ဖုံးကွယ်ထားခြင်း
Vol. 199 Ch. 2976
ရှောင်းယောင်သည် အာကာသသက်ရှိ ပကတိဧကနယ်ပယ်မှာသာ ရှိလေသည်။
သို့သော်လည်း သူသည် ချိန်းကြိုးများကနေ ရုန်းထွက်လာပြီးနောက် သူ့ခန္ဓာကိုယ်ထဲမှာ တစ်စုံတစ်ရာ ပြောင်းလဲသွားပုံရသည်။ ခွန်ဖန်းမျိုးဆက်သွေးက အသက်ဝင်လာပြီး ခံ့ညား၍ တုန်လှုပ်စရာကောင်းသော ခွန်ဖန်းကားချပ်က သူ၏ နောက်ဘက်မှာ ပေါ်ထွက်လာ၏။
ချက်ချင်းပင် အခြေအနေက ပြောင်းပြန်ဖြစ်သွားပြီး သူက သုခဘုံလေဟာနယ် နယ်ပယ်မှာရှိသော အနက်ရောင်ချပ်ဝတ်တန်ဆာဝတ် အမျိုးသားကို ဝါးမျိုလိုက်သည်။
တကယ်တော့ ထိုဖြစ်စဉ်၏ အကြောင်းအရင်းတစ်စိတ်တစ်ပိုင်းမှာ ပင်ကိုယ်မျိုးဆက်သွေး ဖိနှိမ်မှုကြောင့်ဖြစ်သည်။
သို့သော်လည်း ခွန်ဖန်းမျိုးဆက်သွေးနှင့်ပင်လျှင် ရှောင်းယောင်အနေဖြင့် ဤကဲ့သို့ ကြောက်စရာကောင်းသော ဝါးမျိုစွမ်းအားကို ထုတ်ဖော်ဖို့က မဖြစ်နိုင်ပေ။
စောစောက ရှောင်းယောင်ထုတ်ဖော်လိုက်သော အော်ရာသည် ဆူဇီမို၏ အဆင့်-၁၂ ဖန်တီးခြင်းကြာပဒုမ္မာ မျိုးဆက်သွေးကိုပင် အနည်းငယ် တုန်ယင်သွားစေသည်။
တကယ်ဆို ဖန်တီးခြင်းကြာပဒုမ္မာသည် အဆင့်-၁၂၏ အထွတ်အထိပ်အထိ ကြီးပြင်းလာစဉ်က ဆူဇီမိုသည် သူ၏ မျိုးဆက်သွေး ဖိနှိမ်ခံရသည့် အခြေအနေနှင့် တစ်ခါမှမကြုံတွေ့ခဲ့ရပေ။
မျိုးနွယ်စုတစ်သောင်းကြားမှာ ထိပ်တန်းဖြစ်သော နဂါးမျိုးနွယ်နှင့် နတ်ဘုရားမျိုးနွယ်သက်ရှိများနှင့် ရင်ဆိုင်ရလျှင်ပင် သူ၏ မျိုးဆက်သွေးက မည်သည့်ဖိအားကိုမှ ခံစားရမည် မဟုတ်ပေ။
အရင်တုန်းက ဆူဇီမိုသည် ဂမ္ဘီရမိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေ၏ အဆူရာတိုက်ပွဲမြေမှာ ဆိုးယုတ်သွေးကန်၏ အောက်ခြေထဲ ကျဆင်းသွားခဲ့သည်။ ထိုနေရာမှာ သူက ကျားဖြူအရိုးတစ်ချောင်းကို ရရှိခဲ့သည်။
သူသည် ကျားဖြူအရိုးကို စုပ်ယူသန့်စင်ခဲ့စဉ်က ကျားဖြူမျိုးဆက်သွေးကပင် အစိမ်းရောင်ကြာပန်းမျိုးဆက်သွေးကို မဖိနှိမ်နိုင်ခဲ့ပေ။
ရှောင်းယောင်က တဗူးခွန်ဖန်းတစ်ကောင်ဖြစ်သည်မှာ အမှန်ပင်။
