အခန်း(၁၆၂၇-၁၆၂၉)
Vol. 109 Ch. 1627-1629
အခန်း(၁၆၂၇)
"ငါမင်းကို နောက်ဆုံး အခွင့်အရေးပေးမယ်.. ပြောမလား မပြောဘူးလား"
စန်းခွင်းဟူသည် လုံချီရှောင်ကို တစ်ကွက်တည်းဖြင့် ပြင်းပြင်းထန်ထန် ဒဏ်ရာရစေခဲ့သည်။
သတ်ဖြတ်လိုသော စိတ်ဆန္ဒများသည် သူ၏ခန္ဓာကိုယ်တွင် ပြည့်နှက်လာခဲ့၏။
"ငါမသိဘူးလို့ ပြောပြီးပြီပဲ.. အကယ်၍ ငါသိခဲ့ရင်တောင် မင်းတို့ကို ဘယ်တော့မှ ပြောပြမှာ မဟုတ်ဘူး"
လုံချီရှောင်က သူ၏နှုတ်ခမ်းထောင့်မှ သွေးများကို သုတ်ကာ ပြောလိုက်သည်။
"ကောင်းပြီလေ ဒီလောက်တောင် သေချင်နေမှတော့ မင်းဆန္ဒကို ဖြည့်ဆည်းပေးမယ်"
စန်းခွင်းဟူက ဒေါသတကြီး ကြုံးဝါးလိုက်ပြီး သူ၏ခန္ဓာကိုယ်ကနေ လေထုကိုပင် ကြေမွသွားစေလောက်သည့် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို ထုတ်ဖော်လိုက်သည်။
"စန်းခွင်းဟူ.. တော်လောက်ပြီ"
ထိုအခိုက်အတန့်တွင် လန်ရွှမ်းရွှမ်းက လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။
"ဒီ၂ယောက်ကို အခုမသတ်နဲ့ဦး.. သူတို့က ငါတို့အတွက် အသုံးဝင်လာနိုင်တယ်"
"ဟုတ်တယ်.. ဒီ၂ယောက်က ရှေးဟောင်းနဂါး မျိုးနွယ်စုဝင်တွေပဲ.. သူတို့ရဲ့အသက်နဲ့ မဟာနဂါးနန်းတော်ထဲ ဝင်သွားတဲ့ကောင်ကို ထိန်းချုပ်ကောင်း ထိန်းချုပ်နိုင်လိမ့်မယ်"
ကုန်းဝူကျီ၏ မျက်ဝန်းတွင် အေးစက်သော အလင်းတန်းတစ်ခု လင်းလက်သွားခဲ့သည်။
"ငါတို့ မဝင်နိုင်ဘူး ဆိုမှတော့ အပြင်မှာပဲ စောင့်ကြတာပေါ့.. ဒီကောင် သိပ်မကြာခင် မဟာနဂါးနန်းတော်ထဲကနေ ထွက်လာမှာပါ"
မဟာနဂါးနန်းတော်၏ မျိုးဆက်က မဟာနဂါးနန်းတော်မှ အမွေအနှစ်ကို ရရှိခဲ့လျှင်ပင် သူတို့အနေဖြင့် ဂရုစိုက်နေမည်မဟုတ်ပေ။
ယခုအခါ ဤနေရာတွင် နယ်မြေ၄ခုမှ ခြေလှမ်းတစ်ဝက် ကောင်းကင်နတ်ဘုရားများ စုဝေးနေသောကြောင့် ထိုကောင်လေးအတွက် လွတ်မြောက်ရန်မှာ ခက်ခဲလိမ့်မည် ဖြစ်သည်။
ယင်းကြောင့် သူတို့အနေဖြင့် မဟာနဂါးနန်းတော်၏ အမွေအနှစ်ကို ထိုကောင်လေးထံမှ ပြန်လည် ရယူနိုင်သေးသည် မဟုတ်ပါလော။
စန်းခွင်းဟူသည် နေရာလွတ် စွမ်းအား၏ မူလဥပဒေသကို အသုံးပြုကာ လုံချီရှောင်တို့ ၂ဦး၏ ခန္ဓာကိုယ်များကို ဝန်းရံစေခဲ့ပြီး အကျဥ်းချထားလိုက်သည်။
ထိုစွမ်းအား၏ လွှမ်းမိုးမှုအောက်တွင် လုံချီရှောင်လိုလူပင် အနည်းငယ်မျှ မလှုပ်ရှားနိုင်ခဲ့ပေ။
"အစ်ကိုလုံ.. နယ်မြေ၄ခုက လူတွေက ကျန်းချန် အပြင်ထွက်လာမှာကို စောင့်နေကြတယ်.. ကျွန်တော်တို့အခု ဘာဆက်လုပ်သင့်လဲ"
လျှိုထျန်းရှင်းက နေရာလွတ် ဥပဒေသ၏ စွမ်းအားကို သူ၏ ခွန်အားများဖြင့် ဖျက်ဆီးရန် ကြိုးစားရင်း ပြောလိုက်သည်။
"မင်းရဲ့ခွန်အားကို အလဟဿ အကုန်မခံနဲ့.. ဒီကောင့်ရဲ့ ခွန်အားက ခြေလှမ်းတစ်ဝက် ကောင်းကင်နတ်ဘုရား အထွတ်အထိပ်အဆင့်ကို ရောက်နေပြီ.. ငါ့အထင် ဒီကောင်က သာမန် ကောင်းကင်နတ်ဘုရား ပထမအဆင့်ထက်တောင် မနိမ့်ကျလောက်ဘူး.. သူ့ရဲ့ နေရာလွတ် ဥပဒေသ မူလစွမ်းအားကို မဖျက်ဆီးနိုင်မဲ့ အတူတူ အခု ငါတို့ လုပ်နိုင်တဲ့ တစ်ခုတည်းသောအရာက ကျန်းချန်ကို စောင့်ဆိုင်းဖို့ပဲ..ကျန်းချန်သာ မဟာနဂါးနန်းတော်မှာ အမွေအနှစ်ကို အောင်အောင်မြင်မြင် ဆက်ခံနိုင်ခဲ့မယ် ဆိုရင် ငါတို့အတွက် မျှော်လင့်ချက် ရှိနိုင်သေးတယ်"
လုံချီရှောင်က မချိပြုံးပြုံးကာ ပြောလိုက်သည်။
ရှေးဟောင်းနဂါးမျိုးနွယ်စု၏ နဂါး အစောင့်အရှောက်ထဲတွင် ပထမနေရာ၌ ရှိသော လုံချီရှောင်သည် သူ၏ခွန်အားနှင့်ပတ်သက်၍ အမြဲတစေ ယုံကြည်မှုရှိခဲ့သည်။
ရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေထဲသို့ ဝင်ရောက်ခဲ့ပြီးနောက်တွင် နယ်မြေ၄ခုမှ ပါရမီရှင် များစွာကို ရင်ဆိုင်ခဲ့ရသည့်တိုင် သူက လုံးဝ ကြောက်ရွံ့ခြင်း မရှိခဲ့ပေ။
သို့သော် ဤတစ်ကြိမ်တွင် နယ်မြေ၄ခုမှ အထွတ်အထိပ် ပါရမီရှင်များနှင့် တွေ့ဆုံသောအခါ သူ၏ ခွန်အားက ၎င်းတို့နှင့် မည်မျှပင် အလှမ်း ကွာဝေးနေသည်ကို သိရှိခဲ့သည်။
