စိတ်ကူးယဉ်ဝတ္ထုတွေနဲ့ လုံးဝမတူဘူး
Vol. 26 Ch. 365
ရှောင်ယောက်မြို့။
ဤသည်မှာ ဝိညာဉ်ဓားဂိုဏ်း၏ ကာကွယ်မှုအောက်ရှိ မြို့ငယ်လေးတစ်မြို့ဖြစ်သည်။
နှစ်စဉ် ဝိညာဉ်ဓားဂိုဏ်း၏တပည့်ရွေးချယ်ရေးအဆင့်အတွက် အချိန်ကျရောက်ပြန်ပြီဖြစ်သည်။
ဤနှစ် ဤနေရာသို့ တပည့်များရွေးချယ်ရန်လာရောက်သူမှာ ဝိညာဉ်ဓားဂိုဏ်း၏သခင်လေးဖြစ်သူ ရှီထိုက်လုံဖြစ်၏။
ရှီထိုက်လုံသည်လည်း အနည်းငယ်စိတ်ဓာတ်ကျနေသည်။ အမှန်စင်စစ် သူသည် ဤသို့သောအလုပ်မျိုးကို မလုပ်လိုပေ။
လေနှင့်နေဒဏ်ကိုခံရင်း လူသစ်များစုဆောင်းရမည့်အစား သူသည် သူ၏အခန်းတွင်နေပြီး လှပသောတပည့်များနှင့် သူ၏အချစ်ကို ဖွံ့ဖြိုးတိုးတက်စေလိုသည်။
အနီးအနားတွင်ရပ်နေသော လူငယ်တစ်ဦးသည် ရှီထိုက်လုံ အနည်းငယ်စိတ်မရှည်ဖြစ်နေသည်ကိုမြင်သောအခါ ချက်ချင်းပြေးလာပြီး ဖားယားသောလေသံဖြင့် ပြောလိုက်၏။
"သခင်လေး၊ ခင်ဗျားသာ လူပိုစုဆောင်းနိုင်ရင် သူတို့ထဲကအများစုက ခင်ဗျားအောက်ကို ရောက်လာလိမ့်မယ်"
ရှီထိုက်လုံ ဤစကားကိုကြားသောအခါ သူ၏မူလပျင်းရိငြီးငွေ့ပြီး အားမလိုအားမရဖြစ်နေသောအမူအရာမှာ ရုတ်တရက် တက်ကြွလာသည်။
"ဟုတ်တယ်…။ ငါသာ လုံလောက်တဲ့လူအင်အားရှိရင် ရှောင်ပင်းက ငါနဲ့မတိုက်နိုင်တော့ဘဲ ငါ့ကို အလျှော့ပေးရုံကလွဲလို့ တခြားရွေးချယ်စရာမရှိတော့ဘူး"
ရှောင်ပင်းမှာ ဝိညာဉ်ဓားဂိုဏ်း၏ခေါင်းဆောင်ဖြစ်သူ ရှောင်းယွင်ရှန်း၏ တစ်ဦးတည်းသောသမီးဖြစ်သည်။
သူမသည် တစ်ဦးတည်းသောသမီးဖြစ်သောကြောင့် ဝိညာဉ်ဓားဂိုဏ်း၏နောက်ဆက်ခံမည့်ခေါင်းဆောင်မှာ ရှောင်ပင်း၏ခင်ပွန်း သေချာပေါက်ဖြစ်ပေလိမ့်မည်။
ရှီထိုက်လုံသည် ပြုံးလိုက်ပြီး လူငယ်၏ပခုံးကိုပုတ်ကာ
"ဝူလုံ၊ မင်းက အရမ်းကောင်းတယ်။ ငါခေါင်းဆောင်ဖြစ်လာရင် မင်းကို သေချာပေါက်ကောင်းကောင်းရာထူးတိုးပေးမယ်"
ရှီထိုက်လုံ၏အတည်ပြုချက်ကိုကြားသော် ဝူလုံသည် ဖားယားသောအပြုံးတစ်ခုကို တစ်ဖန်ပြုံးပြလိုက်၏။
