← Chapters

ဓားချက်တစ်ချက်

Vol. 16 Ch. 223

ဓားချက်တစ်ချက်

Vol. 16 Ch. 223

အခန်း (၂၂၃) ဓားချက်တစ်ချက်

လူပေါင်းများစွာက တိုက်ပွဲကို အနီးကပ်ကြည့်ရှုနေကြသည်။

သို့သော် ကျန်းလန် ဒီအတိုင်းပင် ရှုံးနိမ့်သွားလိမ့်မည်ဟု သူတို့ တွေးထင်နေကြဆဲပင်။ တောင်သခင်များကလည်း ကျန်းလန်အနိုင်ရမည်ဟု တွေးမထားခဲ့ကြပေ။

စိန်ခေါ်ပွဲ လာရောက်ကြည့်ရှုသည့်လူအများစုက ကျန်းလန် မည်မျှအထိ ခံနိုင်ရည်ရှိမည်ကို သိချင်သည့်အတွက်သာ လာရောက်ကြည့်ရှုကြခြင်း ဖြစ်သည်။

သို့သော် ကျန်းလန် ဓားကွက်ထုတ်ဖော်လိုက်သည်နှင့် သူသည်လည်း နေရာမှ ပျောက်ကွယ်သွားသည်။

ကျန်းလန် ရုတ်တရက်ပျောက်ကွယ်သွားသောကြောင့် လုန်မန် အံ့သြမှင်တက်သွား၏။ ဓားကွက်ထုတ်ဖော်လိုက်သည်နှင့် တစ်ဖက်လူက ရုတ်တရက်ပျောက်ကွယ်သွားသည်မှာ ထူးဆန်းလှသည်။

သို့သော် ကျန်းလန်၏ ပုံရိပ်ကို ရိပ်ကနဲ တွေ့မြင်လိုက်ရချိန်တွင် သူ ကျန်းလန်ကို လုံး၀ လျှော့မတွက်ဝံ့တော့ပေ။ သူက လှံရှည်ကို တင်းတင်းဆုပ်ကိုင်လိုက်ပြီး ကျန်းလန်၏ ဓားကွက်ကို ချက်ချင်း ခုခံလိုက်သည်။

ကျန်းလန်၏ တိုက်ခိုက်မှုက လျှင်မြန်လွန်းလေရာ ဓားရောင်တစ်ချက်လက်ကနဲသာ တွေ့မြင်လိုက်ရပြီး လုန်မန်မှာ ကမန်းကတန်း ခုခံလိုက်ရသည်။

"ကလန်…"

ဓားရောင်တစ်ချက်လက်သွားပြီး ကျန်းလန်၏ ပုံရိပ်က နောက်တစ်ကြိမ် ပျောက်ကွယ်သွားပြန်သည်။

လုန်မန်ကလည်း ကျန်းလန်၏ တိုက်ခိုက်မှုကို ချက်ချင်းသိရှိလိုက်သည်။ ကျန်းလန်က သူ့အနောက်ဘက်မှ တိုက်ခိုက်လိုက်ခြင်း ဖြစ်၏။

သူက လှံရှည်ကို ဝှေ့ယမ်းလိုက်ပြီး ကိုယ်ကိုလှည့်ကာ ကျန်းလန်၏ တိုက်ခိုက်မှုကို ရင်ဆိုင်လိုက်သည်။

"ချွင်..."

