← Chapters

ဖောက်ပြန်ခြင်း

Vol. 27 Ch. 366

ဖောက်ပြန်ခြင်း

Vol. 27 Ch. 366

ရှောင်ယောက်မြို့။

ကျင်းပေါင်းလေလံအိမ်။

ရဲရှင်းဟွေ့သည် သူ့ပတ်ဝန်းကျင်ရှိ လူအုပ်၏အကြည့်နောက်သို့ လိုက်ကာ ဒုတိယထပ်သို့ မော့ကြည့်လိုက်၏။ ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ သူ ကြောင်ငေးသွားလေသည်။

အကြောင်းမှာ ဒုတိယထပ်တွင် ထိုင်နေသောသူမှာ ရဲယင် ဖြစ်နေသောကြောင့်ပင်။

‘သောက်ကျိုးနည်းပဲ။ အဲ့ကောင်လေးက ဒီကိုတောင် ရောက်နေတာပဲ။ သူ တန်းမစီဘူးလား။’

ဤသို့တွေးမိသော် ရဲရှင်းဟွေ့သည် ဒုတိယထပ်သို့ တက်သွားရန် စီစဉ်လိုက်သည်။

သို့သော် သူနှင့် ပေါင်ပေါင်းတို့ ဒုတိယထပ်သို့တက်သည့် လှေကားထိပ်သို့ ရောက်သည်နှင့် လူနှစ်ယောက်၏ တားဆီးခြင်းကို ခံလိုက်ရသည်။

ထိုလူနှစ်ယောက်မှာ တူညီသော အနက်ရောင်ဝတ်ရုံများကို ဝတ်ဆင်ထားပြီး လေလံအိမ်၏ ဝန်ထမ်းများဖြစ်ကြောင်း ထင်ရှားလှ၏။

"သခင်လေး၊ ဒုတိယထပ်က အရေးကြီးဧည့်သည်တော်တွေအတွက် နေရာပါ၊ ကျေးဇူးပြုပြီး ဧည့်ခန်းမဆောင်မှာပဲ စောင့်ဆိုင်းပေးပါ"။

ဤလူ၏စကားကိုကြားသော် ရဲရှင်းဟွေ့သည် သူ၏မျက်နှာကို လက်ညှိုးထိုးကာ မေးလိုက်၏။

"ကျွန်တော်က အရေးပါတဲ့ဧည့်သည်တစ်ယောက်နဲ့ မတူဘူးလို့ ခင်ဗျားထင်နေတာလား"

ဝန်ထမ်းနှစ်ယောက်မှာလည်း ရဲရှင်းဟွေ့၏စကားကိုကြားသောအခါ ကြောင်ငေးသွားကြသည်။

နှစ်ယောက်သား တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ပြီးနောက် မန်နေဂျာကို လာခေါ်ခိုင်းရန် ဆုံးဖြတ်လိုက်ကြ၏။ တံခါးဝမှ မြင်ကွင်းကို သူတို့အားလုံး ခုနက မြင်တွေ့ခဲ့ပြီးဖြစ်သည်။

သို့သော် သူတို့နှစ်ဦး မလှုပ်ရှားနိုင်မီမှာပင် လှေကားထိပ်သို့ ရဲယင်၏အသံ ရောက်ရှိလာသည်။

"သူတို့ကို တက်လာခွင့်ပေးလိုက်။ သူတို့က ကျွန်တော့်လူတွေပဲ"

ဤစကားကိုကြားသော် ဝန်ထမ်းနှစ်ဦးမှာ ခဏတာ ကြက်သေသေသွားပြီးနောက် သဘောပေါက်သွားကာ ရဲရှင်းဟွေ့နှင့် ပေါင်ပေါင်းတို့ အပေါ်ထပ်သို့တက်ရန် လမ်းဖယ်ပေးလိုက်ကြသည်။

