← Chapters

တိုက်ပွဲစတင်ပြီ

Vol. 199 Ch. 2979

တိုက်ပွဲစတင်ပြီ

Vol. 199 Ch. 2979

အရှေ့ဘက်အရိုင်းနယ်မြေ၊ လိပ်ပြာတောင်ကြားမှာ။

တစ်စုံတစ်ရာကို အာရုံခံမိသွားပြီး တျဲယွဲ့က သူမ၏ မျက်လုံးနှစ်ဖက်ကို ဖြည်းဖြည်းချင်းဖွင့်လိုက်သည်။

ဧကရာဇ်မိုးပြာရောင်မီးတောက်က ပြန်လည်ရောက်ရှိလာပြီကို သူမသိရှိလိုက်၏။

ကံကောင်းထောက်မစွာဖြင့် သူမသည် ဆူဇီမိုထံမှ ရင်းမြစ်ကျောက်တုံးတချို့ကို ရရှိခဲ့သည်။ နှစ်ရှစ်ရာကျင့်ကြံပြီးနောက် သူမ၏ ဒဏ်ရာများက သက်သာပျောက်ကင်းလာခဲ့ပြီး သူမ၏ အထွတ်အထိပ်အခြေအနေကို ပြန်လည်ရောက်ရှိလာခဲ့၏။

ဆူဇီမိုအကြောင်း တွေးမိချိန်မှာ တျဲယွဲ့၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု တဖြည်းဖြည်းပေါ်ထွက်လာ၏။

ထျန်ဟွမ်ကုန်းမြေတိုက်မှာတုန်းက မြို့ငယ်လေးတစ်မြို့မှ လူငယ်အမျိုးသားတစ်ယောက်သည် လက်ရှိအခြေအနေထိ ကြီးပြင်းလာပြီး အထက်ဘုံသို့ တက်လှမ်းကာ သူမနောက်သို့ အမှီလိုက်လာနိုင်လိမ့်မည်ဟု သူမတကယ်ပင် ထင်မှတ်မထားခဲ့ပေ။

သူမသည် အရင်တုန်းက ဆူဇီမိုကို အသိအမှတ်ပြုချီးကျူးခဲ့လေသည်။ သို့သော်လည်း သူမမှာ တခြားသော စိတ်ခံစားချက်များစွာ မရှိခဲ့ပေ။

တကယ်ဆို သူတို့နှစ်ယောက်သည် အမှန်တကယ်ပြန်လည်တွေ့ဆုံရလိမ့်မည်ဟုပင် သူမမတွေးမိခဲ့ပေ။ သို့သော်လည်း အဲဒါသည် လွန်ခဲ့သည့် နှစ်ရှစ်ရာမတိုင်ခင်ကဖြစ်သည်။

လူငယ်အမျိုးသားက ဤနေရာကို ရောက်ရှိလာခဲ့သည်။

မရေမတွက်နိုင်သော ဆင်းရဲဒုက္ခနှင့် အခက်အခဲများကို တွေ့ကြုံဖြတ်ကျော်ပြီးနောက် လူငယ်အမျိုးသားက အများကြီး ပြောင်းလဲသွားခဲ့သည်။ သူ၏ ကျင့်ကြံမှု၊ အော်ရာ၊ အဆင့်အတန်း… စသည်ဖြင့်။

သူတို့ပထမဆုံးတွေ့ဆုံစဉ်ကလိုပင် သူ၏ မျက်လုံးများကသာ တောက်ပနေဆဲ.. သူ၏ အကြည့်က ရိုးဖြောင့်နေဆဲဖြစ်၏။

“မင်းဘာတွေစဉ်းစားနေတာလဲ”

ထိုစဉ်မှာပင် သူမ၏ ဘေးကနေ အသံတစ်သံ ထွက်ပေါ်လာ၏။

တျဲယွဲ့က ရှင်းပြမနေဘဲ လျှောက်လှမ်းလာနေသည့် သိုင်းတာအိုပင်မခန္ဓာကို ဘေးတိုက်တစ်ချက်သာလှမ်းကြည့်လိုက်၏။

