ရှန်ကွမ်းဂိုဏ်း၏ ကမောက်ကမဖြစ်မှုသည် ကျိယွမ်ပေါ်တွင်မူတည်သည်
Vol. 5 Ch. 63
ချီသန့်စင်ခြင်းအဆင့်ရှိသော ရှန်ကွမ်းတပည့်နှစ်ဦးသည် ဓားကိုယ်စီဖြင့် အားကြိုးမာန်တက် ယှဉ်ပြိုင်တိုက်ခိုက်နေ၏။
ရုတ်တရက် သူတို့၏ဓားများသည် သူတို့လက်မှ လွတ်ထွက်သွားပြီး လေထဲတွင် ကိုယ်တိုင်တိုက်ခိုက်နေလေသည်။
တိုက်ခိုက်မှုကို ဘေးမှကြည့်ရှုနေသူများအားလုံး ထိတ်လန့်ကုန်၏။ တအံ့တဩ ဖြစ်ကုန်ကြသည်။
“ယဲ့ပုရှို့နဲ့ လီဖန်ဟာ သူတို့ရဲ့စွမ်းအားတွေကို ဖုံးကွယ်ထားတာ ဖြစ်ရမယ်။ သူတို့က ချီသန့်စင်ခြင်း အဆင့် (၃)လေးနဲ့ ၊ကြည့်စမ်း...ဓားထိန်းချုပ်ခြင်းကို ကျွမ်းကျင်နေကြပြီ"
" ကြောက်စရာပဲ ၊ဒီလို အရည်အချင်းကို လျှော့တွတ်လို့မရဘူး… တိမ်မြုပ်နေတဲ့ပါရမီရှင်တွေပဲ...ဒီလို အရည်အချင်းက ကြီးမားတဲ့ အရာတွေကို သေချာပေါက် အောင်မြင်လိမ့်မယ်”
ယဲ့ပုရှို့သည် အံ့အားသင့်နေပြီး လီဖန်ကတော့ ထိတ်လန့်နေသည်။
သူတို့သည် ဓားထိန်းချုပ်ခြင်းကို မည်သည့်အချိန်က သင်ယူခဲ့ကြသည်ကို သူတို့ကိုယ်တိုင်ပင် မသိလိုက်ကြပါ။
ငါတို့ ဘယ်တုန်းကဓားထိန်းချုပ်ခြင်းကို သင်လိုက်တာလဲ။
လူတိုင်း အံ့သြနေစဉ်၊ ကောင်းကင်မှ အော်ဟစ်သံတစ်ခုက ကျယ်လောင်စွာ ထွက်ပေါ်လာ၏။
“ဖမ်းကြပါဦး၊ ငါ့ရဲ့ ဆေးဖိုက ထွက်ပြေးနေပြီ ၊အထဲမှာ ဆေးလုံးတစ်သုတ် ပါသေးတယ်”
လူတိုင်းမော့ကြည့်လိုက်ရာ တောက်ပသော အနီရောင်ဆေးဖိုတစ်ခုသည် ကောင်းကင်ယံတွင် ရွေ့လျားနေပြီး ခြေဦးတည့်ရာသို့ ခုန်ပေါက်နေသည်ကို တွေ့လိုက်ရသည်။
ကောင်းကင်ဘုံဆေးဝါးတောင်ထွတ်မှအကြီးအကဲတစ်ပါးသည် သူ၏ဆေးဖိုနောက်သို့ အသည်းအသန် လိုက်နေ၏။
ထူးဆန်းလွန်းသောကြောင့် မည်သူမျှ မတုံ့ပြန်နိုင်သေးမီမှာပင် ဆန်းကြယ်သောအရာများ ထပ်မံဖြစ်ပေါ်လာသည်။
“အား..လုပ်ကြဦးဟ၊ ငါ့ရဲ့ဓားက သူ့ဘာသာ ထွက်ပြေးသွားပြီ”
“အောင်မလေး... ငါ့ရဲ့ငွေပြားတွေ၊ ဘာလို့ ကောင်းကင်ထဲကို ပျံတက်သွားရတာလဲ”
“ငါ့ဆရာရဲ့ဇနီးကို ပေးဖို့လုပ်ထားတဲ့ ဆံတိုးက အသက်ဝင်ပြီး လေပေါ်ပျံသွားပြီ၊ငါ့ရဲ့ဂါရဝတရားက မြင့်မြတ်လွန်းလို့ထင်တယ်"
သတ္တုပစ္စည်းပေါင်းများစွာသည် စိတ်လွတ်နေသကဲ့သို့ ကောင်းကင်ယံသို့ ပျံတက်သွားပြီး ဟိုဟိုဒီဒီ ခုန်ပေါက်နေကြသည်။
ထိုမြင်ကွင်းကြောင့် ဂိုဏ်းထဲမှ အကြီးအကဲများ လှုပ်လှုပ်ရှားရှားဖြစ်ကုန်သည်။
သူတို့၏ သိုလှောင်အိတ်များမှ ရတနာများက အလိုလိုပျံထွက်သွားသောကြောင့် တံခါးပိတ်ကျင့်ကြံနေသောအကြီးအကဲများလည်း မနေနိုင်တော့ပဲ ရတနာများနောက်သို့ ထလိုက်လာရတော့သည်။
