← Chapters

ပင်လယ်ကို ကျင့်ကြံခြင်းအခြေခံအဖြစ် အသုံးချ၍ ( ၃ )

Vol. 6 Ch. 88

ပင်လယ်ကို ကျင့်ကြံခြင်းအခြေခံအဖြစ် အသုံးချ၍ ( ၃ )

Vol. 6 Ch. 88

ပင်လယ်အသွင်ပြောင်းပညာရပ်ကို ကျင့်ကြံထားသော ကျင့်ကြံသူများသည် လွန်စွာ အသက်ရှည်ကြသည်။ သူတို့ခန္ဓာကိုယ်ထဲရှိ ဝိညာဉ်စွမ်းအားများက ရှိသင့်သည်ထက် အဆပေါင်းများစွာ သာလွန်နေပြီး အဆုံးအစမဲ့ ဂါထာမန္တန်များနှင့် ပေါင်းစပ်လိုက်သောအခါ တိုက်ပွဲစွမ်းရည်က သဘာဝကျစွာပင် အဘက်ဘက်မှ သာလွန်နေတော့သည်။

ပို၍ ထူးဆန်းသော အချက်မှာ တိုက်ခိုက်သည့်အခါ ဝိညာဉ်ပင်လယ်ထဲရှိနေသော တားမြစ်ပင်လယ်အငွေ့အသက်များက ရန်သူကို စိတ်ဖိအားပေးနိုင်ပြီး အားအင်ချည့်နဲ့သွားစေနိုင်သည်။

ချီစုစည်းခြင်းအဆင့်က ဝိညာဉ်စွမ်းအားများကို ခန္ဓာကိုယ်ထဲ စုဆောင်းခြင်းဖြစ်သည်။ ပင်လယ်အသွင်ပြောင်းပညာရပ်၌ တားမြစ်ပင်လယ်၏အငွေ့အသက်များက ဝိညာဉ်စွမ်းအားနည်းပါးသည့်လူအားလုံးကို တုန်လှုပ်ချောက်ချားသွားအောင် လုပ်နိုင်သည်။

“ တောင်တန်းပင်လယ်ပညာရပ်က အပြင်အားပညာရပ်ပဲ။ ကွေအရိပ်ကို အဆင့်လွန် ကျွမ်းကျင်သွားတဲ့အခါ အပြင်အားမှာ အထွတ်အထိပ်ကို ရောက်တယ်။ အဲဒါက ချီစုစည်းခြင်းအဆင့် အထွတ်အထိပ်နဲ့ ညီတယ်။ ဒါပေမဲ့ ကျင့်ကြံခြင်းပညာရပ်အဆင့်အတန်း ကွာခြားမှုတွေကြောင့် တခြားအဆင့်မြင့် ကျင့်ကြံခြင်းပညာရပ်တွေနဲ့ ယှဉ်လိုက်ရင် အထွတ်အထိပ်ရောက်တာချင်း တူရင်တောင် အများကြီး နိမ့်ကျနေတယ် ”

“ ဒါပေမဲ့ ငါ့ခန္ဓာကိုယ်ထဲမှာ ဓာတ်နှောတွေလည်းမရှိဘူး၊ ခရမ်းရောင်သလင်းကျောက်ကလည်း အကူအညီပေးထားတော့ တောင်တန်းပင်လယ်ပညာရပ်အဆင့်ခုနစ်နဲ့ အထွတ်အထိပ်ကို ငါ ရောက်သွားတယ်။ ငါ့တိုက်ရည်ခိုက်ရည်က အထွတ်အထိပ်ရောက်နေတဲ့ လူတစ်ယောက်နဲ့ ယှဉ်နိုင်တယ် ”

“ နောက်ဆုံးကျရင် တောင်တန်းပင်လယ်ပညာရပ်က ဒီပင်လယ်အသွင်ပြောင်းပညာရပ်ကို ယှဉ်နိုင်မှာ မဟုတ်ဘူး။ တစ်ခုက အပြင်အားပညာရပ်၊ နောက်တစ်ခုက ကျင့်ကြံခြင်းပညာရပ်ပဲ ”

ရွှီချင်းက တောင်ပေါ်တွင် သက်လတ်ပိုင်းလူ ပြောခဲ့သည့် စကားများကို စိတ်ထဲမှ ပြန်တွေးနေမိသည်။

ခဏအကြာ ရွှီချင်း၏အကြည့်က ခိုင်မာစွာ ဆုံးဖြတ်ချက်ချထားဟန်ပေါ်လာသည်။ ပင်လယ်အသွင်ပြောင်းပညာရပ်ကိုသုံး၍ ဖြစ်ပေါ်လာသော ဝိညာဉ်ပင်လယ်က အကန့်အသတ်မရှိသည်ကိုလည်း သူ သတိထားမိလာသည်။

