ဝိညာဉ်ဓားဂိုဏ်းသို့ ရောက်ရှိခြင်း
Vol. 26 Ch. 364
"ဘာလို့ ဒီမှာထိုင်နေရမှာလဲ။ ငါဝင်ပေါက်ဖွင့်ပြီး မင်းကို အဲ့ဒီကိုပို့လိုက်လို့မရဘူးလား"
ရဲရှင်းဟွေ့သည် လေယာဉ်တစ်စင်းကိုညွှန်ပြရင်း ရဲရှင်းချန်နှင့် စကားပြောနေသည်။
ရဲရှင်းချန်သည် ခေါင်းခါလိုက်ပြီး
"မလိုပါဘူး"
ရဲရှင်းချန်သည် ဝင်ပေါက်နှင့် ရွှေ့ပြောင်းလွန်းပျံယာဉ်မှာ အလွန်အဆင်ပြေကြောင်းသိသော်လည်း သူသည် နန်ကုန်းချင်းယွီနှင့်အတူ ခရီးတစ်ခုထွက်လိုသည်။ လူနှစ်ဦးတည်းအတွက်သာဖြစ်သော ခရီးတစ်ခု။
ကမ္ဘာသို့မပြန်မီ သူသည် နန်ကုန်းချင်းယွီကို သူမ၏ဇာတိမြို့သို့ ပြန်ခေါ်သွားပြီး တစ်ချက်ကြည့်ရန် စီစဉ်ထား၏။
နန်ကုန်းချင်းယွီကြောင့် နန်ကုန်းမိသားစုမှာ ယိုယွင်းပျက်စီးသွားပြီး သူတို့၏ယခင်ဂုဏ်ကျက်သရေကို လုံးဝဆုံးရှုံးသွားခဲ့သည်။
သို့သော် ရယ်စရာကောင်းသည်မှာ နန်ကုန်းမိသားစု၏ဂုဏ်ကျက်သရေမှာ နန်ကုန်းချင်းယွီ ရဲရှင်းချန်၏အမျိုးသမီးဖြစ်လာသောကြောင့်ဖြစ်ပြီး ၎င်း၏ပျက်စီးခြင်းမှာလည်း နန်ကုန်းချင်းယွီ ရဲရှင်းချန်၏အမျိုးသမီးဖြစ်သောကြောင့်ဖြစ်သည်။
လေယာဉ်ပေါ်တွင်။
ရဲရှင်းချန်နှင့် နန်ကုန်းချင်းယွီတို့သည် နောက်တွင်ထိုင်နေကြပြီး လေယာဉ်မောင်းသူမှာ ဉာဏ်ရည်တုဖြစ်၏။
"ချင်းယွီ၊ မင်းအဖေက မင်းကို နန်ကုန်းမိသားစုထဲကနေ ကန်ထုတ်ခဲ့တယ်လို့ ရဲယင်ဆီက ငါကြားတယ်။ မင်းသူ့ကိုမမုန်းဘူးလား"
ဤစကားကိုကြားသော် နန်ကုန်းချင်းယွီသည် ခေါင်းညိတ်လိုက်ပြီးနောက် ခေါင်းခါလိုက်ကာ
"ဟုတ်ပါတယ်၊ ကျွန်မသူ့ကိုမုန်းတယ်၊ ဒါပေမဲ့ လူကသေသွားပြီဆိုတော့ အခုသူ့ကိုမုန်းစရာမလိုတော့ဘူး။ ကျွန်မဒီတစ်ခေါက်ပြန်သွားချင်တာက နန်ကုန်းမိသားစုထဲမှာ ဘယ်သူတွေအသက်ရှင်နေသေးလဲဆိုတာ ကြည့်ဖို့ပဲ။ ရှင်ကူညီနိုင်ရင် ကူညီပါ"
ဤစကားကိုကြားပြီးနောက် ရဲရှင်းချန်သည် နောက်ထပ်ဘာမှမပြောတော့ပေ။
အခြားတစ်ဖက်တွင်။
ရဲရှင်းချန်နှင့် နန်ကုန်းချင်းယွီတို့ကို လွှတ်လိုက်ပြီးနောက် စစ်ဆင်ရေးမှာ ဆက်လက်လုပ်ဆောင်တော့မည်ဖြစ်သည်။
ကြယ်တာရာဂိုဏ်း၏ဂိတ်တံခါးတွင် ရဲရှင်းဟွေ့၊ ပေါင်ပေါင်း၊ ရဲယင်နှင့် ယွီဟွားတို့သည် အတူတကွခရီးထွက်ရန် ပြင်ဆင်နေကြသည်။