သို့သော်လည်း ခွန်ဖန်းသည် ကျားဖြူကဲ့သို့ အထွတ်အထိပ်တောကောင်တစ်ကောင်၏ မျိုးဆက်သွေးနှင့် ဆန့်ကျင်တိုက်ခိုက်နိုင်သော အဆင့်ထိ မရောက်ရှိသေးပေ။
ထို့ကြောင့် ဆူဇီမိုကို အံ့အားသင့်စေသည့်အရာမှာ ရှောင်းယောင်၏ ခန္ဓာကိုယ်ထဲကနေ ယခုတင် စိမ့်ထွက်လာခဲ့သော မျိုးဆက်သွေးအော်ရာသည် သူ၏ ဖန်တီးခြင်းကြာပဒုမ္မာ မျိုးဆက်သွေးကိုပင် မတည်မငြိမ်ဖြစ်စေခြင်းပင်။
“အဲဒါက ဘုရင်ကမ္ဘာမြေခွန်နဲ့ ဘုရင်စုန်းသွေးလို့ပြောတဲ့ ဘိုးဘေးဗီဇများ ဖြစ်နိုင်မလား”
ဆူဇီမိုက အလေးအနက် စဉ်းစားတွေးတောလိုက်သည်။
သူသည် ဘုရင်ကမ္ဘာမြေခွန်နှင့် ဘုရင်စန္ဒာစုန်းအကြား အပြန်အလှန်ပြောဆိုမှုကို ရှင်းရှင်းလင်းလင်းကြားခဲ့ရသည်။
သို့သော်လည်း သူသည် မျိုးဆက်သွေး ဘိုးဘေးဗီဇကို တစ်ခါမှမကြားဖူးခဲ့ပေ။
“တာအိုရောင်းရင်းယိုလန်… ခင်ဗျား ဘိုးဘေးဗီဇအကြောင်း ဘာသိလဲ”
ဆူဇီမိုက မေးလိုက်၏။
“ကျွန်မ သေချာမပြောတတ်ဘူး”
အင်မော်တယ်ဘုရင်မ ယိုလန်က တိုက်ပွဲမြေကို ရှင်းလင်းရင်း ခေါင်းခါပြလိုက်သည်။
“တာအိုရောင်းရင်းဆူ… ဘုရင်ကမ္ဘာမြေခွန်နဲ့ ဘုရင်စန္ဒာစုန်းကို သတ်ဖြတ်ခဲ့တဲ့သူက ရှင်ပဲ… ဒီမှာ သူတို့ရဲ့ ကောင်းကင်လိုဏ်ဂူနဲ့ သိုလှောင်အိတ်တွေ”
ထို့သို့ပြောရင်း အင်မော်တယ်ဘုရင်မ ယိုလန်က ဘုရင်ကမ္ဘာမြေခွန်နှင့် တခြားသူများ၏ ကောင်းကင်လိုဏ်ဂူများနှင့် သိုလှောင်အိတ်များကို ကမ်းပေးလိုက်၏။
“ယူထားလိုက်ပါ”
ဆူဇီမိုက ခေါင်းခါပြပြီး ငြင်းပယ်လိုက်၏။
“စောစောက ခင်ဗျားရဲ့ အကူအညီမပါဘဲ ကျုပ်က သူတို့နှစ်ယောက်ကို လုံးဝသတ်ဖြတ်နိုင်ခဲ့မှာ မဟုတ်ဘူး… ကျုပ်က ဟိုခွန်ဘုရင်လေးဦးရဲ့ ပစ္စည်းတွေကိုပဲ ယူမယ်”
ဆူဇီမိုက သာမန်ခွန်ဘုရင်လေးဦး၏ ကောင်းကင်လိုဏ်ဂူများနှင့် သိုလှောင်အိတ်များကို သိမ်းဆည်းပြီး တိုက်ပွဲမြေကို အလျင်အမြန်ရှင်းလင်းလိုက်၏။
“ကျေးဇူးတင်ပါတယ် တာအိုရောင်းရင်းဆူ”
အင်မော်တယ်ဘုရင်မ ယိုလန်က တိတ်တဆိတ် သဘောကျသွားသည်။
အထွတ်အထိပ်ဘုရင်တစ်ပါး၏ ကောင်းကင်လိုဏ်ဂူများကို ရရှိခြင်းသည် သူမ၏ ကျင့်ကြံမှုကို များစွာ အထောက်အကူဖြစ်စေပေလိမ့်မည်။