ယခု သူ့အနေဖြင့် မဟာနဂါးနန်းတော်၏ အမွေအနှစ်ကို ကျန်းချန် အောင်မြင်စွာ ရရှိနိုင်ရန် နှလုံးသားထဲကနေ ဆုတောင်းရုံသာ တတ်နိုင်တော့သည်။
မည်သို့ပင် ဖြစ်စေကာမူ မဟာနဂါးနန်းတော်သည် ရှေးကာလက နတ်ဘုရင်အဆင့် အင်အားစု ဖြစ်သည်။
ကျန်းချန်က မဟာနဂါးနန်းတော်မှ အမွေအနှစ်ကို ရရှိခဲ့လျှင် သူ၏ ခွန်အားသည် သေချာပေါက် တိုးတက်လာလိမ့်မည်ဖြစ်၏။
ကောင်းကင်နတ်ဘုရား နယ်ပယ်အဆင့်ကို တစ်ချက်တည်းဖြင့် ထိုးဖောက်ရန်ပင် မဖြစ်နိုင်သည်တော့ မဟုတ်ပေ။
သူ တွေးထားသည့် အတိုင်းသာ ဖြစ်လာလျှင် ကျန်းချန်သည် နယ်မြေ၄ခုမှ အထွတ်အထိပ် ပါရမီရှင်များနှင့် ယှဥ်ပြိုင်နိုင်ရန် မျှော်လင့်ချက် ရှိနိုင်ပေသည်။
ထိုသို့ နယ်မြေ၄ခုမှ အထွတ်အထိပ် ပါရမီရှင်များ နတ်ဘုရင်လမ်း၏ အဆင့်၃၃ဆင့်တွင် စုဝေး၍ ရှိနေကြစဥ် ကျန်းချန်သည် သူ၏ခန္ဓာကိုယ်ထဲမှ နယ်မြေနတ်ဘုရား သလင်းကျောက်ကို ဆက်လက် ချေဖျက်ကာ စုပ်ယူခဲ့သည်။
ဤ၁လလုံးလုံး ကျန်းချန်သည် နယ်မြေနတ်ဘုရား သလင်းကျောက်၏ ၃ပုံ၁ပုံကို စုပ်ယူခဲ့ပြီး သူ၏ ကျင့်ကြံခြင်းအဆင့်သည်လည်း အဆင့်မြင့် ပကတိနတ်ဘုရား အလယ်အလတ်အဆင့်သို့ ထိုးဖောက်သွားခဲ့သည်။
တစ်ပြိုင်နက်တည်းမှာပင် သူနားလည်ထားသော ကိုယ်ခံပညာဥပဒေသ၆မျိုး၏ မူလစွမ်းအား သည်လည်း များစွာပို၍ အားကောင်းလာခဲ့၏။
အထူးသဖြင့် ဓားလမ်းစဥ် ဥပဒေသ၏ မူလစွမ်းအားသည် ၄၀ ရာခိုင်နှုန်းအထိ ရောက်ရှိသွားခဲ့ရာ ခြေလှမ်းတစ်ဝက် ကောင်းကင်နတ်ဘုရား အဆင့်သို့ ရောက်ရှိသွားသည်နှင့် ညီမျှသွားခဲ့သည်။
ကျန်းချန်က မဟာနဂါးနန်းတော်ထဲကနေ မထွက်ခွာသေးဘဲ နယ်မြေနတ်ဘုရား သလင်းကျောက်မှ စွမ်းအားကို ဆက်လက် စုပ်ယူနေခဲ့၏။
နောက်ထပ်၂လ ကြာမြင့်ပြီးနောက်တွင် ကျန်းချန်သည် သူ၏ ခန္ဓာကိုယ်ထဲမှ နယ်မြေနတ်ဘုရား သလင်းကျောက်ကို အောင်မြင်စွာ စုပ်ယူနိုင်ခဲ့သည်။
ထို့အပြင် သူ၏ ကျင့်ကြံခြင်းအဆင့်သည်လည်း နောက်ထပ်အဆင့်တစ်ဆင့်သို့ အောင်မြင်စွာ တိုးမြင့်သွားခဲ့ပြီး အဆင့်မြင့် ပကတိနတ်ဘုရား နယ်ပယ်၏ အဆင့်မြင့်အဆင့်သို့ အောင်မြင်စွာ ရောက်ရှိသွားခဲ့သည်။
သူ၏ ဓားလမ်းစဥ်ဥပဒေသ မူလစွမ်းအားသည်လည်း ၇၀ ရာခိုင်နှုန်းကျော်အထိ ရှိလာခဲ့သည်။
ထို့အပြင် အခြားသော ဥပဒေသ၅မျိုး၏ မူလစွမ်းအားသည်လည်း ၄၀ရာခိုင်နှုန်းကျော်အထိ ရောက်ရှိလာခဲ့၏။
"နယ်မြေနတ်ဘုရားတစ်ပါးရဲ့ အဆီအနှစ်လို့ မပြောရဘူး.. ငါ့ရဲ့ခွန်အားကို ဒီအဆင့်အထိ တိုးတက်လာစေခဲ့တယ်"
ကျန်းချန်က သူ၏ မျက်လုံးများကို ဖွင့်လိုက်ပြီးနောက်တွင် ရေရွတ်လိုက်၏။
သူ၏ မျက်နှာထက်တွင်လည်း အံ့သြသော အရိပ်အယောင်များ ဖုံးဖိမရစွာ ဖြစ်ပေါ်နေခဲ့သည်။
ယခု သူ၏ ကျင့်ကြံခြင်းအဆင့်သည် အဆင့်မြင့် ပကတိနတ်ဘုရား နှောင်းပိုင်းအဆင့်သို့ ရောက်ရှိသွားခဲ့ပြီး ဓားလမ်းစဥ်ဥပဒေသ၏ မူလစွမ်းအားကိုလည်း ၇၀ရာခိုင်နှုန်းကျော် အထိ နားလည်ခဲ့ကာ ကိုယ်ခံပညာဥပဒေသ မူလစွမ်းအား၆မျိုးကို နားလည်သွားခဲ့ပြီ ဖြစ်သည်။
ခွန်အားအပြည့်အဝ အသုံးပြုလိုက်လျှင် သူ၏ တိုက်ခိုက်ရေးစွမ်းရည်သည် မည်မျှအထိ ကြောက်မက်ဖွယ်ရာ ကောင်းနိုင်မလဲ ဆိုသည်ကို ကျန်းချန်ပင်လျှင် မခန့်မှန်းနိုင်တော့ပေ။
ခြေလှမ်းတစ်ဝက် ကောင်းကင်နတ်ဘုရား အထွတ်အထိပ်အဆင့်ကို မပြောနှင့် ကောင်းကင်နတ်ဘုရား ပထမအဆင့် ကျင့်ကြံသူတချို့နှင့် ရင်ဆိုင်ရလျှင်ပင် ရင်ဆိုင်နိုင်စွမ်း ရှိလာခဲ့ပြီ ဖြစ်၏။
"နယ်မြေနတ်ဘုရား သလင်းကျောက်က တကယ်ကို တန်ဖိုးရှိတာပဲ"
ကျန်းချန်သည် သူ၏ စိတ်နှလုံးထဲကနေ ရေရွတ်လိုက်သည်။
သူ့တွင်သာ ထိုကဲ့သို့ နယ်မြေနတ်ဘုရား သလင်းကျောက် အနည်းငယ် ထပ်မံရှိခဲ့လျှင် ကောင်းကင်နတ်ဘုရား နယ်ပယ်အဆင့်ကို ထိုးဖောက်နိုင်ပြီး ဆဋ္ဌမအဆင့် ကောင်းကင်နတ်ဘုရား အဆင့်ကို တစ်ခါတည်း တက်လှမ်းရန်ပင် ခက်ခဲမည်မဟုတ်ပေ။
