ဆီးနှင်းငရဲဂိတ်တံခါး
Vol. 190 Ch. 2982
သားရဲဧကရာဇ် ဦးချိုစံအိမ်နှင့် သားရဲဧကရီ နှလုံးသားစံအိမ်တို့က ကြယ်တာရာကောင်းကင်ကနေ ယခုတင် ထွက်ခွာလာပြီး မဟာအရိုင်းကမ္ဘာသို့ ဆင်းသက်ရောက်ရှိလာကာ သူတို့သည် ကြက်သွေးရောင် လမင်းမုန်တိုင်း၏ ရိုက်ခတ်မှုကနေ ရှောင်လွှဲနိုင်ခဲ့သည်။
သားရဲဧကရာဇ်နှစ်ဦးက မျက်မှောင်အနည်းငယ်ကြုတ်ပြီး အကြည့်ချင်းဖလှယ်လိုက်ကြ၏။
ခဏမျှ စဉ်းစားတွေးတောပြီးနောက် သားရဲဧကရာဇ်နှစ်ဦးက တစ်စုံတစ်ရာကိုတွေးကာ ပြန်လှည့်မသွားကြပေ။ ထိုအစား သူတို့က သိုင်းတာအိုပင်မခန္ဓာရှိရာသို့ ဆက်လက်ပြေးဝင်လာကြသည်။
သူတို့သည် တျဲယွဲ့နှင့် အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခဲ့ကြဖူးသည်။
သူတို့သည် တျဲယွဲ့နှင့် ဧကရာဇ်မိုးပြာရောင်မီးတောက်၏ တိုက်ခိုက်ရည်ခွန်အားအပေါ် အကြမ်းဖျင်းနားလည်သဘောပေါက်ထားကြ၏။
ကြက်သွေးရောင် လမင်းမုန်တိုင်းက တကယ်ပင် ကြောက်စရာကောင်းလေသည်။ သို့သော်လည်း ဧကရာဇ်မိုးပြာရောင်မီးတောက်နှင့် ကျန်ရှိနေသော သားရဲဧကရာဇ်ငါးဦး၏ တိုက်ခိုက်ရည်ခွန်အားနှင့်အတူ သူတို့သည် ခဏကြာအောင် တောင့်ခံထားနိုင်ပေလိမ့်မည်။
သူတို့ကတော့ သိုင်းတာအိုပင်မခန္ဓာကို ကိုင်တွယ်ပြီးမှ ဧကရာဇ်မိုးပြာရောင်မီးတောက်ကို ပြန်လည်သွားရောက်ကူညီမည်ဆိုလျှင် နောက်ကျလိမ့်မည် မဟုတ်ပေ။
မည်သို့ပင်ဆိုစေ သူတို့၏ တိုက်ခိုက်ရည်ခွန်အားအရ သူတို့နှစ်ယောက်အနေဖြင့် သိုင်းတာအိုပင်မခန္ဓာကို ကိုင်တွယ်ဖို့က အရမ်းကို လွယ်ကူလေသည်။ သူတို့အနေဖြင့် အသက်တစ်ရှိုက်စာထက် ပိုယူရလိမ့်မည် မဟုတ်ပေ။
“ပျက်စမ်း”
သူတို့နှစ်ယောက်က ဆင်းသက်ရောက်ရှိလာသောအခါ သားရဲဧကရာဇ် ဦးချိုစံအိမ်က သူ၏ အစစ်အမှန်ပုံစံသို့ မပြောင်းလဲပေ။ သူက သူ၏ ပကတိကောင်းကင်လိုဏ်ဂူကိုသာ မြှောက်တင်ပြီး သိုင်းတာအိုငရဲခန်းကို ဖိချလိုက်၏။
ဝေါ…
