လက်ချင်းတွဲထားလျှင်
Vol. 199 Ch. 2985
ကြယ်တာရာကောင်းကင်ထဲမှာ ဧရာမအက်ကွဲကြောင်းက ဖြည်းဖြည်းချင်း ပိတ်ဆို့သွား၏။
ဧကရာဇ်မိုးပြာရောင်မီးတောက်က တျဲယွဲ့ကို ငုံ့ကြည့်ပြီး ခေါင်းခါလိုက်၏။
“သွေးလိပ်ပြာ…. အရင်က ငါ့ရဲ့တာအိုကို ထက်ရှအောင်လုပ်ပြီး ငါ့ရဲ့မျိုးဆက်သွေးကို ပိုမိုသန်မာလာစေဖို့ မင်းနဲ့ လက်ရည်စမ်းချင်ခဲ့တာ… ဒါပေမဲ့ နောက်တစ်ခေါက်ကျရင် ငါ မင်းကို အဲဒီအခွင့်အရေးပေးမှာ မဟုတ်တော့ဘူး”
ထို့နောက် ဧကရာဇ်မိုးပြာရောင်မီးတောက်သည် သိုင်းတာအိုပင်မခန္ဓာနှင့် သူ့လက်ထဲမှ ဧရာမအလောင်းကို စိုက်ကြည့်လိုက်၏။ သူက အေးစက်နေသော အမူအရာဖြင့် လက်သီးကို တင်းတင်းဆုပ်လိုက်၏။
“အရှေ့ဘက် အရိုင်းနယ်မြေက ဒုက္ခအကြီးအကျယ်ရောက်ပြီး ကပ်ဘေးတစ်ခု ဆင်းသက်လာတော့မှာ… အဲဒါက အထီးကျန်သိုင်းသခင်ကြောင့်ပဲ”
“မဟာအရိုင်းကမ္ဘာကို နောက်တစ်ခါ ငါပြန်လာတဲ့အခါ ငါတို့ရဲ့ အစစ်အမှန်ခွန်အားက ဘာလဲဆိုတာ မင်းတို့ကို ပြပေးမယ်”
“ငါ အဲဒီလူကို သေချာပေါက် ကိုယ်တိုင်သတ်ဖြတ်မယ်… အရှေ့ဘက် အရိုင်းနယ်မြေက သက်ရှိတွေအားလုံးကိုလည်း သတ်ဖြတ်သုတ်သင်ပစ်မယ်… ငါ အရှေ့ဘက် အရိုင်းနယ်မြေက ဘီလီယံနဲ့ချီတဲ့ သက်ရှိတွေရဲ့ သွေးနဲ့ ဦးချိုစံအိမ်ရဲ့ ဝိညာဉ်ကို ယဇ်ပူဇော်ပေးမယ်”
သူ၏ အသံက မဟာအရိုင်းကမ္ဘာ၏ တစ်ထောင့်တစ်နေရာတိုင်းမှာ မိုးကြိုးထစ်ချုန်းသံကဲ့သို့ ပဲ့တင်ထပ်သွားလေသည်။
ဧကရာဇ်မိုးပြာရောင်မီးတောက်၏ စကားနှင့်ပတ်သက်၍ မည်သူကမှ သံသယမရှိကြပေ။
အပြာရောင်အဖွဲ့၏ ခွန်အားသည် ထိုမျှသာ သေချာပေါက်မကသည်ကို သူတို့၏ ရင်ထဲမှာ သိရှိထားသောကြောင့် ဖြစ်သည်။
အရှေ့ဘက် အရိုင်းနယ်မြေမှ သက်ရှိအများစု၏ မျက်နှာများပေါ်တွင် ကြောက်ရွံ့မှုနှင့် စိုးရိမ်ပူပန်မှု အမူအရာများက ပေါ်ထွက်လာကြ၏။
တကယ်ဆို သက်ရှိတချို့သည် တွေဝေရှုပ်ထွေးသော အမူအရာများနှင့်အတူ သိုင်းတာအိုပင်မခန္ဓာကို ကြည့်လာကြပြီဖြစ်သည်။
