တျန်းကျွဲ့ကို ရှင်းလင်းခြင်း၊ ကျင်းလီနှင့် တွေ့ဆုံခြင်း
Vol. 5 Ch. 72
သူ၏စကားဆုံးသည်နှင့် သွေးနီရောင် သံချပ်ကာသည် သူ၏ခန္ဓာကိုယ်တစ်ခုလုံးကိုဖုံးလွှမ်းသွားပြီး ကျိယွမ်၏အရပ်သည် မီတာ၁၃၇ အထိမြင့်တက်လာခဲ့သည်။
ချပ်ဝတ်စုံ၏သွေးနီရောင်ဆူးချွန်များက တလက်လက်တောက်ပနေပြီး နေရောင်အောက်တွင် ရဲရဲတောက်ပနေသည်မှာ ငရဲမှပွင့်သော ပန်းများအလားပင်။
ကြီးမားသောဓားကြီးကိုကိုင်လျှက် သူ၏အကြည့်က တောင်ထိပ်မှရန်သူများအပေါ်သို့ သေမိန့်တစ်ခုလို ကျရောက်သွားသည်။
ရက်စက်၍ပြတ်သားဟန်ရှိသော နှုတ်ခမ်းများကိုဖွင့်လိုက်သည်နှင့် တစ်လုံးတည်းသောအသံက နက်ရှိုင်းစွာထွက်ပေါ်လာ၏။
"သတ်"
သူ၏စကားဆုံးသည်နှင့် အရုပ်များလို ငြိမ်သက်နေသော နတ်ဘုံအဆင့် ၃၀၀၀ လုံးက ကျိယွမ်ဆီသို့ ရိပ်ခနဲပျံသန်းရောက်ရှိလာသည်။
အရပ်မျက်နှာပေါင်းစုံမှ တိုက်ခိုက်မှုမျိုးစုံသည် ကျိယွမ်ဆီသို့ အညှာအတာကင်းမဲ့စွာ ကျရောက်လာသည်။
အဆင့် ၉၉ ရှိသောရန်သူ ၃၀၀၀ ၏စုပေါင်းတိုက်ခိုက်မှုသည် ကုန်းမြေတိုက်ကြီးတစ်ခုလုံးကိုပင် စိစိညက်ညက်ကျေသွားစေနိုင်သလားဟုပင် ထင်ရ၏။
"ဒါမျိုးမှ ကြိုက်တာ..."
"လာကြစမ်း...."
သူ၏ဧရာမဓားကြီးကို လက်တစ်ဖက်တည်းဖြင့်မြှောက်ကိုင်ကာ အင်အားအပြည့်ဖြင့် ခုန်လိုက်သည်။
သူ၏ခြေထောက်ကြီးများ၏ ကြီးမားသောသက်ရောက်မှုကြောင့် အောက်ခံမြေပြင်ပင် ဟက်တက်ကွဲကာ ကျန်ခဲ့လေ၏။
သွေးနီရောင်သံချပ်ကြီး မရှိတော့သည့်မြေပြင်ပေါ်သို့ ၃၀၀၀ သောတိုက်ခိုက်ရေးစွမ်းအားများက အုန်းခနဲကျရောက်သွားတော့သည်။
"အုန်း...."
မြေပြင်တစ်ခုလုံး တသိမ့်သိမ့်တုန်၏။
တောင်ထိပ်များအက်ကွဲကုန်ပြီး အချို့မှာပြိုကျသည်။
ထိုအခိုက်မှာပင် မီတာ ၁၃၇ ရှိသော ကြီးမားသည့် သွေးနီရောင်ကိုယ်ထည်ကြီးက ပုရွက်ဆိတ်များလို စုပြုံနေသော နတ်ဘုံအုပ်စုကြီးထဲသို့ ဒုံးပျံတစ်စင်းလိုကျရောက်လာသည်။
မီတာ ၁၃၇ရှိသောအရာကြီးက အဆင့် ၁၀၄ ရှိသော အင်အားကိုသယ်ဆောင်လျှက်
အရှိန်ပြင်းစွာကျရောက်လာခြင်းကို မတုန်လှုပ်သောသူ မရှိနိုင်ပေ။
ပို၍ဆိုးသည်မှာ ထိုအရာကြီးက မြမြထက်နေသော ဓားကြီးတစ်ချောင်းကိုပါ ကိုင်လာသည်မဟုတ်ပါလား။
"အားလုံးသေကြ"
ဝုန်းခနဲအသံကြီးတစ်ခုနှင့်အတူ....
နတ်ဘုံအဆင့်တချို့ စိစိညက်ညက်ကျေကုန်၏။
အပိုင်းပိုင်း ပြတ်ကုန်၏။
သို့သော် သူတို့အားလုံးက နောက်မဆုတ်သလို ကျိယွမ်ကလည်းလက်မတွန့်ပါ။
ခုတ်သည်။
ပိုင်းသည်။
လေမုန်တိုင်းတစ်ခုလို ဝှေ့ယမ်းသည်။
မြင်သမျှအားလုံးကို သူသတ်၏။
ပြင်းထန်သော တိုက်ပွဲကြောင့် ကျောက်တုံးများနှင့် မြေသားများသည် လေထဲသို့သစ်ရွက်များလိုလွင့်ပျံကာ အပိုင်းအစများစွာအဖြစ် ကွဲထွက်ကုန်သည်။
အဆင့် ၉၉ အနိမ့်ဆုံးရှိသောရန်သူများကလည်း သာမန်များမဟုတ်ပါ။ အားလုံးကပူးပေါင်းကာ သူ့ကို ဆက်လက်တိုက်ခိုက်ကြသည်။
ရာနှင့်ထောင်နှင့်ချီသော တိုက်ခိုက်ရေးစွမ်းအားများစွာက မိုးသီးမိုးပေါက်များလို ကျိယွမ်အပေါ် တရစပ်ကျရောက်သည်။
တိုက်ပွဲက ပင့်ကူမျှင်များစွာဖြင့် ဧရာမသားရဲတစ်ကောင်ကို ရစ်ပတ်ရန် ကြိုးစားနေခြင်းနှင့် တူနေသည်။
ကျိယွမ်သည် သူ၏ဓားကြီးကို တင်းကျပ်စွာကိုင်စွဲလျှက် လာသမျှပင့်ကူမျှင်တိုင်းကို ဖြတ်တောက်သည်။
၃၀၀၀ သောတောင်ထိပ်များ ကြေမွသွားသည်။
တောင်ထိပ်များပေါ်မှ အောက်သို့စီးဆင်းနေသောမြစ်များသည် ပြောင်းပြန်စီးကုန်၏။
မြစ်ရေများက သွေးများဖြင့်လွှမ်းကာ နီရဲနေသည်။
မြေပြင်တစ်ခုလုံးကလည်း သွေးများဖြင့် ဆေးခြယ်ထားသလို ရဲရဲတောက်နေလေပြီ။
တိုက်ပွဲက မရပ်တန့်သွားပါ။
ကောင်းကင်နှင့် မြေကြီး ပြောင်းပြန်ဖြစ်သည်အထိ၊ နေနှင့်လတို့ အလင်းမဲ့သည်အထိ၊ ကမ္ဘာကြီးတစ်ခုလုံး သွေးနံ့များဖြင့် အုံးအုံးထလာသည်အထိ သတ်ဖြတ်သည်။
ကျိယွမ်နှင့်သတို့သမီးလေးတို့သည် နတ်ဘုံအဆင့်သုံးထောင်ကို နောက်မဆုတ်တမ်း တိုက်ခိုက်သတ်ဖြတ်နေတော့သည်။
..............