သို့သော်လည်း နယ်မြေနတ်ဘုရား သလင်းကျောက်သည် နယ်မြေနတ်ဘုရား တစ်ပါး၏ နောက်ဆုံးအချိန်သို့ ရောက်မှသာ စုစည်းနိုင်သော အဆီအနှစ် သလင်းကျောက် ဖြစ်သည်။
နယ်မြေနတ်ဘုရား အများစုသည် သူတို့၏ အချိန်များကို အဆင့် တက်လှမ်းရန်အတွက် ကြိုးစားကြလေ့ ရှိသည်။
နတ်ဘုရင်အဆင့်ကို တက်လှမ်းရန်မှာ ခက်ခဲနိုင်မှန်း သိသော်လည်း သူတို့သည် အလွယ်တကူ လက်လျှော့ကြမည်မဟုတ်ပေ။
သို့ဖြစ်ရာ သူတို့၏ သေဆုံးခါနီးအချိန်တွင် နယ်မြေနတ်ဘုရား သလင်းကျောက်ကို မည်ကဲ့သို့ စုစည်းနိုင်ပါအံ့နည်း။
သူတို့အနေဖြင့် အဆင့်တက်လှမ်းရန် မျှော်လင့်ချက် လုံးဝမရှိတော့ကြောင်း ခံစားမိသောအခါမှသာ နယ်မြေနတ်ဘုရား သလင်းကျောက်ကို စုစည်းပြီး သူတို့၏ တပည့်များအတွက် ချန်ထားရန် ရွေးချယ်ကြလိမ့်မည် ဖြစ်၏။
ထို့ကြောင့် ဤတစ်ကြိမ် ရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေထဲတွင် နယ်မြေနတ်ဘုရား သလင်းကျောက် နှစ်ခုကို ရယူနိုင်ခဲ့သော ကျန်းချန်သည် အလွန်တရာ ကံကောင်းသည်ဟုပင် ဆိုရပေတော့မည်။
စင်စစ် နယ်မြေနတ်ဘုရား သလင်းကျောက်ကို နောက်ထပ် ရရှိမှန်မှာ လွယ်ကူသောကိစ္စ မဟုတ်ပေ။
"ကောင်လေး ဘယ်ဆိုးလို့လဲ.. မထင်မှတ်ဘဲ လအနည်းငယ်အတွင်းမှာ မင်းက နယ်မြေနတ်ဘုရားသလင်းကျောက်ကို အသုံးပြုပြီး ဒီအဆင့်အထိ တက်လှမ်းနိုင်ခဲ့တယ်.. မင်းရဲ့လက်ရှိ ခွန်အားနဲ့ဆိုရင် အပြင်က ကောင်တွေ မင်းကို ဘာမှလုပ်နိုင်မှာမဟုတ်ဘူး... အပြင်ထွက်ပြီး ကြည့်လိုက်ပါဦး.. မင်းအဖော်နှစ်ယောက်က အတော်လေး အခြေအနေ ဆိုးရွားနေတဲ့ပုံပဲ"
ထိုအခိုက်အတန့်တွင် နန်းတော်ဝိညာဥ်၏ အသံသည် ကျန်းချန်၏ နားထဲသို့ ရုတ်တရက် ဝင်ရောက်လာခဲ့သည်။
လုံချီရှောင်နှင့် လျှိုထျန်းရှင်းတို့က နတ်ဘုရင်လမ်းပေါ်တွင် ယခုအချိန်အထိ ရှိနေသေးသည်ကို သိလျှင် သူ အံ့အားသင့်သွားခဲ့သည်။
ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်းရှူလိုက်ပြီး မဟာနဂါးနန်းတော်မှ ထွက်သွားရန် ပြင်လိုက်စဥ် ရုတ်တရက် တစ်စုံတစ်ရာကို စဥ်းစားမိလိုက်သည်။
"အကြီးအကဲ.. ကျွန်တော် ရှေးဟောင်း အမွေအနှစ် နယ်မြေထဲမှာ ကံကောင်းပြီး အသက်သစ်ကိုင်း တစ်ခုကို ရရှိခဲ့တယ်.. အကြီးအကဲ အနေနဲ့ ကျွန်တော့်အတွက် အသက်သစ်ကိုင်းရဲ့ အရှိန်အဝါကို ဖုံးကွယ်ပေးနိုင်မလား"
အသက်သစ်ကိုင်းသည် မဟာသစ်ပင်သုံးပင် ထဲမှ တစ်ပင်ဖြစ်သော အသက်သစ်ပင်၏ အစိတ်အပိုင်း ဖြစ်၍ အလွန်တရာပင် အဖိုးထိုက်တန်သော သစ်ကိုင်း ဖြစ်သည်။
အသက်သစ်ကိုင်းကို ခန္ဓာကိုယ်တွင် သယ်ဆောင်သွားခဲ့လျှင်ပင် အသက်လမ်းစဥ် ဥပဒေသစွမ်းအားကို ဆက်လက်တိုးတက်စေနိုင်ရုံသာမက ပြန်လည် ကုသနိုင်စွမ်းကိုလည်း တိုးတက်စေပြီး တိုက်ခိုက်ရာတွင်လည်း အချိန်ကြာမြင့်စွာ တိုက်ခိုက်နိုင်စေမည် ဖြစ်သည်။
သို့သော်လည်း အသက်သစ်ကိုင်း ပေါ်မှ အရှိန်အဝါသည် အလွန်တရာ အားကောင်းလွန်းနေခဲ့၏။
ထို့ကြောင့် ထိုအရှိန်အဝါကို ဖုံးကွယ်မထားနိုင်ဘဲ ကျန်းချန်သည် အလွယ်တကူ အသုံးမပြုရဲပေ။
သို့မဟုတ်လျှင် သူက အသက်သစ်ကိုင်းကို ရရှိခဲ့သည်ဟူသော သတင်း ထွက်ပေါ်လာသည်နှင့် နောက်ဆက်တွဲ ကိစ္စများသည် စိတ်ကူး၍ပင် မရနိုင်ချေ။
အခန်း(၁၆၂၇)ပြီး၏။
အခန်း(၁၆၂၈)
"ဘယ်လို မင်းက အသက်သစ်ပင်ရဲ့ သစ်ကိုင်းကို ရခဲ့တယ်.. ဟုတ်လား"
ကျန်းချန်၏ စကားကိုကြားလျှင် မဟာနဂါးနန်းတော်၏ နန်းတော်ဝိညာဥ်သည် အလွန်အမင်း အံ့အားသင့်သွားခဲ့သည်။
နောက်ထပ် တစ်ခဏမှာပင် နန်းတော်ဝိညာဥ်သည် ကျန်းချန်၏ အရှေ့တွင် ပေါ်လာခဲ့သည်။
ကျန်းချန်က သူ၏ သိုလှောင်လက်စွပ်ထဲမှ အသက်သစ်ပင်ကို ထုတ်ယူကာ ပြလိုက်သည်။
သာမန်အားဖြင့် မဟာနဂါးနန်းတော်မှ အခြားသော ကျင့်ကြံသူတစ်ဦး ဆိုလျှင် ကျန်းချန်သည် အသက်သစ်ပင်ကို အလွယ်တကူ ထုတ်ပြရဲမည် မဟုတ်ပေ။
