ကြက်သွေးရောင် လမင်းမုန်တိုင်း
Vol. 199 Ch. 2981
ထိုထိုးချက်မှာ သိုင်းတာအို၏ ဓမ္မအစီအရင်နှင့် သိုင်းတာအို၏ စိတ်စွမ်းအားတို့ ပါဝင်နေသည်။ ရပ်တန့်တားဆီး၍မရနိုင်သော အော်ရာတစ်ခုနှင့်အတူ ၎င်းသည် မိုးကောင်းကင်ကို ထိုးဖောက်ကာ အရာရာတိုင်းကို ဖျက်ဆီးပစ်ချင်နေသည်။
သူ့ထံသို့ ဝင်ရောက်လာသော ရွှေရောင်မြားများစွာက ကြေမွပျက်စီးသွားသည်။
သားရဲဧကရာဇ် မဟာဖန်းသည် သူ့ထံသို့ တိုးဝင်လာသည့် အလွန်တရာ ကြောက်မက်ဖွယ်ရာကောင်းသော အော်ရာတစ်ခုကို ခံစားလိုက်ရပြီး မွန်းကျပ်လုနီးပါး ဖြစ်လာခဲ့၏။
သူ့မှာ နောက်ဆုတ်စရာ နေရာမရှိပေ။
ဤကဲ့သို့သော လက်သီးနည်းစနစ်နှင့် စွမ်းအားက ဤလောကမှာ ရှိမနေသင့်ပေ။
သားရဲဧကရာဇ် မဟာဖန်းသည် သူ့လက်ကိုမြှောက်ပြီး သူ၏ မျိုးဆက်သွေးကို အကန့်အသတ်အထိ လှည့်ပတ်လိုက်၏။ သူ၏ နောက်ဘက်မှာ မျိုးဆက်သွေးနယ်မြေတစ်ခုကို စုဖွဲ့လိုက်လေသည်။ ရွှေရောင်တောင်ပံ ဖန်းတစ်ကောင်က ဝင်းလက်စွာ တောက်ပနေပြီး ၎င်း၏ ကောင်းကင်တောင်ပံများကိုဖြန့်ကာ သိုင်းတာအိုပင်မခန္ဓာထံ ပြေးဝင်လာ၏။
ဝုန်း…
တုန်လှုပ်စရာကောင်းသော ပေါက်ကွဲသံ ထွက်ပေါ်လာပြီး မြေပြင်က လှုပ်ခါသွားသည်။
အသွေးအသားများက ဖိတ်စင်ပြန့်ကျဲပြီး အရိုးများက ကျိုးကြေကုန်သည်။
သားရဲဧကရာဇ်မဟာဖန်း၏ မျိုးဆက်သွေးနယ်မြေသည် သိုင်းတာအိုပင်မခန္ဓာထံမှ ထိုးချက်တစ်ချက်ဖြင့် ဖျက်ဆီးခံလိုက်ရသည်။
သူ၏ လက်နှစ်ဖက်က ထိုးချက်ကို မခုခံနိုင်ဘဲ ချက်ချင်းပင် ပေါက်ကွဲထွက်ကာ သွေးမြူတစ်ခုအဖြစ် ပြောင်းလဲသွားရ၏။
ဝေါ…
သိုင်းတာအိုပင်မခန္ဓာ၏ ထိုးချက်တစ်ချက်ကနေ ထုတ်ဖော်လိုက်သော စွမ်းအားက သားရဲဧကရာဇ်မဟာဖန်း၏ ခန္ဓာကိုယ်ထဲသို့ တလိပ်လိပ်တိုးဝင်လာပြီး သူ၏ အသက်ဓာတ်အားကို ရူးသွပ်စွာ ဖျက်ဆီးပစ်နေ၏။
သားရဲဧကရာဇ်မဟာဖန်းသည် ညည်းတွားအော်ဟစ်ပြီး နောက်သို့ဆုတ်ခွာရင်း သူ့ခန္ဓာကိုယ်ပေါ်ကနေ ရွှေရောင်တောင်ပံများက အဆက်မပြတ် ကွာကျကုန်၏။
တစ်ဖက်မှာတော့ နဂါးဧကရာဇ် အထီးကျန်ပင်လယ်၏ နဂါးလက်သည်းက ဆင်းသက်လာခဲ့ပြီဖြစ်သည်။
