လွှမ်းမိုးခြယ်လှယ်စွာ ဖိနှိမ်ခြင်း
Vol. 199 Ch. 2983
အဝီစိဂိတ်တံခါး ဆင်းသက်လာပြီး တလိပ်လိပ်ထိုးတက်လာသော အဝီစိမိစ္ဆာချီနှင့် ငရဲမီးက သားရဲဧကရီ နှလုံးသားစံအိမ်၏ ညှို့ငင်ဖမ်းစားလောကအပေါ် ကြီးမားသည့် ရိုက်ချက်တစ်ခု ဖြစ်လာခဲ့သည်။
ဖြူဖပ်ဖြူရော် လက်များက တစ်ခုပြီးတစ်ခု ဆန့်တန်းထွက်လာပြီး ညှို့ငင်ဖမ်းစားလောကကို ထိုးဖောက်ကာ သားရဲဧကရီ နှလုံးသားစံအိမ်၏ နူးညံ့သိမ်မွေ့သော ခန္ဓာကိုယ်ကို ဖမ်းဆွဲချင်နေ၏။ တကယ်ဆို သူတို့က သူမကို အဝီစိသို့ပင် ဆွဲခေါ်သွင်းချင်နေ၏။
“အား…”
သားရဲဧကရီ နှလုံးသားစံအိမ်က သူမ၏ ဘေးပတ်လည်မှာ ကုတ်ခြစ်လာသည့် လက်ဝါးများကို တွေ့မြင်သောအခါ သူမ၏ မျက်နှာက ဖြူဖပ်ဖြူရော်ဖြစ်သွား၏။ သူမက ခပ်စူးစူးအော်ဟစ်ပြီး သူမ၏ မြွေခွေးအမြီးကိုးချောင်းကို ဝှေ့ယမ်းကာ အဆက်မပြတ် ခုခံနေ၏။
အဝီစိဂိတ်တံခါး ဆင်းသက်လာခြင်းနှင့်အတူ သိုင်းတာအိုပင်မခန္ဓာသည် အခြေအနေကို ချက်ချင်းပြောင်းလဲပြီး အသာစီးရရှိလာခဲ့၏။
အခြားတစ်ဖက်မှာ ဆီးနှင်းငရဲဂိတ်တံခါးက စုဖွဲ့လာပြီး သားရဲဧကရာဇ် ဦးချိုစံအိမ်ကို ဖိနှိမ်နေလေသည်။
“ပျက်စမ်း”
သားရဲဧကရာဇ် ဦးချိုစံအိမ်၏ မြွေနဂါးခန္ဓာကိုယ်က ဆန့်တန်းသွားပြီး ကောင်းကင်ထက်သို့ ဟိန်းဟောက်လိုက်၏။ သူ၏ မျိုးဆက်သွေးက တလိပ်လိပ်ထိုးတက်လာပြီး လောကတစ်ခုကို မြှောက်တင်ကာ ဧရာမ အေးစက်နေသော ဂိတ်တံခါးရှိရာသို့ ပစ်ဝင်သွားလေသည်။
ဘုန်း…
သူတို့က ကျယ်လောင်သော မြည်သံဖြင့် ထိတွေ့ရိုက်ခတ်သွားသည်။
“အား…”
ထို့နောက် ချက်ချင်းပင် သားရဲဧကရာဇ် ဦးချိုစံအိမ်က စူးစူးဝါးဝါး အော်ဟစ်လိုက်၏။ သူက ဆီးနှင်းငရဲဂိတ်တံခါးကို မကိုင်လှုပ်နိုင်ရုံသာမက သူက ပြန်လှန်၍ပင် ဖိနှိမ်ခံလိုက်ရသည်။
ပေပေါင်းတစ်သောင်း ရှည်လျားသော မြွေနဂါးတစ်ကောင်သည် ဆီးနှင်းငရဲဂိတ်တံခါးအောက်မှာ အဆက်မပြတ် လူးလိမ့်ကာ ရုန်းကန်နေ၏။ ၎င်း၏ ခန္ဓာကိုယ်က သွေးများဖြင့် စိုရွှဲနေပြီး ၎င်း၏ နဂါးကြေးခွံများက တစ်ခုပြီးတစ်ခု ကွာကျလာကာ ပြင်းထန်သော နာကျင်မှုကို ကြိတ်မှိတ်ခံစားနေရသည်။
