အလောင်းပင် မကျန်ခဲ့
Vol. 199 Ch. 2971
သူ၏ ခွန်အားကို မြှင့်တင်ဖို့အတွက် ခေါင်းလေးလုံး လက်ရှစ်ဖက်နှင့် အစွယ်ရှစ်ချောင်း နတ်ဆင်ခွန်အားကို အသုံးပြုခဲ့သည့်အပြင် ဆူဇီမိုသည် မည်သည့်ထိန်ချန်မှုမှ မရှိဘဲ ကျန်ရှိနေသော အနှိုင်းမဲ့နတ်ဘုရားစွမ်းအား ခြောက်ခုနှင့်အတူ ခွန်ဘုရင်များထဲမှ တစ်ဦးကို တိုက်ခိုက်လိုက်သည်။
ခွန်ဘုရင်သုံးဦးက မတူညီသောနေရာများမှာ မတ်တတ်ရပ်နေကြ၏။
အနှိုင်းမဲ့နတ်ဘုရားစွမ်းအား ခြောက်ခုကို ဖြန့်ထုတ်နိုင်မည်ဆိုလျှင် အဲဒါသည် ကောင်းကင်လိုဏ်ဂူ သုံးခုနှင့် ဆန့်ကျင်တိုက်ခိုက်ဖို့အတွက် သူတို့၏ စွမ်းအားကို ခွဲထုတ်လိုက်ရခြင်းနှင့် တူညီပေလိမ့်မည်။ ထိုအခါ သူတို့သည် သိသာထင်ရှားသော မည်သည့်သက်ရောက်မှုကိုမှ ဖြစ်စေနိုင်လိမ့်မည် မဟုတ်ပေ။
စိတ်အချရဆုံးနည်းလမ်းမှာ ခွန်ဘုရင်တစ်ဦးတည်းအပေါ် အရာရာတိုင်းကို သွန်လောင်းချလိုက်ဖို့ ဖြစ်သည်။
အင်မော်တယ်နှိမ်နင်းဓားသည် အဖျက်စွမ်းအား အလွန်တရာ မြင့်မားပြီး ဗုဒ္ဓနဂါး ဆင်က လေဟာနယ်ကို ကိုင်လှုပ်နိုင်ကာ ပြန်ဝင်စားခြင်းလမ်းခြောက်သွယ်က အရာရာတိုင်းကို ဝါးမျိုနိုင်သည်။ ဟင်္သပဒါးငှက် ကောင်းကင်ဘုံမီးက အရာရာတိုင်းကို လောင်ကျွမ်းပြာကျနေပြီး အနန္တယင်ယန်က လောကကို ကြိတ်ချေပစ်နေ၏။
ကြယ်တာရာအကျဉ်းထောင်၏ ကန့်သတ်မှုနှင့်အတူ ၎င်းသည် ခွန်ဘုရင်အပေါ် တဒင်္ဂသာ သက်ရောက်စေသော်လည်း အဲဒါက လုံလောက်လေသည်။
အနှိုင်းမဲ့နတ်ဘုရားစွမ်းအား ခြောက်ခုက ကောင်းကင်တစ်ခွင် အုပ်မိုးနေပြီး ထိုအထဲမှာ ပြန်ဝင်စားခြင်းလမ်းခြောက်သွယ်လည်း ပါဝင်လေသည်။ သူတို့က အတူတကွ ထပ်ဆင့်သွားပြီး ထွက်ပေါ်လာသော စွမ်းအားက လုံးလုံးလျားလျား အသွင်ပြောင်းလဲကာ နောက်ထပ်တစ်ဆင့်ကို ကူးပြောင်းသွားခဲ့ပြီဖြစ်သည်။
ဝုန်း….
