ချီသန့်စင်ခြင်းအဆင့်ဆိုမှတော့ ချီဓားကိုဖန်တီးတာ ဘာဆန်းလို့လဲ
Vol. 5 Ch. 65
ကျန်းဟွာသည် ကောင်းကင်ဘုံခေတ်မှ အလွန်ကြောက်စရာကောင်းသော ကျင့်ကြံသူတစ်ဦး ဖြစ်သည်။သူမ၏ ခွန်အားက ကောင်းကင်ဘုံရုံးတော်၌ပင် ထင်ရှားကျော်ကြား၏။
သူမ၏ ကောင်းကင်ဘုံနတ်ဘုရားအပေါ်ထားရှိသော ချစ်ခြင်းတရားနှင့်အမုန်းတရားတို့ကြောင့် အတိတ်တွင်အမှတ်တရများစွာကျန်ရစ်ခဲ့သည်။
“သတို့သမီးလေး၊ နောက်မှာနေ”
ကျိယွမ်က ကျန်းဟွာ၏တိုက်ခိုက်မှုတစ်ချက်ကို လျင်မြန်စွာရှောင်တိမ်းပြီးနောက် သတို့သမီးလေးကို ဘေးလွတ်ရာသို့ ဖယ်ခိုင်းလိုက်သည်။
သူ၏အားအထားရဆုံးဓားကြီးကိုဆွဲထုတ်ပြီးနောက် သူကကျန်းဟွာနှင့်တည်ငြိမ်စွာမျက်နှာချင်းဆိုင်လိုက်သည်။
ယခုတစ်ကြိမ်တွင် သူသည်သတို့သမီးလေးနှင့် ပေါင်းစည်းခြင်းမပြုဘဲ တစ်ယောက်
တည်းရင်ဆိုင်ရန် ရွေးချယ်ခဲ့သည်။
အမှန်အတိုင်းဝန်ခံရလျှင် ယခုအကြိမ်က လူသားများအတိုင်း အသိဉာဏ်ရှိသော NPC တစ်ယောက်နှင့် ပထမဆုံးအကြိမ်ရင်ဆိုင်ဖူးခြင်းပင်။
“နင်ရဲ့ အရည်အချင်းကမဆိုးပေမဲ့ နင့်ရဲ့အောင်မြင်မှုတွေက ကောင်းကင်ဘုံနတ်ဘုရားရဲ့ အမွေအနှစ်ပေါ်မှာပဲ မှီခိုနေတာ မဟုတ်လား”
ကျန်းဟွာ၏မျက်လုံးများက ဒေါသကြောင့်နီမြန်းလာ၏။
သူတို့နှင့်မလှမ်းမကမ်းတွင် ယင်ယန်တားမြစ်နယ်မြေမှ အစွမ်းထက်သူများက တိုက်ပွဲကို စောင့်ကြည့်နေကြသည်။
ကျန်းဟွာ၏စကားများသည် အချို့သူများ၏အတွေးနှင့်တူညီနေ၏။အဝတ်အထည်ဌာနသခင်ဆိုသူက ကောင်းကင်ဘုံနတ်ဘုရား၏ အမွေအနှစ်များကြောင့် ယခုအဆင့်ထိရောက်လာခဲ့ခြင်းပင်။
သို့သော် အချို့ကမူ သူမကအဘယ့်ကြောင့် ဤမျှဒေါသထွက်ကာ ရန်လိုနေရသနည်းဆိုသည်ကို နားလည်ကြသည်။
ကျန်းဟွာသည် ကောင်းကင်ဘုံနတ်ဘုရားကို အမြဲတမ်း အထင်ကြီးလေးစားခဲ့ပြီး သူ့အတွက် စစ်ပွဲပေါင်းမြောက်များစွာကို တိုက်ခိုက်ပေးခဲ့သည်။ ကံမကောင်းစွာဖြင့် ဧကရီရာထူးကို သတို့သမီးမင်းသမီးကရသွားသည်။
ကျန်းဟွာသည် ဂုဏ်မောက်ကာ မာနကြီးသူဖြစ်သည့်တိုင် သူမကိုယ်သူမနှိမ့်ချပြီး မိဖုရားခေါင်ကြီးလက်အောက်မှ မိဖုရားငယ်အဖြစ်ပင်နေထိုင်ရန် ဆန္ဒရှိခဲ့သော်လည်း ကောင်းကင်ဘုံနတ်ဘုရားက ငြင်းပယ်ခဲ့သည်။
မည်မျှရှက်ဖွယ်ကောင်းလေသနည်း။
ကျန်းဟွာ၏ချစ်ခြင်းမေတ္တာများသည် အမုန်းတရားများအဖြစ်သို့ ပြောင်းလဲသွား၏။သူမက ကောင်းကင်ဘုံနတ်ဘုရားကိုလည်း နားကျဥ်းမုန်းတီးသလို သတို့သမီးမင်းသမီးအပေါ်တွင်လည်း မေတ္တာမရှိခဲ့ပါ။
ယခုအချိန်၌ သတို့သမီးမင်းသမီး၏ခင်ပွန်းဖြစ်သူ၊ အဝတ်အထည်ဌာနသခင်အသစ်သည် ရုတ်တရက်အာဏာရရှိလာသည်။သူက ကောင်းကင်ဘုံနတ်ဘုရား၏အမွေအနှစ်များနှင့်အတူ သတို့သမီးမင်းသမီး၏ အကူအညီများဖြင့် အောင်မြင်ခဲ့၏။
ကျန်းဟွာသည် အဝတ်အထည်ဌာနကို မည်သည့်အချိန်ကမျှ မကြိုက်ခဲ့သလို ကောင်းကင်ဘုံနတ်ဘုရားနှင့် ထိုအမျိုးသမီး၏ သမီးဖြစ်သူသတို့သမီး အသစ်ကိုလည်း အထူးမုန်းတီးခဲ့သည်။
ထို့ကြောင့် လုံပန်သည်တုန်ကို အောင်နိုင်ပြီးနောက် အခြားသူများကသဘောတူလိုက်ချိန်တွင် သူမက ဤအခွင့်အရေးကို တောင်းဆိုခဲ့ခြင်းပင်။
“နင့်မှာ အမွေအနှစ်တွေကို အားကိုးရုံအပြင်တခြားဘာတွေ ရှိသေးလဲ”
“နင်လိုကောင်က အနောက်ပင်လယ်ရဲ့ ပုန်ကန်မှုတွေကို ကြုံဖူးလား”
“နင်က ကြီးမြတ်တဲ့ ဘုံ ၃ ခုနဲ့ တိုက်ခိုက်ဖူးလား”
“အဓိကတိုက်ပွဲကြီးတွေကိုမကြုံဖူးရင် နင်က အပျံသင်ကာစ လင်းယုန်ငှက်လေးတစ်ကောင်ပဲ။ ပြင်ပနတ်ဆိုးတွေကို အနိုင်ယူနိုင်စွမ်း မရှိဘူး”