သူက နှစ်ယောက်တစ်ယောက် ရင်ဆိုင်နေရလျှင်တောင် သိုင်းတာအိုပင်မခန္ဓာက အကြောက်အလန့်ကင်းမဲ့နေ၏။ သူက ကြမ်းကြုတ်ခက်ထန်၍ ထက်ရှသော နဂါးလက်သည်းကို လက်ပြန်ပစ်ထိုးလိုက်သည်။
ဘန်း…
ဂါး…
နဂါးဧကရာဇ် အထီးကျန်ပင်လယ်က ခပ်စူးစူးအော်ဟစ်လိုက်ပြီး ဧရာမ နဂါးလက်သည်းက ကြေမွသွားလေသည်။
သိပ်သည်းပြင်းထန်သော ရိုက်ခတ်မှုက သူ၏ နဂါးခန္ဓာကိုပင် ဆုတ်ပြဲသွားစေ၏။
အနီးကပ်တိုက်ခိုက်ရည်မှာ သိုင်းတာအိုပင်မခန္ဓာ၏ လက်သီးနည်းစနစ်ကို မည်သူကမှ မခုခံနိုင်ပေ။
ဝုန်း… ဝုန်း…
အန္တိမသားရဲဧကရာဇ်နှစ်ဦးက ဆက်လက်၍ တွေဝေတုံ့ဆိုင်းမနေရဲတော့ဘဲ သူတို့၏ လောကများကို ချက်ချင်းပင် မြှောက်တင်လိုက်ကြ၏။
သူတို့စုဖွဲ့ထားသော လောကထဲမှာ သူတို့သည် သူတို့၏ အမြုတေချီကို လျင်မြန်စွာ ပြန်လည်ဖြည့်တင်းပြီး သူတို့၏ ထိခိုက်ဒဏ်ရာများကို ကုသနေကြ၏။
သိုင်းတာအိုပင်မခန္ဓာ၏ မျက်လုံးများက နက်ရှိုင်း၍ တင်းမာခက်ထန်နေပြီး သူတို့နှစ်ယောက်ကို အသက်ရှူခွင့်မပေးလိုပေ။
ဝေါ…
သိုင်းတာအိုပင်မခန္ဓာ ထုတ်ဖော်လိုက်သော သိုင်းတာအိုငရဲခန်းက ကြီးမားသော တိုက်ပွဲနယ်မြေကို ချက်ချင်းနီးပါးပင် လွှမ်းခြုံအုပ်မိုးလိုက်၏။
နဂါးဧကရာဇ် အထီးကျန်ပင်လယ်သာလျှင် မဟုတ်ဘဲ သားရဲဧကရာဇ် မဟာဖန်း၊ သားရဲဧကရာဇ် စိတ်ဝိညာဉ်ဦးချို၊ သားရဲဧကရာဇ် ဖေးလျန်၊ သားရဲဧကရာဇ် ဟို့တူနှင့် အခြားသော အန္တိမသားရဲဧကရာဇ် ဆယ်ဦးကျော်က သိုင်းတာအိုငရဲခန်းထဲမှာ ကျဆင်းသွားလေသည်။
ချက်ချင်းပင် မီးတောက်များက ကောင်းကင်ထက်ကို တလိပ်လိပ်ထိုးတက်လာ၏။
လွန်ခဲ့သည့် နှစ်၈၀၀က ပကတိသိုင်းတာအိုငရဲခန်းကပင် လောကအသေးများစွာကို လောင်ကျွမ်းသန့်စင်နိုင်ခဲ့သည်။
ယခု သိုင်းတာအိုငရဲခန်းသည် ထပ်မံ၍ အဆင့်မြင့်တက်လာပြီး အန္တိမသားရဲဧကရာဇ်များစွာ၏ လောကအကြီးများကပင် အဲဒါကို မခုခံနိုင်ပေ။
အန္တိမသားရဲဧကရာဇ် ဆယ်ဦးကျော်ကျော်ကြားမှာ ခွန်အားကွာဟချက်လည်း ရှိလေသည်။
အန္တိမသားရဲ ဧကရာဇ်တချို့သည် အသက်ရှူချိန် အနည်းငယ်ကြာအောင်ပင် တောင့်မခံနိုင်ဘဲ သူတို့၏ လောကများက စတင်၍ လဲပြိုကာ အရည်ပျော်ကျသွား၏။