ရွှေရောင်ပုဂ္ဂိုလ်ကမူ မဟာနဂါး နန်းတော်၏ နန်းတော်ဝိညာဥ်ဖြစ်၍ အသက်သစ်ပင် အတွက်ဖြင့် သူ့ကို သတ်လိမ့်မည်ဟု ကျန်းချန် မစိုးရိမ်ခဲ့ပေ။
"ဒါက အသက်သစ်ပင်ရဲ့ သစ်ကိုင်းအစစ်ပဲ"
ကျန်းချန်၏ လက်ထဲမှ အသက်စွမ်းအင်များ စီးဆင်းနေသော သစ်ကိုင်းကို ကြည့်ရင်း နန်းတော်ဝိညာဥ်သည် ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့သည်။
ခဏအကြာတွင် သူက လေးနက်သော အမူအရာဖြင့် ပြောလိုက်၏။
"ကောင်လေး မင်းက အသက်သစ်ကိုင်းကို ရရှိခဲ့တယ်ဆိုတော့ မင်းရဲ့ကံက အတော်လေး ကောင်းမွန်သားပဲ.. ငါခန့်မှန်းတာမမှားရင် မင်း ဒီအသက်သစ်ကိုင်းကို သက်မဲ့တောင်ကြားထဲက အရှင်ဝူရှန့်ရဲ့ လှိုဏ်ဂူထဲကနေ ရရှိခဲ့တာ ဖြစ်ရမယ်"
ထိုစကားကိုကြားလျှင် ကျန်းချန် အံ့အားသင့်သွားခဲ့သည်။
"အကြီးအကဲက ဘယ်လိုလုပ်ပြီး သိတာလဲ"
"အရှင်ဝူရှန့်က အသက်သစ်ကိုင်းကို သူတော်စင် နဂါးဘုရင်ရဲ့ ကျေးဇူးကြောင့် ရရှိခဲ့တာပဲ.. ဒါကြောင့် သူတို့နှစ်ဦးက အသက်သစ်ကိုင်းကို နှစ်၁၀၀စီ အလှည့်ကျ အသုံးပြုဖို့ သဘောတူခဲ့ကြတယ်.. ဒါပေမဲ့ အရှင်ဝူရှန့်ရဲ့ ထိန်းချုပ်မှုအောက်ကို ရောက်ရှိနေတဲ့ နှစ်၁၀၀ ကာလအတွင်းမှာ မဟာနဂါးနန်းတော်က ကြီးမားတဲ့ အပြောင်းအလဲတွေကို ကြုံတွေ့ခဲ့ရတယ်.. အခုတော့ မထင်မှတ်ဘဲ နှစ်ပေါင်းများစွာ ကြာမြင့်ပြီးတဲ့နောက်မှာ ဒီအသက်သစ်ကိုင်းက မဟာနဂါးနန်းတော်ရဲ့တစ်ဦးတည်းသော ဆက်ခံသူဖြစ်တဲ့ မင်းရဲ့လက်ထဲကို ရောက်ရှိလာခဲ့ပြီ.. ဒါက ဘုရားသခင်ရဲ့ဆန္ဒလို့ပဲ ငါထင်တယ်"
နန်းတော်ဝိညာဥ်၏ စကားကိုကြားလျှင် ကျန်းချန်က အံ့အားသင့်သွားခဲ့သည်။
အသက်သစ်ကိုင်းက သူတော်စင်နဂါးဘုရင်နှင့် ဆက်စပ်နေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
သို့သော်လည်း အသက်သစ်ပင်နှင့် ပတ်သက်၍ စဥ်းစားပြီးနောက်တွင် သူ သဘောပေါက်သွားခဲ့သည်။
အရှင်ဝူရှန့်သည် ရှေးခတ်ကာလက မဟာနဂါးနယ်မြေ၏ နာမည်ကျော် နယ်မြေနတ်ဘုရားတစ်ဦး ဖြစ်သော်လည်း အသက်သစ်ပင်ကဲ့သို့ ကောင်းကင်ကိုပင် ဆန့်ကျင်နေသော ရတနာကို ရယူရန်မှာ လွယ်ကူမည် မဟုတ်လောက်ပေ။
ထို့ကြောင့် နတ်ဘုရင်အဆင့် ဖြစ်သည့် သူတော်စင် နဂါးဘုရင်က အသက်သစ်ပင်ကို ရယူရာတွင် ပါဝင်ပတ်သက်နေခဲ့သည်မှာ အဓိပ္ပါယ်ရှိလှသည် မဟုတ်ပါလော။
"အသက်သစ်ပင်က ကမ္ဘာဦး ကာလကတည်းက ရှိခဲ့တဲ့ မဟာသစ်ပင်သုံးပင်ထဲက တစ်ပင်ပဲ.. ဒါကြောင့် အသက်သစ်ပင်က ကမ္ဘာပေါ်က အထွတ်အထိပ် ကျင့်ကြံသူတွေကိုတောင် ဆွဲဆောင်နိုင်တဲ့ ရတနာဖြစ်တယ်.. ဒီအသက်သစ်ပင်က နတ်ဘုရင်အဆင့် အထက်က ကျင့်ကြံသူတွေကိုတောင် ဆွဲဆောင်နိုင်တယ်"
မဟာနဂါးနန်းတော်မှ နန်းတော်ဝိညာဥ်က လေးနက်စွာ သတိပေးလိုက်သည်။
"ဒါကြောင့် မင်းအထူး သတိထားရမယ်.. မင်းမှာ အသက်သစ်ကိုင်း ရှိနေတယ်ဆိုတာကို ဘယ်သူ့ကိုမှ ပေးသိလို့ မဖြစ်ဘူး"
"အကြီးအကဲ စိတ်မပူပါနဲ့.. ကျွန်တော်နားလည်ပါတယ်"
ကျန်းချန်က ခေါင်းညိတ်လိုက်ပြီးနောက်တွင် စူးစမ်းစွာ မေးလိုက်သည်။
"အကြီးအကဲရဲ့စကားအရဆိုရင် နတ်ဘုရင်အဆင့် အထက်မှာ ပိုမြင့်တဲ့ နယ်ပယ်အဆင့် တစ်ခု ရှိနေသေးတဲ့ပုံပဲ"
"ကိုယ်ခံပညာလမ်းစဥ်က အဆုံးမရှိဘူး.. ဒါကြောင့် နတ်ဘုရင်အဆင့်ကလည်း အဆုံးသတ် မဟုတ်ဘူး.. ဒီအဆင့်တွေက မင်းနဲ့ အလှမ်းဝေးလွန်းပါသေးတယ်.. မင်းအခုနေ သိဖို့ မလိုအပ်သေးဘူး"
နန်းတော်ဝိညာဥ်က ခေါင်းခါရမ်းလိုက်ပြီးနောက်တွင် ကျန်းချန်၏ လက်ထဲမှ အသက်သစ်ပင်ကို ကြည့်လိုက်သည်။
"အသက်သစ်ပင်ရဲ့ အရှိန်အဝါကို ငါ့ရဲ့စွမ်းရည်နဲ့ ဖုံးကွယ်ထားပေးမယ်.. ဒါပေမဲ့ နတ်ဘုရင်အဆင့်အရှေ့မှာတော့ ဖုံးကွယ်နိုင်မှာ မဟုတ်ဘူး. ဒါကြောင့် နတ်ဘုရင်အဆင့် ကျင့်ကြံသူနဲ့ တွေ့ခဲ့ရင် မင်းအနေနဲ့ သတိထားဖို့ လိုအပ်တယ်"
ထိုစကားကိုကြားလျှင် ကျန်းချန်က ဝမ်းသာသွားခဲ့ပြီး အလျင်အမြန်ပင် ကျေးဇူးတင်စကား ပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ် အကြီးအကဲ"