သားရဲဧကရီ နှလုံးသားစံအိမ်၏ အမူအရာက ရုတ်ချည်းပြောင်းလဲသွား၏။
တစ်စုံတစ်ရာ လွဲမှားနေသည်။
မဟာအရိုင်းကမ္ဘာ၏ အပြင်ဘက် ကြယ်တာရာကောင်းကင်တိုက်ပွဲမှာ သူတို့နှစ်ယောက်မရှိဘဲ ဧကရာဇ်မိုးပြာရောင်မီးတောက်က သွေးလိပ်ပြာ၏ ဖိနှိမ်ခြင်းကို ခံလာရပြီဖြစ်သည်။
ယခု သူတို့နှစ်ယောက်သည် အထီးကျန်သိုင်းသခင်ကို မသတ်ဖြတ်နိုင်ရုံသာမက သားရဲဧကရာဇ် ဦးချိုစံအိမ်က ထိုသူကြောင့် ဒဏ်ရာအပြင်းအထန်ပင် ရရှိပြီး အခြေအနေက သေရေးရှင်ရေးဖြစ်လာခဲ့၏။
ဒါက မည်ကဲ့သို့သော နည်းလမ်းမျိုးလဲ။
သားရဲဧကရာဇ် ဦးချိုစံအိမ်က ဘာကြောင့် နာကျင်မှုကို ဤမျှအထိ ခံစားနေရတာလဲ။
“ဟမ်…”
သိုင်းတာအိုပင်မခန္ဓာပင် အံ့အားသင့်သွားသည်။
ဆီးနှင်းငရဲဂိတ်တံခါးနှင့် အဝီစိဂိတ်တံခါးမှာ သူတို့ကိုယ်ပိုင်ခွန်အားများ ရှိသော်လည်း သူတို့၏ ဓမ္မတာအိုများက မတိမ်းမယိမ်းမှာ ရှိနေကြသည်။
အဝီစိဂိတ်တံခါးက သားရဲဧကရီ နှလုံးသားစံအိမ်ကို ဒဏ်ရာအပြင်းအထန် မရရှိစေနိုင်ဘူးဆိုလျှင် ဆီးနှင်းငရဲဂိတ်တံခါးက ဤကဲ့သို့ ကြောက်စရာကောင်းသော သေစေနိုင်စွမ်းအားကို ဘယ်လိုထုတ်ဖော်နိုင်တာလဲ။
သိုင်းတာအိုပင်မခန္ဓာက သူ၏ မျက်လုံးကို အနည်းငယ် မှေးကျဉ်းလိုက်၏။ သူသည် ဆီးနှင်းငရဲဂိတ်တံခါးကို လွှမ်းခြုံထားသည့် ဆီးနှင်းများကို သတိထားမိသောအခါ သူက ရင်တစ်ချက်ထိတ်သွားပြီး အကြောင်းရင်းကို ချက်ချင်းတွေးမိသွားသည်။
ဆီးနှင်းငရဲဂိတ်တံခါးသည် စိမ့်စမ်းကိုးခု ငရဲသုတ္တန်မှ ဆီးနှင်းစိမ့်စမ်းအတွဲ၏ အကူအညီနှင့်အတူ သူကျင့်ကြံထားသော လျှို့ဝှက်အတတ်တစ်ခု ဖြစ်သည်။
၎င်းအပေါ်မှာ ရှိသော ဆီးနှင်းများကို ငရဲဆီးနှင်းစိမ့်စမ်းကနေ အမှန်တကယ် စုဖွဲ့ထားခြင်းဖြစ်သည်။
ငရဲ၏ စိမ့်စမ်းကိုးခုမှာ အမျိုးမျိုးသော ထူးဆန်းသည့် စွမ်းအားများ ပါဝင်နေ၏။