သူတို့လောကများ၏ ကာကွယ်မှုမရှိဘဲ အန္တိမသားရဲဧကရာဇ်များ၏ ခန္ဓာကိုယ်များက သိုင်းတာအိုငရဲခန်း၏ စွမ်းအားကို လုံးဝမခုခံနိုင်ဘဲ သိပ်မကြာခင် လောင်ကျွမ်းပြာကျသွားသည်။
နဂါးဧကရာဇ် အထီးကျန်ပင်လယ်နှင့် သားရဲဧကရာဇ် မဟာဖန်းကဲ့သို့ အန္တိမသားရဲဧကရာဇ်များသည် အနိုင်နိုင်တောင့်ခံနေရပြီး သိုင်းတာအိုငရဲခန်းကို ခုခံဆန့်ကျင်ဖို့အတွက် သူတို့လောကများ၏ စွမ်းအားများကို အဆက်မပြတ်ထုတ်ဖော်နေရသည်။
“အပြင်ဘက်ကို ရောက်အောင် ထွက်ကြ… မဟုတ်ရင် အားလုံးဒီနေရာမှာ သေရလိမ့်မယ်”
နဂါးဧကရာဇ် အထီးကျန်ပင်လယ်က အော်ဟစ်ပြောဆိုလိုက်၏။
အန္တိမသားရဲဧကရာဇ် ဆယ်ဦးကျော်ကျော်က အထဲမှာ ပိတ်မိနေပြီး သိုင်းတာအိုငရဲခန်း၏ အဟန့်အတားကို တိုက်ခိုက်ရန် အတူပူးပေါင်းကာ သူတို့၏ ခံ့ညားထည်ဝါသော လောကစွမ်းအားများကို ထုတ်ဖော်လိုက်ကြ၏။
ဝုန်း… ဝုန်း… ဝုန်း…
သိုင်းတာအိုငရဲခန်းက အဆက်မပြတ် ယိမ်းထိုးသွားလေသည်။ သိုင်းတာအိုငရဲခန်း၏ အဟန့်အတားများပေါ်မှာ လျှို့ဝှက်ဆန်းကြယ်သော မှော်စာလုံးများ ပေါ်ထွက်လာပြီး အဆုံးမဲ့ဓမ္မတာအိုများကို စုဖွဲ့ထားလေသည်။
သိုင်းတာအိုငရဲခန်းကို ချိုးဖျက်ဖို့က လွယ်ကူသည် မဟုတ်ပေ။
ဤဖြစ်စဉ်အတွင်း နောက်ထပ် အန္တိမသားရဲဧကရာဇ်နှစ်ဦးက မီးတောက်ပင်လယ်ကြားထဲမှာ သေဆုံးသွားရသည်။
သားရဲဧကရာဇ်နတ်ဆင်နှင့် သားရဲဧကရီ အမြီးကိုးချောင်းတို့ကလည်း အထဲမှာ ပိတ်မိနေကြသည်။
သို့သော်လည်း သိုင်းတာအိုပင်မခန္ဓာ၏ ထိန်းချုပ်မှုအောက်မှာ ငရဲခန်းထဲရှိ မီးတောက်များက သူတို့နှစ်ယောက်အပေါ် မည်သည့်ပျက်စီးထိခိုက်မှုကိုမှ မဖြစ်စေပေ။
သားရဲဧကရာဇ် နတ်ဆင်နှင့် သားရဲဧကရီ အမြီးကိုးချောင်းတို့က ထိုသည်ကို တွေ့မြင်သောအခါ တုန်လှုပ်သွားကြ၏။
သူတို့နှစ်ယောက်၏ တိုက်ခိုက်ရည်ခွန်အားသည် အန္တိမသားရဲဧကရာဇ်များကြားတွင် ထိပ်တန်းမှာ ရပ်တည်နိုင်လေသည်။
သူတို့က သားရဲဧကရာဇ် စိတ်ဝိညာဉ်ဦးချိုနှင့် အခြားသူများနှင့် တိုက်ခိုက်ရမည်ဆိုလျှင် သူတို့သည် အသာစီးရရှိကောင်း ရရှိနိုင်သော်လည်း သူတို့ကို သတ်ဖြတ်နိုင်စရာ အကြောင်းမရှိပေ။
