← Chapters

ပင်လယ်ကို ကျင့်ကြံခြင်းအခြေခံအဖြစ် အသုံးချ၍ ( ၂ )

Vol. 6 Ch. 87

ပင်လယ်ကို ကျင့်ကြံခြင်းအခြေခံအဖြစ် အသုံးချ၍ ( ၂ )

Vol. 6 Ch. 87

ထိုကျင့်ကြံသူ၏မျက်လုံးများ ချက်ချင်း ပြူးကျယ်သွားသည်။ သူ စူးစူးဝါးဝါး မအော်ဟစ်နိုင်ခင် ရွှီချင်း၏ ဖိအားပေးခြင်း ခံလိုက်ရသည်။ သူ၏ခန္ဓာကိုယ် တွန့်ကွေးသွားပြီး လတ်ဆတ်သောသွေးများ ပန်းထွက်လာကာ လှေကလေးပေါ်တွင် နီစွေးသွားပြီး သူ ဇီဝိန်ချုပ်သွားတော့သည်။

အသက်ရှူချိန်အနည်းငယ်ကြာပြီးနောက် သူ၏ခန္ဓာကိုယ် မလှုပ်မယှက်ဖြစ်သွားတော့သည်။

ရွှီချင်းက ညစ်ပတ်သွားသော မှော်လှေကလေးကို ကြည့်၍ မျက်မှောင်ကြုတ်သွားသည်။ ထို့နောက် အလောင်းဖျောက်ဆေးမှုန့်ကိုထုတ်၍ ပက်လိုက်သည်။ အလောင်းက သွေးရေများအဖြစ် ပြောင်းလဲသွားသည့်တိုင်အောင် ဘေးပတ်ဝန်းကျင်တွင် သတ္တမမြောက်တောင်ထိပ်မှ ဂိုဏ်းသားများ ရှိမနေချေ။

ထိုအခြင်းအရာကို လူအားလုံး အသားကျနေသည့်အလားပင်။

ထိုအချိန်တွင် ပင်လယ်လေပြေကလေး တိုက်ခတ်လာပြီး သွေးညှီနံ့များနှင့် ပင်လယ်ရနံ့များ ရွှီချင်း၏ပတ်လည်တွင် ပျံ့လွင့်သွားသည်။ သူက တစ်ဖက်လူ၏ အိတ်ကို ကောက်ယူလိုက်သည်။ အိတ်ထဲတွင် ဘာမှမရှိဘဲ အဖိုးတန်ရတနာပစ္စည်းများလည်း မရှိချေ။

“ ဒီလူက ငါ့မှာ မှော်လှေရှိနေလို့ ငါ့ကို စောင့်ကြည့်နေတာပဲ ”

နေ့ခင်းက သက်လတ်ပိုင်းလူ ပြောခဲ့သည့် လတိုင်း ထူးဆန်းစွာ ပျောက်ကွယ်သွားတတ်သော ဂိုဏ်းသားများလည်း ရှိတတ်သည်ဟူသောစကားကို ရွှီချင်း ပြန်တွေးမိလိုက်သည်။

ရွှီချင်း၏မျက်လုံးများထဲတွင် အေးစက်စက်အလင်းတစ်ချက် ဝင်းလက်သွားပြီး စူးရှချွန်ထက်သော သံတုတ်ကလေးကို ပွတ်သပ်လိုက်သည်။ ထို့နောက် သေတ္တာကလေးကို ထုတ်၍ ဖွင့်လိုက်သည်။ လှေအကြောင်း မိတ်ဆက်ထားသည့် ကျောက်စိမ်းပေလွှာကလေးကို သူ တွေ့လိုက်ရပြီး ဂရုတစိုက် ဖတ်ကြည့်လိုက်သည်။

အချိန်အတော်ကြာပြီးနောက် ကျောက်စိမ်းပေလွှာကလေးကို သူ အောက်ချထားလိုက်သည်။ ထို့နောက် သူက လှေကလေးကို ထူးဆန်းသောအကြည့်ဖြင့် စူးစိုက်ကြည့်လိုက်သည်။