ငရဲဆီးနှင်းစိမ့်စမ်းကတော့ ၎င်းသည် မည်သည့်သက်ရှိကိုမဆို အလွန်တရာ ပျက်စီးထိခိုက်စေသည့် အဆုံးစွန်ယင်ရေဖြစ်လေသည်။ ၎င်းသည် အထူးသဖြင့် ရေနေသားရဲတောကောင်များနှင့် သက်ရှိများအပေါ် အသိသာအထင်ရှားဆုံးနှင့် သေစေနိုင်စွမ်းအား အမြင့်မားဆုံး သတ်ဖြတ်စွမ်းအားကို ထုတ်ဖော်နိုင်လေသည်။
မိုးပြာရောင်မြွေသည် နဂါးမျိုးနွယ်၏ မျိုးဆက်တစ်ခုဖြစ်သော်လည်း ၎င်း၏ အဓိကရည်ရွယ်ချက်သည် လှိုင်းလုံးများကို ဖန်တီးရန် မြစ်များထဲသို့ ဝင်ရောက်ဖို့ ဖြစ်လေသည်။
ထို့ကြောင့်ပင် ဆီးနှင်းငရဲဂိတ်တံခါးသည် သားရဲဧကရာဇ် ဦးချိုစံအိမ်အပေါ် ဤကဲ့သို့ သိသာထင်ရှားသည့် ပျက်စီးထိခိုက်မှုကို ဖြစ်ပေါ်စေခြင်းပင်။
သားရဲဧကရာဇ် ဦးချိုစံအိမ် စုဖွဲ့ထားသော ပကတိလောကကပင်လျှင် ဆီးနှင်းငရဲဂိတ်တံခါးပေါ်ရှိ ဆီးနှင်းများ၏ တိုက်စားမှုကို မခုခံနိုင်ဘဲ အချိန်မရွေး လဲပြိုကျသွားနိုင်၏။
လောကတစ်ခု၏ ကာကွယ်မှုမရှိဘဲ သားရဲဧကရာဇ် ဦးချိုစံအိမ်သည် ဆီးနှင်းငရဲဂိတ်တံခါး၏ သတ်ဖြတ်စွမ်းအားကို ပို၍ပင် ခုခံနိုင်တော့မည် မဟုတ်ပေ။
ဒါ့အပြင် ကောင်းကင်နှင့်မြေကြီးမီးဖိုဖြင့် လွှမ်းခြုံ၍ အထွတ်အမြတ်ဝိညာဉ်လေးခု ဝန်းရံကာ ငရဲဖိနှိမ်မီးဖိုကို ကိုင်စွဲထားသည့် သိုင်းတာအိုပင်မခန္ဓာက ရှိနေသေးလေသည်။
ယခုတင် ကံကောင်းထောက်မစွာဖြင့် ထွက်ပြေးလွတ်မြောက်လာသော နဂါးဧကရာဇ် အထီးကျန်ပင်လယ်နှင့် သားရဲဧကရာဇ် မဟာဖန်းတို့က တွေ့မြင်ရသော မြင်ကွင်းမှာ ကြက်သေသေနေကြ၏။
ဤသည်ကား သူတို့နှစ်ယောက် ဘယ်တုန်းကမှ ထင်မှတ်မထားခဲ့သော တစ်စုံတစ်ရာ ဖြစ်လေသည်။
လွန်ခဲ့သည့် နှစ်၈၀၀က အထီးကျန်သိုင်းသခင်သည် အန္တိမသားရဲဧကရာဇ်တစ်ပါးကိုသာ အနိုင်နိုင်သတ်ဖြတ်နိုင်ခဲ့သည်။
သို့သော် ယခု သူသည် ခုနှစ်ဆောင်ပြိုင် သားရဲဧကရာဇ်များထဲမှာ နှစ်ဦးနှင့် ရင်ဆိုင်ရာမှာ အသာစီးပင် ရရှိနေလေသည်။
ကြယ်တာရာကောင်းကင်တိုက်ပွဲမှာ...
