မီးထဲကိုတိုးဝင်သည့်ပိုးဖလံပမာ
Vol. 16 Ch. 224
အခန်း (၂၂၄) မီးထဲကိုတိုးဝင်သည့်ပိုးဖလံပမာ
ဆောင်းဦးသစ်ပင်များ၏ သစ်ရွက်များက သစ်ကိုင်းများထက် လှုပ်ရှားနေပြီးနောက် ရွက်ကြွေများ လွင့်စင်ကျသွားသည်။
ဖြည်းညှင်းစွာကျဆင်းလာသည့် သစ်ရွက်ကြွေများမှာ လေပြေတိုက်ခတ်သည့်အခါ ကျန်းလန်၏ခြေရင်းသို့ ရောက်ရှိလာကြ၏။
ထိုအချိန်…
ကျန်းလန်က လက်ထဲတွင် ဓားကို တင်းတင်းဆုပ်ကိုင်ထားရင်း အဋ္ဌမမင်းသားကို ကြည့်နေ၏။
သူက အစီအရင်ပညာအသုံးပြုပြီး သူ၏ နောက်ဆုံးတိုက်ကွက်ကို အဋ္ဌမမင်းသား မရှောင်တိမ်းနိုင်စေရန် ဖိအားပေးခဲ့ခြင်း ဖြစ်သည်။
အစီအရင်ကြောင့်သာမဟုတ်လျှင် သူ့ဓားချက်က လုန်မန်ကို ထိခိုက်နိုင်မည် မဟုတ်ပေ။
အဋ္ဌမမင်းသားက ရေခဲပုဇဉ်းရင်ကွဲတောအုပ်ထဲတွင် ကျန်းလန်ရင်ဆိုင်ခဲ့ရသည့် မိုးကောင်းကင်ဝံပုလွေ မဟုတ်ပေ။ သူတို့ (၂)ယောက်၏အဆင့်က ကမ္ဘာခြားလျှက် ရှိသည်။
ကံမကောင်းသည်မှာ အဋ္ဌမမင်းသားက သူ့ဓားချက်ထိသွားသည့်တိုင် တိုက်ပွဲအနိုင်အရှုံး အဖြေမထွက်သေးခြင်းပင်။ သူရင်ဆိုင်ရသူက လူသားတစ်ယောက်ဆိုလျှင် ယခုအချိန် သူအနိုင်ရနေမည် ဖြစ်သည်။
လူသားတစ်ယောက်ဆိုလျှင် ခုနစ်စဉ်ကြယ်ဓားသိုင်းကို အစီအရင်ပညာဖြင့် ပေါင်းစပ်အသုံးပြုခြင်းကို ရှောင်တိမ်းနိုင်မည် မဟုတ်ပေ။
အမှန်တော့ အဋ္ဌမမင်းသားသည်လည်း မရှောင်တိမ်းနိုင်ခဲ့ပေ။
သို့သော်လည်း…
နဂါးမျိုးနွယ်များက သူတို့ခန္ဓာကိုယ်ကို ကာကွယ်ရန် အကြေးခွံများ ရှိကြလေသည်။ ထို့ကြောင့် ကျန်းလန်အနေဖြင့် လုန်မန်ကို ထိခိုက်နာကျင်အောင်ပြုလုပ်နိုင်ရန် ခက်ခဲလှသည်။
လုန်မန်မှာလည်း သူ့လည်ပင်းကို လက်ဖြင့်စမ်းကြည့်လိုက်ရင်း အံ့အားသင့်သွားမိသည်။
သူ တကယ်ပဲ ကျန်းလန်ကို လျှော့တွက်ခဲ့မိသည်လား။ သူ အမှန်တကယ်ပင် ဒဏ်ရာရသွားခဲ့ပြီ ဖြစ်သည်။
"မင်းက ကောလာဟလတွေနဲ့ တကယ့်ကို ခြားနားတာပဲ"
လုန်မန်က အံ့အားသင့်စွာဖြင့် တွေးလိုက်သည်။