ဒြပ်စင်ငါးပါးတားမြစ်နယ်မြေတွင်ဖြစ်သည်။
လုံပန်က ပုံမှန်မဟုတ်သောအရာကို ခံစားမိသဖြင့် မျက်လုံးများတွင် စိုးရိမ်သောအရိပ်အရောင်တစ်ချို့ပေါ်လာသည်။
"ဒြပ်စင်ငါးပါးတားမြစ်နယ်မြေရဲ့ ကန့်သတ်ချက်တွေ တဖြည်းဖြည်းလျော့ပါးလာတယ်လို့ မင်းတို့ခံစားမိကြလား၊ငါထင်တာကတော့ နောက်နှစ်ပေါင်း ၁၀၀၀ လောက်ကြာရင် ဒီနေရာက သာမန်တားမြစ်နယ်မြေတစ်ခုဖြစ်လာလိမ့်မယ်၊အဲဒီအချိန်ကျရင် သာမန်ဧကရာဇ်အဆင့်တွေတောင် ဝင်ရောက်လာနိုင်မှာကို စိုးရိမ်နေရတယ်"
"မင်းက ပြင်ပနတ်ဆိုးတွေကို စိတ်ပူနေတာလား"
ယုက သူ၏ထင်မြင်ချက်ကို ပြောသည်။
"နောက်နှစ်တစ်ထောင်ကြာရင် နတ်ဆိုးသတ်ပွဲပြီးနေပြီလေ၊ငါတို့သေချင်သေ မသေရင်နတ်ဆိုးတွေသေမှာပဲ၊ ဒြပ်စင်ငါးပါးတားမြစ်နယ်မြေရဲ့ ကန့်သတ်ချက်တွေ တဖြည်းဖြည်းလျော့လာတယ်ဆိုရင်တောင် နစ်တစ်ထောင်မှဆိုရင် ဘာအကျိုးရှိတော့မှာလဲ"
"မင်းပြောတာလည်း ဟုတ်သား"
လုံပန်က ထိုအကြောင်းအရာကို ဆက်မပြောတော့ဘဲ အခြားတစ်ခုကိုပြောင်းသွားသည်။
"သေမျိုးကုန်းမြေမှာ အဝတ်အထည်ဌာနသခင်လေ့ကျင့်နေတာကို မင်းဘယ်လိုမြင်လဲ၊ သူက ငါတို့ရဲ့နတ်ဘုရားရောင်ပြန်ဟပ်ခြင်းကိုဘယ်လောက်လောက်ထိ စုပ်ယူနိုင်ပြီလဲ"
"သူ ထွက်သွားတာ တစ်လပဲ ရှိသေးတယ်လေ။ မင်းက အရမ်းတွေးလွန်းနေတယ်။ နှစ်သုံးရာတောင် ကျန်သေးတယ် ၊ သူ့အနေနဲ့ နတ်ဘုံအဆင့်အထွတ်အထိပ်ကို ရောက်နိုင်မယ်လို့ မျှော်လင့်ရတာပဲ၊ အဲ့လိုဆိုရင် ပြင်ပနတ်ဆိုးတွေကို ရင်ဆိုင်တဲ့နေရာမှာ ငါတို့ နည်းနည်းတော့ ယုံကြည်မှုရှိလာနိုင်တယ်"
ယု သက်ပြင်းချလိုက်သည်။အဝတ်အထည်ဌာနသခင်က ထို့ထက်များစွာဖြစ်ထွန်းနိုင်သော်လည်း အချိန်အကန့်အသတ်နည်းလွန်းနေသည်မှာ နှမြောစရာမဟုတ်ပါလား။
လုံပန်က တစ်စုံတစ်ခုကို သတိရသွားကာ သူ၏မျက်နှာထားသည် အနည်းငယ်တင်းမာသွားသည်။
"ပြင်ပနတ်ဆိုးတွေကို ခုခံဖို့ထွက်သွားတဲ့ ကောင်းကင်ဘုံနတ်ဘုရားက မင်းဆီကို သတင်းတစ်ခု ပို့ခဲ့သေးတယ် မဟုတ်လား။ မင်း ငါတို့ကို ပြောပြခဲ့တာတွေအပြင် တခြားဘာမှ မရှိဘူးလား၊ ဥပမာကွာ ပြင်ပနတ်ဆိုးတွေရဲ့ တကယ့်ခွန်အား၊ဒါမှမဟုတ် သူတို့ရဲ့ အရေအတွက်အတိအကျ စသည်ဖြင့်ပေါ့"
ယုသည် ခဏမျှတိတ်ဆိတ်သွားခဲ့သည်။ ပြီးမှ စိတ်ပျက်စွာ ခေါင်းယမ်းလေ၏။
"မရှိဘူး၊ ကောင်းကင်ဘုံနတ်ဘုရား ပြောခဲ့တာတွေ အားလုံးကို ငါ မင်းတို့ကို ပြောပြပြီးပြီ"
လုံပန်က မယုံပါ ။တစ်ခုခုကျန်နေဦးမည်ဟု သူခံစားမိနေသည်။
"ဘာလို့ မင်းကဖုံးကွယ်ထားတာလဲ"
ယုက တည်ငြိမ်စွာ ထပ်ပြောသည်။
"တကယ် မရှိဘူး"
.......................
"သေစမ်း..."
ဧရာမဓားကြီးသည် ကောင်းကင်ယံမှ ဆင်းသက်လာကာ တောင်ကုန်းတစ်ခုဖျက်ဆီးပစ်လိုက်သည်။
ဓား၏ထိပ်ပိုင်းက နောက်ဆုံးကျန်နေခဲ့သော နတ်ဘုံအဆင့်ကို စိစိညက်ညက် ကျိတ်ခြေပစ်၏။
ထိုအရာကို ကြိတ်ခြေသည်ဟုသာ ဆိုရမည်။ဓားကြီးကကြီးမားလွန်းနေပြီး ရန်သူကသေးငယ်နေသောကြောင့် ခုတ်ပိုင်းခံရသော်လည်း အပိုင်းပိုင်းပြတ်ရမည့်အစား ငရုတ်ဆုံထဲထည့်ထောင်းလိုက်သလို စိစိကျေသွားသည် မဟုတ်ပါလား။
"ဟူး....."
ကျိယွမ်က သူ၏ဓားကြီးကိုင်လျှက် မတ်တပ်ရပ်နေသည်။
သူ၏ခန္ဓာကိုယ်တစ်ခုလုံးတွင် သွေးများဖြင့် ဖုံးလွှမ်းနေသည်။သွေးအများစုက ခြောက်ကပ်နေပြီး အချို့ကခဲကာ စေးကပ်နေလေပြီ။
လတ်ဆတ်သော သွေးစက်များက ဓားဖျားတွင်တွဲခိုလျှက် တံစက်မြိတ်မှမိုးရေများလို တစက်စက်စီးကျနေ၏။
ပြင်ပကမ္ဘာတွင် တစ်ရက်သည် တက်လှမ်းခြင်းပလ္လင်တွင် တစ်နှစ်ဖြစ်သည်။
အနားမယူဘဲ ဆက်တိုက်သတ်ဖြတ်နေသောကြောင့် နောက်ဆုံးတွင်နတ်ဘုံအဆင့် ၃၀၀၀ ကိုလုံးဝသုတ်သင်နိုင်ခဲ့သည်။
"ဒုတ်....."