ဝူလုံသည် မျက်နှာပြင်ပေါ်တွင် အောက်ကျို့ဖားယားသူတစ်ဦးနှင့် အလွန်တူသော်လည်း သူ၏စိတ်အတွင်းပိုင်းတွင်မူ ရှီထိုက်လုံကို အထင်အမြင်သေးသည်။
ရှီထိုက်လုံသည် သူ့ဘာသာသူ အားမကောင်းသောကြောင့် သူသည် သက်ကြီးရွယ်အိုခေါင်းဆောင်ကတော်နှင့် သူ၏ဇနီးနှင့်သမီးကိုချစ်သော ရူးမိုက်သောခေါင်းဆောင်ကို လုံးလုံးလျားလျားအားကိုး၍ သခင်လေးဖြစ်လာခဲ့သည်။
ဝိညာဉ်ဓားဂိုဏ်းတစ်ခုလုံးရှိ လူတိုင်းမှာ ရှီထိုက်လုံကို အထင်အမြင်သေးကြ၏။
သို့သော် သူတို့တစ်ဦးစီမှာ ဒေါသထွက်ဝံ့သော်လည်း ထုတ်မပြောဝံ့ကြပေ။
စုဆောင်းရေးမှာ ဆက်လက်လုပ်ဆောင်နေပြီး ဝူလုံ၏အကြံပေးချက်ကြောင့် ရှီထိုက်လုံသည် နောက်တွင်ဆက်လက်မရပ်တော့ဘဲ ရှေ့သို့တက်ကာ လူတိုင်း၏အရည်အချင်းများကို ကိုယ်တိုင်စမ်းသပ်စပြုလာသည်။
သူတို့သည် ရှီထိုက်လုံကို သိပ်မယုံကြည်သောကြောင့် သူစမ်းသပ်ခဲ့သူတိုင်းမှာ အခြားဝိညာဉ်ဓားဂိုဏ်းတပည့်များ၏ နောက်တစ်ကြိမ်စစ်ဆေးခြင်းကို ခံရပေမည်။
တစ်ချိန်တည်းမှာပင်။
ရဲရှင်းဟွေ့၊ ရဲယင်နှင့် ပေါင်ပေါင်းတို့သည် လေယာဉ်ကိုဆင်းသက်လိုက်ပြီး ရှောင်ယောက်မြို့သို့ ရောက်ရှိလာကြသည်။
ရှောင်ယောက်စတုရန်းရှိ ရှည်လျားသောတန်းစီနေသူများကိုမြင်သောအခါ ရဲရှင်းဟွေ့မှာ စကားမပြောနိုင်ဖြစ်သွားသည်။
"ဟားဟား…"
ရဲယင်သည် ပြုံးလိုက်ပြီး
"ဒါတွေက သာမန်မိသားစုတွေက ကလေးတွေပဲ။ ဝိညာဉ်ဓားဂိုဏ်းကသာ သူတို့ကိုမျက်နှာသာပေးရင် သူတို့ကောင်းကင်ကို ပျံတက်သွားတယ်လို့ပြောတာက ချဲ့ကားပြောဆိုခြင်းမဟုတ်ဘူး။ ကျွန်တော်ခန့်မှန်းရသလောက်တော့ ဒီမှာတန်းစီနေတဲ့လူတွေထဲက အများစုက အဝေးကနေရာတွေကနေ လာကြတာ။ သူတို့က တစ်ထောင်ပုံတစ်ပုံအခွင့်အရေးကို လောင်းကစားလုပ်ဖို့သက်သက်အတွက် တောင်တန်းတွေနဲ့မြစ်ချောင်းတွေကို ဖြတ်ကျော်ပြီး ဒီကိုခရီးနှင်လာကြတာ"