သိုင်းတာအိုငရဲခန်းသည် အစကတည်းက အန္တိမသားရဲဧကရာဇ် ဆယ်ဦးကျော်၏ လောကများကို ခုခံဆန့်ကျင်ရင်း စွမ်းအင်အမြောက်အများကို သုံးစွဲခဲ့ရသည်။
ယခုအချိန်မှာ ၎င်းသည် သားရဲဧကရာဇ်ဦးချိုစံအိမ်၏ ပကတိလောကကို လုံးဝမခုခံနိုင်ဘဲ ချက်ချင်းပင် လဲပြိုကျသွား၏။ မရေမတွက်နေသော မီးတောက်များက ငြိမ်းသေသွားပြီး ဘာမှမကျန်တော့ပေ။
သို့သော်လည်း သူတို့နှစ်ယောက်က ရောက်ရှိလာသည်မှာ အနည်းငယ်နှေးကွေးသွား၏။
သိုင်းတာအိုငရဲခန်းထဲမှာ ပိတ်မိနေသော အန္တိမသားရဲဧကရာဇ် ဆယ်ဦးကျော်ထဲ နဂါးဧကရာဇ် အထီးကျန်ပင်လယ်နှင့် သားရဲဧကရာဇ် မဟာဖန်းတို့သာ ကျန်တော့လေသည်။
အခြားသူများက လောင်ကျွမ်းပြာကျသွားပြီး သူတို့၏ အမြုတေစိတ်ဝိညာဉ်များနှင့် ကိုယ်ကာယများက ဖျက်ဆီးခံခဲ့ရသည်။
နဂါးဧကရာဇ် အထီးကျန်ပင်လယ်နှင့် သားရဲဧကရာဇ် မဟာဖန်းတို့က အသက်ရှင်နိုင်ခဲ့သော်လည်း သူတို့သည် ဒဏ်ရာအပြင်းအထန်ရရှိပြီး လောင်ကျွမ်းမည်းတူးနေ၏။ သူတို့၏ တောင်ပံများနှင့် ကြေးခွံများက ကွာကျသွားပြီး သူတို့က ဆိုးဆိုးရွားရွားအခြေအနေမှာ ရောက်ရှိနေသည်။
ပို၍ပြောစရာဖြစ်သည်မှာ အန္တိမသားရဲဧကရာဇ်နှစ်ဦး၏ လောကအကြီးများသည် သိုင်းတာအိုပင်မခန္ဓာ၏ သန့်စင်ဖျက်ဆီးခြင်း ခံလိုက်ရသည်။
လောကအပိုင်းအစများ သို့မဟုတ် ရင်းမြစ်ကျောက်တုံးများ မရှိဘဲ သူတို့နှစ်ယောက်၏ ယခုတင် ပျက်စီးသွားသော လောကများကို ပြန်လည်တည်ဆောက်ဖို့က အင်မတန်ခဲယဉ်းသွားတော့မည်ဖြစ်သည်။
လောကတစ်ခု၏ အထောက်အပံ့မရှိဘဲ သူတို့၏ ကိုယ်ကာယများကို ကုသနိုင်မည်ဆိုလျှင်တောင် သူတို့၏ တိုက်ခိုက်ရည်ခွန်အားက ကြီးမားစွာ လျော့ကျသွားပေလိမ့်မည်။
သားရဲဧကရာဇ် ဦးချိုစံအိမ်နှင့် သားရဲဧကရီ နှလုံးသားစံအိမ်၏ တိုက်ခိုက်မှုများကို ချိန်ဆပြီး နဂါးဧကရာဇ် အထီးကျန်ပင်လယ်နှင့် သားရဲဧကရာဇ် မဟာဖန်းတို့က ဆိုးဆိုးရွားရွားအခြေအနေဖြင့် ထွက်ပြေးလွတ်မြောက်လာကာ သည်းထန်စွာ မောဟိုက်နေကြ၏။