ဧကရာဇ်နယ်ပယ်သို့ ဝင်ရောက်လာပြီးနောက် လောကတစ်ခု၏ ကာကွယ်မှုနှင့်အတူ တစ်ယောက်ယောက်က သေရဖို့ ခဲယဉ်းသွားခဲ့ပြီဖြစ်သည်။
ယခု သူတို့နှစ်ယောက်၏ ရှေ့မှာ အန္တိမသားရဲဧကရာဇ်များက တစ်ယောက်ပြီးတစ်ယောက် သေဆုံးသွားကြပြီး အလောင်းပင်မကျန်ဘဲ လောင်ကျွမ်းပြာကျသွားလေသည်။
အပြာရောင်အဖွဲ့နှင့် အရှေ့ဘက်အရိုင်းနယ်မြေက အကြိမ်များစွာ တိုက်ခိုက်ခဲ့ပြီး မနှိုင်းယှဉ်သာအောင် သွေးပျက်ချောက်ချားစရာကောင်းသော ပုံစံဖြင့် အလောင်းများက တောင်လိုပုံပြီး သွေးမြစ်များ စီးဆင်းခဲ့ကြလေသည်။
သို့သော်လည်း သေဆုံးခဲ့သော လူအများစုက သားရဲစစ်သည်များ၊ သားရဲစစ်ဗိုလ်များနှင့် သားရဲဘုရင်တချို့ ဖြစ်ကြသည်။
နှစ်ဦးနှစ်ဖက်ကြား တိုက်ပွဲများစွာမှာ သေဆုံးခဲ့သော ဧကရာဇ်များ၏ အရေအတွက်က ပြီးခဲ့သည့် အသက်ရှူချိန် ဆယ်ကြိမ်ကျော်အတွင်း သိုင်းတာအိုပင်မခန္ဓာ သတ်ဖြတ်ခဲ့သော အရေအတွက်လောက်ပင် မရှိခဲ့ပေ။
သာမန်သားရဲဧကရာဇ်များပင်လျှင် သူတို့ရှေ့မှ မြင်ကွင်းမှာ တုန်လှုပ်သွားကြ၏။
မဟာအရိုင်းကမ္ဘာ၏ အပြင်ဘက် ကြယ်တာရာကောင်းကင်ထဲမှာ…
ခုနှစ်ဆောင်ပြိုင်သားရဲဧကရာဇ်များ၏ စိတ်အာရုံသည် အစက ဧကရာဇ်မိုးပြာရောင်မီးတောက်နှင့် တျဲယွဲ့ထံ ရောက်ရှိနေကြသည်။ ထိုအခိုက်အတန့်မှာ သူတို့သည် မဟာအရိုင်းကမ္ဘာမှ ရုတ်ရုတ်သဲသဲ အခြေအနေကို သတိထားမိသွားပြီး ငုံ့ကြည့်လိုက်ကြ၏။
“အဲဒီ အထီးကျန်သိုင်းသခင်က တကယ်ကို တစ်ခုခုပဲ”
သားရဲဧကရာဇ် ဦးချိုစံအိမ်က မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။
သူ၏ အစစ်အမှန်ပုံစံက မိုးပျံမြွေနဂါးတစ်ကောင်ဖြစ်သည်။
သားရဲဧကရီ နှလုံးသားစံအိမ်က သူမ၏ နောက်ဘက်မှာရှိသော မြေခွေးအမြီးကို ညင်သာစွာ လွှဲယမ်းကာ တီးတိုးရေရွတ်လိုက်၏။
“အဲဒီလူက ဘယ်ဓမ္မတာအိုကို ကျင့်ကြံထားတာပါလိမ့်… ငါ အဲဒါကို ဘာလို့မမြင်ဖူးတာလဲ”
သားရဲဧကရာဇ် ဦးချိုစံအိမ်က လေးနက်သောအသံဖြင့် ပြောလိုက်၏။
“အခြေအနေမကောင်းတော့ဘူး…. ဒီအတိုင်းသာ ဆက်သွားရင် ငါတို့ခေါ်လာတဲ့ ဂျူနီယာတွေက သေဘေးကနေ လွတ်မြောက်နိုင်မှာ မဟုတ်လောက်ဘူး”