"ဒီနေ့ နတ်ဘုရားရုံးတော်ရဲ့ဆယ်ယောက်မြောက်ဗိုလ်ချုပ်က ဘာလဲဆိုတာကို နင့်ကိုပြသပေးလိုက်မယ်"
ကျန်းဟွာသည် နတ်ဘုရားရုံးတော်၏ ဆယ်ယောက်မြောက် ဗိုလ်ချုပ်တစ်ဦးဖြစ်သည်။
သူမ၏အဆင့်အတန်းသည် ကောင်းကင်ဘုံနတ်ဘုရားနှင့်ဌာနလေးခု၏အုပ်ချုပ်သူများထက်သာ နိမ့်ကျ၏။
သူမသည် သူမ၏ဘဝတစ်လျှောက်လုံး စစ်ပွဲထောင်ပေါင်းများစွာကို မရပ်မနား တိုက်ခိုက်ခဲ့သည်။
သူမသည် သွေးပင်လယ်ထဲမှတွားထွက်လာပြီး အလောင်းပုံပေါ်တွင် ရပ်နေခဲ့သည့် အမျိုးသမီးတစ်ဦး ဖြစ်သည်။
ကျန်းဟွာ လှုပ်ရှားလိုက်သည်နှင့် အဆုံးမရှိသော ကြမ်းတမ်းသည့်တိုက်ခိုက်မှုများ ဆက်တိုက်ထွက်ပေါ်လာသည်။
ကျိယွမ်၏ အမြင်အာရုံတွင်ကျန်းဟွာ၏ ရုပ်ပုံများဖြင့် ပြည့်နှက်သွားသည်။
ထိုနည်းစနစ်က သူမ၏အပြင်းထန်ဆုံးသော တိုက်ခိုက်ရေးနည်းစနစ်ဖြစ်သည့် အဆုံးမဲ့ပန်းပင်လယ်ဖြစ်သည်။
ပန်းပွင့်များစွာသည် လေထဲတွင် ဝဲပျံနေပြီး ကျန်းဟွာ၏ ကိုယ်ပွားပေါင်းများစွာသည် ၎င်းတို့ကြားတွင် လှုပ်ရှားကာ ကျိယွမ်ကို နေရာပေါင်းစုံမှ တိုက်ခိုက်လာသည်။
ကျန်းဟွာထက်သာလွန်သော စိတ်ဝိညာဥ်နှင့်တိုက်ပွဲအတွေ့အကြုံများရှိမှသာ မည့်သည့်အရာကအစစ်အမှန်ဖြစ်ပြီး မည်သည့်အရာကပုံရိပ်ယောင်ဖြစ်သည်ကို ခွဲခြားနိုင်မည်ဖြစ်သည်။
ထိုနည်းစနစ်က အတွေ့အကြုံနည်းသော တိုက်ခိုက်ရေးသမားများအပေါ် အလွန်ထိရောက်မှု ရှိသည်။
ကျိယွမ်က သူ၏ဓားကို ကန့်လန့်ဖြတ်အနေအထားအတိုင်း ကိုင်ထားရင်းမှ မျက်မှောင်ကျုံ့လိုက်၏။
ကျိယွမ်သည် ရွှမ်းဟွမ်တားမြစ်နယ်မြေ၊ရိကွမ်းတားမြစ်နယ်မြေနှင့် ဒြပ်စင်ငါးပါးတားမြစ်နယ်မြေများတွင် မကောင်းဆိုးရွားများစွာကို အကြိမ်ကြိမ်တိုက်ခိုက်သတ်ဖြတ်ခဲ့သည်။သူ၏တိုက်ပွဲ့အတွေ့အကြုံမှာ ရှန်ကွမ်းဂိုဏ်းမှ တပည့်များနှင့်အကြီးအကဲများအားလုံးပေါင်းသည်ထက်ပင် သာလွန်နေနိုင်သည်။
သို့သော်လည်း သူ၏ယခင်ပြိုင်ဘက်များမှာ အသိဉာဏ်မပါသော မကောင်းဆိုးရွားများ သပ်သပ်ဖြစ်သည်။၎င်းတို့သည် ကျန်းဟွာနှင့် မယှဉ်နိုင်ပေ။
ကျန်းဟွာနှင့်၄င်းတို့ကြားရှိအကြီးမားဆုံးကွာခြားချက်မှာ အသိဉာဏ်နှင့်တိုက်ပွဲအတွေ့အကြုံဖြစ်သည်။
ကျိယွမ်၏ မျက်လုံးများကလက်ခနဲဖြစ်သွားသည်။သူ၏ဓားကို အားအပြည့်ဖြင့် လျှင်မြန်စွာ ထိုးသွင်းလိုက်သည်။
ပုံရိပ်များစွာကြားတွင် သူသည်ကျန်းဟွာ၏ ကိုယ်ခန္ဓာအစစ်အမှန်ကို ရှာဖွေတွေ့ရှိခဲ့သည်။သူ၏မျက်လုံးများက အချက်အလက်များကို ရှာဖွေနိုင်သည်မဟုတ်ပါလား။
ကျန်းဟွာ အံ့သြသွား၏။ကျိယွမ်၏အတွေ့အကြုံလောက်နှင့် သူမ၏ခန္ဓာကိုယ်အစစ်အမှန်ကို တွေ့သွားမည်ဟု ထင်မထားခဲ့ပါ။
ကျိယွမ်၏ဓားချက်က လျှပ်ပြတ်သလိုဝင်လာလေပြီ။
ကျန်းဟွာက အချိန်မီရှောင်တိမ်းနိုင်ခြင်း မရှိသော်လည်း ပြာယာခပ်မသွားခဲ့ပါ။ အင်အားအပြည့်ပါသော လက်ဝါးရိုက်ချက်တစ်ချက်ကို ကျိယွမ်ထံပို့လွှတ်လိုက်သည်။
"ရွှပ်"
ဓားနှင့် လူ၏ကိုယ်ခန္ဓာတို့ ထိပ်တိုက်တွေ့ဆုံမှုတွင် ဓားကသာအသာစီးရသင့်သည်။
သို့သော်လည်း ကျန်းဟွာ၏မျက်လုံးများတွင် လှည့်စားသော အပြုံးတစ်ခု ပေါ်လာပြီး ကျိယွမ်အား လှောင်လိုက်၏။
"ဒီလောက်နဲ့တော့ မရသေးဘူး"
ကျန်းဟွာ၏ လက်ဝါးရိုက်ချက်က ဓားအရှိန်အဝါကိုထိုးဖောက်ကာ ကျိယွမ်၏ရင်ဘတ်အတွင်းသို့ တိုက်ရိုက်ဝင်ရောက်သွား၏။