“ ဒီလှေက သိပ်အံ့သြဖို့ကောင်းတာပဲ ”

သူ ခပ်တိုးတိုးရေရွတ်လိုက်ပြီး ညာလက်ကို မြှောက်၍ ဘေးရှိ လှေစောင်းပေါ် ပုတ်လိုက်သည်။ သူ၏ခန္ဓာကိုယ်ထဲမှ ဝိညာဉ်စွမ်းအားများ ပျံ့လွင့်လာပြီး ကျောက်စိမ်းပေလွှာပေါ်ရှိ နည်းလမ်းအတိုင်း ဝိညာဉ်စွမ်းအားများကို တံဆိပ်တော်တစ်ခုအသွင် ပြောင်းလဲ၍ လှေကလေးပေါ် ရိုက်နှိပ်လိုက်သည်။

အသက်သွင်းခံလိုက်ရသည့်အလား လှေတစ်ခုလုံး တုန်ခါသွားပြီး တဝီဝီမြည်သံများ လွင့်ပျံလာသည်။

ရွှီချင်းက လက်ချောင်းကို ကိုက်၍ သွေးတစ်စက် ညှစ်ထုတ်လိုက်ပြီး လှေစောင်းပေါ်တွင် ရိုးရှင်းသော ကမ္ပည်းစာတစ်လုံး ရေးဆွဲလိုက်သည်။ ကမ္ပည်းစာရေးဆွဲပြီးနောက် ဘုန်းခနဲ မြည်ဟည်းသံနှင့်အတူ လှေတစ်ခုလုံး တုန်ခါသွားသည်။ ရွှီချင်း၏စိတ်ထဲတွင် ထူးဆန်းသော ဆက်နွယ်ချက်တစ်ခု ချက်ချင်း ပေါ်လာသည်။

ယင်းသည် ကျောက်စိမ်းပေလွှာထဲတွင် ဖော်ပြထားသော လှေကလေး၏ သခင်အဖြစ် မှတ်တမ်းတင်သည့်နည်းလမ်း ဖြစ်သည်။ ကိစ္စဝိစ္စများ ပြီးစီးသွားပြီးနောက် လှေနှင့်သူက တစ်သားတည်း ဖြစ်သွားသည့်အလား သူ ရှင်းရှင်းလင်းလင်း ခံစားမိလိုက်သည်။

အတွေးတစ်ချက်နှင့် လှေပေါ်တွင် အကာအကွယ်အလင်းအလွှာတစ်ခု ချက်ချင်း ပေါ်လာသည်။ လှေတစ်ခုလုံးကို လွှမ်းခြုံလိုက်ပြီးနောက်တွင် လုံခြုံသည့်ခံစားချက် ရွှီချင်း ရလိုက်သည်။

ထို့ကြောင့် သူက လှေနှင့်ပတ်သက်သည့်အကြောင်းများကို ကျောက်စိမ်းပေလွှာပေါ်တွင် ဆက်ကြည့်လိုက်သည်။ ကျောက်စိမ်းပေလွှာပေါ်ရှိ စာသားများကို သူ အကြိမ်ကြိမ်အခါခါ ဖတ်ရှုပြီးနောက် စိတ်ထဲတွင် စွဲစွဲမြဲမြဲ မှတ်သားထားလိုက်သည်။

ချီရွှဲ့ထုံဂိုဏ်း၏ လှေက အမှန်စင်စစ် ကြီးထွားလာနိုင်သည့်အလားအလာ လွန်စွာ မြင့်မားသည်။