“နင်အဆင့်ချိုးဖျက်သွားပြီလား”

သူမသည်ပင် သိုင်းတာအိုပင်မခန္ဓာ၏ ကျင့်ကြံမှုနယ်ပယ်ကို ရှင်းရှင်းလင်းလင်း မတွေ့မြင်နိုင်ပေ။

သိုင်းတာအိုပင်မခန္ဓာမှာ ပြောင်းလဲမှုတချို့ရှိလာပုံရသည်ကိုသာ သူမက ခပ်ရေးရေးအာရုံခံမိနိုင်သည်။

“အင်း”

သိုင်းတာအိုပင်မခန္ဓာက ခေါင်းညိတ်ပြလိုက်၏။

“ငါ ဧကရာဇ်တစ်ပိုင်းနယ်ပယ်ကို တက်လှမ်းလာခဲ့ပြီ… ဒါပေမဲ့ ငါနောက်တစ်ဆင့်ကို ထပ်ပြီးမတက်လှမ်းနိုင်သေးဘူး”

တကယ်တော့ လွန်ခဲ့သည့်နှစ်နှစ်ရာက သူသည် တိုက်ပွဲကနေ ရရှိခဲ့သော ကောင်းကင်လိုဏ်ဂူများစွာကို စုပ်ယူသန့်စင်ပြီးနောက် သိုင်းတာအိုပိုင်နက်နယ်မြေနှင့် အမြုတေသိုင်းကောင်းကင်လိုဏ်ဂူကို လောကစွမ်းအားတစ်စွန်းတစ်စ ရရှိသည်အထိ ကျင့်ကြံခဲ့ပြီး သူက ဧကရာဇ်တစ်ပိုင်းတစ်ဦး ဖြစ်လာခဲ့သည်။

သူ့မှာ သာမန်သားရဲဧကရာဇ်ခြောက်ဦးနှင့် အန္တိမသားရဲဧကရာဇ်တစ်ဦး၏ လောကအပိုင်းအစများ ရှိနေသေးလေသည်။

သူသည် ဤလောကအပိုင်းအစများကို သန့်စင်မွမ်းမံသည်နှင့် အဲဒါသည် သူ့ကို နောက်တစ်ဆင့်သို့ တက်လှမ်းနိုင်အောင် ကူညီပေးပြီး ခွန်အားအရာမှာ ဧကရာဇ်နယ်ပယ်သို့ သူက တက်လှမ်းလာနိုင်ပေလိမ့်မည်။

သို့သော်လည်း ဧကရာဇ်တစ်ပိုင်းနှင့် ဧကရာဇ်နယ်ပယ်ကြားကွာဟချက်သည် ခွန်အားအရာမှာသာမဟုတ်ဘဲ ဓမ္မတာအိုမှာလည်း ရှိလေသည်။

သူသည် ဓမ္မတာအိုမှာ မတက်လှမ်းနိုင်ဘူးဆိုလျှင် သူသည် ဧကရာဇ်နယ်ပယ်သို့ အမှန်တကယ်တက်လှမ်းနိုင်လိမ့်မည် မဟုတ်ပေ။

သိုင်းတာအိုပင်မခန္ဓာအတွက် အချိန်သာမက ပိုမိုသန်မာသော ဓမ္မတာအိုများကို စုပ်ယူသန့်စင်ဖို့လည်း လိုအပ်နေ၏။

သူ့အတွက် သွားရမည့်နေရာတစ်ခုက ရှိနေပြီဖြစ်သည်။ သို့သော်လည်း ယခုအချိန်မှာ သူ့အတွက် အချိန်လုံးဝမရပေ။