ချီယွမ်သည် သူ့၏ခန္ဓာကိုယ်တစ်ခုလုံးကို အပြည့်အဝကာကွယ်ထားသော်လည်း လက်ဝါးရိုက်ချက်ကြောင့် ဒဏ်ရာအနည်းငယ်ရရှိသွားသည်။
ကျိယွမ်၏မျက်နှာက ဖျော့တော့သွားပြီးခြေလှမ်းအနည်းငယ်နောက်ဆုတ်လိုက်ရသည်။
သူက သွေးထွက်နေသောကျန်းဟွာကို ကြည့်ကာ ဝန်ခံသည်။
"ခင်ဗျားပြောတာ မှန်တယ်"
တိုက်ပွဲကိုအဝေးမှစောင့်ကြည့်နေသော ယင်ယန်နယ်မြေမှကျင့်ကြံသူများ တုန်လှုပ်သွားကြသည်။
“သူက ကျန်းဟွာကို ပထမဆုံးတိုက်ခိုက်မှုမှာတင် ဒဏ်ရာရအောင်လုပ်နိုင်ခဲ့တယ်”
“ငါတို့က သူ့ကို အထင်သေးခဲ့တာပဲ။ သူက သာမန်ပါရမီရှင်တစ်ဦးတည်း မဟုတ်ဘူး”
“အဆုံးမဲ့ပန်းပင်လယ်ထဲမှာဆိုရင် ငါတောင်မှ ကျန်းဟွာရဲ့ခန္ဓာကိုယ်အစစ်အမှန်ကို ခွဲခြားမသိနိုင်ဘူး။ သူ ဘယ်လိုလုပ်လိုက်တာလဲ”
“ဒါပေမဲ့ သူက ငယ်လွန်းနေတယ်၊ ကျန်းဟွာရဲ့ လှည့်စားမှုကို ခံလိုက်ရတာတွေ့လား”
“ဘယ်လောက်များ စိတ်မကောင်းစရာလဲကွာ၊ နှစ်သုံးရာပဲကျန်တော့တယ်လို့ပဲ"
"ဟူး......နှစ်သုံးရာက... အရမ်းတိုတောင်းတယ်၊ အရမ်းတိုတောင်းလွန်းတယ်”
တုန်ကကျိယွမ်ကို အလွန်နှမြောသလို ကြည့်နေ၏။
ဤလူငယ်ကိုသာ အနှစ်သုံးထောင်ခန့်အချိန်ပေးလိုက်လျှင် မည်သို့ရှိမည်နည်း။
သူသည် ရက်အနည်းငယ်အတွင်းမှာပင် ဓာတ်ကြီးငါးပါးစွမ်းအင်များကို ပြီးပြည့်စုံအောင် စုဆောင်းနိုင်ခဲ့သည်။
၎င်းသည် သမိုင်းတစ်လျှောက်တွင် မည်သူမျှမယှဉ်နိုင်သော အရည်အချင်းတစ်ရပ် ဖြစ်သည်။
အချိန်အလုံအလောက် ပေးလိုက်ပါကသူမည်မျှအထိအောင်မြင်နိုင်မလဲဆိုသည်ကို မည်သူသိနိုင်မည်နည်း။
လူတိုင်းက ကျန်းဟွာနှင့် ကျိယွမ်ကို ကြည့်နေကြ၏။
ထိုအချိန်မှာပင် ကျိယွမ်က သူ၏မျက်လုံးများကို မှိတ်လိုက်သည်။
သူ၏ တိုက်ခိုက်ရေးစွမ်းရည်များက မကောင်းဆိုးရွားများနှင့် သာမန်ကျင့်ကြံသူများကိုရင်ဆိုင်ရန်ဆိုလျှင် လုံလောက်သည်။
ပြင်ပနတ်ဆိုးများနှင့် ယှဉ်ပြိုင်ရန်အတွက်ဆိုလျှင်တော့ လုံးဝမလုံလောက်သေးပါ။
သို့သော် ယခုအချိန်၌ ကျိယွမ်သည် တစ်ယောက်တည်းမဟုတ်တော့ပါ။
သူက မျက်လုံးများကိုမှိတ်လျှက်ကပင် ကျန်းဟွာဘက်သို့ လှည့်လိုက်၏။
“ကျေးဇူးပဲ၊ နောက်တစ်ခေါက်လောက် ထပ်စလိုက်ကြရအောင်”
ထိုအခိုက်မှာပင် ခန္ဓာကိုယ်ထွားကျိုင်းသော အမျိုးသား၏ အတွေ့အကြုံများနှင့်ကျင့်ကြံခြင်းဆိုင်ရာအသိပညာများသည် ကျိယွမ်၏ စိတ်ထဲတွင် ဖြည်းဖြည်းချင်း ပေါ်လာသည်။
ငယ်ရွယ်စဉ်တွင် ပျင်းရိစွာနေခဲ့သည်။ လူလတ်ပိုင်းအရွယ်၌ စာအုပ်တစ်အုပ်ကိုဖတ်မိပြီးနောက် ရုတ်တရက်ဉာဏ်အလင်းရရရှိခဲ့ပြီး ထိုထွားကျိုင်းသောအမျိုးသားသည် အစွမ်းထက်သောဓားသမားတစ်ဦး ဖြစ်လာ၏။
ဓားနဲ့အမြဲတမ်းတိုက်ခိုက်နေကြဖြစ်သော ကျိယွမ်အတွက် ထိုအမျိုးသား၏ ဓားပညာအတွေ့အကြုံသည် အသင့်လျော်ဆုံးမဟုတ်ပါလား။
ကျိယွမ်သည် သူ၏ကိုယ်ပိုင်စွမ်းရည်များကို မေ့ထားလိုက်သည်။
ယခုအချိန်တွင် သူသည်သူမဟုတ်တော့။
ကျိယွမ်က ထွားကျိုင်းသော အမျိုးသားအဖြစ် ပြောင်းလဲသွားလေပြီ။
ဓားကိုကိုင်ပြီး အရှေ့ပင်လယ်ရှိ ဆိုးယုတ်သော ရေနဂါးတစ်ကောင်နှင့် ခုနစ်ရက်တိတိ တိုက်ခိုက်ခဲ့ပြီး ထိုနဂါး၏အရေခွံကိုခွာ၍ အစိတ်အပိုင်းများစွာ ခုတ်ထစ်ခဲ့သည်။
သူသည် မြေကြီးကိုဓားတစ်ချက်ဖြင့် ပွင့်စေပြီး မြေအောက်ရှိ နတ်ဆိုးတစ်ကောင်ကို သတ်ပစ်သည်။
ကျိယွမ်၏လက်ထဲမှဓားသည် တဆက်ဆက်တုန်လာ၏။
ဓားအော်ရာများက ရွာချတော့မည့်မိုးတိမ်များကဲ့သို့ ကျိယွမ်၏အနီးတွင် ရစ်သိုင်းလာကြသည်။
"ထွီ......"