သို့သော် သူ ကျန်းလန်ကို သက်ညှာမနေနိုင်တော့ပေ။
ကျန်းလန် သူ့ကို ဒဏ်ရာရအောင် တိုက်ခိုက်နိုင်မည့် အခွင့်အရေးမျိုး နောက်ထပ်ဘယ်တော့မှ ရရှိတော့မည် မဟုတ်ပေ။
လုန်မန်က သူ၏ ခန္ဓာကိုယ်ကို တစ်ချက်လှုပ်ရှားလိုက်ရာ မိုးကြိုးလျှပ်စီးတန်ခိုးစွမ်းအားများ ထွက်ပေါ်လာသည်။ သူ၏ လှံရှည်က လျှပ်စီးအလင်းတန်းများဖြင့် အပြည့်အဝဖုံးလွှမ်းလျှက် ရှိသည်။
ထို့နောက် သူက ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်ပြီး လျှပ်စီးကြောင်းတစ်ခုအဖြစ်အသွင်ပြောင်းကာ ကျန်းလန်ကို ဝင်ရောက်တိုက်ခိုက်လိုက်သည်။
"ဘုန်း…"
တန်ခိုးစွမ်းအား (၂)ခု ရောယှက်သွား၏။
လျှပ်စီးများနှင့် ဓားအလင်းရောင်များ အဆက်မပြတ်တောက်ပနေပြီး သူတို့၏ ပုံရိပ်များက ပျောက်သွားလိုက် ပြန်ပေါ်လာလိုက်နှင့် ရိပ်ခနဲရိပ်ခနဲသာ တွေ့မြင်နေရသည်။
တန်ခိုးစွမ်းအားများက ပြင်းထန်လွန်းလေရာ နဝမတောင်ထွတ်ရင်ပြင်ကိုပင် ပျက်စီးသွားစေနိုင်သည်။
သို့သော် ရင်ပြင်ထက်တွင် ပြုလုပ်ထားသည့် အစီအရင်များမှ အလင်းရောင်များထွက်ပေါ်လာပြီး ရင်ပြင်ကို ပျက်စီးမသွားအောင် ကာကွယ်ပေးထားကြသည်။
"ဘုန်း…"
ကျန်းလန် လွင့်ထွက်သွား၏။
သို့သော် ပုံပျက်ပန်းပျက် လွင့်ထွက်သွားခြင်းမျိုး မဟုတ်ပေ။ သူက ဓားကိုတင်းတင်းဆုပ်ကိုင်ကာ ရင်ပြင်ထက်တွင် မတ်တတ်ရပ်နေပြီး မည်သည့်လှုပ်ရှားမှုမှ မပြုခဲ့ပေ။
တစ်ချိန်တည်းမှာပင် သူ့လက်ထဲရှိထားမှ နဂါးသုတ်သင်ဓားဝိညာဉ်က ထင်ထင်ရှားရှားထွက်ပေါ်လာသည်။
လုကျန်းက ရင်ပြင်ဆီသို့ ကြည့်နေရင်းမှ…
"ကဲ… အခု နဂါးသုတ်သင်ဓားသိုင်းက အနိုင်ရသူကို ဆုံးဖြတ်ပေးပါတော့မယ်ဗျာ…"
ဟု ပြောလိုက်၏။
နဂါးသုတ်သင်ဓားသိုင်းက အစွမ်းမထက်ပါက တိုက်ပွဲတွင် ကျန်းလန် ရှုံးနိမ့်မည် ဖြစ်ပြီး နဂါးသုတ်သင်ဓားသိုင်းက အစွမ်းထက်သည်ဆိုပါက တိုက်ပွဲတွင် လုန်မန် ရှုံးနိမ့်မည် ဖြစ်သည်။