လူအားလုံး၏ ခန္ဓာကိုယ်တည်ဆောက်ပုံက မတူညီသည်ဖြစ်၍ သန္ဓေပြောင်းအဆင့်သည်လည်း ကွဲပြားသည်။

ဓာတ်နှောပမာဏနည်းပါးသည်နှင့်အမျှ ဝိညာဉ်ပင်လယ်၏ ကန့်သတ်ချက်က ပို၍ ကျယ်ပြန့်သွားသည်။ ချီရွှဲ့ထုံဂိုဏ်းတွင် အမြင့်ဆုံးမှတ်တမ်းမှာ လွန်ခဲ့သော နှစ်ပေါင်းခြောက်ဆယ်က ချီစုစည်းခြင်းအဆင့်၏ အထွတ်အထိပ်ကို ရောက်ပြီးနောက် ဝိညာဉ်ပင်လယ်က ပေ ( ၂၇၀၀ ) အထိ ရောက်ရှိသွားခြင်း ဖြစ်သည်။

ထိုအဆင့်အထိ ရောက်ရှိသွားသူမှာ ချီရွှဲ့ထုံဂိုဏ်း၏ လက်ရှိ သတ္တမမြောက်တောင်ထိပ်သခင်ကြီး ဖြစ်သည်။

ထိုမှတ်တမ်းကို မြင်ပြီးနောက် ရွှီချင်း၏မျက်လုံးများ မှေးသွားသည်။ သူ့ခန္ဓာကိုယ်ထဲတွင် ဓာတ်နှောများ မရှိတော့သည်ကို သူ သိသည်။

“ ဒါဆို ပင်လယ်အသွင်ပြောင်းပညာရပ်ကို ငါ ကျင့်ကြံလို့ အထွတ်အထိပ်ကို ရောက်ရင် ငါ့ဝိညာဉ်ပင်လယ်က ဘယ်လောက်ထိ ကြီးနေမလဲ ”

ထိုခဏတွင် ရွှီချင်း၏ရင်ထဲ မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေသည်။ ဓာတ်နှောများက အကန့်အသတ်ကို တားဆီးထားတော့မည် မဟုတ်၍ သူ၏အမြင့်ဆုံးကန့်သတ်ချက်က သူ ခံနိုင်ရည်ရှိသည်အထိ ဖြစ်သွားပေလိမ့်မည်။

ထို့ပြင် သူ၏ဒဏ်ရာကုသနိုင်စွမ်းသည်လည်း ကြောက်ခမန်းလိလိ ဖြစ်ပေရာ သူ၏ခံနိုင်ရည်သည်လည်း လွန်စွာ ကြီးမားနေပေလိမ့်မည်။

ထိုအချက်ကြောင့် ရွှီချင်း၏မျက်လုံးများ တဖိတ်ဖိတ်လက်နေတော့သည်။

တချိန်တည်းမှာပင် တောင်တန်းပင်လယ်ပညာရပ်က မန္တန်များကို လေ့လာခြင်းဖြစ်ပြီး အပြင်အားလေ့ကျင့်ခြင်း မဟုတ်ကြောင်းကိုလည်း သူ သတိထားမိလာသည်။ ကျင်းကန်းဂိုဏ်းနှင့် တိုက်ပွဲပြီးနောက် အပြင်အားသက်သက်ကျင့်ကြံခြင်း၏ ဆိုးကျိုးများကို သူ ကောင်းစွာ နားလည်လာခဲ့သည်။

ထို့ကြောင့် သူက တွေဝေတွန့်ဆုတ်မနေတော့ဘဲ ကျင့်ကြံခြင်းပညာရပ်ကို စိတ်ထဲတွင် ဂရုတစိုက် မှတ်သားပြီးနောက် မျက်လုံးများကို ချက်ချင်းပိတ်၍ ကျင့်ကြံလိုက်သည်။

သူ ကျင့်ကြံလိုက်သည်နှင့် လှေကလေးကို လေများ တဟူးဟူး တိုက်ခတ်လာသည်။ ပင်လယ်ရေမျက်နှာပြင်၌ ဓာတ်နှောများ ရောယှက်နေသည့် တားမြစ်ပင်လယ်အငွေ့အသက်များ ကိန်းအောင်းနေသော ဝိညာဉ်စွမ်းအားအမြောက်အမြား ရွှီချင်း၏ လှေကလေးထံ တဟုန်ထိုး ဝင်ရောက်လာသည်။