စကားလုံးအနည်းငယ်မျှနှင့် ဧကရာဇ်မိုးပြာရောင်မီးတောက်သည် ဖိအားများအားလုံးကို သိုင်းတာအိုပင်မခန္ဓာအပေါ် ပုံချပေးခဲ့လေသည်။
အရှေ့ဘက် အရိုင်းနယ်မြေ ဖျက်ဆီးခံရခြင်းနှင့် အနာဂတ်မှာ ဘီလီယံနှင့်ချီသော သက်ရှိများ၏ သေဆုံးမှုသည် အထီးကျန်သိုင်းသခင်က လက်သည်တရားခံဖြစ်သည်ဟု သူက လူတိုင်းကို ပြောပြလိုက်ခြင်းဖြစ်သည်။
သိုင်းတာအိုပင်မခန္ဓာအနေဖြင့် ရှင်းပြဖို့ လွယ်ကူလိမ့်မည် မဟုတ်ပေ။
ဧကရာဇ်မိုးပြာရောင်မီးတောက်ကို ကောင်းကင်ဘုံခုံရုံးက နောက်ခံပေးထားခြင်း ဖြစ်နိုင်ခြေ မြင့်မားသည်။
ထိုအဖွဲ့အစည်းသည် ခေတ်ပေါင်းများစွာကို ဖျက်ဆီးပြီး မဟာဧကရာဇ်များကို မြှုပ်နှံထားခဲ့သည့် ကြောက်စရာကောင်းသော အဖွဲ့အစည်း ဖြစ်လေသည်။
ဤကဲ့သို့ အထင်ကရ အဖွဲ့အစည်းတစ်ခုနှင့် ရင်ဆိုင်ရချိန်မှာ မည်သူကမှ အဲဒါကို တည်ငြိမ်စွာ ကိုင်တွယ်နိုင်မည် မဟုတ်ပေ။
ထိုစဉ်မှာပင် တျဲယွဲ့က ရုတ်တရက် လက်လှမ်းပြီး သူ၏ လက်ဖဝါးကို ညင်သာစွာ ဖမ်းဆုပ်လိုက်၏။
သိုင်းတာအိုပင်မခန္ဓာက ဘေးတိုက်တစ်ချက်ကြည့်လိုက်၏။
တျဲယွဲ့ကလည်း လှည့်ကြည့်လာခဲ့၏။
သူတို့က အကြည့်ချင်းဆုံသွားပြီး ပြုံးလိုက်ကြသည်။
ချက်ချင်းပင် သိုင်းတာအိုပင်မခန္ဓာသည် သူ၏ ရင်ထဲမှာ ပေါ့ပါးသွားပြီး ဖိအားများအားလုံး ပျောက်ကွယ်သွားသည်ဟု ခံစားလိုက်ရ၏။
သူတို့နှစ်ယောက်သည် ထိုအခိုက်အတန့်မှာ ဘေးချင်းယှဉ်ရပ်နေစဉ် ဒဏ္ဍာရီလာ လျှို့ဝှက်ဆန်းကြယ်သော ကောင်းကင်ဘုံခုံရုံးမကလို့ ဘာပဲလာလာ… စွမ်းအားကြီးမားသော ရန်သူများအားလုံးကို သူတို့က ရင်ဆိုင်နိုင်သည့်အလားပင်။
သိုင်းတာအိုပင်မခန္ဓာက ကောင်းကင်ထက်ကို မော့ကြည့်ပြီး အော်ပြောလိုက်၏။
“မိုးပြာရောင်မီးတောက်… မဟာအရိုင်းကမ္ဘာကို မင်းနောက်တစ်ခါ ပြန်လာရဲရင် မင်းရဲ့ရလဒ်က ဒီမြွေလိုမျိုး အတူတူဖြစ်သွားလိမ့်မယ်”
