အခန်း (၁၆၃၃-၁၆၃၅)
Vol. 109 Ch. 1633-1635
အခန်း(၁၆၃၃)
“အရှင်ရှင်းယွင်... ခင်ဗျား မမှားဘူးဆိုတာ သေချာလား”
အရှင်လဲ့က အချိန်အတော်ကြာအောင် မှင်တက်သွားပြီးမှ ပုံမှန်အတိုင်း ပြန်ဖြစ်လာခဲ့သည်။
သူ၏ မျက်ဝန်းများတွင် မယုံကြည်နိုင်သော အမူအရာများ ပြည့်နှက်နေခဲ့၏။
ရှေးဟောင်းနဂါး အမွေအနှစ် နယ်မြေတွင် အခွင့်အလမ်းနှင့်အတူ အန္တရာယ်များလည်း ဒွန်တွဲနေ၍ သူတို့ နယ်မြေလေးခုမှ တပည့်များ အထဲသို့ ဝင်ရောက်သည့် အချိန်တိုင်းတွင် အများအပြား ကျဆုံးလေ့ရှိသည်။
သို့သော် ဤကဲ့သို့ အစုလိုက်အပြုံလိုက် ကျဆုံးမှုမျိုး တစ်ခါမျှ မဖြစ်ပေါ်ခဲ့ဖူးပေ။
အထူးသဖြင့် ရှေးဟောင်းနဂါး အမွေအနှစ် နယ်မြေ ထဲမှ ခြေလှမ်းတစ်ဝက် ကောင်းကင်နတ်ဘုရားအဆင့် ပါရမီရှင်များ၏ ရှင်သန်နိုင်မှုနှုန်းသည် အတော်လေး မြင့်မားသည်။
သိထားရမည့်အချက်မှာ လွန်ခဲ့သော နှစ်သုံးထောင်က ရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေထဲသို့ ဝင်ရောက်ခဲ့သည့် ပကတိနတ်ဘုရားအဆင့် တပည့်များထဲတွင် သူတို့ နယ်မြေလေးခုမှ ခြေလှမ်းတစ်ဝက် ကောင်းကင်နတ်ဘုရား ငါးဦးသာ ကျဆုံးခဲ့သည်။
ဤတစ်ကြိမ်တွင်မူ အစွမ်းအထက်ဆုံး ဖြစ်သည့် ကြယ်သင်္ကေတဂိုဏ်းမှ ခြေလှမ်းတစ်ဝက် ကောင်းကင်နတ်ဘုရားအဆင့် ပါရမီရှင် ခုနစ်ဦးတွင် ခြောက်ဦးပင် ကျဆုံးသွားခဲ့၏။
ယင်းက အတော်လေး မယုံကြည်နိုင်စရာ ကောင်းနေသည် မဟုတ်ပါလား။
အရှင်ရှင်းယွင်က လေးနက်သော အသံဖြင့် ပြောလိုက်သည်။
“အရှင်လဲ့... ငါတို့ ဂိုဏ်းအသီးသီးမှာ ခြေလှမ်းတစ်ဝက် ကောင်းကင်နတ်ဘုရား အဆင့် တပည့်တွေရဲ့ ဝိညာဉ်ကဗ္ဗျည်းတိုင်တွေ ရှိတယ်ဆိုတာ မင်းလည်း သိတာပဲ.. ဘယ်လိုလုပ် မှားနိုင်မှာလဲ”
“ဟူး.. ငါ အခုလေးတင် ဂိုဏ်းရဲ့အကြီးအကဲနဲ့ ဆက်သွယ်ပြီး အခြေအနေကို မေးပြီးပြီ.. ငါတို့ စန်းရှန်ဂိုဏ်းရဲ့ ခြေလှမ်းတစ်ဝက် ကောင်းကင်နတ်ဘုရားအဆင့် ပါရမီရှင် တပည့်ငါးဦးထဲမှာ စန်းခွင်းဝူရဲ့ ဝိညာဉ်ကဗ္ဗျည်းတိုင် တစ်ခုပဲ အကောင်းအတိုင်း ကျန်ရှိခဲ့တယ်”
အရှင်ခွင်းရှန်ကလည်း လေးနက်စွာ ပြောလိုက်သည်။
သူ၏ အမူအရာက ချက်ချင်းဆိုသလို အကျည်းတန်သွားခဲ့သည်။
ထို့အတူ အရှင်မ ယွင်ယင်၏ လှပသော မျက်နှာလေးသည်လည်း သုန်မှုန်နေခဲ့၏။
“ငါတို့ ပိုင်ယွင်နန်းတော်ရဲ့ ခြေလှမ်းတစ်ဝက် ကောင်းကင်နတ်ဘုရားအဆင့် တပည့်ခြောက်ယောက် ထဲမှာ နှစ်ယောက်ပဲ အသက်ရှင်ကျန်ခဲ့တယ်”
စန်းရှန်ဂိုဏ်း နှင့် ပိုင်ယွင်နန်းတော်မှ ခြေလှမ်းတစ်ဝက် ကောင်းကင်နတ်ဘုရား အဆင့် ပါရမီရှင် တပည့် အများစု ကျဆုံးသွားသော သတင်းကို ကြားလျှင် အရှင်လဲ့သည် မတုန်လှုပ်ဘဲ မနေနိုင်တော့ပေ။
သူက ထျန်းလဲ့ဂိုဏ်း၏ အခြေအနေနှင့် ပတ်သက်၍ မေးလိုက်ရာ အကြီးအကဲ တစ်ယောက်၏ သတင်းစကားသည် သူ၏ စိတ်ထဲသို့ တိုက်ရိုက် ဝင်ရောက်လာခဲ့သည်။
အကြီးအကဲထံမှ သတင်းကို ကြားပြီးနောက်တွင် အရှင်လဲ့၏ အမူအရာသည် ချက်ချင်းဆိုသလို ဒေါသတကြီး ဖြစ်သွားခဲ့သည်။
“ငါတို့ ထျန်းလဲ့ဂိုဏ်းရဲ့ ခြေလှမ်းတစ်ဝက် ကောင်းကင်နတ်ဘုရားအဆင့် ပါရမီရှင် တပည့်တွေထဲမှာ လဲ့ထျန်းယန် တစ်ယောက်ပဲ အသက်ရှင်တယ်.. ရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေမှာ ဘာတွေများ ဖြစ်ပျက်နေလဲ မသိဘူး”
အရှင်ခွင်းရှန်က အသက်ကို ခပ်ပြင်းပြင်း ရှူလိုက်ပြီး လေးနက်သည့် အမူအရာဖြင့် အရှင် ရှင်းယွင်ကို ကြည့်လိုက်သည်။
“အရှင်ရှင်းယွင်.. ရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေက ကြီးမားတဲ့ အပြောင်းအလဲတစ်ခုခု ဖြစ်သွားတဲ့ပုံပဲ... အချိန်မဆွဲဘဲ ရှေးဟောင်းနဂါး အမွေအနှစ် နယ်မြေကို ပိတ်လိုက်ရအောင်”
“ကောင်းပြီ”
အရှင်ရှင်းယွင်က လေးနက်စွာ ခေါင်းညိတ်လိုက်သည်။
ဤတစ်ကြိမ် ရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေတွင် မည်သည့်အရာများ ဖြစ်ပျက်ခဲ့မှန်း သူ မသိသော်လည်း သူတို့၏ နယ်မြေ လေးခုသည် ပါရမီရှင် တပည့်များကို အကြီးအကျယ် ဆုံးရှုံးခဲ့ကြသည်။
သူတို့သာ ရှေးဟောင်းနဂါး အမွေအနှစ် နယ်မြေကို မပိတ်လျှင် နယ်မြေကြီးလေးခုမှ တပည့်များသည် လုံးဝ ရှင်းလင်းခံရနိုင်ခြေ များ၏။
ဤအခြေအနေတွင် နယ်မြေနတ်ဘုရား လေးပါးသည် အချိန်ဆွဲမနေဘဲ ဆန်းကြယ်သော လက်ဟန်များကို အသီးသီး ထုတ်ဖော်ကာ နေရာလွတ် ဂိတ်တံခါးပေါက်ကို သက်ရောက်စေလိုက်သည်။