အနှိုင်းမဲ့နတ်ဘုရားစွမ်းအား ခြောက်ခုက ကောင်းကင်လိုဏ်ဂူအသေးနှင့် ကျယ်လောင်စွာ ထိတွေ့ရိုက်ခတ်သွားသည်။
ခဏမျှ ရပ်တန့်သွားပြီးနောက် ကောင်းကင်လိုဏ်ဂူက ချက်ချင်းပင် ပြိုကျကာ ဘာမှမကျန်တော့ပေ။
ဝေါ…
ခွန်ဘုရင်က သူ၏သွေးချီကို ချက်ချင်းပင် ထုတ်ဖော်ပြီး ဧရာမခွန်ပုံစံအဖြစ် အသွင်ပြောင်းလဲလိုက်၏။ သို့သော်လည်း ထိုသို့ဆိုလျှင်တောင် သူသည် အနှိုင်းမဲ့နတ်ဘုရားစွမ်းအား ခြောက်ခု၏ သတ်ဖြတ်စွမ်းအားကို မခုခံနိုင်ပေ။
အင်မော်တယ်နှိမ်နင်းဓားသည် သူ၏ခန္ဓာကိုယ်ပေါ်မှာ တုန်လှုပ်စရာကောင်းသော ဒဏ်ရာများကို ကျန်ရစ်ခဲ့စေပြီး ဒဏ်ရာများက နက်ရှိုင်းလွန်းသောကြောင့် သူ၏အရိုးများကိုပင် တွေ့မြင်နေရကာ သူ၏ခန္ဓာကိုယ်က ဆုတ်ဖြဲခံရလုနီးပါးဖြစ်သည်။
ဧရာမခွန်၏ ခန္ဓာကိုယ်က ကြီးမားသော်လည်း ၎င်းသည် ပြန်ဝင်စားခြင်းလမ်းခြောက်သွယ်၏ ဝါးမျိုစွမ်းအားကို မခုခံနိုင်ပေ။
ဝုန်း…
ထိုသူက မည်သို့ပင်ဆိုစေ ခွန်မျိုးနွယ်မှ ဘုရင်တစ်ဦး ဖြစ်သည်။
ကျယ်လောင်သော မြည်ဟည်းသံနှင့်အတူ တွဲဖက်၍ ခွန်ဘုရင်သည် သူ၏စွမ်းအားကြီးမားသော ကိုယ်ကာယနှင့် သွေးချီအပေါ် မှီခိုကာ ပြန်ဝင်စားခြင်းလမ်းခြောက်သွယ်ကို ချိုးဖျက်ပြီး ရုန်းထွက်လာခဲ့သည်။ သို့သော်လည်း သူက ဒဏ်ရာများဖြင့် ပြည့်နှက်နေပြီ ဖြစ်သည်။
ဗုဒ္ဓများ၏ ရွတ်ဆိုသံနှင့် နတ်နဂါးနှင့် နတ်ဆင်တို့၏ သက်ရောက်မှုအောက်မှာ သူ့ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများက နက်ရှိုင်းလာပြီး သွေးများက အဆက်မပြတ် စီးကျနေ၏။
ခွန်ဘုရင်၏ခန္ဓာကိုယ်က ကြေမွသွားလေသည်။
ဤကဲ့သို့သော ဒဏ်ရာများက ဘုရင်တစ်ပါးအတွက် သိပ်ပြီးပြောပလောက်စရာ မဟုတ်သေးပေ။
သို့သော်လည်း အနှိုင်းမဲ့နတ်ဘုရားစွမ်းအားများ၏ သတ်ဖြတ်စွမ်းအားက ရပ်တန့်မသွားပေ။
အနန္တယင်ယန်ကနေ ဖြစ်ပေါ်လာသော ဧရာမကြိတ်ဆုံကျောက်က ဆင်းသက်ရောက်ရှိလာပြီး သူ့ခန္ဓာကိုယ်ကို တည်ဆောက်ခွင့်မပေးဘဲ ခွန်ဘုရင်၏ အသားများကို အဆက်မပြတ် ခြေမွှဖျက်ဆီးပစ်နေ၏။
