထုတ်လွှတ်သည်။မကောင်းဆိုးရွားများနှင့် မိစ္ဆာစိတ်ရှိသူများကို ထိတ်ကြောက်ရွံ့စေကာ ခေတ္တမျှအာရုံလွင့်ပါးစေသည်။ထိုအခိုက်၌ သတ်ပစ်နိုင်၏။
တောက်ပသောဓားသည် စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုလည်း ပါဝင်သည်ဟုပင် ဆိုနိုင်သည်။
အလင်းနန်းတော်၏အဆင့်မြင့်ဆုံး လျှို့ဝှက်နည်းစနစ်ဖြစ်ပြီး တပည့်များအားလုံး လေ့ကျင့်ခွင့်ရှိသည်။
ထို့အပြင် အလင်းနန်းတော်က ရည်ရွယ်ချက်ရှိရှိ အပြင်ဘက်သို့လည်း ဖြန့်သည်။
ယခုနည်းစနစ်ထက် ပို၍အစွမ်းထက်သော ဗားရှင်းတစ်မျိုးကို တိတ်တဆိတ်ကျင့်ကြံနိုင်ရန်နှင့် လျှို့ဝှက်နည်းစနစ်ကို တိုးတက်စေရန်အတွက်ဖြစ်သည်။နည်းစနစ်ချင်းတူနေလျှင်ပင် သူတို့၌ ပိုမြင့်သောဗားရှင်းရှိနေသည်။
"ဒါကိုဒီအတိုင်းကျင့်လို့မရဘူးပဲ၊ငါနည်းနည်းပါးပါး...မဟုတ်ဘူး၊သေသေချာချာ ပြောင်းလဲရမယ်"
ကျိယွမ်က ထိုနည်းစနစ်ကို အကြိမ်များစွာပြုပြင်ပစ်လေသည်။
အလင်းနန်းတော်၏ လျှို့ဝှက်နည်းစနစ်သည် ဖြောင့်မတ်ခြင်းကို နေမင်း၏ အလင်းရောင်အဖြစ် ပြောင်းလဲရန်ဖြစ်သည်။
ကျိယွမ်ကတော့ သူ၏သတ်ဖြတ်လိုစိတ်ကို တောက်ပသောဓားအဖြစ် ပြောင်းလဲကာ မတူညီသောနည်းဖြင့် ချဥ်းကပ်ခဲ့သည်။
အကြိမ်ပေါင်းများစွာ ကျရှုံးအပြီး နောက်ဆုံးမှာတော့ သူအောင်မြင်သွားလေသည်။
"စမ်းသပ်ကြည့်ရမယ်"
ကျိယွမ်သည် သူ၏တဲအိမ်လေးထဲထွက်လာပြီး တစ်ခါတရံတွင် သူလေ့ကျင့်နေကြဖြစ်သော ကွင်းပြင်သို့ဦးတည်လိုက်သည်။
တိတိဆိတ်သောည၌ ဆောင်းလေပြင်းက အရေပြားများနှင့်အသားကို လှီးဖြတ်နေသည့်အလား ရှိသည်။
အေးစက်နေသော ဆောင်းလေကို အံတုကာ ကျိယွမ်က တည်ငြိမ်စွာရပ်နေသည်။
သူ၏မျက်ဝန်းများက အေးစက်ကာ သတ်ဖြတ်ခြင်းအရှိန်အဝါများ တလိမ့်လိမ့်တက်လာ၏။
"တောက်ပသောဓါး"
ဓားတစ်ချောင်း ထွက်ပေါ်လာသည်။
မူလကဲ့သို့ လင်းလက်နေသောအဖြူရောင်မဟုတ်ပါ။
သွေးနီရောင် ဓားတစ်ချောင်းထွက်ပေါ်လာပြီး လေထဲတွင် ငြိမ်သက်စွာ ရပ်နေသည်။
သွေးစွမ်းအင်နှင့်သတ်ဖြတ်ခြင်းအရှိန်အဝါများထက်မြနေပြီး ရှင်းပြလို့မရအောင် ကြောက်စရာကောင်းနေသည်။