ဂိုဏ်းချုပ်ကြီးကုမူကိုယ်တိုင် တိမ်ပေါ်တွင် ရပ်နေပြီး အကြီးအကဲအချို့သည် သူ၏ဘေးသို့ ပျံသန်းလာ၏။
သူတို့သည် ရှန်ကွမ်းဂိုဏ်းကို ကောင်းကင်မှ ငုံ့ကြည့်နေကြပြီး သူတို့၏မျက်နှာများမှာ အံ့သြမှုနှင့်အတူ ရှုပ်ထွေးနေကြကုန်သည်။
လက်ရှိအချိန်တွင် ရှန်ကွမ်းဂိုဏ်းသည် လုံးဝကမောက်ကမ ဖြစ်နေသလိုပင်။
ဂိုဏ်း၏ကောင်းကင်ယံပေါ်သို့ မရေမတွက်နိုင်သော သတ္တုပစ္စည်းများသည် မြေပြင်အနှံ့မှ ပျံတက်လာကြကာ ဟိုဘက်ပြေးလိုက် ဒီဘက်ပြန်လာလိုက်နှင့် ရူးသွပ်နေသည့်ပမာ ခုန်ပေါက်နေကြသည်။
သတ္တုပစ္စည်းများ၏ အမျိုးအစားများကလည်း အမျိုးမျိုး ကွဲပြားနေပြီး ထူးဆန်းသောပစ္စည်းများပင် ပါဝင်နေသည်။
“ငါ့ရဲ့ သံလက်လေး၊ မင်းကဘာလို့ ငါ့ကို စွန့်ပစ်သွားရတာလဲ”
လက်တစ်ဖက်တည်းရှိသော လူတစ်ယောက်က ကောင်းကင်ပေါ်မှ သံလက်ကိုကြည့်ကာ ငိုလေသည်။
“ဦးလေးကျောင်း၊ အဲဒါ မွေးရာပါမီးတောက်သံနဲ့ လုပ်ထားတာမှတ်လား"
"ကြည့်ကြဦးဟ ၊ အဲ့ဒါ ဘယ်သူ့ရဲ့ရွှေရောင်အတွင်းခံလဲ၊ ဒီလောက် တောက်ပနေတာ”
"ဘယ်ညီမငယ်လေးက ဒီလောက် ပြင်းထန်ရတာလဲ”
“အကြီးအကဲ ၊ ကျွန်တော်တို့ရဲ့ လက်နက်တွေ ကိုယ်ပိုင်စိတ်ဝိညာဥ်တွေရပြီး ပုန်ကန်နေကြတာလား”
အောက်တွင်ရှိသော တပည့်များသည် ထိတ်လန့်တုန်လှုပ်နေကြပြီး သူတို့အချင်းချင်း ဆွေးနွေးနေသည်။
သို့သော် မည်သည့်အရာများဖြစ်နေသည်ကို သူတို့ နားမလည်နိုင်ကြပါ။
ကျိစယ်တောင်ထိပ်ပေါ်မှ မီးဖိုချောင်သုံးဓားသည် ကောင်းကင်ယံတွင်ပျံသန်းနေသော မှော်ရတနာများကို မနာလိုစိတ်အပြည့်ဖြင့် ကြည့်နေ၏။
ထိုဓားက ခဏမျှစဉ်းစားပြီးနောက် ၎င်းကိုချည်ထားသော ကြိုးအားဖြတ်၍ လွတ်ထွက်ကာ တိတ်တဆိတ်ပျံသန်းသွားတော့သည်။
ယခုအချိန်တွင် ရှိသမျှသူအားလုံးက ရှုပ်ထွေးပြီး ရူးချင်သလိုလိုဖြစ်နေကြသည်။
ထို့ကြောင့် သာမှန်ဓားတစ်လက်ဖြစ်သော မီးဖိုချောင်သုံးဓားတစ်ချောင်း ပါဝင်လာလျှင်လည်း မည်သူမျှ သတိထားမိမည်မဟုတ်ဟု ဓားက တွေးမိသည်။
တိမ်များပေါ်တွင်တော့ အကြီးအကဲအချို့သည် ရှန်ကွမ်းဂိုဏ်းချုပ်၏နောက်တွင် ရပ်နေကြပြီး သူတို့၏ မျက်လုံးများတွင် ရှုပ်ထွေးမှုများ ပြည့်နေသည်။
“ဂိုဏ်းချုပ်၊ ဒါက ထူးဆန်းလွန်းတဲ့ ဖြစ်ရပ်တစ်ခုပဲ”
မုတ်ဆိတ်ဖြူ အကြီးအကဲတစ်ပါးက ကောင်းကင်တစ်နေရာကို မလွတ်တမ်းကြည့်နေရင်းမှ ပြောလိုက်သည်။
လွန်ခဲ့သောခဏက လှဲလျောင်းသောအနေအထားဖြင့် သူကနားနားနေနေကျင့်ကြံနေစဥ် ရုတ်တရက် အေးစက်မှုကို ခံစားရပြီး သူ၏အတွင်းခံသည် ကွင်းလုံးကျွတ်ထွက်ကာ ပျံတက်သွားသည်။
