ဝိညာဉ်ဓားဂိုဏ်းသို့ ဝင်ရောက်ခြင်း
Vol. 27 Ch. 372
ရဲရှင်းဟွေ့တို့အဖွဲ့သည် ဝိညာဉ်ဓားဂိုဏ်းသို့ အောင်မြင်စွာဝင်ရောက်သွားသည်။
စိတ်ကောင်းရှိသော ဝိညာဉ်ဓားဂိုဏ်း၏အပြင်ဂိုဏ်းတပည့်တစ်ဦး၏ လမ်းညွှန်မှုအောက်တွင် ရဲရှင်းဟွေ့သည် ပေါင်ပေါင်းနှင့် အားရိနှင့်အတူ လျှောက်သွားစပြုလာသည်။
လော့ယန်ဟုအမည်ရသော ချောမောသည့်အဘိုးထံမှ ခြိမ်းခြောက်မှုအတွက်မူကား….။
ရဲရှင်းဟွေ့သည် လုံးဝဂရုမစိုက်ပေ။
အဆိုးဆုံးမှာ သူသည် ဝိညာဉ်ဓားဂိုဏ်းကို ကြယ်တာရာဂိုဏ်း၏ နောက်ထပ်ဂိုဏ်းခွဲတစ်ခုအဖြစ်သို့ ပြောင်းလဲပစ်လိုက်ရုံသာဖြစ်သည်။
သို့သော် ရဲရှင်းဟွေ့သည် ဤဝိညာဉ်ဓားဂိုဏ်း၏ပတ်ဝန်းကျင်မှာ အမှန်တကယ်ကောင်းမွန်ကြောင်း ပြောရပေမည်။
ကြယ်တာရာဂိုဏ်း၏ဂိုဏ်းခွဲများဖြစ်လာသော အမှောင်ဝိညာဉ်ဂိုဏ်းနှင့် နတ်ဘုရားလက်သီးတောင်ကြားဟူသော အင်အားစုနှစ်ခုနှင့် နှိုင်းယှဉ်လျှင် ဝိညာဉ်ဓားဂိုဏ်းတွင် အနည်းငယ်ပို၍ လောကီကင်းလွတ်သော ခံစားချက်ရှိသည်။
ဝိညာဉ်ဓားဂိုဏ်း၏ ပထဝီဝင်အနေအထားကြောင့် ဂိုဏ်းတစ်ခုလုံးမှာ မြူပါးပါးဖြင့် ဖုံးလွှမ်းနေသည်။
ကောင်းကင်တွင် အခါအားလျော်စွာ ဓားများနှင့်ပျံသန်းနေသော ဝိညာဉ်ဓားဂိုဏ်းတပည့်များ သို့မဟုတ် သူတို့၏ခြေထောက်များပေါ်တွင် ကြိုးကြာငှက်များနှင့်ပျံသန်းနေသော အကြီးအကဲများ ရှိနေသည်။
ပြီးတော့ ဤနေရာရှိ ရုပ်ချောယောက်ျားများနှင့် လှပသောမိန်းမများ၏အချိုးမှာလည်း အလွန်မြင့်မား၏။
အမှန်စင်စစ် ဝိညာဉ်ဓားဂိုဏ်း၏တပည့်များမှာ အားလုံးပိုကြည့်ကောင်းသည်မဟုတ်ဘဲ သူတို့အားလုံးမှာ ဓားကျင့်ကြံသူများဖြစ်ကြသည်။
အခြားကျင့်ကြံသူများနှင့် နှိုင်းယှဉ်လျှင် ဓားကျင့်ကြံသူများတွင် ပိုအေးစက်ပြီး မာနကြီးသောစရိုက်များ သို့မဟုတ် လောကီကင်းလွတ်သော ခံစားချက်ရှိ၏။
လမ်းပြနေသော ဝိညာဉ်ဓားဂိုဏ်း၏တပည့်သည် မနာလိုစွာ
"ခင်ဗျားတို့က တကယ်အံ့ဩဖို့ကောင်းတာပဲ။ ခင်ဗျားတို့ လှေကားထစ် ၉၉၉ ထစ်ကိုတောင် ကျော်ဖြတ်နိုင်တယ်"
ရဲရှင်းဟွေ့သည် လှေကားနှင့်ပတ်သက်၍ ဘာမှမပြောချင်သောကြောင့် သူသည် အကြောင်းအရာပြောင်းကာ