အခြားသူများကတော့ မည်သည့်စကားမှမပြောဘဲ တိုက်ပွဲကိုသာ ဆက်ကြည့်နေကြသည်။ နဂါးသုတ်သင်ဓားသိုင်းက ကောလာဟလများကဲ့သို့ အစွမ်းထက်မထက် သူတို့ သိချင်ကြသည်။
နဝမတောင်ထွတ်အစွန်းတွင်တော့ လုန်လီနှင့် လုန်စီးစီးတို့ တိတ်ဆိတ်နေကြသလို တောင်သခင်များကလည်း စကားတစ်ခွန်းမှ မဆိုကြပေ။
သူတို့အားလုံးက တိုက်ပွဲအခြေအနေကိုသာ အကဲခတ်နေကြသည်။
လုန်လီနှင့် လုန်စီးစီးတို့က ယနေ့စိန်ခေါ်ပွဲတွင် လုန်မန်က လွယ်လွယ်ဖြင့် အောင်ပွဲရမည်ဟု ထင်မှတ်ခဲ့ကြသည်။
မွေးရာပါအင်မော်တယ်တစ်ပါးဖြစ်သည့် လုန်မန်ကို ကျင့်ကြံခြင်းအဆင့်ကို လျှော့ချပြီး ကျန်းလန်နှင့် ယှဉ်ပြိုင်စေခဲ့သည်။ သို့သော် လုန်မန်မှာ ကျန်းလန်ကို ချက်ချင်းအနိုင်ယူနိုင်ခြင်း မရှိသည့်အပြင် ဒဏ်ရာပင် ရရှိသွားခဲ့သည်။
လုန်မန်က ကျန်းလန်ကို လျှော့တွက်မိသည့်အတွက် ဖြစ်နိုင်သော်လည်း ကျန်းလန်က မျှော်လင့်မထားသည့် ဓားချက်ဖြင့် တိုက်ခိုက်လိုက်သည်မှာတော့ ငြင်းမရနိုင်ပေ။
သူတို့ (၂)ယောက်က ကျန်းလန်ကို နှိမ့်ချပြောဆိုရန် အကြောင်းအရာများစွာ တွေးတောခဲ့ကြသော်လည်း အစပိုင်း စကားအနည်းငယ် ပြောခဲ့သည်မှလွဲပြီး နောက်ထပ်ပြောစရာစကားများ ရှာမရတော့ပေ။
အဋ္ဌမမင်းသားက လုံလောက်အောင် မစွမ်းဆောင်နိုင်ခဲ့ခြင်းကိုသာ အပြစ်တင်ရမည်။
ယခင်က ခွန်လွန်တောင်က သူတို့ကို အရှက်ခွဲခဲ့သည့်အတွက် သူတို့က ခွန်လွန်တောင်ကို ပြန်လည်အရှက်ခွဲရန် ဤအခွင့်အရေးကို အသုံးချခဲ့ကြသည်။
ကံမကောင်းသည်မှာ အဋ္ဌမမင်းသားက ကျန်းလန်ကို လျှင်လျှင်မြန်မြန် အနိုင်မယူနိုင်ခဲ့ခြင်းဖြစ်ပြီး အခွင်းအရေးကို အသုံးပြုပြီး ကိစ္စရပ်များကို ပိုမိုခက်ခဲအောင် ပြုလုပ်မိသည့်အလာ ဖြစ်နေလေတော့သည်။
***
"ဂရား…"
နဝမတောင်ထွတ်တွင် နဂါးဟိန်းသံကြီးတစ်သံ ထွက်ပေါ်လာသည်။
လုန်မန်က သူ၏လှံရှည်ကို ဝှေ့ရမ်းလိုက်ပြီး လျှပ်စီးနဂါးအသွင်သို့ ပြောင်းလဲလိုက်၏။