ထိုအတွင်းခံကို သူက ငွေကြေးကျများစွာ အကုန်ခံ၍ဖန်တီးခဲ့ပြီး အဖိုးတန်သတ္တုများစွာ ထည့်သွင်းထားသည့် ခုခံကာကွယ်ရေး မှော်ကိရိယာတစ်ခု ဖြစ်သည်။
သူကအဆုံးရှုံးမခံနိုင်သောကြောင့် ချက်ချင်းထလိုက်လာရာ ဤမြင်ကွင်းကို တွေ့လိုက်ရခြင်းပင်။
အခြားအကြီးအကဲများလည်း အမျိုးမျိုးသော အကျိုးသက်ရောက်မှုများ ခံစားရပြီး နားမလည်နိုင်ဖြစ်ကာ ရှုပ်ထွေးနေကြသည်။
ဂိုဏ်းချုပ်ကြီးကုမူကျန့်ကျွမ်းက လေထဲမှဗရုတ်သုတ်ခအခြေနေများကို ကြည့်ကာ မျက်မှောင်ကျုံ့နေ၏။
ထို့နောက်သူ၏နတ်ဘုရားအာရုံကို ဖြန့်ကျက်ပြီး ဂိုဏ်းဧရိယာတစ်ခုလုံးကို ရှာဖွေသည်။ဘေးမှအကြီးအကဲများက သူ၏အဖြေကို တိတ်တဆိတ်စောင့်နေကြသည်။
"မသင်္ကာစရာတော့မရှိဘူး ၊ဒါပေမဲ့ ဒါကအထွတ်အထိပ်အရည်အသွေးရှိတဲ့သတ္တု
ပစ္စည်းတစ်မျိုးမျိုး ပေါ်ထွက်လာလို့ပဲ ဖြစ်မယ်"
ကုမုကျန့်ကျွမ်း၏ အဖြေကိုကြားသောအခါ အကြီးအကဲများအားလုံး အသက်ရှုနှုန်းများမြန်လာကြ၏။
"အထွတ်အထိပ်အဆင့်သတ္တုရတနာလား"
မုတ်ဆိတ်ဖြူအကြီးအကဲက ထိုနေရာမှ မယောင်မလည်နှင့်ထွက်သွားရန်ပြင်လိုက်သည်။
ငါ့အတွင်းခံက ဘာဟုတ်သေးလို့လဲ၊အထွတ်အထိပ်အဆင့်သတ္တုရတနာကွ..အထွတ်အထိပ်အဆင့်တဲ့..တွေ့အောင်ရှာ
ရမယ်။
မုတ်ဆိတ်ဖြူအကြီးအကဲက မယောင်မလည်နှင့် ယောင်လည်လည်လုပ်ကာထွက်သွားသည်ကို မြင်လိုက်လျှင် အခြားအကြီးအများကလည်း ဂိုဏ်းချုပ်ကိုပင် နှုတ်မဆက်နိုင်တော့ပေ။
ကမန်းကတန်းအရိုအသေပေးကာ အရပ်လေးမျက်နှာသို့ဦးတည်ကုန်၏။
အထွတ်အထိပ်အဆင့်သတ္တုရတနာက ငါ့ဟာပဲ။
ကျိစယ်တောင်ထိပ်မှာတော့ ကျန်းလင်းစုသည် ကျိယွမ်၏ကောက်ရိုးအိမ်လေးဆီသို့ပြေးလာပြီး ကျယ်လောင်စွာ အော်ဟစ်နေသည်။
"ဆရာတူအစ်ကိုကြီး၊ထပါဦး...တစ်ခုခုတော့မှားနေပြီ"
ကျယ်လောင်သော အသံကြောင့် ကျိယွမ်လန့်နိုးသွားကာ အိပ်ချင်မူးတူးဖြင့် မျက်လုံးများကို ပွတ်လိုက်၏။
"ဘာတွေမှားနေတာလဲ ၊ အလန့်တကြားနဲ့"
သူ၏အိမ်ရှေ့တွင်ရပ်နေသော ကျန်းလင်းစုကို မြင်လိုက်ရသည်။
“အစ်ကိုကြီးရဲ့ အိမ်မွေးတိရစ္ဆာန်၊ အဲဒီ မီးဖိုချောင်သုံးဓားက အသိဉာဏ်ရသွားပြီ”
“ဟင်”
ကျိယွမ်သည် တခဏမျှ ကြောင်သွားသည်။
“သြော်၊ ငါနားလည်ပြီ”
သူ၏ဓားသည် အသိဉာဏ်ရပြီးသားဖြစ်ရာ ထိုကိစ္စသည် အံ့သြစရာမဟုတ်ပါ။
ဘာများလဲလို့ ၊ ဒါကဘာတွေများ အလန့်တကြားဖြစ်စရာလိုလို့လဲ။
ကျိယွမ်း သူ၏အိပ်ယာသို့လှည့်ကာ ပြန်အိပ်ရန်ပြင်လိုက်သည်။
သပ်သပ်မဲ့အိပ်ရေးပျက်တာပဲ။
