ရှေးဟောင်းသစ်ပင်နားမှာ ရှိတယ်
Vol. 5 Ch. 74
"မှောင်လာပြီ"
"ရေကန်နားမှာဆိုတော့ ခြင်တွေပေါမှာ။ ကျင်းလီကငါ့ကို အခုထိစောင့်နေဦးမလား မသိဘူး။"
"တောက် ... ဂျူလိုင်ရေကန်က ဘယ်နားမှာလဲ"
မြေပုံတွင် အမှတ်အသားအပြည့်အစုံပါရှိသော်လည်း အသေးစိတ်မကျချေ။အရင်ဘဝမှ ဂူဂဲမြေပုံလိုအဆောက်အအုံတိုင်းကို တိကျစွာ မဖော်ပြနိုင်ဘဲ တချို့တောင်ကုန်းငယ်လေးများဆိုလျှင် မြေပုံထဲ၌ပင် မပါချေ။
ကျိယွမ်သည် မြေပုံအညွှန်းအတိုင်း အလွန်နီးသောနေရာတွင် ရောက်နေသော်လည်း ဂျူလိုင်ရေကန်၏ နေရာအတိအကျကို ရှာမတွေ့သေးပါ။
ထိုအချိန်တွင် အသံအချို့ကို သူကြားလိုက်၏။
ကျိယွမ်၏ မျက်လုံးများ လင်းလက်သွားသည်။
"လူတွေ ရှိတာပဲ။ သွားမေးကြည့်မယ်"
သူက အသံကြားရာသို့ အမြန်ဆုံးဦးတည်လိုက်သည်။
ကျိယွမ်ကြားခဲ့သောအသံများက ရေကန်တစ်ခုအနီးမှဖြစ်သည်။
လရောင်က ကန်ရေပြင်ပေါ်သို့ ကျရောက်နေပြီး တလက်လက်တောက်ပနေသည်။
ညနှင့်လရောင်က အေးချမ်းစွာလှပနေသော်လည်း မြင်ကွင်းကတော့ မလှပခဲ့ပါ။
လေထုထဲတွင် သွေးနံ့များ ပြည့်နေသည်။
သန်မာသောလူစုနှစ်စုသည် မျက်နှာချင်းဆိုင်လျှက် မလှမ်းမကမ်းရပ်နေကြ၏။ အားလုံးက လက်နက်များ ကိုင်ဆောင်ကာ တိုက်ပွဲဆင်နွှဲရန် အသင့်အနေအထားတွင် ရှိနေကြသည်။
"ယွဲ့ဟွမ်မျိုးနွယ်က ဧည့်သည်တွေကို ဒီလိုဆက်ဆံတာလား။ မင်းတို့ရဲ့ ပုရောဟိတ်မကို တွေ့ဖို့အတွက် တိမ်မည်းမြို့တော်ကနေ မိုင်ထောင်ချီ ခရီးနှင်လာရတာကိုတောင် တွေ့ခွင့်မပေးဘူးလား"
မျက်စိတစ်ဖက်ကို ပင်လယ်ဓားပြလိုဖုံးထားသောလူတစ်ယောက်က မာထန်စွာအပြစ်တင်လိုက်သည်။
"မကောင်းတဲ့ ဧည့်သည်တွေ ရောက်လာရင်တော့ ငါတို့ကတွေ့ခွင့်ပေးချင်မှ ပေးမှာပေါ့"
တစ်ဖက်အုပ်စုမှ ဆံပင်အစိမ်းရောင်နှင့်လူက တုန့်ပြန်၏။
"မင်းတို့ရဲ့ ယွဲ့ဟွမ်မျိုးနွယ်က ငါတို့ကိုစော်ကားမိရင် ဘာဖြစ်တတ်တယ်ဆိုတဲ့ နောက်ဆက်တွဲပြစ်ဒဏ်ကို မသိသေးဘူးနဲ့တူတယ်"
မျက်လုံးတစ်ဖက်လပ်နှင့်လူက ဓားကြီးတစ်ချောင်းကို ဝှေ့ယမ်းပြီး ကြမ်းကြုတ်သော အမူအရာနှင့် ခြိမ်းခြောက်လိုက်သည်။
"ယွဲ့ဟွမ်မျိုးနွယ်က ခြိမ်းခြောက်မှုတွေကို ဘယ်တုန်းကမှ မကြောက်ခဲ့ဘူး"
ဆံပင်အစိမ်းနှင့်လူကလည်း နောက်မတွန့်ပါ။
"ကောင်းတယ် သိပ်ကောင်းတယ် ၊ငါတို့ကလည်း ဒါမျိုးကိုတွေ့ချင်နေတာ"
မျက်စိတစ်ဖက်လပ်က သူ၏ဓားကြီးကို အသင့်အနေအထားကိုင်ကာ နောက်လိုက်များကို အချက်ပြလိုက်၏။
ယွဲ့ဟွမ်မျိုးနွယ်အဖွဲ့ကလည်း လက်နက်များကို အသင့်ပြင်ကာ ရင်ဆိုင်ရန်ပြင်သည်။
ဆံပင်အစိမ်းက မတိုက်ခိုက်ချင်သော်လည်း အခြေအနေက အဆုံးထိရောက်လာခဲ့လေပြီ။
သူက ဦးဆောင်ကာ အော်ဟစ်လိုက်သည်။
"တိုက်--"
"ယား......"
"ခဏလေး..."
အဖွဲ့နှစ်ခုက မျက်နှာချင်းဆိုင်ကာ ပြေးလာစဥ်တွင် လူတစ်ယောက်က ကြား၌ပေါ်လာသည်။
အားလုံးခြေလှမ်းများရပ်တန့်ကုန်၏။
ဘာလဲဟ။
"လူကြီးမင်းတို့ ခဏလောက် ရပ်ပေးကြပါဦး။ ဂျူလိုင်ရေကန် ဒါမှမဟုတ် ဂျူလိုင်မြို့က ဘယ်နားမှာလဲသိကြလား"
မျက်နှာဖုံးစွပ်ထားသော ကျိယွမ်က ရိုးသားစွာ မေးလိုက်၏။
တုတ်တပြတ်ဓားတပြတ်ဖြစ်နေသော နှစ်ဖက်စလုံးက လက်နက်များကို ပြန်ချကာ သူ့ကို ထူးဆန်းစွာ ကြည့်ကြသည်။
"ငါတို့အခုရောက်နေတာ ဂျူလိုင်ရေကန်ပဲလေ၊မင်းကန်းနေလား"
မျက်စိတစ်ဖက်လပ်က စကားကို ယဥ်ကျေးစွာပြောတတ်ပုံမရချေ။
ကျိယွမ် အံ့အားသင့်သွားသည်။
"ဒါက ဂျူလိုင်ရေကန်လား။"
ထိုအခါမှ သူတို့အနီးတွင်ရှိနေသော သာမန်ရေကန်လေးတစ်ခုကို ကျိယွမ်သတိထားမိသွားသည်။
ဒီရေကန်က အရမ်းသေးနေတယ်မဟုတ်ဘူးလား။
နေပါဦး ..ကျင်းလီက ဘယ်မှာလဲ။
သူသည် ရေကန်ပတ်ပတ်လည်ကို စူးစိုက်ရှာဖွေ ကြည့်သော်လည်း ကျင်းလီဟု ထင်ရလောက်သူတစ်ယောက်ကိုမျှ မတွေ့ရပါ။
ယခုနေရာ၌သက်ရှိလူသားဟူ၍ စကားများရန်ဖြစ်နေသော အဖွဲ့နှစ်ခုနှင့်သူတစ်ယောက်သာ ရှိသည်။