အကာအကွယ်အလင်းအလွှာက မန္တန်များကို တားဆီးနိုင်ပါသော်ငြား ဝိညာဉ်စွမ်းအားများကို တားဆီးမည် မဟုတ်ပေ။ ဝိညာဉ်စွမ်းအားများက အထဲရောက်ပြီးနောက် ရွှီချင်း၏ခန္ဓာကိုယ်ပေါ်ရှိ မွေးညင်းပေါက်များမှတစ်ဆင့် တိုးဝင်သွားသည်။

ဓာတ်နှောများ ကင်းစင်နေသော ရွှီချင်း၏ခန္ဓာကိုယ်က ကြိမ်ဖန်များစွာ သန့်စင်ခံထားရသည်ဖြစ်၍ သူ၏သွေးကြောများသည် ကြည်လင်ဝင်းလက်နေ၏။ ထို့ကြောင့် ဝိညာဉ်စွမ်းအားများက အတားအဆီးမဲ့စွာ တဟုန်ထိုး စီးဝင်နေတော့သည်။

သူ၏ခန္ဓာကိုယ်က ခြောက်သွေ့နေသော ရေမြှုပ်ပမာ ဝိညာဉ်စွမ်းအားများကို စုပ်ယူ၍ ဒန်ထျန်ဆီ စုစည်းနေသည်။

ထိုသို့ ကျင့်ကြံနေစဉ်အတောအတွင်း ပင်လယ်အသွင်ပြောင်းပညာရပ်ကြောင့် တောင်တန်းပင်လယ်ပညာရပ်၏အစွမ်းက နိုးထလာချင်ဟန်တူသည်။ သို့သော်လည်း စီးဆင်းနေသော သွေးကြောများက မတူညီ၍ သူ ဖိနှိပ်ထားလိုက်သည်။

ခဏအကြာ တောင်တန်းပင်လယ်ပညာရပ်က အတားအဆီးမဲ့စွာ လှည့်ပတ်ချင်လာနေသည့်အတွက် သူ စဉ်းစားရကြပ်သွားသည်။ သူ အတန်ငယ် ငြိမ်သက်နေပြီးနောက် ထိန်းချုပ်မထားတော့ရန် ဆုံးဖြတ်ချက်ချလိုက်သည်။

ထို့နောက် တောင်တန်းပင်လယ်ပညာရပ်က အတားအဆီးမဲ့စွာ လှည့်ပတ်လာပြီး ဝိညာဉ်စွမ်းအားများက အရပ်မျက်နှာအနှံ့မှနေ၍ အဆပေါင်းများစွာ ချက်ချင်း စီးဝင်လာသည်။

သူ၏ဒန်ထျန်ထဲတွင် စုစည်းလာနေသော ဝိညာဉ်ပင်လယ်က ချက်ချင်း အရှိန်အဟုန်ကြီးမားလာသည်။

ထိုအခြင်းအရာကြောင့် ရွှီချင်းမှာ မယုံကြည်နိုင်လောက်အောင် ဖြစ်သွားရသည်။

ကျင့်ကြံခြင်းပညာရပ်နှစ်ခုက တစ်ခုနှင့်တစ်ခု ရောယှက်နေသည့်အလားပင်။ တောင်တန်းပင်လယ်ပညာရပ်က ပင်လယ်အသွင်ပြောင်းပညာရပ်ကို တိုက်ခိုက်နေခြင်းမရှိဘဲ အဖြည့်ခံပညာရပ်တစ်ခုပမာ ဖြစ်နေသည်။

ထို့ကြောင့် သူက သူ၏ခန္ဓာကိုယ်တစ်ခုလုံးရှိ သက်စောင့်အားများနှင့် သွေးများကို ချဲ့ထုတ်ရန် ဆုံးဖြတ်ချက်ချလိုက်ပြီး ခန္ဓာကိုယ်အပြင်ဘက်တွင် အရိပ်ပေါ်လာသည်။

အရိပ်က ပေါ်လာသည်နှင့် တစ်ပြိုင်နက် ကောင်းကင်ကြီးကို ဟိန်းဟောက်လိုက်ပြီး ပင်လယ်ပြင်ထဲတွင် ကူးခတ်နေသည့်အလား လက်နှစ်ဖက်ကို လှုပ်ရှားလိုက်ရာ တားမြစ်ပင်လယ်ထဲရှိ ဝိညာဉ်စွမ်းအားများက တဝုန်းဝုန်းရိုက်ခတ်နေသော ဒီရေလှိုင်းအလား ပေါက်ကွဲထွက်လာတော့သည်။

ထိုအချိန်၌ ရွှီချင်း၏စိတ်ထဲ တုန်ရီသွားရပြီး ဒန်ထျန်ထဲရှိ ဝိညာဉ်ပင်လယ်က ပေတစ်ရာအမြင့်ကို တမုဟုတ်ချင်း ရောက်သွားသည်။