ကျိယွမ်သည် ဓားကြီးကိုပြိုလုလုတောင်ကုန်းတစ်ခုပေါ်သို့ထိုးစိုက်ကာ ထိုင်ချလိုက်ပြီး မောဟိုက်စွာ အသက်ရှူနေသည်။
သူ၏နှာခေါင်းနှင့် ပါးစပ်မှ ထွက်လာသည့် လေများသည် အနီးနားရှိကျောက်တုံးများနှင့် မြေသားများကို လွင့်ပျံစေသည်။
သွေးသိပ်မရှိသောကန်တစ်ခုထဲမှ ရေကို လက်ဖြင့်ခပ်ယူကာ သူ၏မျက်နှာပေါ်သို့ ဆက်တိုက်ဖြန်းပက်လိုက်ရာ ရေကန်ထဲမှ ရေမျက်နှာပြင်သည် သိသိသာသာ လျော့ကျသွားပြီး ရွှံ့နွံများပေါ်လာသည်။
ကျိယွမ်သည် ယခုမှအနည်းငယ်အေးမြသွားသည်ဟု ခံစားရသည်။
အဆင့် ၉၉ ရှိသော နတ်ဘုံအဆင့်သုံးထောင်ကို အနိုင်ယူပြီးနောက် သူသည် လှေကားထစ် ၁၂၉,၆၀၀ လုံးကို အောင်မြင်ခဲ့လေပြီ။
ထပ်မံတက်လိုက်ရုံဖြင့် တက်လှမ်းခြင်းပလ္လင်ပေါ်သို့ ရောက်ရှိတော့မည်ဖြစ်သည်။
ထိုနေရာမှ ရွှေရောင်သံချပ်ကာဝတ်ဆင်ထားသော နတ်စစ်သည်တော်ကို အနိုင်ယူပါက သူသည် တျန်းကျွဲ့ကို လုံးဝထိန်းချုပ်နိုင်လိမ့်မည်။
"နောက်ဆုံးလှေကားထစ်က နတ်ဘုံအဆင့် ၃၀၀၀ ထက်တောင် အင်အားကြီးမှာဆိုတော့ ရွှေချပ်ဝတ်နတ်စစ်သည်တော်က သေချာပေါက် ကြောက်ဖို့ကောင်းမှာပဲ"
သို့သော် ကျိယွမ်မတုန်လှုပ်ပါ။
"တိုက်ကို တိုက်ရမယ်"
တိုက်ပွဲပေါင်း ၁၂၉၆၀၀ ဆက်တိုက် အနိုင်ယူခဲ့သော ကျိယွမ်၏အောင်ပွဲဝင် စိတ်ဓာတ်သည် အမြင့်ဆုံးမှာရှိနေသည်။
သူသာ နောက်ဆုတ်လိုက်ပါက သူ၏တိုက်ခိုက်ရေးစိတ်ဓာတ်သည် ပျက်ပြားသွားမှာသေချာ၏။
အခုချိန်မှာ ငါကိုနိုင်တဲ့ကောင် မရှိတော့ဘူး။
ကျိယွမ်သည် သူ၏ဓားကြီးကို ဆွဲနှုတ်လိုက်ရာ ပြိုလုလုတောင်ကုန်းသည် တဝုန်းဝုန်းကြေမွသွားခဲ့သည်။
ကျိယွမ်က နောက်ဆုံးအဆင့် တက်လှမ်းခြင်းပလ္လင်ပေါ်သို့ တည်ငြိမ်စွာ တက်လှမ်းလိုက်သည်။
သူ၏ခန္ဓာကိုယ်သည် အလျင်အမြန် ကျုံ့ဝင်သွားပြီး ၁၂ မီတာအထိ လျော့ကျသွားသည်။
"မင်းရောက်လာပြီကိုး"
ထည်ဝါသောအသံကြောင့် အသံပိုင်ရှင်ကိုကြည့်လိုက်ရာ လက်တစ်ဖက်တည်းပါသည့် ရွှေရောင်ချပ်ဝတ် နတ်စစ်သည်တော်ကို တွေ့လိုက်ရသည်။
ဖြောင့်တန်းစွာမတ်တပ်ရပ်နေပြီးသူ၏မျက်နှာထားသည် စက်ရုပ်ဆန်ကာ အေးစက်၏။
သူ၏တစ်ဖတ်တည်းသောလက်တွင် အနက်ရောင် လှံတစ်ချောင်းကို ကိုင်ထားသည်။
လှံတံက သွေးစွန်းနေပြီး အေးစက်သော အလင်းရောင်တစ်ခုကို ထုတ်လွှတ်နေသည်။
ကျိယွမ်မျက်မှောင် ကျုံ့သွား၏။
ထိုစစ်သည်တော်မှာ သူပထမအကြိမ် တွေ့ခဲ့ရသည့် ရွှေရောင်သံချပ်ဝတ်နတ်စစ်သည်တော့နှင့် မတူပေ။
"နှစ်ပေါင်းများစွာ ကြာခဲ့ပြီ၊တစ်ယောက်ယောက်က တတ်လှမ်းခြင်းပလ္လင်ပေါ်အထိ တက်လာနိုင်လိမ့်မယ်လို့ ငါ မထင်ခဲ့မိဘူး"
ရွှေရောင်သံချပ်ဝတ်နတ်စစ်သည်၏ စက်ရုပ်ဆန်သောအသံတွင် စိတ်မကောင်းဟန် အနည်းငယ်ရောစွတ်နေ၏။
"တက်လှမ်းခြင်းပလ္လင်ကို အောင်မြင်ရင် ဘယ်ကိုသွားနိုင်လဲ"
ထိုအရာက ကျိယွမ်သိချင်နေခဲ့သောအရာပင်။
ပထမဆုံးအကြိမ်အဖြစ် ရွှေရောင်သံချပ်ကာ နတ်စစ်သည်၏ ခံစားချက်မရှိသောမျက်နှာတွင် ထူးဆန်းသောအပြုံးတစ်ခု ပေါ်လာသည်။
"ကောင်းကင်ဘုံ ကြယ်တွေဆီကိုလို့ ငါကြားခဲ့ဖူးတယ်၊ဒါပေမဲ့..."
တန်းလန်းနှင့်ရပ်နေသဖြင့် ကျိယွမ်က စိတ်မရှည်သလို မေးလိုက်သည်။
"ဒါပေမဲ့ ဘာဖြစ်လဲ"
"တကယ်တမ်းကျတော့ ငါ့သခင်ရဲ့တပည့်ဖြစ်လာဖို့ပေါ့၊ ပြီးတော့ နောက်ဆုံးမှာ ငါ့သခင်ရဲ့ ဗိုက်ထဲကိုဝင်ဖို့ပဲ"
စကားဆုံးသည်နှင့် ရွှေရောင်သံချပ်ဝတ် နတ်စစ်သည်က သူ၏လှံကိုမြှောက်ကာ ကျိယွမ်ကို ပစ်မှတ်ထားလိုက်သည်။
ထိုစကားများကြောင့် ကျိယွမ်ကျောချမ်းသွားသလို ခံစားရသည်။
တျန်းကျွဲ့၏ သခင်သည် မည်သူနည်း။
ဤပလ္လင်ကြီး မည်သူကဖန်တီးခဲ့လေသနည်း။
အဖြေကိုကား သူရှာမတွေ့ခဲ့ပါ။
"အခုလို နေနဲ့လကပြောင်းပြန်ဖြစ်နေပြီး ဖရိုဖရဲဖြစ်နေတဲ့ကမ္ဘာမှာ မင်းလို အားနည်းတဲ့သူက စစ်မှန်တဲ့ တက်လှမ်းခြင်းပလ္လင်ပေါ်ကို တက်ရောက်နိုင်ခဲ့တယ်ဆိုတော့ ၊ငါ့ရှေ့မှာ ရပ်နေဖို့ တကယ်ပဲ အရည်အချင်းပြည့်တယ်"
ရွှေရောင်သံချပ်ဝတ်နတ်စစ်သည်က စက်ရုပ်ဆန်ပြီး အေးစက်သောအသံဖြင့် ကျိယွမ်အား စတင်လိုက်သည်။
"မင်းရဲ့တိုက်ကွက်ကို ထုတ်လိုက်ပါ၊ ဒီပျင်းစရာကောင်းတဲ့တိုက်ပွဲကို အဆုံးသတ်ကြတာပေါ့"
ချွန်ထက်သောလှံသွားက အေးစက်သော အလင်းရောင်တစ်ခုကို ရုတ်တရက်ထုတ်လွှတ်လာ၏။
နတ်စစ်သည်က မလှုပ်ရှားဘဲ ရပ်နေသော်လည်း သူ၏ဖိအားသည် ပလ္လင်တစ်ခုလုံးသို့ သက်ရောက်ခဲ့သည်။
စစ်သည်တစ်သောင်းကျော်၏ဖိအားထက်ပင် သာလွန်သော အရှိန်အဝါပင်။
ကျိယွမ်၏ မျက်လုံးများက လေးနက်သွားသည်။သူ၏ရင်ထဲ၌ အနည်းငယ်စိုးရိမ်လာ၏။