ငါ လမ်းများမှားလာတာလား။
"ပြောပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"
ကျိယွမ်သည် အနည်းငယ် စိတ်ပျက်စွာဖြင့် မျက်စိတစ်ဖက်လပ်လူကို ကျေးဇူးတင်စကား ပြော၏။
ကျင်းလီက ဘယ်မှာလဲ။
ဂျူလိုင်မြို့ကရော ဘယ်နေရာလဲ။
ထားတော့ စီးချောင်သစ်ပင်ခြေရင်းကို ရောက်အောင်သွားရမယ်။
ကျိယွမ်က ထိုနေရာမှ ထွက်ခွာရန်ပြင်လိုက်သည်။
ထိုအချိန်တွင် မျက်နှာဖုံးစွပ်နှင့်လူက သူ့ကို တားလိုက်၏။
"လူငယ်လေး၊ မသွားသေးနဲ့ဦး။ ဘယ်သူမှန်ပြီး ဘယ်သူမှားလဲဆိုတာကို ငါတို့ကို ကူညီပြီး ဆုံးဖြတ်ပေးစမ်း"
မျက််စိတစ်ဖက်လပ်လူက ကြမ်းကြုတ်စွာပြုံးလိုက်၏။
သူတို့၏ကိစ္စကို နှောင့်ယှက်သူကို အလွယ်တကူလွှတ်မပေးချင်ပါ။
သူက နည်းနည်းပါးပါး အပျော်ရှာသင့်သည်။
"တောင်းပန်ပါတယ်၊ ကျွန်တော် အလျင်လိုနေလို့ပါ။ ဂျူလိုင်မြို့ကိုသွားပြီး မိတ်ဆွေဟောင်းတစ်ယောက်ကို တွေ့ဖို့ရှိပါသေးတယ်"
ကျိယွမ်၏စိတ်အခြေအနေ မကောင်းပါ။သူက ပူပင်သောကများရှိနေ၏။
"ငါက ဂျူလိုင်မြို့က ဘယ်မှာလဲဆိုတာ သိတယ်။ မင်းက ဘယ်သူမှန်ပြီး ဘယ်သူမှားလဲဆိုတာ ဆုံးဖြတ်ပေးရင်ပြောပြမယ်"
မျက်စိတစ်ဖက်လပ်လူက အလွတ်မပေးပါ။
"ခင်ဗျား မှန်တယ်"
ကျိယွမ်ကလည်း စိတ်မဝင်စားပါ။ထို့ကြောင့် နားအေးပြီးရော ဖြေပေးလိုက်သည်။
မျက်စိတစ်ဖက်လပ်လူက ခေါင်းယမ်းလိုက်သည်။
"ဒီလိုဆိုတော့ ပျော်စရာမကောင်းဘူး။ငါက ဂျူလိုင်မြို့ကို မပြောပြချင်တော့ဘူး"
ကျိယွမ်သည် စိတ်ကို ထိန်းချုပ်ပြီး ထိုနေရာတွင် ခေတ္တမျှ တရားသူကြီးတစ်ဦးအဖြစ် နေပေးရန် ဆုံးဖြတ်လိုက်သည်။
ထိုအခိုက် ဆံပင်အစိမ်းရောင်လူက ကျိယွမ်ကို သတိပေးလိုက်၏။
"လူကြီးမင်း၊ အလျင်အမြန် ထွက်သွားတာ ပိုကောင်းပါလိမ့်မယ်။ မြို့တစ်ရာမဟာမိတ် ဟာ ရန်လိုပြီး မဆိုင်တဲ့ကျွမ်းကျင်သူတချို့ကို လိုက်ဖမ်းနေပါတယ်။ ဒီနေရာမှာ ဆက်နေရင် အကုန်ပါဝင်ပတ်သက်သွားနိုင်တယ်"
မျက်စိတစ်ဖက်လပ်လူက လှောင်ပြုံး ပြုံးပြီး ပြောလိုက်သည်။
"မင်းတို့ ယွဲ့ဟွမ်မျိုးနွယ်က လူတွေကိုဘာလို့ ဒီလောက်တောင် အပုပ်ချရတာလဲ။ ငါက ဒီမိတ်ဆွေကို လိုက်လံ ဖမ်းဆီးနေတယ်ဆိုတဲ့ သက်သေရှိလို့လား"
"မြို့တစ်ရာမဟာမိတ်ရဲ့ မကောင်းသတင်းကို ပြောနေဖို့ လိုသေးလို့လား။"
"မြို့တစ်ရာမဟာမိတ်မှာ မိဘတွေက ကြင်နာပြီး သားသမီးတွေက ရိုသေတယ်။ သက်ကြီးရွယ်အိုတွေကို စောင့်ရှောက်တယ်။ ဘယ်နားမှာ မကောင်းသတင်း ရှိလို့လဲ။ မင်းတို့ ယွဲ့ဟွမ်မျိုးနွယ်က လူတွေကသာ အခြေခံ ယဉ်ကျေးမှု မရှိတာပါ။ ငါတို့က မင်းတို့ရဲ့ ပုရောဟိတ်မကိုလာတွေ့တာကို တွေ့ခွင့်မပေးဘူးလား။ သာလော့တိုင်းပြည်လို ဖြစ်ချင်နေတာလား။"
တရားသူကြီး ကျိယွမ်သည် ဘေးနားတွင် ကြောင်တောင်တောင် ဖြစ်နေသည်။
တရားခံများက သူထင်ရာသူပြောနေကြပြီး
ဘယ်သူမှန်ပြီး ဘယ်သူမှားသည်ကို သူ မသိပေ။
နှစ်ဖက်စလုံးတွင် လုံလောက်သောအကြောင်းပြချက်များ ရှိနေပုံရ၏။
"ဟွန့်၊ ငါတို့ရဲ့ ယွဲ့ဟွမ်မျိုးနွယ်က ဘယ်တော့မှ ဦးညွှတ်မှာ မဟုတ်ဘူး။ မင်းတို့ မြို့တစ်ရာမဟာမိတ်က လာဝံ့ရင် လာကြည့်လေ၊ တစ်ယောက်လာရင် တစ်ယောက်သတ်မယ်၊ တစ်ရာလာရင် တစ်ရာသတ်မယ်"
ဆံပင်အစိမ်းလူက ဒေါသတကြီး အော်ပြော၏။
ကျိယွမ်၏ မျက်လုံးများ လင်းလက်သွားသည်။
ကြောက်စရာပဲ။
တစ်ရာလာရင် တစ်ရာလုံးကို သတ်မယ်တဲ့လား။အရမ်းများသွားပြီ။
ကျိယွမ်သည် ဘယ်သူမှန်ပြီး ဘယ်သူမှားသည်ကို သိသွားလေပြီ။
ယခုစကားအရဆိုလျှင် ဆံပင်အစိမ်းနှင့်ပုဂ္ဂိုလ်တို့က အပြစ်ရှိဖို့များနေ၏။
ထိုအချိန်တွင် မျက်စိတစ်ဖတ်လပ်လူက အေးစက်စွာ ရယ်မောလိုက်သည်။
"တာလော့တိုင်းပြည်ရဲ့ သုံးထောင်သော တော်ဝင်မိသားစုဝင်တွေကို ငါတို့အားလုံး သတ်ပစ်ခဲ့တာပဲ"
ကျိယွမ်သည် လုံးဝ တုန်လှုပ်သွားသည်။
ယခုနေရာတွင် ပို၍ပင်ကြောက်စရာကောင်းသော လူရှိနေသေးသည်။