"ဝုန်း"
ကျယ်လောင်သော ပေါက်ကွဲသံတစ်သံ ထွက်ပေါ်လာခဲ့ပြီး နေရာလွတ် စွမ်းအားသည် နေရာလွတ် ဂိတ်တံခါး တစ်လျှောက် လှိုင်းထသွားခဲ့သည်။
ခဏအကြာတွင် ပုံရိပ်အချို့သည် နေရာလွတ် ဂိတ်တံခါးပေါက်ကနေ ထွက်လာခဲ့ကြ၏။
မျက်တောင်တစ်ခတ်အတွင်း ကျင့်ကြံသူ တစ်ရာကျော်သည် နေရာလွတ် ဂိတ်တံခါးပေါက်မှ ထွက်လာခဲ့ကြသည်။
“ဘာလဲဟ... ရှေးဟောင်းနဂါး အမွေအနှစ် နယ်မြေ ဖွင့်လှစ်တာ လအနည်းငယ်ပဲ ရှိသေးတယ်.. ငါတို့က ဘယ်လိုလုပ်ပြီး အပြင်ကို အထုတ်ခံလိုက်ရတာလဲ”
နေရာလွတ် ဂိတ်တံခါးပေါက်မှ ထွက်လာခဲ့ပြီးနောက်တွင် ကျင့်ကြံသူများ၏ မျက်နှာထက်၌ မကျေမနပ် အမူအရာများ ရှိနေခဲ့သည်။
ရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေမှ ထွက်လာသည့် လူတစ်ရာကျော်ကို ကြည့်ကာ နယ်မြေနတ်ဘုရား လေးပါး၏ မျက်နှာ အမူအရာသည် ချက်ချင်းဆိုသလိုပင် အလွန်အမင်း သုန်မှုန်သွားခဲ့၏။
ဤတစ်ကြိမ်တွင် သူတို့ နယ်မြေ လေးခုမှ တပည့် စုစုပေါင်း နှစ်ရာသည် ရှေးဟောင်းနဂါး အမွေအနှစ် နယ်မြေထဲသို့ ဝင်ရောက်ခဲ့သည်။
ယခုအခါ လအနည်းငယ် အတွင်းမှာပင် ခုနစ်ဆယ်၊ ရှစ်ဆယ်ခန့် ကျဆုံးသွားခဲ့ချေပြီ။
သူတို့ကို သွေးအန်ချင်လောက်သည် အထိ ဖြစ်စေခဲ့သည်မှာ ကျဆုံးသွားသည့် တပည့်ခုနစ်ဆယ်၊ ရှစ်ဆယ်ထဲမှ ထက်ဝက်ခန့်သည် ခြေလှမ်းတစ်ဝက် ကောင်းကင်နတ်ဘုရားအဆင့် ပါရမီရှင်များ ဖြစ်နေခဲ့ခြင်းပင်။
ရှေးဟောင်းနဂါး အမွေအနှစ် နယ်မြေထဲကို ဝင်ရောက်သွားသည့် နယ်မြေလေးခုမှ ခြေလှမ်းတစ်ဝက် ကောင်းကင် နတ်ဘုရား အဆင့် ပါရမီရှင် တပည့် ငါးဆယ် ရှိပြီး အခုအခါတွင် ဆယ်ယောက်ကျော်သာ အသက်ရှင်လျက် ကျန်ရစ်တော့၏။
“ကုန်းဝူကျီ.. ရှေးဟောင်းနဂါး အမွေအနှစ် နယ်မြေမှာ ဘာတွေ ဖြစ်ပျက်ခဲ့လဲ.. ဘာလို့ တပည့် အများအပြား ကျဆုံးသွားခဲ့တာလဲ”
အရှင်ရှင်းယွင်၏ အကြည့်သည် ကုန်းဝူကျီတို့ လေးယောက်ပေါ်သို့ တိုက်ရိုက် ကျရောက်သွားခဲ့သည်။
အခြားသော နယ်မြေနတ်ဘုရား သုံးပါး၏ အကြည့်များသည်လည်း ထိုလေးယောက် ပေါ်သို့ ကျရောက်နေပြီး မည်သည့်ကိစ္စများ ဖြစ်ပျက်ခဲ့သလဲ ဆိုသည်ကို သိချင်နေခဲ့ကြ၏။
“အရှင်.. ဒါတွေအားလုံးက မဟာနဂါးနန်းတော်ရဲ့ မျိုးဆက် လက်ချက်ပဲ.. ရှေးဟောင်းနဂါး အမွေအနှစ် နယ်မြေမှာ မဟာနဂါးနန်းတော်ရဲ့ မျိုးဆက်တစ်ယောက် ပေါ်ထွက်လာခဲ့တယ်... ဒီလူက မဟာနဂါး နန်းတော်ထဲက အမွေအနှစ်ကို ရရှိထားတာကြောင့် ကျွန်တော်တို့က သူ့ပြိုင်ဘက် မဟုတ်ခဲ့ဘူး”
“နယ်မြေလေးခုက ပါရမီရှင် အများအပြားလဲ သူ့လက်ထဲမှာပဲ ကျဆုံးသွားခဲ့ကြတယ်”
ကုန်းဝူကျီက ခါးသီးစွာ ပြုံးလိုက်သည်။
"ဘာ.. မဟာနဂါးနန်းတော်က တကယ်ပဲ ပေါ်ထွက်လာခဲ့တယ်လား"
နယ်မြေနတ်ဘုရား လေးပါးသည် ကုန်းဝူကျိ၏ စကားများကို ကြားလျှင် အံ့သြသွားခဲ့သည်။
မဟာနဂါးနယ်မြေ ပြိုလဲသွားပြီးကတည်းက မဟာနဂါးနန်းတော်သည် လုံးဝ ပျောက်ကွယ်သွားခဲ့သည်။
သူတို့ နယ်မြေလေးခုသည် ရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေကို ထိန်းချုပ်ပြီးသည့်နောက်တွင် မဟာနဂါးနန်းတော်၏ သဲလွန်စကို အမြဲတစေ ရှာဖွေခဲ့ကြ၏။
သို့သော် ထိုသို့ နှစ်ပေါင်းများစွာ ရှာခဲ့သော်လည်း မဟာနဂါးနန်းတော်၏ သဲလွန်စကိုပင် ရှာမတွေ့ခဲ့ကြပေ။
သူတို့ မတွေးမိခဲ့သည်မှာ ဤတစ်ကြိမ်တွင် မဟာနဂါးနန်းတော်၏ အဆက်အနွယ် ပေါ်လာခဲ့ပြီး ပျောက်ကွယ်နေသည့် မဟာနဂါးနန်းတော်ကို ရှာတွေ့လိမ့်မည် ဆိုသည်ကိုပင်။
အရှင်ရှင်းယွင်က သူ၏ စိတ်နှလုံးထဲမှ ထိတ်လန့်မှုကို ဖိနှိပ်လိုက်ပြီး လေးနက်သော အသံဖြင့် ပြောလိုက်သည်။
“မင်း သိထားသလောက် ငါတို့ကို အသေးစိတ် ပြောပြပါ”
ကုန်းဝူကျီက ရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေတွင် ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာများကို လျင်မြန်စွာပင် ပြောပြလိုက်သည်။
“မမျှော်လင့်ဘဲ ဒီတစ်ကြိမ်မှာ နှစ်ပေါင်းများစွာ ပျောက်ကွယ်နေခဲ့တဲ့ မဟာနဂါးနန်းတော်က ပြန်လည် ထွက်ပေါ်လာခဲ့တယ်.. ဒါ့အပြင် မဟာနဂါးနန်းတော် အထဲကနေ မဟာနဂါး နန်းတော်ရဲ့ မျိုးဆက်က အမွေအနှစ်တွေကို ရရှိခဲ့တယ်"
ဇာတ်လမ်းတစ်ခုလုံးကို သိရှိသွားပြီးသည့်နောက်တွင် အရှင်ခွင်းရှန်၏ အမူအရာသည် ချက်ချင်းဆိုသလို အလွန်တရာ လေးနက်သွားခဲ့သည်။