ကောင်းကင်ဘုံကို ဖီဆန်သော အခွင့်အလမ်းများ သို့မဟုတ် ကံအကြောင်းအခွင့်တိုက်ဆိုင်သော ကြုံကြိုက်မှုများ မရှိလျှင် သူမသည် အထွတ်အထိပ်ဘုရင်တစ်ပါး၏ ကောင်းကင်လိုဏ်ဂူများကို ဘယ်လိုလုပ် ရရှိနိုင်ပါ့မလဲ။ ဒါ့အပြင် ထိုအရာများသည် ကောင်းမွန်စွာ ထိန်းသိမ်းထားသော ပကတိကောင်းကင်လိုဏ်ဂူများ ဖြစ်သည်။
ထိုအခိုက်အတန့်မှာ ပေမင်ရွှယ်နှင့် မူလျန်က သူတို့၏ ပုန်းကွယ်ရာ နေရာကနေ လျှောက်လှမ်းထွက်လာကြသည်။
“စီနီယာအစ်မလား”
ရှောင်းယောင်၏ မျက်နှာက နီမြန်းနေပြီး သူက ချွေးများစိုရွှဲနေ၏။ သူသည် မူးဝေထုံထိုင်း၍ သတိလက်လွတ်ဖြစ်လာသည့်ပုံပေါ်သည်။ သူ၏ မျက်လုံးတစ်ဖက်ကို အတတ်နိုင်ဆုံး ကြိုးစားဖွင့်၍ ပေမင်ရွှယ်ကို တွေ့နေရပြီးနောက် သူက အံ့အားသင့်စွာနှင့် ဝမ်းသာအားရ လှမ်းအော်ခေါ်လိုက်သည်။
“ငါပါ”
ပေမင်ရွှယ်က ရှေ့သို့တက်လှမ်းပြီး မျက်မှောင်အနည်းငယ်ကြုတ်လိုက်သည်။ သူမက ရှောင်းယောင်ကို ဖေးမပေးပြီး မေးလိုက်၏။
“နင် ဘယ်လိုခံစားနေရလဲ”
“ကျုပ် မပြောတတ်ဘူး”
ရှောင်းယောင်က ငေးငိုင်စွာဖြင့် ပြန်ဖြေလိုက်၏။
“သူ အဆင်ပြေပါတယ်”
ဆူဇီမိုက တစ်ချက်ကြည့်လိုက်၏။
“သူက အာကာသသက်ရှိနယ်ပယ်မှာပဲ ရှိသေးတယ်… ဒါပေမဲ့ သူက အရမ်းကိုများပြားတဲ့ စွမ်းအင်ပမာဏတစ်ခုကို သူ့ခန္ဓာကိုယ်ထဲ အခုပဲ စုပ်ယူသွင်းထားတယ်… သူက သုခဘုံလေဟာနယ် ပကတိစိတ်ဝိညာဉ်တစ်ဦးကို ဝါးမျိုလိုက်ရုံတင်မကဘူး… သူက အရမ်းကိုများပြားတဲ့ ယင်ယန်စွမ်းအားကိုပါ စုပ်ယူထားတာပဲ… အဲဒါကို အချိန်တိုအတွင်းမှာ ချေဖျက်နိုင်မှာ မဟုတ်ဘူး”
အခြားမျိုးနွယ်ဝင်တစ်ယောက်ယောက်သာဆိုလျှင် ရှောင်းယောင်၏ ခန္ဓာကိုယ်က ပေါက်ကွဲထွက်သွားပေလိမ့်မည်။
ခွန်ဖန်း၏ ကိုယ်ကာယနှင့် မျိုးဆက်သွေးက ထူးခြားလွန်းသောကြောင့်သာ သူသည် ဤမျှများပြားသော စွမ်းအင်များကို ဝင်ဆံ့စေနိုင်ခြင်းဖြစ်သည်။
တကယ်တော့ ထိုစွမ်းအားသည် ရှောင်းယောင်ကို သုခဘုံလေဟာနယ်နယ်ပယ်သို့ ချိုးဖျက်တက်လှမ်းစေဖို့ လုံလောက်လေသည်။