သူတို့နှစ်ယောက်က ကြောက်ရွံ့နေသော မျက်လုံးများဖြင့် သိုင်းတာအိုပင်မခန္ဓာကို လှည့်ကြည့်လိုက်ကြ၏။
နှစ်၈၀၀ကျော်ကြာပြီးနောက် အထီးကျန်သိုင်းသခင်သည် ဤမျှအထိ စွမ်းအားကြီးမားလာလိမ့်မည်ဟု ဘယ်သူက တွေးမိခဲ့ပါ့မလဲ။
ကံကောင်းထောက်မစွာဖြင့် အထီးကျန်သိုင်းသခင်က သေရတော့မည်ဖြစ်သည်။
သားရဲဧကရာဇ် ဦးချိုစံအိမ်နှင့် သားရဲဧကရီ နှလုံးသားစံအိမ်၏ တိုက်ခိုက်မှုများနှင့်အတူ အထီးကျန်သိုင်းသခင်က အသက်ရှင်နိုင်စရာ အကြောင်းမရှိတော့ပေ။
အထွတ်အထိပ်သားရဲဧကရာဇ်နှစ်ဦးနှင့် ရင်ဆိုင်ရချိန်မှာ သိုင်းတာအိုပင်မခန္ဓာကလည်း သိပ်သည်းပြင်းထန်သော ဖိအားကို တကယ်ပင် ခံစားလိုက်ရ၏။ သို့သော်လည်း သူ၏ အမူအရာက တည်ငြိမ်နေပြီး ငရဲဖိနှိမ်မီးဖိုကို ဆွဲထုတ်လိုက်၏။
“နိမ့်ကျလူသား… အညံ့ခံလိုက်တော့”
သားရဲဧကရာဇ် ဦးချိုစံအိမ်က ဟိန်းဟောက်လိုက်ပြီး သူ့ကို ဖိနှိမ်ရန် လောကတစ်ခုကို မြှောက်တင်လိုက်၏။
ဝေါ…
ရုတ်တရက် ကျယ်လောင်သော မြည်ဟည်းသံက သိုင်းတာအိုပင်မခန္ဓာ၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာလေသည်။ အဲဒါသည် ကမ်းခြေသို့ ရိုက်ခတ်လာသော ဒီရေလှိုင်းများလို အော်မြည်တိုက်ခတ်လာသော ဆူနာမီလှိုင်းလုံးများလို ဖြစ်လေသည်။
သူ၏ နောက်ဘက်မှာ ဧရာမမီးတောက်မီးဖိုတစ်လုံး ပေါ်ထွက်လာပြီး ၎င်းကို ကြောက်စရာကောင်းသော မီးနဂါးခြောက်ကောင်က ဝန်းရံထားလေသည်။
ချက်ချင်းပင် မီးဖိုက လောင်ကျွမ်းနီရဲလာ၏။
သိုင်းတာအိုပင်မခန္ဓာသည် သူ၏ မျိုးဆက်သွေးကို ၎င်း၏ အကန့်အသတ်အထိ လှည့်ပတ်ပြီး သူ၏ မျိုးဆက်သွေးနယ်မြေဖြစ်စဉ်ကို ထုတ်ဖော်လိုက်သည်။ တစ်ချိန်တည်းမှာပင် သူက ငရဲဖိနှိမ်မီးဖိုကို ကောက်ယူပြီး သားရဲဧကရာဇ် ဦးချိုစံအိမ်ရှိရာသို့ ပြေးဝင်သွား၏။
သားရဲဧကရီ နှလုံးသားစံအိမ်၏ မျက်လုံးက ဝင်းလက်သွား၏။
ဤလူသားသည် သူတို့၏ တိုက်ခိုက်မှုများကို ရင်ဆိုင်ကာ သူတို့ကိုပင် ပြန်လည်တိုက်ခိုက်ရဲသည့်သတ္တိ တကယ်ပင် ရှိနေသည်။