ထို့နောက် ကျယ်လောင်သည့် မိုးခြိမ်းသံများနှင့်အတူ နဂါးဟိန်းသံကြီးတစ်ချက် ထွက်ပေါ်လာသည်။
ကျန်းလန် အနည်းငယ် မျက်မှောင်ကြုတ်လိုက်၏။ သူ့အနေဖြင့် တကယ့်နဂါးတစ်ကောင်ကို ရင်ဆိုင်ရန် နဂါးသုတ်သင်ဓားသိုင်းကို ပထမဆုံးအကြိမ် အသုံးပြုခြင်း ဖြစ်သည်။
ဓားသိုင်းက အစွမ်းထက်မည်လား ၊ မထက်မည်လား မသေချာသော်လည်း သူ အကောင်းဆုံး ကြိုးစားရမည် ဖြစ်သည်။
သူက လျှပ်စီးနဂါးကို ခုတ်ပိုင်းချရန် ဓားကို တစ်ချက်ဝှေ့ရမ်းပြီးပင့်မြှောက်လိုက်၏။
ကျန်းလန်၏ မျက်ဝန်းများက နဂါးသုတ်သင်ဓားဝိညာဉ်ကဲ့သို့ပင် သတ်ဖြတ်လိုသည့်အငွေ့အသက်များဖြင့် ပြည့်နက်နေသည်။
ကြီးမားသည့် နဂါးကြီးက သူ့ထံဝင်ရောက်လာပြီ ဖြစ်သည်။
သူ့လက်ထဲတွင် ဓားတစ်လက်သာ ရှိသည်။
"ဝှစ်…"
ကျန်းလန်က ခေါင်းကိုအနည်းငယ်မော့ကာ ကြီးမားလွန်းသည့် လျှပ်စီးနဂါးကြီးကို ကြည့်လိုက်သည်။ သူ့အကြည့်များက နဂါးကြီးကို ဓားချက်တစ်ချက်တည်းဖြင့် သတ်ဖြတ်ပစ်တော့မည့်အလား ဖြစ်၏။
လုန်မန် ကျန်းလန်ရှိရာသို့ ခုန်ဝင်တိုက်ခိုက်လိုက်သည်။
သူက လျှပ်စီးနဂါးအသွင်သာ ပြောင်းထားပြီး တကယ့်နဂါးခန္ဓာအစစ်ကို အသုံးပြုတိုက်ခိုက်ခြင်း မရှိပေ။ ထိုသို့ပြုလုပ်ခြင်းက သူ့အပေါ် နဂါးသုတ်သင်ဓားဝိညာဉ်၏ သက်ရောက်မှုကို လျှော့ချနိုင်မည်ဟု ယူဆထားသည်။
သို့သော် ကျန်းလန် ဓားကို ပင့်မြှောက်လိုက်သည်နှင့် နဂါးသုတ်သင်ဓားဝိညာဉ်ကို လုန်မန် ခံစားလိုက်မိသည်။ သဘာဝရန်သူတစ်ယောက်ကို ရင်ဆိုင်ရသည့်အလား သူ အနည်းငယ် ကြောက်ရွံ့သွားသည်။
သို့သော် ကြောက်စိတ်ကို ချက်ချင်းဖယ်ရှားပစ်လိုက်သည်။ သူက အင်မော်တယ်တစ်ပါးအဖြစ် မွေးဖွားလာသူဖြစ်လေရာ အကြောက်တရား ကင်းမဲ့သူ ဖြစ်သည်။
ပတ်ဝန်းကျင်တွင် မိုးခြိမ်းသံများထွက်ပေါ်လာပြီး လေပြင်းများလည်း တိုက်ခတ်လာသည်။
လေပြင်းများတိုက်ခတ်မှုကြောင့် ကျန်းလန်၏ အဝတ်အစားများနှင့် ဆံနွယ်များမှာ လေထဲတွင် လွင့်ပျံလျှက် ရှိသည်။