မူလက ရဲရှင်းဟွေ့သည် ရဲယင်နောက်သို့လိုက်ရန် ကိုယ်ပွားတစ်ယောက်ရယူရန်စီစဉ်ခဲ့သော်လည်း သူ၏အစ်ကိုကြီးနှင့် သူ၏ယောက်မတို့ ဟန်းနီးမွန်းထွက်သွားသည်ကိုတွေးမိသောအခါ အင်း…..။
ထို့နောက် သူနှင့် ပေါင်ပေါင်းလည်း အင်း ….။
ဤသို့တွေးမိသော် သူ၊ ပင်မကိုယ်နှင့် ပေါင်ပေါင်းတို့သည်လည်း အတူတကွသွားရန် ဆုံးဖြတ်လိုက်သည်။
ယွီဟွားအတွက်မူကား။
သူမသည် မူလအမှောင်ဝိညာဉ်ဂိုဏ်း၊ လက်ရှိ ပထမကြယ်တာရာဂိုဏ်းခွဲသို့ ပြန်သွားပြီး ၎င်း၏အခြေအနေကို ကြည့်လိုသည်။
ရဲရှင်းချန်ကဲ့သို့ပင် ရဲရှင်းဟွေ့နှင့် အခြားသူများသည် ဝင်ပေါက်ကိုအသုံးပြုရန်မရွေးချယ်ဘဲ လေယာဉ်များကို ရွေးချယ်ခဲ့ကြ၏။
"ငါမသေမျိုးကျင့်ကြံရေးလောကမှာ ခဏတာရှိနေခဲ့ပေမဲ့ ဒီနေရာကရှုခင်းတွေကို သိပ်မမြင်ဖူးသေးဘူး"
ဤသို့ပြောပြီးနောက် ရဲရှင်းဟွေ့သည် ရဲယင်ကိုကြည့်ကာ
"ရဲယင်၊ မင်းမသေမျိုးကျင့်ကြံရေးလောကမှာ ပျော်စရာကောင်းတဲ့နေရာတွေ သိလား"
ရဲယင်သည် ခဏတာစဉ်းစားလိုက်ပြီး
"ခရီးသွားတာအကြောင်းပြောရင် ပျော်စရာကောင်းတဲ့နေရာတွေအများကြီးရှိတယ်၊ ဒါပေမဲ့… ပိုပျော်စရာကောင်းပြီး စိတ်ဝင်စားစရာကောင်းတဲ့နေရာက ပိုအန္တရာယ်များတယ်။ ဒီတစ်ခေါက်သွားမဲ့ ဝိညာဉ်ဓားဂိုဏ်းနားမှာ ကောင်းတဲ့နေရာတချို့ရှိတယ်"
အမှန်စင်စစ် ရဲယင်ပြောသည်မှာ မှန်သည်။ မသေမျိုးကျင့်ကြံရေးလောကရှိ ဒေသခံများအတွက်မှာမူ ၎င်းမှာ အမှန်တကယ်အရေးမကြီးပေ။
အဓိကအကြောင်းရင်းမှာ ကမ္ဘာမြေ၏ဝိညာဉ်စွမ်းအင်မှာ အလွန်ပါးလွှာသောကြောင့်ဖြစ်သည်။ မသေမျိုးကျင့်ကြံရေးလောကတွင် ကျပန်းချောက်ကမ်းပါး သို့မဟုတ် ရေအိုင်တစ်ခုခုသည်ပင်လျှင် ကမ္ဘာမြေ၏ဒေသအများစုရှိ ခရီးသွားဆွဲဆောင်မှုများကို ကျော်လွန်နိုင်၏။
"ကောင်းပြီ၊ ငါမင်းကို ဝိညာဉ်ဓားဂိုဏ်းကိုပို့ပြီးရင် ပေါင်ပေါင်းနဲ့ငါ အဲ့ဒီမှာကစားလို့ရတယ်"
"အမလေး… ဦးလေး၊ ခင်ဗျားက ကျွန်တော့်ကို လျစ်လျူရှုပြီး ဂရုမစိုက်တော့ဘူးလား"
စကားပြောပြီးသည်နှင့် ရဲယင်သည် သူ၏ပါးစပ်ကို ပါးတစ်ချက်ရိုက်ချင်စိတ် အမှန်တကယ်ပေါက်သွားသည်။