ယင်နှင့်ယန်၏ စွမ်းအား၏ ဖိနှိမ်မှုအောက်မှာ ခွန်ဘုရင်၏ ခန္ဓာကိုယ်က သွေးမြူလုံးများအဖြစ် ပေါက်ကွဲထွက်ပြီး သူ၏အမြုတေစိတ်ဝိညာဉ်က ဒဏ်ရာအပြင်းအထန် ရရှိသွားသည်။
ထိုသို့ဆိုလျှင်တောင် ခွန်ဘုရင်က မသေဆုံးသေးပေ။
ခွန်မျိုးနွယ်၏ အသက်ဓာတ်အားက အလွန်တရာ ပေါကြွယ်ဝသည်။
သူ့မှာ အသက်တစ်ရှိုက်စာ အခွင့်အရေးရှိသည်နှင့်အမျှ သူက ပြန်လည်ကုသနိုင်လေသည်။
သို့သော်လည်း ဟင်္သပဒါးငှက် ကောင်းကင်ဘုံမီးက နောက်ကနေ ထပ်ကြပ်မကွာ လိုက်ပါလာပြီး သူ့ကို မည်သည့်အခွင့်အရေးမှ မပေးပေ။
မီးတောက်နီရောင် ငှက်တစ်ကောင်က သွေးမြူခိုးများကြားထဲ တိုးဝင်ပြီး ကောင်းကင်တစ်ခွင် ပြည့်နှက်သွားသော မီးတောက်များအဖြစ် ပေါက်ကွဲထွက်သွားသည်။
သိပ်မကြာခွန်င် ခွန်ဘုရင်၏ အမြုတေစိတ်ဝိညာဉ်နှင့် အသွေးအသားများက လောင်ကျွမ်းပြာကျသွား၏။ ကြယ်၏ ဘေးပတ်လည်မှာရှိသော လေဟာနယ်က ဟင်္သပဒါး တိမ်စိုင်တစ်ခုကဲ့သို့ နီရဲလောင်ကျွမ်းလာခဲ့၏။
ကြောက်စရာကောင်းသော မြင်ကွင်းထဲမှာ ထူးဆန်းသော လှပမှုတစ်ခု ဖြစ်နေသည်။
ကြယ်ပေါ်မှာရှိသော လူတိုင်းက ထိုအခြင်းအရာကို တွေ့မြင်အသောအခါ တုန်လှုပ်သွားကြသည်။
အင်မော်တယ်ဘုရင်မ ယိုလန်၊ ဘုရင်ကမ္ဘာမြေခွန်နှင့် ဘုရင်စန္ဒာစုန်းတို့ပင် မကြုံစဖူး တုန်လှုပ်မှုတစ်ခုကို ခံစားလိုက်ရသည်။
အဲဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။
အနှိုင်းမဲ့နတ်ဘုရားစွမ်းအားများကို ထုတ်ဖော်ခြင်းသည် လူတစ်ယောက်၏ အမြုတေစိတ်ဝိညာဉ်အပေါ် အားအင်အလွန်တရာ ကုန်ခန်းစေသည်။
အနှိုင်းမဲ့နတ်ဘုရားစွမ်းအားများကို ဆက်တိုက်ထုတ်ဖော်ပြီးနောက် အမြုတေစိတ်ဝိညာဉ်အပေါ် ဝန်ထုပ်ဝန်ပိုးက ပို၍ပင် ကြီးမားလာပေလိမ့်မည်။
အနှိုင်းမဲ့နတ်ဘုရားစွမ်းအား ရှစ်ခုကို တစ်ခါတည်း ထုတ်ဖော်ဖို့အတွက် အမြုတေစိတ်ဝိညာဉ်အပေါ် ဘယ်လောက်တောင် များပြားသည့် စွမ်းအင်ကို ကုန်ဆုံးစေမလဲ။