အပေါ်ထပ်သို့ရောက်ပြီးနောက် ရဲရှင်းဟွေ့သည် သီးသန့်အခန်းတစ်ခန်း၏ တံခါးဝတွင် ရပ်နေသော ရဲယင်ကို တွေ့လိုက်ရ၏။ သူ၏ပုံစံမှာ သူတို့ကို စောင့်မျှော်နေသကဲ့သို့ပင်။

ထိုအခိုက်အတန့်တွင် ရဲယင်၏မျက်နှာမှာ ခံစားချက်ကင်းမဲ့နေပြီး အလွန်ပင် ခန့်ညားထည်ဝါနေလေသည်။

ဒုတိယထပ်ရှိ သီးသန့်အခန်းများတွင်ရှိသော အခြားအရေးကြီးဧည့်သည်များမှာ ရဲယင်ကိုမြင်သောအခါ တိတ်တဆိတ်ရှောင်ခွာသွားကြသည်ကို သို့မဟုတ် ပြုံးပြ၍ နှုတ်ဆက်ကြသည်ကို ရဲရှင်းဟွေ့ မြင်နိုင်သည်။

ရဲယင်မှာမူ မည်သူက သူ၏ရှေ့မှ ဖြတ်လျှောက်သွားသည်ဖြစ်စေ သူသည် အမြဲတစေ ခံစားချက်ကင်းမဲ့သောမျက်နှာထားဖြင့် ပေါင်းသင်းရခက်ခဲပုံပေါ်နေသည်။

ရဲယင်ကို ဤသို့မြင်သောအခါ ရဲရှင်းဟွေ့သည် အပေါ်တက်၍ သူ့ကို ပါးတစ်ချက်ချလိုက်ချင်စိတ် ပေါက်သွားသည်။

ရဲရှင်းဟွေ့က ရဲယင်ကို ပါးရိုက်ချင်နေသော်လည်း ပေါင်ပေါင်းမှာမူ လှုပ်ရှားပြီးဖြစ်သည်။

ခံစားချက်ကင်းမဲ့သော ပေါင်ပေါင်းက သူ့ထံသို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လာသည်ကိုမြင်သောအခါ ရဲယင်သည် ချက်ချင်းပင် သီးသန့်အခန်းထဲသို့ ချော်ဝင်သွား၏။ နောက်ဆုံးတွင် လူအများရှေ့၌ အရိုက်ခံရပါက သူ၏ဂုဏ်သိက္ခာနှင့် အရှိန်အဝါအားလုံးမှာ ချက်ချင်းပင် ပျောက်ကွယ်သွားပေလိမ့်မည်။

ပေါင်ပေါင်းသည် ရဲယင်နောက်သို့ သီးသန့်အခန်းထဲသို့ လိုက်ဝင်သွားပြီး ဝင်သွားသည်နှင့် သူမသည် ရဲယင်၏ခေါင်းနောက်စေ့ကို ပုတ်ချလိုက်သည်။

"ခဏ… အဒေါ်ပေါင်ပေါင်း၊ ကျွန်တော် ဟန်မဆောင်တော့ပါဘူး… မရိုက်ပါနဲ့တော့။ ဒီမှာ စားလို့ကောင်းတာလေးတွေရှိတယ်။ စားပြီး စိတ်လျှော့ပါ"။

မူလက မောက်မာမှုအပြည့်နှင့်ဖြစ်သော ရဲယင်သည် ပေါင်ပေါင်း၏ ရိုက်နှက်ခြင်းကိုခံရသောအခါ သူ၏မောက်မာမှုများအားလုံး ရုတ်တရက် ပျောက်ကွယ်သွားသည်။

ပေါင်ပေါင်းသည် စားပွဲပေါ်တွင် အရသာရှိသော သရေစာများ အမှန်တကယ်ရှိနေသည်ကို မြင်သောအခါ သူမသည် ရဲယင်ကို လွှတ်ပေးလိုက်၏။