သူက မသုံးဖြစ်သည်မှာ ကြာပြီဖြစ်သော စစ်ဆေးခြင်းစွမ်းရည်ကို အသုံးချလိုက်သည်။
သူ၏တိုးတက်မှုကို စစ်မှန်စေရန်အတွက် သူကရန်သူအများစုကို စစ်ဆေးခြင်းမရှိဘဲ တိုက်ခိုက်ခဲ့သည်။ယခုတော့ အသုံးမချဘဲ နေ၍မရတော့ပေ။
[ကွဲကြေနေသော ရွှေရောင်သံချပ်ကာနတ်ဘုရား၏ ကျန်ရှိနေသောဝိညာဉ်၊ အဆင့် ၁၁၉။]
အဆင့် ၁၁၉ လား။
ကျိယွမ် မျက်လုံးပြူးသွားသည်။
ဤကမ္ဘာတွင် ထိုမျှ အစွမ်းထက်သောကျင့်ကြံသူကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင်။
သူတွေ့ဆုံခဲ့ဖူးသူ မည်သူမျှ အဆင့် ၁၀၀ ကို မကျော်လွန်သေးပေ။သူကိုယ်တိုင်လည်း အဆင့် ၁၀၀ ကို မကျော်နိုင်သေးပါ။
ယခုတွင် သူသည် အဆင့် ၁၁၉ ရှိသောရန်သူတစ်ဦးကို ရင်ဆိုင်နေရသည်။
ကျိယွမ်၏ဆံပင်များ ထောင်သွားသည်။
သူ၏ခန္ဓာကိုယ်သည် တုန်ယင်လာပြီးနောက် ရှိသမျှ ကြွက်သားများအားလုံး လုံးဝတင်းမာသွားခဲ့သည်။
သူကအံကိုတင်းတင်းကြိတ်ကာ အာရုံစူးစိုက်မှုအားလုံးကို ရွှေရောင်သံချပ်ကာနတ်ဘုရားပေါ်တွင်သာ တစ်ခုတည်းထားသည်။
ဓားရိုးကိုတင်းကျပ်စွာဆုပ်ကိုင်လျှက် ရှိသမျှအားအကုန်လုံးကို ဓားဖျားဆီသို့ ပို့လွှတ်ပြီးနောက်...။
ကျိယွမ် ရိပ်ခနဲလှုပ်ရှားလိုက်သည်။
သူ၏သတ်ဖြတ်လိုစိတ်များအားလုံး၊ သူ၏တိုက်ပွဲဝင်စိတ်ဆန္ဒအားလုံးသည် ဤအချိန်တွင် အမြင့်ဆုံးအခြေအနေသို့ ရောက်ရှိနေသည်။
"သတ်"
ဤတိုက်ပွဲသည် သေချာပေါက် တစ်ယောက်ယောက်သေရမည့်တိုက်ပွဲ ဖြစ်သည်ကို သူသိသည်။
ထို့ကြောင့် ကျိယွမ်သည် တိုက်ပွဲစသည်နှင့်သူ၏အစွမ်းအထက်ဆုံး တိုက်ခိုက်မှုကို ထုတ်ဖော်ခဲ့သည်။
"ယား....."
များပြားလှသော တိုက်ခိုက်စွမ်းအင်များနှင့်အတူ ပြီးပြည့်စုံသော ကျွမ်းကျင်မှုများဖြင့် အားဖြည့်ထားသည့် ဧရာမဓားသည် လက်ရှိကမ္ဘာပေါ်မှ အစွမ်းအထက်ဆုံးဟုခေါ်ရမည့် ဓားချက်ကို ထုတ်လွှတ်လိုက်သည်။
ဓားချက်တစ်ချက်တည်းက ရွှေရောင်သံချပ်ကာ နတ်ဘုရား၏ ခန္ဓာကိုယ်ကို ဖောက်ထွင်းသွားသည်။
"အား"
ရွှေရောင်သံချပ်ကာနတ်ဘုရားသည် အပိုင်းအစများအဖြစ် ကွဲထွက်သွား၏။
"မဟုတ်သေးဘူး"
ကျိယွမ်သည် ရွှေရောင်သံချပ်ကာနတ်ဘုရား၏မျက်နှာက အံ့အားသင့်သွားသလိမှင်သတ်သွားပြီးနောက် အပိုင်းအစများအဖြစ် ကွဲထွက်သွားသည်ကိုလည်း မြင်လိုက်ရသည်။
သို့သော် အဆင့် ၁၁၉ ရှိသောနတ်ဘုရားတစ်ပါးသည် ဓားချက်တစ်ချက်တည်းဖြင့် သေဆုံးရန်မှာ မဖြစ်နိုင်ပေ။
၎င်းသည် လှည့်ကွက်တစ်ခုသာ ဖြစ်သည်။
ကျိယွမ်က အရူးတစ်ယောက်ဖြစ်သော်လည်း ငပေါတစ်ကောင်တော့ မဟုတ်ပါ။
ဤမျှလောက်ဖြင့် သူ့ကိုမလှည့်စားနိုင်ပေ။
သူက ဓားကို သတိကြီးစွာ ကိူင်လျှက် အော်ဟစ်လိုက်သည်။
"ထွက်ခဲ့စမ်း"
သူ၏အသံက ပလ္လင်တစ်ခုလုံးပျံ့နှံ့သွားသော်လည်း ချပ်ဝတ်နတ်ဘုရားက ထွက်မလာပါ။
"ဝှစ်.."
"ဝှစ်..."
ရုတ်တရက်ကျိယွမ်က သူ၏နောက်ကျောဘက်သို့ သုံးချက်ဆက်တိုက် ခုတ်ပိုင်းလိုက်သည်။
သို့သော်လေကိုသာ ခုတ်မိသွားလေ၏။
နောက်ကနေပုန်းတိုက်မှာ မဟုတ်ဘူးလား။
ကျိယွမ် ထိတ်လန့်သွားပြီး လေထဲသို့ ခုန်တတ်လိုက်သည်။
သေချာပေါက် မြေကြီးထဲက ထွက်လာမှာ။
သို့သော် မြေပြင်ကလည်း ငြိမ်သက်နေ၏။
"ငါ မင်းကို မြင််တယ်နော်"
ယခုအခါမှာတော့ ကျိယွမ်သည် ဧရာမဓားကြီးကို တစ်ချက်ဝှေ့ယမ်းကာ သူ၏အမှတ်အသားဖြစ်သော ဓားနည်းစနစ်ကို ထုတ်ဖော်လိုက်သည်။
နွေဦးရှစ်ကွက် ဓားခုတ်ချက်။
ဤဓားနည်းစနစ်သည် ထင်သလိုရမ်းသည့် ဓားပညာဖြစ်သည်။ ချို့ယွင်းချက်များစွာရှိသော်လည်း သူ့ကိုအလုံခြုံဆုံးခံစားမှုကို ပေးသည်။
သူ့အနားကို ချဉ်းကပ်လာသူတိုင်းမှာ တဝှီးဝှီးမြည်ကာလှည့်နေသော သူ၏နွေဦးရှစ်ကွက် ဓားခုတ်ချက်ကြောင့် သေချာပေါက် ဒဏ်ရာရသွားနိုင်သည်။
ကျိယွမ်သည် လက်ကမနားသလို ပါးစပ်ကလည်း အလကားမနေပါ။
"မင်းမလာရင် ငါလာမှာနော်...."
"နောက်ကပုန်းတိုက်မလို့လား မရဘူးကွ.."
"ဒီလိုခုတ်ပစ်မှာ.."
"အဝေးကချောင်းပစ်မလို့လား.."
"ဟောဒီလို.. ဟောဒီလို ပိုင်းပစ်မှာပေါ့..
ကံမကောင်းစွာပင် သူမည်သို့ပင်အော်ဟစ်နေစေကာမူ မည်သူကမျှ ပြန်လည်ဖြေကြားခြင်းမရှိပေ။
"ကောင်းကင်ပိုင်းဖြတ် ဓားချက်"
ကျိယွမ်က မြေကြီးကိုခုတ်ခွဲပစ်မည်ဟု ဆုံးဖြတ်ကာ ဓားကြီးကိုမြှောက်လိုက်စဥ်မှာပင် သူ၏စိတ်ထဲတွင် သတိပေးချက်တစ်ခု ပေါ်လာသည်။
[သင်သည် ကွဲကြေနေသောရွှေရောင်သံချပ်ကာနတ်ဘုရား၏ ကျန်ရှိနေသောဝိညာဉ်ကို သတ်ဖြတ်လိုက်ပါပြီ၊ အဆင့် ၁၀၀ သို့ ဝင်ရောက်ရန် အခွင့်အရေးကို ရရှိသည်၊ အဆင့်တက်လိုပါသလား။]
"အမ်.."