သူ့လိုမျိုး ပကတိစိတ်ဝိညာဉ်တစ်ဦးက အဲဒါကို ဘယ်လိုလုပ် ခံနိုင်ရည်ရှိနေတာလဲ။
အမြုတေစိတ်ဝိညာဉ်အနေဖြင့် ဤမျှများပြားသော အနှိုင်းမဲ့နတ်ဘုရားစွမ်းအားများကို တစ်ချိန်တည်းမှာ ထုတ်ဖော်ဖို့အတွက် လိုအပ်ချက်သည် သူတို့ကို ဆက်တိုက်ထုတ်ဖော်သည်ထက်ပင် ပိုမိုမြင့်မားလေသည်။
ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေမှာတုန်းက ဆူဇီမိုသည် အနှိုင်းမဲ့နတ်ဘုရားစွမ်းအားများကို ဆက်တိုက်ထုတ်ဖော်ခဲ့၏။ ထိုအချက်ကပင် ဘုရင်များစွာကို တုန်လှုပ်စေခဲ့ပြီဖြစ်သည်။
သို့သော် ယခု သူသည် အနှိုင်းမဲ့နတ်ဘုရားစွမ်းအား ရှစ်ခုကို ချက်ချင်းပင် ထုတ်ဖော်လိုက်သည်။ အထွတ်အထိပ်ဘုရင် သုံးဦး၏ ရင်ထဲရှိ တုန်လှုပ်မှုကို စဉ်းစားကြည့်နိုင်၏။
တကယ်တော့ ဘုရင်ကမ္ဘာမြေခွန်သည် ဆူဇီမို၏ အမြုတေစိတ်ဝိညာဉ်က တဗူးနဂါးဖီးနစ်နှင့် ဖန်တီးခြင်းကြာပဒုမ္မာမှ အမြုတေစိတ်ဝိညာဉ် နှစ်ခု၏ ပေါင်းစည်းမှုတစ်ခု ဖြစ်သည်ကို မသိရှိပေ။
အဲဒီမှာ နံပါတ်တစ် စိတ်ဝိညာဉ်သန့်စင်လျှို့ဝှက်အတတ်၊ ဝိဇ္ဇာထွက်ရပ်လမ်းသုတ္တန်နှင့်အတူ မီးပဒေသာကျောက်တုံးနှင့် တမလွန်မီးရောင်ကျောက်တုံးကြား ယင်နှင့်ယန်၏ စွမ်းအား၏ ပေါင်းစည်းမှုတစ်ခုလည်း ရှိနေသည်။
ပုံမှန်အခြေအနေမှာဆိုလျှင် သူ့အမြုတေစိတ်ဝိညာဉ်သည် သာမန်ဘုရင်များ၏ အမြုတေစိတ်ဝိညာဉ်နှင့် ယှဉ်နိုင်သည်။
အစွယ်ရှစ်ချောင်း နတ်ဆင်ခွန်အားနှင့် ခေါင်းလေးလုံး လက်ရှစ်ဖက်ကို ထုတ်ဖော်ပြီးနောက် ဆူဇီမို၏ အမြုတေစိတ်ဝိညာဉ်ခွန်အားသည် ကောင်းကင်လိုဏ်ဂူနယ်ပယ်၏ အဆင့်မြင့်ကျွမ်းကျင်မှုသို့ ရောက်ရှိလာခဲ့ပြီဖြစ်ကာ အန္တိမဘုရင်တစ်ပါးနှင့် ယှဉ်နိုင်လေသည်။
ထိုအချက်ကြောင့်ပင် အနှိုင်းမဲ့နတ်ဘုရားစွမ်းအား ခြောက်ခု၏ စွမ်းအားက ဤကဲ့သို့ ကြောက်စရာကောင်းသော အဆင့်တစ်ခုထိ ရောက်ရှိလာနိုင်ခြင်း ဖြစ်သည်။