“မဟာနဂါးနန်းတော်ရဲ့ မျိုးဆက်တွေကို ရှေးဟောင်းနဂါး အမွေအနှစ် နယ်မြေထဲမှာ အပြတ်မရှင်းဘဲ လွှတ်ထားတာက အမြဲတစေ ငါတို့ကို ဒုက္ခပေးနေမှာပဲလို့ ငါ အစကတည်းက ပြောခဲ့တယ်.. သူတို့ကို ရှင်းလင်းပစ်တာ အကောင်းဆုံးပဲလို့ ငါပြောခဲ့ပေမဲ့ မင်းတို့က နားမထောင်ခဲ့ဘူး.. အခုတော့ ငါတို့ ပျိုးထောင်ထားတဲ့ တပည့်တွေကို ဆုံးရှူံးလိုက်ရပြီ မဟုတ်လား”
အရှင်လဲ့က စိတ်ပျက်သော အမူအရာဖြင့် ပြောလိုက်သည်။
“သူတို့ကို ရှင်းပစ်ဖို့က ပြောသလောက် မလွယ်ဘူး”
အရှင်မ ယွင်ယင်က အေးစက်စွာ ပြောလိုက်သည်။
“နယ်မြေလေးခုက ရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေကို ထိန်းချုပ်ထားပေမယ့်လည်း အကန့်အသတ်တော့ ရှိနေသေးတယ်.. ကျွန်မတို့က မဟာနဂါးနန်းတော်ရဲ့ မျိုးဆက်တွေအကြောင်း သိပ်မသိဘဲ သူတို့ကို ဖျက်ဆီးဖို့ ဘယ်လွယ်ပါ့မလဲ”
“တော်ပြီ.. အခုချိန်မှ ဒီအကြောင်းကို ဆွေးနွေးနေတာက အဓိပ္ပါယ်မရှိတော့ဘူး”
“အခု မဟာနဂါးနန်းတော်က ရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေမှာ ပေါ်လာပြီဆိုတော့ ပြန်လည် ထွက်ပေါ်လာဖို့ အလားအလာ အများကြီး ရှိတယ်”
“ငါ အခု စဉ်းစားနေတာက မကြာမီ ပြန်လည် ထွက်ပေါ်လာတော့မဲ့ မဟာနဂါးနန်းတော်ကို ဘယ်လို ရင်ဆိုင်ကြမလဲ ဆိုတာပဲ”
အရှင်ရှင်းယွင်က နှစ်ယောက်စလုံး၏ အငြင်းပွားမှုကို ရပ်တန့်လိုက်ပြီး လေးနက်စွာ ပြောလိုက်သည်။
အရှင်ရှင်းယွင်၏ စကားကို ကြားလျှင် ကျန် နယ်မြေနတ်ဘုရားများသည် လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။
သူတို့ နယ်မြေ လေးခုသည် မူလက မဟာနဂါးနယ်မြေ၏ အစိတ်အပိုင်း ဖြစ်သည်။
တကယ်သာ မဟာနဂါးနန်းတော် ပေါ်ပေါက်လာခဲ့လျှင် သူတို့ နယ်မြေ လေးခုကို သိမ်းပိုက်ရန် မကြိုးစားဟု အာမခံရန် ခက်ခဲ၏။
ယခုအခါ နယ်မြေ လေးခုသည် နှစ်သန်းပေါင်းရာချီ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရနေပြီ ဖြစ်ရာ သူတို့၏ ခေါင်းပေါ်တွင် အခန့်သင့် တက်ထိုင်ကာ အုပ်ချုပ်မည့် မဟာနဂါးနန်းတော်ကို မည်ကဲ့သို့ လက်ခံနိုင်ပါမည်နည်း။
အရှင်လဲ့၏ မျက်ဝန်းများက အနည်းငယ် တောက်ပသွားခဲ့သည်။
“အရှင်ရှင်းယွင်.. ရှေးဟောင်းနဂါးအမွေအနှစ် နယ်မြေနဲ့ ပတ်သက်ပြီး ငါတို့ ဘာတွေ ဆက်လုပ်သင့်လဲ”
“နယ်မြေလေးခုက နယ်မြေနတ်ဘုရားတွေကို ကြယ်သင်္ကေတဂိုဏ်းဆီ ဆင့်ခေါ်ပြီး ဒီအကြောင်းကို ဆွေးနွေးဖို့ အစည်းအဝေး လုပ်မယ်”
“နယ်မြေလေးခုရဲ့ အင်အားတွေ စုစည်းနေသ၍ ငါတို့ ကြယ်သင်္ကေတဂိုဏ်းက နှစ်တစ်ထောင် မစောင့်ဘဲ နောက်ထပ် နှစ်တစ်ရာအတွင်း ရှေးဟောင်းနဂါး အမွေအနှစ် နယ်မြေကို လုံးဝ ဖွင့်လှစ်ပေးမယ်လို့ ကတိပေးတယ်”
အရှင်ရှင်းယွင်၏ မျက်ဝန်းများက အေးစက်သော အလင်းများဖြင့် တောက်ပနေ၏။
သူ၏ ခန္ဓာကိုယ်တစ်ခုလုံးတွင်လည်း သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေခဲ့သည်။
"ဒီတစ်ကြိမ် ရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေ ဖွင့်လှစ်ရင် ငါတို့အားလုံး အထဲကိုဝင်ပြီး မဟာနဂါးနန်းတော် လုံးဝ ပျောက်ကွယ်သွားအောင် လုပ်ကြမယ်”
အခန်း(၁၆၃၃) ပြီး၏
အခန်း(၁၆၃၄)
နယ်မြေကြီး၄ခုက ရှေးဟောင်းနဂါးအမွေအနှစ် နယ်မြေကို အတင်းအကျပ် ပိတ်လိုက်ရာ နတ်ဘုရင်လမ်းကနေ လုံချီရှောင်တို့ကို မဟာနဂါးတောင်သို့ ခေါ်ဆောင်သော ကျန်းချန်သည် ရုတ်တရက် ရှန်လုံမြို့အထက်မှ ဂိတ်တံခါးပေါက်ရှိရာသို့ တိုက်ရိုက် ရောက်ရှိသွားခဲ့၏။
"ရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေပိတ်ဖို့ အနည်းဆုံး ၂နှစ်လောက် ကျန်သေးတယ် မဟုတ်လား...ဘာလို့ ဒီလောက်အထိ မြန်မြန် ပိတ်သွားရတာလဲ"
ရုတ်တရက် ရှေးဟောင်းနဂါး ကုန်းမြေဆီသို့ ရောက်ရှိသွားသည်ကို မြင်လျှင် ကျန်းချန်၏ မျက်နှာထက်တွင် အံ့အားသင့်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
သူက လုံချီရှောင်တို့ကို ခေါ်ဆောင်ကာ နတ်ဘုရင်လမ်း၏ ၃၃ဆင့်မြောက်မှ ဆင်းလာရုံသာ ရှိသေးသော အချိန်မှာပင် ရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေမှ လျှို့ဝှက် ဆန်းကြယ်သော စွမ်းအားတစ်မျိုးသည် သူ့ကို ရှန်လုံမြို့ အထက်ရှိ ဂိတ်ပေါက်သို့ ပြန်လည် ပို့ဆောင်လိုက်သည်။
"ရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေက အနည်းဆုံး၂နှစ်၊၃နှစ်လောက် ဖွင့်လေ့ရှိတယ်.. ဘာလို့ လအနည်းငယ် အတွင်း ပိတ်သွားရတာလဲ မသိဘူး"