ဓားကိုတစ်ချက်ကလေးလှုပ်လိုက်ရုံဖြင့် အခြေတည်အဆင့်ကျင့်ကြံသူတစ်ယောက်ကို လွယ်လွယ်လေးသတ်နိုင်သည်ဟု ကျိယွမ်ခံစားနေရသည်။
သွေးရောင်ဖိတ်ဖိတ်တောက်နေသော ဓားကိုကြည့်ကာ ကျိယွမ်အလွန်ကျေနပ်စွာ ခေါင်းညိတ်မိသည်။
“ပြောင်းလဲမှုက အောင်မြင်သွားပြီလို့ သတ်မှတ်လို့ရတယ်၊ ဒါပေမဲ့...ဓါးက သွေးနီရောင်ဖြစ်နေတာ ခက်တယ်၊ ဖြောင့်မတ်တဲ့အလင်းဓားလို မဟုတ်ဘဲ မိစ္ဆာလမ်းစဥ်တစ်ယောက်ရဲ့ဓားနဲ့ ပိုတူနေသလိုပဲ”
ကျိယွမ်ခေါင်းခါမိသွားပြန်သည်။ ထိုကိစ္စက ပြဿနာရှိလာနိုင်သည်။မိစ္ဆာလမ်းစဥ်ဆိုသည့်အသံကြားရုံနှင့် ခေါင်းကိုက်သလိုခံစားရသည်။
“အဆင်မပြေဘူး ၊ ဒီသွေးဓားကို အလင်းဓားအဖြစ် ပြောင်းလဲဖို့ နည်းလမ်းတစ်ခုခု ရှာမှရမယ်"
ကျိယွမ်အတွက် ပြောင်းလဲလိုက်သောနည်းစနစ်မှထွက်ပေါ်လာသော သွေးနီးရောင်ဓားကို အလင်းဓားဖြင့်ပြန်လည်ဖုံးကွယ်ရန် တာဝန်တစ်ခုက ပေါ်လာပြန်သည်။
ထိုသို့ဖုံးကွယ်ထားနိုင်မှသာ အနာဂတ်တိုက်ပွဲများတွင် ဤနည်းစနစ်ကိုပွင့်ပွင့်လင်းလင်း အသုံးပြုနိုင်မည်ဖြစ်သည်။
အကယ်၍ အလင်းနန်းတော်နှင့်ဆုံတွေ့ခဲ့လျှင်ပင် သူကဖြောင့်မတ်ခြင်းအလင်းတန်းကို ထုတ်ပြကာဖိအားပေးနိုင်လိမ့်မည်။
"မင်းတို့အားလုံးကြည့်လိုက်၊ ဖြောင့်မတ်ခြင်းအရှိန်အဝါကိုတောင် အလင်းဓားအဖြစ် စုစည်းနိုင်တယ်၊ငါက သွေးဆာနေတဲ့သူဆိုရင် ဘယ်လိုလုပ်ပြီး အခုလိုလုပ်နိုင်မလဲ၊သေချာပေါက် ငါကလူကောင်းတစ်ယောက်ပေါ့ "
စသည်ဖြင့် သူကတုန့်ပြန်နိုင်မည်မဟုတ်ပါလား။
ကျိယွမ် သူ၏ကောက်ရိုးအိမ်လေးဆီသို့ပြန်လာခဲ့သည်။
ဂိမ်းကျောက်ပြားကို ထုတ်ကိုင်ရင်းမှ သက်ပြင်းချမိ၏။
“ထပ်သတ်ဖို့ အချိန်ရောက်လာပြန်ပြီ။ ဒီနေ့... နောက်ဆုံးအဆင့်ကို ဖြတ်ကျော်ရမယ်၊ ရွှေရောင်ဝတ်စုံနတ်စစ်သည်တော်ကို အနိုင်ယူနိုင်ရင် တျန်းကျွဲ့ကို အပြည့်အဝ ထိန်းချုပ်နိုင်တော့မယ်”
အပြင်လောကတွင် တစ်လပင်မပြည့်သေးသော်လည်း တျန်းကျွဲ့တွင် သူသည် နှစ်ပေါင်း ရာထောင်ချီကာ နေစဥ်သတ်ဖြတ်ခဲ့ရသည်။