နတ်ဘုရင်အဆင့်သည် နတ်ဘုရားနယ်မြေတွင် အထွတ်အထိပ် အဆင့် ဖြစ်သည်။
နတ်ဘုရားနယ်မြေ တစ်ခုလုံးမှာပင် နတ်ဘုရင်အဆင့် ကျင့်ကြံသူသည် အလွန်တရာ ရှားပါး၏။
သူ၏ လက်ရှိခွန်အားဖြင့်ဆိုလျှင် နတ်ဘုရင်အဆင့် ကျင့်ကြံသူနှင့် တွေ့ဆုံနိုင်ခြေသည် အလွန်ပင် နည်းပါးသည် မဟုတ်ပါလား။
ထို့ကြောင့် သူ၏ အသက်သစ်ပင်မှ အရှိန်အဝါကို နယ်မြေနတ်ဘုရား အဆင့်က မခံစားနိုင်သရွေ့ သူ့အတွက် လုံလောက်ပြီဖြစ်သည်။
ယင်းနောက်တွင် နန်းတော်ဝိညာဥ်သည် အပိုစကားများ မပြောတော့ဘဲ သူ၏ နတ်စွမ်းအားကို ထုတ်ဖော်ကာ နတ်သစ်ပင်ကို ထိကိုင်လိုက်၏။
မကြာမီမှာပင် အသက်သစ်ကိုင်း ပေါ်ရှိ အရှိန်အဝါ အားလုံးသည် ပျောက်ကွယ်သွားခဲ့ပြီး သာမန် သစ်ကိုင်းတစ်ခု ကဲ့သို့ ဖြစ်သွားခဲ့သည်။
"ကောင်းပြီ ကောင်လေး.. နယ်မြေနတ်ဘုရား အဆင့်ကို ထိုးဖောက်ပြီးရင် မဟာနဂါးနန်းတော်ကို ထိန်းချုပ်ဖို့အတွက် ဒီကို ပြန်လာဖို့ မမေ့ပါနဲ့"
ထိုစကားကို ပြောလိုက်ပြီးနောက်တွင် နန်းတော်ဝိညာဥ်၏ ပုံရိပ်သည် ကျန်းချန်၏ ရှေ့ကနေ ပျောက်ကွယ်သွားခဲ့သည်။
"ကောင်းလိုက်တာ.. အခုတော့ ငါအသက်သစ်ပင်ကို အသုံးပြုလို့ရပြီ"
ကျန်းချန်က သိုလှောင်လက်စွပ်ထဲကနေ တိရစ္ဆာန်သားရေကို ထုတ်ယူကာ အသက်သစ်ပင်ကို တိရစ္ဆာန်သားရေထဲတွင် ထုတ်ပိုးလိုက်ပြီး သူ၏ ကျောဘက်တွင် လွယ်ပိုးလိုက်၏။
ထို့နောက်တွင် ကျန်းချန်သည် မဟာနဂါးနန်းတော်၏ အပြင်ဘက်သို့ ထွက်လာခဲ့သည်။
မဟာနဂါးနန်းတော်၏ အပြင်ဘက်မှ နတ်ဘုရင်လမ်း၏ အဆင့်၃၃ဆင့် မြောက်တွင် ၃လကြာ စောင့်ဆိုင်းပြီးနောက်တွင် နယ်မြေ၄ခုမှ ပါရမီရှင်များသည် စိတ်မရှည် ဖြစ်လာခဲ့ကြသည်။
"၃လတောင် ရှိနေပြီ.. ဒီကောင်က အခုထိ မဟာနဂါးနန်းတော်ထဲကနေ ထွက်မလာသေးဘူး.. ငါတို့က ဆက်ပြီး စောင့်နေရဦးမှာလား"
အမြဲလိုလို စိတ်မရှည်သော စန်းခွင်းဟူသည် အဆုံးသတ်တွင် မနေနိုင်တော့ဘဲ ပြောလိုက်သည်။
လဲ့ထျန်းရန်က စန်းခွင်းဟူကို အေးစက်စက် ကြည့်ကာ တုံ့ပြန်ပြောဆိုလိုက်သည်။
"ဒီနေရာမှာ မစောင့်ချင်ရင် အချိန်မရွေး ထွက်သွားလို့ရတယ်.. မင်းကို ဘယ်သူမှ တားနေမှာမဟုတ်ဘူး"
"လဲ့ထျန်းရန် မင်းဘာစကားပြောတာလဲ"
"မင်းတို့က နယ်မြေ၄ခုက ကျင့်ကြံသူတွေပဲ.. အချင်းချင်း ရန်မဖြစ်ကြနဲ့"
ကုန်းဝူကျီက အနည်းငယ် မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
"ဒီလို စောင့်ဆိုင်းနေတာက နည်းလမ်းကောင်းတစ်ခု မဟုတ်ဘူး.. ဒီကောင်လေးကို နန်းတော်ထဲကနေ မဖြစ်မနေ ထွက်လာအောင် ငါတို့ ကြိုးစားကြည့်လို့ ရနိုင်မယ်ထင်တယ်.. ဘယ်လိုကြိုးစားကြည့်မှာလဲ.. မင်းမှာ နည်းလမ်းရှိလို့လား"
စန်းခွင်းဟူက ကုန်းဝူကျီကို သိချင်စိတ်ဖြင့် မေးလိုက်သည်။
"ငါ့ရဲ့ အစီအစဥ်က ရှေးဟောင်းနဂါး မျိုးနွယ်စုဝင် နှစ်ယောက်အပေါ်မှာ မူတည်တယ်.. အထဲကို ဝင်သွားတဲ့ကောင်က ဒီနှစ်ယောက် အပေါ်မှာ တန်ဖိုးထားမယ်ဆိုရင် ငါ့ရဲ့ အစီအစဥ်က အောင်မြင်ပြီ"
ကုန်းဝူကျီက သူ၏ နံဘေးတွင် ရှိသော လုံချီရှောင်တို့ နှစ်ဦးကိုကြည့်ကာ ပြုံး၍ ပြောလိုက်သည်။
"ငါမှန်းတာမမှားရင် မဟာနဂါးနန်းတော် ထဲကို ဝင်ရောက်သွားခဲ့တဲ့ ကောင်လေးက နတ်ဘုရင်လမ်းပေါ်က အခြေအနေကို သိနေလောက်တယ်"
"မင်းရဲ့အစီအစဥ်က မဆိုးဘူး ငါတို့ စမ်းကြည့်ကြတာပေါ့"
စန်းခွင်ဟူ၏ မျက်ဝန်းများက အနည်းငယ် တောက်ပသွားခဲ့သည်။
သူက မဟာနဂါးနန်းတော် ရှိရာသို့ စူးစိုက်ကြည့်လိုက်ပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
သူ၏အသံက အဆုံးမဲ့ ဟင်းလင်ပြင်ထဲတွင် ပဲ့တင်ထပ်နေခဲ့၏။
"အထဲက ကောင်လေး ငါပြောတာကို နားထောင်စမ်း.. မင်းကို အသက်ဆယ်ရှိုက်စာ အချိန်ပေးမယ်.. မင်း အခုချက်ချင်း မဟာနဂါးနန်းတော်ထဲက ထွက်လာခဲ့ပါ.. ဒီလိုမှမဟုတ်ရင် မင်းရဲ့ အဖော်နှစ်ယောက်ကို နတ်ဘုရင်လမ်းရဲ့ အဆင့်၃၃ဆင့်ကနေ အောက်ကို ကန်ချပစ်မယ်"
"ဝုန်း.."