သို့သော်လည်း လူတစ်ယောက်သည် သုခဘုံလေဟာနယ်နယ်ပယ်သို့ ချိုးဖျက်တက်လှမ်းလိုသည်ဆိုလျှင် သူတို့သည် ခွန်အားများစွာကို စုဆောင်းရမည်သာမက သူတို့သည် ဓမ္မတာအိုအပေါ် လုံလောက်သည့် နားလည်ဆင်ခြင်မှုများလည်း ရှိထားရပေမည်။
ရှောင်းယောင်၏ ခန္ဓာကိုယ်ထဲရှိ စွမ်းအားက လုံလောက်သော်လည်း ဓမ္မတာအိုအပေါ် နားလည်ဆင်ခြင်မှုမှာ သူက လိုအပ်နေဆဲဖြစ်သည်။ ထို့ကြောင့်ပင် လက်ရှိအခြေအနေက ဖြစ်ပေါ်လာခြင်းပင်။
ရှောင်းယောင်ကို ဆက်လက်ကျင့်ကြံပြီး ဓမ္မတာအိုကို နားလည်ဆင်ခြင်ဖို့အတွက် လုံလောက်သည့်အချိန်ပေးထားသည်နှင့် အရာရာတိုင်းက နေရာတကျဖြစ်လာပြီး သူသည် သူ့ခန္ဓာကိုယ်ထဲမှာ စုဆောင်းထားသော သိပ်သည်းပြင်းထန်သည့် စွမ်းအားများကို စုပ်ယူချေဖျက်နိုင်ပေလိမ့်မည်။
ဆူဇီမိုမှာ ရှောင်းယောင်ကို မေးစရာ မေးခွန်းများစွာ ရှိနေ၏။ သို့သော်လည်း ယခုက အချိန်မကျသေးပေ။
“ဒီနေရာကနေ အရင်ထွက်ကြတာပေါ့”
ဆူဇီမိုက လေးနက်သောအသံဖြင့် ပြောလိုက်၏။
စောစောက အနက်ရောင်ချပ်ဝတ်တန်ဆာဝတ် အမျိုးသားက မင်းသားတစ်ပါးဖြစ်သည်။ ယခု သူက သေဆုံးသွားပြီး အဲဒါသည် ခွန်မျိုးနွယ်မှ ဧကရာဇ်ပညာရှင်များကို သေချာပေါက် သတိထားမိလာစေပေလိမ့်မည်။ သူတို့က ဤနေရာမှာ ဆက်နေလျှင် အန္တရာယ်က ပိုမိုကြီးမားလာပေလိမ့်မည်။
ဆူဇီမိုနှင့် အင်မော်တယ်ဘုရင်မ ယိုလန်က ခဏမျှ ဆွေးနွေးတိုင်ပင်ပြီးနောက် ပန်းကမ္ဘာကို အရင်ဆုံးသွားဖို့ ဆုံးဖြတ်လိုက်ကြသည်။
အင်မော်တယ်ဘုရင်မ ယိုလန်သည် ငရဲကြည်လင်အေးမြစိမ့်စမ်းကို ပန်းကမ္ဘာသို့ တတ်နိုင်သမျှမြန်မြန် ပို့ဆောင်ပေးရန် လိုအပ်နေသည်။
ဆူဇီမိုက ယခုအချိန်မှာ ဒဏ်ရာအပြင်းအထန် ရရှိထား၏။ သူက ပေမင်ရွှယ်နှင့် ရှောင်းယောင်ကို ဓားကမ္ဘာသို့ ခေါ်ဆောင်သွားမည်ဆိုလျှင် သူတို့၏ လမ်းခရီးက အလွန်တရာ အန္တရာယ်များနေပေလိမ့်မည်။
ဒါ့အပြင် ပန်းကမ္ဘာက ဤနေရာနှင့် ပိုမိုနီးလေသည်။
သူတို့သည် ပန်းကမ္ဘာသို့ အရင်သွား၍ ဒဏ်ရာများကို ကုသပြီးမှ အစီအစဉ် ပြန်ချမည်ဆိုလျှင် နောက်ကျလိမ့်မည် မဟုတ်ပေ။