“ဟဲဟဲ”
သားရဲဧကရီ နှလုံးသားစံအိမ်က ဆွဲဆောင်မှုရှိစွာ ပြုံးပြီး သူမ၏ ခွန်အားကို ထိန်ချန်မထားပေ။ သူမက လောကတစ်ခုကို မြှောက်တင်ပြီး တစ်ချိန်တည်းမှာပင် သူ့ကို ဖိနှိမ်လိုက်၏။
“ဂါး…”
“ဝေါင်း…”
“ရွှီ…”
“ဂီး…”
ရုတ်တရက် ဟိန်းဟောက်သံလေးသံက ငရဲဖိနှိမ်မီးဖိုထဲကနေ ထွက်ပေါ်လာ၏။
နောက်ခဏ၌ မီးဖိုနံရံလေးဖက်ပေါ်မှ အထွတ်အမြတ်ဝိညာဉ်လေးခုက တစ်ချိန်တည်းမှာ နိုးထလာပြီး သူတို့၏ ဧရာမ ပုံပန်းသဏ္ဌာန်များကို ထုတ်ဖော်လိုက်ကြ၏။ သူတို့က အသက်ဝင်နေပြီး ချောက်ချားစရာကောင်းသော အော်ရာတစ်ခုကို ထုတ်ဖော်ထားကြသည်။
မိုးပြာနဂါး၊ ကျားဖြူ၊ ဟင်္သပဒါးငှက်နှင့် မဟူရာလိပ်…။
သူတို့ကြားမှာ မိုးပြာနဂါး အထွတ်အမြတ်ဝိညာဉ်က ပေါ်ထွက်လာပြီး တောက်လောင်ပြင်းပြသော အကြည့်နှင့် ကြမ်းကြုတ်ခက်ထန်သော အော်ရာတစ်ခုနှင့်အတူ သားရဲဧကရာဇ် ဦးချိုစံအိမ်ကို စိုက်ကြည့်နေ၏။
သားရဲဧကရာဇ် ဦးချိုစံအိမ်၏ အမူအရာက ရုတ်ချည်းပြောင်းလဲသွားပြီး သူ၏ အော်ရာက အားပျော့သွားလေသည်။
သူ့ကို အပြစ်တင်လို့ မရနိုင်ပေ။
သူ့ခန္ဓာကိုယ်ထဲမှာ မိုးပြာနဂါးမျိုးဆက်သွေး တစ်စွန်းတစ်စက လှည့်ပတ်စီးဆင်းနေသော်လည်း မည်သို့ပင်ဆိုစေ သူက မြွေတစ်ကောင်သာဖြစ်ပြီး အစစ်အမှန်မိုးပြာနဂါးတစ်ကောင်နှင့် ရင်ဆိုင်ရသည့်အခါ ကြောက်ရွံ့မှုကို မဖြစ်မနေခံစားရပေလိမ့်မည်။
ဤသည်ကား မျိုးဆက်သွေးနှင့် ဝိညာဉ်မှာ ဖိနှိမ်မှုတစ်ရပ်ဖြစ်သည်။
သားရဲဧကရီ နှလုံးသားစံအိမ်က အထွတ်အမြတ်ဝိညာဉ်လေးခုကို တွေ့မြင်သောအခါ သူမကလည်း တုန်လှုပ်သွား၏။
သို့သော်လည်း သိပ်မကြာခင် သူမက လျင်မြန်စွာတုံ့ ပြန်ပြီး သတိပေးလိုက်၏။
“အဲဒါက ရှေ့တင်မှာ သန်မာချင်ယောင်ဆောင်နေတဲ့ ဝိညာဉ်ပုံရိပ်ယောင်တချို့ပဲ… သူတို့မှာ အသွေးအသားခန္ဓာမှ မရှိတာ… ဘာမှကြောက်စရာ မရှိဘူး”
ထိုသို့ဆိုသော်လည်း သူတို့၏ အော်ရာများမှာ ကွာဟချက်တစ်ခု ရှိလာခဲ့ပြီဖြစ်သည်။