စန်းခွင်းဟူ၏ စကားသံအဆုံးသတ်သည်နှင့် သူ၏အရှေ့ရှိ မဟာနဂါးနန်းတော်ထက်ကနေ ကျယ်လောင်သော အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။
ချက်ချင်းဆိုသလိုပင် အနက်ရောင်ဝတ်စုံဝတ် လူငယ်တစ်ဦးသည် မဟာနဂါးနန်းတော်ကို ဆက်သွယ်ထားသော ရှေးဟောင်းတံတားပေါ်တွင် ရုတ်တရက် ပေါ်ထွက်လာခဲ့ပြီး နတ်ဘုရင်လမ်း၏ အဆင့်၃၃ဆင့်မြောက် ဆီသို့ လှမ်းလာခဲ့သည်။
တစ်ချိန်တည်းမှာပင် အေးစက်စက် ကြုံးဝါးလိုက်သော အသံတစ်သံသည် ပတ်ဝန်းကျင်တစ်ခွင်တွင် ပဲ့တင်ထပ်သွားခဲ့၏။
"မင်းတို့တွေ သူတို့ရဲ့ ဆံချည်တစ်မျှင်ကို ထိရဲတာနဲ့ ဒီနတ်ဘုရင်လမ်းက မင်းတို့အတွက် သင်္ချိုင်း ဖြစ်စေရမယ်လို့ ငါအာမခံတယ်"
ထိုစကားကိုကြားလျှင် စန်းခွင်းဟူသည် မဟာနဂါးနန်းတော်ကနေ ထွက်လာခဲ့သော ကျန်းချန်ကို ကြည့်ကာ အေးစက်စက်ပြုံး၍ ပြောလိုက်သည်။
"မင်းဒီလောက်အထိ မြန်မြန်ဆန်ဆန် ထွက်လာလိမ့်မယ်လို့ ငါမထင်ထားမိဘူး.. ဒီ၂ကောင်က မင်းကို ခေါ်ထုတ်နိုင်တယ်ဆိုတာ ငါကြိုသိခဲ့ရင် အစောကတည်းက မင်းကို ခေါ်ထုတ်လိုက်ပြီ"
"ငါအခု ထွက်လာပြီလေ မင်းဘာလုပ်ချင်လဲ"
"ဒီကမိတ်ဆွေ မဟာနဂါးနန်းတော်ရဲ့ အမွေအနှစ်အားလုံးကို မင်းတစ်ယောက်တည်းပဲ သိမ်းပိုက်တော့မလို့လား.. ဒါတော့ မင်း နည်းနည်းများသွားပြီလို့ မထင်ဘူးလား"
ကုန်းဝူကျီက ပြုံး၍ ပြောလိုက်သည်။
"မင်းသာ မဟာနဂါးနန်းတော်ရဲ့အမွေအနှစ်ကို ပေးအပ်ဖို့ ဆန္ဒရှိခဲ့ရင် ဒါမှမဟုတ် ငါတို့ကို မဟာနဂါးနန်းတော်ထဲ ခေါ်သွားမယ်ဆိုရင် ငါတို့တွေ မင်းကို ရန်မပြုဘူးလို့ အာမခံတယ်.. ဘယ်လိုသဘောရလဲ"
"မင်းတို့လို မဟာနဂါးနန်းတော်နဲ့ ဘာမှမသက်ဆိုင်တဲ့ လူတွေက မဟာနဂါးနန်းတော်ရဲ့ အမွေအနှစ်ကို ဘယ်လိုလုပ်ပြီး ရနိုင်မှာလဲ"
ကျန်းချန်က မဲ့ပြုံးပြုံးကာ ပြောလိုက်သည်။
"အကယ်၍ ငါက သဘောမတူဘူးဆိုရင်ရော မင်းတို့ဘာဖြစ်ချင်လဲ"
အခန်း(၁၆၂၈)ပြီး၏။
အခန်း(၁၆၂၉)
"ဒါဆိုလည်း ငါတို့ကို ရက်စက်တယ်ဆိုပြီး အပြစ်မတင်နဲ့တော့"
ကျန်းချန်က ငြင်းဆန်လိုက်သည်ကို မြင်လျှင် ကုန်းဝူကျီက အေးစက်စက် ရေရွတ်လိုက်သည်။
သူ၏မျက်ဝန်းထဲတွင် ထက်ရှသော အလင်းတန်းတစ်ခု လင်းလက်သွားခဲ့၏။
"မင်းတို့ မကျေနပ်ရင် အချိန်မရွေးတိုက်လို့ရတယ်.. မဟာနဂါးနန်းတော်ရဲ့ အမွေအနှစ်က မင်းတို့နဲ့ ထိုက်တန်တဲ့အရာ မဟုတ်ဘူး.. မင်းတို့ အခုထွက်သွားမယ်ဆိုရင် နောက်မကျသေးဘူး.. ဒီလိုမှမဟုတ်ရင်တော့ မင်းတို့အားလုံးရဲ့အသက်ကို ဒီနေရာမှာ ထားခဲ့ရလိမ့်မယ်"
ကျန်းချန်က လက်ပိုက်၍ မတ်တတ်ရပ်ကာ သူ၏ ရှေ့မှ လူအုပ်ကို အေးအေးဆေးဆေးပင် ကြည့်နေခဲ့သည်။
သူ၏အမူအရာက အလွန်တရာပင် တည်ငြိမ်နေခဲ့၏။
"ဟားဟား မင်းက တကယ်ကို လေလုံးထွားတာပဲ.. ကောင်းပြီလေ.. ငါစန်းခွင်းဝူရဲ့အသက်ကို မင်းဘယ်လိုယူမလဲဆိုတာ ငါကြည့်ချင်သေးတယ်"
စန်းခွင်းဝူက ခနဲ့ကာ ရယ်မောလိုက်သည်။
ထို့နောက် သူက လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ရာ မီတာထောင်ချီ အမြင့်ရှိသော တောင်တစ်လုံးသည် လေထုထဲတွင် ရုတ်တရက် ထွက်ပေါ်လာခဲ့ပြီး ကြောက်မက်ဖွယ်ကောင်းသောစွမ်းအင်ဖြင့် ကျန်းချန်ကို ဦးခေါင်းထိပ်ကနေ ဖိနှိပ်လိုက်သည်။
"ပျက်စီးစမ်း"
ကျန်းချန်က အရေးမစိုက်သော အမူအရာဖြင့် ကြုံးဝါးလိုက်ပြီး သူ၏လက်ကို အသာမြှောက်ကာ လက်ညှိုးမှ ဓားစွမ်းအားဖြင့် ပစ်ခတ်လိုက်သည်။
ဓားလမ်းစဥ်ဥပဒေသ၏ မူလစွမ်းအားသည် စန်းခွင်းဝူ၏ တောင်ကို ချက်ချင်းဆိုသလိုပင် အစိတ်စိတ်အမွှာမွှာ ဖျက်ဆီးပစ်လိုက်၏။
"မင်းက အဆင့်မြင့် ပကတိနတ်ဘုရား နှောင်းပိုင်းအဆင့်ကို ရောက်ရှိနေတဲ့အပြင် ဓားလမ်းစဥ်ဥပဒေသရဲ့ မူလစွမ်းအားကို ၇၀ရာခိုင်နှုန်းကျော်အထိ နားလည်ထားပြီကိုး.. မင်းက မဟာနဂါးနန်းတော်ရဲ့ မျိုးဆက်ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ထိုက်တန်ပါပေတယ်.. တကယ်ကို ထူးခြားတာပဲ.. ဒါပေမဲ့ မင်းဘာသာ ဘယ်လောက်ပဲ အစွမ်းထက်ထက် မဟာနဂါးနန်းတော်ရဲ့ အမွေအနှစ် အားလုံးကို သိမ်းပိုက်ဖို့တော့ အရည်အချင်းမရှိသေးဘူး"
