← Chapters

အတုကိုအစစ်အဖြစ်၊ ပုံရိပ်ယောင်ကိုအမှန်တရားအဖြစ် ပြောင်းလဲပေးနိုင်ခဲ့လျှင်...

Vol. 5 Ch. 62

အတုကိုအစစ်အဖြစ်၊ ပုံရိပ်ယောင်ကိုအမှန်တရားအဖြစ် ပြောင်းလဲပေးနိုင်ခဲ့လျှင်...

Vol. 5 Ch. 62

အစိမ်းရောင်ဝတ်မိန်းကလေးက ခြိမ်းခြောက်လိုက်ပြီးသည်နှင့် ကျိယွမ်ကို တုံ့ပြန်ရန်အချိန်ပင်မပေးဘဲ ထွက်ခွာသွားသည်။

ကျိယွမ်သည် သူမ၏နောက်ကျောကို စိုက်ကြည့်မိရင်း မျက်မှောင်ကျုံ့လိုက်၏။

ဤမျှ ပြင်းထန်သောစိတ်ခံစားမှုမျိုးရှိသည့် NPC တစ်ယောက်ကို မြင်ဖူးသည်မှာ ပထမဆုံးအကြိမ် ဖြစ်သည်။

တန်ယန်၏မျက်နှာကမူ အရေးမကြီးသလို ရှိသည်။

သတ္တု၊ သစ်သား၊ ရေ၊ မီး၊ မြေ ဟူသော ဘိုးဘွားငါးပါးသည် ပြင်ပနတ်ဆိုးများ၏ လက်ချက်ဖြင့် လွန်ခဲ့သောနှစ်ပေါင်းများစွာကတည်းက သေဆုံးသွားခဲ့ကြပြီးသားဖြစ်သည်။ယခုမြင်နေရသည်မှာ ကျွင်းကျန်ရစ်သော စိတ်ဆန္ဒလေးများသာဖြစ်ကြသည်။

ထို့ကြောင့် သူ့၏စိတ်ခံစားချက်များက အစိမ်းရောင်ဝတ်မိန်းကလေးကဲ့သို့ မပြင်းထန်ခဲ့ပါ။၄င်းတို့သည် ဓာတ်ကြီးငါးပါး၏ ယာယီနေအိမ်များသည်ဖြစ်ကြသည်။

အစိမ်းရောင်မိန်းခလေးကြောင့် ခေါင်းရှုပ်နေသောကျိယွမ်သည် ရုတ်တရက် ပြင်းထန်သော အပူတစ်ခုကို ခံစားလိုက်ရသည်။

ကြည့်လိုက်သောအခါ တောက်ပသောအနီရောင်မီးလျှံတစ်ခုသည် သူ့ဆီသို့ပျံသန်းလာပြီး သူနှင့်လက်မအနည်းငယ်အကွာတွင် ပြင်းထန်စွာ တောက်လောင်နေ၏။

"အား......"

အော်ဟစ်သံနှင့်အတူ မီးဓာတ်ဘိုးဘေးသည် လူ့ခန္ဓာကိုယ်ပုံစံဖြင့် ကျိယွမ်၏ဘေးတွင် ပေါ်လာ၏။

သူက ကျိယွမ်ကို လူဆိုးလိုလို လူရမ်းကားလိုလိုအကြည့်မျိုးဖြင့် ဘုကြည့်လိုက်ပြီးကာ"မင်းက နည်းနည်းချောတာကလွဲလို့ ထူးခြားတာ ဘာမှမရှိတဲ့ပုံပဲ၊ ငါဘိုးဘွားကို ဘယ်လိုများ ပြီးပြည့်စုံအောင် လုပ်နိုင်ခဲ့တာလဲ" ဟု မေးသည်။

တန်ယန်က ကျိယွမ်ကို အလျင်အမြန်ရှင်းပြလိုက်၏။

"သူက မီးဘိုးဘေးပါ၊ နည်းနည်းတော့ စိတ်တိုတတ်တယ်"

"မီးဘိုးဘေးကို ဂါရဝပြုပါတယ်"

ကျိယွမ်က ရိုသေစွာ နှုတ်ဆက်သည်။

တန်ယန်၏စကားကို ကြားလိုက်ရသည့်အခါ မီးဘိုးဘေးက တံတွေးတစ်ချက်ထွေးလိုက်ရာ မီးလျှံတစ်ခုသည် တန်ယန်၏ဝတ်ရုံကို စွဲလောင်သွားလေသည်။

တန်ယန်က ယဉ်ကျေးစွာပြုံးကာ တုန့်ပြန်လိုက်သည်။

"မီးဘိုးဘေးကတော့ နောက်တစ်ခါ ဆိုးနေပြန်ပြီ"

"အား....."

မီးဘိုးဘေးက ဒေါသတကြီး အော်လိုက်သည်။

ထိုအခိုက်အတန့်တွင်ကျီယွမ်သည် အခြားသူများကလည်း သူတို့ဆီသို့ချဉ်းကပ်လာသည်ဟု ခံစားလိုက်ရသည်။

မြေကြီးသည် ပိုးကောင်တစ်ကောင် ဖြတ်သွားသကဲ့သို့ လှုပ်ခတ်သွားပြီးနောက် အရုပ်လေးတစ်ရုပ်နှင့်တူသည့် မိန်းကလေးတစ်ဦးအဖြစ် စုစည်းသွား၏။

ထိုမိန်းကလေးသည် အစိမ်းရောင်မိန်းကလေးထက်ပင်အရပ်ပုပြီး ကျီယွမ်ကို စကားတစ်ခွန်းမှမပြောဘဲ ကြည့်နေသည်။

"သူကတော့ မြေဘိုးဘွားပါ"

တန်ယန်က မိတ်ဆက်ပေးသည်။

"မြေဘိုးဘွားကို ဂါရဝပြုပါတယ်"

ကျီယွမ်က အရိုအသေပေးလိုက်သည်။

"လူငယ်လေး၊ ငါခဏလေး အိပ်ပျော်သွားတုန်းမှာ မင်းက ငါဘိုးဘွားကို ပြီးပြည့်စုံအောင် လုပ်နိုင်ခဲ့တယ်။ ငါက နှစ်ပေါင်းထောင်ချီကြာအောင် အိပ်ပျော်သွားမိလို့ မင်းကပြည့်စုံသွားတာလို့ ထင်ခဲ့တာ၊ ဒါပေမဲ့ မေးကြည့်တော့ သုံးရက်ပဲ ရှိသေးတယ်တဲ့။ တကယ်ကို မထင်မှတ်ထားဘူး"