ဓားရောင်တစ်ချက်တုန်ခါသွားပြီး ဓားဝိညာဉ်က ပိုမိုပြင်းထန်လာသည်။

လုန်မန်မှာ ကျန်းလန်၏ တိုက်ခိုက်မှုကို မရပ်တန့်နိုင် ဖြစ်နေရသည်။

ဟုတ်ပေ၏။ ကျန်းလန်၏ ဓားချက်များက တစ်ချက်ပြီးတစ်ချက် ဝင်ရောက်လာလေရာ နဂါးမင်းသားမှာ မည်သို့မှ မတတ်နိုင် ဖြစ်နေရသည်။

ယောက်ဖလောင်း၏ တိုက်ခိုက်မှုကို ဖြိုခွင်းရန်အတွက် နည်းလမ်းတစ်ခု စဉ်းစားရမည် ဖြစ်သည်။ မဟုတ်ပါက သူ တိုက်ပွဲတွင် အသာစီးရနိုင်တော့မည် မဟုတ်ပေ။

သို့သော် ကျန်းလန်၏တိုက်ခိုက်မှုက လျှင်မြန်လွန်းလှသည်။

လုန်မန်အနေဖြင့် ကျန်းလန်၏ တိုက်ခိုက်မှုကိုဖြိုခွင်းရန် တစ်စက္ကန့်မျှပင် စဉ်းစားချိန်မရှိနိုင်ခဲ့ပေ။ သူ နောက်ပြန်ဆုတ်ပြီး အစမှ ပြန်လည်တိုက်ခိုက်နိုင်မှသာ ကျန်းလန်၏ ဓားချက်များကို ဖြိုခွင်းရန် နည်းလမ်းတစ်ခု စဉ်းစားနိုင်မည် ဖြစ်သည်။

သူက ပြိုင်ဘက်ကို လျှော့တွက်ခဲ့မိလေသည်။

အမှန်ဆိုလျှင် သူ ယခုထက်ပိုမိုမြန်ဆန်စွာ လှုပ်ရှားသင့်သည်။

စိန်ခေါ်ပွဲကိုကြည့်နေသည့် ပရိတ်သတ်များကတော့…

ရင်ပြင်ထက်တွင် တန်ခိုးစွမ်းအားများ ရိုက်ခတ်မှုများ အဆက်မပြတ်ဖြစ်ပေါ်နေပြီး ကျန်းလန်၏ တိုက်ခိုက်မှုကို လုန်မန်က ခုခံကာကွယ်နေသည်ကို တွေ့မြင်နေရသည်။

အခြေအနေက ရုတ်ချည်းပြောင်းလဲသွားသည့်အတွက် ပရိတ်သတ်များ အံ့အားသင့်သွားကြသည်။

တိုက်ပွဲအခြေအနေက ပြောင်းပြန်ဖြစ်သွားပြီး နဝမတောင်ထွတ်မှ ကျန်းလန်က အသာစီးရသွားခဲ့ပြီ မဟုတ်ပါလား။

***

"ခုနစ်စဉ်ကြယ်ဓားသိုင်း"

နဝမတောင်ထွတ်အစွန်းတွင် သေရည်သောက်နေသည့် ကျိုးကျုန်းထျန်းမှာ ရုတ်တရက် သေရည်ဆက်မသောက်နိုင်တော့ဘဲ ရပ်တန့်သွား၏။

ကျန်းလန် ရှုံးနိမ့်တော့မည်ဟု သူထင်မှတ်ခဲ့မိသည်။ သို့သော် ကျန်းလန်က ယခုကဲ့သို့ ခုနစ်စဉ်ကြယ်ဓားသိုင်းကို ထုတ်ဖော်အသုံးပြုမည်ဟု ထင်မှတ်မထားခဲ့ပေ။

ခုနစ်စဉ်ကြယ်ဓားသိုင်းဆိုသည်က သင်ယူချင်တိုင်း သင်ယူနိုင်သည့် ဓားသိုင်း မဟုတ်သလို ဇွဲရှိတိုင်းလည်း သင်ယူနိုင်မည် မဟုတ်ပေ။

ခုနစ်စဉ်ကြယ်ဓားသိုင်းကို လေ့ကျင့်ရန်အတွက် ဓားသဘောတရားကို နားလည်ရန်လိုအပ်သလို စဉ်ဆက်မပြတ် လေ့ကျင့်နေရန်လည်း လိုအပ်သည်။