သူတွေ့ကြုံရသော ရန်သူများကလည်း တစ်နှစ်ထက်တစ်နှစ်ပိုမိုအားကောင်းလာကြသည်။
တိုက်ပွဲပေါင်းများစွာတိုက်ခိုက်ပြီးနောက် သူ၏တိုက်ခိုက်ရေးစွမ်းရည်များကလည်း အံ့မခန်းအဆင့်အထိ ပြုပြင်ထားပြီးဖြစ်သည်။
ယခုအချန် ကျန်းဟွာနှင့် ပြန်လည်ရင်ဆိုင်ရပါက သူ၏စွမ်းရည် ၉၀% ကိုသာ အသုံးပြုလျှင်တောင် ကျန်းဟွာကို တစ်ချက်တည်းဖြင့် သတ်နိုင်ပြီဖြစ်သည်။
တက်လှမ်းခြင်းလှေကားပေါ်တွင် သူနေ့တိုင်း သတ်ခဲ့သည်။
ထို့အတူပြိုင်ဘက်များထံမှ လေ့လာသည်။
သတ်သည်။
လေ့လာသည်။
သုံးသပ်သည်။
ပြန်သတ်သည်။
သူသည် နတ်ဘုံအဆင့်ရန်သူမည်မျှ သတ်ခဲ့သည်ကိုပင် မမှတ်မိတော့ပေ။
သူမည်မျှသတ်ခဲ့ရသနည်းဆိုလျှင် နတ်ဘုံအဆင့်ဆိုလျှင် မျက်စိမှိတ်၍တိုက်လျှင်ပင် အေးအေးဆေးဆေးအနိုင်ယူလို့ရနေလေပြီ။
သူ၏ အတွေ့အကြုံ ရမှတ်များကလည်း ကြောက်ခမန်းလိလိ မြင့်မားလာသည်။
ကံမကောင်းသည်မှာ သူ၏အဆင့်က ၉၉ တွင် ရပ်တန့်နေပြီး ထပ်မတက်နိုင်တော့ပေ။
သို့သော် အလွန်အကျွံသတ်ဖြတ်မှုများက ကျိယွမ်၏ နှလုံးသားကို ပင်ပန်းနွမ်းနယ်စေသည်။
သို့သော် ပြင်ပနတ်ဆိုးများအကြောင်းနှင့်သတို့သမီးလေးကို ပြန်တွေးမိသောအခါ သူ၏ဓားကို ပြန်မြှောက်ရစမြဲပင်။
“ငါက သံချပ်ကာကိုလက်ခံထားတဲ့သူပဲ၊ ရှောင်လွှဲလို့မရဘူး၊ရန်သူအားလုံးကို သတ်ရမယ်”
ကျိယွမ်သည် ဂိမ်းထဲသို့ ဝင်ရောက်လိုက်သည်။
သတို့သမီးလေးနှင့်အတူ တွင်းတစ်တွင်းထဲမှတက်လာခဲ့ပြီး တစ်ထစ်တည်းသာကျန်တော့သည့်နောက်ဆုံးလှေကားပေါ်သို့ ဦးတည်သည်။
နောက်ဆုံးလှေကားကို ဖြတ်ကျော်ပြီးသည်နှင့် ရွှေရောင်စစ်သည်တော်ကို အနိုင်ယူရန်သာ လိုတော့သည်။ ထိုပွဲပြီးလျှင် တျန်းကျွဲကိုအပြည့်အဝ ထိန်းချုပ်နိုင်လေပြီ။
သေချာသည်ကတော့ နောက်ဆုံးတိုက်ပွဲနှစ်ခုစလုံးသည် ပြင်းထန်သော တိုက်ပွဲများဖြစ်မှာသေချာသည်။
ကျိယွမ်သည် သတို့သမီးလေး၏ အေးစက်နေသော လက်မောင်းစကို ကိုင်ပြီး နောက်ဆုံးလှေကားပေါ်သို့ တည်ငြိမ်စွာတက်လိုက်သည်။
သူတို့၏ရှေ့က မြင်ကွင်းက ပြောင်းလဲသွားသည်။