ထိုစဉ်မှာပင် သတ်ဖြတ်လိုသည့်အငွေ့အသက်များဖြင့် ပြည့်နေသည့် ကျန်းလန်၏ မျက်ဝန်းများကို လုန်မန် ရင်ဆိုင်လိုက်ရသည်။
ကျန်းလန်က လုန်မန်ကို သတ်ဖြတ်တော့မည့်အလား ကြည့်နေခြင်း ဖြစ်၏။
ထိုအကြည့်က ပြဿနာမရှိပေ။
သို့သော် ပြဿနာရှိသည်က လေပြင်းများကြားတွင် မားမားမတ်မတ်ရပ်တည်နေသည့် ကျန်းလန်၏ ပုံရိပ်ဖြစ်၏။ ထိုပုံရိပ်က လုန်မန်ကို ရင်ထိတ်သွားစေသည်။
မွေးရာပါအင်မော်တယ်ဆိုသည့် ခံယူချက်က ရုတ်ချည်းပင် လွင့်စင်ပျောက်ကွယ်သွားသည်။
လုန်မန်၏ မျက်ဝန်းများထဲတွင် အချိန်ကာလများကို ထိုးဖောက်ကျော်လွှားသွားပြီး ယခင်က တွေ့မြင်ခဲ့ဖူးသည့် လူတစ်ယောက်ကို မြင်ယောင်လာသည်။
သွေးမှုံများထဲတွင် မတ်တတ်ရပ်နေသည့် လူတစ်ယောက် ၊ ထိုသူက သူ့ကို စိုက်ကြည့်နေ၏။
ထိုသူက သွေးနီရောင်နဂါးကြီးကို လက်သီးတစ်ချက်တည်းဖြင့် ထိုးနှက်ဖြိုခွင်းပစ်လိုက်သည်။
ထိုပုံရိပ်များက သူ့ကို ကြောက်ရွံ့တုန်လှုပ်သွားစေရန် လုံလောက်လေသည်။
ယခင်က ကြုံတွေ့ခဲ့ရသည့် အကြောက်တရားများက သူ့ရင်ထဲမှ ချက်ချင်းပွင့်ထွက်လာပြီး ထိုခဏမှာပင် လုန်မန်၏ မျက်ဆံများ ကျဉ်းမြောင်းသွားသည်။
ကျန်းလန်ကို သေရည်ဆိုင်တွင် ပထမဆုံးတွေ့မြင်ခဲ့စဉ်က ခံစားခဲ့ရသည့် ကြောက်ရွံ့မှုများက ဘယ်နေရာကမှန်းမသိ ပြန်လည်ထွက်ပေါ်လာသည်။
အကြောက်တရားက စိတ်ထဲတွင် လွှမ်းမိုးသွားသည့်အခါ သတ္တိနှင့်ရဲရင့်မှုများ ပျောက်ကွယ်သွားသည်။
မီးထဲသို့တိုးဝင်နေရင်း အသက်သေဆုံးတော့မည့် ပိုးဖလံတစ်ကောင်ပမာ ၊ ပူလောင်သောနေမင်းနှင့်ယှဉ်ပြိုင်ရင်း သေခြင်းတရားကို ရင်ဆိုင်ရတော့မည့် ပိုးစုန်းကြူးတစ်ကောင်ပမာ လုန်မန် ခံစားလိုက်ရသည်။
သူ သေရတော့မည်။
သေခြင်းတရားဖြင့် သူ အဆုံးသတ်ရတော့မည်။
ထိုသူ၏ လက်သီးချက်ဖြင့် သူ သွေးမှုံများအဖြစ် ပြောင်းလဲသွားရတော့မည်။