ကျိယွမ်က မထူးဆန်းသလိုတည်ငြိမ်နေသည်ကို မြင်သောအခါ ကျန်းလင်းစု နားမလည်နိုင်ဖြစ်သွား၏။
ရှန်ကွမ်းဂိုဏ်းတွင် အထွတ်အထိပ်သတ္တုပစ္စည်းတစ်ခု ပေါ်ပေါက်လာပုံရပြီး သတ္တုပစ္စည်းများအားလုံးကို ရူးသွပ်နေသလို ပျံသန်းနေကြသည်ကို သူမသိပြီးသားပင်။
ထိုအချက်ကို အသုံးချလျှက် ဘာမှမသိဘဲ အိပ်ပုတ်ကြီးနေသောအစ်ကိုကြီးကို ခြောက်လှန့်ရန်ကြိုးစားခဲ့သည်။
သို့သော် သူမထင်ထားသလို ဖြစ်မလာခဲ့ပေ။
"ဆရာတူအစ်ကိုကြီး၊ သွားကြည့်သင့်တယ်နော်။ အစ်ကိုကြီးရဲ့ အိမ်မွေးတိရစ္ဆာန်တင်မကဘူး တစ်ဂိုဏ်းလုံးက အခြားရတနာပစ္စည်းတွေလဲ လေထဲမှာကခုန်နေကြတာပါဆို”
"ဟေ"
ကျိယွမ်က ပြန်လှည့်လာပြီး ဂိုဏ်းထဲကိုစစ်ဆေးလိုက်သည်။
ကျိယွမ်မျက်လုံးပြူးသွားလေပြီ။
"တကယ်ပဲဟ"
ရှန်ကွမ်းဂိုဏ်း၏ ကောင်းကင်ယံတွင် မရေမတွက်နိုင်သောလက်နက်များ၊ရတနာများ နှင့် ကျပန်းအရာဝတ္ထုအချို့ ပျံသန်းနေကြသည်။
အချို့လက်နက်များက ရန်သူများကဲ့သို့ အချင်းချင်းတိုက်ခိုက်နေကြ၏။
အချို့က အရူးများလို ဦးတည်ရာပျံသန်းနေကြသည်။
တပည့်များနှင့်အကြီးအကဲအချို့က သူတိူ့၏လက်နက်များနှင့် ပြေးတမ်းလိုက်တမ်း ကစားနေပြန်သည်။
"ဘာတွေဖြစ်ကုန်ကြတာလဲ"
ကျိယွမ်သည် ၎င်းတို့အထဲတွင် သူ၏ဓားကိုတွေ့လိုက်၏။
ဓားက ဆေးပေါင်းအိုတစ်ခုပေါ်တွင် ထိုင်နေပြီး ခုန်ပေါက်နေသည်။
ကျိယွမ်၏ တုံ့ပြန်မှုကို မြင်သောအခါ ကျန်းလင်းစုသည် ပျော်ရွှင်သွားသည်။
“ဆရာတူအစ်ကိုကြီး၊ ကြည့်လိုက် ၊အစ်ကိုကြီးရဲ့ဓားလည်း ရူးသွားပြီ”
ကျိယွမ်က ကျန်းလင်းစုကို ကြည့်ပြီး တုန့်ပြန်လိုက်လိုက်သည်။
“ညီမလေးရဲ့ ကောက်ရိုးအိမ်ပြိုကျတာထက်စာရင်တော့ ပိုကောင်းတာပေါ့”
သူသည် ကျန်းလင်းစုကိုမကြာခဏ စနောက်လေ့ရှိသော်လည်း တစ်ခါတစ်ရံ သူမကိုစိတ်ထိခိုက်စေရန် အနည်းငယ်စကားနာထိုးချင်စိတ်ပေါ်လာ၏။
သူထင်သည့်အတိုင်းပင် ကျန်းလင်းစုသည် ဒေါသထွက်သွားပြီး သူမ၏လက်များကို ခါးတွင်ထောက်ကာ ရင်ဘတ်လေးကို မောက်လိုက်၏။
သူမ၏တဲအိမ်ကိုထောက်ထားသော တောင်တန်းထိန်းချုပ်ရတနာတုတ်တံကလည်း လေထဲသို့ထပျံသွားသဖြင့် သူမ၏ကောက်ရိုးအိမ် ပြိုကျသွားခဲ့သည်မဟုတ်ပါလား။
ကျိယွမ်က ပျော်ရွှင်စွာရယ်မောလိုက်ပြီး ထပ်စလိုက်သည်။
"အိပိဖို့နေရာမရှိဘူးဆိုရင် အစ်ကိုကြီးအခန်းထဲမှာ ညီမလေးအတွက် တန်းလျားတစ်ခုအမြဲရှိတယ်နော် "
ကျန်းလင်းစု၏မျက်နှာလေးက စူပုတ်သွား၏။
“အစ်ကိုကြီးက ညီမလေးကို ဂရုစိုက်မယ်ဆိုတာ ဒီလိုမျိုးလား"
“ညီမလေးအတွက် တန်းလျားပေါ်မှာ ကောက်ရိုးခြောက်လေးတွေ ခံပေးပါ့မယ်”
"တော်တော့...."