လုံချီရှောင်က ခေါင်းခါရမ်း၍ ပြောလိုက်သည်။
သူ၏မျက်ဝန်းထဲတွင် အံ့သြသော အရိပ်အယောင်များ ဖြစ်ပေါ်နေခဲ့၏။
"ရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေမှာ တစ်စုံတစ်ခု အမှားအယွင်းဖြစ်ခဲ့လို့ဖြစ်နိုင်တယ်...တစ်ယောက်ယောက်က အမွေအနှစ်နယ်မြေရဲ့ နေရာလွတ်ကို အတင်းအကျပ် ပိတ်လိုက်တဲ့ပုံပဲ.. အထဲမှာ ထူးခြားတဲ့ ကိစ္စတွေများ ဖြစ်ပျက်ခဲ့သေးလား"
ထိုအချိန်မှာပင် ဂိတ်တံခါးပေါက်တွင် ရှိနေသည့် လုံကျန့်ရှင်း၏ အသံသည် သူတို့၏ နားထဲသို့ ဝင်ရောက်လာခဲ့သည်။
"ဆရာ.. ရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေမှာ ထွေထွေထူးထူးတော့ မကြုံခဲ့ရဘူး.. ဒါပေမဲ့ ကျွန်တော့် ခန့်မှန်းချက် မမှားရင် ဒီအပြောင်းအလဲက ညီလေးကျန်းချန်ကြောင့် ဖြစ်မယ်လို့ ထင်တယ်"
လုံချီရှောင်က သူ၏နံဘေးမှ ကျန်းချန်ကိုကြည့်ကာ ခေါင်းခါရမ်းလိုက်ပြီး မချိပြုံး ပြုံးကာ ပြောလိုက်သည်။
"ကျန်းချန်လား"
လုံကျန့်ရှင်းက ခဏမျှ မှင်တက်သွားခဲ့ပြီး ကျန်းချန်ကို အံ့သြသော အမူအရာဖြင့်ကြည့်လိုက်သည်။
"ကောင်လေး ရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေထဲမှာ မင်းဘာတွေ လုပ်ခဲ့သေးလဲ"
"ကျွန်တော် ဘာမှ မလုပ်ခဲ့ပါဘူး.. တခြားနယ်မြေတွေက ခြေလှမ်းတစ်ဝက် ကောင်းကင်နတ်ဘုရား ဒါဇင်ချီကို မတော်တဆ သတ်ဖြတ်ခဲ့မိရုံလေးပါပဲ"
"ခြေလှမ်းတစ်ဝက် ကောင်းကင်နတ်ဘုရား ဒါဇင်ချီကို သတ်ဖြတ်ခဲ့တယ်လား"
ကျန်းချန်၏ စကားကိုကြားလျှင် လုံကျန့်ရှင်း သာမက ဖန်းချင်းယွမ်နှင့် ရွှေလင်းလုံတို့၏ မျက်ဝန်းများတွင် အံ့အားသင့်သော အမူအရာများ ဖြစ်ပေါ်လာကြသည်။
"ကောင်လေး.. မင်းငါတို့ကို မနောက်ဘူးဆိုတာ သေချာရဲ့လား"
လုံကျန့်ရှင်းက မယုံကြည်နိုင်စွာဖြင့် ကျန်းချန်ကို ကြည့်ကာ ပြောလိုက်သည်။
လအနည်းငယ်အတွင်း ကျန်းချန်သည် ရှေးဟောင်းနဂါးအမွေအနှစ် နယ်မြေထဲတွင် အလယ်အလတ် ပကတိနတ်ဘုရား အလယ်အဆင့်ကနေ အဆင့်မြင့် ပကတိနတ်ဘုရား နှောင်းပိုင်းအဆင့်အထိ ထိုးဖောက်သွားခဲ့၏။
သို့ရာတွင် ထိုသို့ အဆင့်တက်လင့်ကစား ခြေလှမ်းတစ်ဝက်ကောင်းကင်နတ်ဘုရားများကို ကြက်သတ်သကဲ့သို့ သတ်ဖြတ်ရန်မှာ မလွယ်ကူနိုင်ပေ။
"ဆရာ.. ညီလေးကျန်းချန်ရဲ့ စကားက အမှန်ပါပဲ"
လုံချီရှောင်က ခါးသီးစွာ ပြုံးလိုက်ပြီး လုံကျန့်ရှင်းနှင့် အခြားသူများကို ချက်ချင်းပင် ရှင်းပြလိုက်သည်။
"ညီလေးကျန်းချန်က ထိုက်စု အထွတ်အထိပ် နဂါးအသွင်ပြောင်း နည်းစနစ်ရဲ့ အကူအညီနဲ့ မဟာနဂါးနန်းတော်ကို ဖွင့်လှစ်ပြီး နတ်ဘုရင်လမ်းကို ဖြစ်ပေါ်စေခဲ့တယ်.. ရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေထဲမှာရှိတဲ့ နယ်မြေ၄ခုက ခြေလှမ်းတစ်ဝက် ကောင်းကင်နတ်ဘုရား အယောက်၂၀ကျော်က မဟာနဂါးနန်းတော်ရဲ့ အမွေအနှစ်ကို လုယူဖို့အတွက် ပူးပေါင်းခဲ့ကြတယ်.. ရလဒ်အနေနဲ့ ခြေလှမ်းတစ်ဝက်ကောင်းကင်နတ်ဘုရား အထွတ်အထိပ် ၄ယောက်က လွဲရင် ကျန်တဲ့ သူတွေအားလုံးကို ညီလေးကျန်းချန်က အကုန်ရှင်းပစ်နိုင်ခဲ့တယ်"
လုံချီရှောင်၏ ရှင်းပြချက်ကို လုံကျန့်ရှင်းတို့ ၃ယောက်စလုံးသည် အချိန်အတော်ကြာအောင် မှင်တက်သွားခဲ့ကြသည်။
ရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေက အဘယ်အတွက်ကြောင့် သတ်မှတ်ထားသော အချိန်ထက် စောစီးစွာ ပိတ်သွားရလဲ ဆိုသည်ကို အဆုံးသတ်တွင် သူတို့ နားလည်သွားကြ၏။
ရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေကို ထိန်းချုပ်ထားသည့် နယ်မြေ၄ခုမှ အကြီးအကဲများတွင် ရှေးဟောင်းနဂါးအမွေအနှစ် နယ်မြေထဲမှ တပည့်အချို့၏ အခြေအနေကို ထောက်လှမ်းရန် နည်းလမ်းအချို့ ရှိကြပုံရ၏။
ယခု ကျန်းချန်က နယ်မြေ၄ခုမှ ခြေလှမ်းတစ်ဝက် ကောင်းကင်နတ်ဘုရား များစွာကို သတ်ဖြတ်ခဲ့သည် ဖြစ်ရာ နယ်မြေ၄ခုမှ လူများကို မည်ကဲ့သို့ မတုန်လှုပ်ဘဲ နေနိုင်စေမည်နည်း။
နယ်မြေ၄ခုမှ အကြီးအကဲများက သူတို့၏ တပည့်များ အများအပြား ကျဆုံးသွားသည်ကို သိရှိခဲ့၍ ရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေကို စောစီးစွာ ပိတ်လိုက်ခြင်း ဖြစ်ပုံရ၏။
ကျန်းချန်နှင့် လုံကျန့်ရှင်းတို့ စကားပြောနေချိန်မှာပင် နောက်ထပ် ပုံရိပ်၄ခုသည် ဂိတ်ပေါက်ကနေ ထွက်လာခဲ့သည်။