ထိုအချက်များ မပြည့်စုံပါက ခုနစ်စဉ်ကြယ်ဓားသိုင်းကို ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုနိုင်မည် မဟုတ်ပေ။

ကျန်းလန်ကိုကြည့်ရသည်မှာ ဤဓားသိုင်းကို အပြည့်အဝနားလည်နေပြီး မကျွမ်းကျင်သည့်ပုံစံမျိုး အနည်းငယ်ပင် မတွေ့ရှိရပေ။

ဤဓားသိုင်းကို ကျန်းလန် သင်ယူခဲ့သည်မှာ အချိန်အတန်ကြာခဲ့ပြီဖြစ်ပြီ အစဉ်အမြဲ လေ့ကျင့်နေဟန်လည်း ရှိသည်။

ခုနစ်စဉ်ကြယ်ဓားသိုင်းက အခြားသောဓားသိုင်းများနှင့် ဆန့်ကျင်ဘက်ဖြစ်ပြီး ရန်သူ သတိမထားမိသည့်အချိန်တွင် ဓားကွက်များက လှည့်ကွက်ဖြင့် ဝင်ရောက်လာလေ့ ရှိသည်။

ထို့ပြင် ခုနစ်စဉ်ကြယ်ဓားသိုင်း၏ ဓားကွက်များကလည်း သာမန်ဓားသိုင်းများနှင့် နှိုင်းယှဉ်မရနိုင်အောင် လျှင်မြန်လွန်းလှ၏။

ဤဓားသိုင်းကိုသာ ပိတ်ဆို့ခုခံနိုင်ခြင်းမရှိလျှင် ရန်သူအနေဖြင့် တစ်ခါတည်း ပွဲပြီးသွားမည် ဖြစ်သည်။

ကျန်းလန် စိန်ခေါ်ပွဲကို အနိုင်ရနိုင်သည်ဟု ကျိုးကျုန်းထျန်း ခန့်မှန်းလိုက်မိသည်။

ကျိုးကျုန်းထျန်းကို မပြောပါနှင့်။ လုန်လီနှင့် လုန်စီးစီးတို့၏ မျက်နှာအမူအရာများမှာ ချက်ချင်းပင် တည်ကြည်လေးနက် သွားကြသည်။

ရုတ်တရက် ဖြစ်ပေါ်သွားသည့် အပြောင်းအလဲများကြောင့် သူတို့ ကျန်းလန်ကို မလှောင်ပြောင်ဝံ့ကြတော့ပေ။ စိန်ခေါ်ပွဲပြီးဆုံးသွား၍ ကျန်းလန် ရှုံးနိမ့်မည်ဆိုလျှင်တော့ ဆက်လက်လှောင်ပြောင်ကောင်းလှောင်ပြောင်ပေလိမ့်မည်။

မော့ကျန်းသုန့်နှင့် အခြားတောင်သခင်များကတော့ စကားတစ်ခွန်းမှ မဆိုကြဘဲ တိုက်ပွဲကို ကြည့်နေကြ၏။ သူတို့အားလုံး တိုက်ပွဲရလဒ်ကို စောင့်ဆိုင်းနေကြသည်။

ကျန်းလန် အနိုင်ရမည်လား ၊ ရှုံးနိမ့်မည်လား သူတို့ သိချင်နေကြသည်။

ကျန်းလန်၏ ဓားရောင်က သက်တံ့ရောင်အလား လင်းဖြာသွားချိန် မိုးကြိုးလျှပ်စီးတန်ခိုးစွမ်းအားများက ကွန်ယက်တစ်ခုအလား လုန်မန်ကို ကာကွယ်ပေးထားသည်။

လုန်မန်၏လှုပ်ရှားမှုက အလွန်တရာ လျှင်မြန်လွန်း၏။

သူက လျှပ်စီးကြောင်းတစ်ခုအဖြစ် အသွင်ပြောင်းကာ ကျန်းလန်ကို စက်ဝိုင်းပုံသဏ္ဍန် လှည့်ပတ်လိုက်သည်။