ချက်ချင်းပင် သူ တန်ခိုးစွမ်းအားများကို အလိုလို ပြန်လည်ရုတ်သိမ်းလိုက်မိပြီး တိုက်ခိုက်မှုများကို အစွမ်းကုန်ပင် ရပ်တန့်ပစ်လိုက်သည်။
အကြောင်းပြချက်မရှိဘဲ အရာအားလုံး အဆုံးသတ်သွားခဲ့သည်။
ထိုအရာများအားလုံးက သူ့စိတ်ထဲတွင် ခံစားရသည့် ပင်ကိုယ်ကြောက်စိတ်ကြောင့် ဖြစ်ပေါ်သွားရခြင်းပင်။
"ဟူး…"
ကျန်းလန်က နဂါးသုတ်သင်ဓားသိုင်းဖြင့် လုန်မန်ကို တိုက်ခိုက်ရန် အသင့်စောင့်နေစဉ်…
လုန်မန်က ရုတ်တရက် နောက်သို့ ခုန်ဆုတ်သွားလေသည်။
သူက ရင်ပြင်ထက်တွင် မတ်တတ်ရပ်ရင်း ကျန်းလန်ကို ကြောက်ရွံ့တုန်လှုပ်သည့် မျက်ဝန်းများဖြင့် ကြည့်နေ၏။
သေရည်ဆိုင်တွင် ကျန်းလန်နှင့် ပထမဆုံးတွေ့ဆုံစဉ်က ခံစားချက်အတိုင်း သူ တစ်ထပ်တည်း ခံစားနေရသည်။
ဘာကြောင့်မှန်းမသိ သူ ကျန်းလန်ကို ကြောက်ရွံ့နေမိသည်။ ယခုတစ်ကြိမ်ကြောက်ရွံ့မှုက ပိုမိုဆိုးရွားသည်ဟုပင် ပြောနိုင်သည်။
သူ ကျန်းလန်ကို ကြည့်နေရင်း လက်သီးတစ်ချက်တည်းဖြင့် သွေးနီရောင်နဂါးကို တစ်စစီဖြစ်အောင် ဖြိုခွင်းလိုက်သူကို စိတ်ထဲတွင် မြင်ယောင်နေမိသည်။
ပတ်ဝန်းကျင်တစ်ခုလုံး သွေးမှုံများလွင့်ပျံနေပြီး ခဏအတွင်း သူသည်လည်း သွေးမှုံများအဖြစ် ပြောင်းလဲသွားတော့မည့်အလား ခံစားနေရသည်။
သေမင်းတံခါးဝသို့ ခြေလှမ်းနေသူတစ်ယောက်ပမာခံစားနေရပြီး ကြောက်စိတ်ကို ရပ်တန့်နိုင်ခြင်း မရှိတော့ပေ။
လုန်မန်က ရုတ်တရက် ပြန်ဆုတ်သွားလေရာ ကျန်းလန်မှာ အဆင်သင့်ပြင်ထားသည့် နဂါးသုတ်သင်ဓားသိုင်းကို အသုံးမပြုရတော့ဘဲ တန်းလန်းကြီး ဖြစ်သွား၏။
ကျန်းလန် အံ့အားသင့်သွားသည်။
လုန်မန်၏ တိုက်ခိုက်မှုက သူ့ကို သေချာပေါက် ဒဏ်ရာရသွားစေနိုင်သည့် တိုက်ခိုက်မှု ဖြစ်သည်။ သို့သော် နဂါးမင်းသားသည် အဘယ့်ကြောင့် ရုတ်တရက် ပြန်ဆုတ်သွားရပါသနည်း။
"ဘာလဲ… တမင်ဟန်ဆောင်နေတာလား"
ကျန်းလန် ပဟေဠိ ဖြစ်သွားသည်။
ကျန်းလန်က ချက်ချင်းပင် သတိအနေအထားဖြင့် ကြုံလာမည့်အန္တရယ်များကို ရင်ဆိုင်ရန် အသင့်ပြင်ထားသည်။
