← Chapters

ပထမဆုံးသော အတားအဆီးသော့

Vol. 22 Ch. 321

ပထမဆုံးသော အတားအဆီးသော့

Vol. 22 Ch. 321

မြို့တော်သို့သွားနေစဉ်တွင် ရှောက်ရွှမ်သည် ကျေးကျွန်များပြောနေသည့် အကြောင်းအရာများကို နားထောင်လာခဲ့လေသည်။ ကျေးကျွန်များသည် သတင်းအချက်အလက်များကို ကောင်းစွာမသိထားကြပေ။ သူတို့၏ အလုပ်မှာ က‌သောင်းကနင်းအဖြစ်များ ကြားထဲတွင် သူတို့၏ ဆရာသခင်များကို ကာကွယ်ပေးရန်သာ ဖြစ်သည်။ သူတို့သည် အခြားသူများကို သိပ်ပြီးဂရုမစိုက်ကြချေ။ ထို့ကြောင့် သူတို့သည် လဲ့နှင့်ထွော်တို့ကိုလည်း သတိမထားမိကြပေ။ သားရဲမြို့တော်သို့ ရှောက်ရွှမ် ရောက်လာသည့်အချိန်တွင် စူးကုသည် ဒေါသအလွန်ထွက်နေခဲ့ပြီဖြစ်သည်။ ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီးနောက် ဤမနက်တွင် ပုတ်သင်ညိုသားရဲကို တိုက်ခိုက်ရန် မခေါ်လာသည်ကို သူသတိပြုလိုက်မိသည်။ ကျေးကျွန်များ၏ အပြောအရ စူးကုသည် ထိုသားရဲကို တိုက်ခိုက်ရာတွင် ရှုံးနိမ့်ခဲ့သည်ဟု ဆိုလေသည်။ ရှောက်ရွှမ်ကို မြင်တွေ့လိုက်ရသည့်အခါတွင် စူးကု အမူအယာပုံမှန်ပြန်ဖြစ်သွားလေသည်။ ရှောက်ရွှမ်ကို သူ့အဖော်တစ်ယောက်အနေနှင့် ယူဆထားသဖြင့် သူသည် ရှောက်ရွှမ် အပေါ်တွင် အမြင်ကောင်းများ ရှိလေသည်။ “ သူတို့ဘယ်ကိုထွက်သွားတယ် ဆိုတာကို ငါမသိဘူး၊ သူတို့ကို ဘယ်သူကမှလည်း မတွေ့လိုက်ဘူး။ လိုက်ရှာဖို့ တစ်ယောက်ယောက်ကိုတော့ ငါ လွှတ်ခထားပေးတယ် “ စူးကုပြောလိုက်သည်။ သူသည် ထိုသို့မဖြစ်ခင် သူ့သားရဲတိုက်ခိုက်ခြင်းတွင် ရှုံးနိမ့်ခဲ့သည်ကို မပြောလိုနေပေ။ တိုက်ပွဲအဆုံးသတ်တွင် ကျွန်ပိုင်ရှင်များ ပြန်လည်ထွက်ခွာသွားကြစဉ် လဲ့နှင့်ထွော်တို့ ပျောက်နေကြခြင်းဖြစ်သည်။ ဤနေရာသည် ကျွန်ပိုင်ရှင်များ အုပ်စိုးသည့်နေရာတစ်ခုဖြစ်သည်။ အကယ်၍ မျိုးနွယ်စုမှ လူများသာ လျှောက်သွားနေခဲ့ပါက ပြဿနာများ ဖြစ်လာနိုင်သည်။ စူးကုနှင့် ရှောက်ရွှမ်တို့သည် ထိုအကြောင်းကို ပြောဖြစ်ကြသေးသည်။ လဲ့တို့နှစ်ယောက်သည် ယခင်က ကောင်းမွန်စွာ နေထိုင်ပြုမူခဲ့သော်လည်း ယခုတွင် သူတို့ပျောက်သွားလိမ့်မည်ဟု မတွေးထင်ထားမိခဲ့ကြပေ။ လဲ့နှင့်ထွော်တို့ မည်သည့်နေရာသို့ ရောက်သွား သည်ကို မည်သူမှမသိရပဲ ဖြစ်နေသည်။ သူ့အမြင်တွင် မျိုးနွယ်စုမှ လူများ၏ အပြုအမူသည် အမြဲတမ်း ဆန်းကြယ်နေခဲ့သည်။ ဇာတ်ကြောင်းကို နားထောင်ပြီးနောက် ရှောက်ရွှမ် ပြောလိုက်သည် “ ငါသူတို့ကို တခြားအလုပ်ခိုင်းထားတာလဲ မရှိနေပါဘူး။ ပြီးတော့ သူတို့ကို ဒီလို ကြုံရာ လျှောက်သွားကြမယ်လို့လည်း ငါမထင်ဘူး။ ကြည့်ရတာ ငါတို့မသိနိုင်တဲ့ တစ်ခုခုဖြစ်ခဲ့ပုံရတယ်၊ ဒါမှမဟုတ် သူတို့နှစ်ယောက် တစ်ခုခုကို တွေ့လိုက်လို့ဖြစ်ရမယ် “ “ သူတို့ ဘယ်မှာပျောက်သွားတာလဲ “ ရှောက်ရွှမ် မေးလိုက်သည်။ မြေပြင်ပေါ်တွင် ကသောင်းကနင်း တစ်ခုခုဖြစ်ခဲ့သည့် ခြေရာလက်ရာများ ရှိနေဆဲဖြစ်သည်။ လူများစွာနှင့် တိရိစ္ဆာန်များ၏ ခြေရာများသည် မြေပြင်ပေါ်တွင် ရှုပ်ထွေးနေခဲ့သည်။ “သူတို့က ငါနဲ့သိပ်မဝေးဘူး။ ကသောင်းကနင်းဖြစ်‌တော့ ၊ သူတို့က လူအုပ်ကြားထဲမှာ ပျောက်သွားတာ “ ။ ကသောင်းကနင်း လူပြိုသည့် နေရာကို ထပ်ကြည့်လိုက်ပြီးနောက် စူးကု အမူအယာ ပြောင်းလဲသွားသည်။ သူဒေါသထွက်နေစဉ်က ထိုအချက်ကိုမတွေးမိခဲ့ပေ။ ယခုတွင် သူသည် ပြန်လည် တည်ငြိမ်လာခဲ့ပြီဖြစ်သည်။ တစ်စုံတစ်ခုမှားနေသည်ဟုသူထင်နေသည်။ ထို့နောက် သူရှောက်ရွှမ်ကို ကြည့်ပြီးမေးလိုက်သည် “ မင်းဘယ်လိုထင်လဲ “ ရှောက်ရွှမ် ခေါင်းခါလိုက်သည် “ သံသယပဲ ရှိတယ် သေချာမသိသေးဘူး “ သူတို့နှစ်ယောက် ပျောက်သွားသည့်အချိန်တွင် မည်သူမှ သတိမထားမိခဲ့ပေ။ စူးကု စိတ်ဓါတ်ကျ သွားပြီး အပြစ်ရှိနေသည့် မျက်နှာဖြင့် ရှောက်ရွှမ်ကို စိုက်ကြည့်လိုက်ကာ “ သူတို့ကို ရှာဖို့ ငါ လူတွေလွှတ်ထားလိုက်မယ် “ “ အနံ့ခံကောင်းတဲ့ သေချာလေ့ကျင့်ထားတဲ့သားရဲတွေ ရှိရင်ပိုကောင်းတယ် “ ရှောက်ရွှမ် ပြောလိုက်သည်။ ရှောက်ရွှမ် ပြောသည်ကို နားထောင်လိုက်ပြီး သူဘာကို လုပ်ချင်နေသည်ကို စူးကုနားလည်သွားသည်။ ထို့ကြောင့် သူ့ဘေးတွင်ရှိနေသည့် ဝူရှစ်ကို စကားအနည်းငယ်ပြောလိုက်ပြီးနောက် လိုအပ်သည်များကို ပြန်ယူရန် စေလွှတ်လိုက်သည်။ ဝူရှစ် မည်သည့်စကားကိုမှ မပြောပဲ ဝံပုလွေနှင့်တူသည့် သားရဲနှစ်ကောင်ကို