သတ္တုဘိုးဘေးက ထုံးစံအတိုင်းကြင်နာတတ်သောအသံနှင့်အတူ ယဉ်ကျေးသိမ်မွေ့စွာ ရောက်ရှိလာသည်။

ကျိယွမ် နှင့်ပထမဆုံး တွေ့ခဲ့စဥ်ကကဲ့သို့ပင် ကြင်နာတတ်သောအပြုံးကို ပြုံးနေ၏။

သတ္တုဘိုးဘေး၏ဘေးတွင် အခြားနှစ်ဦး ရှိနေသေး၏။

တစ်ဦးမှာ အပြာရောင် ဂါဝန်ရှည်ကို ဝတ်ဆင်ထားသော ရေဘိုးဘေးဖြစ်ပြီး၊ နောက်တစ်ဦးမှာ ဖိနပ်မစီးဘဲ ရောင်စုံအဝတ်အစားများ ဝတ်ဆင်ထားကာ ရယ်စရာကောင်းသောအပြုံးဖြင့် သစ်သားဘိုးဘေး ဖြစ်သည်။

"ဘိုးဘေး သုံးယောက်စလုံးကို ဂါရဝပြုပါတယ်"

ကျီယွမ်က လေးနက်စွာ နှုတ်ဆက်လိုက်သည်။

တန်ယန်နှင့် အခြားပါရမီရှင်များသည် ထိုနေရာမှ တိတ်ဆိတ်စွာ ထွက်ခွာသွားကြသည်။

ကျိယွမ်ကသတို့သမီးလေး၏ လက်ကို ဆုပ်ကိုင်ထားရင်းမှ ဘိုးဘွားငါးပါးနှင့် မျက်နှာချင်းဆိုင်လိုက်၏။

သတ္တုဘိုးဘေးက ကျိယွမ်အနီးသို့ ချဉ်းကပ်လာပြီး ကြင်နာပြီးနူးညံ့သောအမူအရာနှင့် စတင်သည်။

"အဝတ်အထည်ဌာနသခင်နဲ့ စတွေ့တဲ့နေ့က ငါသဘောတူညီမှုတစ်ခု လုပ်ခဲ့တယ်။ အခုတော့ အဲဒါကို အကောင်အထည်ဖော်ရမယ့်အချိန် ရောက်ပြီ"

သတ္တုဘိုးဘေး၏စကားကို ကြားသောအခါ

မီးဘိုးဘေးက ​ ညည်းညူလိုက်ပြီး မကျေနပ်သောစကားကို ပြောရန်ပြင်လိုက်သော်လည်း အရုပ်မလေးနှင့်တူသည့် မြေဘိုးဘေးက ခြေထောက်ဖြင့် ကန်လိုက်သဖြင့် ပါးစပ်ပြန်ပိတ်သွားလေ၏။

ထိုအချိန်တွင် ခန့်ညားထည်ဝါသော ရေဘိုးဘေးက ကျိယွမ်ကို မေးလိုက်သည်။

"အဝတ်အထည်ဌာနသခင် နှစ်ပေါင်းသုံးရာမှာကျင်းပမဲ့ နတ်ဆိုးသတ်ပွဲမှာ ပြင်ပနတ်ဆိုးတွေကိုချေမှုန်းဖို့ မင်းပါဝင်မယ်လို့ အာမခံနိုင်လား"

ကျိယွမ်က ဒြပ်စင်ငါးပါးတားမြစ်နယ်မြေကို ထိန်းချုပ်လိုက်ပြီဖြစ်သောကြောင့် သူတိူ့သည် ဤကမ္ဘာကြီးမှပျောက်ကွယ်သွားရတော့မည်ဖြစ်သည်။သူတို့၏ စိတ်ဆန္ဒများပင် ကျန်ရှိတော့မည်မဟုတ်ပါ။

"ကျွန်တော် နတ်ဆိုးတွေကို သေချာပေါက် သုတ်သင်ပါ့မယ်"

ကျီယွမ်က သူ၏ရည်မှန်းချက်ကို ပြောလိုက်သည်။

သူ၏စကားတွင် နတ်ဆိုးသတ်ပွဲအကြောင်း မပါဘဲ ပြင်ပနတ်ဆိုးများကို တိုက်ရိုက်ပစ်မှတ်ထားသည်။

သူ​က ပြည်ပနတ်ဆိုးများကို မဖြစ်မနေသတ်ရမည်။

ထိုသို့ပြုလုပ်မှသာ ကောင်းကင်ဘုံတာအိုအစိတ်အပိုင်းများကို စုံလင်အောင်ရရှိနိုင်မည်ဖြစ်ပြီး ကောင်းကင်ဘုံတာအိုအခြေခံအုတ်မြစ်ကို တည်ဆောက်နိုင်မည်ဖြစ်သည်။

"ကောင်းပြီ"

ရေဘိုးဘေးက သူ့၏အဖြေကို ကျေနပ်စွာ ခေါင်းညိတ်သည်။ သူမ၏ဘေးမှ သတ္တုဘိုးဘေး၊သစ်သားဘိုးဘေး နှင့် မြေဘိုးဘေးတို့ကလည်း အစဥ်အတိုင်းခေါင်းညိတ်ကြ၏။

မီးဘိုးဘေးကတော့ ဟိုကြည့်ဒီကြည့်လုပ်ကာ မသိချင်ယောင်ဆောင်နေသည်။မြေဘိုးဘေးက သူ၏ခြေသလုံးကိုဖြတ်ကန်လိုက်မှ မကြည်မသာဖြင့် ပြီးစလွယ်ခေါင်းညိတ်ပြလိုက်သည်။

ကျိယွမ်က​ သတ္တုဘိုးဘေးကိုမေးလိုက်သည်။

"ဘိုးဘေးတို့အားလုံးက နတ်ဆိုးတွေနဲ့ရင်ဆိူင်ဖူးတယ်နော်၊သူတို့ကဘယ်လောက်အစွမ်းထက်လဲ "