လူတစ်ရာသတ်သူနှင့် လူသုံးထောင်သတ်သူ၊ မည်သူကပိုအပြစ်ကြီးသည်ကို ကလေးတစ်ယောက်ပင် ခွဲခြားနိုင်သည်။
သူက ၄င်းတို့ကို စကားထပ်အပြောမခံနိုင်တော့ပါ။မဟုတ်လျှင် တစ်ဖက်ကကြွားလိုက် တစ်ဖက်ကချေပလိုက်နှင့် ဆုံးဖြရခက်ပြီး အချိန်များစွာကြာသွားလိမ့်မည်။
အစိမ်းရောင်ဆံပင်နှင့်လူက တစ်ဖက်ကိုလက်ညိုးထိုးပြီး စကားပြောရန်ပါးစပ်ဟလိုက်စဥ်မှာပင် ကျိယွမ်က ဖြတ်ပြောလိုက်သည်။
"သိပြီ။ သူတို့ မှန်တယ်၊ ခင်ဗျားတို့ မှားတယ်"
သူသည် မြို့တစ်ရာမဟာမိတ်မှ လူများကို လက်ညှိုးထိုးပြီး မှားသည်ဟု ဆုံးဖြတ်ပေးလိုက်၏။
ဆုံးဖြတ်ပေးပြီးသည်နှင့် သူကထပ်၍ မေးလိုက်သည်။
"အခု ကျွန်တော့်ကို ဂျူလိုင်မြို့ ဘယ်မှာလဲ ပြောပြလို့ရပြီလား"
မျက်စိတစ်ဖက်လပ်လူသည် အနည်းငယ်အံ့သြသွားပြီးနောက် ရယ်မောလိုက်သည်။
"မင်းက ငါတို့မှားတယ်လို့ ပြောလိုက်တာလား။"
သူ၏နောက်မှ တပည့်ခုနစ်ဦးကလည်း လှောင်ပြောင်သော အမူအရာကျိယွမ်အားကြည့်လိုက်ကြသည်။သူတို့၏မျက်ဝန်းများကတော့ လူသတ်လိုသောအရိပ်အယောင်များ ပြည့်နေသည်။
ချီယွမ်က ထပ်မေးသည်။
"ဂျူလိုင်မြို့က ဘယ်မှာလဲ"
မျက်စိတစ်ဖက်လပ်လူသည် ကျိယွမ်အား သဘောကျသလို ရယ်မောလိုက်ပြီးမှ...။
"ဂျူလိုင်မြို့ဆိုတာကို ငါ ဘယ်တုန်းကမှ မကြားဖူးဘူး။ ဒီနေရာမှာ ဂျူလိုင်မြို့ဆိုတာ မရှိဘူး။"
"ဟုတ်တယ်..."
"ဒါတောင်မသိဘူးလား.."
"ဟားဟား ဟားဟား"
သူ့နောက်မှ လူများအားလုံးကလည်း ကျိယွမ်ကို ဟာသတစ်ခုလို ရယ်နေကြသည်။
ဆံပင်အစိမ်းနှင့်လူက ထပ်မံသတိပေးလာသည်။
"လူကြီးမင်း၊ အမြန် ထွက်သွားပါ။ မြို့တစ်ရာမဟာမိတ်ကလူတွေက မကောင်းတဲ့လူတွေပါ။"
ကျိယွမ်သည် သူ့ကို လျစ်လျူရှုပြီး တိတ်ဆိတ်စွာ ရပ်နေ၏။
သူက မျက်စိတစ်ဖက်လပ်အား တည်ငြိမ်စွာမေးလိုက်သည်။
"ခင်ဗျား ကျွန်တော့်ကို တကယ်လိမ်ခဲ့တာပေါ့"
"ဟုတ်တယ်လေ၊ ဟားဟားဟားဟား ၊ငါ လိမ်ခဲ့တယ်။ ဘာဖြစ်လဲ။ မင်းလိုကောင်က ငါ့ကိစ္စကို ဝင်ရှုပ်ရဲတယ်ပေါ့ ။ မင်းက သေချင်နေတာပဲ"
မျက်နှာဖုံးစွပ်နှင့်လူက မထီလေးစားဟိန်းဟောက်လိုက်သည်။
ကျိယွမ်သည် စကားမပြောတော့ပါ။
ဓားကို ဆွဲထုတ်လိုက်သည်။
သူ၏မျက်နှာက မကြုံဖူးလောက်အောင် အလွန်တင်းမာနေ၏၊
"ငါကလိမ်တာကို မုန်းတယ်၊ အထူးသဖြင့် ဒီလောက် အရေးကြီးတဲ့ကိစ္စမျိုးမှာပေါ့"
တကယ်မသိဘဲနှင့် လိပ်စာအမှားကြီးပေးလိုက်လျှင် ကျင်းလီကိုတွေ့ဖို့ ပို၍ နောက်ကျသွားနိုင်သည်မဟုတ်ပါလား။
ယခုပင် ထိုသူကမဟုတ်တမ်းစကားများဖြင့် အချိန်ဆွဲထားသဖြင့် အချိန်တော်တော်ကုန်ခဲ့ရသည်။
"ငါ့ကို လိမ်တဲ့အတွက် သေဒဏ်ထိုက်တယ်"
သူသည် အလွန်မြန်လွန်းသဖြင့် မည်သူမျှ တုံ့ပြန်နိုင်ခြင်းမရှိခဲ့ပါ။
အရိပ်ပင် မမြင်လိုက်ရချေ။
မျက်စိတစ်ဖက်လပ်လူ၏ နောက်တွင်ရှိသောသူများအားလုံး၏ လည်ပင်းများပေါ်တွင် သပ်ရပ်သော ဖြတ်ရာတစ်ခု ရှိနေသည်။
ကျိယွမ်၏ ဓားဖျားက မျက်စိတစ်ဖက်လပ်လူ၏ လည်ပင်းကိုထောက်ကာ ဖိထားချိန်တွင် သူ၏နောက်ကလူများ၏ လည်ပင်းများမှ သွေးများပြိုင်တူထွက်ကျလာပြီး ကြည့်ကောင်းသော မြင်ကွင်းကို ဖြစ်စေသည်။
ထို့နောက်တွင်တော့ အလောင်းများ ပြိုလဲကျသည့် အသံများထွက်ပေါ်လာ၏။
"နောက်ဘဝအထိမှတ်ထား အရေးကြီးနေတဲ့သူတစ်ယောက်ကို လိမ်ပြီးအချိန်မဖြုန်းရဘူး"
ကျိယွမ်သည် ဓားဖျားကို ရှေ့သို့ တွန်းလိုက်ရာ ဓားသွားကမျက်စိတဖက်လပ်လူ၏ လည်ချောင်းထဲသို့ တထစ်ချင်းတိုးဝင်သွားပြီး သွေးများ စီးကျလာ၏။
မျက်စိတစ်ဖက်လပ်လူသည် လှုပ်ရှားမှုကလေးပင် မလုပ်နိုင်ခဲ့ပါ။
"သေစမ်း"
လည်ချောင်းကို ဓားနှင့် ထိုးဖောက်လိုက်သည်နှင့် ကျိယွမ်၏ သတ်ဖြတ်လိုစိတ်က ပြင်းထန်စွာထွက်ပေါ်လာသည်။
သူ၏အဝတ်အစားများသည် မည်သည့်သွေးမျှ မစွန်းထင်းဘဲနှင့် သွေးများ စွန်းထင်းနေသကဲ့သို့ ဖြည်းဖြည်းချင်း နီရဲလာ၏။