ထိုသို့ သူပြောလိုက်သည့်ခဏမှာပင် သိုင်းတာအိုပင်မခန္ဓာက ခြေထောက်ကို ပြင်းထန်စွာ ဆောင့်နင်းပြီး အသားများက ဖိတ်စင်ပြန့်ကျဲသွား၏။ အက်ကွဲသံနှင့် ကျိုးပဲ့သံနှင့်အတူ သားရဲဧကရာဇ် ဦးချိုစံအိမ်၏ အရုပ်အလောင်းက နှစ်ပိုင်းကွဲထွက်သွားလေသည်။
“ဂါး…”
ကျန်ရှိနေသော ခုနှစ်ဆောင်ပြိုင် သားရဲဧကရာဇ်များထဲမှ ခြောက်ဦးက ဟိန်းဟောက်လိုက်ကြ၏။
ဧကရာဇ်မိုးပြာရောင်မီးတောက်၏ မျက်နှာကလည်း ညိုမှိုင်းလာခဲ့လေသည်။
သူသည် ဒဏ်ရာရရှိထားသောကြောင့် မဟုတ်လျှင် သူသည် ချက်ချင်းပင် အောက်သို့ဆင်းသက်ပြီး အထီးကျန်သိုင်းသခင်ကို အပိုင်းပိုင်း ဆုတ်ဖြဲပစ်မိပေလိမ့်မည်။
သို့သော်လည်း ယခုက အချိန်ကောင်းမဟုတ်သည်ကို သူသိရှိထားသည်။
“ကောင်းတယ်ကွာ… ကောင်းတယ် ကောင်းတယ်”
ဧကရာဇ်မိုးပြာရောင်မီးတောက်က ဒေါသထွက်လွန်းသော်လည်း သူက ရယ်မောလိုက်၏။
တစ်ယောက်ယောက်က သူ့ကို ဤကဲ့သို့ ရန်မစရဲတော့သည်မှာ အရမ်းကို ကြာသွားခဲ့ပြီ ဖြစ်သည်။
တကယ်ဆို ထိုခံစားချက်က သူ့ကို သစ်လွင်ပြီး စိတ်လှုပ်ရှား တက်ကြွလာစေ၏။
ဧကရာဇ်မိုးပြာရောင်မီးတောက်က သွားဖြီးပြီး ဖြည်းဖြည်းချင်း ပြောလိုက်၏။
“မဟာအရိုင်းကမ္ဘာကို ငါသေချာပေါက် ပြန်လာခဲ့မယ်… အရှေ့ဘက် အရိုင်းနယ်မြေမှာ ကပ်ဘေးတစ်ခု ကျရောက်ပြီး မင်းတို့ ပုရွက်ဆိတ်တွေ အဆုံးသတ်သွားဖို့က သိပ်ကြာတော့မှာ မဟုတ်ဘူး”
ကောင်းကင်ထက်ရှိ အက်ကွဲကြောင်းက လုံးဝပိတ်ဆို့သွားခဲ့ပြီဖြစ်ပြီး ဧကရာဇ်မိုးပြာရောင်မီးတောက်နှင့် အခြားသူများက ပျောက်ကွယ်သွားကာ ဧကရာဇ်မိုးပြာရောင်မီးတောက်၏ ထိုစကားသံကသာ အတန်ကြာသည်အထိ မဟာအရိုင်းကမ္ဘာမှာ ပဲ့တင်ထပ် ကျန်ရစ်ခဲ့၏။
အရှေ့ဘက် အရိုင်းနယ်မြေသည် ဤတိုက်ပွဲမှာ နောက်တစ်ဖန် အနိုင်ရရှိခဲ့သော်လည်း ဧကရာဇ်မိုးပြာရောင်မီးတောက်၏ နောက်ဆုံးစကားသည် အရှေ့ဘက် အရိုင်းနယ်မြေမှ သက်ရှိများစွာ၏ ရင်ထဲတွင် အရိပ်မည်းတစ်ခုအဖြစ် ကျဆင်းလာခဲ့၏။
ဧကရာဇ်မိုးပြာရောင်မီးတောက်က နောက်တစ်ဖန် ဘယ်အချိန်မှာ ဆင်းသက်လာမည်ကို မည်သူကမှ မသိရပေ။