“သခင်လေး… အခြေအနေမကောင်းတော့ဘူး… ဦးချိုစံအိမ်နဲ့ နှလုံးသားစံအိမ်က ဒုက္ခရောက်နေပြီ… အရင်ဆုံး ဆုတ်ခွာကြရအောင်”
“ဘာတွေဖြစ်နေတာလဲ… အထီးကျန်သိုင်းသခင်က အလွန်ဆုံး အန္တိမသားရဲဧကရာဇ်အဆင့်မှာပဲ ရှိတယ်လို့ သူတို့မပြောခဲ့ဘူးလား”
“ကျုပ်လည်း မပြောတတ်တော့ပါဘူး”
ဧကရာဇ်မိုးပြာရောင်မီးတောက်၏ အမူအရာက သုန်မှုန်လာခဲ့သည်။
ဤတိုက်ပွဲသည် ယခင်တိုက်ပွဲထက်ပင် ပို၍ဆိုးရွားနေလေသည်။
သူနှင့် တျဲယွဲ့၏ ယခင်တိုက်ပွဲမှာ နှစ်ဦးနှစ်ဖက် ပျက်စီးထိခိုက်သော ရလဒ်ထွက်ပေါ်ခဲ့သော်လည်း သူနှင့် ခုနှစ်ဆောင်ပြိုင် သားရဲဧကရာဇ်များသည် အခြေအနေကို အမြဲတမ်း ထိန်းချုပ်ထားနိုင်ခဲ့သည်။
သို့သော် ယခု တျဲယွဲ့က ဒဏ်ရာအပြင်းအထန် မရရှိဘဲ သူတို့၏ လောကများက ပျက်စီးထိခိုက်လာခဲ့ပြီဖြစ်သည်။
ဤအတိုင်းသာ ဆက်သွားလျှင် သူတို့၏ အသက်များက အန္တရာယ်ရှိလာနိုင်သည်။
“နောက်ပြန်ဆုတ်ကြမယ်”
ဧကရာဇ်မိုးပြာရောင်မီးတောက်က အော်ပြောလိုက်ပြီး လျှို့ဝှက်အတတ်တစ်ခုကို ထုတ်ဖော်လိုက်၏။ ပေပေါင်းသောင်းချီ ရှည်လျားသော မိုးပြာနဂါး ဆယ်ကောင်ကျော်က သူ၏ ခန္ဓာကိုယ်ထဲကနေ ပစ်လွင့်ထွက်ပေါ်လာပြီး ကြယ်တာရာကောင်းကင်ထဲမှာ ကြက်သွေးရောင် လတစ်စင်းကို ရစ်ပတ်လာခဲ့လေသည်။
မိုးပြာနဂါး ဆယ်ကောင်ကျော်ကျော်သည် သွေးနီရောင် လမင်းအလင်းကို ခုခံဆန့်ကျင်ပြီး ကြက်သွေးရောင် လမင်းအလင်းကို ယာယီအားဖြင့် ပိတ်ဆို့တားဆီးထား၏။
ဘေးပတ်ဝန်းကျင်မှာ အော်မြည်တိုက်ခတ်နေသော မုန်တိုင်းကလည်း အနည်းငယ် အားပျော့လာခဲ့၏။
ဧကရာဇ်မိုးပြာရောင်မီးတောက်နှင့် အခြားသူများသည် နောက်ဆုံးမှာ အသက်ရှူခွင့်ရလာပြီး နောက်သို့ ဆုတ်ခွာလိုက်ကြ၏။
တစ်ချိန်တည်းမှာပင်…
သားရဲဧကရာဇ် ဦးချိုစံအိမ်နှင့် သားရဲဧကရီ နှလုံးသားစံအိမ်တို့သည် ဧကရာဇ်မိုးပြာရောင်မီးတောက်၏ စကားသံကို ကြားသောအခါ သူတို့ကလည်း တိုက်ပွဲနယ်မြေကနေ ထွက်ခွာဖို့ ပြင်လိုက်ကြ၏။