“ငါချင်ပင်းကျိက မင်းနဲ့တစ်ယောက်ချင်းတိုက်မယ်”
ကျိယွမ်သည် သူ၏မျက်လုံးများကို ဖျတ်ကနဲဖွင့်လိုက်ပြီး ဓားကိုတစ်ချက်ဝင့်လိုက်ရာ ကြောက်မက်ဖွယ်ဓားအရှိန်အဝါက ကောင်းကင်သို့ပင် ပျံ့လွင့်သွားပြီး တိမ်တိုက်များကိုထိုးဖောက်၍ တစ်လောကလုံးကို လင်းလက်သွားစေသည်။ပစ်ခါနီးမိုးကြိုး၏ လျပ်စီးတန်းသဖွယ်ပါတကား.....။
ကျန်းဟွာ၏ နှုတ်ခမ်းများကလှောင်ပြောင်သော အပြုံးတစ်ခုကို ကွေးညွတ်လိုက်ပြီး “ဒါပဲလား” ဟုလှောင်လိုက်သည်။
သူမ၏လှပအေးစက်သောမျက်နှာတွင် မထီမဲ့မြင်ပြုသည့် အမူအရာပေါ်လာ၏။
တစ်ချိန်တည်းမှာပင် ဒြပ်စင်ငါးပါးတားမြစ်နယ်မြေတွင် ခေါင်းတလားအဖုံးတစ်ခု ပွင့်လာသည်။
ဖျော့တော့နေသည့် မျက်နှာနှင့် ခန္ဓာကိုယ်ထွားကြိုင်းသောအမျိုးသားက ယင်ယန်တားမြစ်နယ်မြေဆီသို့ အနည်းငယ်လေးစားသောအကြည့်ဖြင့် မျှော်ကြည့်လိုက်သည်။
“ဒီကလေးက မဆိုးဘူးပဲ၊ ငါ့ရဲ့အတိတ်က ဂုဏ်ကျက်သရေရဲ့ ဆယ်ပုံသုံးပုံလောက် ရှိတယ်။ ဒါပေမဲ့ သူ့ရဲ့ပုံစံနဲ့ အမူအရာကတော့ သပ်ရပ်မှုမရှိသေးဘူး၊ ပိုပြီးပြင်းပြင်းထန်ထန် လေ့ကျင့်ဖို့ လိုသေးတယ်”
ထို့နောက် သူ၏အကျင့်အတိုင်း တံတွေးထွေးလိုက်၏။
“ထွီ…ထွီ”
သူသည် ခေါင်းတလားအပြင်ဘက်သို့ ထွေးထုတ်ပြီးသည်နှင့် ပြန်လှဲအိပ်သွားတော့သည်။
..................
ဂိမ်းမှထွက်ပြီးသည်မှာ အတန်ကြာပြီဖြစ်သော်လည်း ကျိယွမ်သည် စာမဖတ်သေးဘဲ သူ၏မျက်လုံးများကို မှိတ်လိုက်သည်။
သူသည် ယင်ယန်တားမြစ်နယ်မြေတွင် ကျန်းဟွာနှင့် တိုက်ခိုက်ခဲ့သည့် တိုက်ပွဲကို ပြန်လည်သုံးသပ်နေသည်။
ကျန်းဟွာသည် နတ်ဘုရားရုံးတော်၏ ဆယ်ယောက်မြောက်ဗိုလ်ချုပ်တစ်ဦးဖြစ်သည်နှင့်အညီ သူမတွင်မယုံနိုင်စရာ တိုက်ခိုက်ရေးစွမ်းရည်နှင့် နည်းစနစ်များ ရှိသည်။
သူမကို ချီယွမ် မယှဉ်နိုင်ခဲ့ပေ။
ထို့ကြောင့်သူသည် ချင်ပင်းကျိ၏ တိုက်ခိုက်ရေးအတွေ့အကြုံများနှင့် အသိပညာများထဲသို့ မိမိကိုယ်ကို နှစ်မြှုပ်ကာကျန်းဟွာနှင့် တိုက်ခိုက်ခဲ့သည်။
သူသည် ချင်ပင်းကျိ၏ ကြောက်မက်ဖွယ်ဓားစွမ်းရည်နှင့် တိုက်ခိုက်ရေးအတွေ့အကြုံများကို ရရှိခဲ့၏။
သူ၏မျက်လုံးများက ကျန်းဟွာ၏ အသန်မာဆုံးနည်းစနစ်ဖြစ်သည့် အဆုံးမဲ့ပန်းပင်လယ်ကို ဖြေရှင်းနိုင်သည်။
ထို့ကြောင့် ကျန်းဟွာသည် ထိုနည်းစနစ်ကို ထပ်မံအသုံးမပြုခဲ့သဖြင့် သူမ၏စွမ်းရည်ကို သိသိသာသာ အားနည်းသွားစေသည်။
ကျိယွမ်သည် တဖြည်းဖြည်း အသာစီးရလာပြီး ချင်ပင်းကျိ၏ ဓားပညာကို ပိုမိုနားလည်လာသည်နှင့်အမျှ သူကပိုမိုရဲရင့်စွာ တိုက်ခိုက်ခဲ့သည်။
နောက်ဆုံးတွင် ကျန်းဟွာ ရှုံးနိမ့်သွားသည်။
ထို့နောက် ကတိအတိုင်းယင်ယန်တားမြစ်နယ်မြေမှ ကျင့်ကြံသူများက ကျိယွမ်ကို နတ်ဘုရားရောင်ပြန်ဟပ်ခြင်းပြုလုပ်ပေးခဲ့ကြ၏။
အားလုံးပြီးသောအခါ ပင်ပန်းနွမ်းနယ်နေသော ကျိယွမ်သည် ဂိမ်းမှအမြန်ဆုံးထွက်ခဲ့ရသည်။
ယင်ယန်တားမြစ်နယ်မြေကို မည်သို့ ထိန်းချုပ်ရမည်ကိုမူ နောက်တစ်ကြိမ် ဂိမ်းထဲသို့ဝင်ရောက်မှသာ ဆက်လုပ်ရမည် ဖြစ်သည်။
“ဓားလမ်းစဥ်လား"
"အခုဆိုရင် ငါ့ကိုယ်ငါ တကယ့်ဓားသမားတစ်ယောက်လို့ သတ်မှတ်လို့ရပြီ၊ ဟုတ်တယ်မလား”
ထိုသို့တွေးမိကာ ကျိယွမ်ကျေနပ်သွားသည်။
သို့သော် ချက်ချင်းခေါင်းခါလိုက်မိ၏။
သူသည် စစ်မှန်သော ဓားကျင့်ကြံသူများနှင့် သိသိသာသာ ကွာခြားနေသေးကြောင်း ပြန်တွေးမိသောကြောင့်ဖြစ်သည်။
သာရှန်းတိုင်းပြည်မှ ဓားကျင့်ကြံသူများတွင် သူတို့၏စိတ်နှင့်ဝိညာဥ်တစ်ခုလုံးကို အပ်နှင်းထားသည့် ကိုယ်ပိုင်ဓားတစ်လက်စီရှိကြ၏။
ဓားကျိုးသွားပါက ဓါးပိုင်ရှင်သည်လည်း ဒဏ်ရာရရှိမည်။
ကျိယွမ်တွင် ထိုသို့သောဓားမရှိပါ။ သူသည် စစ်မှန်သော ဓားကျင့်ကြံသူ မဟုတ်ပေ။