ရဲယင်သည် အနည်းငယ် အားမလိုအားမရဖြစ်သွား၏။ တက္ကသိုလ်တွင်ရှိစဉ်က သူသည် အေးစက်တည်ငြိမ်ဟန်ဖြင့် ကြွားဝါရန်ကြိုးစားတိုင်း ပေါင်ပေါင်း၏ ရိုက်နှက်ခြင်းကို ခံခဲ့ရသည်ကို သူ မေ့လျော့နေခဲ့သည်။

ထိုအချိန်က ပေါင်ပေါင်း၏မျက်နှာတွင် ခံစားချက်မရှိဘဲ ရဲယင်ကို စကားတစ်ခွန်းမပြောဘဲ ရိုက်နှက်ခဲ့သည်။

ရဲယင်သည် အစပိုင်းတွင် အနည်းငယ်ရှုပ်ထွေးခဲ့သော်လည်း နောက်ပိုင်းတွင် ပေါင်ပေါင်းသည် သူမ၏ရှေ့တွင် မည်သူမဆို ကြွားဝါရန် သို့မဟုတ် ဟန်ဆောင်ရန်ကြိုးစားသည်ကို မကြိုက်ကြောင်း သိရှိလာခဲ့သည်။

အကယ်၍သာ ရဲယင်သည် ပင်ကိုသဘာဝအားဖြင့် အေးစက်တည်ငြိမ်သူဖြစ်ပါက ကိစ္စမရှိပေ။ သို့သော် သူသည် သိသိသာသာ ပျော်ပျော်နေတတ်သူတစ်ဦးဖြစ်ပြီး အေးစက်တည်ငြိမ်ဟန်ဆောင်ရန် တစိုက်မတ်မတ်ကြိုးစားနေသောကြောင့် ပေါင်ပေါင်းသည် သူ့ကိုမရိုက်လျှင် မည်သူ့ကိုရိုက်သင့်မည်နည်း။

ထိုအခိုက်အတန့်တွင် ရဲရှင်းဟွေ့သည်လည်း လျှောက်ဝင်လာသည်။

"ဟေး၊ ရှောင်ယင်၊ မင်းဘာလို့ ဒီရောက်နေတာလဲ။ ဟိုမှာ တန်းစီစရာမလိုဘူးလား"။

"ကျွန်တော်လည်း ကိုယ်ပွားတစ်ယောက်လုပ်ပြီး ထျန်းယန်ကျောက်ကို ကိုယ်ပွားပေါ်မှာ ထားခဲ့တာ။ ဟူး… ဦးလေးလည်းသိတဲ့အတိုင်း တန်းစီရတာက အရမ်းပျင်းစရာကောင်းတာပဲ။ ဒါကြောင့် ကျွန်တော် ဒီကို ပျော်ဖို့လာခဲ့တာ၊ ပြီးတော့ စိတ်ဝင်စားစရာကောင်းတဲ့ပစ္စည်းတွေ လေလံတင်နေလားလို့ ကြည့်တာ"။

"အင်း။ မင်းရဲ့ကိစ္စကိုတော့ မမေ့နဲ့ပေါ့၊ မဟုတ်ရင် စစ်ဆင်ရေးက စတောင်မစနိုင်ဘဲ နေဦးမယ်"

ရဲရှင်းဟွေ့နှင့် ရဲယင်တို့ စကားပြောနေစဉ် အောက်ထပ်ရှိ လေလံပွဲမှာ စတင်နေပြီဖြစ်သည်။

ဤလေလံပွဲ၏ လေလံတင်သူမှာ လေလံအိမ်၏မန်နေဂျာဖြစ်သူ မိန်းကလေးမေ့ ဖြစ်၏။

မိန်းကလေးမေ့သည် ရှောင်ယောက်မြို့တွင် လူသိများလှသည်။ သူမသည် လှပရုံသာမက သူမ၏နောက်တွင် ကျင်းပေါင်းပွဲကြည့်စင်ကလည်း ကျောထောက်နောက်ခံပေးထားသည်။