မကြာမီ ကျန်းလန်၏ ဓားကွက်များ အဆုံးသတ်တော့မည် ဖြစ်သည်။ ထိုအချိန်ရောက်သည်အထိ ဓားကွက်များကို ပိတ်ဆို့ထားနိုင်မည်ဆိုလျှင် သူ့အတွက် ပြဿနာ ရှိတော့မည် မဟုတ်ပေ။

"ဘယ်ဘက်…"

လုန်မန်က သူ့ဘယ်ဘက်ခြမ်းတွင် ဓားဝိညာဉ်တစ်ခု ထွက်ပေါ်လာသည်ကို ခံစားလိုက်ရသည်။

သူက ဓားဝိညာဉ်ကိုပိတ်ဆို့ရန် လှံရှည်ကို ဝှေ့ရမ်းလိုက်၏။

သို့သော် သူက ဘယ်ဘက်ခြမ်းမှဝင်ရောက်လာသည့် ဓားဝိညာဉ်ကို ခုခံရန် ဟန်ပြင်လိုက်စဉ်မှာပင် ကျန်းလန်၏ ပုံရိပ်က သူ့ညာဘက်ခြမ်းတွင် ပေါ်လာသည်။

ဤသည်က…

ထို့နောက် ဓားသွားက သူ့လည်ပင်းနားတွင်ပေါ်လာပြီး လည်ပင်းကို ခုတ်ပိုင်းပစ်လိုက်သည်။

လုန်မန်၏မျက်ဆံများ ကျဉ်းမြောင်းသွားသည်။ သေခြင်းရှင်ခြင်းတိုက်ပွဲတစ်ခု၏ အကျဉ်းအကြပ်အခြေအနေတွင် ရောက်ရှိနေပြီဟု ခံစားလိုက်ရသည်။

ကျန်းလန်က ရိပ်ခနဲ သူ့နံဘေးမှ ဖြတ်သန်းသွားပြီး ဓားရှည်က သူ့လည်ပင်းကို ခုတ်ပိုင်းချလိုက်သည်။

သို့သော် ဓားသွားက လုန်မန်၏ လည်ပင်းအသားထဲ နစ်မြုပ်ဝင်သွားမည့်အစား ပြန်ကန်ထွက်လာသည်။

"ချွင်…"

အသံနှင့်အတူ ဓားသွားမှ မီးပွားများပင် ပွင့်သွားသည်။

လုန်မန်က နဂါးအကြေးခွံများဖြင့် ကာကွယ်လိုက်သည့်အတွက် ဓားသွားက လုန်မန်၏လည်ပင်းကို မထိုးဖောက်နိုင်ခြင်း ဖြစ်သည်။

လုန်မန်က ချက်ချင်းပင် သူ၏ လက်မောင်းများနှင့် မျက်နှာကိုပါ နဂါးအကြေးခွံများဖြင့် ဖုံးအုပ်ထားလိုက်သည်။

ဓားအလင်းရောင်ကို တွေ့မြင်ရတိုင်း လုန်မန်ကလည်း လုံးဝမရပ်တန့်ဘဲ လှံရှည်ကို အသုံးပြုကာ ခုခံနေသည်။

ထို့နောက် လုန်မန်က လှံရှည်ကို တစ်ချက်ဝှေ့ရမ်းလိုက်ပြီး ကျန်းလန်ကို တိုက်ခိုက်ရန် မုန်တိုင်းတစ်ခု ဆင့်ခေါ်လိုက်သည်။

"ဘုန်း…"

ကျန်းလန်က ထိုမုန်တိုင်းကို ဓားဖြင့် ခုတ်ပိုင်းချလိုက်သည်။

"ဘန်း…"