သားရဲဧကရာဇ် ဦးချိုစံအိမ်က သူ၏ အမြုတေစိတ်ဝိညာဉ်ကို ၎င်း၏ အကန့်အသတ်အထိ လှည့်ပတ်ပြီး သူ၏ သွေးချီက တလိပ်လိပ်ထိုးတက်လာ၏။ လောကစွမ်းအားက တရုန်းရုန်းထကြွလာပြီး သူက ထွက်ပြေးလွတ်မြောက်ဖို့အတွက် နေရာလွတ်တစ်ခုကို ဖန်တီးလို၏။
“ထွက်ပြေးချင်တာလား”
သိုင်းတာအိုပင်မခန္ဓာ၏ အကြည့်က သိပ်သည်းစုဖွဲ့လာခဲ့၏။ သူက ငရဲဖိနှိမ်မီးဖိုကို ကိုင်စွဲပြီး လေထဲကနေ ဆင်းသက်ကာ သားရဲဧကရာဇ် ဦးချိုစံအိမ်၏ လှုပ်ရှားရုန်းကန်နေသော ဦးခေါင်းကို ဆောင့်နင်းချလိုက်၏။
ကောင်းကင်နှင့်မြေကြီးမီးဖိုနှင့် ဆီးနှင်းငရဲဂိတ်တံခါးက တစ်ချိန်တည်းမှာ ဖိခြေကျဆင်းလာ၏။
ဖျောက်… ဖျောက်… ဖျောက်…
သားရဲဧကရာဇ် ဦးချိုစံအိမ်၏ ပကတိလောကက ထိုဝန်ထုပ်ဝန်ပိုးကို ခံနိုင်ရည်မရှိဘဲ ၎င်းအပေါ်မှာ အက်ကွဲကြောင်းများ ပေါ်ထွက်ကာ လျင်မြန်စွာ ဖြန့်ကြက်လာခဲ့သည်။
သားရဲဧကရာဇ် ဦးချိုစံအိမ်၏ ခန္ဓာကိုယ်ကတော့ ၎င်းသည် သိုင်းတာအိုပင်မခန္ဓာ၏ နင်းခြေခြင်း ခံနေရ၏။ သူသည် ဤနေရာကနေ ထွက်ပြေးတိမ်းရှောင်လိုပြီး သူ၏ အစွမ်းကုန်ရှိသမျှဖြင့် လှုပ်ရှားရုန်းကန်ကာ အော်ဟစ်နေ၏။
ဘုန်း…
လောကတစ်ခု မရှိဘဲ သိုင်းတာအိုပင်မခန္ဓာက ငရဲဖိနှိမ်မီးဖိုကို ကိုင်မြှောက်ကာ သားရဲဧကရာဇ် ဦးချိုစံအိမ်၏ ဦးခေါင်းဆီသို့ ပစ်ရိုက်ချလိုက်၏။
ထိုရိုက်ချက်နှင့်အတူ သူ၏ အရေပြားနှင့်အသားက စုတ်ပြတ်ပေါက်ပြဲသွားပြီး အရိုးများ ကျိုးပဲ့သံက ထွက်ပေါ်လာ၏။
သားရဲဧကရာဇ် ဦးချိုစံအိမ်က စူးစူးဝါးဝါးအော်ဟစ်ပြီး တတ်နိုင်သမျှ လှုပ်ရှားရုန်းကန်နေ၏။
သိုင်းတာအိုပင်မခန္ဓာက မျက်ခုံးအနည်းငယ် ပင့်လိုက်၏။