အရှေ့ဘက်အရိုင်းနယ်မြေ၏ အန္တရာယ်က ရောက်ရှိလာခဲ့ပြီဖြစ်သည်။

သူသည်လည်းပဲ ဧကရာဇ်မိုးပြာရောင်မီးတောက်၏ ဆင်းသက်လာမှုကို အာရုံခံမိခဲ့သည်။

မိုးပြာရောင်နဂါးမျိုးဆက်သွေးက တကယ့်ကို ကြောက်စရာကောင်း၏။ ၎င်းက မဟာအရိုင်းကမ္ဘာသို့ ဆင်းသက်ရောက်ရှိလာသည့်ခဏမှာပင် သက်ရှိများအားလုံးက သိပ်သည်းပြင်းထန်ကြီးမားသော ဖိအားတစ်ရပ်ကို အာရုံခံမိလိုက်ကြသည်။

ငရဲဖိနှိမ်မီးဖိုပေါ်ရှိ မိုးပြာရောင်နဂါးအထွတ်အမြတ်ဝိညာဉ်ပင်လျှင် နိုးထလာတော့မည့်လက္ခဏာများ ပြသလာခဲ့သည်။

အရှေ့ဘက်အရိုင်းနယ်မြေ၏ သားရဲဧကရာဇ်တချို့က တစ်ယောက်ပြီးတစ်ယော်ပေါ်ထွက်လာပြီး လိပ်ပြာတောင်ကြားထက်ကို ရောက်ရှိလာကြသည်။

သားရဲဧကရာဇ်နတ်ဆင်နှင့် အခြားသူများက သုန်မှုန်နေသော အမူအရာများနှင့်အတူ မဟာအရိုင်းကမ္ဘာ၏ အနောက်ဘက်သို့ လှမ်းမျှော်ကြည့်ရှုနေကြ၏။

သူတို့သည် ဤကဲ့သို့သောအခြေအနေနှင့် စိမ်းသက်မနေကြပေ။

ဧကရာဇ်မိုးပြာရောင်မီးတောက်၏ ပြန်လည်ရောက်ရှိလာမှုနှင့်အတူ ကြီးမားသောတိုက်ပွဲတစ်ခုကို ရှောင်လွှဲ၍ရတော့မည် မဟုတ်ပေ။

ဤတစ်ခေါက်က အရင်ကနှင့် အနည်းငယ်ကွဲပြားခြားနားနေ၏။

အရှေ့ဘက်အရိုင်းနယ်မြေ၏ နဂါးဧကရာဇ်အထီးကျန်ပင်လယ်၊ သားရဲဧကရာဇ်မဟာဖန်းနှင့် သားရဲဧကရာဇ်ကွေ့နူတို့သည် အပြာရောင်အဖွဲ့ထံမှာ အညံ့ခံသွားခဲ့ပြီဖြစ်သည်။

ထိုသို့ဖြင့် အရှေ့ဘက်အရိုင်းနယ်မြေအပေါ် ဖိအားက ကြီးမားလာခဲ့သည်။

အန္တိမသားရဲဧကရာဇ်များကြားမှာ နဂါးဧကရာဇ်အထီးကျန်ပင်လယ်နှင့် သားရဲဧကရာဇ်မဟာဖန်းတို့က ထိပ်သီးပညာရှင်များဖြစ်ကြသည်။ သားရဲဧကရာဇ်နတ်ဆင်နှင့် သားရဲဧကရီအမြီးကိုးချောင်းတို့သည် သူတို့နှင့်ရင်ဆိုင်သည့်အခါ အသားစီးရရှိနိုင်မည် မဟုတ်ပေ။

ဒါ့အပြင် အပြာရောင်အဖွဲ့မှာ အန္တိမသားရဲဧကရာဇ်တစ်ဦးထက်မက ရှိနေသည်။

မဟာအရိုင်းကမ္ဘာ၏ အနောက်ဘက်ကို နက်မှောင်နေသော တိမ်စိုင်များက ဖုံးအုပ်လာပြီး တရုန်းရုန်းထကြွလာ၏။