ရဲယင်ပြောသည့်အတိုင်းပင်ဖြစ်သည်။ အမှန်စင်စစ် သာမန်လူများ ကျင့်ကြံရန်အရည်အချင်းရှိခြင်းမှာ ရှားပါးပြီး ခက်ခဲလှသည်။
နဂါးက နဂါးကိုမွေး၊ ကြိုးကြာငှက်က ကြိုးကြာငှက်ကိုမွေး၊ ကြွက်ရဲ့သားက တွင်းတူးလိမ့်မည်ဟူသော ဆိုရိုးစကားမှာ အချည်းနှီးပြောဆိုခြင်းမဟုတ်ပေ။
မသေမျိုးကျင့်ကြံရေးလောကတွင် ဤဝါကျမှာ အလွန်မှန်ကန်သည်။
သာမန်သေမျိုးကလေးများကြားတွင် ကျင့်ကြံရေးအရည်အချင်းရှိသူတစ်ဦးကို ရှာဖွေရန် ခက်ခဲ၏။
သို့သော် ကြီးမားသောမိသားစုများ သို့မဟုတ် ဂိုဏ်းများမှဖြစ်သောသူများမှာမူ အားလုံးကျင့်ကြံရန်အရည်အချင်းကို ပိုင်ဆိုင်ကြသည်။ သူတို့တွင်မရှိလျှင်ပင် ဆေးလုံးများ၏အကူအညီဖြင့် အရည်အချင်းရှိလာနိုင်သည်။
ရုတ်တရက် ပေါင်ပေါင်းသည် ရဲရှင်းဟွေ့၏အဝတ်ထောင့်ကိုဆွဲကာ ပြုံးလိုက်ပြီး
"ရဲရှင်းဟွေ့၊ ငါလည်း တန်းစီချင်တယ်"
"မင်းလည်း ဝိညာဉ်ဓားဂိုဏ်းကို ဝင်ချင်လို့လား"
ရဲရှင်းဟွေ့သည် ပေါင်ပေါင်းက ဝိညာဉ်ဓားဂိုဏ်းသို့ဝင်ရန် တန်းစီလိုမည်ဟု မမျှော်လင့်ခဲ့ပေ။
ပေါင်ပေါင်းသည် ခေါင်းညိတ်လိုက်ပြီးနောက် သူမ၏ဂိမ်းစက်ကိုထုတ်ယူကာ
"ငါမကြာသေးခင်က ဒီကျင့်ကြံခြင်းခွင်တုစက်ကို ကစားနေတာ၊ အရမ်းစိတ်ဝင်စားဖို့ကောင်းတယ်"
ရဲရှင်းဟွေ့ - “…”
"ဂိမ်းတစ်ခုကြောင့်ဖြစ်နေတာကိုး။ ဒါဆိုလဲ ရပါတယ်။ မတူညီတဲ့ဘဝတစ်ခုကို တွေ့ကြုံခံစားရတာ ကောင်းလိမ့်မယ်ထင်တယ်"
ထိုသို့ပြောပြီးနောက် ရဲရှင်းဟွေ့သည် ကိုယ်ပွားနှစ်ခုအဖြစ်သို့ ခွဲထွက်လိုက်ပြီး ၎င်းတို့ထဲမှတစ်ဦးမှာ ပေါင်ပေါင်း၏ရုပ်ရည်အဖြစ်သို့ ပြောင်းလဲသွားသည်။
ရဲရှင်းဟွေ့သည် ကိုယ်ပွားနှစ်ခုကို "မင်းတို့ ဒီမှာတန်းစီနေလိုက်။ ငါပေါင်ပေါင်းနဲ့ ဈေးဝယ်ထွက်မလို့" ဟု ဆိုလေသည်။
ကိုယ်ပွားနှစ်ခုမှာ ဤစကားကိုကြားသောအခါ မပျော်မရွှင်ဖြစ်သွားကြ၏။
"ဟေး… ဘယ်လိုလုပ် မင်းက ပေါင်ပေါင်းနဲ့ ဈေးဝယ်ထွက်ရတဲ့တစ်ယောက်ဖြစ်ရတာလဲ"
"ဟုတ်တယ်၊ ဟုတ်တယ်… ဘာလို့ ငါတို့က ဒီမှာတန်းစီနေရမှာလဲ"