ဓားကြီးမြှောက်လျက်သားမှ ကျိယွမ်ရပ်တန့်သွားသည်။
"ငါ သူ့ကို သတ်လိုက်တာလား"
"တစ်ချက်တည်းလေးနဲ့လေ..."
"အဆင့် ၁၁၉ လေ"
"မဖြစ်နိုင်ဘူး"
ကျိယွမ် အလွန်ကြောက်ရွံသွားလေသည်။
"အဆင့် ၁၁၉ ဆိုတာ ဒီလိုပဲလား၊ ငါ့ရဲ့အတွေးတွေကိုတောင် သိနေတယ်"
"ငါ့ကို လှည့်စားဖို့အတွက် ဂိမ်းပိုင်ရှင်လို ဟန်ဆောင်ပြီး ငါ့စိတ်ထဲကို အသံပို့တာပဲ၊ဘယ်လောက် ပရိယာယ်များလိုက်သလဲ"
ကျိယွမ်က သူ၏ဓားကြီးကို ပြန်ဝင့်လိုက်သည်။
"ငါ သတိလက်လွတ်ဖြစ်တာနဲ့ မင်းကငါ့ကို မိုးကြိုးပစ်သလို အရှိန်နဲ့ တိုက်ခိုက်မလို့မှတ်လား"
"မရဘူးကွ...မရဘူး"
ကျိယွမ်သည် ကောင်းကင်ကို မော့ကြည့်ကာအေးစက်စက် လှောင်ပြောင်လိုက်သည်။
သို့သော် မည်သည့်တုန့်ပြန်မှုမှ ဖြစ်ပေါ်မလာပါ။
"ဒီကောင် အကြံထုတ်နေတာပဲ"
ကျိယွမ်က ဓားကိုအသင့်ပြင်လျှက် ထိုနေရာတွင် မည်မျှကြာအောင် ရပ်နေခဲ့သည်။
နောက်ဆုံးမှာတော့ သူ၏မျက်နှာတွင် စဉ်းစားမရသလို အမူအရာတစ်ခု ပေါ်လာသည်။
"ငါ အတွေးလွန်နေတာများလား"
သူခဏမျှစဉ်းစားပြီးနောက် ကုန်းကုန်း ကွကွနှင့် မြေပြင်ပေါ်တွင်လိုက်ရှာတော့သည်။
နာရီဝက်ခန့်ကြာပြီးနောက် ကျိယွမ်သည် မြေပြင်ပေါ်တွင် သူစုပုံထားသောရွှေရောင်သံချပ်ကာအပိုင်းအစများကို ကြည့်လိုက်သည်။
ယခုထိသူက မယုံနိုင်သလိုရှိနေဆဲပင်။
"တကယ်သေသွားတာလား"
" ဒီလောက်လေးနဲ့လေ"
အကြောင်းရင်းကို မသိသော်လည်း သူလက်ခံလိုက်ရတော့သည်။
"ငါ ရူးနေတာပဲ ဖြစ်ရမယ်၊ ဘာမှမရှိဘဲ စိုးရိမ်နေမိတာ။ ကွင်းထဲမှာ ပရိသတ်မရှိလို့သာ တော်တော့တယ်၊ မဟုတ်ရင် ငါ့ မျက်နှာဘယ်သွားထားရမလဲတောင် မသိတော့ဘူး"
ကျိယွမ်သည် အစောပိုင်း၌ သူရရှိခဲ့သော သတိပေးချက်ပေါ်တွင် အာရုံစိုက်လိုက်သည်။
ရွှေရောင်သံချပ်ကာနတ်ဘုရားကို သတ်ဖြတ်နိုင်သောကြောင့် အဆင့် ၁၀၀ သို့ တက်လှမ်းရန် အခွင့်အရေးကို ရရှိသည်ဟု ဆိုထားသည်။။
သူသည် အဆင့် ၁၀၄ ကို ရောက်ရှိရန်သတိူ့သမီးလေးအပေါ် မှီခိုခဲ့ရသည်။
သို့သော် ၎င်းသည် သူ၏ကိုယ်ပိုင်အစွမ်းမဟုတ်ပေ။
ယခုအချိန်၌သူ့တွင် တိုက်ပွဲအတွေ့အကြုံများစွာရှိနေပြီဖြစ်သလို အသိဉာဏ်များစွာလည်း စုဆောင်းထားပြီးဖြစ်သည်။
သူသာ အဆင့် ၁၀၀ သို့ ဝင်ရောက်နိူင်ခဲ့လျှင်သူ၏စွမ်အားများကအရှိန်အဟုန်ဖြင့် တက်သွားပြီး သူ စိတ်ကူး၍ပင် မရနိုင်သော နယ်ပယ်သို့ ရောက်ရှိလိမ့်မည်ဟု ယူဆမိသည်။
သို့သော်လည်း မည်သည့်အကြောင်းကြောင့်မှန်းမသိဘဲ သူသည်အဆင့်တက်ရန် အကြောင်းမဲ့ ကြောက်ရွံ့နေခဲ့သည်။
အထူးသဖြင့် ရွှေရောင်သံချပ်ကာနတ်ဘုရားပြောခဲ့သော စကားများကြောင့်ပင်။တိတိကျကျနားမလည်သော်လည်း ကောင်းသောကိစ္စတော့ မဟုတ်မှန်း သဘောပေါက်၏။
အဆင့် ၁၀၀ သို့ ရောက်ရှိခြင်းသည် ကြောက်မက်ဖွယ်ကောင်းသော အကျိုးဆက်များကို ဖြစ်ပေါ်စေလိမ့်မည်ဟုသူခံစားနေရသည်။
ဤကမ္ဘာတွင် အဆင့် ၁၀၀ သို့ အမှန်တကယ် ရောက်ရှိနေသော သက်ရှိလူသားတစ်ယောက်ကိုမျှ သူ မမြင်ဖူးသေးချေ။
သူမြင်ဖူးခဲ့သော အဆင့် ၁၀၀ အထက်လူကတော့ အသက်မရှိတော့ပေ။
ကျိယွမ်ခေါင်းယမ်းလိုက်သည်။
"အခုတော့ အဆင့် မတက်သေးဘူး"
ကျိယွမ်သည် အဆင့်တက်ရန် အခွင့်အရေးကို သိမ်းဆည်းထားရန် ဆုံးဖြတ်လိုက်သည်။
မဖြစ်မနေ သေရေးရှင်ရေးအဆင့်တက်ရန် လိုအပ်သည့်အခါမှသာ အဆင့်တက်တော့မည်။
ထိုအချိန်၌ပင် နောက်ထပ်သတိပေးချက်တစ်ခု ပေါ်လာသည်။
[တျန်းကျွဲ့ကို ရှင်းလင်းပြီးပါပြီ၊ ဆုလာဘ်များ ရရှိသည်]
[ဆုလာဘ် ၁ - ကောင်းကင်ဘုံတာအို အစိတွ အပိုင်း ၃၀ခု]
[ဆုလာဘ် ၂ - အဆင့် ၁၀၀ သို့ ဝင်ရောက်ရန် အခွင့်အရေး (အချိန်မရွေး အသုံးပြုနိုင်သည်)]
"အခု ငါ့မှာအပိုင်းအစခြောက်ဆယ်ရှိပြီ ။ ငါ့ရဲ့ခန့်မှန်းချက်အရ တိကျွဲ့(နှစ် ၃၀၀ ကြာရင် နတ်ဆိုးသုတ်သင်ရေး အစည်းအဝေးလုပ်မယ့်နေရာ) ကနေ အပိုင်းအစသုံးဆယ်နဲ့ ယင်ယန် တားမြစ်နယ်မြေက ဆယ်ခုရမယ်ဆိုရင် ကောင်းကင်ဘုံတာအိုအပိုင်းအစတွေ အားလုံး ငါ့ဆီမှာပြည့်ပြီ။အဲဒါဆိုရင် ကောင်းကင်ဘုံတာအိုအခြေခံအုတ်မြစ် တည်ဆောက်လို့ရပြီပေါ့"