ကျန်းလင်းစုက ခြေဆောင့်ကာ ထွက်သွားတော့သည်။
ကျိယွမ်က သူမကိုလှမ်းမခေါ်ပါ။သူ၏ညီမလေးက စိတ်ကောက်လည်းခဏသာဖြစ်သည်။ကိစ္စမရှိချေ။
ကျိယွမ်က ဗရုတ်သုတ်ခအခြေအနေများကို သတိရသွားပြီး တောင်အောက်သို့ ဆင်းလာခဲ့သည်။
“ ငါ့ဘာသာအိပ်နေတာပါကွာ ၊ ဒီလိုမျိုးတွေ ရှုပ်ထွေးကုန်မယ်လို့ ဘယ်ထင်မလဲ"
သူ၏လက်ကို အမှတ်တမဲ့ ပြန်ကြည့်မိ၏။
လက်များအတွင်း၌ ရွှေရောင်သွေးများ စီးဆင်းနေသည်ကို သူခံစားနေရသည်။
ကြည့်ရသည်မှာ ဓာတ်ကြီးငါးပါးစွမ်းအင်များက သူ၏ချီစွမ်းအင်များကို အစားထိုးပစ်သည်ပုံပင်။
ယခုအခါ၌ ပထမဆုံးပြီးမြောက်သည်မှာ ရွှေရောင်သတ္တုဓာတ်ဖြစ်လိမ့်မည်။
အခြားလေးမျိုးကလည်း ဆက်တိုက် ပြောင်းလဲသည်ကို သူသတိထားမိသည်။
“ဒါဆို ရှန်ကွမ်းဂိုဏ်းမှာ နောက်ထပ် လေးကြိမ်တိတိ ဗရုတ်သုက်ခတွေ ထပ်ဖြစ်ဦးမယ်လို့ ဆိုလိုတာလား”
ကျိယွမ်သည် အနည်းငယ် အပြစ်ရှိသည်ဟု ခံစားလိုက်ရသည်။
သူက အမှတ်တမဲ့ဖြင့် ထူးဆန်းသောအရာများဖြင့် ပြည့်နေသောကောင်းကင်ကို ကြည့်မိသည်။
အချို့ပစ္စည်းများသည် ကျင့်ကြံသူများအတွက် အလွန်ရှက်စရာကောင်းလေသည်။
ဥပမာအားဖြင့် ရွှေရောင်အတွင်းခံတစ်ခုနှင့် ဦးလေးကျောင်းဆိုသော ပစ္စည်းတစ်ခုဖြစ်သည်။
ထိုအရာနှစ်ခုကို လိုက်ဖမ်းနေသော ပိုင်ရှင်များ မရှိကြပါ။ဧကန္တရှက်နေကြဟန် တူသည်။
ကျိယွမ်ဆိုလျှင်လည်း ထူးထူးဆန်းဆန်းလုပ်ထားသော ထိုအတွင်းခံမျိုးကို လူကြားထဲ၌ လိုက်ဖမ်းဝံ့မည်မဟုတ်ပါ။
တဖြည်းဖြည်းလျှောက်လာရင်းဖြင့် ကျိယွမ်သည် လူအုပ်ထဲသို့ရောက်သွားသည်။
တပည့်များက သူ့ကိုချက်ချင်း သတိထားမိသွားပြီး သူတို့၏ပစ္စည်းများကို လိုက်ဖမ်းနေရင်းမှ နှုတ်ဆက်ကြ၏။
“ဂိုဏ်းတူအစ်ကိုကြီးကို ဂါရဝပြုပါတယ်"
“အစ်ကိုကြီး၊ အစ်ကိုကြီးရဲ့ အိမ်မွေးတိရစ္ဆာန်ကို လာရှာတာလား"
" ကျွန်တော် အစ်ကိုကြီးရဲ့ဓားကို တွေ့တယ်၊ အဲဒါ ဆေးပေါင်းအိုးပေါ်မှာ"
“ဆေးပေါင်းဖိုက ဟိုးမှာ”
လူတိုင်းကသတိရသွားပြီး လှမ်းကြည့်လိုက်ရာ ဓားသည်ဆေးပေါင်းအိုးပေါ်တွင် မရှိတော့ဘဲ ကျိယွမ်နှင့် မလှမ်းမကမ်းတွင် ရောက်နေသည်ကို တွေ့လိုက်ရသည်။
“တော်တော်ဟုတ်နေတာပဲ ၊ ငါအိပ်နေတုန်း ခိုးထွက်သွားတယ်ပေါ့”
ကျိယွမ်သည် ဓားကို တစ်ချက်ကြည့်ပြီးနောက် အခြားပျံသန်းနေသော သတ္တုပစ္စည်းပေါင်းစုံကို ကြည့်လိုက်၏။
အကြောင်းရင်းကိုမသိရသော်လည်း သူကသာဆန္ဒရှိလျှင် ထိုပစ္စည်းများကို တိတ်တဆိတ်ဖျက်ဆီးပစ်နိုင်သည်ဟု ခံစားရသည်။
ဓာတ်ကြီးငါးပါးက်ုပြည့်စုံသွားလို့ ငါကသတ္တုတွေကို ထိန်းချုပ်သွားနိုင်တာများလား။