နောက်တစ်ကြိမ် ဧကရာဇ်မိုးပြာရောင်မီးတောက် ဆင်းသက်လာပြီး တျဲယွဲ့နှင့် အထီးကျန်သိုင်းသခင်က သူ့ကို မခုခံနိုင်သည့်အခါ ဘာဖြစ်လာမည်ကို မည်သူကမှ မသိရပေ။
သိုင်းတာအိုပင်မခန္ဓာက ဧကရာဇ်မိုးပြာရောင်မီးတောက်နှင့် အခြားသူများ ပျောက်ကွယ်သွားရာဘက်ကို ကြည့်ပြီး တီးတိုးရေရွတ်လိုက်၏။
“သူတို့ပြန်သွားမယ့်နေရာက ကောင်းကင်ဘုံခုံရုံး ဖြစ်လောက်တယ်… အဲဒီစွမ်းအားကြီးမားတဲ့ ဖိအားက ဘာလဲ”
“ငါလည်း မပြောတတ်ဘူး”
တျဲယွဲ့က ခေါင်းခါပြလိုက်၏။
“ငါလည်း အဲဒါကို ကြိုးစားကြည့်ခဲ့ဖူးတယ်… ဒါပေမဲ့ နောက်ဆုံးမှာ အဲဒီထဲကို ငါ လုံးဝ တိုးဝင်လို့မရခဲ့ဘူး”
တိုက်ပွဲပြီးဆုံးသွားပြီးနောက် အရှေ့ဘက် အရိုင်းနယ်မြေမှ သားရဲစစ်ဗိုလ်များက တိုက်ပွဲမြေကို ရှင်းလင်းလိုက်ကြ၏။
သိုင်းတာအိုပင်မခန္ဓာက ဤတိုက်ပွဲမှာ အကျိုးအမြတ်များစွာ ရရှိခဲ့လေသည်။ သူသည် အန္တိမသားရဲဧကရာဇ် ဆယ်ဦးကျော်ထံမှ လောကအကြီးများကို ရရှိခဲ့၏။
ကံဆိုးစွာနှင့်ပင် သားရဲဧကရာဇ် ဦးချိုစံအိမ်၏ ပကတိလောက ထက်ဝက်ကျော်ကို ဆီးနှင်းငရဲဂိတ်တံခါးက ဝါးမျိုသွားခဲ့ပြီး အဲဒါက ငရဲသို့ ကျဆင်းသွားလေသည်။
စွမ်းအားကြီးမားသော သတ်ဖြတ်စွမ်းအားကို ပိုင်ဆိုင်ထားခြင်းအပြင် ဆီးနှင်းငရဲဂိတ်တံခါးသည် ငရဲနှင့်လည်း ဆက်သွယ်နိုင်လေသည်။
ဆီးနှင်းငရဲဂိတ်တံခါး၏ တည်ရှိမှုသည် သိုင်းတာအိုပင်မခန္ဓာ၏ ပိုင်နက်နယ်မြေထဲမှာ ငရဲကမ္ဘာသို့ ဂိတ်တံခါးတစ်ချပ် တည်ဆောက်လိုက်ခြင်းနှင့် တူလေသည်။
တျဲယွဲ့သည် ညွှန်ကြားစရာရှိသည်ကို အတိုချုံး ညွှန်ကြားပြီးနောက် သိုင်းတာအိုပင်မခန္ဓာနှင့်အတူ လိပ်ပြာတောင်ကြားသို့ ပြန်သွားလေသည်။
ဤတိုက်ပွဲသည် ဧကရာဇ်မိုးပြာရောင်မီးတောက်နှင့် အခြားသူများကို တွန်းလှန်ထုတ်ပြီး ခုနှစ်ဆောင်ပြိုင် သားရဲဧကရာဇ်များထဲမှ တစ်ဦးကို သတ်ဖြတ်နိုင်ခဲ့သော်လည်း အဲဒါက အောင်ပွဲခံဖို့ မထိုက်တန်သေးသည်ကို သူတို့နှစ်ယောက်က သိရှိထားကြ၏။