ကျိယွမ်က ပြည်ပနတ်ဆိုးများ၏ တိုက်ခိုက်ရေးစွမ်းရည်ကို သိချင်နေသည်။သို့မှသာရင်ဆိုင်ရန် ပြင်ဆင်ရာ၌ပိုအဆင်ပြေမည်ဖြစ်သည်။

သတ္တုဘိုးဘေးက အတိတ်ကိုပြန်စဥ်စားမိဟန် ခေတ္တတိတ်ဆိတ်သွားသည်။အတန်ကြာမှ တုန့်ပြန်၏။

"ပြင်ပနတ်ဆိုးတွေမှာ သွေးစုပ်ငါးမြှားကြိုးလို့ခေါ်တဲ့ အထွတ်အထိပ်ရတနာတစ်ခုရှိတယ်၊အဲဒီအရာက ကောင်းကင်ပေါ်ကနေကြလာပြီး ကျင့်ကြံသူတွေရဲ့ခန္ဓာကိုယ်ကို ဖောက်ထွင်းပြီး အရေးပြားပဲကျန်အောင် စုပ်ယူနိုင်တဲ့ရတနာပဲ၊တစ်ချိန်က ငါလည်းသွေးစုပ်ငါးမြှားကြိုးရဲ့တိုကိခိုက်မှုကို ခံခဲ့ရတော့ အဲဒီအရာကိုဖျက်ဆီးဖို့အစွမ်းကုန်ကြိုးစားခဲ့ပေမဲ့ ကြိုးပေါ်မှာခြစ်ရာလေးတစ်ခုတောင် မချန်ခဲ့နိုင်ဘူး"

ထိုစကားကိုကြားရသောအခါ ကျိယွမ် အနည်းငယ်စိုးရိမ်သလို ခံစားရသည်။သတ္တုဘိုးဘိုး၏ လူသားဘဝသည် နတ်ဘုရားအဆင့်ဖြစ်နိုင်သည်။ထိုမျှအစွမ်းထက်သောသူတစ်ဦးကပင် ငါးမြှားကြိုးလေးတစ်ချောင်းကို ခြစ်ရာထင်အောင်မလုပ်နိုင်ခဲ့ပေ။ ထိုငါးမြှားကြိုးက သေချာပေါက် ရင်ဆိုင်ရတော်တော်ကြီးခက်ခဲမည်မှာ သေချာ၏။

"နတ်ဆိုးသတ်ပွဲမှာ ပြင်ပနတ်ဆိုးတွေနဲ့ ရင်ဆိုင်တဲ့အခါ သွေးစုပ်ငါးမြှားကြိုးနဲ့ ဝေးဝေးနေပါ"

သစ်သားဘိုးလေးက အကြံပေးသည်။

"သွေးစုပ်မြှားကြိုးနဲ့ ထိုးဖောက်ခံရရင် နတ်ဘုရားတစ်ပါးတောင် လွတ်မြောက်နိုင်မှာ မဟုတ်ဘူး"

ပြင်ပနတ်ဆိုးများအကြောင်းကြားလိုက်ရသောအခါ မကျေမနပ်ဖြစ်နေသော မီးဘိုးဘေးပင် မနေနိုင်တော့ပေ။

"ပြင်ပနတ်ဆိုးက တစ်ယောက်တည်းမဟုတ်ဘူး ၊ နှစ်ယောက်..မဟုတ်သေးဘူး နှစ်ယောက်ထက်ကို ပိုများနိုင်တယ်"

ကျိယွမ်က အံ့အားသင့်သွားသည်။ထိုအရေအတွက်လောက်သည် မဖြေရှင်းနိုင်လောက်သော အနေအထားမဟုတ်ပေ။

"တားမြစ်နယ်မြေလေးခုမှာ ထိပ်တန်းကျင့်ကြံသူတွေ အများကြီးရှိတယ်လေ၊ကျွန်တော်တို့အကုန်ပေါင်းပြီး တိုက်မယ်ဆိုရင် သူတို့လောက်ကိုအပိုင်းပိုင်းဖြစ်အောင်ခုတ်ထစ််လို့ရတယ် မဟုတ်ဘူးလား"

တားမြစ်နယ်မြေလေးခု၏ စုပေါင်းစွမ်းအားသည် ကြောက်မက်ဖွယ်ကောင်းသည်ဟု ကျိယွမ် ယုံကြည်သည်။အဆင့် (၉၀) အထက် များအားလုံး စုပေါင်းတိုက်ခိုက်ပါက ပြင်ပနတ်ဆိုးအနည်းငယ်ကို မနိုင်စရာအကြောင်း မရှိပေ။

သစ်သားဘိုးဘေးက ခေါင်းယမ်း၏။

"ပြင်ပနတ်ဆိုးတွေဟာ မသေနိုင်ဘူး၊ သတ်လို့လည်း မရဘူး! ဒါမှမဟုတ် သတ်လိုက်ရင်တောင် သူတို့ ပြန်ရှင်လာလိမ့်မယ်"

"မသေနိုင်ဘူးလား"

ကျိယွမ် မျက်လုံးပြူးသွားသည်။ထိုအကွက်ကို သူကမျှော်လင့်မထားမိခဲ့ပေ။

သို့သော် သေသေချာချာစဥ်းစားမိသောအခါ မအံ့သြတော့ပါ။

ဂိမ်းတစ်ခုမှာ မသေနိုင်တဲ့ဘော့စ်ဆိုတာ ဘယ်လိုရှိမှာလဲ ၊ ဒါပေမဲ့ ဘော့စ်ဆိုတော့ လွယ်လွယ်နဲ့ ဘယ်သေမလဲ၊ မသေမချင်း အကြိမ်အများကြီး သတ်ရုံပေါ့။

သို့သော် ကျိယွမ်သည် ပြင်ပနတ်ဆိုးများ၏ စွမ်းအားကို အနည်းငယ်တော့ ချိန်ဆသွားနိုင်ပြီဖြစ်သည်။ ။ အဆင့် (၁၀၀) မရောက်ဘဲ ပြည်ပနတ်ဆိုးများကို လိုက်ရှာခြင်းသည် သေတွင်းသို့ ဝင်ရောက်ခြင်းပင် ဖြစ်လိမ့်မည်။