ကျန်းချန်က ထို၄ယောက်ဆီသို့ လှမ်းကြည့်လိုက်ရာ အနီရောင်ဝတ်စုံများ ဝတ်ဆင်ထားသော လူငယ်တစ်ယောက်ကိုမြင်လျှင် ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့သည်။
"ဒီကောင်က ဘယ်လိုလုပ်ပြီး အသက်ရှင်နေသေးတာလဲ"
ထိုအနီရောင်ဝတ်စုံကို ဝတ်ဆင်ထားသော လူငယ်သည် တခြားသူ မဟုတ်ပေ။
နဂါးအစောင့်အရှောက် ၇ဦးထဲတွင် ဒုတိယနေရာတွင် ရှိသည့် ကျွမ်းရှန့်ယန်ပင် ဖြစ်၏။
လွန်ခဲ့သည့် လအနည်းငယ်က ကျွမ်းရှန့်ယန်သည် သူ၏ လက်ချက်ဖြင့် သေဆုံးသွားခဲ့သည်။
သို့ရာတွင် ယခု ကျွမ်းရှန့်ယန်သည် ရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေထဲကနေ အသက်ရှင်လျက် ပြန်လည်ထွက်လာခဲ့၏။
ယင်းအချိန်တွင် ရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေထဲမှ ထွက်လာသည့် ကျွမ်းရှန့်ယန်ကိုမြင်လျှင် လျှိုထျန်းရှင်း၏ မျက်ဝန်းထဲတွင် အံ့သြထိတ်လန့်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
သူက ကျန်းချန်ကို အလျင်အမြန်ပင် သတိပေးလိုက်၏။
"ညီနောင်ကျန်းချန်...မင်းသတိထားရမယ် ကျွမ်းရှန့်ယန် အသက်ရှင်နေတာက လုံးဝ ထူးဆန်းနေတယ်"
ကျန်းချန်က ဘာစကားမှ ပြန်မပြောဘဲ ခေါင်းညိတ်လိုက်သည်။
လျှိုထျန်းရှင်း သတိမပေးလျှင်ပင် ကျွမ်းရှန့်ယန်က သာမန်မဟုတ်မှန်း သူ ရိပ်စားမိသည်။
အကြောင်းအရင်းမှာ သူက ကျွမ်းရှန့်ယန်၏ ခန္ဓာကိုယ်နှင့်ဝိညာဥ်ကို လုံးဝ သတ်ဖြတ်ခဲ့၍ ဖြစ်သည်။
ကျွမ်းရှန့်ယန်က သူ၏ ဝိညာဥ်ကို မသေနိုင်ရန် လျှို့ဝှက်နည်းလမ်း အချို့ကို အသုံးပြုခဲ့လျှင်ပင် ယခုကဲ့သို့ အလျင်အမြန် ပုံမှန် ပြန်လည် ဖြစ်လာနိုင်မည်မဟုတ်ပေ။
ကျန်းချန်က ကျွမ်းရှန့်ယန်ကို ကြည့်နေသောအချိန်မှာပင် ကျွမ်းရှန့်ယန်သည်လည်း ကျန်းချန် သူ့ကို ကြည့်နေသည်ဟု အာရုံခံမိလိုက်ပြီး ကျန်းချန် ရှိရာသို့ လှမ်းကြည့်လိုက်သည်။
သူ၏မျက်ဝန်းထဲတွင် အစိမ်းရောင်ဖျော့ဖျော့ အလင်းများ ဖျတ်ခနဲ လက်သွားခဲ့၏။
[ဟမ့်.. မင်းဘယ်သူပဲဖြစ်ဖြစ် ငါ့ကို လာမရှုပ်တာ အကောင်းဆုံးပဲ.. ဒီလိုမှမဟုတ်ရင် မင်းကို နောက်တစ်ခါ ထပ်သတ်ဖို့ ငါဝန်လေးနေမှာ မဟုတ်ဘူး]
ကျန်းချန်က မဲ့ပြုံးပြုံးကာ စိတ်နှလုံးထဲကနေ ရေရွတ်လိုက်သည်။
"ပါရမီရှင်၁၀ယောက်မှာ ၇ယောက်ပဲ ပြန်ရောက်လာခဲ့တယ်.. ကျန်တဲ့ ၃ယောက်က ရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေထဲမှာ ကျဆုံးသွားတဲ့ပုံပဲ"
လုံကျန့်ရှင်းက စိတ်ပျက်လက်ပျက်ဖြင့် ညည်းတွားလိုက်သည်။
"ရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေထဲမှာ အန္တရာယ်နဲ့အခွင့်အလမ်းတွေက ဒွန်တွဲပြီး တည်ရှိနေတယ်.. ကျန့်ရှင်း ဒါက သူတို့ရဲ့ကံကြမ္မာပါပဲ"
ဖန်းချင်းယွမ်က ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။
"ဘာပဲဖြစ်ဖြစ် ဒီတစ်ခေါက် သေဆုံးမှုက ၅၀ရာခိုင်နှုန်းအောက်ပဲ ရှိတာဆိုတော့ မဆိုးပါဘူး"
ထိုစကားကိုကြားလျှင် လုံကျန့်ရှင်းက ခေါင်းညိတ်လိုက်ပြီး ရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေထဲမှ ထွက်လာသည့် ကျန်းချန်တို့ ၇ယောက်ကို ကြည့်လိုက်သည်။
"ကောင်လေးတွေ...ရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေက ပိတ်သွားပြီဆိုတော့ မင်းတို့အားလုံး ကိုယ့်နေရာကို ပြန်လို့ရပြီ"
"ဟုတ်ကဲ့ပါ အကြီးအကဲလုံ"
လုံချီရှောင်နှင့် အခြား နဂါးအစောင့်အရှောက် ၄ယောက်က အရိုအသေပေးကာ ပြောလိုက်သည်။
အခြားလူများ ထွက်သွားပြီးနောက်တွင် လုံကျန့်ရှင်းသည် ရွှေလင်းလုံကို ကြည့်ကာ ပြောလိုက်၏။
"လင်းလုံ.. မင်းက လျှိုထျန်းရှင်းကို ကောင်းကင်နဂါးမြို့တော်ဆီ ခေါ်သွားလိုက်.. ကျန်းချန်ကိုတော့ ငါကိုယ်တိုင်ပဲ ပြန်ပို့ပေးလိုက်မယ်"
"ကောင်းပါပြီ"
ရွှေလင်းလုံက ခေါင်းညိတ်လိုက်ပြီး ချက်ချင်းပင် လျှိုထျန်းရှင်းနှင့်အတူ ကောင်းကင်နဂါးမြို့တော် ဆီသို့ ပျံသန်းသွားခဲ့သည်။
ရွှေလင်းလုံ ထွက်သွားပြီးနောက်တွင် လုံကျန့်ရှင်းသည် သူ၏ လက်ဖဝါးကို ဝှေ့ယမ်းလိုက်ရာ နောက်ထပ် တစ်ခဏမှာပင် ကျန်းချန်တို့ သုံးယောက်သည် ရှေးကျသည့် ခြံဝန်းတစ်ခုထဲတွင် ပေါ်လာခဲ့သည်။
"ကောင်လေး ရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေထဲမှာ မင်းရဲ့စွမ်းအားက အများကြီး တိုးတက်လာတဲ့ပုံပဲ.. ဒါနဲ့ကမ္ဘာ့စွမ်းအားကို ပြန်လည်ပြုပြင်နိုင်မဲ့ ရတနာကိုရော ရှာတွေ့ခဲ့သေးလား"