သိုင်းတာအိုပင်မခန္ဓာက မာန်သွင်းအော်ဟစ်ပြီး သူ့ကို အထွတ်အမြတ်ဝိညာဉ်လေးခုက ဝန်းရံထားလေသည်။ ကောင်းကင်နှင့်မြေကြီးမီးဖိုကို ခပ်ရေးရေးတွေ့မြင်နိုင်ပြီး သူက ငရဲဖိနှိမ်မီးဖိုကို ကိုင်စွဲကာ သားရဲဧကရာဇ် ဦးချိုစံအိမ်နှင့် သားရဲဧကရီ နှလုံးသားစံအိမ်ရှိရာသို့ ပစ်ရိုက်ချလိုက်၏။
ဘန်း… ဘန်း… ဘန်း…
နှစ်ဦးနှစ်ဖက်က အဆက်မပြတ် ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်လိုက်ကြ၏။ အဲဒါက ကမ္ဘာတုန်လောက်ဖွယ်ရာဖြစ်ပြီး လေဟာနယ်က ပြိုကျသွား၏။
အထွတ်အထိပ်သားရဲဧကရာဇ်နှစ်ဦး၏ ဝိုင်းပတ်ပိတ်ဆို့တိုက်ခိုက်မှုနှင့် ရင်ဆိုင်ရချိန်မှာ သိုင်းတာအိုပင်မခန္ဓာသည် သူ၏ မျိုးဆက်သွေးနယ်မြေ၊ အထွတ်အမြတ်ဝိညာဉ်လေးခု၏ အားဖြည့်ထောက်ပံ့မှုနှင့် မဟာဧကရာဇ်လက်နက် ငရဲဖိနှိမ်မီးဖိုကို မှီခိုကာ လုံးဝအရေးနိမ့်ခြင်းမရှိဘဲ သူတို့နှင့် ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်လိုက်၏။
ဤသည်ကား ဧကရာဇ်တစ်ပိုင်းအဆင့်သို့ ဝင်ရောက်လာပြီးနောက် သိုင်းတာအိုပင်မခန္ဓာ၏ တိုက်ခိုက်ရည်ခွန်အား ဖြစ်လေသည်။
အထွတ်ထိပ်ဧကရာဇ်တချို့နှင့် ရင်ဆိုင်ရလျှင်ပင် သူက တိုက်ခိုက်နိုင်သည်။
“အထီးကျန်သိုင်းသခင်က တကယ်ကို အဲ့လောက်ထိ ကိုင်တွယ်ရ ခက်ခဲနေတာလား”
သားရဲဧကရာဇ် ဦးချိုစံအိမ်က မျက်မှောင်ကြုတ်ပြီး သူ၏ အမူအရာက သုန်မှုန်လာခဲ့သည်။
အစကတော့ သူတို့သည် အထီးကျန်သိုင်းသခင်ကို ချက်ချင်းပင် ဖိနှိမ်ပြီးနောက် ဧကရာဇ်မိုးပြာရောင်မီးတောက်ကို ပြန်လည်သွားရောက်ကူညီလိုလေသည်။
သို့သော် ယခု သူနှင့် သားရဲဧကရီ နှလုံးသားစံအိမ်က အထီးကျန်သိုင်းသခင်နှင့် ငြိတွယ်တိုက်ခိုက်နေရပြီး သူတို့က ရှေ့မတိုးနိုင် နောက်မဆုတ်နိုင်ဖြစ်နေ၏။
အခြားသော တိုက်ပွဲနယ်မြေမှာ ဧကရာဇ်မိုးပြာရောင်မီးတောက်နှင့် အခြားသူများသည် တျဲယွဲ့၏ ကြမ်းကြုတ်ခက်ထန်သော တိုက်ခိုက်မှုများမှာ အပြတ်အသတ် အရေးနိမ့်လာခဲ့ပြီး ထိုနေရာမှာ သူတို့နှစ်ယောက်က လစ်လပ်နေလေသည်။