ရဲရှင်းဟွေ့သည်လည်း သူ၏ကိုယ်ပွားများ ယခုကဲ့သို့ ငြင်းခုန်နေလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။
"ငါဘာလို့လဲဆိုတာ ပြောပြမယ်။ ဘာလို့လဲဆိုတော့ ငါက ပင်မကိုယ်မို့လို့ပဲ"
ရဲရှင်းဟွေ့ စကားဆုံးသည်နှင့် ရဲယင်သည် ရောက်လာပြီး သူ၏လက်များကို ပွတ်သပ်ကာ
"ဦးလေး… ကျွန်တော့်ကို တန်းစီဖို့ကူညီပေးမဲ့ နောက်ထပ်ကိုယ်ပွားတစ်ယောက်လုပ်ပေးလို့ရမလား"
ရဲရှင်းဟွေ့သည် ရဲယင်ကို တစ်ချက်လှမ်းကြည့်လိုက်ပြီး
"မင်းမှာ ကိုယ့်ဘာသာကိုယ် ကိုယ်ပွားလုပ်နိုင်တဲ့စွမ်းရည်မရှိဘူးလား"
ဤစကားကိုကြားသော် ရဲယင်သည် အားမတန်သလိုပခုံးတွန့်လိုက်သည်။
"ထျန်းယန်ကျောက်က တစ်တုံးပဲရှိတာ။ ကျွန်တော်ကိုယ်တိုင်ကိုင်ထားရင် ကိုယ်ပွားရဲ့စွမ်းအားက ဖော်ထုတ်ခံရမှာမဟုတ်ဘူးလား"
ရဲရှင်းဟွေ့သည် ဤသို့သောသေးငယ်သောကိစ္စမျိုးကို သူကိုယ်တိုင်ကိုင်တွယ်နိုင်သည်ဟု ပြန်ဖြေပြီးနောက် သူသည် ပေါင်ပေါင်းကို ခေါ်ဆောင်သွား၏။
ဤသည်ကိုမြင်သောအခါ ရဲယင်သည် အနည်းငယ်အားမလိုအားမရဖြစ်သွားသည်။
"အော်… ငါလည်း တန်းစီချင်တာမဟုတ်ဘူး"
ရဲယင်သည် လူများ၏အရည်အချင်းများကို စမ်းသပ်ပေးနေသော ဝိညာဉ်ဓားဂိုဏ်း၏တပည့်များကို ကြည့်လိုက်ရာ သူတို့၏စွမ်းရည်များမှာ သိပ်မကောင်းကြောင်း သတိပြုမိလိုက်၏။
သူသည် အံကြိတ်ကာ ခြေဆောင့်လိုက်ပြီး ကိုယ်ပွားတစ်ခုဖန်တီးလိုက်ကာ ကိုယ်ပွား၏အငွေ့အသက်ကိုဖုံးကွယ်ရန် ထျန်းယန်ကျောက်ကို ကိုယ်ပွားထံသို့ ပေးလိုက်သည်။
ကိုယ်ပွားကိုပြင်ဆင်ပြီးနောက် ရဲယင်သည် ထိုနေရာမှလည်း ထွက်ခွာသွားသည်။
ရဲရှင်းဟွေ့နှင့် ပေါင်ပေါင်းတို့သည် လမ်းပေါ်တွင် လျှောက်သွားရင်း အမျိုးမျိုးသောအထူးသရေစာများကို မြည်းစမ်းကာ လမ်းဘေးဖျော်ဖြေပွဲများကို ကြည့်ရှုရင်း ရှေးခေတ်သို့ ခရီးပြန်သွားသကဲ့သို့ ခံစားလိုက်ရသည်။