အင်မော်တယ်ဘုရင်မ ယိုလန်သည် သူမ၏ အင်မော်တယ်ယာဉ်ပျံကို ဆင့်ခေါ်ပြီး လူတိုင်းကို အာကာသဥမင်ထဲသို့ ခေါ်ဆောင်ကာ ပန်းကမ္ဘာသို့ ဦးတည်လိုက်၏။
တစ်ရက်ကြာပြီးနောက်…
နေ့နှင့်ညကုန်းမြေ၏ အနီးအနား နက်ရှိုင်းသော ကြယ်တာရာကောင်းကင်ထဲမှာ…
ရုတ်တရက်ဆိုသလို…
ကြီးမားသော အရိပ်တစ်ခုက လွှမ်းခြုံကျဆင်းလာပြီး ကောင်းကင်တစ်ခွင် အုပ်မိုးနေ၏။
ထို့နောက် ချက်ချင်းပင် ဧရာမမျက်လုံးနှစ်လုံးက မိုးကောင်းကင်ထက်မှာ ပေါ်ထွက်လာပြီး ချောက်ချားစရာကောင်းသော အော်ရာတစ်ခုကို ထုတ်ဖော်ကာ ဘေးပတ်ဝန်းကျင်ကို ထောက်လှမ်းကြည့်ရှုနေပြီးနောက် ရှေးဟောင်းကြယ်တစ်စင်းပေါ်သို့ ဆင်းသက်သွားလေသည်။
ထိုကြယ်ပေါ်မှာ မျိုးဆက်သွေးအော်ရာ အကြွင်းအကျန်နှင့် တိုက်ပွဲ၏ အငွေ့အသက်တချို့ ကျန်ရှိနေဆဲဖြစ်သည်။
“မင်းတို့ ငါ့သားကို ဘယ်လိုတောင် သတ်ရဲတာလဲ”
လေးနက်သောအသံက ကြယ်တာရာကောင်းကင်ထက်မှ ထွက်ပေါ်လာသည်။
ထိုမျက်လုံးများက အဆုံးမဲ့ အမျက်ဒေါသနှင့် သတ်ဖြတ်လိုစိတ်နှင့် ပြည့်နှက်နေ၏။
ထိုမျက်လုံးတစ်စုံက ဘေးပတ်ဝန်းကျင်ကို အတန်ကြာသည်အထိ အကဲခတ်ကြည့်နေပြီး အဖြေတစ်ခုကို ရရှိဖို့ သဲလွန်စများ ရှာနေသည့်အလားပင်။
သို့သော်လည်း အတန်ကြာပြီးနောက် သူက မည်သည့်အရာကိုမှ ရှာမတွေ့ပေ။
ခဏနေပြီးနောက် သွေးသံရဲရဲ ပါးစပ်တစ်ခုက မိုးကောင်းကင်ထက်မှာ ပေါ်ထွက်လာကာ ကြယ်ကို ဝါးမျိုပြီးနောက် တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။
ကြောက်စရာကောင်းသော အော်ရာကလည်း ပျောက်ကွယ်သွားသည်။
ဆယ်ရက်ကြာပြီးနောက်…
ဆူဇီမိုနှင့် အခြားသူများက ပန်းကမ္ဘာသို့ ရောက်ရှိလာကြသည်။
အင်မော်တယ်ဘုရင်မ ယိုလန်က ဆူဇီမိုနှင့် အခြားသူများကို အစိမ်းရောင်ကြာပန်းကြယ်ပေါ်မှာ နေရာထိုင်ခင်းချပေးပြီးနောက် ပြောလိုက်၏။
“ကျွန်မက စိမ့်စမ်းရေကို ပန်းကမ္ဘာက ဧကရာဇ်တွေဆီ အရင်သွားပေးရမယ်… အဲဒါပြီးရင်တော့ စကားပြောဖို့အတွက် ပန်းကမ္ဘာရဲ့ သရဖီခန်းမဆီ လူတိုင်းကို ဖိတ်ခေါ်ပါ့မယ်”