သို့သော်လုံးဝအပြည့်အဝ ထိန်းချုပ်နိုင်ခြင်းမျိုးလည်း မဟုတ်ပေ။သတ္တု၏အဆင့်အတန်းမြင့်လျှင် ထိန်းချုပ်နိုင်စွမ်းက အားနည်းသွား၏။
သို့သော် ယခုအနေအထားကပင် အလွန်ကြောက်မက်ဖွယ်ကောင်းနေပြီဖြစ်သည်။
တိုက်ပွဲများတွင် မျက်စိတမှိတ် လျှပ်တပြတ်မျှအချိန်ကလေးကပင် အရေးကြီးလေ၏။
ထိုအချိန်မျိုး၌ မိမိအားထားရသော ရတနာလက်နက်များက ရုတ်တရက်အလုပ်မလုပ်တော့ပါက အကျိုးသက်ရောက်မှုသည် မည်သို့ဖြစ်သွားမည်နည်း။သေချာပေါက် ရှုံးနိမ့်သွားရုံသာရှိလိမ့်မည်။
ကျိယွမ်က ထိတ်လန့်သွားသလို ပုခုံးတွန့်လိုက်၏။ထို့နောက် သူ၏မီးဖိုချောင်သုံးဓားအား ပြန်ခေါ်သည်။
"ဓါး ၊ ပြန်လာခဲ့"
ဓားကချက်ချင်းမလာပါ ၊ တုံ့ဆိုင်းနေသည်။
၎င်းသည် ပြန်လာလိုသော်လည်း သူ၏အကြောင်းပေါ်သွားမည်ကို ကြောက်သောကြောင့် ငြိမ်နေ၏။
ပတ်ဝန်းကျင်ရှိ တပည့်များက ကျိယွမ်ကိုကြည့်ကာ တိတ်တဆိတ်ခေါင်းခါမိကြသည်။
အားလုံးက အသည်းအသန်လိုက်ဖမ်းနေတာတောင် သူတို့၏လက်နက်များကို ပြန်မရကြသေးပါ။ ဂိုဏ်းတူအစ်ကိုကြီးက နေရာကပင်မရွေ့ဘဲ သူ၏လက်နက်ကို ပြန်လာခဲ့ဟု အမိနိ့ပေးနေ၏။
မည်သို့ဖြစ်နိုင်မည်နည်း။ဥပါဒါန်သွေးမျိုးဆက်များက အကြောင်းအကျိုးမစဥ်းစားတတ်ကြပါဆိုသောစကားသည် မှန်နေပုံရလေ၏။
“ဂိုဏ်းတူအစ်ကိုကြီး၊ အစ်ကိုကြီးရဲ့ အိမ်မွေးဓားကလည်း သတ္တုဓာတ်ရဲ့ အကျိုးသက်ရောက်မှုကို ခံစားရပြီး ထိန်းချုပ်မှုမဲ့သွားပြီ၊ ဗရုတ်သုတ်ခကိစ္စတွေ ငြိမ်သွားမှ ပြန်ရှာလိုက်ပါ"
"အကြီးအကဲတွေတောင် သူတို့ရဲ့ ရတနာတွေကို ခုထိပြန်မရကြသေးဘူး”
အားလုံးက အကြံပေးလိုက်ပြီးနောက် မသိမသာရယ်မိကြလေသည်။
ကျိယွမ်ကတော့ သူတို့ကိုလျစ်လျူရှုလျှက် မီးဖိုချောင်သုံးဓားဆီသို့ တည့်တည့်လျှောက်သွား၏။
တပည့်များက ကျိယွမ်အားကြည့်ကာ ခေါင်းခါလိုက်ကြပြီး ထပ်မပြောတော့ပါ။
ဥပါဒါန်သွေးမျိုးများက ထူးဆန်းသောအကျင့်များရှိတတ်ကြသည် မဟုတ်ပါလား။သူတို့ကို သာမန်လူများလို့ တွေးခေါ်၍မရပေ။
တပည့်အများစု၏ အကြည့်များအောက်မှာပင် ကျိယွမ်က ဓားအနီးသို့ရောက်သွားပြီး တီးတိုးရွတ်ဆိုကာ သူ၏လက်ကို ရုတ်တရပ်ဖြန့်လိုက်၏။
“စကားနားမထောင်ရင် ၊သုံးရက် အချုပ်ခံရလိမ့်မယ်”
သူသည် ဓားကို ဆက်ခနဲဆွဲလိုက်သည်။
ချက်ချင်းပင် အချိန်ရပ်တန့်သွားသလိုဖြစ်ကာ ပျံသန်းနေသောရတနာများအားလုံးက ရပ်တနိ့သွားပြီးနောက် ၎င်းတို့၏ ပိုင်ရှင်များထံ ပြန်ရောက်သွားကြသည်။
ကျိယွမ်ကို မည်သူမျှ ဂရုမစိုက်မိကြပါ။
ဂရုစိုက်မိသူအချို့ကလည်း တိုက်ဆိုင်မှုဟုသာ ထင်ကြပြီးသူတို့၏လက်နက်များဆီသို့သာ အာရုံရောက်သွားကြသည်။
“ပြီးသွားပြီလား"
“ငါ့ရဲ့ သံလက်၊ မင်းပြန်လာပြီပေါ့!”