စန်းခွင်းဝူ၏ မျက်ဝန်းများက အနည်းငယ် ကျဥ်းမြောင်းသွားခဲ့သည်။
"ဒီနေ့ ငါတို့ နယ်မြေ၄ခုက ပါရမီရှင်တွေအားလုံး ဒီနေရာမှာ ရှိနေကြတယ်.. ငါတို့အားလုံးကို မင်းတစ်ယောက်တည်းနဲ့ ဘယ်လိုလုပ်ပြီး ယှဥ်ပြိုင်နိုင်မှာလဲ"
"မင်းက အပိုစကားတွေ သိပ်ပြောတာပဲ"
ကျန်းချန်က နှာခေါင်းရှုံ့ကာ အေးစက်စက် ရေရွတ်လိုက်သည်။
ထို့နောက်တွင် ဝိညာဥ်ငြိမ်းသတ်ခြင်း စည်းတံဆိပ်ကို ထုတ်ဖော်၍ စန်းခွင်းဝူကို ဖိနှိပ်လိုက်၏။
သူက နတ်ဘုရင်အဆင့် လျှို့ဝှက်နည်းစနစ်ကို လေ့ကျင့်ထား၍ နယ်မြေနတ်ဘုရားအဆင့် လျှို့ဝှက်နည်းစနစ်ကို လေ့ကျင့်ထားသော နယ်မြေ၄ခုမှ အဆင့်တူ ပါရမီရှင်များနှင့်ယှဥ်လျှင် သူ၏နတ်စွမ်းအားသည် အဆင့်တစ်ဆင့် ပို၍ မြင့်မားနေခဲ့သည်။
အဆင့်မြင့် ပကတိနတ်ဘုရား အစောပိုင်းအဆင့်တွင် ရှိစဥ်ကပင် ကျန်းချန်၏ ခန္ဓာကိုယ်ထဲမှ နတ်စွမ်းအားသည် အဆင့်မြင့်ပကတိနတ်ဘုရား အထွတ်အထိပ် ပါရမီရှင်များထက် မနိမ့်ကျပေ။
ယခုအခါတွင် သူ၏ ကျင့်ကြံခြင်းအဆင့်သည် အဆင့်မြင့် ပကတိနတ်ဘုရား နှောင်းပိုင်းအဆင့်ကို ထိုးဖောက်သွားခဲ့ပြီဖြစ်၏။
နတ်စွမ်းအား တစ်ခုတည်းကို ပြောရမည်ဆိုလျှင် နယ်မြေ၄ခုမှ ထိပ်တန်း ပါရမီရှင်များသည် သူ့ကို လိုက်မီရန် များစွာ လိုအပ်နေပါသေးသည်။
ထို့ကြောင့် သူ၏ ဝိညာဥ်ငြိမ်းသတ်ခြင်း စည်းတံဆိပ် ခွန်အားသည် ယခုအခါတွင် ကြောက်မက်ဖွယ်ကောင်းသော အဆင့်အထိ ရောက်ရှိသွားခဲ့သည်။
အဆင့်မြင့် ပကတိနတ်ဘုရား အထွတ်အထိပ် သာမန် ပါရမီရှင်တစ်ဦးသည်ပင် ဤစည်းတံဆိပ်ဖြင့် ရင်ဆိုင်ရလျှင် တစ်ချက်တည်းဖြင့် သေဆုံးသွားမည်မှာ သေချာသလောက်ဖြစ်၏။
ကျန်းချန်၏ အစွမ်းထက်သော ဝိညာဥ်ငြိမ်းသတ်ခြင်း စည်းတံဆိပ်ကို မြင်လျှင် စန်းခွင်းဝူ၏ အမူအရာက အနည်းငယ်ပြောင်းလဲသွားခဲ့သည်။
သူက လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ရာ ကြောက်မက်ဖွယ်ရာ ကောင်းသော နေရာလွတ် စွမ်းအားတစ်ခုသည် ရုတ်တရက် ထွက်ပေါ်လာခဲ့ပြီး ကောင်းကင်ယံတွင် ကြီးမားသော နေရာလွတ် အက်ကွဲကြောင်းကို ဖြစ်ပေါ်စေခဲ့သည်။
ထိုနေရာလွတ်အက်ကွဲကြောင်းသည် ရှေးခေတ်မှ အလွန်တရာကြီးမားသော သားရဲတစ်ကောင် ပါးစပ်ဟနေသည်နှင့်ပင် ဆင်တူ၏။
ယင်းနောက်တွင် နေရာလွတ် အက်ကွဲကြောင်းသည် ဝိညာဥ်ငြိမ်းသတ်ခြင်း စည်းတံဆိပ်ကို မျိုချလိုက်သည်။
သို့ရာတွင် စန်းခွင်းဝူက ကျန်းချန်၏ ဝိညာဥ်ငြိမ်းသတ်ခြင်း စည်းတံဆိပ်ကို နေရာလွတ် အက်ကွဲကြောင်းထဲ ဝါးမျိုးလိုက်သောအချိန်မှာပင် ကြောက်မက်ဖွယ်ရာကောင်းသော စွမ်းအားတစ်ခုသည် သူ့ကို ထပ်မံ ဖိနှိပ်လာပြန်သည်။
သူက ရုတ်တရက် ခေါင်းမော့၍ ကြည့်လိုက်ရာ ရွှေရောင်စည်းတံဆိပ် တစ်ခုသည် သူ၏ မျက်ဝန်းထဲတွင် တဖြည်းဖြည်း လျင်မြန်စွာ ကြီးမားလာသည်ကို မြင်လိုက်ရသည်။
"ပျက်စီးစမ်း"
စန်းခွင်းဝူက လက်သီးချက် တစ်ချက်ကို ထုတ်ဖော်လိုက်ရာ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ခုသည် လေထဲတွင် ထွက်ပေါ်လာခဲ့သည်။
"ဝုန်း.."
ထိုစွမ်းအားက ကျန်းချန်၏ ကျူးရှန်း စည်းတံဆိပ်ကို ချက်ချင်းပင် ဖျက်စီးပစ်လိုက်၏။
"ကောင်းကင်ဖွင့်လှစ် စည်းတံဆိပ်"
ကျူးရှန်းစည်းတံဆိပ်က ဖျက်ဆီးခံလိုက်ရသည်ကို မြင်လျှင် ကျန်းချန်သည် လက်ဟန်တစ်ခုကို ထပ်မံ ပြုလုပ်လိုက်ပြီး လူသားဧကရာဇ် စည်းတံဆိပ်၏ တတိယစည်းတံဆိပ် ဖြစ်သော ကောင်းကင်ဖွင့်လှစ် စည်းတံဆိပ်ကို ထုတ်ဖော်လိုက်သည်။
ကျန်းချန်၏ ကောင်းကင်ဖွင့်လှစ် စည်းတံဆိပ်သည် ပိုမို အားကောင်းသည့် အပြင် ပို၍လည်း မြန်ဆန်၏။
ကျူးရှန်းစည်းတံဆိပ်ကို ဖျက်ဆီးနိုင်ခဲ့သော စန်းခွင်းဝူသည် လုံးဝ တုံ့ပြန်နိုင်ခြင်းမရှိလိုက်ဘဲ ကောင်းကင်ဖွင့်လှစ် စည်းတံဆိပ်ဖြင့် ထိမှန်သွားခဲ့သည်။
"ဝုန်း.."