တျဲယွဲ့၏ အမူအရာက တည်ငြိမ်နေပြီး ရှေ့သို့အရင်ဆုံးတက်လှမ်းသွားလေသည်။

အပြာရောင်အဖွဲ့နှင့် မဟာအရိုင်းကမ္ဘာ၏ စစ်တပ်က နယ်စပ်မှာ စုစည်းရောက်ရှိနေကြသည်။

ဧကရာဇ်မိုးပြာရောင်မီးတောက်က လေထဲမှာ မတ်တတ်ရပ်နေ၏။

ခုနှစ်ဆောင်ပြိုင်သားရဲဧကရာဇ်များနှင့် သာမန်သားရဲဧကရာဇ်ဆယ်ဦးကျော်အပြင် ထိုနေရာမှာ သူ၏ နောက်ဘက်တွင် အပြာရောင်အဖွဲ့မှ လူငယ်သားရဲဘုရင်တချို့လည်းရှိနေသည်။

ဤသားရဲဘုရင်များသည် ဤနေရာသို့ ပထမဆုံးအကြိမ်ရောက်ရှိလာခြင်းဖြစ်ပြီး မဟာအရိုင်းကမ္ဘာမှ တွေ့မြင်သမျှအရာရာတိုင်းက သူတို့အတွက် အသစ်အဆန်းဖြစ်နေသည်။ ဧကရာဇ်မိုးပြာရောင်မီးတောက်က သူ၏ ခြေဖဝါးအောက်မှာရှိသော ဘီလီယံနှင့်ချီသည့် သက်ရှိများကို လက်ညှိုးထိုးပြလိုက်၏။

“မင်းတို့တွေမြင်လား.. သားရဲဘုရင်တွေပဲဖြစ်ဖြစ် သားရဲဧကရာဇ်တွေပဲဖြစ်ဖြစ် သူတို့တွေအားလုံးက ငါတို့အသုံးချဖို့ မွေးမြူထားတဲ့သက်ရှိတွေပဲ”

“အဲဒီသက်ရှိတွေက ငါတို့ရဲ့လောကနဲ့ ဘယ်တော့မှ ထိတွေ့နိုင်မှာမဟုတ်ဘူး”

လူငယ်သားရဲဘုရင်များက သူတို့၏ မျက်လုံးထဲရှိ စိတ်လှုပ်ရှားတက်ကြွမှုနှင့်အတူ ခေါင်းညိတ်ပြလိုက်ကြ၏။

ဧကရာဇ်မိုးပြာရောင်မီးတောက်က သာမန်ကာလျှံကာပြောလိုက်၏။

“တိုက်ပွဲက မကြာခင်စတင်လာတော့မယ်… သတိထားနေကြ အဲဒီတိရစ္ဆာန်တွေကြောင့် မင်းတို့ရဲ့အသက်ကို မဆုံးရှုံးစေနဲ့”

ထိုစဉ်မှာပင် အရှေ့ဘက်အရိုင်းနယ်မြေ၏ အထက် ကောင်းကင်မှာ သားရဲဧကရာဇ်တစ်အုပ်စုက ပေါ်ထွက်လာကြသည်။

သားရဲဧကရာဇ်နတ်ဆင်နှင့် အခြားသူများက သူတို့ရှေ့မှာရှိသော စုဖွဲ့ပုံကို တွေ့မြင်သည့်အခါ သူတို့က ရင်ထဲမှာ နင့်ခနဲဖြစ်သွားကြ၏။

တျဲယွဲ့က ဧကရာဇ်မိုးပြာရောင်မီးတောက်နှင့် ခုနှစ်ဆောင်ပြိုင်သားရဲဧကရာဇ်များနှင့် တစ်ယောက်တည်းတိုက်ခိုက်နိုင်မည်ဆိုလျှင်တောင် ထိုနေရာမှာ အန္တိမသားရဲဧကရာဇ်ဆယ်ဦးကျော်နှင့် သာမန်သားရဲဧကရာဇ်လေးဆယ်ကျော်ရှိနေသည်။