ကျိယွမ်သည် သူ၏ဘဝနှင့် ကံကြမ္မာကို ရတနာတစ်ခုတည်းအပေါ်၌ အပ်နှင်းလိုခြင်း မရှိပေ။
“ဓာတ်ကြီးငါးပါးချီတွေက ငါ့ရဲ့ချီတွေကို အခုထိအစားထိုးနေတုန်းပဲ။ နောက်တစ်ခုက သစ်သား ဖြစ်မယ်ထင်တယ်"
ထိုအရာကို တွေးမိသောအခါ ကျိယွမ် လိပ်ပြာမလုံဖြစ်သွားသည်။
သူက ပြာပြာသလဲဖြစ်သွားကာ ရှေ့နောက်ဝဲယာ အထက်အောက်ဘေးတိုက်မကျန် လူရှိမရှိစစ်ဆေးလိုက်သည်။
"တော်သေးတာပေါ့ ကြားသွားတဲ့လူမရှိလို့"
ရှန်ကွမ်းဂိုဏ်းတွင် နောက်ထပ်အသေးစား ထိတ်လန့်မှုတစ်ခုဖြစ်ခဲ့လျှင် တရားခံမှာ သူဖြစ်နေသည်ကို အသိမခံနိုင်ပါ။
သူက ခြံဝင်းထဲမှထွက်ကာ ကျိစယ်တောင်ထွတ်တစ်နေရာတွင်ရပ်လျက် ချီကို ရှူသွင်းရှူထုတ် လုပ်နေသည်။
သူထင်ထားသည့်အတိုင်းပင် ။သူက ချီစွမ်းအင်သုံး၍ အသက်ရှူလိုက်လျှင် ရွှေရောင်အလင်းများ ထွက်ပေါ်လာသည်။
“ကံကောင်းတာက မီးမဟုတ်လို့။ မဟုတ်ရင် ငါ ဟူလူရှောင်ဒီ ဖြစ်နေပြီ”
(TN - ဟူလူရှောင်ဒီသည် တရုတ်ရိုးရာ ညီအစ်ကို ၇ ယောက်ပုံပြင်ဖြစ်ပြီး စတုတ္ထအစ်ကိုသည် မီးတောက်များကို မှုတ်ထုတ်နိုင်၏)
ထိုအချိန်တွင် ပျံသန်းနေသော ကြိုးကြာငှက်တစ်ကောင်ကို ကျိယွမ်မြင်လိုက်၏။
ကြိုးကြာ၏ ပါးစပ်ထဲ၌ လာရောက်လည်ပတ်ခွင့်ကတ်ပြားကို ကိုက်ထားသည်။
ကြိုးကြာက ကျိယွမ်ဆီသို့တည့်တည့်ပျံသန်းလာပြီး လာရောက်လည်ပတ်ခွင့်ကတ်ပြားကို သူ့လက်ထဲသို့ ချပေးသည်။
"အသင်္ချေနိယာမတောင်ထိပ်"
"ထုံရှီးယန်"
"ငါ့ဆီ လာလည်ဖို့တဲ့လား"
ကျိယွန်က မျက်ခုံးများတွန့်ကာ စဥ်းစားကြည့်၏။
သို့သော် ထုံရှီးယန်ဆိုသူကို မမှတ်မိပါ။
"ဘယ်သူပါလိမ့်...."
ကျိယွမ်က ထူးဆန်းသည်ဟု ထင်မိသည်။ရှန်ကွမ်းဂိုဏ်းတွင် လူများစွာကသူ့ကိုသိသော်လည်း တကူးတကကြီးလာရောက်လည်ပတ်သူမှာ ရှားပါးသည်။
သို့သော်သူကလည်းပျင်းနေသဖြင့် လည်ပတ်မှုကို လက်ခံလိုက်လျှင်လည်း မဆိုးပါ။
ဘယ်လိုလူကများ ငါ့ကိုတွေ့ချင်နေရတာလဲ။
"ရတယ်"
သူသည် လာရောက်လည်ပတ်ခွင့်ကတ်ပြားပေါ်တွင် အကြောင်းပြန်ပေးလိုက်သည်။
ကြိုးကြာက ကတ်ပြားကို ကောက်ယူပြီး ကျိစယ်တောင်မှ ပျံထွက်သွားသည်။
ကျိယွမ်က ကြိုးကြာပျံသန်းသွားသည်ကို ခေတ္တရပ်ကြည့်နေမိ၏။
နောက်နေ့မှအေးအေးဆေးဆေး တွေ့ရုံပေါ့။
ထို့နောက်သူက ရှုသွင်းရှုထုတ်ခြင်းကို ဆက်လက်လေ့ကျင့်နေလိုက်သည်။
ဆယ့်ငါးမိနစ်ခန့်ကြာလောက်သည့်အချိန်တွင် အနက်ရောင်ဝတ်စုံနှင့်လူငယ်တစ်ဦးက ကျိစယ်တောင်ထွတ်ပေါ်သို့တတ်လာပြီး သူဆီတည့်တည့်လာနေသည်ကို ကျိယွမ်တွေ့လိုက်သည်။
ထိုလူငယ်ကို မြင်လိုက်ရသောအခါ ကျိယွမ်သည် အံ့အားသင့်သွားသည်။ထိတ်လန့်သွားသည်ဟုဆိုလျှင် ပိုမှန်လိမ့်မည်။
“မင်းက ကိုယ့်ကိုယ်ကို ထုံရှီးယန်လို့ ခေါ်တာလား။ မင်းနာမည်က ရှောင်ယန်မဟုတ်ဘူးလား”
ထုံရှီးယန်က ကျိယွမ်အားနားမလည်သလို ကြည့်နေ၏။
"ဂိုဏ်းတူအစ်ကိုကြီး၊ ကျွန်တော့်နာမည်က ရှောင်ယန်မဟုတ်ပါဘူး။ အစ်ကိုကြီး မှားသွားတာ ဖြစ်မယ်”
သူ၏စကားကို ကြားလိုက်ရသောအခါ ကျိယွမ်သည် အကူအညီမဲ့သလို ခံစားလိုက်ရသည်။
ခန္ဓာကိုယ်ထဲမှာရှေးဟောင်းဝိညာဥ်အဘိုးကြီးရှိတယ်၊ကျင့်ကြံခြင်းကသုံးစားမရလို့ စေ့စပ်ထားတဲ့မိန်းကလေးကလည်း ကွာရှင်းလိုက်တယ်၊ပြီးတော့ ဇာတ်လိုက်တစ်ယောက်ရဲ့ကံကြမ္မာနဲ့ကောင်။
ဒါက ရှောင်ယန်မဟုတ်လို့ ချင်းမူလား။
ကျိယွမ်သည် ထုံရှီးယန်ဆိုသူက သူသတိထားနေရသော အန္တရာယ်ကောင်ဟုကြိုတင်သိခဲ့ပါက တွေ့ဆုံရန် သဘောတူမည်မဟုတ်ပေ။
“မင်း ဘာကိစ္စရှိလို့ ငါ့ဆီလာတာလဲ”
တွေ့နေပြီဖြစ်သောကြောင့် နှင်ထုတ်၍လည်း မကောင်းတော့ပေ။
ထိုသူကို သူကမတူမတန်သလို နှင်ထုတ်မိလျှင်စိတ်ဆိုးသွားနိုင်၏။