ဓားတစ်ချက်တည်းဖြင့် လူ ၇ ယောက်ကို လည်ဖြတ်သတ်လိုက်သော ကျိယွမ်၏ တိုက်ခိုက်မှုကို မြင်လိုက်ရသည့် ဆံပင်အစိမ်းနှင့်လူသည် အလွန်တုန်လှုပ်သွားပြီး ပြင်းထန်စွာသတိထားနေသည်။
"လူကြီးမင်းက တစ်ယောက်ယောက်ကို ရှာနေတာလား"
ထိုသူမျိုးနှင့် သူကရန်သူမဖြစ်လို့ပါ။
"ဟုတ်တယ်။ ကျွန်တော် ယွဲ့ဟွမ်တိုင်းပြည်၊ ဂျူလိုင်မြို့ကို သွားချင်တာ။ ကျွန်တော့် မိတ်ဆွေတစ်ယောက်က အဲဒီမှာ ကျွန်တော့်ကို စောင့်နေမယ်လို့ ပြောခဲ့တယ်"
ကျိယွမ်၏ လေသံက တစ်ခုခုကို ဆုံးရှုံးနေသူလို အားလျော့နေပြီး စိတ်ပျက်နေပုံပေါ်သည်။
လူ ၇ ယောက်ကိုဓားတစ်ချက်ဖြင့် လည်ဖြတ်လိုက်သည့်အချိန်နှင့် လုံးဝခြားနားနေသည်။
သူကအမှန်တကယ်ဆုံးရှုံးကာ ကြေကွဲနေသည်။
"ဒါပေမဲ့ ကျွန်တော်က ယွဲ့ဟွမ်တိုင်းပြည်ကိုရော ဂျူလိုင်မြို့ကိုရော မရှာနိုင်ဘူး။ သေချာတာကတော့.. ဒါက ရှေးဟောင်းစီးချောင်သစ်ပင် နားမှာပဲရှိသင့်တယ်၊ ရှေးဟောင်းသစ်ပင်ရဲ့ အောက်မှာပဲ ဖြစ်ရမှာ"
ကျိယွမ်၏အကြည့်သည် အေးစက်နေကာ ရှေးဟောင်းစီးချောင်သစ်ပင်ကြီးကို ဓားဖြင့်တစ်ချက်တည်းဖြင့် ခုတ်ပိုင်းပစ်ချင်နေ၏။
ဆံပင်အစိမ်းနှင့်လူက သေချာစဥ်းစားနေပြီးမှ ထင်မြင်ချက်ပေးသည်။
"ရှေးဟောင်းစီးချောင်သစ်ပင်နားက တိုင်းပြည်တွေနဲ့ မြို့တွေအားလုံးထဲမှာ ခင်ဗျားပြောတာနဲ့ ကိုက်ညီတာက ကျွန်တော်တို့ ယွဲ့ဟွမ်မျိုးနွယ်တစ်ခုတည်းပဲ ရှိမယ်ထင်ပါတယ်။ ခင်ဗျားရဲ့မိတ်ဆွေက လွဲပြောတာလား ဒါမှမဟုတ် တခြားနားလည်မှုတစ်ခုခုရှိတာလားတော့ မသိဘူး။ "
"ဒါမှမဟုတ် ဂျူလိုင်ရေကန် ကိုပြောတာလည်း ဖြစ်နိုင်တယ်။ဒီဂျူလိုင်ရေကန်ဘေးမှာလည်း ကျွန်တော်တို့ ယွဲ့ဟွမ်မျိုးနွယ်ရဲ့အိမ်တော်ရှိပါတယ်။ လူကြီးမင်း ကျွန်တော်တို့ရဲ့ ယွဲ့ဟွမ်မျိုးနွယ်ဆီ လိုက်ခဲ့နိုင်လား။ ခင်ဗျား ရှာနေတဲ့သူရဲ့ အချက်အလက်တွေကို ကျွန်တော်တို့ကို ပြောပြရင် ကျွန်တော်တို့ ကူရှာပေးနိုင်ပါတယ်"
ချီယွမ်သည် ထိုလူများကို အေးစက်စွာ ကြည့်လိုက်သည်။
"ခင်ဗျားတို့ ကျွန်တော့်ကို လိမ်နေတာ မဟုတ်ပါဘူးနော်။"
သူသည် ဓားပေါ်မှ သွေးများကို ကျန်လက်တစ်ဖက်ဖြင့် သုတ်လိုက်၏။
မျက်နှာဖုံးစွပ်နှင့်လူ၏ လည်ချောင်းသွေးများသည် ဓားပေါ်တွင် စွန်းထင်းနေဆဲပင်ရှိသည်။
ဆံပင်အစိမ်းနှင့်လူသည် အကြောင်းမဲ့ တုန်ယင်သွားသည်။
"ဒါပေါ့၊ ကျွန်တော်တို့ ခင်ဗျားကို မလိမ်ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ ယွဲ့ဟွမ်မျိုးနွယ်က ခင်ဗျားရဲ့မိတ်ဆွေကို တကယ်ရှာတွေ့မယ်လို့တော့ အာမမခံနိုင်ပါဘူး"
ဆံပင်အစိမ်းနှင့်လူသည် ကျိယွမ်အား မျိုးနွယ်ထံ ဖိတ်ခေါ်နေ၏။
အကြောင်းရင်းမှာ သူသည် ကျိယွမ်၏ ခွန်အားကို မြင်ခဲ့သောကြောင့်ပင် ဖြစ်သည်။
မြို့တစ်ရာမဟာမိတ်၏ ဝိုင်းရံပိတ်တို့မှုကြောင့် ယွဲ့ဟွမ်မျိုးနွယ် ရုန်းကန်နေရ၏။
ထို့ကြောင့် မိတ်ဆွေတစ်ယောက်ရလျှင် တစ်ယောက်ဆိုသလိုအကျိုးရှိ၏ ။ ယခုလိုခွန်အားကောင်းသောသူကတော့ ပြောစရာပင်မလိုပေ။
"ကောင်းပြီလေ"
ကျိယွမ်လက်ခံလိုက်၏။လောလောဆယ်တွင် ပိုမိုကောင်းမွန်သော ရွေးချယ်စရာ မရှိပေ။
သူတစ်ယောက်တည်းစုံစမ်းနေခြင်းထက်ဒေသခံယွဲ့ဟွမ်မျိုးနွယ်နှင့်ဆိုလျှင် ပိုအသုံးဝင်သောအချက်အလက်များရနိုင်သည် မဟုတ်ပါလား။
ဆံပင်အစိမ်းနှင့်လူက ကျိယွမ်အားသတိပေးလိုက်သည်။
"တစ်ခုတော့ သတိပေးချင်ပါတယ်၊ ကျွန်တော်တို့ရဲ့ ယွဲ့ဟွမ်မျိုးနွယ်ကို မြို့တစ်ရာမဟာမိတ်က ဝိုင်းထားတယ်။ မိတ်ဆွေကဒီနေရာမှာ ဆက်နေရင် ပါဝင်ပတ်သက်သွားနိုင်တယ်"
"အရေးမကြီးဘူး"
ကျင်းလီကို တွေ့ရလျှင် ဤအရာများသည် သူ့အတွက် ကိစ္စမရှိပေ။
"မိတ်ဆွေရှာနေတဲ့သူရဲ့ အချက်အလက်နဲ့ ပုံပန်းသဏ္ဌာန်ကို ပြောပြလို့ရမလား"
ဆံပင်စိမ်းနှင့်လူ၏ အပြုအမူသည် အလွန်ရိုကျိုးနေသည်။
"သူ့နာမည်က ကျင်းလီ၊ သူက နန်းကန်ရဲ့ ဧကရီပဲ။ ပုံပန်းသဏ္ဌာန်ကတော့..."