အရှေ့ဘက်အရိုင်းနယ်မြေဘက်မှာ အထီးကျန်သိုင်းသခင်ကို ထည့်တွက်မည်ဆိုလျှင်တောင် ဧကရာဇ်ပညာရှင်ခြောက်ဦးသာရှိလေသည်။ သူတို့က သားရဲဧကရာဇ်နတ်ဆင်၊ သားရဲဧကရီအမြီးကိုးချောင်း၊ သားရဲဧကရာဇ်ပိုင်ကျဲ၊ သားရဲဧကရာဇ်ကောင်းကင်ထိုးသွင်း၊ သားရဲဧကရာဇ်ဆန်းကြယ်မြွေနှင့် သားရဲဧကရာဇ်အထီးကျန်သိုင်းသခင်တို့ဖြစ်သည်။

ဧကရာဇ်မိုးပြာရောင်မီးတောက်၏ အကြည့်က တျဲယွဲ့ပေါ် ချက်ချင်းဆင်းသက်လာပြီး ပြုံး၍ခေါင်းညိတ်လိုက်၏။

“မင်းငါ့ကို တကယ်ပဲ စိတ်မပျက်စေခဲ့ဘူးပဲ… မင်းရဲ့ ထိခိုက်ဒဏ်ရာတွေက သက်သာပျောက်ကင်းသွားပြီပေါ့… ကောင်းတယ်ကွာ”

တျဲယွဲ့က အေးစက်စက်အမူအရာနှင့်အတူ သူ့ကို လျစ်လျူရှုထား၏။

ထိုစဉ်မှာပင် ဧကရာဇ်မိုးပြာရောင်မီးတောက်၏ နောက်ဘက်မှာ ချောမောလှပသော အမျိုးသမီးတစ်ဦးက ရှေ့သို့ထွက်လာခဲ့သည်။ သူမမှာ နှစ်သက်သဘောကျဖွယ်ကောင်းသောခန္ဓာကိုယ်နှင့် ညှို့ငင်ဖမ်းစားနိုင်သော အမူအရာတစ်ခုရှိနေပြီး သူမက ပြုံး၍မေးလိုက်၏။

“ရှင်တို့တွေထဲ အထီးကျန်သိုင်းသခင်က ဘယ်တစ်ယောက်များလဲ မသိဘူး”

“သတိထားနော်”

သားရဲဧကရီအမြီးကိုးချောင်း၏ အသံက သိုင်းတာအိုပင်မခန္ဓာ၏ စိတ်ထဲမှာထွက်ပေါ်လာ၏။

“ဒါက ခုနှစ်ဆောင်ပြိုင်သားရဲဧကရာဇ်တွေထဲက သားရဲဧကရီနှလုံးသားစံအိမ်ပဲ… သူ့ရဲ့ အစစ်အမှန်ပုံစံကလည်း မြေခွေးမျိုးနွယ်ကပဲ.. သူက ညှို့ငင်ဖမ်းစားတဲ့နည်းစနစ်တွေမှာ အရမ်းတော်တယ်”

“နင်တို့တွေ ဘာတွေတိုးတိုးပြောနေကြတာလဲ… ဟဲဟဲ အာလုံးကို ငါကြားနေရတယ်နော်”

သားရဲဧကရီနှလုံးသားစံအိမ်က ရယ်မောပြီး သူမ၏ တဖျတ်ဖျတ်တလက်လက်တောက်ပနေသောအကြည့်က သိုင်းတာအိုပင်မခန္ဓာထံသို့ ဆင်းသက်ရောက်ရှိလာ၏။

ဝဲဂယက်များ ပေါ်ထွက်လာပြီး သူမက ညင်သာစွာပြောလိုက်၏။

“အစ်ကိုအထီးကျန်သိုင်းသခင်… ရှင်ကျွန်မဘေးကို လာနေပေးလို့ မရဘူးလား”

သားရဲဧကရီနှလုံးသားစံအိမ်၏ အသံက ဖျားယောင်းမှုနှင့် နူးညံ့သိမ်မွေ့မှုဖြင့် ပြည့်နှက်နေပြီး လူတစ်ယောက်၏ နှလုံးသားထဲရှိ အနက်ရှိုင်းဆုံး ကာမဂုဏ်စိတ်ဆန္ဒများကို နိုးကြွစေနိုင်သည့်အလားပင်။ သို့သော်လည်း သိုင်းတာအိုပင်မခန္ဓာ၏ မျက်လုံးများက တည်ငြိမ်၍ နက်ရှိုင်းနေ၏။