"စကားမစပ်… အစ်ကိုကြီး၊ ကျွန်တော် ခင်ဗျားနာမည်ကို မမေးရသေးဘူး"
"အော် ဟုတ်သားပဲ…။ ကိုယ့်ကိုယ်ကို မိတ်ဆက်ဖို့မေ့သွားတယ်။ ကျွန်တော်က အပြင်ဂိုဏ်းတပည့် ကုယွဲ့ကောပါ"
"ကုယွဲ့ကောလား"
ရဲရှင်းဟွေ့သည် ဤနာမည်ကိုကြားသောအခါ သူသည် ဓားနတ်ဘုရားတစ်ပါးကဲ့သို့ ခံစားမိသည်။
"ဟားဟား… ခင်ဗျားက တကယ်ပဲ ဓားနတ်ဘုရားတစ်ပါးနဲ့တူတာပဲ"
ရဲရှင်းဟွေ့သည် ပြုံးကာ ချီးကျူးလိုက်သည်။
"ဟမ်။ ညီလေး၊ မင်းလည်း အဲ့လိုထင်တယ်လား။ ငါ့မိသားစုကလည်း ငါ့မှာ ဓားနတ်ဘုရားတစ်ပါးဖြစ်ဖို့ အရည်အချင်းရှိတယ်လို့ပြောတယ်။ ညီလေးနဲ့ ညီမလေးတို့၊ မင်းတို့နာမည်က ဘယ်လိုခေါ်လဲ"
ကုယွဲ့ကောက မေးလိုက်သည်။
"ကျွန်တော့်နာမည်က ရဲရှင်းဟွေ့ပါ"
"ပေါင်ပေါင်း"
"မင်္ဂလာပါ… ကျွန်မနာမည်က အားရိပါ"
ရဲရှင်းဟွေ့နှင့် အခြားနှစ်ဦးသည်လည်း သူတို့ကိုယ်သူတို့ မိတ်ဆက်လိုက်ကြ၏။
"အင်း မင်းတို့ အပြင်ဂိုဏ်းမှာရှိနေတုန်း ဘာပဲလိုအပ်လိုအပ် အမြဲတမ်းငါ့ဆီကိုလာလို့ရတယ်"
စကားဆုံးပြီးနောက် ကုယွဲ့ကောသည် သစ်သားအိမ်တစ်တန်းကို ညွှန်ပြကာ
"ဒါက ယောက်ျားတပည့်တွေအတွက် နေရာထိုင်ခင်းဧရိယာပဲ။ တပည့်သစ်တွေက နောက်ဧရိယာမှာနေရလိမ့်မယ်"
စကားဆုံးပြီးနောက် ကုယွေ့ကောသည် တောင်စောင်းရှိ နှစ်ထပ်သစ်သားအဆောက်အဦးအစုံအချို့ကို ညွှန်ပြကာ
"အဲ့ဒါက တောင်ပေါ်က အမျိုးသမီးတပည့်တွေအတွက် နေရာထိုင်ခင်းဧရိယာပဲ။ ညီမလေးနှစ်ယောက်၊ ခဏနေရင် အဲ့ဒီကိုသွားလို့ရတယ်။ မင်းတို့ အဆောင်ဧရိယာထဲကိုဝင်ရင် မင်းတို့အခန်းကို သန့်ရှင်းရေးလုပ်ပေးမဲ့ အစ်မကြီးတွေရှိလိမ့်မယ်"
ရဲရှင်းဟွေ့သည် ကုယွဲ့ကောညွှန်ပြရာ တောင်တစ်ဝက်သို့ လှမ်းကြည့်ရာ သူသည် လှပသောနှစ်ထပ်သစ်သားအဆောက်အဦးများကို မြင်လိုက်ရသည်။
သစ်သားအဆောက်အဦးဘေးတွင် လူများအနားယူရန်နှင့် လေ့ကျင့်ရန်အတွက် တန်ဆောင်းတစ်ခုရှိပြီး တောင်ပေါ်မှစီးဆင်းလာသော စမ်းချောင်းတစ်ခုလည်းရှိသည်။
ချက်ချင်းပင် ရဲရှင်းဟွေ့သည် ယောက်ျားလေးများ၏နေရာထိုင်ခင်းဧရိယာကို ကြည့်လိုက်သည်။