ဂိုဏ်းသားများအနေဖြင့် အမြန်နှုန်း၊ ခုခံကာကွယ်ရေး၊ တိုက်ခိုက်ရေးနှင့် ထူးခြားဆန်းသစ်ရေး စသည့် ကဏ္ဍလေးရပ်တွင် သူတို့ လိုအပ်ချက်အပေါ် မူတည်၍ လှေကလေးကို အစွမ်းမြှင့်တင်နိုင်သည်။ ကဏ္ဍတစ်ရပ်ချင်းဖြစ်စေ ကဏ္ဍလေးရပ်လုံးတွင်ဖြစ်စေ ရင်းမြစ်အနည်းအများနှင့် သဘောကျနှစ်သက်မှုအပေါ်တွင် မူတည်၍ လှေကလေးကို မြှင့်တင်နိုင်သည်။

ပထမအချက်သုံးချက်က ရိုးရှင်းပြီး နားလည်ရလွယ်ပါသော်လည်း ထူးခြားဆန်းသစ်ရေးဆိုသော ကဏ္ဍက မန္တန်များမှလွဲ၍ ထူးဆန်းသော စွမ်းရည်များကို ကိုယ်စားပြုပေသည်။ ဥပမာအနေဖြင့် လှေကလေးကို ပင်လယ်ရေအောက်ကြမ်းပြင်အထိ ငုပ်လျှိုးသွားစေခြင်း သို့မဟုတ် ပင်လယ်ပြင်မှ လေပေါ်ပျံတက်ကာ ဝေဟင်တွင် ပျံသန်းစေခြင်းတို့ ဖြစ်သည်။

သို့တည်းမဟုတ် မူလ လှေကလေးနှင့် အနည်းငယ် ပြောင်းလဲသွားခြင်းလည်း ဖြစ်နိုင်သည်။

သို့သော်လည်း ထူးခြားဆန်းသစ်ရေးဖြစ်စေ၊ တခြားကဏ္ဍသုံးရပ်တွင်ဖြစ်စေ ၎င်းတို့ကို အဆုံးအဖြတ်ပေးနိုင်သော အရာတစ်ခုရှိပြီး ယင်းက လှေထည်ပစ္စည်းဖြစ်သည်။

ယေဘုယျပြောရလျှင် သတ္တမမြောက်တောင်ထိပ်မှ တပည့်များ လှေထည်ပစ္စည်းကို ရွေးချယ်ရာတွင် နည်းလမ်းတစ်မျိုး ရှိသည်။ ပထမတစ်နည်းက လူလုပ်ထားသည့်လှေဖြစ်သည်။

လှေကို ပို၍ အစွမ်းထက်လာစေပြီး မန္တန်အစီအရင်များကို ခံနိုင်ရည်ရှိရန် အရည်အသွေးမြင့်မားသော ပစ္စည်းများ အသုံးချရမည်ဖြစ်သည်။

ထိုလမ်းစဉ်သည် ဒုတိယမြောက်တောင်ထိပ်၏ မန္တန်အစီအရင်ပညာရပ်နှင့် ပေါင်းစည်းရန် လိုအပ်သည်။ နောင်တချိန်တွင် ထိုနည်းလမ်းဖြင့် လုပ်ထားသော လှေက လူလုပ်ထားသည့်ကန့်သတ်ချက်များ ရှိနေမည်ဖြစ်ပါသော်လည်း ဂိုဏ်းသားများအတွက် ပထမရွေးချယ်စရာတစ်ခုအဖြစ် ရှိနေဆဲပင်။

ယင်းနည်းလမ်းက အန္တရာယ်မများလွန်းဘဲ စည်းမျဉ်းများကို လိုက်နာရသည့် တစ်ဆင့်ခြင်းသွားရသော နည်းလမ်းလည်း ဖြစ်သည်။

“ ဒုတိယနည်းလမ်းကတော့ …”

“ လှေထည်ပစ္စည်းအတွက် သန္ဓေပြောင်းသားရဲတွေရဲ့ခန္ဓာကိုယ်ကို အသုံးချတာပဲ။ မန္တန်အစီအရင်တွေ ထပ်ထည့်စရာမလိုတော့ဘူး ”