သူသည် ဧကရာဇ်တစ်ပိုင်းနယ်ပယ်သို့ ဝင်ရောက်လာခဲ့ပြီဖြစ်သည်။ သူ၏ အထွတ်အထိပ်အခြေအနေမှာ ဤကဲ့သို့သော ညှို့ငင်ဖမ်းစားခြင်းနည်းလမ်းများက သူ၏ တာအိုနှလုံးသားကို လုံးဝမကိုင်လှုပ်နိုင်တော့ပေ။

အစကတော့ သားရဲဧကရီနှလုံးသားစံအိမ်သည် အထီးကျန်သိုင်းသခင်ကို သွေးဆောင်ဖျားယောင်းရန် သူမ၏ ညှို့ငင်ဖမ်းစားခြင်း နည်းစနစ်များကို အသုံးချကာ စိုးမိုးခြယ်လှယ်လိုလေသည်။

ယခု အေးစက်စက်ငွေရောင်မျက်နှာဖုံးတပ်ထားသည့် အထီးကျန်သိုင်းသခင်က လုံးဝလှုပ်ရှားယိမ်းယိုင်သွားခြင်း မရှိပေ။

သိုင်းတာအိုပင်မခန္ဓာကလည်း သူ့ရှေ့မှာရှိသော ဧကရာဇ်မိုးပြာရောင်မီးတောက်နှင့် ခုနှစ်ဆောင်ပြိုင်သားရဲဧကရာဇ်များကို လေ့လာအကဲခတ်ကြည့်နေ၏။

ခုနှစ်ဆောင်ပြိုင်သားရဲဧကရာဇ်များဟုခေါ်ဆိုသူများသည် မတူညီသော အစစ်အမှန်ပုံစံများမှာ ရှိနေကြသည်။

စောစောက သားရဲဧကရီနှလုံးသားစံအိမ်သည် မြေခွေးမျိုးနွယ်ကနေ လာလေသည်။ သို့သော်လည်း သူမသည် သားရဲဧကရီအမြီးကိုးချောင်းနှင့် ကွဲပြားခြားနားနေ၏။

သိုင်းတာအိုပင်မခန္ဓာသည် သားရဲဧကရီနှလုံးသားစံအိမ်ထံမှ နဂါးမျိုးနွယ်၏ မျိုးဆက်သွေးအော်ရာကိုပင် အာရုံခံမိနေ၏။

အခြားသူများအနေဖြင့်လည်း အတူတူပင်ဖြစ်သည်။

နောက်ဆုံးမှာတော့ သိုင်းတာအိုပင်မခန္ဓာ၏ အကြည့်က ဧကရာဇ်မိုးပြာရောင်မီးတောက်ထံ ဆင်းသက်ရောက်ရှိသွား၏။

ထိုသူက အရမ်းကိုသန်မာသည်။

သိုင်းတာအိုပင်မခန္ဓာသည် ယခုအချိန်မှာ သူနှင့်ရင်ဆိုင်ရမည်ဆိုလျှင် အခွင့်အရေးတစ်ခုပင် ရလိမ့်မည် မဟုတ်ပေ။

ဒါ့အပြင် တစ်ဘက်မှာရှိသော ဧကရာဇ်များကြားမှာ ဧကရာဇ်မိုးပြာရောင်းမီးတောက်တစ်ဦးတည်းကသာ သူ့ကို ဤကဲ့သို့သောသိပ်သည်းပြင်းထန်ကြီးမားသည့် ဖိအားပေးနိုင်သည့်သူဖြစ်သည်။

“နတ်မိမယ်နှလုံးသားစံအိမ်.. ဒီလူက ကောင်းမှန်းဆိုးမှန်းနားမလည်ဘူး… သူ့ကို ကျုပ်တာဝန်ထားလိုက်ပါ”