ရဲရှင်းဟွေ့ သူ့နောက်မလိုက်လျှင် ပိုကောင်းမည်မဟုတ်လား။ အကယ်၍ ရဲရှင်းဟွေ့ သူ့နောက်လိုက်ပါက သူသည် ထူးဆန်းသောအရာတစ်ခုခုလုပ်ပြီး ပြဿနာအချို့ဖြစ်စေနိုင်ပေသည်။
"မင်းက မင်းဦးလေးနဲ့ ဒီလောက်မခွဲနိုင်မခွာရက်ဖြစ်လိမ့်မယ်လို့ ငါမထင်ထားဘူး။ ကောင်းပြီ၊ ငါ့ကိုယ်ပွားကို မင်းနောက်လိုက်ပြီး မင်းကိုဂရုစိုက်ခိုင်းမယ်"
ရဲယင် - “…”
ရဲယင်သည် သူ၏မစဉ်းစားဘဲစကားပြောသည့်အကျင့်ကို ပြောင်းလဲရမည်ဟု ဆုံးဖြတ်လိုက်သည်။
"အော်… ဒါမှန်တယ်။ ရဲယင်၊ မင်းဝိညာဉ်ဓားဂိုဏ်းခေါင်းဆောင်ရဲ့ အကြီးဆုံးသမီးကို တိုက်ခိုက်ဖို့ ဘယ်လိုလုပ်ရမယ်ဆိုတာ စဉ်းစားပြီးပြီလား"
ရဲရှင်းဟွေ့သည် ရုတ်တရက်မေးလိုက်သည်။
"မစဉ်းစားရသေးဘူး။ ဒါပေမဲ့ ခက်ခဲမှာမဟုတ်ဘူး။ နောက်ဆုံးတော့ ကျွန်တော်က ချောတယ်၊ စွမ်းတယ်၊ ပြီးတော့…"
စကားပြောနေစဉ် ရဲယင်သည် တစ်ခုခုမှားနေသည်ဟု ခံစားလိုက်ရပြီးနောက် သတ်ဖြတ်လိုသောအငွေ့အသက်တစ်ခုသည် အခြားတစ်ဖက်မှ သူ့ကိုရိုက်ခတ်လာသည်။
ရဲယင်သည် နောက်သို့လှည့်ကြည့်ရာ မူလက သကြားလုံးချောင်းလျက်နေသော ယွီဟွားသည် သကြားလုံးချောင်းတစ်ခုလုံးကို အပိုင်းပိုင်းဝါးစားလိုက်သည်ကို တွေ့လိုက်ရသည်။ သူမသည် တစ်စုံတစ်ယောက်ကို အပိုင်းပိုင်းကိုက်ဖြတ်လိုသကဲ့သို့ပင်။
"အဲ့ဒါ… ယွီဟွား… အထင်မလွဲပါနဲ့၊ ဒါအားလုံးက စစ်ဆင်ရေးအတွက်ပဲ"
ယွီဟွား သူ၏စကားကိုကြားသော် သူမသည် နှာမှုတ်လိုက်ပြီး သူမ၏ခေါင်းကို လှည့်လိုက်သည်။
ဤသည်ကိုမြင်သောအခါ ရဲရှင်းဟွေ့သည် ပြုံးလိုက်ပြီးနောက် တောင်တန်းနှင့်မြစ်ချောင်းများမြေပုံထဲမှ ပိုကြီးသောသကြားလုံးချောင်းတစ်ခုကို ထုတ်ယူကာ သူမထံသို့ ပေးအပ်လိုက်သည်။
"ညီမယွီဟွား၊ စိတ်မပူပါနဲ့။ ငါဒီမှာရှိနေတာနဲ့ ရဲယင်က ဘာအမှားမှလုပ်နိုင်မှာမဟုတ်ဘူး။ ဒါ့အပြင် ဒီကောင်လေး ရဲယင်က မိန်းမလိုက်စားတဲ့သူတစ်ယောက်မဟုတ်ဘူး။ ငါသူ့အတွက် စဉ်းစားပြီးပြီ။ မင်းကလွဲလို့ သူက အများဆုံးမိန်းမ ၂၀ ပဲရှိနိုင်တယ်။ မသေမျိုးကျင့်ကြံသူတွေအနေနဲ့ ဝယ်လိုအားက ကြီးမားတယ်။ မင်းဒါကိုနားလည်ရမယ်"
