← Chapters

လိပ်ပြာအသွင်ပြောင်းခြင်း

Vol. 6 Ch. 89

လိပ်ပြာအသွင်ပြောင်းခြင်း

Vol. 6 Ch. 89

ညသန်းခေါင်ယံအချိန်၌ ရွှီချင်းသည် ပင်လယ်အသွင်ပြောင်းပညာရပ်ကို ကျင့်ကြံပြီး အဆင့်လေးကို တစ်ခါတည်း ထိုးဖောက်သွားသည်။

ထိုအဆင့်တက်နှုန်းက အလွန် လက်ဖျားခါရလောက်အောင် ဖြစ်နေပြီး ဘေးပတ်ဝန်းကျင်ရှိ သတ္တမမြောက်တောင်ထိပ်ဂိုဏ်းသားများကို တုန်ရီသွားစေသည်။ သို့သော်လည်း ဂိုဏ်းသားအများစုက သူတို့စိတ်ခံစားချက်များအား ဖုံးကွယ်ထားရသည်ကို သဘောတွေ့ကြသည်။

ရွှီချင်း၏လှေက အသစ်ဖြစ်သည်ကို သူတို့ သတိထားမိသွားပြီး ရွှီချင်းက ဂိုဏ်းသားအသစ်ဖြစ်ကြောင်း သိသွားသောအခါ အများစုက သူတို့လှေများဆီ ပြန်သွားကြသည်။ အပြင်ပန်းမှကြည့်လျှင် သူတို့သည် သူ့ကို ဂရုမစိုက်ကြတော့ဘဲ အရာအားလုံး ပုံမှန်ပြန်ဖြစ်သွားဟန် ရှိပါသော်လည်း အမှန်စင်စစ် တိတ်တဆိတ် စူးစမ်းလေ့လာနေကြသည်။

မိုးကုတ်စက်ဝိုင်းဆီမှ နေမင်းကြီး ထွက်ပေါ်လာပြီး နေရောင်ခြည်တန်းများ ပင်လယ်ပြင်ပေါ် ဖြာကျလာသောအခါမှသာ လှေကလေးထဲရှိ ရွှီချင်း၏မျက်လုံးများ ပွင့်လာသည်။

ဤတစ်ကြိမ်တွင် သူ၏မျက်လုံးများထဲရှိ ခရမ်းရောင်အလင်းတန်းက အသက်ဆယ်ကြိမ်ရှူစာ ကြာမြင့်ပြီး တဖြည်းဖြည်း လွင့်ပါးပျောက်ကွယ်သွားကာ အံ့အားသင့်နေသည့်အရိပ်အယောင်များက အစားထိုးနေရာယူလာသည်။

ညသန်းခေါင်ယံနောက်ပိုင်း သူ၏ကျင့်ကြံခြင်းအမြန်နှုန်းက များစွာ နှေးကွေးသွားပါသော်လည်း ပင်လယ်အသွင်ပြောင်းပညာရပ်၏ အဆင့်လေးမှ အဆင့်ငါးကို သူ တက်သွားခဲ့သေးသည်။

သို့သော်လည်း တစ်ညတည်းဖြင့် ထိုကဲ့သို့အဆင့်မျိုး ရောက်ရှိသွားခြင်းသည် ရွှီချင်း၏ ခန့်မှန်းချက်များကိုလည်း ကျော်လွန်သွားဲ့သည်။

“ တောင်တန်းပင်လယ်ပညာရပ်နဲ့ ပင်လယ်အသွင်ပြောင်းပညာရပ်တို့က တစ်ခုနဲ့တစ်ခု လိုက်ဖက်ညီနေတာပဲ ”

ရွှီချင်း မယုံကြည်နိုင်လောက်အောင် ဖြစ်နေသည်။

ယခုအချိန်တွင် ထိုင်နေသော သူ၏ပုံပန်းသွင်ပြင်က ယမန်နေ့ကနှင့် မတူတော့ဘဲ စူးရှချွန်ထက်သော မေးရိုးက ပျော့ပျောင်းလာသည်။

အမှန်တကယ်တွင် မြင့်မြတ်သော အရှိန်အဝါဖျော့ဖျော့သည်ပင် တဖြည်းဖြည်း ဖြစ်တည်လာ၏။

ယင်းသည် ပင်လယ်အသွင်ပြောင်းပညာရပ်ကို ကျင့်ကြံခြင်းကြောင့် ရရှိသည့် အရှိန်အဝါဖြစ်သည်။

ရွှီချင်းက သူ၏ခန္ဓာကိုယ်ထဲမှ ပေငါးရာရှည်သော ဝိညာဉ်ပင်လယ်ကို အာရုံခံကြည့်ပြီးနောက် အသက်ဝဝရှူသွင်း၍ တောင်တန်းပင်လယ်ပညာရပ်စာသားများကို တွေးတောလိုက်သည်။