သာမန်သစ်သားအိမ်များ တန်းစီနေပြီး အင်္ကျီမပါသော အပြင်ဂိုဏ်းတပည့်အချို့ ဝင်ထွက်နေကြသည်။
ရေအရင်းအမြစ်မှာ ရေတွင်းဟောင်းအချို့သာဖြစ်သည်။
ဤပတ်ဝန်းကျင်ကွာခြားချက်မှာ အလွန်ကြီးမားလှသည်။
ရဲရှင်းဟွေ့၏အတွေးများကို ခံစားမိဟန်တူသော ကုယွဲ့ကောသည် ပြုံးကာ
"ကောင်းကင်လှေကားစမ်းသပ်မှုကြောင့် ငါတို့မှာ အမျိုးသမီးတပည့်အရမ်းနည်းတယ်၊ ဒါကြောင့် အပြင်ဂိုဏ်းက အမျိုးသမီးတပည့်တွေနဲ့ အတွင်းဂိုဏ်းက အမျိုးသမီးတပည့်တွေက အတူတူနေကြတယ်။ ဒီမှာရှိတဲ့ ယောက်ျားတပည့်တွေရဲ့ နေရာထိုင်ခင်းဧရိယာက အပြင်ဂိုဏ်းတပည့်တွေအတွက်ပဲ။ မင်းတို့ အတွင်းဂိုဏ်းကိုဝင်ရင် ပတ်ဝန်းကျင်က အများကြီးပိုကောင်းသွားလိမ့်မယ်"
သူက ဆက်ပြောသည်။
"ဒါ့အပြင်… မင်းတို့အားလုံးက လှေကားထစ် ၉၉၉ ထစ်တက်ခဲ့တဲ့ လူသစ်တွေပဲ။ မင်းတို့ မကြာခင်မှာ အတွင်းဂိုဏ်းကိုဝင်နိုင်မှာပါ"
‘ထင်တဲ့အတိုင်းပဲ… ဘယ်နေရာမှာပဲဖြစ်ဖြစ် အပြင်ဂိုဏ်းက ပတ်ဝန်းကျင်က သိပ်မကောင်းဘူး။’
ရဲရှင်းဟွေ့သည် သူ၏စိတ်ထဲတွင် တိတ်တဆိတ်ညည်းညူလိုက်သည်။
တစ်ချိန်တည်းမှာပင် ပေါင်ပေါင်းသည် အားရိနှင့်အတူ တောင်စောင်းဘက်သို့ လျှောက်သွားနေပြီဖြစ်သည်။
ရဲရှင်းဟွေ့သည် ပေါင်ပေါင်း၏ဘေးကင်းရေးကို မစိုးရိမ်ပေ။ နောက်ဆုံးတွင် သူမသည် မသေမျိုးဧကရာဇ်များကို ရိုက်နှက်နိုင်သူတစ်ယောက်ဖြစ်သည်။
ထို့အပြင် ယခု ပေါင်ပေါင်းသည် သူမ၏စိတ်ခံစားချက်များကို ပြန်လည်ရရှိပြီးဖြစ်သောကြောင့် သူမသည် သူမ၏စိတ်ပိုင်းဆိုင်ရာအသိဉာဏ်ကို ဖွံ့ဖြိုးတိုးတက်စေခဲ့ပြီး သူမ၏ဉာဏ်ရည်မှာလည်း အများကြီးတိုးတက်လာခဲ့သည်။ ထို့ကြောင့် သူမကို လှည့်စားရန် သို့မဟုတ် ပြန်ပေးဆွဲရန်မှာ ခက်ခဲပေလိမ့်မည်။
"ခင်ဗျားတို့ရဲ့ အဆင့်ခွဲဝေပွဲမှာ ဘယ်အခန်းကဏ္ဍကနေ ပါဝင်တာလဲ" ဟူသော စကားစုတစ်ခုတည်းဖြင့်ပင် သူမနှင့်စကားပြောရန်ကြိုးစားသော မသေမျိုးကျင့်ကြံရေးလောကမှ လူအများစုကို ရှုပ်ထွေးသွားစေနိုင်သည်။
အခြားတစ်ဖက်တွင်။
ရဲယင်သည် လော့ယန်၏ဦးဆောင်မှုဖြင့် ဝိညာဉ်ဓားဂိုဏ်း၏ အတွင်းဂိုဏ်းသို့ ရောက်ရှိလာသည်။