သဘာဝအတိုင်းပင် လေလံအိမ်ဟုခေါ်သောမှာလည်း မြို့အတွက် မရှိမဖြစ်လိုအပ်ပြီး ၎င်းမှာ စိတ်ကူးယဉ်ဝတ္ထုများ၏ မရှိမဖြစ်လိုအပ်သောအစိတ်အပိုင်းတစ်ခုဖြစ်သည်။
ထို့အပြင် သူတို့သည် လမ်းပေါ်တွင် မည်သည့်ပါရမီရှင်က ဝိညာဉ်ဓားဂိုဏ်းသို့ ဝင်ခွင့်ရသည် သို့မဟုတ် မည်သည့်ပါရမီရှင်က မည်သူ့ကိုရိုက်နှက်သည်ကိုလည်း ကြားနိုင်သည်။
ခဏတာလှည့်လည်သွားလာပြီးနောက် ရဲရှင်းဟွေ့နှင့် ပေါင်ပေါင်းတို့သည် လေလံအိမ်သို့ ဝင်ရောက်သွားကြ၏။
ဤသည်မှာ စိတ်ကူးယဉ်ဝတ္ထုဇာတ်လိုက်တိုင်း သွားရောက်လည်ပတ်ရမည့်နေရာဖြစ်သောကြောင့် ရဲရှင်းဟွေ့သည် တစ်ချက်ကြည့်လိုပြီး စိတ်ဝင်စားဖွယ်အရာတစ်ခုခုရှိမရှိ ကြည့်လိုသည်။
ရဲရှင်းဟွေ့သည် အမှန်တကယ်တွင် မသေမျိုးကျင့်ကြံရေးလောကရှိ ဘုံငွေကြေးများစွာကို သယ်ဆောင်ထားသည်။ တစ်နည်းအားဖြင့် သူသည် ဝိညာဉ်ကျောက်တုံးများစွာ ပိုင်ဆိုင်၏။
ဤအရာများအားလုံးမှာ ယခင်အမှောင်ဝိညာဉ်ဂိုဏ်း၏ ဘဏ္ဍာတိုက်မှ ယူဆောင်လာခြင်းဖြစ်သည်။
ရဲရှင်းဟွေ့သည် အနည်းငယ်သာယူဆောင်ခဲ့သော်လည်း ဤအနည်းငယ်သာမှာပင် ဒုတိယတန်းစားနှင့် တတိယတန်းစားအင်အားစုများကို မနာလိုဖြစ်စေရန် လုံလောက်သည်။
ရဲရှင်းဟွေ့သည် ပေါင်ပေါင်းကို လေလံအိမ်သို့ခေါ်ဆောင်သွားသော်လည်း တံခါးဝရှိဧည့်ကြိုမှာ ရှေ့သို့ထွက်လာပြီး သူ့ကိုတားဆီးခြင်း၊ ဖိတ်စာတောင်းခြင်း သို့မဟုတ် ထိုသို့သောအရာများ မပြုလုပ်ခဲ့ပေ။
ဤသည်ကိုမြင်သောအခါ ရဲရှင်းဟွေ့သည် "မင်းတို့က အဲ့ဒီစိတ်ကူးယဉ်ဝတ္ထုတွေနဲ့ လုံးဝမတူဘူး" ဟုသာ ပြောလိုတော့သည်။
ပုံမှန်ဇာတ်လမ်းဇာတ်ကွက်အရ ဧည့်ကြိုသည် ရဲရှင်းဟွေ့ကို တားဆီးပြီး သူဖိတ်စာပိုင်ဆိုင်သလားဟု မေးရပေမည်။ ရဲရှင်းဟွေ့က မရှိဟုပြောပြီး အခြားတစ်ဖက်က သူ့ကို ပိုင်ဆိုင်မှုအထောက်အထားပြခိုင်းပေလိမ့်မည်။
ဤသည်မှာ သူ့ကိုလှောင်ပြောင်သည့်နည်းလမ်းတစ်ခုဖြစ်ပြီး အထက်တန်းလွှာလူများ သို့မဟုတ် သူဌေးများသာ ဝင်ရောက်နိုင်သည်ဟု ဆိုလိုသည်။