ထိုအခိုက်မှာပင် သတ္တုဘိုးဘေးက လောဆော်လိုက်သည်။

"မိတ်ဆွေတို့ ၊ ငါတို့ရဲ့ကတိအတိုင်း အဝတ်အထည်ဌာနသခင်ကို ဓာတ်စွမ်းအင်တွေပေးဖို့အချိန်ကျပြီ"

"ငါသဘောတူတယ်"

"ငါလည်း သဘောတူတယ်"

"အင်း"

"အဲဒါဆိုလည်း ဘာစောင့်နေတာလဲ ၊ အခုစလေ"

မီးဘိုးဘေးက ပြောပြောဆိုဆိုပင် ကျိယွမ်၏ပုခုံးပေါ်သို့ သူ၏လက်တစ်ဖက်ကို တင်လိုက်၏။ ကျန်သော ဘိုးဘေး​လေးယောက်ကလည်း ထိုအတိုင်းပြုလုပ်လိုက်ကြသည်။

ထိုခဏအတွင်းမှာပင် သတ္တု၊ သစ်သား၊ ရေ၊ မီးနှင့် မြေ ဟူသော ဘိုးဘေးငါးပါး၏ စွမ်းအားသည် ကျိယွမ်၏ ခန္ဓာကိုယ်ထဲသို့ အဆက်မပြတ် စီးဝင်လာ၏။

အရောင်ငါးမျိုးရှိသော စွမ်းအားငါမျိုးသည် ဝိညာဉ်ငါးပါး၏ စွမ်းအားထက်ပင် ပိုမိုပြင်းထန်ပြီး ကျိယွမ်၏ ခန္ဓာကိုယ်ထဲသို့ အဆီးအတားမရှိ ပျံ့နှံ့သွားသည်။

သူ၏သွေးများ အရောင်ပြောင်းသွားသည်ကို ခံစားရပြီး အရေပြားပေါ်တွင် ဓာတ်ကြီးငါးပါး၏ပုံရိပ်များက တက်တူးထိုးထားသကဲ့သို့ ပေါ်လာသည်။

သူ၏ခန္ဓာကိုယ်အတွင်းသို့ စွမ်းအားများဝင်လာသည်နှင့် ဘိုးဘေးများ၏ခန္ဓာကိုယ်မှာလည်း တဖြည်းဖြည်းအရောင်မှိန်ဖျော့လာသည်ကို မြင်နေရသည်။

မကျေမနပ်ဖြစ်နေသော မီးဘိုးဘေးမှလွဲ၍ အခြားသူများသည် တည်ငြိမ်နေကြပြီး တာဝန်တစ်ခုပြီးဆုံးခဲ့သလို စိတ်သက်သာရာရဟန်ပင် ရှိနေ၏။

၎င်းတို့သည် စကားမပြောသော်လည်း ဖြည်းညှင်းစွာ ပျောက်ကွယ်သွားနေ၏။

နောက်ဆုံးအခိုက်အတန့်တွင် မီးဘိုးဘေးက "ကောင်လေး၊ ငါ သေပြီးသားဆိုတာကို ပြန်သတိရအောင် လုပ်ပေးတဲ့အတွက် မင်းကို ငါ မုန်းတယ်" ဟု အော်လိုက်၏။ ဤအော်သံသည် သူ၏ခွန်အားအားလုံးကို အသုံးပြုလိုက်သကဲ့သို့ ဖြစ်ပြီး သူ၏ခန္ဓာကိုယ်သည် ကမ္ဘာပေါ်မှ လုံးဝပျောက်ကွယ်သွားသည်။

အခြားဘိုးဘေးလေးဦးလည်း ကျိယွမ်၏ရှေ့တွင် တစ်ကြိမ်တစ်ခါမှ ရှိမနေခဲ့ဖူးသကဲ့သို့ ပျောက်ကွယ်သွားကြသည်။

ကျိယွမ် ခဏမျှ ငေးကြောင်သွား၏။

အားလုံးပျောက်ကွယ်သွားကြပြီပဲ။

ဒြပ်စင်ငါးပါးတားမြစ်နယ်မြေကို အချိန်ကာလကြာမြင့်စွာကာကွယ်ပေးခဲ့ကြသော ဘိုးဘေးငါးပါးသည် စိတ်ဆန္ဒအမျှင်လေးပင် မကျန်အောင်ထာဝရပျောက်ကွယ်သွားခဲ့လေပြီ။

ကျိယွမ်က သူ၏ခန္ဓာကိုယ်ပေါ်မှ ငါးရောင်ခြယ်တက်တူးများကို ငေးကြည့်မိနေ၏။

တက်တူးများမှ စွမ်းအားများသည် တစ်ရက်ခန့်ကြာမှ အပြည့်အဝပေါင်းစပ်သွားမည်ဟု ခန့်မှန်းရသည်။

ကျိယွမ်က သက်ပြင်းချလိုက်ပြီး သတို့သမီးလေး၏လက်ကိုဆွဲကာ အခြားတစ်နေရာသို့ ဦးတည်လိုက်၏။

"လော့ဂ်အောက် လုပ်မယ်၊ မနက်ဖြန်မှ ပြန်လာကြတာပေါ့"

ဆိတ်ငြိမ်သော နေရာတစ်ခုကိုရှာဖွေပြီး မြေတွင်းတစ်ခုတူးကာ သူမနှင့်အတူဝင်ရောက်လိုက်သည်။တွင်းထဲ၌ သတို့သမီးလေးသည် ထုံးစံအတိုင်း သူ၏ခါးကို ဖတ်​ထား၏။

ကျိယွမ်က ဂိမ်း၏စကားပြောစာမျက်နှာကိုဖွင့်ကာ ကျင်းလီထံစာပို့လိုက်သည်။

"ငါ့ကိ​ုယ်ငါ အဘိုးကြီးသတ်သမား ဖြစ်လာမယ်လို့ မထင်ထားခဲ့ဘူး"

" ငါ့ကို စွမ်းအားပိုကောင်းအောင် လုပ်ပေးဖို့အတွက် ဘိုးဘေးငါးယောက်က ငါ့ရှေ့မှာပဲ သေသွားကြရပြီ"