ရှောင်တစ်ကောင်က တောင်များကို ရွေ့နိုင်ပြီး ကွေတစ်ကောင်က ပင်လယ်များကို ရွေ့နိုင်သည်။

သို့သော်လည်း သူ စိတ်ထဲမှနေ၍ သေချာဂရုတစိုက် လေ့လာဆန်းစစ်လိုက်သည်။ နောက်ဆုံး၌ ထိုအချက်သည် တောင်တန်းပင်လယ်ပညာရပ်အကြောင်း ဖော်ပြချက် တစ်စိတ်တစ်ပိုင်း ဖြစ်ပါသော်လည်း သူ၏ခန္ဓာကိုယ်ထဲရှိ သွေးကြောများ ကြည်လင်ကာ မူမမှန်သည့်အရာများ ဖြစ်မလာသည်ကို ဆိုနေကြောင်း သူ ခံစားလာရသည်။

သူ၏ခန္ဓာကိုယ်က သာမန်ကျင့်ကြံသူတစ်ယောက်၏ခန္ဓာကိုယ်ပင် မယှဉ်ပြိုင်နိုင်လောက်အောင် မာကြောခိုင်ခံ့သည့် ဗူးခွံအလွတ်ကြီး တစ်လုံးကဲ့သို့ ဖြစ်နေမည်ဖြစ်သည်။

သို့ဖြစ်၍ အစောပိုင်းအဆင့်များ၌ ဝိညာဉ်စွမ်းအားအမြောက်အမြားကို ဝင်ဆံ့နိုင်ခြင်း ဖြစ်သည်။ ထို့ကြောင့် ညသန်းခေါင်ယံနောက်ပိုင်း ကျင့်ကြံခြင်းအမြန်နှုန်း နှေးကွေးသွားရခြင်းလည်း ဖြစ်သည်။

ဗူးခွံအလွတ်၏ စွမ်းဆောင်ရည်ကလည်း အကန့်အသတ်ရှိပေသည်။

“ ဒါပေမဲ့ ညသန်းခေါင်နောက်ပိုင်း ငါ နောက်တစ်ဆင့်တက်သွားတယ်ဆိုတာက င့ါကျင့်ကြံခြင်းအမြန်နှုန်းက နှေးသွားပေမဲ့ ငါ့ကို ဆက်တိုးတက်သွားအောင် ထောက်ပံ့ပေးနေတုန်းဆိုတာ ပြနေတာပဲ ”

ထိုအကြောင်းကို သူ တွေးမိသွားပြီး မျက်လုံးများ တဖိတ်ဖိတ်လက်သွားသည်။ ထိုညက ပင်လယ်အသွင်ပြောင်းပညာရပ်သာမက တောင်တန်းပင်လယ်ပညာရပ်သည်လည်း တိုးတက်သွားခဲ့သည်။

ယခုအချိန်၌ သူက အဆင့်ရှစ်ကိုရောက်ရန် သိပ်မလိုတော့ပေ။

အရေးကြီးဆုံးအချက်က ပင်လယ်အသွင်ပြောင်းပညာရပ်၏အဆင့်တိုင်းက ဂါထာမန္တန်များကို မှတ်တမ်းတင်ထားခြင်းပင်။ ထို့ကြောင့် သူ ညာလက်ကို ငုံ့ကြည့်လိုက်သည်။

အတွေးတစ်ချက်နှင့် သူ၏လက်ထဲတွင် ပင်လယ်ရေစက်တစ်လုံး အလျင်အမြန် ဖြစ်ပေါ်လာသည်။ လျှပ်တစ်ပြက်အတွင်း ၎င်းက လူတစ်ယောက်၏ခေါင်းတစ်လုံးစာအရွယ်ရှိ ရေလုံးကြီးတစ်လုံးအသွင် ပြောင်းလဲသွားသည်။ ၎င်းက အဆက်မပြတ် အသွင်ပြောင်းနေပြီး ပစ်လွင့်သွားတော့မည့် ဓားမြှောင်တစ်လက်အသွင်၊ ရံဖန်ရံခါ ဒိုင်းကာလေးတစ်ခုအသွင်နှင့် တစ်ခါတရံ ငှက်တစ်ကောင်အသွင် ပြောင်းလဲနေသည်။

သူ၏လက်ထဲ၌ ရေလုံးက အဆက်မပြတ် ပြောင်းလဲနေသည်။ ပင်လယ်ရေ၏ မတူညီသော ဖြန့်ကျက်ပုံအရ ပစ္စည်းတစ်ခုချင်းစီတိုင်းက မတူညီကြဘဲ တန်ခိုးစွမ်းအားများလည်း ကွဲပြားသွားကြသည်။