နောက်ထပ်လာမည့် တိုက်ပွဲသည် အရှေ့ဘက် အရိုင်းနယ်မြေ၏ ရှင်သန်မှုကို အဆုံးအဖြတ်ပေးမည့် နောက်ဆုံးတိုက်ပွဲ ဖြစ်လာနိုင်၏။
သိုင်းတာအိုပင်မခန္ဓာက လေးနက်သော အသံဖြင့် ပြောလိုက်၏။
“မိုးပြာရောင်မီးတောက် ပြောပုံအရဆို သူက သိပ်မကြာခင် ပြန်လာနိုင်တယ်”
တျဲယွဲ့က ခေါင်းညိတ်လိုက်၏။
“သူနဲ့ ခုနှစ်ဆောင်ပြိုင် သားရဲဧကရာဇ်တွေက ဒဏ်ရာအပြင်းအထန်ရထားတယ်… သူတို့တွေက အမြန်ဆုံးနှုန်းနဲ့ ကုသမယ်ဆိုရင် နှစ်ပေါင်းရာချီ ကြာလောက်မယ်”
“ကံကောင်းတာကတော့ နင်က ငါ့ကို ဒီတိုက်ပွဲမှာ အထွတ်အထိပ် သားရဲဧကရာဇ်နှစ်ဦးကို ကူညီပြီး တားဆီးပေးထားခဲ့တာပဲ… ငါ့ရဲ့လောကက အပြင်းအထန် ပျက်စီးထိခိုက်မသွားဘူး… ငါက အချိန်တစ်ခုကြာ အားဖြည့်ပြီးရင် ငါ့ရဲ့ဒဏ်ရာတွေ ပြန်ကောင်းလာနိုင်တယ်”
ထိုနေရာအရောက်မှာ သူတို့နှစ်ယောက်က နှုတ်ဆိတ်သွားကြ၏။
အတန်ကြာပြီးနောက် သိုင်းတာအိုပင်မခန္ဓာက ဖြည်းဖြည်းချင်း ပြောလိုက်၏။
“မိုးပြာရောင်မီးတောက် နောက်တစ်ခါ ဆင်းသက်လာတဲ့အချိန်မှာ ငါတို့နှစ်ယောက်တည်းက အဲဒါကို ခုခံနိုင်မှာ မဟုတ်လောက်တော့ဘူး”
တကယ်တော့ ထိုအချက်ကို သူတို့နှစ်ယောက်၏ ရင်ထဲမှာ သိရှိထားကြလေသည်။
အပြာရောင်အဖွဲ့၏ ခွန်အားသည် ဧကရာဇ်မိုးပြာရောင်မီးတောက်နှင့် ခုနှစ်ဆောင်ပြိုင် သားရဲဧကရာဇ်များသာ သေချာပေါက်မကပေ။
ဧကရာဇ်မိုးပြာရောင်မီးတောက်သည် မဟာအရိုင်းကမ္ဘာသို့ နောက်တစ်ခေါက် ပြန်လာတိုက်ခိုက်မည်ဟု ဆိုခဲ့သောကြောင့် သူသည် စစ်သည်တစ်တပ်နှင့်အတူ သေချာပေါက် ပြန်လည်ရောက်ရှိလာပေလိမ့်မည်။
သူတို့အဖွဲ့မှာ ဧကရာဇ်မိုးပြာရောင်မီးတောက်ကဲ့သို့ ထိပ်သီးပညာရှင်နှစ်ဦး ပါလာသည်နှင့်အမျှ တျဲယွဲ့အနေဖြင့် ခုခံဖို့ ခဲယဉ်းသွားပေလိမ့်မည်။
ခုနှစ်ဆောင်ပြိုင် သားရဲဧကရာဇ်များကဲ့သို့ နောက်ထပ် အထွတ်အထိပ် ဧကရာဇ်တချို့ ထပ်ပါလာမည်ဆိုလျှင် တျဲယွဲ့နှင့် သိုင်းတာအိုပင်မခန္ဓာသည် အတူပူးပေါင်းထားမည်ဆိုလျှင်တောင် သူတို့ကို ခုခံနိုင်ချင်မှ ခုခံနိုင်ပေတော့မည်။