လော့ယန်သည် အပြင်ဂိုဏ်း၏အကြီးအကဲတစ်ဦးဖြစ်သော်လည်း သူ၏နေအိမ်မှာ အတွင်းဂိုဏ်းတွင်ရှိသည်။
အတွင်းဂိုဏ်းမှာ အပြင်ဂိုဏ်းနှင့် မတူပေ။ အတွင်းဂိုဏ်းမှာ ပိုမြင့်သောတောင်ပေါ်တွင် တည်ရှိသည်။
အကယ်၍ ဝိညာဉ်ဓားတောင်တည်ရှိရာတောင်ထိပ်ကို ဓားအိမ်ထဲမှထုတ်ထားသော ရှည်လျားသောဓားတစ်ချောင်း ဒေါင်လိုက်ရပ်နေသည်ဟု မြင်နိုင်ပါက။
အပြင်ဂိုဏ်းမှာ ဓားကာနှင့် ဓားရိုးကြားတွင် တည်ရှိပြီး အတွင်းဂိုဏ်းမှာမူ ဓားရိုး၏ထိပ်တွင် တည်ရှိသည်။
အတွင်းဂိုဏ်းတွင် မြူမှာ ပို၍ပင်ထူထပ်သည်။ သေချာကြည့်မှသာ မြူနောက်မှ အဆောက်အဦးများကို မြင်နိုင်သည်။
လော့ယန်၏မိတ်ဆက်မှုပြီးနောက် ရဲယင်သည်လည်း ဝိညာဉ်ဓားဂိုဏ်း၏ အတွင်းဂိုဏ်းဖွဲ့စည်းပုံကို သိရှိသွားသည်။
အတွင်းဂိုဏ်းတွင် အကြီးအကဲဒါဇင်ပေါင်းများစွာရှိပြီး အကြီးအကဲတစ်ဦးစီကို နေအိမ်တစ်လုံးစီ ချထားပေးသည်။
ဤအကြီးအကဲများသည် အတွင်းဂိုဏ်းစာမေးပွဲအောင်မြင်သော တပည့်များကို စုဆောင်းနိုင်သည်။
အမှန်စင်စစ် ဝိညာဉ်ဓားဂိုဏ်းအတွင်း၌ ဂိုဏ်းငယ်ဒါဇင်ပေါင်းများစွာရှိသည်ဟု ဆိုနိုင်သည်။
လော့ယန်သည်လည်း သူတို့ထဲမှတစ်ဦးဖြစ်သည်။ လော့ယန်သည် အပြင်ဂိုဏ်းကိုလည်း တာဝန်ယူရသောကြောင့် သူ၏အဆင့်အတန်းနှင့် စွမ်းအားမှာ အမှန်တကယ်တွင် အကြီးအကဲစနစ်တစ်ခုလုံးတွင် အသန်မာဆုံးများထဲတွင် ပါဝင်သည်။
အရေးကြီးဆုံးမှာ သူသည် ဂိုဏ်းချုပ်၏တစ်ဦးတည်းသောသမီး၏သခင်လည်းဖြစ်သည်။
လော့ယန်သည် ရဲယင်ကို သူ၏နေအိမ်သို့ ခေါ်ဆောင်လာသည်။
နေအိမ်သို့မဝင်မီမှာပင် ရဲယင်သည် လေချွန်သံလှိုင်းများကို ကြားလိုက်ရသည်။
"ရှောင်ပင်း ပြန်ရောက်နေသင့်တယ်…"
ထိုသို့ပြောရင်း လော့ယန်သည် တံခါးဖွင့်လိုက်ပြီး
"တံစဉ်၊ လာ၊ မင်းအစ်မကြီးကို မိတ်ဆက်ပေးမယ်"
ခြံထဲတွင် သူမ၏ဓားကိုလေ့ကျင့်နေသော ရှောင်ပင်းသည် လှုပ်ရှားမှုကိုကြားပြီး ချက်ချင်းခေါင်းလှည့်ကြည့်လိုက်သည်။ ထို့နောက် သူမသည် သူမ၏ရှေ့တွင် အနည်းငယ်ရင်းနှီးသောမျက်နှာတစ်ခု ပေါ်လာသည်ကို မြင်လိုက်ရသည်။