ပင်လယ်အသွင်ပြောင်းပညာရပ် ကျောက်စိမ်းပေလွှာထဲတွင် အဆင့်တစ်မှ အဆင့်တစ်ဆယ်အထိ မှတ်တမ်းတင်ထားသော ထိုကဲ့သို့ အသွင်ပြောင်းလဲခြင်းများက တစ်ရာအောက်မလျော့ပေ။

တချိန်တည်းမှာပင် ၎င်းက အေးစက်စက်အငွေ့အသက်များ ထုတ်လွှတ်နေပြီး ယင်းအပြင် ရန်သူ၏စိတ်ကို တုန်လှုပ်ချောက်ချားသွားစေနိုင်သည့်် တားမြစ်နယ်ပင်လယ်အငွေ့အသက်များလည်း ရှိနေသည်။ ၎င်း၏အစွမ်းကိုလည်း ရွှီချင်း အကြမ်းဖျင်း အာရုံခံမိနေသည်။

ထိုရေလုံး၏ ပြင်းထန်သောစွမ်းအားက ရတနာမုဆိုးစခန်း၌ သူ မြင်ခဲ့ရဖူးသော ချီစုစည်းခြင်းအဆင့်ငါး ကျင့်ကြံသူအားလုံးကို တုန်လှုပ်ချောက်ချားသွားစေရန် လုံလောက်သည်။

ရွှီချင်း အခြေအနေကို တွက်ဆကြည့်လိုက်သည်။ သူသာ ချီရွှဲ့ထုံဂိုဏ်းကို ရောက်မလာခဲ့ပါက ရေလုံးလေးဆယ်နှင့် တစ်ခဏလေးအတွင်း ချီရွှဲ့ထုံဂိုဏ်းသားများက သူ့ကို အလွယ်တကူ သတ်ဖြတ်နိုင်ပေလိမ့်မည်။

သို့သော် သူ၏ခန္ဓာကိုယ်ထဲရှိ ပေငါးရာမြင့်သော ဝိညာဉ်ပင်လယ်ကို အာရုံခံလိုက်ပြီးနောက် ရေလုံးငါးဆယ်ခန့် သူ ထုတ်လွှတ်နိုင်ကြောင်း ဆန်းစစ်မိလိုက်သည်။ ထိုကဲ့သိ့ု အရေအတွက်နှင့်ဆိုပါက သူ အသွင်ပြောင်းရာ၌ ထူးချွန်နေခဲ့သည့်တိုင်အောင် ချီရွှဲ့ထုံဂိုဏ်းသားများနှင့် ရင်ဆိုင်ရာတွင် သတိထားနေရမည်ဖြစ်ပြီး အချိန်အတော်ကြာမှသာ သူတို့ကို သတ်နိုင်ပေလိမ့်မည်။

ယင်းသည် လွန်စွာ ချဲ့ကားထားသည်လည်း ဖြစ်သည်။ ရွှီချင်းက တောင်တန်းပင်လယ်ပညာရပ်တွင် ခုနစ်ဆယ်ရာခိုင်နှုန်းအထိ ရောက်သွားပြီဖြစ်ပါသော်လည်း တောင်တန်းပင်လယ်ပညာရပ်ကို လေ့ကျင့်ထားသည့် တခြားလူများနှင့် ယှဉ်ပါက သူ၏တိုက်ရည်ခိုက်ရည်က အဆင့်တစ်ဆယ်နှင့် ညီမျှသည်။ သူက ကွေအရိပ်အထွတ်အထိပ်အဆင့်ကို ရောက်နေပြီ မဟုတ်ပါလား။

တခြားစကားလုံးဖြင့် ဆိုရပါက တောင်တန်းပင်လယ်ပညာရပ်ကို အဆင့်တစ်ဆယ်အထိ လေ့ကျင့်ထားသည့်လူက သတ္တမမြောက်တောင်ထိပ်၏ ပင်လယ်အသွင်ပြောင်းပညာရပ် အဆင့်ငါးအထိ လေ့ကျင့်ထားသည့်ဂိုဏ်းသားတစ်ယောက်ကို ချက်ချင်း မသတ်ဖြတ်နိုင်ပေ။

ထိုအချက်ကြောင့် ချီရွှဲ့ထုံဂိုဏ်းအပေါ် ရွှီချင်း၏နားလည်သဘောပေါက်မှုများ ပိုတိုးလာရပြန်သည်။ ယခုအခါ သတ္တမမြောက်တောင်ထိပ်မှ ဂိုဏ်းသားများ၏ ခံနိုင်ရည်နှင့် ခွန်အားကို သူ နက်နက်ရှိုင်းရှိုင်း ဝေဖန်ပိုင်းခြားနိုင်စွမ်း ရှိနေပြီဖြစ်သည်။