လုံကျန့်ရှင်းက အပိုစကားများ မပြောတော့ဘဲ တဲ့တိုးပင် မေးလိုက်သည်။
ဖန်းချင်းယွမ်က ခေါင်းခါရမ်းကာ ပြောလိုက်၏။
"ကျန့်ရှင်း.. ကမ္ဘာ့စွမ်းအားကို ပြန်လည်ပြုပြင်နိုင်တဲ့ ရတနာက အတော်လေး ရှားပါးတယ်.. ပြီးတော့ ဒီတစ်ကြိမ်မှာ ရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေက အချိန်တိုလေးပဲ ဖွင့်လှစ်ခဲ့တာ ဆိုတော့ ဘယ်လိုလုပ်ပြီး ဒီလိုမျိုး ဆန်းကြယ်တဲ့ရတနာကို ရနိုင်မှာလဲ"
"အကြီးအကဲတို့.. ကမ္ဘာ့စွမ်းအားကို ပြန်လည်ပြုပြင်နိုင်မဲ့ ရတနာကို ကျွန်တော် မတွေ့ခဲ့ဘူး.. ဒါပေမဲ့ အကြီးအကဲဖန်းအတွက် အသုံးဝင်မဲ့ပစ္စည်းလေး တစ်ခုတော့ ရှာတွေ့ခဲ့တယ်"
ထိုစကားကို ပြောလိုက်ပြီးနောက်တွင် ကျန်းချန်သည် သိုလှောင်လက်စွပ်ထဲမှ နယ်မြေနတ်ဘုရား သလင်းကျောက်ကို ထုတ်ယူကာ ပြသလိုက်သည်။
အခန်း(၁၆၃၄)ပြီး၏။
အခန်း(၁၆၃၅)
"နယ်မြေနတ်ဘုရားသလင်းကျောက်ပါလား"
လုံကျန့်ရှင်းနှင့် ဖန်းချင်းယွမ်တို့က ကျန်းချန်၏ လက်ထဲမှ နယ်မြေနတ်ဘုရား သလင်းကျောက်ကို မြင်လျှင် ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့သည်။
"ဟုတ်တယ်.. ဒါက အရှင်ဝူရှန့်လို့ ခေါ်တဲ့ ရှေးခေတ်ကာလက ကျင့်ကြံသူတစ်ယောက် ချန်ထားရစ်ခဲ့တဲ့ နယ်မြေနတ်ဘုရားသလင်းကျောက်ပဲ.. အရှင်ဝူရှန့်က အသက်လမ်းစဥ်မှာ အတော်လေး ခရီးပေါက်ခဲ့တဲ့ နယ်မြေနတ်ဘုရား တစ်ပါးလည်း ဖြစ်တယ်"
ကျန်းချန်က ခေါင်းညိတ်လိုက်ပြီး ပြုံးကာ ပြောလိုက်သည်။
"ဒီနယ်မြေနတ်ဘုရား သလင်းကျောက်နဲ့ ဆိုရင် အကြီးအကဲဖန်းရဲ့ကမ္ဘာ့စွမ်းအားကို ပြန်လည်ပြုပြင်နိုင်ဖို့ ကူညီပေးနိုင်မယ်လို့ထင်တယ်.. ကံကြမ္မာဆိုတာက တစ်ခါတစ်လေ တကယ်ကို လျှို့ဝှက်ဆန်းကြယ်တာပဲ.. ဘာလို့ ခေါင်းဆောင်ကြီးက မင်းကို အဆင့်နိမ့်နယ်မြေကို သွားပြီး အခြေအနေကို ပြောင်းလဲဖို့အတွက် အခွင့်အရေး ရှာခိုင်းရသလဲ ဆိုတာ နောက်ဆုံးတော့ ငါနားလည်ခဲ့ပြီ"
လုံကျန့်ရှင်းက မှင်တက်ရာကနေ သတိပြန်ဝင်လာခဲ့ပြီးနောက်တွင် ဖန်းချင်းယွမ်ကို ပြောလိုက်သည်။
ဖန်းချင်းယွမ် ဒဏ်ရာရရှိပြီးကတည်းကပင် ရှေးဟောင်းနဂါးအမွေအနှစ် နယ်မြေ ဖွင့်လှစ်သည့် အချိန်တိုင်းတွင် ရှေးဟောင်းနဂါး မျိုးနွယ်စုမှ လူများသည် ကမ္ဘာ့စွမ်းအားကို ပြန်လည်ပြုပြင်နိုင်မည့် ရတနာကို ကြိုးစား၍ ရှာဖွေခဲ့ကြသည်။
သို့သော်လည်း ကမ္ဘာ့စွမ်းအားကို ပြန်လည်ပြုပြင်နိုင်မည့်ရတနာကို လုံးဝ ရှာမတွေ့ခဲ့ပေ။
ဤတစ်ကြိမ်တွင်မူ ကျန်းချန်သည် ရှေးဟောင်နဂါးအမွေအနှစ် နယ်မြေထဲတွင် လအနည်းငယ်သာ နေခဲ့ရသော်လည်း နယ်မြေနတ်ဘုရား သလင်းကျောက်ကို ရရှိခဲ့သည်။
နယ်မြေနတ်ဘုရား သလင်းကျောက်သည် နယ်မြေနတ်ဘုရားတစ်ပါး၏ အဆီအနှစ်များကို စုစည်းထားသည့် သလင်းကျောက် ဖြစ်သည်။
သာမန် နယ်မြေနတ်ဘုရား သလင်းကျောက်တစ်ခုပင် ဖန်းချင်းယွမ်၏ ကမ္ဘာ့စွမ်းအား ပျက်စီးမှုကို ပြုပြင်ရန် လုံလောက်သည်ထက် ပို၏။
ပြောနေစရာ မလိုလောက်အောက်ပင် ကျန်းချန် ယူဆောင်လာခဲ့သော နယ်မြေနတ်ဘုရား သလင်းကျောက်သည် အသက်လမ်းစဥ်ကို အဆင့်မြင့်မားစွာ နားလည်ထားသည့် နယ်မြေနတ်ဘုရား၏ သလင်းကျောက် ဖြစ်သည်။
ယင်းအတွက်ကြောင့် ဤနယ်မြေနတ်ဘုရား သလင်းကျောက်သည် ဖန်းချင်းယွမ်၏ ကမ္ဘာ့စွမ်းအားကို ပြန်လည်ပြုပြင်နိုင်မည့် မည်သည့် ရတနာထက်မဆို များစွာပို၍ ကောင်းမွန်၏။
"ကောင်လေး.. မင်းင့ါကို ဒီနယ်မြေနတ်ဘုရားသလင်းကျောက်ကို အမှန်တကယ်ပေးဖို့ ဆန္ဒရှိရဲ့လား...နယ်မြေနတ်ဘုရား သလင်းကျောက်ရဲ့ တန်ဖိုးက အတိုင်းအဆမရှိဘူး.. ဒါက မင်းအတွက် အသုံးပြုမယ်ဆိုရင်လည်း အရမ်းကို အသုံးဝင်တယ်.. နယ်မြေနတ်ဘုရား သလင်းကျောက်ရဲ့ စွမ်းအားကို စုပ်ယူလိုက်တာနဲ့ အနာဂတ်မှာ ကောင်းကင်နတ်ဘုရား နယ်ပယ်အဆင့်ကို ထိုးဖောက်နိုင်မဲ့အပြင် နယ်မြေနတ်ဘုရားအဆင့်ကို ထိုးဖောက်ဖို့ အတွက် ပိုပြီး လွယ်ကူသွားလိမ့်မယ်"
ဖန်းချင်းယွမ်က အသက်ကို ခပ်ပြင်းပြင်းရှူလိုက်ပြီး ကျန်းချန်ကို လေးနက်စွာ ပြောလိုက်သည်။
"ဒီနယ်မြေနတ်ဘုရား သလင်းကျောက်က အစကတည်းက အကြီးအကဲဖန်း အတွက်ပဲ ရည်ရွယ်ခဲ့တာပါ.. ဒီလိုမှမဟုတ်ရင်ကျွန်တော် အခုအချိန်အထိ သိမ်းဆည်းထားမှာ မဟုတ်ဘူး"
ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။
"ဒါ့အပြင် နယ်မြေနတ်ဘုရားသလင်းကျောက်က တန်ဖိုးရှိတယ်ဆိုပေမဲ့ ကျွန်တော့်အပေါ် ထားရှိတဲ့ အကြီးအကဲဖန်းရဲ့ ကြီးမားတဲ့ ကြင်နာမှုကို ဘယ်လိုလုပ်ပြီး ယှဥ်နိုင်မှာလဲ"