“မြစ်အရှေ့ဘက်မှာ ရက်သုံးဆယ်ဆို မြစ်အနောက်ဘက်မှာလည်းရက်သုံးဆယ်ပဲ ဖြစ်သင့်တယ်၊လူငယ်နဲ့ ဆင်းရဲသားကို အနိုင်ကျင့်နဲ့” ဟူသောစကားဖြင့် တောင်ပေါ်ကနေဒေါသတကြီး ဆင်းသွားလျှင်မကောင်းပေ။
ပို၍ဆိုးသည်မှာ သူ့အားရန်ငြှိုးထားပြီး ရှောင်ယန်ဖြစ်လာချိန်၌ မီးတောက်များဖြင့် လာရှို့မှာ သူအကြောက်ဆုံးဖြစ်သည်။
ထိုသို့ဖြစ်ပါက ကျိယွမ်မှာညတိုင်း အိပ်ပျော်မည် မဟုတ်တော့ပေ။
ထုံရှီးယန်၏ မျက်နှာတွင် စိတ်အားထက်သန်သောအပြုံးတစ်ခု ပေါ်လာသည်။
“အစ်ကိုကြီးကျိယွမ်က ဂိမ်းတွေကို အရူးအမူးစွဲလမ်းတယ်လို့ ကျွန်တော်ကြားပါတယ်။ ကျွန်တော့်မှာ တော်ဝင်မျိုးနွယ်တွေအတွက် အကန့်အသတ်နဲ့ထုတ်ပေးထားတဲ့ တားမြစ်ဂိမ်းလေးတွေ ရှိတယ်လေ”
ထုံရှီးယန်သည် ပြောရင်းဆိုရင်းကပင် ဂိမ်းကျောက်ပြားအချို့ကို ထုတ်ယူလိုက်သည်။
သူသည် ရင်းနှီးမှုတည်ဆောက်ရန်အတွက် တန်ဖိုးရှိသော ထိတ်ထိတ်ကျဲလက်ရွေးစင်ဂိမ်းများကို ယူခဲ့သည်။ သူနှင့်ရင်းနှီးလာမှသာ အစ်ကိုကြီးကျိယွမ်ကို နဂါးလုပွဲတွင် ပါဝင်ရန် ဖိတ်ခေါ်နိုင်လိမ့်မည်ဖြစ်သည်။
ကျိယွမ်သည် ဂိမ်းကျောက်ပြားများကို ယူလိုက်ပြီး သူ၏လက်ထိလိုက်သည်နှင့် သူ၏စိတ်ထဲတွင် မြင်ကွင်းတစ်ခု ပေါ်လာသည်။
“တကယ်ကောင်းတဲ့ ဂိမ်းပဲ"
ကျိယွမ်က ဂိမ်းကျောက်ပြားများကို သေချာလေ့လာမိသည်။အခြားကမ္ဘာမှ တားမြစ်ဂိမ်းများကို သူအနေဖြင့်ပထမဆုံးအကြိမ်တွေ့ဖူးခြင်း ဖြစ်သည်။
ထိုဂိမ်းသည် တကယ့်လူများက NPC အဖြစ် သရုပ်ဆောင်သည့် ဂိမ်းမျိုးဖြစ်သည်။
ဂိမ်း၏စတိုရီလိုင်းကလည်း လှည့်ကွက်အချို့ပါဝင်နေပြီး အဆင့်အတန်းတော်တော်မြင့်၏။
ထို့အပြင် ဂိမ်းကဇာတ်ကောင်များ၏စရိုက်ကိုလည်း နက်ရှိုင်းစွာထည့်သွင်းထားသည်။
ဂိမ်းထဲတွင် အမျိုးသမီးကျင့်ကြံသူများ၊ဆွဲဆောင်မှုရှိသော မြေခွေးနတ်သမီးများ၊ဂူများတွင်နေထိုင်သော ကျင့်ကြံသူညီအစ်မများ၊ မောက်မာပြီး ဆင်ခြင်တုံတရားမရှိသော ကြွယ်ဝသည့်အမျိုးသမီးများ၊ အေးစက်ပြီး ဂုဏ်ယူဝံ့ကြွားသော ဓားနတ်သမီးများနှင့်အမျိုးသမီးဂိုဏ်းခေါင်းဆောင်များပင် ပါဝင်သည်။
ထို့အပြင်တိုက်ခိုက်ရေးဂိမ်းအမျိုးအစားများလည်းပါဝင်ပြီး အခြေတည်အဆင့်ကျင့်ကြံသူများကိုပင် အကူအညီရစေနိုင်သော အပြင်အဆင်များဖြစ်သည်။
“အစ်ကိုကြီး ကျေနပ်ရဲ့လား”
ထုံရှီးယန်ဒုံက သူ၏အသံကို နှိမ့်လိုက်ပြီး ကျိယွမ်နားသို့ ကပ်မေးလိုက်သည်။မသိလျှင်သူနှင့်ကျိယွမ်က စိတ်တူကိုယ်တူ ငယ်ပေါင်းကြီးဖော်များ အတိုင်းပင်။
ကျိယွမ်ကတော့ ထုံရှီးယန်ကို ပုံမှန်ဆက်ဆံလိုက်၏။
“ငါ့စိတ်က အခုအချိန်မှာ တော်တော်လေးကြည်လင်နေပြီဆိုတော့ ဒီလိုအရာတွေကို စိတ်မဝင်စားတော့ဘူး၊ရင့်ကျတ်လာတဲ့ သဘောပေါ့ ၊ မင်း ဘာလာရှာတာလဲကိုပဲပြောပါ”
ကျိယွမ်သည် ဂိမ်းကျောက်ပြားများကို ထုံရှီးယန်အား ပြန်ပေးလိုက်သည်။
သို့သော်လည်း အားလုံးငြင်းလိုက်လျှင်လည်းမကောင်းပါဘူးဟုတွေးပြီး ဓားနတ်သမီးပါဝင်သည့်တစ်ခုကို အမှတ်မထင် သိမ်းထားလိုက်သည်။
ထုံရှီးယန်အနည်းငယ်တော့ စိတ်ဆင်းရဲသွားသည်။
အစ်ကိုကြီးကျိယွမ်က ထူးထူးဆန်းဆန်းတွေပြောပြီး ငြင်းလိုက်တာလား၊ဒါပေမဲ့ တစ်ခုတော့လက်ခံတယ်ဆိုတော့ မဆိုးသေးတဲ့သဘောပဲ၊အခြေအနေကို ကြည့်ရမယ်။
တစ်ခါတစ်ရံတွင် ဆက်ဆံရေးတည်ဆောက်ရန်နည်းလမ်းကောင်းတစ်ခုမှာ အကြံဥာဏ် တောင်းခံခြင်းဖြစ်သည်။ထိုအခါ အကြံပေးရမည့်သူက ၎င်းတို့၏ထူးခြားသောစွမ်းရည်များကို ပြသခွင့်ရကာ ပို၍ရင်နှီးသွားတတ်ကြ၏။
လောကရှိလူအများစုသည် အခြားသူများအပေါ် ဆရာလုပ်ရသည်ကို နှစ်သက်ကြသည်မဟုတ်ပါလား ။
“အစ်ကိုကြီးရဲ့ဓားပညာက အရမ်းကောင်းတယ်လို့ ကျွန်တော်ကြားတယ်။ ကျွန်တော် အထူးတလည်ရောက်လာတာက အစ်ကိုကြီးဆီက အကြံဥာဏ်လာယူတာပါ၊ပြီးတော့....."