“ သာမန်ကျင့်ကြံသူတွေနဲ့ ဂိုဏ်းသားတွေကြားက ကွာခြားချက် ကြီးမားလွန်းတာပဲ ”

“ အခုချိန်မှာ အရင်တုန်းက ငါ့ကို အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းစာအချိန်အတွင်း ငါ သတ်နိုင်နေပြီ ”

ရွှီချင်းက တီးတိုးရေရွတ်လိုက်ပြီး သူ၏မျက်လုံးများ ဝင်းလက်သွားသည်။

သူ၏ကျင့်ကြံခြင်းအဆင့် သိသိသာသာ တိုးတက်မသွားပါသော်လည်း သူ၏တိုက်ရည်ခိုက်ရည် တိုးတက်သွားခြင်းက မှန်ကန်သော လမ်းကြောင်းကို သူ လျှောက်နေခြင်းဖြစ်ကြောင်း ခံစားရစေသည်။

မနက်ခင်းအချိန်အခါဖြစ်၍ နေရောင်ခြည်တန်းလေးများက အနက်ရောင်ခေါင်မိုးကို ဖြတ်၍ လှေဝမ်းထဲ ဝင်လာရာ လှေစောင်းတွင် ရွှီချင်း၏အရိပ်ပေါ်လာသည်။ ထို့နောက် သူက အရိပ်ကို ငုံ့ကြည့်လိုက်သည်။

တစ်ညလုံးကျင့်ကြံပြီးနောက် ဓာတ်နှောများအားလုံးကို အရိပ်က စုပ်ယူသွားခဲ့သည်။ ယင်းကြောင့် သူ၏အရိပ်သည် ယခင်ကထပ် ပို၍ပင် မည်းနက်လာဟန်တူသည်။ အနီးကပ်ကြည့်လိုက်မည်ဆိုပါက အရိပ်ကျနေသည့်နေရာများတွင် ချောက်နက်ကြီးတစ်ခုရှိနေသည့်အလားပင်။

ထိုအချိန်၌ ရွှီချင်း၏အကြည့်အောက်တွင် အရိပ်က ဆတ်ခနဲ လူးလွန့်လာသည်။ ၎င်းက ဘယ်ညာ လှုပ်ယမ်းနေပြီးနောက် လက်များ ဆန့်ထွက်လာသည်။ ၎င်းက လက်သီးဆုပ်ထားရာမှ လက်ချောင်းများအဖြစ် ဖြန့်လိုက်သည်။ ထိုသို့ လက်သီးဆုပ်လိုက်၊ ဖြန့်လိုက် ထပ်ခါထပ်ခါ လုပ်နေပြီး တစတစ မြန်ဆန်လာသည်။

၎င်းက ပို၍ပင် ရှည်လျားလာကာ ကျုံ့လာဟန်တူပြီး အလွန် ထူးဆန်းလာဟန် ရှိသည်။

အတော်ကြာပြီးနောက် ရွှီချင်း မောဟိုက်သွားပြီး အရိပ်က မူလပုံစံအတိုင်း ပြန်ရောက်သွားကာ လှုပ်ရှားနေရာမှ ရပ်တန့်သွားသည်။

“ ပင်လယ်အသွင်ပြောင်းပညာရပ်ကို အဆင့်တက်ပြီး စမ်းသပ်ကြည့်တော့ အရိပ်ကို ငါ့ထိန်းချုပ်နိုင်စွမ်းက သိသိသာသာ တိုးတက်လာတာပဲ ”

ရွှီချင်းက အပြင်ဘက်ရှိ နေမင်းကြီးကို မော့ကြည့်လိုက်သည်။

အချိန်အတော်ကြာပြီးနောက် သူ ဖြည်းညင်းစွာ မတ်တတ်ရပ်လိုက်သည်။ သူ၏ပစ္စည်းများကို သပ်သပ်ရပ်ရပ်ထားလိုက်ပြီး မီးခိုးရောင်တာအိုဝတ်ရုံကို ထုတ်၍ စားပွဲပေါ်တင်ကာ ညင်သာစွာ ပွတ်သပ်လိုက်သည်။

ထို့နောက် ညာလက်ကို ဝှေ့ယမ်းလိုက်ရာ ပင်လေရေတစ်စက် ဖြစ်လာသည်။ ထို့နောက် ရေလုံးကြီးအသွင်ပြောင်းလဲသွားပြီး ရေမှန်တစ်ချပ်အသွင် ပြောင်းလဲသွားကာ ရွှီချင်း၏ပုံရိပ်ပေါ်နေသော ရေမှန်တစ်ချပ်အသွင် ပြောင်းလဲသွားသည်။