အထွတ်အထိပ်ဧကရာဇ်တစ်ပါးဆိုသည့်အတိုင်းပင်၊ သူက သူ၏ ခွန်အားကုန်ကို ထုတ်သုံးပြီး မဟာဧကရာဇ်တစ်ပါး၏ လက်နက် ငရဲဖိနှိမ်မီးဖိုနှင့် ပစ်ရိုက်ချနေလျှင်တောင် သူသည် သားရဲဧကရာဇ် ဦးချိုစံအိမ်ကို ချက်ချင်းမသတ်ဖြတ်နိုင်ပေ။
သားရဲဧကရီ နှလုံးသားစံအိမ်က ထိုသည်ကို တွေ့မြင်သောအခါ သူမက ဒေါသချောင်းချောင်းထွက်သွားပြီး အော်ပြောလိုက်၏။
“အထီးကျန်သိုင်းသခင်… နင်ဘယ်လိုတောင် အတင့်ရဲနေတာလဲ”
သားရဲဧကရီ နှလုံးသားစံအိမ်က သူမ၏ ခွန်အားအပြည့်အဝကို ထုတ်ဖော်ပြီး သူမ၏ အမြုတေစိတ်ဝိညာဉ်ကို ၎င်း၏ အကန့်အသတ်အထိ လှည့်ပတ်လိုက်၏။ သူမ၏ ညှို့ငင်ဖမ်းစားလောကက ပေါက်ကွဲထွက်ပေါ်လာပြီး သူမက အဝီစိဂိတ်တံခါးကို တွန်းဖယ်ထုတ်ကာ သားရဲဧကရာဇ် ဦးချိုစံအိမ်ကို ကယ်တင်ရန် သိုင်းတာအိုပင်မခန္ဓာထံသို့ ပြေးဝင်လာလေသည်။
အဝီစိဂိတ်တံခါးတစ်ချပ်တည်းက အထွတ်အထိပ်သားရဲဧကရာဇ်တစ်ပါး၏ ပကတိလောကကို မဖိနှိမ်နိုင်ပေ။
“အချိန်ကိုက်ပဲ”
သိုင်းတာအိုပင်မခန္ဓာက လှောင်ရယ်ပြီး သားရဲဧကရာဇ် ဦးချိုစံအိမ်ပေါ်ကို ဆက်လက်၍ တက်နင်းလိုက်၏။ သူက ငရဲဖိနှိမ်မီးဖိုကို လက်တစ်ဖက်ဖြင့်ကိုင်ပြီး အခြားလက်တစ်ဖက်ဖြင့် လျှို့ဝှက်အတတ်တစ်ခုကို ထုတ်ဖော်လိုက်၏။
“ခါးသက်ငရဲဂိတ်တံခါး… စုဖွဲ့လိုက်စမ်း”
ဝုန်း…
အလွန်ကြီးမား၍ မကောင်းဆိုးဝါးဆန်သော ဂိတ်တံခါးတစ်ချပ်က လေထဲမှာ ပေါ်ထွက်လာပြီး ကောင်းကင်ထက်ကနေ ဆင်းသက်ကာ သားရဲဧကရီ နှလုံးသားစံအိမ်ကို ဖိနှိမ်လာခဲ့၏။
အရင်တုန်းက သိုင်းတာအိုပင်မခန္ဓာသည် ငရဲကမ္ဘာကနေ ထွက်ခွာမလာခင် သူသည် ဆီးနှင်းစိမ့်စမ်းငရဲနှင့် ခါးသက်စိမ့်စမ်းငရဲသို့ သွားရောက်ခဲ့ပြီး စိမ့်စမ်းကိုးခု ငရဲသုတ္တန်များထဲမှ ဆီးနှင်းစိမ့်စမ်းသုတ္တန်နှင့် ခါးသက်စိမ့်စမ်းသုတ္တန်တို့ကို တွေ့မြင်ခဲ့ရလေသည်။
ထို့ကြောင့် ဤတစ်ခေါက် တံခါးပိတ်ကျင့်ကြံမှုမှာ သူသည် ဆီးနှင်းငရဲဂိတ်တံခါးနှင့် ခါးသက်ငရဲဂိတ်တံခါး လျှို့ဝှက်အတတ်နှစ်ခုကို ကျင့်ကြံထားခဲ့၏။