ကြီးမားသည့် စွမ်းအားရိုက်ခတ်မှုကြီးဖြစ်ပေါ်လာပြီး သူတို့ (၂)ယောက်ကြားတွင် ပေါက်ကွဲထွက်သွားသည်။

ကျန်းလန် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ပြီး လက်ထဲတွင် ဓားကို တင်းတင်းကိုင်ထား၏။

လုန်မန်လည်း နောက်သို့ ခုန်ဆုတ်လိုက်ကာ မြေပြင်ထက်သို့ တည်ငြိမ်စွာ ဆင်းသက်လာသည်။

သူက လှံရှည်ကိုကိုင်ထားပြီး ကျန်းလန်ရှိရာသို့ လှမ်းကြည့်လိုက်သည်။ သူ့ပတ်ပတ်လည်တွင် လျှပ်စီးများက လင်းလက်လျှက်ရှိသည်။

သူ့ခန္ဓာကိုယ်နံဘေးတွင်တော့ နဂါးပုံရိပ်တစ်ခု ထွက်ပေါ်လာသည်ကို တွေ့မြင်ရမည် ဖြစ်သည်။

ဤသည်က တိုက်ပွဲမည်မျှပြင်းထန်သည်ကို ပြသခြင်းပင် ဖြစ်သည်။

ထိုစဉ်မှာပင်…

လုန်မန်၏ လည်ပင်းဆီမှ သွေးများစီးကျလာ၏။

သူကိုယ်တိုင်ပင် မသိလိုက်ဘဲ လုန်မန် ဒဏ်ရာရရှိသွားခဲ့ပြီ ဖြစ်သည်။

နဝမတောင်ထွတ်တစ်ခုလုံးရှိ ပွဲကြည့်ပရိတ်သတ်များ တိတ်ဆိတ်ငြိမ်သက်နေကြသည်။ စိန်ခေါ်ပွဲကိုကြည့်နေသူ ထောင်ပေါင်းများစွာ ရှိနေသည့်တိုင် မည်သူမှ အသံတစ်စက် မထွက်ခဲ့ကြပေ။

လေအဝှေ့တွင် သစ်ရွက်ခြောက်များ ကြွေကျသည့်အသံကိုသာ ကြားနေရသည်။

နောက်မှ အားလုံး ပုံမှန်အတိုင်း သတိပြန်ဝင်လာကြသည်။ သူတို့အားလုံး မယုံကြည်နိုင် ဖြစ်နေကြသည်။

သူတို့မျက်စိဖြင့်သာ တပ်အပ်မမြင်ခဲ့ရလျှင် ယနေ့စိန်ခေါ်ပွဲ အဖြစ်အပျက်များကို သူတို့ သူတို့ ယုံကြည်နိုင်ကြမည် မဟုတ်ပေ။

နဝမတောင်ထွတ်က ဂိုဏ်းတူအစ်ကိုက အနိုင်ရလုနီးပါး ဖြစ်သွားခဲ့သည်လား။

အင်မော်တယ်အဖြစ် မွေးဖွားလာသူပင်လျှင် ကျန်းလန်၏ ဓားချက်ကြောင့် ဒဏ်ရာရသွားခဲ့သည်လား။

ဤသည်က…

တပည့်တစ်ယောက်က…

"ဟေး… နဝမတောင်ထွတ်က ဂိုဏ်းတူအစ်ကိုက နေ့ချင်းညချင်း တန်ခိုးစွမ်းအားတွေ မြင့်မားလာတယ်လို့တော့ မပြောနဲ့နော် ၊ ဒီအဖြစ်အပျက်တွေက ပုံမှန် ဟုတ်လား မဟုတ်ဘူးလားဆိုတာ ကျုပ်ကို တစ်ယောက်လောက် ရှင်းပြပေးကြပါလား ၊ ဓားချက်တစ်ချက်က နဂါးလည်ပင်းကို ဖြတ်လိုက်နိုင်တယ်တဲ့လား"