"သူတို့က NPC တွေဖြစ်နေပေမယ့် ငါတော့ ထူးဆန်းသလို ခံစားရတုန်းပဲ"

စာပို့လိုက်ပြီးနောက် ခဏကြာသည်အထိ ပြန်စာရောက်မလာပေ။ကျင်းလီသည် ရန်သူများအားလုံးကို ချေမှုန်းနေရသဖြင့် အလုပ်များနေဟန်တူ၏။

ထိုအခိုက် သတို့သမီးလေး၏ လက်မောင်းစတစ်ဖက်က သူ၏လက်အားဆုပ်ကိုင်လာသဖြင့် ကျိယွမ်ငုံ့ကြည့်လိုက်သည်။သတို့သမီးလေး၏ အင်္ကျီလက်ထဲမှ သစ်သားပြားတစ်ခုထွက်ကျလာ၏။

ပြုံးနေသော ပုံ။

ကျိယွမ် သဘောကျသလိုရယ်လိုက်မိသည်။

"ငါ့ကို ​စိတ်မညစ်နဲ့လို့ပြောတာလား"

"ဟားဟားဟား မိန်းမရှိတာဆိုးတော့မဆိုးဘူးပဲ"

ကျိယွမ်က သတို့သမီးလေးကို ဖတ်လိုက်သည်။ သို့သော် သူ၏မျက်လုံးများထဲတွင်တော့ လေးနက်သောအရိပ်အယောင်များ ရှိနေ၏။

"ဘိုးဘေးတို့ ၊တစ်နေ့နေ့မှာ ကျွန်တော်သာ မြေ၊ရေ၊လေ၊မီး ဓာတ်ကြီးတွေကို ပြန်ပြီးဖန်တီးနိုင်ခဲ့ရင် အတုကိုအစစ်၊ပုံရိပ်ယောင်ကို အမှန်အဖြစ်ပြောင်းလဲနိုင်ပြီ ၊အဲဒီအချိန်ကျရင် ဘိုးဘေးငါးပါးလုံးကိုလည်း ဒီကမ္ဘာပေါ်ကို ပြန်ခေါ်လာပေးပါမယ်"

ထိုသို့ရေရွတ်ပြီးနောက် ကျိယွမ် အနည်းငယ်ရှုပ်ထွေးသလို ဖြစ်နေ၏။

"ဒါက နည်းနည်းကလေးဆန်သလိုပဲ၊ ဟားဟား ဟား ၊ ငါက ကောင်းကင်ဘုံရဲ့ရွေးချယ်ခံရသူလည်း မဟုတ်ဘူးလေ"

"ငါပြောသမျှ အရာအားလုံးက ဘာလို့တကယ်ဖြစ်လာရမှာလဲ"

"ဒါပေမဲ့ ငါစဥ်းစားမရဘူး ၊ NPC တွေက ဘာလို့များ ကစားသမားတစ်ယောက်ကို ဒီလောက် ယုံကြည်ရတာပါလိမ့် "

"မသိတော့ဘူး ၊ အိပ်ချင်လာပြီ"

ဂိမ်းထဲမှ ထွက်လိုက်ပြီးနောက် ကျိယွမ်သည် ပို၍ပင် အိပ်ချင်လာသည်။

သူက ဘာဘာဘာညာစဥ်းစားမနေတော့ဘဲ အိပ်ယာပေါ်သို့ပစ်လှဲကာ တချိုးတည်းထိုးအိပ်ပစ်တော့သည်။ဂိမ်းကျောက်ပြားကလည်း သူ၏ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်ပျောက်ကွယ်သွားလေ၏။

သူ၏ခန္ဓာကိုယ်အတွင်းမှာတော့ ဓာတ်ကြီးငါးပါးစွမ်းအင်များက အဆက်မပြတ် လည်ပတ်နေပြီး သူ၏မူလချီစွမ်းအင်များကို အစားထိုးတော့မလိုပင် ဖြစ်နေသည်။

ကျိယွမ်၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ဓာတ်ကြီးငါးပါးစွမ်အားများဖြင့်ဖုံးလွှမ်းနေရုံသာမက အခန်းတစ်ခုလုံးသည်လည်း ထူးခြားသောပြောင်းလဲမှုများ ဖြစ်ပေါ်နေသည်။

ခြံဝင်းထဲတွင် ကြိုးဖြင့် ချည်နှောင်ထားသောဓားသည် တစ်ခုခုကို ခံစားမိသကဲ့သို့ တုန်ခါသွား၏။ဓားက ကျိယွမ်၏အိမ်ဘက်သို့ တွားသွားပြီး လေကိုလောဘတကြီးတပ်မက်စွာ စုပ်ယူတော့သည်။

လေထဲတွင် ကြွယ်ဝသော သတ္တုဂုဏ်သတ္တိ စွမ်းအားများ ရှိနေပုံရပြီး ထိုစွမ်းအားများက တဖြည်းဖြည်း ကျိစယ်တောင်ထိပ်တစ်ခုကိုပင် ပျံ့နှံ့နေတော့သည်။

...............

"ဂိုဏ်းချုပ်ကို ဂါရဝပြုပါတယ်"

ထုံရှီးယန်သည် ရှန်ကွမ်းဂိုဏ်းချုပ်ဖြစ်သူ ကူမူကျန့်ကျွမ်းကို အရိုအသေပေးလိုက်သည်။

သို့သော်လည်းသူ​၏ခန္ဓာကိုယ်တစ်ခုလုံးကတော့ တင်းမာနေ၏။

သူ၏ခန္ဓာကိုယ်အတွင်း၌ရှိသော ရှေးဟောင်းဝိညာဥ်ကလည်း သူ့၏အရှိန်အဝါကို လုံးဝဖိနှိပ်ထားပြီး ရှာဖွေတွေ့ရှိသွားမည်ကို အလွန်ကြောက်လန့်နေသည်။

အဘယ်ကြောင့်ဆိုသော် သူ၏ရှေ့မှ အဘိုးအိုသည် စိတ်ဝိညာဥ်အဆင့် ကျင့်ကြံသူတစ်ဦးဖြစ်သည်။

ယခင်ကဆိုလျှင်တော့ ထိုအဆင့်သည် ရှေးဟောင်းဝိညာဥ်အတွက် စကားထဲပင်ထည့်မပြောလောက်သော အဆင့်လေးတစ်ခုပင်၊သို့သော် ယခုအချိန်မှာတော့ သူသည် ဝိညာဥ်အကြွင်းအကျန်လေးမျှသာ ဖြစ်သည်။