ငရဲခါးသက်စိမ့်စမ်းမှာ တစ္ဆေမျိုးနွယ်များအပေါ် စွမ်းအားကြီးမားသော သေစေနိုင်စွမ်းအား ရှိလေသည်။
ခါးသက်ငရဲဂိတ်တံခါးသည် မြွေခွေးမျိုးနွယ်အပေါ် အထူးတလည် ပျက်စီးထိခိုက်မှု မဖြစ်စေသော်လည်း ၎င်းသည် စွမ်းအားကြီးမား၍ ကြောက်စရာကောင်းသော နည်းလမ်းတစ်ခု ဖြစ်နေဆဲပင်။
ဂိတ်တံခါးတစ်ချပ်က သားရဲဧကရီ နှလုံးသားစံအိမ်ကို မဖိနှိမ်နိုင်ပေ။
ခါးသက်ငရဲဂိတ်တံခါး ထပ်တိုးလာခြင်းနှင့်အတူ အခြေအနေက ကွဲပြားသွားလေသည်။
ဂိတ်တံခါးနှစ်ခုက ဆင်းသက်လာသောအခါ သားရဲဧကရီ နှလုံးသားစံအိမ်၏ အမူအရာက တုန်လှုပ်မှုနှင့် ပြောင်းလဲသွားပြီး ထိတ်လန့်တကြား ဖြစ်လာခဲ့သည်။ သူမက ခက်ခက်ခဲခဲဖြင့် ခုခံနေရ၏။
သူမသည် သားရဲဧကရာဇ် ဦးချိုစံအိမ်ကို ကယ်တင်ဖို့နေနေသာ သူမကိုယ်သူမပင် အနိုင်နိုင်ကာကွယ်နေရသည်။
ဧကရာဇ်မိုးပြာရောင်မီးတောက်နှင့် အခြားသူများသည် အသက်ရှူချိန် ရရှိလာသော်လည်း သူတို့က တျဲယွဲ့နှင့် ငြိတွယ်နေရဆဲဖြစ်ပြီး သူတို့နှစ်ယောက်ကို ကယ်တင်ဖို့ သူတို့မှာ အချိန်ပိုမရှိပေ။
သူတို့က သူတို့အားသူတို့သာ ကိုးရမည်။
သားရဲဧကရီ နှလုံးသားစံအိမ်၏ မျက်နှာက ဖြူဖပ်ဖြူရော်ဖြစ်လာခဲ့၏။
အထီးကျန်သိုင်းသခင်သည် သားရဲဧကရာဇ် ဦးချိုစံအိမ်အပေါ် အမူအရာကင်းမဲ့စွာ တက်နင်းပြီး ငရဲဖိနှိမ်မီးဖိုကို ကိုင်မြှောက်ကာ ထိုသူ၏ ဦးခေါင်းကို ထပ်တလဲလဲ ပစ်ရိုက်ချလိုက်၏။
ရိုက်ချက်တစ်ချက်ချင်းစီမှာ အသွေးအသားများက ဖိတ်စဉ်ပြန့်ကျဲသွားလေသည်။
သားရဲဧကရာဇ် ဦးချိုစံအိမ်က အသံပင် မထွက်နိုင်တော့ဘဲ သေအံ့ဆဲဆဲ အခြေအနေသို့ ရောက်ရှိသွားခဲ့ပြီဖြစ်သည်။
သားရဲဧကရာဇ် ဦးချိုစံအိမ် သေဆုံးသွားသည်နှင့် အထီးကျန်သိုင်းသခင်သည် သူမကို ကိုင်တွယ်ရန် သေချာပေါက် လှည့်လာပေလိမ့်မည်။