သူသည် အသက်တစ်ရှိုက်စာမှာပင် ခွန်ဘုရင်ကို သတ်ဖြတ်ပစ်လိုက်သည်။
ဘုရင်ကမ္ဘာမြေခွန်နှင့် ဘုရင်စန္ဒာစုန်းတို့၏ ပထမဆုံး တုံ့ပြန်မှုမှာ ဆူဇီမိုက ဤကဲ့သို့သော တိုက်ခိုက်ရည်ခွန်အားကို ထုတ်ဖော်နိုင်သည့် အကြောင်းရင်းမှာ တဗူးဂမ္ဘီရကျင့်စဉ်၊ သူတော်စင်သုံးပါးကျောက်စိမ်းကျမ်းကြောင့် ဖြစ်နိုင်လေသည်။
ဤမြင်ကွင်းသည် သူတော်စင်သုံးပါးကျောက်စိမ်းကျမ်းကို လုယူဖို့အတွက် အထွတ်အထိပ်ဘုရင်နှစ်ဦးကို ပို၍ပင် ဆုံးဖြတ်ချက် ပြတ်သားလာစေသည်။
အင်မော်တယ်ဘုရင်မ ယိုလန်က တိတ်တဆိတ် ဆွံ့အသွား၏။
ဆူဇီမို ပေါ်ထွက်လာပြီးနောက် သူက ဘုရင်နှစ်ဦးကို ဆက်တိုက်သတ်ဖြတ်ခဲ့သည်။
သို့သော်လည်း ပထမတစ်ခေါက်သတ်ဖြတ်မှုနှင့် ဒုတိယတစ်ခေါက်သတ်ဖြတ်မှုက လုံးဝကို ကွာခြားသည်။
ယခင်က ဆူဇီမိုသည် အခြေအနေအပေါ် အမြတ်ထုတ်ဖို့အတွက် သူ၏ တိုက်ခိုက်ရည်ပါရမီအပေါ် မှီခိုကာ ခွန်ဘုရင်ကို အောင်မြင်စွာ လုပ်ကြံသတ်ဖြတ်နိုင်ခဲ့ခြင်းဖြစ်သည်။
ဒုတိယမြောက်သတ်ဖြတ်မှုမှာတော့ ဆူဇီမိုသည် ဘုရင်သုံးပါး၏ ဝိုင်းပတ်ပိတ်ဆို့မှုအောက်မှာ အနှိုင်းမဲ့သတ်ဖြတ်ခြင်းနည်းစနစ်တစ်ခုကို ထုတ်ဖော်ပြီး ခွန်ဘုရင်တစ်ဦးကို ထိပ်တိုက်ရင်ဆိုင်ကာ သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။
ဤသုခဘုံလေဟာနယ် ပကတိစိတ်ဝိညာဉ်သည် သာမန်ဘုရင်များကို ထိပ်တိုက်ရင်ဆိုင်ပြီး သတ်ဖြတ်နိုင်သည့် တိုက်ခိုက်ရည်ခွန်အားကို ပိုင်ဆိုင်နေပြီဖြစ်သည်။ တကယ်ဆို သူသည် တစ်ဖက်သူကို အလောင်းပင် မကျန်စေဘဲ အမြုတေစိတ်ဝိညာဉ် ဖျက်ဆီးခံရသည်အထိ ရိုက်နှက်နိုင်လေသည်။
ဤကဲ့သို့သော ပါရမီအရည်အချင်းနှင့် အလားအလာသည် သူ၏ မည်သည့်ပြိုင်ဘက်ကိုမဆို ကြောက်ရွံ့စေဖို့ လုံလောက်နေသည်။
တကယ်တော့ အင်မော်တယ်ဘုရင်မ ယိုလန်၏ ထင်မြင်ချက်အရ ဆူဇီမိုအနေဖြင့် ရှောင်းယောင်ကို ကယ်တင်ဖို့က ကောင်းကင်ဘုံကို တက်လှမ်းရတက်သလောက် ခက်ခဲနေဆဲ ဖြစ်သည်။