ကျိယွမ် တော်တော်လေး စိတ်ကျေနပ်သွားသည်။သူ၏ရည်ရွယ်ချက်ပြည့်ဝရန် နီးလာပြီမဟုတ်ပါလား။
ထိုအချိန်တွင် ဂိမ်း၏သတိပေးချက် ရောက်လာသည်။
"တက်လှမ်းခြင်းပလ္လင်ပေါ်သို့ တက်ပါ၊ တစ်နာရီကြာပြီးနောက် တျန်းကျွဲ့၏ ကန့်သတ်ချက်များ ပျောက်ကွယ်သွားမည်ဖြစ်ပြီး သင်လူ့ပြည်သို့ ထွက်ခွာနိုင်မည်"
"လူ့ပြည်တွင် တစ်လကြာအတွင်းဉာဏ်အလင်း ရရှိပြီးနောက်၊ သင်သည် တိကျွဲ့သို့ ပို့ဆောင်ခံရလိမ့်မည်"
"လူ့ပြည်လား" ကျိယွမ်၏မျက်လုံးများအရောင်တောက်ပသွားသည်။
"ငါ ကျင်းလီနဲ့ လူကိုယ်တိုင် တွေ့နိုင်ပြီ"
"ဒါပေမဲ့ တစ်လပဲအချိန်ရှိတာလား၊ ပြီးရင်တိကျွဲ့ကို သွားပြီး ဘော့စ်တွေနဲ့ တိုက်ရမှာလား"
"ကိစ္စမရှိဘူး၊ ကျင်းလီနဲ့ အရင်ဆုံးတွေ့ရမယ်"
ကျိယွမ်က ထိုအတွေးရပြီးနောက် အချိန်မဆိုင်းတော့ဘဲ ကျင်းလီထံသို့ စာပို့လိုက်သည်။
"ကျင်းလီ၊ ငါ တျန်းကျွဲ့ကိုရှင်းနိုင်သွားပြီ၊ အခုဆိုရင် တားမြစ်နယ်မြေကနေ ထွက်ပြီး လူ့ပြည်မှာ တစ်လလောက်နေလို့ရတယ်"
"ငါတို့ 'ရှေးဟောင်းသစ်ပင်' မှာ တွေ့ကြမယ်လေ"
"ဒါနဲ့ နင်ပြီးခဲ့တဲ့ရက်အနည်းငယ်ကတည်းက နန်းကန်တိုင်းပြည်ကနေထွက်ပြီး ရှေးဟောင်းသစ်ပင်ကို ခရီးထွက်လာပြီးမဟုတ်လား။ဘယ်လိုလဲ ရောက်ပြီလား"
............
ရှေးဟောင်းစီးချောင်သစ်ပင်ကြီးအောက်တွင်ရှိသော မြို့ငယ်လေးတစ်ခု၏ ရေကန်ဘေးတွင် ကျင်းလီ ငြိမ်သက်စွာ ထိုင်နေသည်။
သူမက ကြည်လင်သောကန်ရေပြင်နံဘေးတွင် သိမ်မွေ့စွာထိုင်နေရင်း အပြင်လောကကို ငေးမောနေခြင်းပင်။
သူမနှင့်မနီးမဝေးတွင် ကလေးအချို့ ဆူညံစွာ ဆော့ကစားနေကြသည်။ ကလေးတစ်ဦးသည် ရေထဲတွင် ဆော့နေစဥ် သူ့အမေရောက်လာပြီး ရေထဲဆွဲထုတ်ကာ တင်ပါးကို နှစ်ချက်သုံးချက် ရိုက်နှက်ပစ်သည်။
မိခင်တစ်ယောက်၏ ချစ်ခြင်းမေတ္တာကို ဖော်ပြနေသော ဒေါသပင်တည်း။
ကလေးဖြစ်သူက ကျယ်လောင်စွာငိုလျှက် မိခင်လက်ထဲ၌ ယက်ကန်ယက်ကန်ပါသွား၏။
ထိုမြင်ကွင်းက ကျင်းလီမအား သူမ မမြင်ဖူးခဲ့သော မိခင်ဖြစ်သူအား လွမ်းဆွတ်စေသည်။
ထိုအခိုက်ရှေးဟောင်းသစ်ပင်ပေါ်မှ ကြီးမားသောငှက်တစ်ကောင်သည် ရေထဲသို့ သုတ်ခနဲ ထိုးဆင်းသွား၏။ ကန်ရေပြင်ပေါ်သို့ ရွှင်မြူးစွာတတ်လာသော ငါးငယ်လေးတစ်ကောင်ကို ဖမ်းချင်ပုံရသည်။
ရေကန်ဘေးတွင် ငယ်ရွယ်သောစုံတွဲလေးများစွာလည်း တွေ့ဆုံနေကြသည်။
လင်းလုံယွီရှီမှ စာရောက်လာသောကြောင့် ကျင်းလီ၏ အကြည့်က ပတ်ဝန်းကျင်မှနေ၍ ကျောက်စိမ်းပြားပေါ်သို့ ရောက်ရှိသွားသည်။
"ရှင်တကယ်ပဲ ကျွန်မကို လာတွေ့မှာလား"
ကျင်းလီ၏ နှလုံးသားလေး တင်းကြပ်သွားသည်။
"ဟုတ်တယ်၊ ငါ့မှာ တစ်လအချိန်ရှိတယ်။ ငါတို့ ဘယ်မှာတွေ့ကြမလဲ။ တည်နေရာ ပို့ပေးပါဦး"
"ကျွန်မက ရှေးဟောင်းသစ်ပင်အောက်က ယွဲ့ဟွမ်မင်းဆက်ရဲ့ ဂျူလိုင်မြို့မှာပါ၊ ရှာရလွယ်ပါတယ်၊ တျန်းကျွဲ့ကနေ ထွက်လာပြီး အရှေ့တောင်ဘက်ကို လာခဲ့ပါ၊ ဒီကို ရောက်ပါလိမ့်မယ်၊ ဖန်းယွဲ့' ရေကန်မှာ ကျွန်မ ရှင့်ကို စောင့်နေပါ့မယ်"
စာပို့နေရင်းမှ ကျင်းလီသည် စိတ်လှုပ်ရှားမှုကြောင့် အနည်းငယ် တုန်ယင်သွားသည်။
"ကောင်းပြီ၊ ငါ သိပြီ"
ကျိယွမ်သည် ထပ်မေးလာ၏။
"အပြင်မှာ ခရီးသွားရတာ ဘယ်လိုနေလဲ။ ပစ္စည်းတွေ ဈေးကြီးလား။ အစားအစာတွေ ကောင်းလား။ ရှုခင်းတွေရော လှလား"
ကျင်းလီက ကျိယွမ်၏အမေးကို ပြန်မဖြေခင် ပတ်ဝန်းကျင်အား သဘောကျသလို ကြည့်လိုက်သည်။
"ဒီက ရှုခင်းတွေက အရမ်းလှတယ်၊ ရှေးဟောင်းသစ်ပင်က တကယ်ကိုအကြီးကြီးပဲ၊ဝမ်ယုကုန်းမြေတိုက်ကြီးရဲ့ နတ်ဘုရားသစ်ပင်လေ၊ ယွဲ့ဟွမ်မင်းဆက်က လည်း နန်းကန်တိုင်းပြည်နဲ့မတူဘဲ ဒီမှာ စစ်ပွဲမရှိဘူး၊ လူတွေက ငြိမ်းချမ်းစွာ နေထိုင်ကြသည်"
"ဒီမှာ အရသာရှိတဲ့ အစားအစာတွေလည်း အရမ်းပေါတယ်၊ ကျွန်မ ဒီနေ့စားခဲ့တဲ့ ဘဲအချိုကြော်ဆိုရင် အရမ်းအရသာရှိတာ၊
ကျွန်မ အဲဒါကို ဘယ်လိုလုပ်ရမယ်ဆိုတာကို ကြိုးစားပြီးသင်နေတယ်၊ ရှင်ရောက်လာရင် ကျွန်မ ရှင်အတွက် လုပ်ပေးမယ်လေ"
"ကောင်းပြီ၊ အရမ်းမဆိုးဖို့ပဲ မျှော်လင့်ပါတယ်၊မဟုတ်ရင် ငါ ကောင်းတယ်လို့ ဟန်ဆောင်ပြီး စားရမှာ၊ အဲဒါဆို အဆင်မပြေဘူး"
"ဟင့်..."