ထုံရှီးယန်၏စကားက စကားတစ်ဝက်နှင့်ရပ်သွားသည်။သူကမည်သည့်အကြောင်းအရာနှင့်ပတ်သတ်၍ အကြံတောင်းရမလဲ မစဥ်းခဲ့ရပေ။
ထိုအခိုက် သူ၏စိတ်ထဲ၌ ရှေးဟောင်းဝိညာဥ်၏ အရေးတကြီးသတိပေးသံက ထွက်ပေါ်လာသည်။
“ဓားလမ်းစဥ် ၊ ဓားလမ်းစဥ်ကို မေး”
ထုံရှီးယန်က နားမလည်သော်လည်း ဆရာဖြစ်သူညွှန်ကြားသည့်အတိုင်း “အစ်ကိုကြီးဆီက ဓားနည်စနစ်တွေနဲ့ပတ်သတ်ပြီး အကြံဥာဏ်ယူဖို့ပါ” ဟု ပြောလိုက်သည်။
"ဓားနည်းစနစ်တွေလား"
ကျိယွမ်က ထုံရှီးယန်ကို ထူးဆန်းသလိုကြည့်လိုက်သည်။
ငါ့ဆီမှာဓားနည်းစနစ်တွေအကြောင်းကို လာမေးတာလား။
ဒါကကျိစယ်တောင်ထွတ်လေ။ဓားပညာတောင်ထွတ်မှ မဟုတ်တာ။
မဟုတ်သေးပါဘူး ။ ငါ့ခေါင်းက ပြဿနာရှိနေတာလား ဒါမှမဟုတ် ဒီကောင့်ခေါင်းလား။
ကျိယွမ်သည် ထုံရှီးယန်ကို ကြည့်လိုက်ပြီး ထိုလူငယ်သည် ဇာတ်လိုက်၏ကံကြမ္မာကိုရရှိထားသော်လည်း သူ၏ဦးခေါင်းကတော့ ဇာတ်လိုက်ဦးခေါင်းဟုတ်ပုံမရဟု တွေးမိလိုက်သည်။
သို့သော်လည်း ကျိယွမ် ဂရုမစိုက်ပေ။
ဦးခေါင်းတွင် ပြဿနာရှိသောသူနှင့် အဘယ်ကြောင့် အငြင်းပွားရမည်နည်း။
မသင့်တော်ပါ။
“ဓားနည်းစနစ်လား၊ ငါ နည်းနည်းတော့ သိပါတယ်”
ကျိယွမ်က တည်ကြည်စွာ ပြောလိုက်သည်။
အမှန်တကယ်တွင်လည်း သူ၏ဓားပညာသည် မဆိုးလှပေ။
သူ၏စွမ်းရည်များဖြစ်သော ကောင်းကင်ပိုင်းဖြတ်ဓါးချက်နှင့် နွေဦးရှစ်ကွက်ဓားခုတ်ချက်တို့ကို ဖယ်ထားလျှင်တောင် ချင်ပင်းကျိ၏ဓားပညာအသိများသည်လည်း အလွန်အားကောင်းသည်မဟုတ်ပါလား။
“ဘယ်အပိုင်းကို သိချင်တာလဲ”
ထုံရှီးယန်က ဘာမေးရမလဲမသိပါ။သူသည်ဓားနည်းစနစ်များနှင့်ပတ်သတ်၍ နကန်းတစ်လုံးမှပင် မသိသူဖြစ်၏။
သို့သော် ရှေးဟောင်းဝိညာဥ်ကလည်း နောက်ထပ်မည်သည့်အချက်ကိုမှ ထုတ်မပေးတော့ချေ။သူက ကျိယွမ်၏ဓားပညာက မည်သို့ရှိသည်ကိုသာ ကြည့်လိုခြင်းဖြစ်သည်။
မဟူရာတောင်တန်းဂိုဏ်းဖျက်ဆီးခံခဲ့ရကြောင်းကောလာဟလများကို ကြားပြီးကတည်းက အကြောင်းရင်းမသိရသော်လည်း ထိုကိစ္စသည်ကျိယွမ်နှင့်တစ်မျိုးမျိုးပတ်သတ်နေနိုင်သည်ဟု သူအလိုလို ခံစားမိနေသည်။ကျိယွမ်နှင့်မပတ်သတ်လျှင်ပင် သူ၏နောက်ကွယ်မှလူများနှင့် ဆက်စပ်နေနိုင်၏။
ထို့ကြောင့်ကျိယွမ်၏ဓားပညာမှ သဲလွန်စရှာကြည့်ချင်နေသည်။
ထုံရှီးယန်က ခေါင်းငုံ့ကာ စဥ်းစားနေပြီးမှ တွန့်ဆုတ်စွာမေးလိုက်သည်။
“ကျွန်တော်က အခုချီသနိ့စင်ခြင်းအဆင့်မှာပဲရှိသေးတော့ ဓားကျင့်ကြံသူတွေလို ကိုယ်ပိုင်ဓားတစ်ခုကိုမွေးမြူလို့ မရသေးပါဘူး။ဒါပေမဲ့ ဓားကျင့်ကြံသူတွေလို့ ဓားတစ်ချက်ထိုးလိုက်တာနဲ့ ပျံသန်းနေတဲ့ငှက်တွေ ပြုတ်ကျလာအောင် လုပ်ချင်တယ်၊အဲဒီလိုလုပ်လို့ရတဲ့ ဓားနည်းစနစ်များ ရှိလားအစ်ကိုကြီး"
ထုံရှီးယန်က ကြားဖူးနားဝဓားကျင့်ကြံသူများအကြောင်းနဲ့ရောချကာ ဓားနည်းစနစ်တစ်ခုအကြောင်းကို မေးလိုက်၏။
သူရောငါရော နှစ်ယောက်လုံးက ဓားကျင့်ကြံသူတွေမှ မဟုတ်တာ၊အဲဒီတော့ ငါ့မေးခွန်းကို သူမရိပ်မိလောက်ပါဘူး။