ဆူဇီမိုက ခဏမျှ စဉ်းစားပြီးနောက် ပြောလိုက်၏။
“အဲ့လိုလုပ်စရာ မလိုတော့ဘူး”
“အမ်…”
အင်မော်တယ်ဘုရင်မ ယိုလန်က အနည်းငယ် မှင်တက်သွား၏။
“တာအိုရောင်းရင်းဆူ… ဒီတစ်ခေါက် ပန်းကမ္ဘာကို အများကြီး အကူအညီပေးခဲ့တယ်… ကျွန်မက အဲဒါကို ကောင်းကောင်းအစီအရင်ခံတင်ပြတာနဲ့ ပန်းကမ္ဘာက ရှင့်ကို သေချာပေါက် ကောင်းကောင်းဆုချီးမြှင့်လိမ့်မယ်”
ဆူဇီမိုက အိပ်မောကျနေဆဲဖြစ်သော ရှောင်းယောင်ကို တစ်ချက်ကြည့်ပြီးနောက် ညင်သာစွာ ခေါင်းခါပြလိုက်၏။
“ကျုပ်ရဲ့ ဒီတပည့်က နည်းနည်းထူးခြားတယ်… တာအိုရောင်းရင်း… ကျေးဇူးပြုပြီး ဒီကိစ္စကို ဖုံးကွယ်ပေးထားပါ”
ရှောင်းယောင်သည် အနက်ရောင်ချပ်ဝတ်တန်ဆာဝတ် အမျိုးသား သေဆုံးမှု၏ တစ်ခုတည်းသော သဲလွန်စဖြစ်သည်။
သူ၏ သရုပ်သကန်နှင့် မျိုးဆက်သွေးက ပေါက်ကြားသွားသည်နှင့် သူသည် ခွန်မျိုးနွယ်မှ ဧကရာဇ်ပညာရှင်များကို သေချာပေါက် ဆွဲဆောင်မိပေလိမ့်မည်။
အင်မော်တယ်ဘုရင်မ ယိုလန်ကလည်း ဤကိစ္စ၏ လေးနက်မှုကို နားလည်သဘောပေါက်ထားသည်။
“တာအိုရောင်းရင်းဆူ… ဒီကိစ္စနဲ့ ပတ်သက်ပြီး မပူပါနဲ့”
ခဏမျှ ရပ်တန့်ပြီးနောက် ဆူဇီမိုက ထပ်ပြောလိုက်သည်။
“နေနဲ့ညကုန်းမြေကို သွားတဲ့ ခရီးစဉ်နဲ့ ပတ်သက်ရင်တော့ အင်မော်တယ်ဘုရင်မ ယိုလန်… ကျေးဇူးပြုပြီး ကျုပ်နဲ့ ပေမင်အကြောင်းကို ထည့်မပြောပါနဲ့”
အင်မော်တယ်ဘုရင်မ ယိုလန်က မျက်မှောင်အနည်းငယ်ကြုတ်ပြီး မေးလိုက်၏။
“တာအိုရောင်းရင်းဆူ… ရှင်က ဘာကို စိုးရိမ်နေရတာလဲ”
ဆူဇီမိုက နှုတ်ဆိတ်နေ၏။
သူ့မှာ ခန့်မှန်းချက်တချို့ ရှိထားသော်လည်း သူက အင်မော်တယ်ဘုရင်မ ယိုလန်ကို ထုတ်ဖော်မပြောဆိုနိုင်ပေ။
အဲဒါက ကြိုတင်သတိထားသည့်အနေဖြင့်သာ ဖြစ်သည်။
အင်မော်တယ်ဘုရင်မ ယိုလန်က အလေးအနက် စဉ်းစားတွေးတောနေ၏။ ခဏနေပြီးနောက် သူမက ခေါင်းညိတ်ပြလိုက်၏။
“ကောင်းပါပြီ… ကိစ္စမရှိပါဘူး”
အင်မော်တယ်ဘုရင်မ ယိုလန်က လက်နှစ်ဖက်ကို အနည်းငယ်ယှက်ပြပြီးနောက် လှည့်ထွက်သွားလေသည်။