ပတ်ပတ်လည်ကို ကြည့်လိုက်သောအခါတောင်ထိပ်များစွာရှိနေသည်ကို တွေ့ရ၏။
တောင်ထိပ်များက တစ်ညီတည်း စုဝေးနေပြီး သူ့ကိုအလယ်တွင်းထားကာ ဝန်းရံထားသည်။
တောင်ထိပ်တစ်ခုစီတွင် နတ်ဘုံအဆင့်တစ်ဦးစီ ထိုင်နေသည်။
အားလုံး၏စွမ်းအားများသည် လုံပန်၊ယု၊ သို့မဟုတ် တုန်ထို့ထက် မနိမ့်ပေ။
"အဆင့် ၉၉ တွေချည်းပဲ"
ကျိယွမ်သည် သူတို့၏အဆင့်များသည် ၉၉ ထက်ပင် ပိုမြင့်နေနိုင်သည်ဟုပင် ခံစားရသည်။ အကြောင်းရင်းတစ်ခုခုကြောင့် အဆင့် ၉၉ တွင် ဖိနှိပ်ခံထားရခြင်းဖြစ်လိမ့်မည်။
ကျိယွမ်ကိုယ်တိုင်လည်း အဆင့် ၉၉ ထက်မကျော်အောင် ဖိနှိပ်ခံထားရသည်မဟုတ်ပါလား။
ကျိယွမ် ပေါ်လာသောအခါ တောင်ထိပ်များပေါ်ရှိ နတ်ဘုံအဆင့်များအားလုံးက သူတို့၏ မျက်လုံးများ ဖွင့်လိုက်ကြသည်။
သူတို့က နှစ်ပေါင်းသိန်းသောင်းကြာသည်တိုင်အောင် မျက်လုံးများကို မဖွင့်ခဲ့ရပုံပေါ်သည်။ ယခုတော့ လူသားတစ်ဦးက နောက်ဆုံးအဆင့်သို့ မယုံနိုင်စရာရောက်လာခဲ့လေပြီ။
စူးရှအကြည့် ထောင်ပေါင်းများစွာကြောင့် ကျိယွမ်က သူ၏နောက်ကျောကို ဆူးများနှင့် ထိုးသကဲ့သို့ ခံစားရသည်။
“အနောက်သို့ ခရီးသွားခြင်း” ဇာတ်လမ်းထဲမှ ရွှေနဂါးကြီးက နတ်ဆိုးများစွာဝန်းရံနေသောဝိညာဉ်တောင်ထဲကို ဝင်ရောက်လာသကဲ့သို့ပင်။
ယခုအခါ၌ သူသည်လည်း အဆင့် ၉၉ ထက်ပိုသောနတ်ဘုံအဆင့်သုံးထောင်၏ အလယ်ဗဟိုတွင် ရပ်နေသည်။
“အဆင့် ၉၉ နတ်ဘုံအဆင့် သုံးထောင်”
ကျိယွမ် သူ၏ဓားကို တည်ငြိမ်စွာကိုင်ထားသည်။
သူ၏ ခန္ဓာကိုယ်ကို မတ်မတ်ရပ်လျှက် ရင်ဖွင့်ထား၏။ရှည်လျားသော အရပ်ကြောင့် သူကမြင့်မားပြီး ထင်ရှားနေသည်။
မှေးမှိန်သော သွေးရောင်က သူ၏တစ်ကိုယ်လုံး လွှမ်းခြုံနေပြီး ဆွဲဆောင်မှုရှိသလို ထူးခြားစွာ ချောမောနေသည်။
သူ၏ အကြည့်ကအထူးတည်ငြိမ်နေသော်လည်း အနီးကပ်ကြည့်ပါက အဆုံးမရှိသောသွေးများက သူ့မျက်လုံးအိမ်အတွင်းမြစ်ချောင်းများလို စီးဆင်းနေသည်ကို တွေ့နိုင်သည်။
ကျိယွမ်က သတို့သမီးလေးကို နုညံ့စွာ ငုံ့ကြည့်လိုက်သည်။
"သတို့သမီးလေး ငါတို့တစ်ခါလောက် ထပ်တိုက်ကြရအောင်"
-------