ယခုအချိန်အထိ မည်သည့်ထူးချွန်သောပုဂ္ဂိုလ်မျှ သူမ၏အမြင်ကို မဖမ်းစားနိုင်သေးပေ။

ရဲရှင်းဟွေ့သည် ဒုတိယထပ်မှ အောက်သို့ငုံ့ကြည့်လိုက်ပြီး မိန်းကလေးမေ့ဟုခေါ်သော အမျိုးသမီးကို ကြည့်ကာ ခေါင်းညိတ်ရင်း

"သူမ တကယ်ပဲ ဆွဲဆောင်မှုရှိတာပဲ"

ဤသို့ပြောပြီးနောက် ရဲရှင်းဟွေ့သည် သူ၏ဘေးမှ ရဲယင်ကို ကြည့်ကာ

"မင်း သူနဲ့ ဖောက်ပြန်နေတာတော့ မဟုတ်ပါဘူးနော်"

ရဲယင် - “…”

"ဦးလေး… ဘာလို့ ကျွန်တော် မိန်းကလေးတစ်ယောက်နဲ့တွေ့တိုင်း သူတို့နဲ့ ဖောက်ပြန်တယ်လို့ ပြောရတာလဲ"

"ဘာလို့လဲဆိုတော့ မင်းက ငါ့အမြင်အာရုံအရ အဲ့လိုလူစားမျိုးမို့လို့ပဲ"

ရဲယင်သည် ရဲရှင်းဟွေ့၏ အသရေဖျက်စကားကို အလွန်မကျေမနပ်ဖြစ်နေသည်။

ထိုအခိုက်အတန့်တွင် တိုက်ဆိုင်သည်ဖြစ်စေ မတိုက်ဆိုင်သည်ဖြစ်စေ မိန်းကလေးမေ့သည် ဒုတိယထပ်ရှိ သီးသန့်အခန်းတစ်ခန်းဘက်သို့ အမှန်တကယ် မျက်စိတစ်ဖက် မှိတ်ပြလိုက်သည်။

၎င်းမှာ ရဲယင်၏ သီးသန့်အခန်းရှိရာဘက်သို့ ဖြစ်သည်။

ဤလမ်းကြောင်းတွင် ရဲယင်ရှိသော သီးသန့်အခန်းတစ်ခန်းတည်းသာ ပါဝင်သည်မဟုတ်ပေ။

အနီးအနားရှိ သီးသန့်အခန်းအများအပြားသည် မိန်းကလေးမေ့က သူတို့ဘက်သို့ မျက်စိမှိတ်ပြသည်ကို မြင်ကြပြီး သူတို့အားလုံးမှာ သူတို့အတွက်ဟု ထင်မှတ်ကာ စိတ်လှုပ်ရှားလာကြ၏။

ရဲယင်တစ်ဦးတည်းသာ ဤမျက်စိမှိတ်ပြခြင်းမှာ သူ့ကို ရှင်းလင်းစွာရည်ညွှန်းနေကြောင်း သိသည်။

ဤသည်ကိုမြင်သောအခါ ရဲရှင်းဟွေ့သည် ရယ်မောကာ

"မင်းတို့နှစ်ယောက်မှာ ဘာမှမရှိဘူးလို့တောင် ပြောသေးတယ်။ မင်းနဲ့ပတ်သက်လို့ ငါမှန်သားပဲ။ မင်းက မိန်းမအများကြီးယူဖို့အတွက် အကောင်းဆုံးကိုယ်စားလှယ်လောင်းပဲ။ စကားမစပ်… ငါတို့ ရဲမိသားစုမှာ အခုထိ တကယ်မိန်းမအများကြီးယူနိုင်တဲ့ ယောက်ျားကောင်းတစ်ယောက်မှ မရှိသေးဘူး"