ကြောက်မက်ဖွယ် ပေါက်ကွဲသံနှင့်အတူ စန်းခွင်းဝူ၏ ခန္ဓာကိုယ်သည် နောက်ပြန် လွင့်စင်သွားခဲ့သည်။
"ညီနောင်ကျန်းချန်ရဲ့ ခွန်အားက အရင်ထက် အများကြီး ပိုအားကောင်းလာတဲ့ပုံပဲ.. ခြေလှမ်းတစ်ဝက် ကောင်းကင်နတ်ဘုရား အထွတ်အထိပ်တောင်မှ သူ့ရဲ့ပြိုင်ဘက် မဟုတ်တော့ဘူး"
သူ၏ရှေ့မှ မြင်ကွင်းကိုမြင်လျှင် လျှိုထျန်းရှင်း၏ မျက်နှာထက်တွင် အံ့အားသင့်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
ကျန်းချန်သည် ခြေလှမ်းတစ်ဝက် ကောင်းကင်နတ်ဘုရား အထွတ်အထိပ်အဆင့် ဖြစ်သည့် စန်းခွင်းဝူကို သုံးကွက်တည်းဖြင့် အနိုင်ယူခဲ့သည်။
ထို့ကြောင့် ဤတစ်ကြိမ်တွင် ကျန်းချန်သည် နယ်မြေ၄ခုမှ ပါရမီရှင်များကို အနိုင်ယူကာ အခြေအနေကို အလှည့်အပြောင်း လုပ်နိုင်လောက်၏။
လုံချီရှောင်ကမူ မည်သည့်စကားမှ မပြောသော်လည်း စိတ်နှလုံးထဲတွင် စိုးရိမ်ပူပန်စွာဖြင့် အခြေအနေကို အကဲခတ်နေခဲ့သည်။
ကျန်းချန်သည် မဟာနဂါးနန်းတော်မှ အမွေအနှစ်များကို ရရှိခဲ့ပြီး ခွန်အားများစွာ တိုးတက်လာခဲ့သည်။
သို့သော်လည်း အဆုံးသတ်တွင် ကျန်းချန်သည် မဟာနဂါးနန်းတော်ထဲတွင် ရှိနေခဲ့သည့် အချိန်သည် အလွန်တရာတိုတောင်းပြီး ကောင်းကင်နတ်ဘုရား နယ်ပယ်အဆင့်နှင့် အလှမ်း ကွာဝေးနေသေးသည်။
လုံချီရှောင်၏ မြင်နိုင်စွမ်းဖြင့်ဆိုလျှင် စန်းခွင်းဝူသည် ကျန်းချန်၏ လျင်မြန်သော တုံ့ပြန်မှုကြောင့်သာ ရှုံးနိမ့်ခဲ့ရမှန်း မြင်တွေ့ရန် မခက်ခဲပေ။
သိထားရမည့်အချက်မှာ စန်းခွင်းဝူသည် ကိုယ်ခံပညာဥပဒေသ၏ မူလစွမ်းအား၂မျိုးကို နားလည်သော ခြေလှမ်းတစ်ဝက် ကောင်းကင်နတ်ဘုရားတစ်ပါး ဖြစ်သည်။
သူနားလည်ထားသော ကိုယ်ခံပညာ ဥပဒေသ၂မျိုးထဲတွင် နေရာလွတ် ဥပဒေသ မူလစွမ်းအားကို ၉၀ရာခိုင်နှုန်းကျော်အထိ နားလည်ခဲ့ပြီး ခွန်အားဥပဒေသ မူလစွမ်းအားကို ၇၀ ရာခိုင်နှုန်းအထိ နားလည်ခဲ့သည်။
ထိုကဲ့သို့ အလွန်တရာ အစွမ်းထက်သော စန်းခွင်းဝူကို သာမန်ကောင်းကင်နတ်ဘုရား ပထမအဆင့် ကျင့်ကြံသူပင် အလွယ်တကူ အနိုင်ယူနိုင်မည် မဟုတ်ပေ။
လက်ရှိတွင် ကျန်းချန်သည် ခြေလှမ်းတစ်ဝက် ကောင်းကင်နတ်ဘုရား အထွတ်အထိပ်နှင့် နှိုင်းယှဥ်နိုင်သော အထွတ်အထိပ် စွမ်းအားကို ပိုင်ဆိုင်ထားသော်လည်း စန်းခွင်းဝူကို အနိုင်ယူရန်မှာ မလွယ်ကူပေ။
ပြောနေစရာ မလိုလောက်အောင်ပင် အဆင့်၃၃ ဆင့်မြောက်တွင် စန်းခွင်းဝူ အပြင် ခြေလှမ်းတစ်ဝက် ကောင်းကင်နတ်ဘုရား အယောက်၂၀ခန့် ရှိနေသေး၏။
ထိုကျင့်ကြံသူ အားလုံးသည် သူတို့ ၃ယောက်ထက် ခွန်အားအရာတွင် နိမ့်ကျမှု မရှိခဲ့ပေ။
ခြေလှမ်းတစ်ဝက် ကောင်းကင်နတ်ဘုရားများ ထဲတွင် အင်အား အကောင်းဆုံး ကျင့်ကြံသူ ၄ဦးသာ ပူးပေါင်းခဲ့လျှင် ကောင်းကင်နတ်ဘုရား နယ်ပယ် ပထမအဆင့်ကိုပင် ရင်ဆိုင်ရန် အရည်အချင်း ပြည့်မီကြသည်။
ထို့ကြောင့် ကျန်းချန်ထံတွင် ကောင်းကင်နတ်ဘုရား နယ်ပယ် ပထမအဆင့်ကို အနိုင်ယူနိုင်သော စွမ်းရည်မရှိလျှင် ယနေ့တွင် သူတို့သည် အန္တရာယ်ရှိနေသေးသည် မဟုတ်ပါလော။
"မေဘေး.. မင်းငါ့ကို နာကျင်အောင်လုပ်ရဲတယ် ငါမင်းကို သတ်မယ်"
သူက စန်းရှန်နယ်မြေ၏ နံပါတ်(၁)ပါရမီရှင် ဖြစ်ပြီး ခြေလှမ်းတစ်ဝက် ကောင်းကင်နတ်ဘုရား အထွတ်အထိပ်အဆင့် ကျင့်ကြံသူ ဖြစ်သော်လည်း ကျန်းချန်၏ သုံးကွက်တည်းဖြင့် ဒဏ်ရာရရှိခဲ့သောကြောင့် စန်းခွင်းဝူသည် ဒေါသတကြီးကြုံးဝါးလိုက်သည်။
သူက ကျန်းချန်ကို စူးရှစွာ စိုက်ကြည့်လိုက်၏။
ထို့နောက်တွငိ နေရာလွတ် ဥပဒေသ မူလစွမ်းအားနှင့် ခွန်အားဥပဒေသ မူလစွမ်းအားကို ပေါင်းစပ်ကာ ကြောက်မက်ဖွယ်ရာကောင်းသော စွမ်းအင်များ ကိန်းအောင်းနေသည့် ဟင်းလင်းပြင် ဓားတစ်လက် အဖြစ်သို့ ပြောင်းလဲလိုက်ပြီး ကျန်းချန်ကို ခုတ်ပိုင်းချလိုက်သည်။
"ထိုက်စုအထွတ်အထိပ် နဂါးအသွင်ပြောင်း နည်းစနစ်"
ကျန်းချန်က ခံစားချက်ကင်းမဲ့သော အမူအရာဖြင့် အေးစက်စက် ရေရွတ်လိုက်သည်။
တစ်ချိန်တည်းမှာပင် သူ၏ ဦးခေါင်းအထက်တွင် နတ်ဘုရင်အဆင့် လျှို့ဝှက်နည်းစနစ်ဖြစ်သည့် ထိုက်စုအထွတ်အထိပ် နဂါးအသွင်ပြောင်း နည်းစနစ်၏ သိုင်းစွမ်းအားပုံရိပ်သည် ဖြစ်ပေါ်လာခဲ့သည်။
ထိုသိုင်းစွမ်းအားပုံရိပ်မှ အဆုံးမဲ့ နတ်စွမ်းအားများသည် စန်းခွင်းဝူ၏ ဟင်းလင်းပြင်ဓားကို ထိပ်တိုက် ရင်ဆိုင်လိုက်၏။
"ဝုန်း.."
ထိတ်လန့်ဖွယ် ပေါက်ကွဲမှုသည် မိုင်ထောင်ချီ အကွာအဝေးအထိ ပဲ့တင်ထပ်သွားခဲ့သည်။
နတ်ဘုရင်လမ်း၏ အဆင့်၃၃ဆင့် အထက်ရှိ မိုင်၁၀၀ ပတ်လည်အတွင်းမှ တိမ်တိုက်များနှင့် မြူခိုးများ အားလုံးသည် ထိုကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်ကြောင့် လွင့်စင်သွားခဲ့သည်။
"ဖူး.."
စန်းခွင်းဝူ၏ ပါးစပ်ကနေ သွေးများ အန်ထွက်လာခဲ့ပြီး ခန္ဓာကိုယ်တစ်ခုလုံးသည် အားပြတ်သွားသလို ဖြစ်ကာ မျက်နှာတစ်ခုလုံးကလည်း ဖြူဖျော့သွားခဲ့သည်။
သူက နတ်ဘုရင်လမ်းကနေ ပြုတ်ကျလုနီးပါးပင် ဖြစ်သွားခဲ့သည်။
ဤအချိန်တွင် ဆန့်ကျင်ဘက်မှ ကျန်းချန်ကို ကြည့်နေသော သူ၏အကြည့်တွင် မယုံကြည်နိုင်လောက်အောင် ကြောက်မက်ဖွယ်ကောင်းသော အမူအရာများ ဖြစ်ပေါ်နေခဲ့သည်။
အခန်း(၁၆၂၉)ပြီး၏။