ကျင်းလီ မကျေမနပ်ဖြစ်သွားကာ မျက်စောင်းထိုးလိုက်သည်။
"ပြောသာပြောရတာ ဒါက ငါအွန်လိုင်းသူငယ်ချင်းနဲ့ ပထမဆုံးအကြိမ် တွေ့ဖူးတာပဲ၊ အမှန်အတိုင်းဝန်ခံရရင် ငါတော်တော် စိတ်လှုပ်ရှားနေတာ"
"ကျွန်မလည်းအတူတူပဲ"
"ဒါနဲ့ နင်က ဘယ်လိုရုပ်မျိုးလဲ။ ငါဆိုလိုတာက မြင်ရင်မှတ်မိအောင်လို့လေ"
"ကျွန်မလား...အဆင်ပြေတယ်လို့ ထင်တာပဲ"
"ငါ့ကိုတော့ စိတ်မပူနဲ့ ၊ ငါက အရမ်းရုပ်ချောတာ၊ ဒါပေမဲ့ နင်မလှလည်း ဘာမှမဖြစ်ဘူး၊ငါအဆင်ပြေတယ်"
"ငါကတော့ နင့်ကိုမေးခွန်းတွေအများကြီးမေးနေပြီး နင်က ငါ့ကို ဘာမှ ပြန်မမေးချင်ဘူးလား။ ငါ့အရပ်၊ တစ်နှစ်ဝင်ငွေ၊ ကားရှိမရှိ၊ အိမ်ရှိမရှိ၊ မင်္ဂလာဆောင်ကြေး စသည်ဖြင့်ပေါ့"
ကျင်းလီက ကျိယွမ်ပြောသည့်အရာများကို နားမလည်သဖြင့် စာပို့ရန် နှေးသွားသည်။
ထိုအခိုက် ကျိယွမ်က ထပ်ပို့ပြန်၏။
"ဒီလောက်အများကြီး ပြောလိုက်တာက အချစ်ရှာတဲ့အတိုင်းပဲ၊
အွန်လိုင်းမှာဆိုရင် 'စီပီဒီဒီ' (cpdd) လို့ ခေါ်ကြတယ်"
"အဲဒါ ဘာလဲ"
"အဖော်ရှာတာကို ပြောတာလေ၊ထားတော့ ငါ ဒီနေ့ စွမ်းအင်တွေ အများကြီးသုံးလိုက်ရတယ်၊ခဏလောက် အနားယူဖို့ လိုအပ်နေတယ်၊ ငါမနက်ဖြန်လောက်ဆို တျန်းကျွဲ့ကနေ ထွက်နိုင်လောက်တယ်
လမ်းမပျောက်ရင် မနက်ဖြန်တွေ့မယ်၊
လမ်းပျောက်ရင်တော့သုံးရက် ဒါမှမဟုတ် ခုနစ်ရက်နေမှတွေ့ကြမယ်"
ပြောပြီးနောက် ကျိယွမ်သည် ဂိမ်းထဲမှ log out လုပ်လိုက်သည်။
အဖြူရောင်ဝတ်စုံလေးနှင့် တင့်တယ်လှပနေသော ကျင်းလီသည် ကန်ရေပြင်ကို အကြောင်းမဲ့ငေးကြည့်နေခဲ့ရင်း တစ်စုံတစ်ခုကို စဉ်းစားနေသည်။
"အရှင်မင်းကြီး၊ အဲဒီ ဂုဏ်သရေရှိသူက အရှင်မင်းကြီးကို လာတွေ့မှာလား"
ဒေါ်လေးချင် ကျင်းလီဘေးတွင် ပေါ်လာသည်။
ကျင်းလီက သူမအား နု့ညံ့စွာ ပြုံးပြလိုက်သည်။
"ဟုတ်တယ်၊ဒေါ်လေးချင် ကျွန်မကို အရှင်မင်းကြီးလို့ မခေါ်ပါနဲ့တော့၊ အားလီလို့ပဲ ခေါ်ပါ၊
ကျွန်မက နန်းကန်ရဲ့ဘုရင်မ မဟုတ်တော့ဘူး၊ ဘုရင်မဖြစ်ဖို့ ကျွန်မနဲ့ မသင့်တော်ပါဘူး"
ကျင်းလီ၏အကြောင်းကို သိသောဒေါ်လေးချင်က မတတ်သာသလို ပြုံးမိ၏။
"အခု အရှင်မင်းကြီးကို ကြည့်ရတာ စိတ်ပူနေသလိုပဲ ၊ဘာကြောင့်ပါလိမ့်"
"ဘာမှမဟုတ်ပါဘူး..."
"အရှင်မင်းကြီးမှာ မြင့်မြတ်တဲ့ကိုယ်ခန္ဓာနဲ့ လှပတဲ့ရုပ်ရည် ရှိတယ်၊ဘယ်သူနဲ့မဆို ထိုက်တန်တဲ့ အလှတရားပိုင်ရှင်ပါ"
ကျင်းလီက ကန်ရေပြင်ဘက်သို့ ပြန့်လှည့်သွားကာ တိတ်ဆိတ်နေပြီး စကားမပြောပေ။
"အဲဒီ ဂုဏ်သရေရှိသူက သူ့ရဲ့ နတ်ဘုရားစစ်တပ်ကြီးကိုတောင် အရှင်မင်းကြီးကို ငှားပေးဖို့ မညိုညင်ဘူး၊အဲဒါက အရှင့်အပေါ် ဘယ်လောက်အထိ ဂရုစိုက်ကြောင်း ပြနေတာပဲလေ၊ အရှင်မင်းကြီး စိတ်ပူစရာ မလိုတော့ပါဘူး၊ ဒီလိုစိတ်ရှုပ်ထွေးနေရင် တွေ့တောင် မတွေ့ရသေးခင်မှာပင် ပင်ပန်းသွားနိုင်ပါတယ်"
ထိုစကားကိုကြားသောအခါ ကျင်းလီက ညင်သာစွာ မတ်တပ်ရပ်လိုက်သည်။
"ဒေါ်လေးချင်ပြောတာမှန်ပါတယ်၊အခုတော့ ပြန်ကြရအောင်"
နှစ်ဦးသား ရေကန်ဘေးမှ ထွက်ခွာပြီး သူတို့ ဝယ်ထားသောအိမ်ရှိရာဘက်သို့ တိတ်ဆိတ်စွာ ဆက်လျှောက်လာခဲ့သည်။
ထိုအချိန်တွင် မျက်နှာဖုံးစွပ်ထားသော ကလေးတစ်စုက ကျင်းလီကို ဖြတ်ကျော်သွားကြလေသည်။
မျက်နှာဖုံးများကလည်း အမျိုးမျိုးပင်။လှပသောရုပ်ပုံများလည်းပါသလို ထိတ်လန့်ဖွယ်မျက်နှာကြီးများလည်း ပါ၏။
ကလေးများသည် တုတ်များကို ကိုင်ဆောင်ကာ သီချင်းများသီဆိုနေရင်းမှ ကျောင်းဆရာတစ်ဦး၏ဦးဆောင်မှုဖြင့် တစ်နေရာသို့ ဦးတည်နေကြသည်ကို တွေ့ရသည်။
"ဒေါ်လေးချင် သူတို့ကဘာဖြစ်လို့ မျက်နှာဖုံးတွေ ဝတ်ထားကြတာလဲ"
ကျင်းလီစိတ်ဝင်စားသွားသည်။
"နတ်ဘုရားရုပ်တုကို သွားပူဇော်ကြတာ ထင်တယ်"
ဒေါ်လေးချင်လည်း ဤနေရာအကြောင်းအနည်းငယ်သာသိသည်။ထို့ကြောင့် ပြည့်ပြည့်စုံစုံ မရှင်းပြနိုင်ပေ။