ကျိယွမ်ပြောရခက်သွားသည်။သူကကျင်းလီကို မမြင်ဖူးပါ။
" ကျွန်တော် မသိဘူး၊ ဒါပေမဲ့ သူအလွန် လှပမယ်ထင်တယ်။ အသက်သိပ်မကြီးသေးဘူး။ ရှေးဟောင်းစီးချောင်သစ်ပင်မှာ နှင်းဖုံးနေတဲ့အချိန်မှာ သူ ၁၈ နှစ်ပြည့်တဲ့ အရွယ်ရောက် အခမ်းအနား ဖြစ်လိမ့်မယ်ထင်တယ်"
ဝမ်ယုကုန်းမြေတိုက်ကြီးတွင် မိန်းကလေးများသည် အသက် ၁၈ နှစ်တွင် အရွယ်ရောက်သည်ဟု သတ်မှတ်၏။
ဆံပင်စိမ်းနှင့်လူသည် ထိုအချက်အလက်များကို သေသေချာချာ မှတ်သားထားလိုက်သည်။
"ဒီအမျိုးသမီးက ခင်ဗျားကို ဂျူလိုင်မြို့မှာ စောင့်နေတာလား။"
"ဟုတ်တယ်"
ကျိယွမ်ခေါင်းညိတ်ပြလိုက်သည်။
"ခင်ဗျား နာမည်ကိုရော သိလို့ရမလား"
ဆံပင်စိမ်းနှင့်လူက ကျိယွမ်ကိုရှင်းပြ၏။
"ကျွန်တော်တို့ ဒီအချက်အလက်တွေကို ဖြန့်ပေးပါမယ်။ သူမက ခင်ဗျားသူ့ကိုရှာနေတယ်ဆိုတာ သိရင်ဒီကိုရောက်လာနိုင်ပါတယ်"
"ကျိယွမ်"
"ဆံပင်စိမ်းစိမ်းနှင့်လူသည် ထိုအချက်အလက်ကိုလည်း မှတ်ထားလိုက်၏။
ထို့နောက်သူက ကမ်းလှမ်းလိုက်သည်။
"ဒါဆိုရင် ခင်ဗျား ကျွန်တော်တို့မျိုးနွယ်ဆီကို လိုက်ခဲ့ပါလား၊အိမ်တော်ခွဲက နီးနီးလေးပါပဲ"
ကျိယွမ်က ဂျူလိုင်ရေကန်ကို ကြည့်လိုက်၏။
ထို့နောက် ရှေးဟောင်းစီးချောင်သစ်ပင်ကြီးဆီသို့ ငေးကြည့်နေရင်းမှ....။
"ကျေးဇူးတင်ပါတယ်၊ ကျွန်တော် ဒီနေရာမှာပဲ စောင့်နေပါမယ်။လဝက်ကြာအထိ သတင်းမရရင်တော့ ထွက်သွားပါမယ်။"
ထိုသို့ ပြောပြီးနောက် ကျိယွမ်သည် ရေကန်စပ်သို့ ဖြည်းဖြည်းချင်း လျှောက်သွား၏။
သူသည် ကမ်းစပ်အနီးမှ ကျောက်တုံးပြာတစ်တုံးကိုပေါ်တွင် နွမ်းလျစွာထိုင်လိုက်သည်။
သူသည် ပတ္တမြားရောင်ရေကန်ကို စိုက်ကြည့်ရင်း အတွေးထဲတွင် နစ်မြုပ်နေလေသည်။
ဆံပင်စိမ်းနှင့်လူနှင့်ယွဲ့ဟွမ်မျိုးနွယ်မှအဖွဲ့ဝင်များက အချင်းချင်းကြည့်ပြီး စကားမဆိုတော့ပါ။သူတို့က မြေပြင်ပေါ်ရှိ မြို့တစ်ရာမဟာမိတ်စစ်သည်တော်များ၏ အလောင်းများကို တိတ်ဆိတ်စွာ ဖယ်ရှားလိုက်ကြသည်။
ထို့နောက် သူတို့ကတိတ်ဆိတ်စွာပင် ဆုတ်ခွာသွားကြသည်။
ချီယွမ်သည် ရေကန်စပ်တွင် တစ်ယောက်တည်း ထိုင်လျက်ကျန်နေခဲ့သည်။
သူ၏ အဖိုးတန်ဓားကို ယခုအချိန်ထိ ကိုင်ထားဆဲပင်။ပြန်လည်သိမ်းဆည်းရန်မေ့လျော့နေပုံရ၏။
လရောင်ကြောင့် ဂျူလိုင်ကန်နှင့်ပတ်ဝန်းကျင်သည် တိတိဆိတ်စွာလှပနေသော်လည်း ကျိယွမ်ကတော့ အာရုံမရှိပါ။
သူကကန်ရေပြင်ကို ငြိမ်သက်စွာငေးကြည့်ရင်း အရာတစ်ခုခုကို အနက်ရှိုင်းစွာ တွေးတောနေသည်။
....................
"တစ်ချက်တည်းနဲ့ စစ်သည်တော် ၈ ယောက်ကို သတ်ခဲ့တယ်။ ဧကရာဇ်အဆင့် တစ်ယောက်နဲ့ ဘုရင်အဆင့် ၇ ယောက်။ သူက အထွတ်အထိပ်ဧကရာဇ်တစ်ဦး ဖြစ်နိုင်တယ်မလား။"
အစိမ်းရောင် ဝတ်စုံဝတ်ဆင်ထားသော မိန်းကလေးသည် ယွဲ့ဟွမ်မျိုးနွယ်၊ ဂျူလိုင်အိမ်တော်ခွဲမှ ပုရောဟိတ်မ၏တပည့်ဖြစ်သူ လန်ယွဲ့ ဖြစ်သည်။
ပုရောဟိတ်မသည် မိတ်ဆွေဟောင်းတစ်ယောက်နှင့်တွေ့ဆုံရန် ခရီးသွားနေသဖြင့် လန်ယွဲ့က တာဝန်ယူထားရသည်။
သူမသည် နေရာမှထကာ လသာဆောင်ဆီသွားလိုက်၏။ထိုနေရာမှ ဂျူလိုင်ရေကန်သို့ ကြည့်လိုက်ရာ ရေကန်စပ်တွင် လူတစ်ယောက် တိတ်ဆိတ်စွာ ထိုင်နေသည်ကို မြင်ရသည်။
"သူက တစ်ယောက်ယောက်ကို ရှာနေတာလား၊ သူ့အတွက်ကူရှာပေးဖို့ငါတို့ လူတွေကို အမိန့်ပေးလိုက်ပါ။"
အထွတ်အထိပ်ဧကရာဇ်တစ်ဦးသည် မဟာမိတ်ဖွဲ့ရန် ထိုက်တန်သည်ဟု လန်ယွဲ့ယုံကြည်သည်။
"ဟုတ်ကဲ့ပါ အရှင်မ"
ဆံပင်စိမ်းနှင့်လူ ထွက်ခွာသွားသည်။
လန်ယွဲ့သည် လသာဆောင်ပေါ်တွင် တစ်ယောက်တည်း ရပ်လျက် ထိုလူ၏ ကျောပြင်ကို ကြည့်ရင်း သက်ပြင်းချ၏။
"ငါ မှတ်မိတာ မမှားဘူးဆိုရင် တစ်ချိန်ကသတို့သမီးဝတ်စုံမင်းသမီးကလည်း နတ်ဘုရားကို ဒီနေရာမှာပဲစောင့်ခဲ့တာ မဟုတ်ဘူးလား။"
"စိတ်မကောင်းစရာပဲ။"
"သတို့သမီးဝတ်စုံမင်းသမီးက နတ်ဘုရားနဲ့ မတွေ့ခဲ့ရဘဲ ဒီနေရာမှာပဲထာဝရအနားယူသွားခဲ့ပြီ။ ကမ္ဘာကြီးကအမှောင်ဆုံး အချိန်တွေကို ရောက်ရှိနေချိန်မှာ သတို့သမီးဝတ်စုံ မင်းသမီးအသစ်တစ်ပါးကို ထားခဲ့တယ်"
"ဘာပဲပြောပြော နတ်ဆိုးတွေရဲ့ကျွန်ဖြစ်နေတဲ့ မြို့တစ်ရာမဟာမိတ်ကို အမြစ်ဖြတ် သုတ်သင်ပစ်ရမယ်"
လန်ယွဲ့၏ နူးညံ့သိမ်မွေ့သော မျက်နှာပေါ်တွင် လူသတ်လိုသော အရိပ်အယောင်များ ထင်ဟပ်လာသည်။
..................