ထို့နောက် အလွန်မကျေမနပ်ဖြစ်သော ရဲရှင်းဟွေ့သည် အကြီးအကျယ်ပွက်လောရိုက်မည်ဖြစ်ပြီး လှပသောမန်နေဂျာတစ်ဦးမှာ နောက်ဆုံးနည်းလမ်းအဖြစ် ထွက်လာပေလိမ့်မည်။ ထိုအချိန်တွင် ရဲရှင်းဟွေ့သည် သူအနည်းငယ်သောစည်းစိမ်ဟုခေါ်သောအရာကို ထုတ်ယူပြီး လှပသောမန်နေဂျာကို ကြောင်ငေးသွားစေလိမ့်မည်။
ဤပြီးပြည့်စုံသော ကြွားဝါမှုနှင့် မျက်နှာဖြတ်ရိုက်မှုပြီးဆုံးပြီးနောက် ရဲရှင်းဟွေ့သည် စိတ်အေးချမ်းစွာဖြင့် လေလံအိမ်သို့ လျှောက်ဝင်နိုင်ပေလိမ့်မည်။
ဤဖြစ်စဉ်မရှိဘဲ ရဲရှင်းဟွေ့သည် ၎င်းမှာ အလွန်မမှန်ကန်ဟု ခံစားလိုက်ရ၏။
ရဲရှင်းဟွေ့နှင့် ပေါင်ပေါင်းတို့ လျှောက်ဝင်သွားပြီးနောက် သူတို့သည် ဝန်းကျင်မှာ အနည်းငယ်လေးနက်နေသည်ဟု ခံစားလိုက်ရသည်။
အဘယ်ကြောင့်ဆိုသော် လူများစွာသည် အထက်ဒုတိယထပ်ရှိ သီးသန့်အခန်း၏တည်နေရာကို ကြည့်နေသောကြောင့်ဖြစ်သည်။
ထိုအခိုက်အတန့်တွင် လူများကြားရှိစကားပြောဆိုမှုမှာ ရဲရှင်းဟွေ့၏အာရုံကို ဆွဲဆောင်လိုက်သည်။
"ခုနက တံခါးဝကမြင်ကွင်းကို မင်းမြင်လိုက်လား"
"ငါမြင်လိုက်တယ်။ အဲ့ဒီလူငယ်က ဒီလောက်အစွမ်းထက်လိမ့်မယ်လို့ ငါမထင်ထားဘူး"
"ဟုတ်တယ်… ကျင်းပေါင်းလေလံအိမ်ကလူတွေကို ရိုက်နှက်ပြီး သူက ဒီလောက်ပေါ်ပေါ်ထင်ထင်ဝင်လာနိုင်တာပဲ။ အရေးကြီးဆုံးက မိန်းကလေးမေ့က ဒီလူကို ကိုယ်တိုင်ကိုယ်ကျ သွားခေါ်ထားတာ…"
လူအချို့၏စကားပြောဆိုမှုကို နားထောင်ရင်း ရဲရှင်းဟွေ့သည် မျက်မှောင်ကြုတ်လိုက်၏။
အကြောင်းမှာ သူတို့ဖော်ပြခဲ့သောမြင်ကွင်းမှာ ရဲရှင်းဟွေ့စဉ်းစားနေသောအရာနှင့် တစ်ထပ်တည်းတူနေသောကြောင့်ဖြစ်သည်။
ဆိုလိုသည်မှာ ဤလေလံအိမ်က စိတ်ကူးယဉ်ဆန်ခြင်းမရှိ၍မဟုတ်ဘဲ စိတ်ကူးယဉ်ဆန်သောအပိုင်းကို အခြားတစ်ယောက်ယောက်က ယူဆောင်သွားပြီးဖြစ်သောကြောင့်ပင်။
‘သောက်ကျိုးနည်း ဘယ်သူက ငါ့ဇာတ်လမ်းဇာတ်ကွက်ကို ခိုးနေတာလဲ။’