"ကောင်းပြီ ကောင်လေး.. မင်းရဲ့ကြင်နာမှုကို ငါမှတ်သားထားလိုက်ပါပြီ"
ဖန်းချင်းယွမ်က လေးနက်စွာ ပြောလိုက်ပြီးနောက်တွင် ကျန်းချန်ဆီကနေ နယ်မြေနတ်ဘုရား သလင်းကျောက်ကို လှမ်းယူလိုက်သည်။
ဤနယ်မြေနတ်ဘုရား သလင်းကျောက်ဖြင့် ဆိုလျှင် သူ၏ကမ္ဘာ့စွမ်းအားကို ပြန်လည်ပြုပြင်နိုင်သည် သာမက နယ်မြေနတ်ဘုရားအဆင့်ကို တစ်ထိုင်တည်း အဆင့်တက်နိုင်တော့မည် ဖြစ်သည်။
"အဘိုးကြီးဖန်း ဂုဏ်ပြုပါတယ်.. သိပ်မကြာခင်မှာ ငါတို့ရှေးဟောင်းနဂါး မျိုးနွယ်စုမှာ ဒုတိယမြောက် နယ်မြေနတ်ဘုရားတစ်ပါး မွေးဖွားလာတော့မယ် ထင်တယ်"
လုံကျန့်ရှင်းက ပြုံးလိုက်ပြီး ဂုဏ်ပြုစကား ပြောလိုက်သည်။
ဖန်းချင်းယွမ်က ခေါင်းခါရမ်းကာ မချိပြုံးပြုံးလိုက်၏။
"အခွင့်အရေးရှိတာကတော့ အမှန်ပဲ.. ဒါပေမဲ့ နယ်မြေနတ်ဘုရားအဆင့်ကို လွယ်လွယ်ကူကူ ထိုးဖောက်နိုင်မှာလဲ"
"ဘယ်လိုပဲဖြစ်ဖြစ် အဘိုးကြီးဖန်း.. ဒီနယ်မြေနတ်ဘုရားသလင်းကျောက်ရဲ့အကူအညီနဲ့ နယ်မြေနတ်ဘုရားအဆင့်ကို မင်း အမြန်ဆုံးထိုးဖောက်နိုင်အောင် ကြိုးစားရလိမ့်မယ်"
ထိုစကားကိုပြောနေသည့် လုံကျန့်ရှင်း၏ မျက်နှာအမူအရာသည် လေးနက်လာခဲ့သည်။
"အခု သွေးလမင်းကုန်းမြေက စတင်လှုပ်ရှားနေပြီ.. သိပ်မကြာခင်မှာ ကြီးမားတဲ့တိုက်ပွဲတစ်ခု ဖြစ်လာတော့မယ်လို့ ငါခံစားမိတယ်"
သွေးလမင်းကုန်းမြေနှင့် ရှေးဟောင်းနဂါး ကုန်းမြေတို့သည် နယ်မြေချင်း နီးစပ်သော ကုန်းမြေများ ဖြစ်ကြပြီး မကြာခဏတိုက်ပွဲဖြစ်လေ့ ရှိကြသည်။
ခွန်အားအရ သွေးလမင်းကုန်းမြေသည် ရှေးဟောင်းနဂါးကုန်းမြေထက် ပို၍ အားကောင်း၏။
ဖန်းချင်းယွမ်သည် နယ်မြေနတ်ဘုရားအဆင့်နှင့် အလွန်တရာ နီးစပ်သော နယ်မြေနတ်ဘုရားတစ်ပိုင်း ကျင့်ကြံသူတစ်ဦး ဖြစ်ခဲ့ဖူးသည်။
ထို့ကြောင့် ဖန်းချင်းယွမ်က နယ်မြေနတ်ဘုရားအဆင့်ကို မထိုးဖောက်နိုင်ခဲ့ပင်လျှင် လုံကျန့်ရှင်းသည် ဖန်းချင်းယွမ်၏ ဒဏ်ရာကို အလျင်အမြန်ဆုံး ပြန်လည် သက်သာစေချင်ခဲ့၏။
ထိုသို့မဟုတ်ဘဲ ကုန်းမြေနှစ်ခုကြား၌ မဟာစစ်ပွဲကြီး ဖြစ်ပွားခဲ့လျှင် ရှေးဟောင်းနဂါးကုန်းမြေ၏ အခြေအနေသည် အတော်လေး ဆိုးရွားလာနိုင်သည် မဟုတ်ပါလား။
"ကျန့်ရှင်း.. မင်းစိတ်မပူပါနဲ့.. ဒီနယ်မြေနတ်ဘုရားဘသလင်းကျောက်နဲ့ဆိုရင် အလွန်ဆုံး နှစ်ဝက်အတွင်းမှာ ငါ့ရဲ့အထွတ်အထိပ် အခြေအနေကို ပြန်လည် ရောက်ရှိနိုင်ပါတယ်"
ဖန်းချင်းယွမ်က ယုံကြည်မှုရှိစွာ ပြုံးလိုက်ပြီး လုံကျန့်ရှင်းကို ပြောလိုက်သည်။
"ဒါနဲ့ ကျန်းချန်ရဲ့လက်ရှိစွမ်းရည်က ရှန်လုံမြို့တော်ကို ဝင်ရောက်ဖို့ အရည်အချင်း ပြည့်မီနေပြီ.. မင်းသူ့ကို ရှန်လုံမြို့မှာ နေထိုင်ဖို့ စီစဥ်ပေးလို့ရမလား"
ကျန်းချန်၏ ကျင့်ကြံခြင်းအဆင့်သည် အဆင့်မြင့် ပကတိနတ်ဘုရား နှောင်းပိုင်းအဆင့်တွင်သာ ရှိသေးသော်လည်း ခြေလှမ်းတစ်ဝက် ကောင်းကင်နတ်ဘုရားအဆင့်ကိုပင် အလွယ်တကူ သုတ်သင်နိုင်နေပြီ ဖြစ်သည်။
ထိုအဆင့်ကို ရောက်ရှိရန်အတွက် ကျန်းချန်သည် နတ်ဘုရင်နည်းစနစ်အပေါ် လုံးလုံးလျားလျား မှီခိုလျှင်ပင် လုံလောက်မည် မဟုတ်ပေ။
ဖန်းချင်းယွမ်၏ ခန့်မှန်းချက်သာမမှားလျှင် ကျန်းချန်သည် ကိုယ်ခံပညာ ဥပဒေသ၏ မူလစွမ်းအားကို အနည်းဆုံး၃၊၄မျိုးခန့် နားလည်ထားပုံရ၏။
ဆိုရလျှင် ကျန်းချန်သည် ရှေးဟောင်းနဂါး မျိုးနွယ်စု၏ ကောင်းကင်နတ်ဘုရား အဆင့်အောက်တွင် နံပါတ်(၁)ပုဂ္ဂိုလ်ဟုပင် သတ်မှတ်နိုင်နေပြီ ဖြစ်သည်။
"ငါလည်း ကျန်းချန်ကို ရှန်လုံမြို့ဆီ ခေါ်ချင်ပါတယ်.. ဒါပေမဲ့ စည်းမျဥ်းစည်းကမ်းတွေကိုတော့ လိုက်နာရလိမ့်မယ်"
လုံကျန့်ရှင်းက ကူကယ်ရာမဲ့စွာဖြင့် ပြောလိုက်သည်။
"ငါသာ ကျန်းချန်ကို ရှန်လုံမြို့ထဲ ဝင်ရောက်ဖို့ တိုက်ရိုက်စီစဥ်ပေးလိုက်မယ်ဆိုရင် ဟိုလူက ငါ့ကို ထပ်ပြီး ပြဿနာလုပ်လာနိုင်တယ်"
"ငါသဘောပေါက်တယ် ကျန့်ရှင်း"
ဖန်းချင်းယွမ်က ခေါင်းညိတ်လိုက်သည်။
ရှန်လုံမြို့သို့ ကျန်းချန် ဝင်ရောက်နိုင်မည့် ကိစ္စနှင့် ပတ်သက်၍ ဖန်းချင်းယွမ်သည် သိပ်မစိုးရိမ်ခဲ့ပေ။
ကျန်းချန်၏ ခွန်အားဖြင့်ဆိုလျှင် နဂါးအစောင့်အရှောက်အကဲဖြတ်မှုသည် ပန်းခြံထဲတွင် လမ်းလျှောက်သလောက်သာဖြစ်နေလိမ့်မည် မဟုတ်ပါလော။