“အောင်မယ်လေး ငါ့ရဲ့ဓားလေး ၊ ငါ့ရဲ့ချွန်ထက်တဲ့ဓားလေး"
လူတိုင်းသည် သူတို့၏ ရတနာများ ပြန်ရသောအခါ စိတ်လှုပ်ရှားနေကြသည်။
အချို့က စိတ်ဆိုးနေကြ၏။
“ငါ့အနားကို မလာနဲ့! ငါမင်းကို မသိဘူး”
“မင်းလူမှားနေပြီ၊ ငါက မင်းရဲ့ပိုင်ရှင် မဟုတ်ဘူး”
ထိုအခိုက် တပည့်များအားလုံးက သတိရသွားပြီး ပစ္စည်းတစ်ခုကို အလျှင်အမြန်ရှာဖွေလိုက်ကြသည်။
တလက်လက်တောက်ပနေတဲ့ အတွင်းခံ။
ဘယ်တောင်ထွတ်ကညီမလေးက ဒီလောက်ပြင်းထန်လှသနည်းဟု သိချင်နေကြသည်။
သို့သော်ရွှေရောင်အတွင်းခံက မုတိဆိတ်ဖြူနေသော အဘိုးကြီးတစ်ဦးထံသို့ ပျံသန်းရောက်ရှိသွားသည်ကို တွေ့လိုက်ရသောအခါ တပည့်များအားလုံး ရီရမလိုလို မရီရမလိုလိုဖြစ်ကုန်၏။
အကြီးအကဲဖြစ်နေသောကြောင့် မရီရဲသော်လည်း သူတို့၏မျက်နှာများက ရီချင်သလိုလိုကြီးများဖြစ်နေသည်ကိုတော့ မထိန်းထားနိုင်ကြပေ။
ငါတို့က အရမ်းပြင်းထန်တဲ့ညီမလေးမှတ်နေတာ လက်စသပ်တော့ အကြီးအကဲမူကိုး။
မုတ်ဆိတ်ဖြူအကြီးအကဲမှာ ရှက်ရှက်နှင့်ထွက်ပြေးသွားတော့သည်။
ထိုအခိုက် တပည့်တစ်ယောက်က အလန့်တကြားထအော်သည်။
“ငါ့ရဲ့ လက်နက်က ပိုအားကောင်းလာတယ်”
“ငါ့ရဲ့ဓားလည်း အဆင့်တက်သွားပြီ”
"ဟင်...."
လူတိုင်းသည် သူတို့၏ လက်နက်များနှင့်ရတနာများသည် ဗရုတ်သုက်ခဖြစ်ပြီးနောက် ပိုမိုအားကောင်းလာသည်ကို တွေ့လိုက်ရ၏။
အားလုံးက လက်နက်များအဆင့်တက်သွားရသည့်အကြောင်းရင်းကို စတင်ဝေဖန်ကြတော့သည်။
ဆွေးနွေးသံ၊ငြင်းခုံသံများကြောင့် ရှန်ကွမ်းဂိုဏ်းထဲ၌ ပြန်လည်၍ ဆူညံသွားပြန်၏။
ကျိယွမ်ကတော့ သူ၏တောင်ထိပ်သို့ တိတ်တဆိတ် ပြန်သွားသည်။
ထုံရှီးယန်က သူ၏ရတနာပေတံကို ကိုင်ကာ “အကြီးအကဲ ဘာတွေဖြစ်နေတာလဲ"ရှေးဟောင်းဝိညာဥ်အား မေးမြန်းလေသည်။
“ဒါဟာ အမြင့်ဆုံး အထွတ်အထိပ်သတ္တုပစ္စည်းတစ်ခု ဖြစ်နိုင်တယ်၊ ဒါမှမဟုတ်… ဟင့်အင်း...ဒါမှမဟုတ်ဆိုတာ မရှိဘူး ၊ သေချာပေါက် အမြင့်ဆုံးအထွတ်အထိပ်အဆက့် သတ္တုရတနာပဲ ..."
ရှေးဟောင်းဝိညာဥ်၏အဖြေကြောင့် ထုံရှီးယန် တွေဝေသွား၏။
ပြီးမှ.....