နောက်ထပ်တပည့်တစ်ယောက်က…

"ကံကောင်းတာဖြစ်မှာပေါ့ ၊ နဂါးမျိုးနွယ် အဋ္ဌမမင်းသားက သတိမထားမိတဲ့အချိန် နဝမတောင်ထွတ်က ဂိုဏ်းတူအစ်ကိုက အခွင့်အရေးရသွားတာ ဖြစ်မှာပေါ့…"

"ဒါတော့ မင်းလျှောက်ပြောတာပဲ ၊ ဓားချက်က တကယ့်ကို အံ့သြစရာကောင်းပြီး ထူခြားတာနော် ၊ သာမန်ကျင့်ကြံသူတစ်ယောက် အသုံးပြုနိုင်တဲ့ ဓားချက်မျိုး မဟုတ်ဘူး"

"တော်သေးတာပေါ့… ၊ လာကြည့်မိလို့… တော်ကြာ နဝမတောင်ထွတ်က ဂိုဏ်းတူညီလေး အနိုင်ရသွားတယ်သတင်းကြားမှ မကြည့်လိုက်ရလေခြင်းဆိုပြီး နောင်တရနေမှာ"

"အခုချိန်ထိ နဝမတောင်ထွတ်က ဂိုဏ်းတူအစ်ကိုက အသာစီးရနေတာမလား ၊ ဟုတ်တယ်မလား"

လူအုပ်ကြီးက ရုတ်ရုတ်သဲသဲ ဖြစ်နေကြသည်။

ဤသည်က တိုက်ပွဲအဆုံးသတ်မဟုတ်သေးသည့်တိုင် လူအများစုက အဖြစ်အပျက်များကို ရှင်းရှင်းလင်းလင်း သိမြင်ကြသည်။

ကျန်းလန်၏ နောက်ဆုံးဓားချက်က နဂါးမျိုးနွယ်၏ လည်ပင်းကို ပိုင်းဖြတ်ရန် ရည်ရွယ်ခဲ့သည်ကို လူတိုင်း သိရှိကြသည်။

လင်စီးယာက…

"နဝမတောင်ထွတ်က ဂိုဏ်းတူမောင်လေးက ကျွန်မတို့နဲ့ အဆင့်တူနေပြီလို့တောင် ခံစားနေရတယ်…"

ထိုအချက်က အန္တရယ်များလွန်းသည်ဟု သူမ ခံစားနေရသည်။

သူတို့အတွက် ထပ်မံအဆင့်တက်ရန်မှာ ကြာဦးမည်ဖြစ်လေရာ ကျန်းလန်က ဖြည်းဖြည်းမှန်မှန်ဖြင့်ပင် သူတို့ကို အမီလိုက်လာနိုင်မည် ဖြစ်သည်။

ကျင်းထင်က…

"စောစောက ကျုပ်မပြောခဲ့ဘူးလား"

သူ့နဖူးထက်တွင် ချွေးစေးများပင် ပျံလျှက် ရှိသည်။

ကျန်းလန် ယခု အသုံးပြုလိုက်သည့်ဓားကွက်က သူပင် နားလည်နိုင်စွမ်းမရှိလောက်အောင် အဆင့်မြင့်မားလွန်းနေသည်။

မုရှိုးသည်လည်း ထိုအကြောင်းကို တွေးနေခဲ့သည်။ သူမသာဆိုလျှင် ထိုဓားချက်ကြောင့် ဒဏ်ရာအပြင်းအထန်ရသွားမည် ဖြစ်သည်။

နဝမတောင်ထွတ်မှ ဂိုဏ်းတူမောင်လေးက အမှန်တကယ်ပင် ကောလာဟလများနှင့် ခြားနားလေသည်။ သူက ရင်းမြစ်များကို အသုံးပြုကာ ကျင့်ကြံခြင်းအဆင့်တက်ခဲ့သော်လည်း သူ၏ ကျင့်စဉ်လမ်းက တည်ငြိမ်လှသည်။