"ဘယ်နတ်ဘုရားလဲ မသိဘူးနော်၊ဘာလို့ မျက်နှာဖုံးတွေ ဝတ်ကြတာပါလိမ့်"
ကျင်းလီက ကလေးများကို မျက်စိတဆုံးထိလိုက်ကြည့်နေပြီး ရေရွတ်၏။
"အဲဒီနတ်ဘုရားကလည်း မျက်နှာဖုံးဝတ်ထားလို့ ထင်တယ်"
"သူတို့အားလုံးမှာ တုတ်တွေလည်းပါတယ် ၊ဘာအတွက်ပါလိမ့်"
ဒေါ်လေးချင်က ခေါင်းယမ်းပြသည်။
"မသိပါဘူး"
"အဲဒီနတ်ဘုရားက ဘာကိုဖြည့်ဆည်းပေမဲ့ နတ်ဘုရားပါလိမ့်"
ဒေါ်လေးချင်က သူမသိထားသလောက် ဖြေပေးလေသည်။
"အိမ်ထောင်ရေးကို တာဝန်ယူတာတော့ မဟုတ်လောက်ဘူး၊ ဒါပေမဲ့ သုံးရက်ကြာရင် ဒီမြို့မှာဘုရားပွဲရှိတယ်တဲ့၊တကယ်လို့ အဲဒီ ဂုဏ်သရေရှိပုဂ္ဂိုလ်ရောက်လာရင် နှစ်ယောက်အတူတူ ဘုရားပွဲကိုသွားကြည့်နိုင်တာပေါ့"
"ဒီမြို့မှာ နတ်ဘုရားရုပ်တုတွေ အများကြီးရှိပြီး နာမည်ကြီးဘုရားကျောင်းတွေလည်း အများကြီးပဲ၊ မျက်နှာဖုံးနဲ့ နတ်ဘုရားကတော့ ပူဇော်သူနည်းပါးပုံရတယ်၊ အဲဒီ ကျောင်းဆရာကပဲ ဒီနတ်ဘုရားကို ယုံကြည်တာ ထင်တယ်"
"အင်း.. ဘုရားပွဲက စိတ်ဝင်စားစရာကောင်းမဲ့ပုံပဲ၊ ငါတို့ သွားကြည့်သင့်တယ်ထင်တယ်"
...........
နောက်တစ်နေ့တွင်.......
.
တျန်းကျွဲ့၌ ဖြစ်၏။
ကျိယွမ်သည် ကိုယ်လက်များဆန့်ကာ အပျင်းထုတ်လိုက်၏။
ထို့နောက် ကန်တစ်ခုဘေးတွင်ထိုင်ကာ ရေကန်ထဲတွင်ထင်ဟပ်နေသော သူ၏ပုံရိပ်ကို ကြည့်နေသည်။
"အရင်လို ချောမောနေတုန်းပဲ"
ကျင်းလီနှင့်တွေ့ရတော့မည်ဆိုကတည်းက သူကရုပ်ရည်ကို နည်းနည်းပို၍ ဂရုစိုက်နေမိသလိုပင်။
"ငါလည်း ရူးနေပြီထင်တယ်"
သူကမတ်တပ်ပြန်ရပ်လိုက်ပြီး တစ်စုံတစ်ခုကို စဉ်းစားနေသည်။
"အွန်လိုင်းသူငယ်ချင်းနဲ့ တွေ့တဲ့အခါ လက်ဆောင်ယူသွားသင့်တယ်ထင်တယ်။ မဟုတ်ရင် ရိုင်းရာကျမယ်"
"ဒါပေမဲ့ ၊ ငါ့မှာ ဘာမှ မရှိဘူး"
သူက အတန်ကြာစဉ်းစားနေ၏။
ထို့နောက် သူ၏ပုံရိပ်သည် ရေကန်ဘေးမှပျောက်ကွယ်သွားသည်။
ကျိယွမ်က တျန်ကျွဲ့တစ်ခုလုံးကို မွှေနောက်နေ၏။သင့်တော်သော လက်ဆောင်တစ်ခုခု တွေ့လိုတွေ့ငြား ရှာနေခြင်းပင်။
မကြာမီ ချီယွမ်၏လက်ထဲတွင် သစ်သားဆံထိုးတစ်ခု ရောက်လာသည်။
ဆံထိုးသည် သာမန်ဖြစ်သော်လည်း အဖိုးတန်အပင်များစွာဖြင့် ပြုလုပ်ထားသောကြောင့် အဖိုးမနည်းပေ။
"လက်လုပ်သစ်သားဆံထိုးတစ်ချောင်းက ကောင်းပါ့မလား"
"ဈေးပေါတဲ့လက်မှုပစ္စည်းဆိုပြီး ဝေဖန်ခံရရင် ဘယ်လိုလုပ်မလဲ"
"ကျင်းလီက အဲဒီလိုလူမျိုး မဟုတ်ပါဘူး၊
အဆင်ပြေပါလိမ့်မယ်"
ကျိယွမ်က ခဏငယ်စဥ်းစားကာ ကျင်းလီထံ မက်ဆေ့ခ်ျ ပို့လိုက်သည်။
"နင့်အတွက် တွေ့ဆုံလက်ဆောင် တစ်ခုရှိတယ်၊ သစ်သားဆံထိုးတစ်ချောင်းပါ၊ဈေးပေါတာကို စိတ်ထဲမထားပါနဲ့"
စာပို့ပြီးနောက် ကျိယွမ်သည် တျန်းကျွဲထဲမှ ထွက်ခွာလာခဲ့သည်။
အသက်ရှူချိန်အနည်းငယ်မျှကြာပြီးနောက် ကျိယွမ်သည် တျန်းကျွဲအပြင်သို့ရောက်သွား၏။
"သဲကန္တာရလား"
ကျယ်ပြန့်သောသဲကန္တာရကြီးက သူ၏ရှေ့တွင် မျက်စိတဆုံးရှိနေသည်။
"ထင်မထားဘူး"
ကျိယွမ်က အမှတ်တမဲ့ဖြင့် ကောင်းကင်ကို မော့ကြည့်မိပြီး အထီးကျန်သလို ခံစားရ၏။
သူက ရည်ရွယ်မထားဘဲ ရှေးဟောင်းကဗျာတစ်ပုဒ်ကို သတိရမိသွားသည်။
"ကျယ်ပြန့်သောသဲကန္တာရတွင် အထီးကျန်မီးခိုးတန်းသည် ဖြောင့်တန်းစွာတက်နေပြီး၊ ရှည်လျားသောမြစ်ပေါ်တွင် နေဝင်ချိန်က လုံးဝိုင်းနေသည်"
ကျိယွမ်က ကျယ့်ပြန့်လှသောသဲကန္တာရကို ငေးကြည့်ရင်းမှ ယခုပုံအရဆိုလျှင် ခရီးကအချိန်ပိုကြာတော့မည်ဟု တွေးမိသည်။
ကျင်းလီကို အသိပေးရမယ်"
ကျိယွမ်က ဂိမ်းစာမျက်နာကို ဖွင့်လိုက်သည်။
"ဟင် ."
ကျိယွမ် ခေတ္တမျှ ကြောင်ငေးသွားသည်။
သူက ဂိမ်းမျက်နှာပြင်ကို မတွေ့ရတော့ပါ။
"ငါ့ရဲ့ ဂိမ်းကဘယ်ရောက်သွားပါလိမ့်"
တျန်းကျွဲမှ ထွက်လိုက်သည်နှင့် သူ၏ ဂိမ်းမျက်နှာပြင်သည် အံ့သြဖွယ်ပျောက်ကွယ်သွားခဲ့သည်။
"ကျင်းလီကို ဘယ်လိုဆက်သွယ်ရတော့မှာလဲ"
"သူက ငါ့ကိုမျှော်နေရှာမှာ"
--------------