ဧကရာဇ်မိုးပြာရောင်မီးတောက်က သူတို့နှစ်ယောက်ကြောင့် ဒဏ်ရာအပြင်းအထန် ရရှိသွားမည်ဆိုလျှင် ကောင်းကင်ဘုံခုံရုံးသို့ ပြန်လည်ရောက်ရှိသည့်အခါ သူတို့နှစ်ယောက်က သေချာပေါက် အပြစ်ပေးခံရပေလိမ့်မည်။
“ငါတို့တွေ အချိန်ဆွဲနေလို့ မဖြစ်တော့ဘူး… သူ့ကို သတ်ရမယ်”
သားရဲဧကရာဇ် ဦးချိုစံအိမ်က မာန်သွင်းအော်ဟစ်ပြီး သူ၏ မိုးပြာမြွေနဂါးအစစ်အမှန်ပုံစံသို့ အသွင်ပြောင်းလဲလိုက်၏။ သူ၏ သွေးချီက တလိပ်လိပ်ထိုးတက်လာပြီး သူ၏ ခေါင်းကိုမော့ကာ ဟိန်းဟောက်လိုက်၏။
သားရဲဧကရီ နှလုံးသားစံအိမ်ကလည်း အခြေအနေမကောင်းတော့သည်ကို နားလည်သိရှိထားပြီး နမော်နမဲ့ မပြုမူရဲတော့ပေ။ သူမကလည်း သူမ၏ အမြီးကိုးချောင်း သားရဲမြေခွေးအစစ်အမှန်ပုံစံသို့ အသွင်ပြောင်းလဲလိုက်၏။ သူမ၏ နောက်ဘက်မှာရှိသော လောကက အဆုံးမဲ့ပုံရိပ်ယောင်များဖြင့် ပြည့်နှက်နေပြီး ညှို့ငင်ဖမ်းစားခြင်း ဓမ္မတာအိုများက အုပ်မိုးကျဆင်းလာ၏။
သားရဲဧကရီ နှလုံးသားစံအိမ်သည် သိုင်းတာအိုပင်မခန္ဓာ၏ မျက်လုံးများကို တစ်ချိန်လုံး စိုက်ကြည့်နေ၏။
သို့သော်လည်း သူမကို ဒွိဟဖြစ်စေသည့်အရာမှာ သူမ၏ ညှို့ငင်ဖမ်းစားခြင်းလောကသည် အထီးကျန်သိုင်းသခင်အပေါ် သက်ရောက်မှု လုံးဝမရှိသည့်ပုံပင်။
ထိုအချက်က အရမ်းကို ထူးဆန်းနေသည်။
သူမ၏ ကျင့်ကြံမှုနယ်ပယ်နှင့် ဓမ္မတာအိုက အထီးကျန်သိုင်းသခင်၏ အထက်မှာ သိသိသာသာရှိနေ၏။
ဤလူ၏ တာအိုနှလုံးသားက တည်ငြိမ်ပြီး ဖျက်ဆီး၍ မရနိုင်ဘူးဆိုလျှင်တောင် သူမ၏ လျှို့ဝှက်အတတ်များက လုံးဝသက်ရောက်မှု မရှိသည်မှာ မဖြစ်သင့်ပေ။
တကယ်တော့ သားရဲဧကရီ နှလုံးသားစံအိမ်၏ ညှို့ငင်ဖမ်းစားခြင်း ဓမ္မတာအိုကို ဖြေရှင်းပေးနေသည့်အရာမှာ သိုင်းတာအိုပင်မခန္ဓာကိုယ်တိုင်သာလျှင် မဟုတ်ဘဲ သူ့အား ဧကရီဆိုးယုတ် ပေးထားသည့် အဖြူရောင်ကျောက်စိမ်းဆွဲသီးကြောင့်လည်း ဖြစ်သည်။