"မင်း…။"
"မင်းတို့ သိကြလား"
ရှောင်ပင်း၏တုံ့ပြန်မှုကိုမြင်သောအခါ လော့ယန်သည် အနည်းငယ်ရှုပ်ထွေးစွာ မေးလိုက်၏။
"ကျွန်မ သူ့ကိုမသိဘူး… ဒါပေမဲ့ မြင်ဖူးတယ်"
ရှောင်ပင်းသည် အေးစက်စွာ ပြန်ဖြေသည်။
ရှောင်ပင်း၏ ရဲယင်အပေါ်ထားရှိသောသဘောထားမှာ သိပ်မကောင်းပေ။ သူက စိတ်ဝိညာဉ်ကျောက်စိမ်းကို ယူသွားသောကြောင့်မဟုတ်ဘဲ သူက မြေခွေးမလေးကို ယူဆောင်သွားသောကြောင့်ဖြစ်သည်။
မြေခွေးမလေးတစ်ယောက်ကို ကျွန်အဖြစ်ဝယ်မည့်လူမှာ လူရှုပ်လူပွေတစ်ယောက်ဖြစ်ရမည်။ သဘာဝအတိုင်းပင် ရှောင်ပင်းသည် လူရှုပ်လူပွေတစ်ယောက်အပေါ် ကောင်းသောထင်မြင်ချက်ရှိမည်မဟုတ်ပေ။
ရဲယင်မှာမူ အနေခက်စွာ ပြုံးလိုက်၏။
ဟုတ်ပေသည်။ သူဘာတွေဖြစ်နေသည်ကို သိသည်။ ၎င်းမှာ သူသည် ယနေ့လေလံအိမ်တွင် သူမစိတ်ဝင်စားသော စိတ်ဝိညာဉ်ကျောက်စိမ်းကို ဝယ်ယူခဲ့ခြင်းသာဖြစ်သည်။
"ငါ စိတ်ဝိညာဉ်ကျောက်စိမ်းကို စစ်ဆေးပြီးသွားရင် အမွေအနှစ်တစ်ခုခုရှိရင် မင်းကိုပေးမယ်"
သူတို့နှစ်ဦးပြောသည်ကိုကြားပြီးနောက် လော့ယန်သည် ဘာတွေဖြစ်နေသည်ကို ခန့်မှန်းနိုင်သည်။
လော့ယန်သည် ရှောင်ပင်းကို ကျင်းပေါင်းလေလံအိမ်တွင် စိတ်ဝိညာဉ်ကျောက်စိမ်းပေါ်လာသည့်အကြောင်းကို ပြောပြခဲ့သူဖြစ်သည်။
စိတ်ဝိညာဉ်ကျောက်စိမ်းကဲ့သို့သောအရာများမှာ အလွန်ရှားပါးသည်။ အကယ်၍ လူတစ်ယောက်သည် စိတ်ဝိညာဉ်ကျောက်စိမ်းမှ အမွေအနှစ်အနည်းငယ်ရရှိနိုင်ပါက ထိုလူမှာ အကျိုးများစွာရရှိပေလိမ့်မည်။
"တံစဉ်က စိတ်ဝိညာဉ်ကျောက်စိမ်းကို ဝယ်နိုင်ခဲ့ပုံပဲ၊ ဟုတ်လား"
လော့ယန်သည် ပြုံးကာမေးလိုက်သည်။
"ဟုတ်ကဲ့…"
"ဒီအရာက တကယ်တော့ မင်းတို့ဘယ်သူဝယ်ဝယ် ကိစ္စမရှိဘူး။ မင်းတို့အားလုံးက ငါ့တပည့်တွေပဲလေ"
လော့ယန်သည် ကြားဝင်ဖျန်ဖြေသူတစ်ဦးအဖြစ် စီစဉ်ထားသည်။ အနည်းဆုံးတော့ သူ၏တစ်ဦးတည်းသောတပည့်နှစ်ဦးကြားတွင် ပဋိပက္ခများမဖြစ်ပွားစေရန်ဖြစ်သည်။
သူမ၏သခင်က ဤလူရှုပ်လူပွေကို သူ၏တပည့်အဖြစ် လက်ခံခဲ့သည်ဟုကြားသောအခါ ရှောင်ပင်းသည် မျက်မှောင်ကြုတ်လိုက်သော်လည်း ဘာမှမပြောခဲ့ပေ။