အထွတ်အထိပ် ဧကရာဇ်တစ်ပါးက ဘယ်လောက်ပင် သန်မာသည်ဖြစ်စေ အကန့်အသတ်တစ်ခု ရှိလေသည်။
တျဲယွဲ့က နှုတ်ဆိတ်နေ၏။ ခဏနေပြီးနောက် သူမက ပြောလိုက်၏။
“မဟာဧကရာဇ်တစ်ပါး ဖြစ်လာပြီးမှပဲ နောက်ထပ်လာမယ့် အကျပ်အတည်းကို ဖြေရှင်းနိုင်တော့မယ်လို့ ငါထင်တယ်… မဟုတ်ရင်တော့…”
ကိစ္စက ထိုသို့ဆိုသော်လည်း မဟာဧကရာဇ်တစ်ပါး ဖြစ်လာဖို့က လွယ်ကူသည် မဟုတ်ပေ။
သမိုင်းတစ်လျှောက်မှာ ပါရမီအရည်အချင်းရှိသည့် မရေမတွက်နိုင်သော ပြိုင်စံရှားများသည် အဆုံးမဲ့အချိန်မြစ်ထဲမှာ ပေါ်ထွက်လာခဲ့ကြဖူးသည်။ သို့သော်လည်း နောက်ဆုံးမှာ မဟာဧကရာဇ်များ ဖြစ်လာနိုင်ခဲ့သည့် သူများက အနည်းအကျဉ်းသာ ရှိလေသည်။
သိုင်းတာအိုပင်မခန္ဓာက ခဏမျှ စဉ်းစားတွေးတောပြီး ပြောလိုက်၏။
“ငါက ငါ့ရဲ့ကျင့်ကြံမှုနယ်ပယ်မှာ ရှေ့ဆက်တက်လှမ်းချင်တယ်ဆိုရင် ငါက အချိန်တစ်ခုကြာ မဟာအရိုင်းကမ္ဘာကနေ ထွက်ခွာသွားရလိမ့်မယ်”
“ရတယ်လေ”
တျဲယွဲ့က တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ ပြန်ဖြေလိုက်၏။ သိုင်းတာအိုပင်မခန္ဓာက မည်သည့်နေရာသို့ သွားရောက်ချင်သည်ကိုပင် သူမက မေးမြန်းမနေပေ။
တကယ်တော့ သူက ဤအခိုက်အတန့်မှာ မဟာအရိုင်းကမ္ဘာကနေ ထွက်ခွာသွားမည်ဆိုလျှင် အတင်းအဖျင်းစကားများ ပေါ်ထွက်လာဖို့ အရမ်းကို လွယ်ကူလေသည်။
မည်သို့ပင်ဆိုစေ နောက်တစ်ကြိမ် ဧကရာဇ်မိုးပြာရောင်မီးတောက် ဆင်းသက်လာသည့်အခါ အရှေ့ဘက် အရိုင်းနယ်မြေက ဖျက်ဆီးခံရပေလိမ့်မည်။ လူသားသဘာဝအရ သူ့အနေဖြင့် ကြောက်ရွံ့မှုကြောင့် ထွက်ပြေးတိမ်းရှောင်သွားခြင်း ဖြစ်နိုင်လေသည်။
သို့သော်လည်း တျဲယွဲ့က ဆူဇီမိုကို ဘယ်တုန်းကမှ သံသယမဝင်ပေ။
တစ်ဖက်မှာတော့ သူသည် ဆူဇီမို၏ တာအိုကို နားလည်သဘောပေါက်ထားသည်။
တစ်ဖက်မှာတော့ သူမသည် ဆူဇီမိုကို ယုံကြည်စိတ်ချလေသည်။