တကယ်တော့ သူတို့သည် နဂါးဧကရာဇ် အထီးကျန်ပင်လယ်နှင့် သားရဲဧကရာဇ် မဟာဖန်းတို့၏ အသက်များကို ဂရုမစိုက်ပေ။
သို့သော်လည်း အပြာရောင်အဖွဲ့မှ ဂျူနီယာတချို့သည် သူတို့က သားရဲဘုရင်များသာ ဖြစ်သည်ဆိုလျှင်တောင် ခုနှစ်ဆောင်ပြိုင်သားရဲဧကရာဇ်များ၏ မျက်လုံးများထဲမှာ သူတို့သည် နဂါးဧကရာဇ် အထီးကျန်ပင်လယ်နှင့် အခြားသူများထက် များစွာပိုမို အရေးပါလေသည်။
“မင်းတို့တွေ ဒီနေရာမှာနေပြီး သခင်လေးကို စောင့်ကြည့်ပေးနေကြ… ငါ အောက်ကိုဆင်းပြီး အထီးကျန်သိုင်းသခင်ကို သတ်လိုက်မယ်”
သားရဲဧကရာဇ် ဦးချိုစံအိမ်က အေးစက်စွာပြောလိုက်၏။
“နေဦး...”
သားရဲဧကရီ နှလုံးသားစံအိမ်က ရယ်မောကာ ပြောလိုက်၏။
“အဲဒီလူက အတော်လေး စိတ်ဝင်စားဖို့ကောင်းနေတယ်… သူ့ကို ငါနဲ့ကစားဖို့ ထားလိုက်”
သူတို့က ထိုသို့ပြောရင်း သားရဲဧကရာဇ် ဦးချိုစံအိမ်နှင့် သားရဲဧကရီ နှလုံးသားစံအိမ်တို့က မဟာအရိုင်းကမ္ဘာ၏ ဧကရာဇ်နယ်ပယ်တိုက်ပွဲမြေရှိရာသို့ တစ်ချိန်တည်းမှာ လျှောက်လှမ်းထွက်လာကြသည်။
“ဟမ်…”
တျဲယွဲ့က ထိုသည်ကို သတိထားမိသောအခါ သူမ၏ အော်ရာက နောက်တစ်ဖန် မြင့်တက်လာပြီး သူမ၏ နောက်ဘက် လောကထဲမှာ ဧရာမ သွေးနီရောင်လိပ်ပြာတစ်ကောင်က ပေါ်ထွက်လာ၏။
သွေးနီရောင်လိပ်ပြာသည် သူမ၏ ပုံသဏ္ဌာန်နှင့် ထပ်တူကျလုနီးပါးဖြစ်လာပြီး ထို့နောက် ချက်ချင်းပင် သွေးနီရောင်လိပ်ပြာ၏ တောင်ပံများက ညင်သာစွာ တုန်ခါသွား၏။
ချက်ချင်းပင် တုန်လှုပ်စရာကောင်းသော မုန်တိုင်းတစ်ခုက အဆုံးမဲ့ကြယ်တာရာကောင်းကင်ထဲမှာ တိုက်ခတ်လာပြီး ဓားသွားများ၊ လှံများကဲ့သို့ အဘက်ဘက်ကို တိုက်စားသွားလေသည်။
မုန်တိုင်းဖြတ်သွားရာနေရာတိုင်းမှာ ၎င်းသည် အသက်ဓာတ်အားလုံးကို ဖျက်ဆီးပစ်ခဲ့သည်။
ထိုအရာသည် တျဲယွဲ့၏ အသန်မာဆုံး သတ်ဖြတ်ကွက်ဖြစ်သည်။
ဧကရာဇ်မိုးပြာရောင်မီးတောက်၏ နောက်ဘက်မှာရှိသော လောကထဲမှာ မရေမတွက်နိုင်သော နတ်နဂါးများက သူတို့၏ ခေါင်းများကိုမော့၍ ဟိန်းဟောက်ကာ နဂါးဟိန်းသံများကို ထုတ်ဖော်ပြီး မုန်တိုင်း၏ ရိုက်ခတ်မှုကို ခုခံလိုနေကြ၏။