နဂါးဧကရာဇ်အထီးကျန်ပင်လယ်က ဦးညွှတ်ကာ ပြောလိုက်၏။

“ဟုတ်ပါပြီ”

သားရဲဧကရီနှလုံးသားစံအိမ်က ခေါင်းညိတ်ပြလိုက်၏။

နဂါးဧကရာဇ်အထီးကျန်ပင်လယ်က ရှေ့သို့ထွက်ပြီး သူ့ရှေ့တည့်တည့်မှာရှိသော သိုင်းတာအိုပင်မခန္ဓာကို ကြည့်လိုက်၏။ သူက ရင်ကိုကော့ပြီး ခါတိုင်းလို သူ၏ ယုံကြည်မှုကို ပြန်လည်ရရှိလာသည်။

“အထီးကျန်သိုင်းသခင်… အရင်တုန်းက မင်းက အပြာရောင်အဖွဲ့ကို မလေးမစားနဲ့ ရိုင်းရိုင်းပျပျပြောဆိုခဲ့တယ်… မင်းကို သွေးလိပ်ပြာက ကာကွယ်ပေးနေလို့ ငါမတိုက်ခိုက်ခဲ့ဘူး”

နဂါးဧကရာဇ်အထီးကျန်ပင်လယ်က အေးစက်စွာပြောလိုက်သည်။

“ဒီနေ့တိုက်ပွဲမှာ မင်းသေချာပေါက် သေရလိမ့်မယ်”

“သူဘာပြောခဲ့လို့လဲ”

သားရဲဧကရာဇ်ဦးချိုစံအိမ်က မေးလိုက်၏။

နဂါးဧကရာဇ်အထီးကျန်ပင်လယ်က ဦးညွှတ်ပြီးနောက် ပြန်ဖြေလိုက်သည်။

“အပြာရောင်အဖွဲ့က မုန်တိုင်းကို ကိုယ်စားမပြုနိုင်ဘူး… နောက်ပြီး ရောက်လေရာအရပ်မှာ သူက မုန်တိုင်းရဲ့ဗဟိုပဲလို့ ထုတ်ဖော်ကြေညာခဲ့တယ်”

“ဟဲဟဲ”

“ဟဟဟ...”

ခုနှစ်ဆောင်ပြိုင်သားရဲဧကရာဇ်များနှင့် အခြားသူများက လှောင်ရယ်လိုက်ကြသည်။

“အဲဒါ ရယ်စရာကောင်းနေလို့လား”

တျဲယွဲ့က မှင်သေသေဖြင့်ပြောလိုက်၏။

ရုတ်တရက် ပတ်ဝန်းကျင်က တိတ်ဆိတ်ငြိမ်သက်သွားသည်။

လေထုကပင် အေးခဲသွားသည်ဟု ထင်ရသည်။

လူတိုင်းသည် တျဲယွဲ့ထံမှ သတ်ဖြတ်လိုစိတ်ကို အာရုံခံမိနိုင်ကြသည်။

သူတို့ရှေ့မှ ဤပုဂ္ဂိုလ်သည် ဧကရာဇ်မိုးပြာရောင်မီးတောက်နှင့်ပင် ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်နိုင်သော ကြောက်စရာကောင်းသည့်ပညာရှင်တစ်ဦးဖြစ်သည်။

နောက်ခဏ၌။

တျဲယွဲ့က တိုက်ခိုက်လိုက်သည်။

ဖြူဖွေး၍ အားနည်းပုံရသော လက်ဖဝါးတစ်ဖက်က လေထုကို ဖြတ်ကျော်ပြီး စောစောက သိုင်းတာအိုပင်မခန္ဓာကို လှောင်ရယ်နေသော သားရဲဧကရာဇ်များထံ ကျဆင်းလာ၏။ ချက်ချင်းပင် မိုးကောင်းကင်က ပြိုကျသွားပြီး ရာသီဥတုက ပြောင်းလဲသွားလေသည်။

ကြီးမားသောတိုက်ပွဲတစ်ခုက ဖြစ်ပွားလာခဲ့လေပြီ။

All Chapters