“ငါ ဘယ်နေရာကို သွားမယ်ဆိုတာ မင်းမသိချင်ဘူးလား”
သိုင်းတာအိုပင်မခန္ဓာက ပြုံး၍ မေးလိုက်၏။
“ငါ ပြန်မလာတော့မှာရော မင်းမစိုးရိမ်ဘူးလား”
“နင် ပြန်မလာဘဲ မနေရဲပါဘူး”
တျဲယွဲ့က သူမ၏ မျက်လုံးကို အနည်းငယ်မှေးကျဉ်းလိုက်၏။
သိုင်းတာအိုပင်မခန္ဓာက ပြုံးပြလိုက်၏။
“ငါမသွားခင် ငါ့မှာ မင်းအတွက် ဖတ်ဖို့ သုတ္တန်တစ်ခု ရှိတယ်… အဲဒါက မင်းအတွက် အကူအညီတချို့ ဖြစ်ကောင်းဖြစ်လိမ့်မယ”
“သုတ္တန်လား”
တျဲယွဲ့က မျက်ခုံးအနည်းငယ် ပင့်လိုက်၏။
သိုင်းတာအိုပင်မခန္ဓာက ခေါင်းညိတ်ပြီး တျဲယွဲ့ကို စကားလုံး ၆၀၀ ပါသည့် ယင်ယန်အဆောင်သုတ္တန်အကြောင်း ပြောပြလိုက်၏။
တကယ်တော့ သူ့မှာ ယင်ယန်အဆောင်သုတ္တန်အသာမက တဗူးဂမ္ဘီရကျင့်စဉ်များစွာလည်း ရှိလေသည်။
သို့သော်လည်း တဗူးဂမ္ဘီရကျင့်စဉ်များ၏ အမွေအနှစ်များက အရမ်းကို ရှုပ်ထွေးလေသည်။
လူတစ်ယောက်က တဗူးဂမ္ဘီရကျင့်စဉ်၏ မူလကျမ်းစာကို သူတို့၏ မျက်လုံးနှင့် ကိုယ်တိုင်မြင်တွေ့ရခြင်း မရှိလျှင် သူတို့သည် ၎င်း၏ အနှစ်သာရကို နားလည်ဆင်ခြင်နိုင်လိမ့်မည် မဟုတ်ပေ။
သိုင်းတာအိုပင်မခန္ဓာသည် တဗူးဂမ္ဘီရကျင့်စဉ်များ၏ သုတ္တန်များကို တျဲယွဲ့ထံ ပြောပြမည်ဆိုလျှင်တောင် သူမအနေဖြင့် ကောင်းကင်ဘုံကျမ်းစာအုပ်ကို နားထောင်နေရသည့်အလား တစ်စုံတစ်ရာကို ရရှိဖို့ ခဲယဉ်းပေလိမ့်မည်။
ဥပမာအားဖြင့် ကောင်းကင်သင်္ချိုင်းသုတ္တန်ကို ကျောက်စာတိုင်တစ်တိုင်ပေါ်မှာ ခတ်နှိပ်ထားခဲ့သည်။
ထိုနေရာမှာ ကောင်းကင်သင်္ချိုင်းသုတ္တန်၏ သုတ္တန်သာမက ၎င်း၏ ဓမ္မတာအိုနှင့် မှော်စာလုံးများလည်း ရှိလေသည်။
အဲဒါကို ကိုယ်တိုင်မြင်တွေ့ရခြင်းဖြင့်သာ အဲဒါကို အောင်မြင်စွာ ကျင့်ကြံနိုင်မည်ဖြစ်သည်။
ထိုသို့ကြောင့်သာ မဟုတ်လျှင် တဗူးဂမ္ဘီရကျင့်စဉ်များက အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ ပျံ့နှံ့နေပေလိမ့်မည်။ အဲဒါက ဤမျှအထိ ရှားပါးပြီး အဖိုးတန်နေလိမ့်မည် မဟုတ်ပေ။