"ကျန်းချန်.. ငါမင်းကို အခု ကောင်းကင်နဂါးမြို့တော်ဆီ ပြန်ပို့ပေးမယ်.. မင်းကောင်းကင်နဂါး မြို့တော်ကို ရောက်ရင် နဂါးအစောင့်အရှောက်အဖြစ် အကဲဖြတ်ခံယူဖို့ လျှောက်ထားနိုင်တယ်.. အကဲဖြတ်မှုကို အောင်မြင်တာနဲ့ ရှန်လုံမြို့တော်ကို ဝင်ရောက်ပြီး လေ့ကျင့်နိုင်လိမ့်မယ်"
"အကြီးအကဲ စီစဥ်တဲ့အတိုင်း လိုက်နာပါ့မယ်"
ကျန်းချန်က လုံကျန့်ရှင်း၏ ရည်ရွယ်ချက်ကို နားလည်ခဲ့သည်။
အမှန်တကယ်လည်း သူသည် ရှန်လုံမြို့တော်သို့ ဝင်ရောက်လိုခြင်းမရှိသေးဘဲ ကောင်းကင်နဂါးမြို့တော်ကို ပြန်ချင်ခဲ့သည်။
ထို့အပြင် ကျွမ်းရှန့်ယန်၏ လျှို့ဝှက်ဆန်းကြယ်သော ရှင်သန်ထမြောက်လာမှုသည် ကျန်းချန်ကို အန္တရာယ်အရိပ်အငွေ့ တစ်ခုအား မသိစိတ်ကနေ ခံစားမိစေခဲ့သည်။
သူ့အနေဖြင့် ယခုအချိန်တွင် ရှန်လုံမြို့တော်သို့ ဝင်ရောက်ခဲ့လျှင် ပြဿနာများစွာ ဖြစ်လာနိုင်မည်ကို သူစိုးရိမ်မိသည်။
ထို့ကြောင့် ကျန်းချန်က ကောင်းကင်နဂါးမြို့တော်တွင် အချိန်တစ်ခုအထိ ကျင့်ကြံရန် စီစဥ်ခဲ့ပြီး ရှန်လုံမြို့သို့ ဝင်ရောက်ခြင်း မပြုခင် ကောင်းကင်နတ်ဘုရား နယ်ပယ်အဆင့်ကို ထိုးဖောက်ရန် ကြိုးစားချင်ခဲ့သည်။
သူက မဟာနဂါးနန်းတော်ကနေ အရင်းအမြစ် အများအပြားကို ရရှိခဲ့သည် ဖြစ်၍ ထိုအရင်းအမြစ်များကို အသုံးပြုပြီးသူ၏ စွမ်းအားကို တိုးတက်အောင် လုပ်ဆောင်နိုင်သည်မဟုတ်ပါလော။
တကယ်တမ်းတွင် အရင်းအမြစ် ပေါများနေသည့် သူ့အတွက် မည်သည့်နေရာတွင် လေ့ကျင့်သည်ဖြစ်စေ သိပ်ပြီးကွာခြားမှုမရှိပေ။
ဖန်းချင်းယွမ်ကို နှုတ်ဆက်ပြီးနောက်တွင် လုံကျန့်ရှင်း၏ လိုက်ပါ ပို့ဆောင်မှုအောက်၌ ကျန်းချန်သည် ကောင်းကင်နဂါးမြို့တော်၏ ဒသမတောင်ထွတ် ဆီသို့ လျင်မြန်စွာ ပြန်လည်ရောက်ရှိလာခဲ့သည်။
သို့သော်လည်း ယခုအခါတွင် ဒသမတောင်ထွတ်ကို နဝမတောင်ထိပ်ဟုပင် ခေါ်ဆိုနိုင်နေပြီ ဖြစ်သည်။
အကြောင်းအရင်းမှာ ပထမတောင်ထွတ်တွင် နေထိုင်သည့် မာနနဂါးအဆင့် တပည့်များထဲမှ ပထမနေရာ၌ရှိသော လုံဟောင်စန်းသည် ရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေထဲကနေ အသက်ရှင်လျက် ပြန်မလာနိုင်ခဲ့သောကြောင့်ပင်။
ထို့ကြောင့် သူနေထိုင်ခဲ့သည့် ပထမ တောင်ထွတ်ကို ရှေးဟောင်းနဂါး မျိုးနွယ်စု၏ခေါင်းဆောင် ဖြစ်သည့် အရှင်ကုလုံသည် ပြန်လည် သိမ်းယူသွားခဲ့သည်။
ယနေ့တွင်မူ ကောင်းကင်နဂါးမြို့တော်၌ တောင်ထွတ်ကိုးခုသာ ကျန်ရှိတော့၏။
"ကျန်းချန်.. နဂါးအစောင့်အရှောက် အကဲဖြတ်မှုကို အမြန်ဆုံးပါဝင်ပြီး ရှန်လုံမြို့တော်ကို လာခဲ့ပါ.. ငါနဲ့အကြီးအကဲဖန်းက မင်းကို ရှန်လုံမြို့ကနေ စောင့်နေမယ်"
လုံကျန့်ရှင်းက ကျန်းချန်ကို ကောင်းကင်နဂါးမြို့ဆီ ပြန်ပို့ပေးလိုက်ပြီးနောက်တွင် အလင်းတန်းတစ်ခု အဖြစ်သို့ ပြောင်းလဲကာ ကျန်းချန်၏ ရှေ့ကနေ ပျောက်ကွယ်သွားခဲ့သည်။
"နောက်ဆုံးတော့ ငါပြန်ရောက်လာခဲ့ပြီ.. လက်ရှိ ငါ့ရဲ့စွမ်းရည်နဲ့ဆိုရင် ကောင်းကင်နဂါးနန်းတော်ထဲမှာ အချိန်အကြာကြီး နေဖို့ လုံလောက်ပြီထင်တယ်"
လုံကျန့်ရှင်း ထွက်သွားပြီးနောက်တွင် ကျန်းချန်၏ မျက်ဝန်းသည် အနည်းငယ် တောက်ပလာခဲ့သည်။
သူက ကောင်းကင်နဂါးနန်းတော် ရှိရာဆီသို့ မျှော်ကြည့်လိုက်၏။
ကောင်းကင်နဂါးမြို့တော် ဆီသို့ သူပြန်လာချင်သည့် အဓိကအကြောင်းအရင်းမှာ ကောင်းကင်နဂါးနန်းတော်၏ ဆုလာဘ်ဖြစ်သည့် ရှေးဟောင်းနဂါး သွေးအဆီအနှစ်ကြောင့် ဖြစ်သည်။
ထိုရှေးဟောင်းနဂါး သွေးအဆီအနှစ်သည် အဆုံးမဲ့ အသုံးဝင်ပြီး သူ၏ကျင့်ကြံခြင်းကို များစွာ တိုးမြှင့်ပေးနိုင်ရုံသာမက နတ်ခန္ဓာပုံရိပ်ကိုလည်း တိုးတက်စေနိုင်သော အစွမ်းရှိသည်။
ကောင်းကင်နဂါးနန်းတော်တွင် အသက်ရှူကြိမ် ၃၀ကြိမ် နေနိုင်ပြီးနောက်တွင် ထပ်မံ နေနိုင်သည့် အသက်ရှူကြိမ်တိုင်း အတွက် ရှေးဟောင်းနဂါး သွေးအဆီအနှစ် တစ်စက်စီကို ရရှိနိုင်သည်။
ထို့အပြင် အချိန်ပို၍ ကြာကြာနေနိုင်သည်နှင့် အမျှ ကောင်းကင်နဂါးနန်းတော်မှ ချီးမြှင့်သော ရှေးဟောင်းနဂါးသွေးအဆီအနှစ်၏ အရည်အသွေးသည်လည်း ပို၍ မြင့်မားလာ၏။
ထိုအတွက်ကြောင့် ရှေးဟောင်းနဂါး သွေးအဆီအနှစ်ကို ရရှိနိုင်မည့် အခွင့်အရေးအား ကျန်းချန်သည် လက်လွှတ်မခံနိုင်ခဲ့ပေ။
ကျန်းချန်က စိတ်ထဲတွင် ဆုံးဖြတ်ချက် ချပြီးနောက်တွင် တုံ့ဆိုင်းမနေတော့ဘဲ အလင်းတန်းတစ်ခု အဖြစ်သို့ ပြောင်းလဲကာ ကောင်းကင်နဂါးနန်းတော် ဆီသို့ ပျံသန်းသွားခဲ့သည်။
အခန်း(၁၆၃၅)ပြီး၏။