ရဲရှင်းဟွေ့ စကားဆုံးသည်နှင့် နောက်ထပ် "ကျွတ်ကျွတ်ကျွတ်ကျွတ်" ဟူသောအသံကို ကြားလိုက်ရပြီး သကြားလုံးချောင်းတစ်ခုလုံးမှာ ယွီဟွား၏ တစ်ဖန်ကိုက်ဖြတ်ခြင်းကိုခံလိုက်ရပြန်သည်။
ရဲယင်သည် ယခု ရဲရှင်းဟွေ့၏ပါးစပ်ကို ချိပ်ပိတ်ချင်နေသည်။
သူသည် ဦးစွာ ရဲရှင်းဟွေ့ကို တစ်ချက်လှမ်းကြည့်လိုက်ရာ သူသည် အပြစ်ကင်းစင်သောမျက်လုံးများဖြင့် သူ့ကိုပြန်ကြည့်နေသည်ကို တွေ့လိုက်ရပြီးနောက် ယွီဟွားကို နှစ်သိမ့်ရန်ရွေးချယ်လိုက်၏။
လက်ရှိတွင် ယွီဟွားနှင့် ရဲယင်တို့သည် မည်သည့်ဆက်ဆံရေးကိုမျှ အတည်မပြုရသေးသော်လည်း လူတိုင်းမှာ ယွီဟွားက ရဲယင်ကို စိတ်ဝင်စားကြောင်း မြင်နိုင်သည်။
ပြီးတော့ ရဲယင်ကရော။ ရဲရှင်းဟွေ့၏စကားအရဆိုလျှင် လူရှုပ်လူပွေလိုလီကွန်တစ်ယောက်က ယွီဟွား၏တိုက်ခိုက်မှုကို မည်သို့ကိုင်တွယ်နိုင်မည်နည်း။
သူ၏လက်ရှိလုပ်ရပ်များနှင့် သဘောထားဖြင့် ရဲယင်က သူလိုလီကွန်တစ်ယောက်မဟုတ်ဟုပြောလျှင်ပင် မည်သူမျှယုံကြည်မည်မဟုတ်ပေ။
လေယာဉ်သည် ကြယ်တာရာဂိုဏ်း၊ အမှောင်ဝိညာဉ်ဂိုဏ်းခွဲအထက်သို့ လျင်မြန်စွာရောက်ရှိလာသည်။
ရဲယင် ယွီဟွားကို မည်သို့ဖျောင်းဖျခဲ့သည်ကို မည်သူမျှမသိသော်လည်း ယွီဟွားသည် ရဲရှင်းဟွေ့က သူမအတွက်ပြင်ဆင်ပေးခဲ့သော သကြားလုံးချောင်းတစ်ရာကျော်ကိုယူကာ သူမ၏မျက်နှာပေါ်တွင် အပြုံးတစ်ခုဖြင့် ထွက်ခွာသွားသည်။
ဤသည်ကိုမြင်သောအခါ ရဲရှင်းဟွေ့သည် ရဲယင်ကို လက်မထောင်ပြလိုက်ပြီး
"ရှောင်ယင်၊ မင်းက တကယ်ပဲ ပင်လယ်ဘုရင်တစ်ပါးဖြစ်ဖို့ အရည်အချင်းရှိတာပဲ"
ရဲယင်သည် သူ၏မရိုးသားသောဦးလေးကို တစ်ချက်လှမ်းကြည့်လိုက်ပြီးနောက် သူ့ကိုလျစ်လျူရှုလိုက်သည်။ သူသည် သူနှင့်စကားပြောရန် စိတ်မဝင်စားတော့ပေ။
ဝိညာဉ်ဓားဂိုဏ်းမှာ ရွှမ်လင်တိုက်၏ အလယ်ဗဟိုတွင်တည်ရှိပြီး အကောင်းဆုံးပထမတန်းစားဂိုဏ်းများထဲမှ တစ်ခုအဖြစ်သတ်မှတ်သည်။
ရွှမ်လင်တိုက်မှာ အမှန်တကယ်တွင် တိုက်ကြီး၏အထွေထွေအမည်ဖြစ်သည်။ သဘာဝအတိုင်းပင် ရွှမ်လင်တိုက်အပြင် ပင်လယ်ရပ်ခြားတွင် ကျန်းဝူတိုက်၊ ထျန်းရှန့်တိုက်နှင့် ရွှမ်ယန်တိုက်တို့လည်း ရှိနေသေးသည်။