နံနက်ခင်း နေရောင်ခြည်သည် ဂျူလိုင်ရေကန်ပေါ်သို့ ကျရောက်လာသည်။
ဆံပင်စိမ်းနှင့်လူက ကျိယွမ်ထံသို့ပြန်လည်ရောက်ရှိလာခဲ့သည်။
"ဘာသတင်းရလဲ"
ကျိယွမ်၏ အသံသည် အနည်းငယ် အလျင်လိုနေ၏။
"မရှိပါဘူး"
"ခင်ဗျား ရှာနေတဲ့သူအကြောင်းကို တခြား ယွဲ့ဟွမ်မျိုးနွယ်ခွဲတွေကို အသိပေးထားပြီးပါပြီ။ ဘယ်သတင်းပဲရ ခင်ဗျားကို ပထမဆုံး အသိပေးပါမယ်"
"ကျေးဇူးတင်ပါတယ်"
ကျိယွမ်၏အသံတွင် စိတ်ပျက်နေခြင်းက အထင်းသားပေါ်လွင်နေ၏။
သူက အနည်းငယ်လည်း မကျေနပ်ဖြစ်မိသည်။
အဘယ့်ကြောင့် ဂိမ်းမျက်နှာပြင်က တျန်းကျွဲ့က ထွက်လာပြီးနောက် ပျောက်ကွယ်သွားရလေသနည်း။
ယခုတော့ သူကကျင်းလီကို ဆက်သွယ်၍ မရတော့ပါ။
ကျင်းလီက သူ့ကိုဆက်သွယ်လို့လည်း မရသလို၊ချိန်းဆိုထားသောနေရာသို့ ရောက်မလာသောကြောင့် စိုးရိမ်နေမည်လား။
သို့မဟုတ် သူကကတိမတည်သူဟုများထင်နေမလား။
ကျိယွမ်ကိုယ်တိုင်ကလည်း အရေးအကြောင်းမရှိလျှင် နောက်ကျခြင်းကို မကြိုက်ပါ။
ကျိယွမ်က အဝေးမှရှေးဟောင်းသစ်ပင်ကြီးကို ငေးကြည့်ကာ ပြန်လည်တိတ်ဆိတ်သွားသည်ကိုမြင်လျှင် ဆံပင်စိမ်းနှင့်လူက အလိုက်တသိပြန်သွားလေသည်။
ဤသို့ဖြင့် နေမင်းကဖြည်းဖြည်းချင်းမြင့်တတ်လာပြီး အချိန်မြင့်လာသောအခါ ရေကန်တွင်အနည်းငယ်စည်ကားလာသည်။
မိန်းကလေးအချို့သည် ဝါးခြင်းတောင်းများ ယူလာပြီး အဝတ်လျှော်ရန် ရေကန်သို့ လာကြ၏။
ကျိယွမ်ကိုမြင်သောအခါ ရှက်ရွံ့သွားသလို အနည်းငယ်ကြောက်ရွံ့စွာဖြင့် တိတ်တိတ်လေး ခိုးကြည့်နေကြသည်။
ရေကန်ဘေးရှိ ကွင်းပြင်တွင် ကလေးအချို့လာရောက် ဆော့ကစားကြသောအခါ ရေကန်တဝိုက်သည် ပို၍စည်ကားလာပြီး သက်ဝင်လှုပ်ရှားလာ၏။
သို့သော် ကျိယွမ်သည် ထိုနေရာ၌ သစ်သားတုံးတစ်ခုလို တိတ်ဆိတ်အထီးကျန်စွာ ထိုင်နေပြီး လှုပ်ရှားခြင်းလုံးဝမရှိပေ။
မနီးမဝေးတွင် ကောင်လေးတစ်ယောက်က ကျိယွမ်ကို အချိန်အတော်ကြာအထိ ကွက်ကြည့်ကွက်ကြည့်လုပ်ကာ သူ၏မျက်နှာက ချီတုံချတုံ အမူအရာဖြစ်နေသည်။
နောက်ဆုံးတွင် သူသည်ရဲရင့်စွာ လျှောက်လာပြီး ကျိယွမ်အားနှုတ်ဆက်လိုက်သည်။
"မျက်နှာမဲ့၊ ကျွန်တော် ခင်ဗျားကို ဒီလို ခေါ်လို့ရမလား"
"ရပါတယ်"
ကျိယွမ်က လှည့်မကြည့်ပါ။
ကောင်လေးသည် စိတ်သက်သာရာရသလို သူ့ရင်ဘတ်ကိုဖိလိုက်၏။ စိတ်လှုပ်ရှားမှု လျော့သွားပုံရသည်၊
"ခင်ဗျားက လုံးဝမလှုပ်ဘူး၊ သေသွားပြီလို့ ငါ ထင်တာ"
ကျိယွမ်သည် တိတ်ဆိတ်နေ၏။
ကောင်လေးက ဆက်မေးပြန်သည်။
"ခင်ဗျားက ဒီမှာ ဘာလုပ်နေတာလဲ။"
သူကအရာရာကို အလွန် စူးစမ်းလိုစိတ် ရှိပြီး ရဲရင့်ပုံရသည်။
"ငါ တစ်ယောက်ယောက်ကို စောင့်နေတာ"
ကျိယွမ်၏ အနည်းငယ်ကြေကွဲသံပါနေသော အဖြေကိုကြားသောအခါ ကောင်လေးက ဝမ်းနည်းသွားသည်။
"ငါ ကလေးဘဝတုန်းက ဒီနေရာမှာ ငါ့အဖေ အိမ်ပြန်လာဖို့ နေ့တိုင်းစောင့်ခဲ့တယ်။ တစ်ခါတစ်လေကျတော့ တုတ်ချောင်းနဲ့ မြေကြီးပေါ်မှာ ပုံတွေဆွဲတယ်။ ညနေစောင်းလာရင်တော့ ပိုးစုန်းကြူးလေးတွေ ဖမ်းခဲ့တယ်။"
"မင်းကလေးဘဝတုန်းကလား"
ကျိယွမ်က ထိုကောင်လေးကို အနည်းငယ် အာရုံစိုက်မိသွားသည်။
"အခု ကျွန်တော် ရှစ်နှစ်ရှိပြီ။"
"တော်တော်ငယ်သေးတဲ့အရွယ်က အမှတ်ရစရာတွေကို မင်းမှတ်မိနေတယ်ပေါ့"
"နှစ်နှစ်၊ သုံးနှစ်ပဲ ရှိပါသေးတယ်၊ ကျွန်တော့်အဖေ ဘယ်လိုပုံလဲဆိုတာကို အခုထိမှတ်မိနေသေးတယ်။"
"အဖေ ပုံတူကိုတောင် ထွင်းထားတယ်၊ ဒါမှ သူ့ကို တစ်သက်လုံး မှတ်မိနေမှာ"
ကောင်လေးသည် ပျော်ရွှင်စွာဖြင့် သစ်သားရုပ်ထုကိုတစ်ခု ထုတ်ပြသည်၊
"ကျွန်တော့်အဖေက ပန်းပုဆရာ၊ ကျွန်တော်လည်း အကြီးကျယ်ဆုံး ပန်းပုဆရာ ဖြစ်လာမှာ။"
ကောင်လေး၏ မျက်လုံးများတွင် မျှော်လင့်ချက်များ လင်းလက်နေသည်။
ထိုအချိန်တွင် ညစ်ပတ်နေသော ကလေးတစ်ဦးက သူတို့ဆီပြေးလာသည်။
"အားချောင်၊မင်း သကြားလုံးစားချင်လား"
ညစ်ပတ်နေသော ကလေးကသူ့လက်ကို ဖြန့်လိုက်ရာ ဖုန်များပေနေသောသကြားလုံး သုံးလုံးကို မြင်ရ၏။
"ရှောင်ပင်း၊ ဒါတွေကို ဘယ်ကရတာလဲ"
အားချောင်က တစ်လုံး ယူလိုက်သည်။
"ငါရှာလာတာ"
ညစ်ပတ်နေသော ကလေးသည် ကျ်ယွမ်ကို လည်းသတိထားမိသွားသည်။
"အစ်ကိုလေး၊ တစ်ခု စားမလား။"
သူ၏လက်ကို ကမ်းပေးပြီး ကျိယွမ်ကို စူးစမ်းသလို ကြည့်နေသည်။
အားချောင်သည် ထိုအရာကိူ မြင်သောအခါ ရယ်လိုက်သည်၊
"သူက လူကြီးပဲ၊ မင်းရဲ့ ညစ်ပတ်နေတဲ့ သကြားလုံးကို စားမှာ မဟုတ်ဘူး။"
ထိုအချိန်တွင် အသံတစ်ခုက ကလေးနှစ်ယောက်ကို ခေါ်လိုက်သည်။
"အားချောင် ရှောင်ပင်း၊ ပြန်လာကြတော့၊ ထမင်းစားဖို့ အချိန်ရောက်ပြီ!"