“အဲဒါဆိုရင် သတ္တုရတနာက ဘယ်မှာလဲ အကြီးအကဲ” ဟုစိတ်အားထက်သန်စွာ မေးလိုက်သည်။
ထိုရတနာမျိုးကို သူရအောင်ယူရမည်။ အခြားသူများ မတွေ့နိုင်သော်လည်း သူကတော့ သေချာပေါက်တွေ့နိုင်၏။
ရှေးဟောင်းဝိညာဥ်က အသံတိုးတိုးဖြင့်ဖြေလိူက်သည်။
“ငါ မှန်တယ်ဆိုရင် အဲဒါက… ကျိယွမ်ရဲ့လက်ထဲက မီးဖိုချောင်သုံးဓားပဲ”
“ဘာ”
ထုံရှီးယန် လုံးဝ အံ့အားသင့်သွားသည်။
ဂိုဏ်းတူအစ်ကိုကြီးကျိယွမ်ရဲ့ အိမ်မွေးတိရိစ္ဆာန် မီးဖိုချောင်သုံးဓားက အမြင့်ဆုံးအဆင့် အထွတ်အထိပ်သတ္တုရတနာတဲ့လား။
မည်သူကယုံနိုင်မည်နည်း။
“အဲဒီဓားက ထူးခြားတယ်။ ချီသန့်စင်ခြင်း အဆင့်တစ်ယောက်က အဲဒါနဲ့ဆိုရင်အခြေတည်အဆင့်တစ်ယောက်ကို သတ်နိုင်တယ်။အခြေတည်အဆင့်တစ်ယောက်ရဲ့လက်ထဲမှာဆိုရင်တော့ အမြုတေအဆင့်တစ်ယောက်ကို သတ်နိုင်တယ်၊ပြီးတော့......"
ရှေးဟောင်းဝိညာဥ်က သက်ပြင်းချလိုက်၏။
"ဒီလိုရှားပါးတဲ့ရတနာမျိုးက ဝေးလံလှတဲ့သာ့ရှန်းတိုင်းပြည်လိုနေရာမှာ ပေါ်လာလိမ့်မယ်လို့ မမျှော်လင့်ထားမိဘူး"
ထုံရှီးယန်၏မျက်လုံးများတောက်ပသွားသည်။
"အဲဒီလောက်တောင် အစွမ်းထက်တာလား"
အတွေးတစ်ချက်က သူ့ခေါင်းထဲသို့လှစ်ကနဲဝင်လာခဲ့၏။
"ဒါဆိုရင် ငါကအစ်ကိုကြီးကျိယွမ်ရဲ့အကူအညီကိုသာရရင် နဂါးလုပွဲမှာ သိသိသာသာအခွင့်အရေးရနိုင်မှာ သေချာနေပြီ"
သို့သော်ဂိုဏ်းတူအစ်ကိုကြီးကျိယွမ်ကို စည်းရုံးရန်မှာ မလွယ်ကူလှချေ။သာမန်လူများဆိုလျှင် ကိုင်တွယ်ရလွယ်နိုင်သော်လည်း သူက ဥပါဒါန်သွေးမျိုးဆက်ဖြစ်နေ၏။ထိုသွေးမျိုးဆက်များက သူတို့စွဲလမ်းနေသောအရာမှလွဲ၍ မဆိုင်သည့်ကိစ္စများကို ဆွဲဆောင်ရန်မလွယ်ကူပေ။
ယခုလည်း ကျိယွမ်သည်ဂိမ်းများကိုသာစွဲလမ်းနေပြီး နေနေညည သူ၏ကောက်ရိုးအိမ်လေးထဲမှပင် မထွက်ဘဲ ဂိမ်းချည်းဆော့နေသည်မဟုတ်ပါလား။
"နေဦး ဂိမ်းဆိုမှသတိရတယ်"
ထုံရှီးယန်က တစ်စုံတစ်ခုကိုသတိရသွားသည်။
ငါ့မှာနန်းတွင်းကရထားတဲ့ အဖိုးတန်ဆုံးဂိမ်း၊ရှားမှရှားတဲ့ဂိမ်း၊ဝာားမြစ်ထားတဲ့ဂိမ်း ရှိတယ်လေ။ဒါကိုသုံးပြီး အစ်ကိုကြီးကျိယွမ်နဲ့ဆက်ဆံရေးတည်ဆောက်ရမယ်။
ထိုဂိမ်းသည် အရေအတွက်အနည်းငယ်သာထုတ်ဝေခဲ့သော ကန့်သတ်ဂိမ်းတစ်ခုဖြစ်ပြီး စျေးကွက်ထဲတွင် လုံးဝမရနိုင်ပေ။တုံရှီးယန်က ရှားပါးလွန်း၍ သေသေချာချာသိမ်းထားခဲ့သော အရာလည်းဖြစ်သည်။
“အိမ်ရှေ့မင်းသား ဖြစ်လာရင် ဘယ်သူက ဂိမ်းတွေကို လိုအပ်ဦးမှာလဲ၊ တကယ့်ဘဝက ပိုကောင်းတယ်”
ထုံရှီးယန်က သူ၏အကြံကိုသူပြန်သဘောကျသွားက ခေါင်းပင် တဆိတ်ဆတ်ငြိမ့်မိသွားသည်။
"အခွင့်အရေးရှာပြီး အစ်ကိုကြီးကိုဂိမ်းပေးရမယ်၊အခြားရတနာတွေလည်း သုံးသင့်သုံးတာပေါ့၊ နဂါးလုပွဲအတွက် လိုကိုလိုအပ်တယ်"
----------------------