ရေမှန်ထဲရှိ မျက်နှာက မရင့်ကျက်သေးသည့်အရိပ်အငွေ့များ ရှိနေပြီး ထူးခြားသော စွဲဆောင်မှုတစ်မျိုး ရှိနေကာ မယုံကြည်နိုင်လောက်အောင် နူးညံ့ချောမွတ်နေသည်။ ဖုန်အလိမ်းလိမ်းဖြင့် ညစ်ပတ်ပေရေနေပါသော်လည်း မျက်လုံးလေးနှစ်လုံးက ကြယ်ပွင့်လေးများအလား ဝင်းလက်တောက်ပနေသည်။

ရွှီချင်းက ရေမှန်ထဲရှိ သူ၏ပုံရိပ်ကို ကြည့်ပြီးနောက် တခဏကြာ တိတ်ဆိတ်သွားပြီး သူ၏မျက်နှာပေါ်တွင် ဆုံးဖြတ်ချက်ချသည့်အကြည့်တစ်စ ပေါ်လာသည်။ ထို့နောက် ရတနာမုဆိုးအဝတ်အစားများကို ချွတ်လိုက်ရာ တောင်တန်းပင်လယ်ပညာရပ်ကို လေ့ကျင့်ပြီးနောက် ကျစ်လျစ်တောင့်တင်းသော သူ၏ခန္ဓာကိုယ် လှစ်ခနဲ ထွက်ပေါ်လာသည်။

သူက ဘယ်လက်ကို မြှောက်၍ ရေမှန်ကို ဆွဲယူလိုက်ရာ ချက်ချင်းပင် ရေမှန်က ပြေးဝင်လာပြီး သူ၏ခန္ဓာကိုယ်ပေါ် ရေများအသွင် ပြောင်း၍ လောင်းချလိုက်သည်။ အညစ်အကြေးများက သူ၏ကျစ်လျစ်တောင့်တင်းသော ခန္ဓာကိုယ်ပေါ်မှ လျောကျသွားကာ သူ့ခြေထောက်အောက်ရှိ ကြမ်းပြင်ပေါ် ကျဆင်းသွားသည်။

ရွှီချင်းသည် တည်ငြိမ်စွာ ရပ်နေ၏။ ယင်းသည် ခုနစ်နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် သူ၏ခန္ဓာကိုယ်ကို သန့်စင်ဖူးခြင်း ဖြစ်သည်။

သူ လက်ရှိ ရောက်နေသော ပတ်ဝန်းကျင်က ပြောင်းလဲသွားပြီကို သူ သိသွားသည့်အတွက်ကြောင့် ထိုသို့ ကိုယ်လက်သန့်စင်ရခြင်းလည်း ဖြစ်သည်။ ဆင်းရဲသားရပ်ကွက်နှင့် ရတနာမုဆိုးစခန်း၌ ညစ်ပတ်ပေရေနေသော သူသည် တခြားလူများကဲ့သို့ ဖြစ်ပြီး သံသယအဝင်မခံခဲ့ရပေ။

သို့သော်လည်း ဤနေရာ၌ ယခင်အတိုင်း သူ ဆက်နေသေးလျှင် မလိုလားအပ်သော အာရုံစိုက်မှုများ ခံရနိုင်သည်။ ရတနာမုဆိုးဝတ်စုံကိုသာ ဝတ်ဆင်ထားပါက လူများကို ဆင်းရဲနွမ်းပါးသောလူတစ်ယောက်အဖြစ် မြင်သွားစေမည် ဖြစ်ပါသော်လည်း သူ မှော်လှေတစ်စီး ပိုင်ဆိုင်ထားသောအချက်က လျှို့ဝှက်ချက် မဟုတ်တော့ဘဲ အမြင်စူးရှသောမည်သူမဆို တစ်ချက်ကြည့်ရုံဖြင့် သိသွားမည်ဖြစ်သည်။ ထို့ကြောင့် ထိုအချက်ကို သူ ဆက်လက် ဖုံးကွယ်ထားမည်ဆိုလျှင်လည်း များစွာ အရေးမပါတော့ပေ။

သို့ဖြစ်၍ သူ၏ခန္ဓာကိုယ်ကို ရေများဖြင့် သန့်ရှင်းလိုက်ရာ ဖြူဖွေးသောအသားအရေ ပေါ်လာသည်။ သူ၏မျက်နှာနှင့် ဆံပင်များကိုလည်း သူ ဆေးကြောလိုက်၏။

မကြာခင် သူ၏ခန္ဓာကိုယ်ပေါ်တွင် အညစ်အကြေးများ မရှိတော့ဘဲ သူ၏မျက်လုံးများ ပွင့်လာသည်။