ပင်လယ်အသွင်ပြောင်းပညာရပ်၏အဆင့်တစ်ကို အောင်မြင်သွားပြီဖြစ်သည်။

ရွှီချင်း၏ခန္ဓာကိုယ် တုန်ရီနေပြီး သူ များများစားစား တွေးတောနေရန် အချိန်မရှိဘဲ အဆင့်နှစ်ကို ချက်ချင်း ကျင့်ကြံလိုက်သည်။ မကြာခင် ပင်လယ်အသွင်ပြောင်းပညာရပ်၏ အဆင့်နှစ်ကို အောင်မြင်သွားသည်။

“ မြန်လှချည်လား ”

ရွှီချင်းသည် တွေဝေတွန့်ဆုတ်မနေဘဲ အဆင့်သုံးကို ချက်ချင်း ကျင့်ကြံလိုက်သည်။

သူ၏ခန္ဓာကိုယ်ထဲရှိ ဝိညာဉ်ပင်လယ်က ပေနှစ်ရာ့တစ်ဆယ်၊ နှစ်ရာ့နှစ်ဆယ်၊ နှစ်ရာ့သုံးဆယ် စသည်ဖြင့် ဆက်လက်ကျယ်ပြန့်လာသည်။

ထိုကဲ့သို့ တဟုန်ထိုး မြင့်တက်လာနေစဉ် သူ၏လှေကလေးအပြင်ဘက်ရှိ ဝိညာဉ်စွမ်းအားများသည်ပင် တဖြည်းဖြည်း လေပွေတစ်ခု ဖြစ်လာပြီး လေတဟူးဟူး တိုက်ခတ်လာတော့သည်။ ပင်လယ်ရေမျက်နှာပြင်၌ ရေလှိုင်းများ ရိုက်ခတ်လာပြီး ဆိပ်ကမ်းရှိ အစောင့်များ သတိထားမိသွားကြသည်။

သူတို့အားလုံး ထိုအခြင်းအရာကိုကြည့်၍ မျက်နှာအမူအရာများ ပြောင်းလဲသွားကြသည်။

“ ဘယ်ပါရမီရှင်ဂိုဏ်းသား ကျင့်ကြံနေတာတုန်းဟ ”

“ ဒီဝိညာဉ်စွမ်းအားကို စုပ်ယူနိုင်စွမ်းကတော့ ကြောက်စရာပဲဟေ့ ”

သူတို့အားလုံး တအံ့တသြ ြကည့်နေကြစဉ် လေပွေက တဝုန်းဝုန်း မြည်ဟည်းလာပြီး ကြီးမားလာပြန်ရာ ပင်လယ်ရေမျက်နှာပြင် မငြိမ်မသက်ဖြစ်လာသည်။ ထိုလှေကလေးနှင့် တွဲချည်ထားသော တခြားလှေများသည်လည်း ယမ်းခါလာပြီး ဂိုဏ်းသားများစွာ မျက်မှောင်ကြုတ်၍ အပြင်ထွက်လာကြသည်။ သူတို့အားလုံး အေးတိအေးစက်ဖြစ်နေကြပြီး မကြာခင် အံ့အားသင့်သွားသည့်အမူအရာများအဖြစ် ပြောင်းလဲသွားသည်။

“ ဘာဖြစ်နေတာတုံး ”

လေပွေက ဆက်လက်ကြီးမားလာနေဆဲပင်။

လှေကလေးပေါ်၌ ရွှီချင်း၏ခန္ဓာကိုယ်တစ်ခုလုံး တဆတ်ဆတ် တုန်ရီနေသည်။ ထိုစဉ် သူ၏ခန္ဓာကိုယ်ထဲမှ ဝိညာဉ်ပင်လယ်က ပေသုံးရာကိုကျော်လွန်၍ ပေသုံးရာ့ခုနစ်ဆယ်အထိ ရောက်သွားသည်။

၎င်းက ဆက်လက်ကြီးမားနေ၏။

ပေသုံးရာ့ရှစ်ဆယ်၊ ပေသုံးရာ့ကိုးဆယ်နှင့် ပေလေးရာအထိ ရှိလာသည်။

ရွှီချင်းက မျက်လုံးများကို ဖျပ်ခနဲ ဖွင့်လိုက်သည်။ သူ၏မျက်လုံးများထဲတွင် ခရမ်းရောင်အလင်းတစ်ချက် ဝင်းလက်သွားပြီး အံ့အားသင့်သွားသည့်အရိပ်အယောင်များ အစားထိုးနေရာယူလာသည်။

“ ပင်လယ်အသွင်ပြောင်းပညာရပ်၊ အဆင့်လေး ”

All Chapters