စိတ်ဝိညာဥ်အဆင့်ကျင့်ကြံသူတစ်ဦးကသာ သူ့လိုဝိညာဥ်ကိုရှာတွေ့ခဲ့လျှင် လုံးဝလက်လွတ်ခံမည်မဟုတ်မှန်း သူသိနေသည်။သေချာပေါက်သူ၏ ဝိညာဥ်ကိုရှာဖွေလိမ့်မည်။

ရှေးဟောင်းဝိညာဥ်တစ်ခု၏မှတ်ဉာဏ်များသည် သူတို့အတွက် ရတနာသိုက်ကြီးတစ်ခုပင်ဖြစ်သည်။

ထိုသို့ရှာဖွေခံရပါက သူ၏ဝိညာဥ်မှာ လုံးဝပျောက်ကွယ်သွားရတော့မည် မဟုတ်ပါလား။

"ကောင်းတယ် ထုံရှီးယန် ၊ ကောင်းတယ် ၊မင်းရဲ့ကျင့်ကြံမှု ပျက်စီးသွားတာတောင်မှ တည်တည်ငြိမ်ငြိမ်နဲ့ ကြိုးစားကျင့်ကြံနေနိုင်သေးတယ်"

ကူမူကျန့်ကျွမ်းက ခေါင်းတဆတ်ဆတ်ညိမ့်ကာ ချီးကျူးသည်။

"အသင်္ချေနိယာမတောင်ထိပ်မှာနေရတာရော ဘယ်လိုလဲ၊ အဆင်ပြေရဲ့လား"

ထုံရှီးယန်မှာ ပို၍ပင်ထိတ်လန့်သွား၏။ယနေ့မှ ဂိုဏ်းချုပ်ကသူ့ကိုဆင့်ခေါ်ပြီး ဂရုတစိုက် မေးမြန်းနေသည်။

သူ၏ခန္ဓာကိုယ်အတွင်းမှ ရှေးဟောင်းဝိညာဥ်အကြောင်းကို သိသွား၍များလား။

သူကလေးစားစွာ အဖြေပေးလိုက်သည်။

"အဆင်ပြေပါတယ် ဂိုဏ်းချုပ်ကြီး၊ ဂိုဏ်းတူညီအစ်ကိုမောင်နှမတွေအားလုံးက ကျွန်တော့်အပေါ် အရမ်းကောင်းကြပါတယ်"

"အင်း"

ကုမူကျန့်ကျွမ်းက ထုံရှီးယန်ကို လေးနက်စွာကြည့်လိုက်၏။

ထုံရှီးယန်သာမက ရှေးဟောင်းဝိညာဥ်သည်လည်း ရင်တထိတ်ထိတ်ခုန်သွား၏။

ရှန်ကွမ်းဂိုဏ်းချုပ်က သေချာပေါက် တစ်ခုခုသိနေပြီပဲ။

ကူမူကျန့်ကျွမ်း၏ အသံကထွက်ပေါ်လာသည်။

"နောက်ထပ် ခြောက်လကြာရင် နဂါးလုပွဲ ရှိတယ်။ မင်းမှာ ဘာအတွေးများရှိသလဲ"

"ဗျာ..."

လက်ရှိ သာ့ရှန်းတိုင်းပြည်တွင် ဧကရာဇ်သည် နတ်ရွာစံခါနီးအခြေအနေဖြစ်နေပြီး အဆုံးသတ်ရန် နီးကပ်နေပြီဖြစ်ကာ သာ့ရှန်းဧကရီကသာ တိုင်းရေးပြည်ရာကိစ္စများကို တာဝန်ယူနေသည်။

ဧကရီတွင်လည်း သားသမီးမရှိသောကြောင့် အိမ်ရှေ့မင်းသားနေရာကိုလည်း သတ်မှတ်ထားခြင်း မရှိသေးပေ။

နန်းတော်ထဲ၌ မင်းသားအများစုသည် ရည်မှန်းချက်ကြီးမားပြီး အမြင့်ဆုံးရာထူးကို မမက်သောသူမရှိပေ။

ထို့ကြောင့် အားလုံးနှင့်ဆွေးနွေးပြီးနောက် နဂါးလုပွဲကို ကျင်းပရန် ဧကရာဇ်ရုံးတော်မှဆုံးဖြတ်လိုက်သည်။

တော်ဝင်မင်းသားများသည် မိမိတို့၏ မဟာမိတ်များကို ခေါ်ဆောင်ပြီး ကောင်းကင်နတ်နဂါးနယ်မြေတွင် တိုက်ခိုက်ပြီး အနိုင်ရရှိသူသည် သာ့ရှန်း၏အိမ်ရှေ့မင်းဖြစ်လာမည်။

ထိုအမိန့်ထွက်ပေါ်လာသောအခါ မင်းသားအချို့က မကျေမနပ်ဖြစ်ကြသည်။

ကောင်းကင်နတ်နဂါးနယ်မြေသည်ကန့်သတ်ချက်များရှိနေပြီး အသက် ၃၀ ကျော်သော ကျင့်ကြံသူများဝင်ရောက်ခွင့်မရှိပေ။

အသက် ၃၀ ဆိုသည်မှာ ကျင့်ကြံသူတစ်ယောက်အတွက် အလွန်ဆုံးရောက်မှ အခြေတည်အဆင့်ဖြစ်သည်။

နန်းတော်၌ အချို့မင်းသားများသည် အသက် ၃၀ ကျော်ပြီဖြစ်သလို စိတ်ဝိညာဥ်အဆင့်ရောက်နေသူများပင်ရှိသည်။ ၄င်းတို့၏ လက်အောက်ခံများမှာလည်း အများအားဖြင့် စိတ်ဝိညာဉ်အဆင့်များ ဖြစ်ကြသည်။