နေရောင်ခြည်က အနက်ရောင်အခန်းငယ်လေးပေါ် ဖြာကျနေပြီး ထိုမှတစ်ဆင့် သူ၏အနက်ရောင်ဆံပင်ရှည်များနှင့် မျက်နှာပေါ်လည်း ကျဆင်းလာသည်။ ရွှီချင်းသည် အနည်းငယ် စိတ်ထဲစနိုးစနှောင့်ဖြစ်နေရပြီး နောက်ဆုတ်လိုက်ရာ အမှောင်ရိပ်ထဲ ရောက်သွားသည်။

ထိုအမှောင်ထဲရှိ အရိပ်တွင် မည်းနက်တောင်ပြောနေသော ဆံပင်ရှည်များရှိသည်။

သူသည် အသက်ဆယ့်ခြောက်နှစ် သို့မဟုတ် ဆယ့်ခုနစ်နှစ် ခန့်ရှိဟန်တူသည်။ ညီညာဖြောင့်တန်းနေသော မျက်ခုံးမွေးများ၊ စူးရှသော မဟူရာမျက်လုံးများ၊ ပိရိသေသပ်သောနှုတ်ခမ်း၊ သေသပ်ကျနသော မျက်နှာသွင်ပြင်နှင့် ကျစ်လျစ်တောင့်တင်းသောခန္ဓာကိုယ် ရှိသည်။ သူသည် ညအမှောင်ထုအောက်တွင် အတောင်ပံများကို ဖြန့်ကျက်ချင်နေသည့် သိန်းငှက်တစ်ကောင်အလားပင်။

သူသည် အေးစက်တင်းမာပြီး အထီးကျန်ဆန်နေဟန်ရှိပါသော်လည်း အရှိန်အဝါတစ်ခုလည်း တိုးထွက်နေသည်။ မရင့်ကျက်သေးသော လူငယ်တစ်ယောက်၏မျက်နှာနှင့် ပေါင်းစပ်လိုက်သောအခါ သူ့ရုပ်သွင်က ထူးခြားသော စွဲဆောင်မှုတစ်ရပ် ဖြစ်နေတော့သည်။

ရွှီချင်းက သူ့လက်နှစ်ဖက်ကို ငုံ့ကြည့်လိုက်သည်။ ထို့နောက် မီးခိုးရောင်တာအိုဝတ်ရုံကို ယူ၍ ဝတ်ဆင်လိုက်သည်။

နောက်ဆုံး၌ ဂိုဏ်းမှပေးထားသောဖိနပ်များကို စီးလိုက်သည်။ ထို့နောက် သူက လက်ကိုဝှေ့ယမ်းလိုက်ရာ ရေလုံးများ ပေါ်လာပြီး ယမန်နေ့ညက သွေးကွက်များကို ဆေးကြောလိုက်သည်။ ရွှီချင်းက လှေအပြင်ကို ထွက်လာပြီးနောက် နေရောင်ခြည်အောက်တွင် သူ၏တစ်ကိုယ်လုံး ဝင်းလက်တောက်ပနေတော့သည်။

နွံနစ်နေခဲ့သော ကျောက်မျက်ရတနာက နွံများကို ဆေးကြောဖယ်ရှားပြီးနောက် ရှိရင်းစွဲအတိုင်း ဝင်းလက်တောက်ပလာသည့်အလားပင်။

ဆိပ်ကမ်းပေါ်ရှိ ကင်းလှည်းနေသော အစောင့်များသည်ပင် လှည့်ကြည့်မိသွားကြသည်။

ရွှီချင်းသည် လှေပေါ်တွင် ရပ်နေပြီး အပြင်လောကမှ အကြည့်များကို မနှစ်မြို့သည့်အလား မျက်လုံးများ မှေးသွားသည်။ နေရောင်ခြည်က သူ့အသားပေါ် ကျဆင်းလာသောအခါတွင်လည်း သူ အနည်းငယ် စိတ်မသက်မသာ ဖြစ်နေရသည်။ သို့သော်လည်း သူ့အနေဖြင့် ယင်းသို့ နေထိုင်တတ်မှဖြစ်မည်ဖြစ်ကြောင်း နားလည်ထားသည်ဖြစ်၍ မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်ကာ အသားကျရန် ကြိုးစားလိုက်သည်။

အချိန်အတော်ကြာပြီးနောက် သူ အသက်ဝဝရှူသွင်း၍ လှေလေးပေါ်မှ ခုန်ဆင်းလိုက်သည်။

သူက လက်တစ်ချက်ကို ဝှေ့ယမ်းလိုက်ပြီး လှေကလေးကို ပုလင်းထဲတွင် သိမ်းကာ ကင်းလှည့်နေသော အစောင့်များ၏အကြည့်အောက်တွင် အဝေးသို့ ဖြည်းညင်းစွာ လျှောက်သွားသည်။