ပို၍လျှို့ဝှက်ဆန်းကြယ်သော ထျန်းရှန့်တိုက်မှလွဲ၍ အခြားတိုက်ကြီးသုံးခုမှာ အရွယ်အစားတူညီလုနီးပါးဖြစ်ပြီး သူတို့ထဲရှိအင်အားကြီးသူများမှာ အားလုံးတန်းတူညီမျှဖြစ်၏။
လေယာဉ်ထဲရှိလူများ အပြင်ဘက်ရှုခင်းကို ပြီးပြည့်စုံစွာမြင်နိုင်ရန်အတွက် လေယာဉ်တစ်ခုလုံးကို အတွင်းပိုင်းတွင် ပွင့်လင်းအောင်ပြုလုပ်ထားသည်။
ရဲယင်သည် ဓားအိမ်ထဲမှထုတ်ထားသောဓားတစ်ချောင်းနှင့်တူသော တောင်ထိပ်တစ်ခုကို ညွှန်ပြကာ
"အဲ့ဒီတောင်က ဝိညာဉ်ဓားဂိုဏ်းပဲ"
ရဲရှင်းဟွေ့သည် ဝိညာဉ်ဓားဂိုဏ်းကို တစ်ချက်သာကြည့်လိုက်ပြီးနောက် အောက်သို့ငုံ့ကြည့်လိုက်သည်။
ဝိညာဉ်ဓားဂိုဏ်းအောက်တွင် မြို့များစွာရှိပြီး မြို့များအပြင်ဘက်တွင် ကျယ်ပြန့်သောတောအုပ်များရှိသည်။ တောအုပ်များအတွင်းပိုင်းတွင် စမ်းချောင်းများ၊ ရေတံခွန်များနှင့် သလင်းကျောက်ကဲ့သို့ကြည်လင်သော ရေကန်များရှိသည်။
ရဲရှင်းဟွေ့သည် အောက်မှတောအုပ်ကိုညွှန်ပြကာ
"ဒီမှာရှိတဲ့ပတ်ဝန်းကျင်က အရမ်းကောင်းတာပဲ"
ဤစကားကိုကြားသော် ရဲယင်သည်လည်း ခေါင်းညိတ်ကာ
"ပတ်ဝန်းကျင်က တကယ်ကောင်းတယ်၊ ဘာလို့လဲဆိုတော့ ဘယ်သူမှအဲ့ဒီကို လွယ်လွယ်ကူကူဝင်လို့မရဘူး။ အဲ့ဒီတောအုပ်ကြီးထဲမှာ မိစ္ဆာတွေနဲ့ သားရဲတွေအများကြီးစောင့်ကြပ်နေတယ်။ ကြားတာတော့ အဲ့ဒီထဲမှာ မသေမျိုးဧကရာဇ်အဆင့်ကိုရောက်နေတဲ့ မိစ္ဆာဘုရင်တစ်ပါးလည်း နေထိုင်တယ်တဲ့"
ထို့နောက် ရဲယင်သည် အောက်မှမြို့များကိုညွှန်ပြကာ
"ဝိညာဉ်ဓားဂိုဏ်းက ဒီမှာအဆင့်အတန်းမြင့်ရတဲ့အကြောင်းရင်းက သူတို့က ဒီမြို့တွေကို ကာကွယ်ပေးလို့ပဲ။ နှစ်အနည်းငယ်ကြာတိုင်း ဝိညာဉ်ဓားဂိုဏ်းက သူ့ရဲ့စုဆောင်းရေးကိုဖွင့်ပြီး ဒီမြို့တွေထဲက ကျင့်ကြံရေးအရည်အချင်းရှိတဲ့လူတွေကို ရှာဖွေတယ်"
ရဲရှင်းဟွေ့သည် ရဲယင်ညွှန်ပြရာဘက်သို့ လိုက်ကြည့်ရာ စတုရန်းတစ်ခုတွင် လူများစွာတန်းစီနေသည်ကို တွေ့လိုက်ရသည်။ ကျင့်ကြံသူအချို့မှာ ရှေ့ဆုံးမှလူများ ကျင့်ကြံရန်အရည်အချင်းရှိမရှိ စမ်းသပ်နေကြသည်။
ထိုအခိုက်အတန့်တွင် ရင်းနှီးသောပုံရိပ်တစ်ခုသည် ရဲရှင်းဟွေ့၏မျက်လုံးထဲသို့ ဝင်ရောက်လာသည်။
"ဟေး… အဲ့ဒါ ရှီထိုက်လုံမဟုတ်လား။"