သူ၏အဘိုး ရဲချန်ကရော။ ရဲရှင်းဟွေ့သည် သူ၏အဘိုးကို ယောက်ျားကောင်းတစ်ယောက်ဟု တံဆိပ်ကပ်မည်ဖြစ်သော်လည်း သူတွင် တကယ့်မိန်းမများစွာ မရှိခဲ့ပေ။

သူ၏မိခင် စုချင်းနှင့် လက်ထပ်ပြီး အိမ်ထောင်သည်ဘဝဖြင့် နေထိုင်ပြီးနောက် ရဲချန်သည် တကယ့်မိန်းမများစွာရှိသော ဇာတ်လိုက်တစ်ဦး မဟုတ်တော့ပေ။

သူသည် ယောက်ျားကောင်းတစ်ယောက်အဖြစ် ဖြတ်သန်းခဲ့သည့်ကာလတစ်ခု ရှိခဲ့သည်ဟုသာ ဆိုနိုင်ပေသည်။

ရဲယင်၊ ဤကလေးမှာမူ မိန်းမများစွာရှိသော ဇာတ်လိုက်တစ်ဦးဖြစ်လာမည့်လမ်းပေါ်တွင် ရှိနေပြီဖြစ်သည်။

"ဟွန့်"

ရဲယင်သည် ဆက်လက်ငြင်းခုံလိုစိတ်မရှိတော့သောကြောင့် သူသည် အကြောင်းအရာကို အေးစက်သော နှာမှုတ်သံဖြင့်သာ ရပ်တန့်လိုက်နိုင်သည်။

"အော်၊ မင်းသဘောတူလိုက်ပြီပေါ့။ ကျွတ် ကျွတ်…။ မိန်းမအများကြီးရတာ ကောင်းမှာပဲ…"။

ရဲရှင်းဟွေ့ စကားဆုံးသည်နှင့် သူ၏နောက်တွင် သတ်ဖြတ်လိုသော အငွေ့အသက်တစ်ခု ရုတ်တရက်ထွက်ပေါ်လာသည်။

ဤသတ်ဖြတ်လိုသော အငွေ့အသက်ကို ခံစားမိသော်လည်း ရဲရှင်းဟွေ့သည် မျက်နှာအမူအရာမပြောင်းဘဲ ဆက်ပြောသည်။

"ကံမကောင်းစွာနဲ့ပဲ ငါက အဲ့လိုလူစားမျိုးမဟုတ်ဘူး။ ငါ့နှလုံးသားထဲမှာ ပေါင်ပေါင်းတစ်ယောက်ပဲရှိတယ်"

ရဲရှင်းဟွေ့ စကားဆုံးပြီးနောက် သူ၏နောက်မှ သတ်ဖြတ်လိုသော အငွေ့အသက်မှာ ပျောက်ကွယ်သွားသည်။ ထိုအစား ရဲယင်သည် ရဲရှင်းဟွေ့ကို မထီမဲ့မြင်ကြည့်လိုက်သည်။

ထိုအချိန်တွင် လေလံစင်မြင့်ပေါ်ရှိ ပစ္စည်းများမှာ တစ်ခုပြီးတစ်ခု လေလံတင်ရောင်းချနေပြီး ရဲရှင်းဟွေ့မှာ အနည်းငယ်ပျင်းရိလာ၏။

သူတို့လေလံတင်ရောင်းချနေသော အရာများကို ရဲရှင်းဟွေ့ အမှန်တကယ်မကြိုက်ပေ။

အသက်ရှည်ဆေးအမျိုးမျိုး၊ မှော်ဆေးများ၊ လက်နက်များနှင့် လျှို့ဝှက်ကျမ်းများ… ရဲရှင်းဟွေ့မှာ မည်သည့်အရာကိုမျှ စိတ်မဝင်စားပေ။