ထို့ကြောင့် ယခုအမိန့်က သူတို့၏လက်များကို ဖြတ်ပစ်လိုက်သကဲ့သို့ ဖြစ်နေသည်။

သို့သော် သာ့ရှန်းဧကရီ၏ သဘောထားက ခိုင်မာနေသည့်အပြင် အဓိကဂိုဏ်းကြီးသုံးခုကလည်း ထောက်ခံပေးသဖြင့် မင်းသားများလည်းမကျေမနပ်ဖြင့်သာ သဘောတူခဲ့ကြရသည်။

ထိုနဂါးလုပွဲကြောင့်ပင် ထုံရှီးယန်သည် နန်းတော်မှထွက်ခွာပြီး ရှန်ကွမ်းဂိုဏ်းသို့ ဝင်ရောက်ခဲ့ခြင်းဖြစ်၏။မဟုတ်လျှင် နန်းတွင်းတိတ်တဆိတ်လုပ်ကြံမှုများကြောင့် ယခုအချိန်ထိပင် အသက်ရှင်နေပါ့မလား မသိနိုင်ပေ။

ဂိုဏ်းချုပ်၏ မေးခွန်းကို ကြားလိုက်ရသောအခါ သူကလျှင်မြန်စွာခေါင်းခါလျှက် ချက်ချင်းပြန်ဖြေလိုက်၏။

"ဒီတပည့် မရဲပါဘူးခင်ဗျာ"

ကုမူကျန့်ကျွမ်း၏ မျက်လုံးများတွင် တောက်ပသော အရိပ်အယောင်တစ်ခု ပေါ်လာသည်။

"အခု မင်းကငါတို့ ရှန်ကွမ်းဂိုဏ်းရဲ့ တပည့်ပဲ။ မင်း မရဲရင်တောင်မှ ရဲရမယ်"

ထိုစကားကိုကြားလိုက်ရသောအခါ ထုံရှီးယန်၏ နှလုံးသားသည် အံ့အားသင့်မှုကြောင့်တဖျတ်ဖျတ်ခုန်သွားပြီး စိတ်လှုပ်ရှားလာသည်။

ရှန်ကွမ်းဂိုဏ်းက သူ့ကိုသာ့ရှန်း၏ အိမ်ရှေ့မင်းဖြစ်လာစေရန် ကူညီထောက်ပံ့ပေးမည်လား။

ထုံရှီးယန်သည် မတတ်သာ၍ နန်းမြို့တော်မှ တိမ်းရှောင်လာခဲ့ရသော တော်ဝင်သွေးပါသည့် လူငယ်တစ်ဦးဖြစ်သည်။

ထို့အပြင်သူ့၏ စေ့စပ်ထားသူနှင့်ပင် စေ့စပ်မှုကို ဖျက်သိမ်းခဲ့ရသည်။

သူ့လိုလူငယ်တစ်ယောက်အတွက် ထိုအရာများသည် ပြန်တွေးမိတိုင်း သူ့ကိုရှက်ရွံ့စေသော နိမ့်ကျသည့်အတိတ်ဆိုးများပင်။

သူသည် ရှေးဟောင်းဝိညာဥ်၏အကူအညီဖြင့် စိတ်ဝိညာဥ်အဆင့်ထိရောက်အောင် ကျင့်ကြံပြီးမှ ဂုဏ်ယူစွာဖြင့်အိမ်ပြန်ရန် စဥ်းစားထားခဲ့သည်။

သို့သော် ထိုအရာက နှစ်ပေါင်းရာနှင့်ချီ၍ ကြာနိုင်သည်၊သို့မဟုတ် နှစ်ထောင်နှင့်ချီ၍ပင် ကြာသွားနိုင်သည်။

ထိုအချိန်ရောက်လျှင် သူ့၏ အချစ်ဆုံးသူက ယခင်ကလို သူ့အားချစ်နေဦးပါမည်လော။

ဂိုဏ်းချုပ်ကြီးက သူ့ကိုသာ့ရှန်၏ အိမ်ရှေ့မင်းသားဖြစ်လာစေရန် ကူညီထောက်ပံ့လိုသည်ဟု ကြားလိုက်ရသောအခါ သူ၏တည်ငြိမ်နေသော နှလုံးသားသည် သိသာစွာလှုပ်ရှားသွား၏။

"ခြောက်လကြာလို့ နဂါးလုပွဲ စတင်တဲ့အခါငါတို့ ရှန်ကွမ်းဂိုဏ်းက အခြေခံအုတ်မြစ်အဆင့်တပည့်နှစ်ဦးနဲ့ စိတ်ဝိညာဉ်အဆင့် အကြီးအကဲတစ်ဦးကို မင်းကို ကူညီဖို့ စေလွှတ်ပေးမယ်"

ကုမူကျန့်ကျွမ်း သူ၏ဆုံးဖြတ်ချက်ကို တည်ငြိမ်စွာ ထုတ်ဖော်လိုက်သည်။

ထုံရှီယန်၏အသက်ရှုသံက ပို၍မြန်လာပြီးနှလုံးခုန်သံများပါ ကျယ်လာ၏။

ရှန်ကွမ်းဂိုဏ်းမှ စေလွှတ်လိုက်သူများသည် သာမန်အစွမ်းထက်သူများသာ ဖြစ်သည်။သို့သော်လည်း သူတို့သည် ရှန်ကွမ်းဂိုဏ်းကို ကိုယ်စားပြုကြသည်။ ဂိုဏ်းရှိ ထိပ်တန်းပုဂ္ဂိုလ်များ၏သဘောထားကို ကိုယ်စားပြုသည်။

ထိုအချက်တစ်ခုတည်းကပင် သေချာပေါက် လုံလောက်နေလေပြီ။

ထုံရှီးယန်က ရိုသေစွာ တုန့်ပြန်လိုက်၏။

"ဂိုဏ်းချုပ်ကြီးကို ကျေးဇူးတင်ပါတယ်"

သူကလူငယ်ပီပီ လောင်းကစားတစ်ခုကို လုပ်ရန်ဆုံးဖြတ်လိုက်သည်။

"ကောင်းကင်နတ်နဂါးနယ်မြေမှာ တိုက်ခိုက်ဖို့ အသက် ၃၀ မကျော်သေးတဲ့ အခြေခံအုတ်မြစ်အဆင့်ရှိသူတွေ လိုအပ်တယ်။အဲဒီနှစ်ယောက်ကို ငါ့ဘာသာစေလွှတ်ပေးရမလား မင်းသဘောနဲ့မင်းရွေးချယ်မလား၊ဒါပေမဲ့ မင်းဘာသာရွေးမယ်ဆိုရင်တော့ သူတို့ကို မင်းဘာသာရအောင် ဆွဲဆောင်ရမယ်၊ငါက ဘာမှဝင်စွတ်ဖက်မှာ မဟုတ်ဘူး"