"အကိုလေး၊ ငါတို့ သွားတော့မယ်"
ကောင်လေးနှစ်ယောက်သည် အလျင်အမြန် ပြေးထွက်သွားကြသည်။
ရေကန်စပ်သည် ပြန်လည်တိတ်ဆိတ်သွားလေသည်။
ကျိယွမ် နဂိုပုံစံအတိုင်းပြန်ထိုင်လျက် ကျင်းလီများ ရုတ်တရက်ရောက်လာမလားဟု တွေးမိသည်။
သို့သော်လည်း မဖြစ်နိုင်မှန်းလည်း သိနေသည်။
ကျိယွမ်က ကန်ရေပြင်ကို အဓိပ္ပါယ်မဲ့စွာငေးကြည့်ရင်း တစ်ဖြည်းဖြည်းနှင့် တစ်ရက်ကုန်ဆုံးသွားခဲ့သည်။
နောက်နေ့တွင် အားချောင်ဟု အမည်ရှိသော ကောင်လေး ထပ်ရောက်လာပြန်သည်။
သူကကျိယွမ်နှင့် စကားအနည်းငယ် ပြောပြီးနောက် ထွက်သွား၏။
အားချောင်က ကျိယွမ်အတွက် အကောင်းဆုံးပစ္စည်းများဖြင့် ပန်းပုတစ်ရုပ်ထုပေးမည်ဟု ပြောခဲ့သည်။
အကြောင်းမှာ ကျိယွမ်သည် သူ့ကိုပန်းပုထုနည်း အချို့ကို သင်ပေးခဲ့၍ ဖြစ်သည်။
အားချောင်ပြန်သွားသောအခါ ကျိယွမ်သည် ယခင်အတိုင်းပြန်လည်တိတ်ဆိတ်သွားပြီး စီးချောင်သစ်ပင်ကြီးကို ငေးမောနေလေတော့သည်။
တတိယနေ့တွင် ကျိယွမ်က ရေကန်စပ်သည် သိသာစွာတိတ်ဆိတ်နေသည်ကို သတိထားမိသည်။ ယွဲ့ဟွမ်မျိုးနွယ်မှ အမျိုးသမီးများသည် အဝတ်လျှော်ရန် မလာကြတော့သလို ကလေးများလည်း လာမဆော့ကြတော့ပေ။
ဆံပင်စိမ်းနှင့်လူတစ်ယောက်သာ ကျိယွမ်ကိုလာရောက်တွေ့ဆုံပြီး မြို့တစ်ရာမဟာမိတ်က မကြာမီ တိုက်ခိုက်တော့မည်ဟု သတိပေး၏။
ထို့အတူ သူတို့ကလည်း ကျင်းလီကို ရှာဖွေနေဆဲ ဖြစ်သည်။
ထို့နောက်မှာတော့ ညရောက်သည်အထိ ရေကန်တွင် ကျိယွမ်တစ်ဦးတည်းသာ တိတ်တိတ်စွာထိုင်မြဲထိုင်နေ၏။
လရောင်ကြောင့် တလက်လက်တောက်ပနေသော ကန်ရေပြင်ကို ငေးကြည့်ရင်းမှ ကျိယွမ်သက်ပြင်းချလိုက်သည်။
ထို့နောက် သူသည် ရုတ်တရက် ထရပ်လိုက်သည်။
"ငါ ထပ်ပြီး မစောင့်နိုင်တော့ဘူး။"
သူသည် ရှေးဟောင်းစီချောင်းသစ်ပင်ကို ပတ်၍ပျံသန်းကြည့်ရန် ဆုံးဖြတ်လိုက်သည်။
ထိုသို့ပျံသန်းနေလျှင် သူမနှင့်မတော်တဆတွေ့ချင်တွေ့နိုင်သည်။
သို့သော် ထိုအရာက ဖြစ်နိုင်ခြေ နည်းပါးကြောင်းကိုလည်း သူသိ၏။
ဆုံးဖြတ်ပြီးသည်နှင့် ကျိယွမ်သည် ရှေးဟောင်းစီးချောင်သစ်ပင်ဆီသို့ ပျံသန်းသွားသည်။
သစ်ပင်ကြီး၏ပင်စည်သည် အလွန်ကြီးမားနေပြီး တောင်ကြီးတစ်လုံးနှင့် တူ၏။
သစ်ပင်ကြီးဆီသို့ သုံးပုံနှစ်ပုံခန့်မက ပျံသန်းပြီးနောက် ကျိယွမ် ရပ်လိုက်ရသည်။
ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခုကို သူမြင်သောကြောင့်ပင်။
သူ၏ရှေ့တွင်မြင်နေရသော ကြီးမားသည့် ရှေးဟောင်းစီးချောင်သစ်ပင်ကြီး၏ ကြီးမားလှသောပင်စည်သည် ကောင်းကင်အထိ ထိုးထောင်နေ၏ ။သစ်ပင်ကြီး၏အပေါ်ဘက်အပိုင်းမှ အုပ်ဆိုင်းနေသောအကိုင်းအခက်များက မြေပြင်ဆီသို့တွဲလောင်းကျနေပုံမှာ ကောင်းကင်မှကျနေသော ငါးမျှားကြိုးများနှင့်တူလှသည်ဟု တွေးမိလေသည်။
ထိုမျှနှင့်သူကထိတ်လန့်စရာမရှိပါ။သူ့ကိုထိန်လန့်စေသည့်အရာကတော့ ထိုအကိုင်းအခက်များတွင် လူအလောင်းများ ပြည့်နေခြင်းပင်။
ရာပေါင်းများစွာလား။
ထောင်ပေါင်းများစွာလား။
သောင်းပေါင်းများစွာလား။
သိန်းပေါင်းများစွာ.... သန်းပေါင်းများစွာလား...