ယနေ့က လူဆိုးထိန်းဌာနကို သူ စာရင်းအပ်ရမည့်နေ့ဖြစ်သည်။

တချိန်တည်းမှာပင် အဖြူရောင်ဆေးလုံးများနှင့် အဆိပ်မှုန့်များ ဖော်စပ်ရန်အတွက် ဆေးပင်နည်းနည်းပါးပါး ဝယ်ရန် သူ ဆေးဆိုင်များကို သွားရန်လည်း စီစဉ်ထားသည်။ ယခု သူ့၌ ဆေးလုံးများ မရှိတော့ပေ။

ဆိပ်ကမ်းမနက်ခင်းက လွန်စွာ သက်ဝင်လှုပ်ရှားနေ၏။

အပြင်လောကမှ ကုန်တင်သင်္ဘောကြီးများနှင့် သတ္တမမြောက်တောင်ထိပ်မှ ဂိုဏ်းသားများ၏ လှေကလေးများက ဆိပ်ကမ်းများပေါ်တွင် ဝင်ထွက်သွားလာနေကြပြီး ဆိပ်ကမ်းတစ်ခုလုံး ပျာပန်းခတ်မျှ စည်ကားနေသည်။ ဈေးဆိုင်အများစုသည်လည်း ဖွင့်နေပြီဖြစ်ပြီး ခေါင်းရွက်ဗျက်ထိုးဈေးသည်များသည်လည်း တစ်နေ့တာကို စတင်နေကြပြီဖြစ်သည်။

ရွှီချင်းရောက်ရှိလာခြင်းကြောင့် လူအနည်းငယ်က အာရုံစိုက်လာကြပါသော်လည်း ကျင့်ကြံသူများအတွက် ရုပ်ရည်သွင်ပြင်ကို ခေတ္တမျှ ကြည့်လိုက်ခြင်းသာ ဖြစ်သည်။ ထို့ကြောင့် အများစုက ကြည့်ပြီးသည်နှင့် အကြည့်လွှဲသွားကြသည်။

ရွှီချင်းက တဖြည်းဖြည်း အသားကျလာသည်။ သို့သော် လမ်းများထက် လျှောက်သောအခါတွင်လည်း သူက ပုန်းလျှိုးကွယ်လျှိုးဖြင့်သာ သွားလာနေဆဲပင်။ တချိန်တည်းမှာပင် လူဆိုးထိန်းဌာနကို သွားရာလမ်းတစ်လျှောက်၌ ဆေးဆိုင်များအပြင် ပန်းပဲလုပ်ငန်းများနှင့် အစီအရင်ဆိုင်များကိုလည်း ရွှီချင်း သတိထားမိခဲ့သည်။

မှော်လှေအကြောင်း ကျောက်စိမ်းပေလွှာထဲ၌ ဂိုဏ်းသားတိုင်းက လှေတစ်စီးကို ကိုယ်တိုင် မလုပ်နိုင်ကြကြောင်း ရွှီချင်း သိခဲ့ရသည်။ ဂိုဏ်းသားအများစုက မှော်လှေများနှင့် ကုန်ကြမ်းပစ္စည်းများကို ဆဋ္ဌမမြောက်တောင်ထိပ်မှ ဂိုဏ်းသားများဖွင့်ထားသော ဈေးဆိုင်များကို ပို့၍ဖြစ်စေ၊ ပဉ္စမမြောက်တောင်ထိပ်မှ ဂိုဏ်းသားများ ဖွင့်ထားသော အစီအရင်ဆိုင်များကို ပို့၍ ဖြစ်စေ လှေများကို ပြုပြင်ခိုင်းကြသည်။

ရွှီချင်းက ထိုဆိုင်များကို လှည့်ပတ်ကြည့်ရှုပြီးနောက် သတ္တမမြောက်တောင်ထိပ်၏ လူဆိုးထိန်းဌာနတည်နေရာကို မေးမြန်းစုံစမ်းလိုက်သည်။ ထို့နောက် သူ ခပ်သွက်သွက် လျှောက်သွားသည်။

များမကြာမီ ရွှီချင်း၏ရှေ့တွင် ခံ့ညားထည်ဝါသော အဆောက်အအုံတစ်လုံး ပေါ်လာသည်။

ထိုအဆောက်အအုံ၏ဝင်ပေါက်သည် ယခင်က မြို့စားစံအိမ်နှင့် ဆင်တူပါသော်လည်း အထဲက ပို၍ပင် ကျယ်နေသည။ အိမ်လေးများစွာ စီတန်း၍ တည်ရှိနေကြပြီး ၎င်းတို့ထံမှ ဖိအားများက ဘေးပတ်ဝန်းကျင်သို့တိုင်အောင် လွင့်ပျံနေသည်။