ရွှီချင်း အနည်းငယ် နားလည်လာသည်။ ကျောက်စိမ်းပေလွှာမှတစ်ဆင့် သန္ဓေပြောင်းသားရဲကြီးများတွင် သဘာဝမန္တန်အစီအရင်များ ရှိနေကြောင်း သိလာခဲ့ရသည်။

၎င်းတို့၏ပါရမီနှင့် တန်ခိုးစွမ်းအားများက ထူးခြားဆန်းကြယ်သည်ဟုလည်း ဆိုနိုင်သည်။ ထိုကဲ့သို့ မန္တန်အစီအရင်မျိုးကို အချုပ်အနှောင်အဖြစ် သိကြသည်။

သန္ဓေပြောင်းသားရဲအသီးသီးတွင် အချုပ်အနှောင်အသီးသီးနှင့် တန်ခိုးအစွမ်းအသီးသီး ရှိကြသည်။

“ ဘယ်လမ်းကိုပဲ ငါ ရွေးရွေး ရင်းမြစ်အများကြီး ကုန်မှာပဲ ”

ရွှီချင်းက လက်ထဲရှိ ကျောက်စိမ်းပေလွှာကို ငုံ့ကြည့်လိုက်ပြီး ချီရွှဲ့ထုံဂိုဏ်း မည်မျှ ကြောက်မက်ဖွယ်ကောင်းသည်ကို နောက်တစ်ကြိမ် နားလည်လာရပြန်သည်။

တပည့်အသစ်တစ်ယောက်ဖြစ်သော သူ လဲထားခဲ့သည့် လှေသည်ပင် အဆင့်တစ်လှေသာ ဖြစ်သေးသည် မဟုတ်ပါလား။

သတ္တမမြောက်တောင်ထိပ်၏ လှေများနှင့်ပတ်သက်၍ လှေ၊ သင်္ဘော၊ စစ်သင်္ဘောနှင့် ပင်လယ်ကူးသင်္ဘော ဟူ၍ အမျိုးအစားကြီးလေးမျိုး ခွဲခြားထားသည်။ ထိုအမျိုးအစားတစ်ခုချင်းစီတွင်လည်း အဆင့်လေးဆယ်ဆင့် ခွဲခြားထားသေးသည်။

အမှန်တကယ်တော့ ပင်လယ်ကူးသင်္ဘော ပြီးနောက် ကျောက်စိမ်းပေလွှာထဲတွင် အထွတ်အထိပ်အဆင့်တစ်ဆင့် ရှိသေးကြောင်းကိုပင် ဖော်ပြထားသည်။

ထိုအဆင့်ကို တောင်ပံကြီး ဟူ၍ ခေါ်သည်။

“ ဒီလှေ တိုးတက်ဖို့ဆိုရင် ရင်းမြစ်တွေ လိုတယ် …”

ရွှီချင်းအနေဖြင့် အသေးစိတ်တွက်ချက်နေရန် မလိုအပ်ဘဲ အကြမ်းဖျင်း တွက်ချက်ကြည့်ခြင်းသည်ပင် သူ့ကို ပင့်သက်ရှိုက်သွားစေသည်။

ထို့ကြောင့် ကျောက်စိမ်းပေလွှာကို ချ၍ သူ စဉ်းစားတွေးတောနေမိသည်။ ထို့နောက် သူ၏အိတ်ကလေးကို ငုံ့ကြည့်လိုက်သည်။ သားရေအိတ်ရှုံ့လေးထဲတွင်ဖြစ်စေ သိုလှောင်အိတ်ထဲတွင် ဖြစ်စေ ကျန်ရှိနေသော ရင်းမြစ်ပစ္စည်းများက နည်းပါးလွန်းနေသေးသည်။

“ ငွေရှာဖို့နည်းလမ်း စဉ်းစားရမယ်။ တစ်လပြည့်ရင် ဆိပ်ကမ်းအတွက်အတွက်လည်း အခွန်ပေးထားရဦးမယ် ”