သစ်ပင်တစ်ပင်မှ သစ်ရွက်များကို ရေတွက်နိုင်ပါ့မလား။
သူမြင်နေရသော အလောင်းများကလည်း သစ်ရွက်များကဲ့သို့ အလွန်ထူထပ်ပြီး မရေမတွက်နိုင်အောင် ရှိနေသည်၊
မြင်နိုင်သမျှနေရာတိုင်းတွင် အလောင်းရှိသည်။ဘယ်ဘက် ညာဘက် ရှေ့နောက်အပေါ် ကြိုက်သည့်ဘက်သို့ကြည့်ပါ။အလောင်းများရှိသည်။
ရှေးဟောင်းစီးချောင်သစ်ပင်၏ အစိမ်းရောင် အကိုင်းအခက်များအောက်တွင် အလောင်းပေါင်းများစွာ တွဲလောင်းကျနေပုံမှာ သစ်ရွက်များ သစ်သီးများဟုပင်ထင်ရသည်။
အဝတ်စုတ်များဖြင့် ပတ်ထားသော အရိုးဖြူုဖြူများ၊ ပုပ်ရိကာအနံ့ဆိုးထွက်နေသော အလောင်းများ၊ အရိုးနှင့်အရေသာကျန်သော အခြောက်များ၊ မျက်လုံးထဲတွင် ငြိမ်းချမ်းသော အပြုံးများ ရှိနေသော လတ်ဆတ်သော အလောင်းများ...
ကျိယွမ်သည် လုံးဝတိတ်ဆိတ်သွားလေသည်။
သူ၏ဘဝတွင် ယခုလောက်များပြားသော လူသားအလောင်းများကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင်။
သူသည် သစ်ပင်ကြီး၏ အကိူင်းအခက်များကြားတွင် မည်မျှကြာအောင် ပျံသန်းနေသည်ကိုပင် သတိမရတော့ဘဲ ရှေ့သို့ သာပျံသန်းနေသည်။
အလောင်းများက မကုန်သေးပါ။
သူ အပေါ်သို့ ကြည့်လိုက်သောအခါ တွဲလောင်းကျနေသောခြေထောက်များနှင့် အရိုးစုများစွာကို မြင်ရပြန်၏။
ဘယ်လောက်တောင် များတာလဲ။
ဒီလူတွေက ဘာအမှားလုပ်ခဲ့ကြပါလိမ့်။
ဘာကြောင့် ဒီနေရာမှာ တွဲလောင်း ချိတ်ဆွဲခံရတာလဲ။
ကျိယွမ် ငြိမ်သက်စွာစဥ်းစားနေသည်။
အတန်ကြာသောအခါ ခေါင်းယမ်းလိုက်၏။
ကျင်းလီကို ရှာရဦးမယ်။
သူသည် ရှေးဟောင်းစီးချောင်သစ်ပင်၏ ပင်မပင်စည်ကို ပတ်၍ ပျံသန်းပြီး ရှာဖွေသည်။
အကြိမ်ပေါင်းအခေါက်ပေါင်းများစွာ ရှာဖွေသော်လည်း မတွေ့ပါ။
သူတွေ့ရသည်က သစ်ကိုင်းတိုင်း သစ်ကိုင်းတိုင်းတွင်ချိတ်ဆွဲထားသော အလောင်းများသာ။
နောက်ဆုံးအကြိမ်အဖြစ်ပျံသန်းပြီးနောက် သူစိတ်လျှော့လိုက်သည်။
မြေပြင်သို့ဆင်းကာ သူရပ်နားလိုက်သည်။ ထိုနေရာအထက်တွင်လည်း အလောင်းများက ထူထပ်စွာရှိနေ၏။
ယခုနေရာက လူသား ငရဲဘုံပင် ။ကမ္ဘာကြီးသည် ကျင်းလီဖော်ပြသလို မလှပနေပါ။
"ငါဘာလို့ သူ့ကို မရှာနိုင်ရတာလဲ"
"ဘာလို့လဲ..."
တွေးရင်းမှ ကျိယွမ် ဒေါသထွက်နေသည်။
သူသည် ရှေးဟောင်းသစ်ပင်၏ ပင်စည်ကို အချိန်ကြာမြင့်စွာ ပတ်ပျံခဲ့ပြီးပြီဖြစ်သော်လည်း သူမကို မတွေ့သေးပေ။
သူသည် ကျင်းလီကို မတွေ့လိုက်ရမှာကို ကြောက်နေ၏။
ထပ်ရှာရင်ကောင်းမလား။
ကျိယွမ် ထရပ်လိုက်သည်။
ထိုအခိုက် ရင်းနှီးသောအလောင်းနှစ်ခုကို မြင်သောအခါ သူ၏မျက်လုံးများ ကျဉ်းမြောင်းသွားလေ၏။
တစ်ယောက်က ကွန်းဝူမြို့အပြင်ဘက်တွင် ကလေးငယ်ကို ပွေ့ထားသည့် အမျိုးသမီး ဖြစ်သည်။
သူမသည် ရှေးဟောင်းစီးချောင်သစ်ပင်တွင် တွဲလောင်းကျနေပြီး သူမ၏အမူအရာသည် ကျိယွမ် ပထမဆုံး မြင်ခဲ့စဉ်ကလိုပင် ထုံထိုင်းမှုန်မှိုင်းနေဆဲပင်။မတူညီသည်က ယခုအချိန်တွင် သူမမှာအသက်မရှိတော့ပါ။
နောက်တစ်ယောက်ကတော့ တစ်ချိန်က သူမ၏ရင်ခွင်ထဲတွင် တင်းကျပ်စွာ ပွေ့ထားခဲ့သော ကလေးငယ် ဖြစ်သည်။
သူ မကြာသေးမီကမှ တွေ့ဆုံခဲ့သော လူတစ်ဦးသည် အခုတော့ ရှေးဟောင်းသစ်ပင်၏ အနိမ့်ဆုံးသစ်ကိုင်းများတွင် တွဲလောင်းကျသေဆုံးနေလေပြီ။
ဘာလဲ။
ဘာတွေလဲ။
နဂိုကမှ စိတ်မကြည်လင်သော ကျိယွမ်၏ ရင်ထဲတွင် အမည်မဖော်နိုင်သော ဒေါသတစ်ခု ထွက်ပေါ်လာသည်။
သူသည် ဓားကို ဆွဲထုတ်ပြီး ရှေးဟောင်းစီးချောင်သစ်ပင်ကို တစ်ချက်တည်းဖြင့် ခုတ်ပိုင်းပစ်ချင်နေ၏။
ထိုအချိန်တွင် သာယာသော မိန်းကလေးအသံတစ်သံ ထွက်ပေါ်လာ၏။
"ကျိယွမ်..."
ကျိယွမ်၏ ခန္ဓာကိုယ် တုန်ခါသွားသည်။
အသံကြားရာသို့ ရုတ်တရက်လှည့်လိုက်သည်။
ဝိုးတဝါးလရောင်အောက်တွင် ဝတ်ရုံရှည်ဝတ်ဆင်ထားသော မိန်းကလေးတစ်ယောက် ရပ်နေသည်ကို သူ မြင်၏။
ကျိယွမ်၏ မျက်လုံးများက ချက်ချင်းမှိန်ဖျော့သွားသည်။ စိတ်ပျက်အားငယ်မှုနှင့်အတူ လစ်ဟာသွားသလို ခံစားလိုက်ရသည်။
"နင် ဘယ်သူလဲ။"
သူသည် ကျင်းလီကို မတွေ့ဖူးသေးသော်လည်း သူမသည် ကျင်းလီ မဟုတ်သည်ကို တစ်ချက်ကြည့်လိုက်ရုံဖြင့် သိနေ၏။
"ယွဲ့ဟွမ်မျိုးနွယ်ရဲ့ ပုရောဟိတ်မ ၁၂ ပါးထဲက တစ်ပါးဖြစ်တဲ့ဂျူလိုင်ပါ"
------------------