သို့သော် လုန်မန်က နေရာမှတစ်ချက်လေးပင်မရွေ့ဘဲ မတ်တတ်ရပ်နေလေရာ ကျန်းလန် မနေနိုင်တော့ဘဲ မေးမြန်းလိုက်၏။
"အဋ္ဌမမင်းသား… မတိုက်တော့ဘူးလား"
"ကလန်…"
ကျန်းလန်၏အသံကိုကြားသည်နှင့် လုန်မန်မှာ ပိုပြီးကြောက်ရွံ့တုန်လှုပ်သွားကာ လက်ထဲမှ လှံရှည်ကို မြေပြင်ထက်သို့ သတိလက်လွတ်ဖြင့် ပစ်ချလိုက်မိသည်။
"မ.. မတိုက်တော့ဘူး…"
ပြောပြီးတော့မှ ဤသည်က စိန်ခေါ်ပွဲတစ်ခုဖြစ်ပြီး အသက်အန္တရယ်မရှိနိုင်ကြောင်း လုန်မန် သဘောပေါက်သွားသည်။
ထိုသို့တှေးမိသညျနှငျ့ သူ့ရငျထဲမှ ကွောကျစိတျမြားေ ပြာကျကှယျသှားသညျ။
သို့သော် သူက ကျန်းလန်ကို ကြည့်ရင်း စိတ်ရှုတ်ထွေးနေမိသည်။
ဘာကြောင့် ယခုလို ဖြစ်ရပါသနည်း။
အကြောင်းပြချက်မရှိဘဲ သူ ကျန်းလန်ကို ဘာလို့ ကြောက်ရွံ့နေရပါသနည်း။
ကျန်းလန်ကိုကြည့်နေရင်းဖြင့်ပင် လုန်မန်၏ စိတ်အာရုံထဲတွင် သူကြောက်ရွံ့မိသည့် ထိုလူသားကို သတိရနေမိသည်။
သွေးနီရောင်နဂါးကို လက်သီးတစ်ချက်တည်းဖြင့် တစ်စစီ ဖြိုခွင်းပစ်လိုက်သည့် ထိုလူသား။ ထိုလူသားက မိုးကောင်းကင်စမ်းသပ်ခံပြီးသည်နှင့် ချက်ချင်းပင် လူသားအင်မော်တယ် နောက်ဆုံးအဆင့်သို့ အဆင့်တက်သွားခဲ့လေသည်။
အား…
ထိုလူသားနှင့်ယှဉ်လျှင် မွေးရာပါအင်မော်တယ်တစ်ပါးကလည်း အသုံးမကျ ဖြစ်ရတာပါပဲလား။
နောက်ဆုံးတော့ လုန်မန်က ကျန်းလန်ကို ဦးညွှတ်လိုက်ရင်း…
"ကျုပ် ရှုံးပါပြီ…"
သူက လက်ထဲမှလှံရှည်ကို ယောင်ယမ်းပစ်ချခဲ့မိလေရာ အရှုံးမပေးဘဲ မည်သို့ ဆက်လက်တိုက်ခိုက်ရပါမည်နည်း။
ပြိုင်ဘက်ထံမှ အရှုံးပေးသည်ဟု ကြားသည်နှင့် ကျန်လန်လည်း သူ့ဓားကို ပြန်လည်ရုတ်သိမ်းလိုက်သည်။
အဋ္ဌမမင်းသား၏ အပြုအမူများက လွန်စွာထူးဆန်းလှသည်။
"ဘာလဲ… သူက နဂါးသုတ်သင်ဓားသိုင်းကို ကြောက်သွားတာလား ၊ မဟုတ်လောက်ဘူး… ဒါဖြင့် ဘာကို ကြောက်သွားတာလဲ ၊ အရင်က… သူနဲ့ငါနဲ့ ဆုံဖူးတဲ့အချိန်တုန်းက ငါ့ရဲ့တိုက်ခိုက်မှုတွေကို သူ မှတ်မိနေတာလား"