ဆန့်ကျင်ဘက်အားဖြင့် ပေါင်ပေါင်းမှာမူ စားရင်းသောက်ရင်း လေလံပွဲကို ကြည့်ရှုရသည်ကို နှစ်သက်နေ၏။

"ဒီလေလံပွဲက အမှိုက်တွေချည်းပဲ"

ရဲရှင်းဟွေ့၏စကားကိုကြားသော် ရဲယင်သည် ခေါင်းခါကာ

"ဦးလေး၊ ဒီပစ္စည်းတွေက အောက်ကလူတွေကို ရောင်းတာပါ။ နောက်ပိုင်း အထူးအစီအစဉ်က ဒုတိယထပ်က သီးသန့်အခန်းတွေထဲက ဧည့်သည်တွေ လုယက်ကြမဲ့ပစ္စည်းတွေပဲ"

"ငါခန့်မှန်းရသလောက်တော့ နောက်ပိုင်းလေလံတင်မဲ့ပစ္စည်းတွေကလည်း သိပ်ထူးမှာမဟုတ်လောက်ပါဘူး…"

ရဲရှင်းဟွေ့ စကားဆုံးသည်နှင့် စင်မြင့်ပေါ်ရှိ မိန်းကလေးမေ့သည် အော်ပြောလိုက်၏။

"ကောင်းပါပြီ၊ နောက်တစ်ခုကတော့ ကျွန်မတို့လေလံအိမ်ရဲ့ အထူးအစီအစဉ်ဖြစ်ပါတယ်"

သူစကားပြောနေစဉ် အိမ်ဖော်တစ်ဦးသည် ဗန်းတစ်ချပ်ကိုသယ်ဆောင်ကာ စင်မြင့်ပေါ်သို့ တက်လာသည်။ ဗန်းပေါ်တွင် မှိန်ဖျော့သောအလင်းရောင်ရှိသော ကျောက်စိမ်းတစ်တုံး ရှိနေသည်။

"ဒါက စိတ်ဝိညာဉ်ကျောက်စိမ်းဖြစ်ပြီး အမည်မသိရတဲ့ စွမ်းအားကြီးသူတစ်ဦးရဲ့ ဝိညာဉ်အကြွင်းအကျန် ပါဝင်ပါတယ်။ ဒီစွမ်းအားကြီးသူက ဘယ်သူလဲဆိုတာ ကျွန်မတို့မသိပေမဲ့ ဒီစွမအားကြီးသူက အနည်းဆုံး အတုအယောင်မသေမျိုးဧကရာဇ်အဆင့်မှာရှိတယ်ဆိုတာကိုတော့ ကျွန်မတို့ သေချာပေါက်ပြောနိုင်ပါတယ်"။

အတုအယောင်မသေမျိုးဧကရာဇ်အဆင့်ရှိ စွမအားကြီးသူတစ်ဦး၏ ဝိညာဉ်အကြွင်းအကျန်အကြောင်းကြားသော် ဒုတိယထပ်မှလူများ မည်သည့်စကားမျှမပြောမီမှာပင် အောက်ထပ်မှလူများမှာ ဆွေးနွေးစပြုလာကြသည်။

"အတုအယောင်မသေမျိုးဧကရာဇ်တစ်ပါးရဲ့ ဝိညာဉ်အကြွင်းအကျန်ဖြစ်နေတာပဲ။ ငါသာ ရယူပြီး သန့်စင်နိုင်ရင် အတုအယောင်မသေမျိုးဧကရာဇ်တစ်ပါးရဲ့ အမွေအနှစ်ကို ရရှိတာနဲ့တူတူပဲမဟုတ်လား"

"အင်းလေ… ကံဆိုးတာက ငါတို့မှာ ဒီပစ္စည်းကိုရဖို့ အခွင့်အရေးမရှိတာပဲ"

"ဟုတ်တယ်… ဒုတိယထပ်က အရေးကြီးဧည့်သည်တွေပဲ တတ်နိုင်မယ်ထင်တယ်"

All Chapters