ထိုနေရာမှာ ခွန်ဘုရင်တစ်ပါး ကျန်ရှိနေဆဲ ဖြစ်သည်။
သူက ယခုအချိန်မှာ သူ၏ ဝှက်ဖဲများ အားလုံးကို အသုံးပြုခဲ့ပြီး ဘုရင်တစ်ပါးထံကနေ ဘယ်လိုချိုးဖျက်ထွက်နိုင်မလဲ။
အင်မော်တယ်ဘုရင်မ ယိုလန်ဖြစ်စေ၊ ဘုရင်ကမ္ဘာမြေခွန်ဖြစ်စေ၊ ယခုအချိန်ထိကို ဆူဇီမိုက ဘာလုပ်ဖို့ ရည်ရွယ်နေသည်ကို နားမလည်ကြသေးပေ။
ဖြစ်စဉ်တစ်ခုလုံးက ရှည်လျားသည်ဟု ထင်ရသော်လည်း ဆူဇီမို ပေါ်ထွက်လာချိန်မှ ခွန်ဘုရင်နှစ်ဦး သေဆုံးချိန်အထိ အသက်နှစ်ရှိုက်စာသာ ကုန်ဆုံးခဲ့လေသည်။
တိုက်ခိုက်မှုက ရပ်တန့်မသွားပေ။
“မင်းက ဓားကမ္ဘာက ဆူကျူးပဲ”
ခွန်ဘုရင်တစ်ဦးက ဆူဇီမို၏ သရုပ်သကန်ကို သိပ်မကြာခင် ခန့်မှန်းမိသွားသည်။
အလယ်အလတ်ကမ္ဘာတစ်ထောင်လောကအတွင်း ဤမျှများပြားသော အနှိုင်းမဲ့နတ်ဘုရားစွမ်းအားများကို နားလည်ဆင်ခြင်ထားနိုင်သည့် ပကတိစိတ်ဝိညာဉ်တစ်ဦးသာ ရှိလေသည်။
မကြာသေးခင်နှစ်များအတွင်း နာမည်ကြီးကျော်ကြားလာသော ဓားကမ္ဘာမှ နဝမမြောက် တောင်ထွတ်၏ တောင်ထွတ်သခင်…။
“မင်းက ဒီလောက်များပြားတဲ့ အနှိုင်းမဲ့နတ်ဘုရားစွမ်းအားတွေကို ထုတ်ဖော်ခဲ့တယ်… မင်းမှာ တခြားဘာနည်းလမ်းရှိဦးမလဲ ငါကြည့်ချင်သေးတယ်”
နောက်ထပ် ခွန်ဘုရင်တစ်ဦးက မကောင်းဆိုးဝါးဆန်ဆန်အကြည့်နှင့်အတူ အော်ငေါက်လိုက်၏။ သူက သူ၏ ကောင်းကင်လိုဏ်ဂူအသေးကို မြှောက်တင်ပြီး ရှေ့သို့ပြေးဝင်လာခဲ့သည်။
သူ၏ ထင်မြင်ချက်အရ အနှိုင်းမဲ့နတ်ဘုရားစွမ်းအား ရှစ်ခု တစ်ချိန်တည်းမှာ ထုတ်ဖော်ခြင်းသည် အမြုတေစိတ်ဝိညာဉ်အပေါ် အားအင်ကြီးမားစွာ ကုန်ခန်းစေပြီး ပကတိစိတ်ဝိညာဉ်က အဲဒါကို ခံနိုင်ရည်ရှိစရာ အကြောင်းမရှိပေ။
ဒါ့အပြင် အနှိုင်းမဲ့နတ်ဘုရားစွမ်းအားများသည် ပကတိစိတ်ဝိညာဉ်များ၏ အသန်မာဆုံးနည်းလမ်းများ ဖြစ်သည်။ ဆူကျူးမှာ တခြားဘာများ ရှိနိုင်ဦးမှာလဲ။
ဝင်ရောက်လာသော ခွန်ဘုရင်နှင့် ရင်ဆိုင်ရချိန်မှာ ဆူဇီမိုက နောက်သို့ ခြေတစ်လှမ်း မဆုတ်ပေ။ ထိုအစား သူက ရှေ့သို့ပြေးတက်သွားသည်။ သူ၏ နောက်ဘက်မှာ လေဟာနယ်က ပြိုကျသွားပြီး မသဲမကွဲ ကောင်းကင်လိုဏ်ဂူတစ်ခုက ခပ်ရေးရေး ပေါ်ထွက်လာသည်။