တျဲယွဲ့၏ အတောင်ပံများက အဆက်မပြတ် ခတ်နေ၏။ တောင်ပံတစ်ချက် ခတ်လိုက်တိုင်း အဲဒါက အလွန်တရာ နူးညံ့သိမ်မွေ့သည်ဟု ထင်ရလေသည်။
သို့သော်လည်း တကယ်တမ်းမှာတော့ တောင်ပံတစ်ချက် ခတ်တိုင်း သူတို့က မြင့်မားသော ကြိမ်နှုန်းဖြင့် အကြိမ်ပေါင်း ဘီလီယံနှင့်ချီ တုန်ခါသွားလေသည်။
ထိုအားနည်းပုံရသော တောင်ပံများက ကြယ်တာရာကောင်းကင်ကို တိုက်ခတ်သွားသော မုန်တိုင်းတစ်ခုကို ဖြစ်ပေါ်စေနိုင်သည်။
ဧကရာဇ်မိုးပြာရောင်မီးတောက်သည် ရွေးချယ်စရာမရှိဘဲ သူ၏ အစစ်အမှန်ပုံစံကို ထုတ်ဖော်လိုက်ရ၏။ သို့သော်လည်း ထိုသို့ဆိုလျှင်တောင် သူ၏ အစစ်အမှန်ပုံစံသည် အဲဒါကို ခံနိုင်ရည်မရှိဘဲ သူ၏ ခန္ဓာကိုယ်ပေါ်မှ နဂါးကြေးခွံများက အဆက်မပြတ် ကွာကျလာ၏။ တစ်ခဏချင်းမှာပင် သူက ဒဏ်ရာများဖြင့် ပြည့်နှက်လာခဲ့သည်။
တကယ်တော့ ဤကြက်သွေးရောင်လမင်းမုန်တိုင်းသည် တျဲယွဲ့ပေါ်မှာလည်း ကြီးမားသော ပျက်စီးထိခိုက်မှုကို ဖြစ်စေပေလိမ့်မည်။
တျဲယွဲ့၏ တောင်ပံများပေါ်မှာ ဒဏ်ရာများ ပေါ်ထွက်လာခဲ့ပြီဖြစ်ပြီး သွေးများက စီးကျကာ သူမ၏ တောင်ပံများကို ပို၍ပင် နီရဲလာစေ၏။
တောင်ပံနှစ်ဖက်ပေါ်ရှိ သွေးနီရောင် လပြည့်ဝန်းနှစ်ခုက ရှေ့တည့်တည့်မှာရှိသော ဧကရာဇ်မိုးပြာရောင်မီးတောက်ကို စိမ်းစိမ်းဝါးဝါး စိုက်ကြည့်နေ၏။
“ငါ့ကိုလာပြီး ကူကြဦး”
ဧကရာဇ်မိုးပြာရောင်မီးတောက်က အော်ပြောလိုက်၏။
တကယ်တော့ သူ့အနေဖြင့် သူတို့ကို သတိပေးနေစရာပင် မလိုအပ်ပေ။ ခုနှစ်ဆောင်ပြိုင်သားရဲဧကရာဇ်များထဲမှ ကျန်ရှိနေသော ငါးဦးက သူတို့၏ အစစ်အမှန်ပုံစံများသို့ အသွင်ပြောင်းလဲပြီး မုန်တိုင်းကို ခုခံရန် သူတို့၏ ပကတိလောကများကို မြှောက်တင်လိုက်ကြပြီဖြစ်သည်။
ကြက်သွေးရောင်လမင်းမုန်တိုင်းအောက်မှာ ကြယ်တာရာကောင်းကင်ထဲတွင် လုံခြုံစိတ်ချရသော မှီခိုစရာနေရာ မရှိတော့ပေ။
သွေးနီရောင်လမင်းအလင်း၏ လွှမ်းခြုံမှုအောက်မှာ မုန်တိုင်းက နေရာအနှံ့ ပျံ့နှံ့နေပြီး သက်ရှိများအားလုံးသည် အဆုံးမဲ့ မုန်တိုင်း၏ ဆေးကြောသန့်စင်မှုနှင့် ထိတွေ့ရိုက်ခတ်မှုကို တောင့်ခံနေရလေသည်။