"ဒီတပည့် ကိုယ့်ဘာသာ ရွေးချယ်ပါ့မယ်"

ထုံရှီးယန်က ချက်ချင်းတုန့်ပြန်လိုက်သည်။

သူက ဂိုဏ်းချုပ်ကိုမယုံကြည်၍ မဟုတ်ပါ။ဂိုဏ်းချုပ်က စေလွှတ်ပေးသော တပည့်များသည် အရည်အချင်းမဆိုးသော်လည်း ထိပ်တန်းအဆင့်မှ မဖြစ်နိုင်ပေ။

ထုံရှီးယန်တွင် ရှေးဟောင်းဝိညာဥ်ဆရာသမားရှိ၏။

ရှေးဟောင်းဝိညာဥ်၏ အကူအညီဖြင့်ဆိုလျှင် ပို၍သင့်လျော်သူများကို သေချာပေါက် ရွေးချယ်နိုင်လိမ့်မည်ဟု သူယုံကြည်သည်။

အကြီးအကဲဝိညာဥ်က ရှန်ကွမ်းဂိုဏ်းသည် မြင်ရသလောက် မရိုးရှင်းကြောင်း၊ ပုန်းအောင်နေသော ထူးရှားသည့်သာမန်တပည့်များရှိနေကြောင်း ပြောပြဖူးသည်မဟုတ်ပါလား။

ကုမူကျန့်ကျွမ်းက သူ၏စကားကို သဘောကျသလို ခေါင်းညိတ်လိုက်၏။တော်ဝင်မျိုးနွယ်များတွင် မာနအထိုက်အလျှောက်ရှိသည်မှာ သဘာဝပင်။

ထိုစဥ် သူကတစ်ခုခုကို စဥ်းစားမိဟန်ဖြင့် မေးလိုက်၏။

"အသင်္ချေတောင်ထွတ်မှာ မင်းက လက်နက်သန့်စင်တဲ့ပညာကို လေ့လာနေတယ်လို့ ငါကြားတယ်၊တော်တော် တိုးတက်နေပြီလား၊မင်းသန့်စင်ထားတဲ့ မှော်လက်နက်တွေ ဘယ်လိုရှိလဲဆိုတာ ငါအဘိုးကြီးကို ကြည့်ခွင့်ပေးပါဦး၊လက်နက်သန့်စင်တဲ့ပညာကို မကျွမ်းကျင်ပေမဲ့ မင်းကိုအကြံဉာဏ်တစ်ချို့တော့ ဒီအဘိုးကြီးက ပေးနိုင်မှာပါ"

ကုမူကျန့်ကျွမ်းက ယခုအချိန်သည် ပေါင်းသင်းဆက်ဆံရေးကို စတင်ရန် အချိန်ကောင်းဖြစ်ကြောင်း ကောင်းစွာသိသည်။

တော်ဝင်မိသားစုတွင် ကြီးပြင်းလာသော ထုံရှီးယန်ကလည်း ထိုသဘောတရားကို သိပါသည်။

သူသည် ခဏမျှ စဥ်းစားပြီး သူ၏ ရှန်းထျန်းရတနာပေတံကို ထုတ်ယူလိုက်၏။

အကြီးအကဲဝိညာဥ်၏ အကူအညီဖြင့် သန့်စင်ထားသော ရှန်းထျန်းရတနာပေတံသည် ထုံရှီးယန်၏ ဂုဏ်ယူဖွယ်ရာ အောင်မြင်မှုတစ်ခုဖြစ်သည်။

"ဒါကတော့ ရှန်းထျန်းရတနာပေတံပါ၊ သတ္တု (၃၇) မျိုးနဲ့ ပန်းထိမ်ထားပြီး မပျက်စီးနိုင်ပါဘူး၊ အခြေတည်အဆင့်ရတနာလက်နက်ရဲ့ တိုက်ခိုက်မှုတစ်ချက်ကိုတောင် မပျက်စီးပဲ ခံနိုင်ပါတယ် ဂိုဏ်းချုပ်ကြီး"

ထုံရှီးယန်သည် ရှန်းထျန်းရတနာပေတံကို

လက်နှစ်ဖက်ဖြင့်ကိုင်ထားပြီး သူ၏မျက်နှာပေါ်တွင် ဂုဏ်ယူသောအမူအရာ ပေါ်နေသည်။

ပေတံကို ကုမူကျန့်ကျွမ်းထံ ပေးရန်လှမ်းလိုက်စဥ်မှာပင် ထုံရှီးယန် ဆွံအသွားလေသည်။

ကုမူကျန့်ကျွမ်းကလည်း ထိတ်လန့်သွားပြီး နောက်သို့ပင် ဆုတ်မိသွား၏။

ဖြောင့်တန်းနေသော ရှန်းတျန်းရတနာပေတံသည် အကြောင်းရင်းမရှိဘဲ သုံးပိုင်းကွဲထွက်သွားသည်ကို နှစ်ယောက်စလုံး မြင်လိုက်ရသည်။

ပို၍ အံ့သြစရာကောင်းသည်မှာ ရှန်းထျန်း ရတနာပေတံ၏ အပိုင်းသုံးပိုင်းသည် အရုပ်တစ်ရုပ်ပုံစံဖော်ပြီး ခန်းမထဲမှ တည့်တည့်ကြီး ပြေးထွက်သွားခြင်းဖြစ်သည်။

ထုံရှီးယန်၏ မျက်လုံးများ အဆမတန်ပြူးကျယ်သွားသည်။သူ၏ရတနာလက်နက်သည် သူ့ဘာသာပြောင်းလဲကာ ပျံထွက်သွားခဲ့၏။

"ငါ့ရဲ့မှော်လက်နက်က ကိုယ်ပိုင်စိတ်ဝိညာဥ်နိုးထသွားတာလား"

------------------

All Chapters