"ကောင်းလိုက်တဲ့ဓားချက်… တကယ့်ကို အံ့သြစရာပဲ…"

လုကျန်းက တိုက်ပွဲကိုကြည့်နေရင်း သက်ပြင်းချကာ ပြောလိုက်သည်။

"ခုနစ်စဉ်ကြယ်ဓားသိုင်းက အရမ်းအစွမ်းထက်လွန်းတယ် ၊ ခွန်လွန်တောင်မှာ ခုနစ်စဉ်ကြယ်ဓားသိုင်းကို အခုလို ကျွမ်းကျွမ်းကျင်အသုံးပြုနိုင်သူ သိပ်မရှိဘူး…"

လင်အန်းက တည်ငြိမ်သည့် မျက်နှာထားဖြင့် ရင်ပြင်ဆီသို့ လှမ်းကြည့်လိုက်သည်။

"ဒါက တကယ့်ကို စိတ်ဝင်စားစရာပဲ… ဒါပေမဲ့ သူ ဒီဓားသိုင်းကို နောက်ထပ် အသုံးမပြုလောက်တော့ဘူးမလား… ဒါဆိုရင် နဝမတောင်ထွတ်က ဂိုဏ်းတူညီလေး အနိုင်ရဖို့ အတော်လေး ခက်ခဲသွားမှာပဲ"

လုကျန်းက ပြုံးလိုက်ရင်း…

"ဒါတွေအားလုံးက အစပဲ ရှိပါသေးတယ် ၊ အဓိကပြကွက်က နောက်မှလာမှာဗျ… ၊ ကျုပ်တို့တွေ နဂါးသုတ်သင်ဓားသိုင်းကို တွေ့ကြရဦးမယ်လေ…"

ဟုတ်ပေ၏။

ကျန်းလန် နဂါးသုတ်သင်ဓားသိုင်းကို ယခုထိ အသုံးမပြုရသေးပေ။

နဝမတောင်ထွတ်အစွန်းမှ တိုက်ပွဲကိုကြည့်နေသည့် လုန်လီမှာ များစွာအံ့သြတုန်လှုပ်သွားသည်။ သူ လှုပ်လှုပ်ရှားရှားပင် ဖြစ်သွားရသည်။

မော့ကျန်းသုန့်နှင့် အခြားသူများမှာလည်း အံ့သြတုန်လှုပ်သွားကြ၏။

မြောင်ယွဲ့က မော့ကျန်းသုန့်မျက်နှာကို တစ်ချက်လှမ်းကြည့်လိုက်သည်။

ကြည့်ရသည်မှာ ဆရာဖြစ်သူကိုယ်တိုင်ပင် တပည့်ဖြစ်သူ ထိုမျှတော်ကြောင်း သိရှိခဲ့ဟန်မတူပေ။

ဟုတ်ပေ၏။ စိန်ခေါ်ပွဲကို ကျန်းလန်အနိုင်ရမည်ဟု မည်သူမှ တွေးထင်မထားခဲ့ကြပေ။

သို့သော် ယခုတော့…

အဋ္ဌမမင်းသားသည်လည်း အနိုင်ရရန် မသေချာတော့ပေ။

စိန်ခေါ်ပွဲရလဒ်က ဖြစ်နိုင်ခြေများစွာ ရှိလာခဲ့ပြီ ဖြစ်၏။

***

(Note - ခုနစ်စဉ်ကြယ်ဓားသိုင်းက အသစ်မဟုတ်ပါဘူး ၊ အပိုင်း (၆၃)မှာကတည်းက ကျန်းလန်က ခုနစ်စဉ်ကြယ်ဓားသိုင်းလေ့ကျင့်တယ်ဆိုတာ အရိပ်အမြွက်ရေးထားပါတယ် - ဘာသာပြန်သူ)

All Chapters