ထိုကျောက်စိမ်းဆွဲသီးနှင့်အတူ ပုံရိပ်ယောင်များနှင့် ညှို့ငင်ဖမ်းစားခြင်း ဓမ္မတာအိုများက သူ့အပေါ်မှာ သက်ရောက်မှု မရှိတော့ပေ။
သိုင်းတာအိုပင်မခန္ဓာအပေါ် ညှို့ငင်ဖမ်းစားခြင်းနည်းစနစ်က မအောင်မြင်လျှင်တောင် အထွတ်အထိပ်သားရဲဧကရာဇ်နှစ်ဦး၏ တိုက်ခိုက်မှုများက သူတို့၏ အစစ်အမှန်ပုံစံသို့ အသွင်ပြောင်းလဲပြီးနောက် ပို၍ပင် ပြင်းထန်ကြမ်းတမ်းလာ၏။
သိုင်းတာအိုပင်မခန္ဓာအပေါ် ဖိအားကလည်း ဆပွားတိုးလာပြီး ကောင်းကင်နှင့်မြေကြီးမီးဖိုက စတင်ယိမ်းထိုးလာခဲ့သည်။ မီးတောက်များက တဖျပ်ဖျပ်ဖြစ်ပြီး မီးနဂါးခြောက်ကောင်ကလည်း ဖိနှိမ်ခံလိုက်ရ၏။
ဆက်လက်တိုက်ခိုက်မည်ဆိုလျှင် ကောင်းကင်နှင့်မြေကြီးမီးဖိုက အချိန်မရွေး လဲပြိုကျသွားပေလိမ့်မည်။
ထိုစဉ်မှာပင် သိုင်းတာအိုပင်မခန္ဓာ၏ အကြည့်က သိပ်သည်းစုဖွဲ့လာပြီး သူက နောက်ထပ်လျှို့ဝှက်အတတ်တစ်ခုကို ထုတ်ဖော်လိုက်၏။ သူတို့နှစ်ယောက်၏ နောက်ဘက်မှာ ဧရာမ ဂိတ်တံခါးနှစ်ချပ် ပေါ်ထွက်လာပြီး သားရဲဧကရာဇ် ဦးချိုစံအိမ်နှင့် သားရဲဧကရီ နှလုံးသားစံအိမ်ကို ဖိနှိမ်လာခဲ့လေသည်။
ဂိတ်တံခါးတစ်ချပ်ထဲကနေ မိစ္ဆာချီက တလိပ်လိပ်ထိုးထွက်လာပြီး အနက်ရောင်ငရဲမီးက လေထဲမှာ ပြည့်နှက်လာ၏။ မရေမတွက်နိုင်သော ဖြူဖပ်ဖြူရော် လက်ပေါင်းများစွာက ဂိတ်တံခါးထဲကနေ တိုးထွက်လာပြီး တစ္ဆေသရဲများ၏ ကြောက်မက်ဖွယ်ရာကောင်းသော အော်ဟစ်သံများ ထွက်ပေါ်လာ၏။
အဝီစိ ဂိတ်တံခါး…
အခြားသော ဂိတ်တံခါးတစ်ခုက မကောင်းဆိုးဝါးဆန်ပြီး ဆီးနှင်းများဖြင့် ဖုံးလွှမ်းနေ၏။ ၎င်းဆင်းသက်ရောက်ရှိလာသည့် ခဏမှာပင် ဘေးပတ်ဝန်းကျင်အပူချိန်က ထိုးဆင်းသွားလေသည်။
ဤသည်မှာ စိမ့်စမ်းကိုးခု ငရဲသုတ္တန်၏ ဆီးနှင်းစိမ့်စမ်းအတွဲ၏ အကူအညီနှင့်အတူ ဤတစ်ခေါက် သိုင်းတာအိုပင်မခန္ဓာ တံခါးပိတ်ကျင့်ကြံခဲ့သော နောက်ထပ်လျှို့ဝှက်အတတ်တစ်ခု ဖြစ်လေသည်။
ဆီးနှင်းငရဲ ဂိတ်တံခါး…