အထူးသဖြင့် မည်းမှောင်သော ရုပ်ထုများဖြစ်သည်။ ဝင်ပေါက်၏ရှေ့တွင်ရှိနေသော ကျောက်ရုပ်ထုနှစ်ခုသည် လူသားနှင့် သားရဲပေါင်းစည်းထားသည့်အလား သွေးအေးရက်စက်သောပုံစံရှိကြသည်။ ၎င်းတို့ကိုကြည့်ရသည်မှာ မိစ္ဆာများအလား ထင်ရပေရာ ထိတ်လန့်တုန်ရီသွားစေနိုင်သော မြင်ကွင်းတစ်ရပ်ပင် ဖြစ်သည်။

လမ်းသွားလမ်းလာများက အနားမကပ်ဝံ့ကြသည့်အလား များသောအားဖြင့် ထိုနေရာကို ရှောင်ကွင်း၍ သွားကြသည်။

ထိုစဉ် ဝင်ပေါက်၌ မီးခိုးရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော ကျင့်ကြံသူနှစ်ယောက်ရှိသည်။ တစ်ယောက်က ယောက်ျားဖြစ်ပြီး နောက်တစ်ယောက်က အမျိုးသမီးဖြစ်သည်။ သူတို့နှစ်ယောက်လုံး အသက်နှစ်ဆယ်အရွယ်ရှိကြဟန်တူပြီး သာမန်ရုပ်ရည်သွင်ပြင် ရှိကြသည်။ သူတို့က ဝင်းတံခါးတိုင်ကြီးကို ပျင်းရိပျင်းတွဲ မှီ၍ အိပ်ရာမှမနိုးထသေးသည့်အလား သမ်းဝေနေကြသည်။ သို့သော် ရွှီချင်း လျှောက်လာသောအခါ သူတို့နှစ်ဦးလုံး ချက်ချင်း ခေါင်းများထောင်လာကြသည်။ သူတို့က စူးရှသည့်အကြည့်များဖြင့် ရွှီချင်းကို ကြည့်လိုက်ကြသည်။

ရွှီချင်းသည် ထိုလူနှစ်ဦး၏ အကြည့်စူးစူးအောက်တွင် တည်ငြိမ်စွာ လျှောက်လာသည်။ သူက အနီးကို တိုးကပ်မသွားဘဲ ဝင်ပေါက်၌ ရပ်၍ လက်နှစ်ဖက်ဆုပ်ကာ အရိုအသေပေးလိုက်သည်။

“ သတ္တမမြောက်တောင်ထိပ်က ဂိုဏ်းသားရွှီချင်း၊ ဒီကို တာဝန်ထမ်းဆောင်ဖို့ လာတင်ပြတာပါ ”

“ လူသစ်လား ”

လူငယ်၏မျက်လုံးများ တဖိတ်ဖိတ်လက်သွားပြီး ရွှီချင်းကို အကဲခတ်လိုက်သည်။ သို့သော်လည်း ရွှီချင်းထံမှ ထွက်ပေါ်နေသည့် ထူးခြားသောအငွေ့အသက်များကြောင့် သူ၏မျက်လုံးများ မှေးသွားသည်။ သူ စကားပြောရန် ပြင်လိုက်စဉ် သူ၏ဘေးမှ အမျိုးသမီးက သူ့ကို ဘေးသို့တွန်း၍ ရွှီချင်း၏ဘေးကို အလုအယက် သွားလိုက်သည်။ ထို့နောက် ရွှီချင်း၏မျက်နှာကို မြင်သောအခါ သူမက နူးညံ့ကြင်နာသောအပြုံးတစ်စကို ဆင်မြန်းလိုက်သည်။

“ မောင်လေး၊ ဒီကို ဘာကိစ္စလာတာလဲ ”

“ သူက ဒီကို လာတင်ပြတာလို့ ပြောပြီးပြီလေ။ နင်က ဘာလို့ မေးနေသေးတာတုံး ”

လူငယ်က စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်သည်။

အမျိုးသမီးက ထိုစကားကို မကြားသယောင်ပြု၍ ရွှီချင်းကိုသာ ဆက်ကြည့်နေ၏။

ရွှီချင်းက နောက်သို့ ခြေလှမ်းအနည်းငယ်ခန့် အလိုလို ဆုတ်သွားသည်။ တခြားလူများက သူနှင့် ပူးပူးကပ်ကပ်နေလာသည်ကို မနှစ်ခြိုက်ဘဲ သူ့ဝသီအတိုင်း ထိုနှစ်ယောက်ကို အကဲခတ်လိုက်သည်။ အထူးသဖြင့် ထိုလူငယ်နှင့် မိန်းမပျို၏ လည်ပင်းများဆီသို့ သူ အလိုလို အကြည့်ရောက်သွား၏။

All Chapters