“အဲဒါက ကောင်းကင်လိုဏ်ဂူ တစ်ခုလား”
ခွန်ဘုရင်၏ အမူအရာက ပြောင်းလဲသွားပြီး သူက တုန်လှုပ်နေ၏။
ဆူဇီမိုသည် စောစောက သူ၏ ကျင့်ကြံမှုနယ်ပယ်ကို ဖုံးကွယ်ထားပြီး သူက တကယ်တမ်းမှာ ကောင်းကင်လိုဏ်ဂူနယ်ပယ်ကို ဝင်ရောက်နေခဲ့ပြီဟု သူက တွေးထင်လိုက်၏။
သို့သော်လည်း သိပ်မကြာခင် သူက တစ်စုံတစ်ရာ လွဲမှားနေသည်ကို သတိထားမိသွား၏။
“အဲဒါက ကောင်းကင်လိုဏ်ဂူတစ်ခု မဟုတ်ဘူးပဲ”
ခွန်ဘုရင်က သူ၏ စိတ်ကို တည်ငြိမ်စေပြီးနောက် ရုတ်တရက် သူ၏ အကြည့်က သိပ်သည်းစုဖွဲ့လာကာ အသံထွက်ပြီး ရယ်မောလိုက်၏။
“လက်စသတ်တော့ အဲဒါက ကောင်းကင်လိုဏ်ဂူ ပုံရိပ်ယောင်တစ်ခုပဲ… အဲ့လောက်နဲ့ မင်းက ငါ့ရဲ့အစစ်အမှန်ကောင်းကင်လိုဏ်ဂူကို ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်နိုင်မယ် ထင်နေလို့လား”
သူ့စကားမဆုံးသေးခင် ဆူဇီမို၏ နောက်ဘက်မှာရှိသော ကောင်းကင်လိုဏ်ဂူ ပုံရိပ်ယောင်က ခွန်ဘုရင်၏ ကောင်းကင်လိုဏ်ဂူအသေးနှင့် ထိတွေ့ရိုက်ခတ်သွားသည်။
ဝုန်း….
လေဟာနယ်က တုန်ခါသွားသည်။
သူတွေးထင်ထားသည့် တစ်ဖက်သူကို အလွယ်တကူ ဖိချေနိုင်မည်ဟူသော မြင်ကွင်းက ပေါ်ထွက်မလာခဲ့ပေ။
ဆန့်ကျင်ဘက်အနေဖြင့် ဆူဇီမို၏ ကောင်းကင်လိုဏ်ဂူ ပုံရိပ်ယောင်က သူ၏ ကောင်းကင်လိုဏ်ဂူအသေးနှင့် အရေးနိမ့်ခြင်းပင် မရှိဘဲ ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်နိုင်နေသည်။
ဆူဇီမို၏ ကောင်းကင်လိုဏ်ဂူ ပုံရိပ်ယောင်ကို ယင်ယန်အဆောင်သုတ္တန်၏ ဓမ္မတာအို၊ မီးပဒေသာနှင့် တမလွန်မီးရောင်၏ နတ်ဘုရားစွမ်းအားနှင့် နေ့နှင့်ညကုန်းမြေ၏ အလင်းနှင့်အမှောင်စွမ်းအားတို့ကနေ စုဖွဲ့ထားလေသည်။
အဲဒါက ကောင်းကင်လိုဏ် ဂူပုံရိပ်ယောင်တစ်ခုသာ ဖြစ်လျှင်တောင် ၎င်းသည် အစစ်အမှန်ကောင်းကင်လိုဏ်ဂူတစ်ခုထက် မနိမ့်ကျပေ။