ကျန်းလန် စိတ်ရှုတ်ထွေးစွာဖြင့် တွေးလိုက်သည်။
မွေးရာပါအင်မော်တယ်များကတော့ အမှန်တကယ် ထူးခြားသူများ ဖြစ်ကြသည်။
အနောက်ဘက်တောင်တန်းများတွင် လုန်မန်နှင့် တွေ့ဆုံစဉ်က သူကလည်း ကောင်းကင်လွှမ်းသစ်ရွက်တန်ခိုးစွမ်းအားကို အသုံးမပြုနိုင်သေးသောကြောင့် သစ်ရွက်အမြင်တန်ခိုးစွမ်းအားကိုသာ အသုံးပြုခဲ့ရသည်။
ကြည့်ရသည်မှာ လုန်မန်က သူ့ကို အနည်းငယ် ရိပ်မိနေခြင်း ဖြစ်နိုင်သည်။ မည်သို့ပင် ဖြစ်စေ နဂါးမင်းသားအနေဖြင့် သူ့ကို အတိအကျကြီး မှတ်မိသိရှိနေရန်မှာတော့ မဖြစ်နိုင်ပေ။
မည်သို့ပင်ဖြစ်စေ ယခုအချိန်မှစပြီး သူ စောင့်ကြည့်ရတော့မည် ဖြစ်သည်။
ကျန်းလန်က ဓားကို ပြန်လည်သိမ်းဆည်းလိုက်ရင်း…
"ကျုပ်ကို အနိုင်ပေးလို့ ကျေးဇူးပါ…"
ထိုခဏမှာပင် နဝမတောင်ထွတ်တွင် စိန်ခေါ်ပွဲကို ကြည့်နေကြသည့် ပရိတ်သတ်များမှာ အသံတစ်စက်မှ မထွက်ဘဲ တိတ်ဆိတ်သွားကြပြန်၏။
ဘာဖြစ်သွားတာလဲ…။
ကျန်းလန်က ဒီအတိုင်းအနိုင်ရသွားတာလား။
သူ ဘယ်လိုအနိုင်ရသွားတာလဲ။
"ဒီစိန်ခေါ်ပွဲက တစ်ခုခု ဇာတ်တိုက်ထားတာလား"
နောက်ဆုံးတော့ တပည့်တစ်ယောက်က စကားစပြောလိုက်သည်။
"နဂါးမျိုးနွယ်တွေက ကျုပ်တို့ခွန်လွန်တောင်နဲ့ပေါင်းပြီး ဇာတ်တိုက်တယ်လို့ ပြောချင်တာလား"
"လုံး၀ မဖြစ်နိုင်ဘူးနော်"
အခြားသူများအံ့အားသင့်နေကြသလို ရှောင်ယွိလည်း အံ့အားသင့်နေခဲ့လေသည်။
သူမ၏ မောင်လေးက ရုတ်တရက် ကြောက်ရွံ့သွားဟန်ဖြင့် တိုက်ခိုက်မှုကို ရပ်တန့်ပစ်လိုက်သည်။
သူမ၏ မောင်လေးကို မည်သူက ခြိမ်းခြောက်ထားတာလဲ။
ထိုခဏမှာပင် လူပေါင်းများစွာ သူမကို စိုက်ကြည့်နေသည့်အလား ရှောင်ယွိ ခံစားလိုက်ရသည်။
ရှောင်ယွိ : " ?????? "
သူမ ခေါင်းမော့ကြည့်လိုက်သည့်အခါ နဝမတောင်ထွတ်အစွန်းမှ အကြီးအကဲများများက သူမကို ကြည့်နေကြသည်ကို အာရုံခံလိုက်မိလေသည်။
"နေပါဦး… အကြီးအကဲတွေက ငါ့ကိုဘာလို့ ကြည့်နေကြတာလဲ"