ထိုမေးခွန်းကို ကြားလိုက်သောအခါ ကျိယွမ်သည် ထုံရှီးယန်ကို အံ့သြစွာဖြင့် ကြည့်လိုက်သည်။
“ကောင်လေး မင်းကတကယ်မဆိုးဘူးပဲ။ ရှောင်းယန်ရဲ့ အလားအလာရှိတယ်”
ဓားကျင့်ကြံသူများသည် အစွမ်းထက်ကြသည်။ သူတို့၏အစွမ်းသည် သူတို့၏ ကိုယ်ပိုင်ဓားများတွင် တည်ရှိ၏။
သို့သော် ချီအဆင့်ကျင့်ကြံသူများကတော့ ကိုယ်ပိုင်ဓားများ မရှိနိုင်ပေ။
ပထမအချက်မှာ ကိုယ်ပိုင်ဓားများသည် အလွန်တန်ဖိုးရှိပြီး ချီအဆင့် ကျင့်ကြံသူများ မတတ်နိုင်ပေ။
ဒုတိယအချက်မှာ ချီအဆင့်ကျင့်ကြံသူများတွင် ဝိညာဉ်စွမ်းအင်နည်းပါးပြီး သူတို့၏ နတ်ဘုရားအာရုံကို ထုတ်လွှတ်နိုင်ခြင်းမရှိသောကြောင့် ဓားများကိုထိန်းချုပ်နိုင်ခြင်း မရှိပေ။
ထို့ကြောင့် ချီသနိ့စင်ခြင်းအဆင့်မှာတော့ ဓားကျင့်ကြံသူများ၏ တိုက်ခိုက်ရေးစွမ်းရည်သည် သာမန်သာဖြစ်သည်။
အခြေတည်အဆင့်သို့ ရောက်မှသာ ဓားကျင့်ကြံသူများ၏အစွမ်းက ထင်ရှားလာသည်။
ကျိယွမ်က ဆက်၍ရှင်းပြလိုက်သည်။
“ဒါပေမဲ့ ကိုယ်ပိုင်ဓားမရှိရင်လည်း ငါတို့မှာ... ချီဓားတွေ ရှိနိုင်တယ်လေ၊အားငယ်စရာ မလိုပါဘူး"
“ချီဓားတွေလား ၊ အဲဒါ ဘာလဲ”
ထုံရှီးယန်မှာ အမှန်တကယ်ပင် အံ့အားသင့်နေသည်။သူက စိတ်ကူးတည့်ရာမေးလိုက်သော်လည်း အစ်ကိုကြီးကျိယွမ်က ဓားကျင့်ကြံခြင်းနှင့်ပတ်သတ်၍ တော်တော်များများရှင်းပြနိုင်လေ၏။ယခုလည်း ချီဓားဟုဆိုလာပြန်သည်။
“ငါတို့လို ချီအဆင့်ကျင့်ကြံသူတွေက ဘာကိုကျင့်ကြံကြတာလဲ။ ရှေးဦးချီရဲ့ အသက်ရှူခြင်း၊ ဝိညာဉ်ချီရဲ့ အသက်ရှူခြင်းပဲ။ ငါတို့မှာ စိတ်ဝိညာဥ်မရှိသေးပေမဲ့ ချီရှိနေပြီဆိုတော့ ငါတို့က ချီကိုအသုံးပြုပြီး ဓားတွေပုံဖော်နိုင်တယ်၊ ဓားချီကို ထုတ်လွှတ်နိုင်တယ်၊ ပြီးတော့ ဘယ်သူမှမမြင်ရဘဲနဲ့တောင် သတ်နိုင်တယ်”
ကျိယွမ်၏အသံက တည်ငြိမ်လေးနက်နေ၏။သူကထိုအသိပညာများကို နတ်ဘုရားရောင်ပြန်ဟပ်ခြင်းမှ ရရှိခဲ့ခြင်းပင်။
ချင်ပင်းကျိ၏ ဓားပညာအသိအရ အဆုံးထိကျင့်ကြံမည်ဆိုလျှင် ချီကိုအသုံးပြု၍ ဓားများကို ပုံဖော်ခြင်းဖြစ်သည်။ လက်ထဲတွင် ဓားမရှိသော်လည်း ချီသည် ဓားဖြစ်လာသည်။
ပိုမိုမြင့်မားသော အဆင့်တွင်မူ ကိုယ်ကိုယ်တိုင်က ဓားဖြစ်လာသည်။
ကျိယွမ်က အဆုံးသတ်တွင် သူ၏အကြံပြုချက်ကိုပါ ဖြည့်စွတ်ပေးလိုက်သည်။
“ချီကို အသုံးပြုပြီး ဓားတွေကိုပုံဖော်တာကောင်းပါတယ်။ ဒါပေမဲ့ မှားယွင်းတဲ့လမ်းကို မသွားအောင်ဂရုစိုက်ရမယ်။ မင်းက ချီကိုအသုံးပြုပြီး မြင်းတွေပုံဖော်မယ်ဆိုရင်တော့ ဘယ်ကောင်းမလဲ ၊ဟုတ်တယ်မှတ်လား"
ထုံရှီးယန်မှာ အဖြေမပေးနိုင်ခဲ့ပါ။သူက ကျိယွမ်ကိုသာ ငေးကြည့်နေမိ၏။
သူ လုံးဝရှုပ်ထွေးနေသည်။
အစ်ကိုကြီးချီယွမ်ပြောသော စကားလုံးတိုင်းကို သူနားလည်သော်လည်း အတူတူပေါင်းလိုက်သောအခါ ဘာကိုဆိုလိုသည်ကို နားမလည်တော့ပေ။
အချိန်အနည်းငယ်မျှ စဥ်းစားသော်လည်း နားမလည်နိုင်သဖြင့် ထုတ်မေးရတော့သည်။
“အစ်ကိုကြီးချီယွမ်၊ ချီကိုသုံးပြီး ဓားတွေပုံဖော်တဲ့နည်းစနစ်ဆိုတာ ဘာကိုဆိုလိုတာလဲ"
-----------------------