ရွှီချင်းက တီးတိုးရေရွတ်လိုက်သည်။ ခဏအကြာ နောက်ထပ်ကျောက်စိမ်းပေလွှာကို ထုတ်၍ ကြည့်ရှုလိုက်သည်။

ထိုကျောက်စိမ်းပေလွှာထဲတွင် သတ္တမမြောက်တောင်ထိပ်မှ ဂိုဏ်းသားများသာ လေ့ကျင့်ခွင့်ရှိသည့် ကျင့်ကြံခြင်းပညာရပ်ကို ဖော်ပြထားသည်။ ထိုပညာရပ်က ပင်လယ်အသွင်ပြောင်းပညာ ဖြစ်သည်။

နန်းဟွမ်ဒေသကြီးရှိ ထိပ်သီးအင်အားစုကြီးဖြစ်၍ တောင်ထိပ်အသီးသီးမှ ကျင့်ကြံခြင်းပညာရပ်များက ဓာတ်နှောဖယ်ထုတ်နိုင်စွမ်းအရဖြစ်စေ၊ တန်ခိုးအစွမ်းအရာတွင်ဖြစ်စေ လွန်စွာ အဖိုးတန်သည်။ ထိုပညာရပ်များ၏ စွမ်းအားများသည်လည်း တခြားအင်အားစုလေးများနှင့် မိသားစုများ လိုက်မမီနိုင်လောက်အောင် ကြောက်ခမန်းလိလိ ဖြစ်နေပေလိမ့်မည်။

ကျင့်ကြံခြင်းအဆင့် တူညီနေသည့်တိုင်အောင် ပိုးစုန်းကြူးနှင့် မီးရှူးတိုင်ပမာ ကွာခြားနေပေလိမ့်မည်။

ထိုပညာရပ်ကို သေချာလေ့လာပြီးနောက် ရွှီချင်းက သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်သည်။ ဤနေရာသို့ သူ ရောက်လာပြီးနောက် သူ မြင်ခဲ့ရသော ချီရွှဲ့ထုံဂိုဏ်းသားများအားလုံး ကျင့်ကြံခြင်းအဆင့် မမြင့်မားသည့်တိုင်အောင် ကြောက်စရာကောင်းနေရသည်ကို နောင်ဆုံးတွင် သူ နားလည်သွားသည်။

ကျင့်ကြံခြင်းပညာရပ်၏အဆင့်အတန်းက အရာအားလုံးကို အဆုံးအဖြတ်ပေးသည်။

ဥပမာအနေဖြင့် ဤပင်လယ်အသွင်ပြောင်းပညာရပ်တွင် ချီစုစည်းခြင်းအဆင့်ဆယ်ဆင့်နှင့် ညီမျှသော စုစုပေါင်းဆယ်ဆင့်ရှိသည်။ ထိုပညာရပ်ကို ကျင့်ကြံသည့်အခါ ပင်လယ်နှင့်အနီးတွင် ရှိနေရသည်။ ပင်လယ်ထဲသို့ သွားရောက်ကျင့်ကြံနိုင်လျှင် ပိုကောင်းသည်။

ကျင့်ကြံခြင်းအဆင့်တစ်ဆင့်စီ၌ ပင်လယ်ပြင်မှ အငွေ့အသက်များကို စုပ်ယူကာ ခန္ဓာကိုယ်ထဲတွင် ပေတစ်ရာမြင့်သော ဝိညာဉ်ပင်လယ်တစ်စင်းကို တည်ဆောက်ရသည်။ အဆင့်တစ်ဆယ်အထိ ကျင့်ကြံပြီးသောအခါ ချီစုစည်းခြင်းအဆင့်၏ အထွတ်အထိပ်ကို ရောက်သွားမည်ဖြစ်ပြီး ဝိညာဉ်ပင်လယ်သည်လည်း ပေတစ်ထောင်ကို ရောက်သွားမည်ဖြစ်သည်။

All Chapters