ခေါ်ပြီး ပြန်လာခဲ့သည်။ ထိုသားရဲများသည် တိုက်ခိုက်နိုင်စွမ်း နိမ့် ကျပေသည်။ သူတို့ကို အဓိက အသုံးပြုသည်မှာ ပျောက်ဆုံးထွက်ပြေးသည့် ကျေးကျွန်များကို လိုက်ရှာရန်နှင့် သားရဲများကို ခြေရာခံရာတွင်သာ အသုံးပြုကြခြင်းဖြစ်သည်။ ရှောက်ရွှမ် အလျင်အမြန်ပင် လဲ့နှင့်‌ထွော်တို့၏ အဝတ်များကို ပြန်ယူလိုက်လေသည်။ ထို့နောက် သားရဲများကို အနံ့ခံခိုင်းလိုက်သည်။ အဝတ်များကို အနံ့ခံကြည့်လိုက်ပြီးနောက် သားရဲနှစ်ကောင်သည် မြေပြင်ကို နမ်းရှုံ့လိုက်သည်။ ထို့နောက် အရပ်မျက်နှာတစ်ခုသို့ ပြေးထွက်သွားလေသည်။ “ အဲ့ဒီမှာပဲ “ စူးကု စိတ်အားတက်ကြွသွားသည်။ “ မြန်မြန်လေး “ တစ်ချိန်တည်းတွင်ပင် စူးကု တွေးနေမိသည်။ လဲ့နှင့်ထွော်တို့သည် ခွင့်ပြုချက်မရပဲ ထွက်သွားကြခြင်းဖြစ်သည်။ အကယ်၍ အခြားသူများသာ ဆိုလျှင် သူသည် ခွင့်လွှတ်လိမ့်မည် မဟုတ်ပေ။ စူးကုနှင့်ရှောက်ရွှမ်တို့ အချိန်တစ်ခုကြာသည့်အချိန်တွင် သားရဲများ ရပ်တန့်သွားသည်ကို တွေ့လိုက်ပြီး စိတ်ဓါတ်ကျသွားကြသည်။ “ ဘာမှ မရလိုက်ဘူးလား။ သူတို့က ထပ်မရှာနိုင်ကြ‌တော့ဘူးလား “ စူးကု ဘေးပတ်ဝန်းကျင်ကို လေ့လာလိုက်သည်။ ကျွန်ပိုင်ရှင်များသည် အမျိုးမျိုး‌သော သားရဲများကို စီးနင်းနေကြလေသည်။ ကျွန်များသည်လည်း အသီးသီးသွားလာနေကြပြီး တစ်စုံတစ်ယောက်ကိုမှ မေးမြန်း၍ ရမည့်ပုံမပေါ်ပေ။ မြေပြင်ရှိ ခြေရာများသည် အခြားခြေရာများဖြင့် ဖုံးလွှမ်းခြင်းကို ခံလိုက်ရပြီဖြစ်သည်။ ထို့ကြောင့် သူတို့သည် အသုံးဝင်သည့် ခြေရာလက်ရာများကို မတွေ့နိုင်တော့ပေ။ ရှောက်ရွှမ် သူတိုကို ဆက်သွယ်နိုင်ရန်အတွက် လေချွန်ကြည့်လိုက်သည်။ သူတို့ထံမှ တုန့်ပြန်မှုတစ်ခုကိုမှ မကြားရပေ။ ညနေစောင်းသည်အထိ မည်သည့် ခြေရာလက်ရာမှ လည်း မတွေ့ရပေ။ ချာချာသည် မြို့တော်ပတ်ဝန်းကျင်တွင် ပျော်မြူးနေခဲ့သော်လည်း ရှောက်ရွှမ် ခေါ်လိုက်သည့်အချိန်တွင် ပြန်ရောက်လာခဲ့သည်။ တဲအိမ်သို့ပြန်ရောက်သည့်အချိန်တွင် ရှောက်ရွှမ် မြက်ခြောက်များကို လေ့လာလိုက်သည်။ မြက်ခြောက်များသည် အသုံးမပြုထားသည့်အလား ပျော့ပျောင်းနေဆဲဖြစ်သည်။ အသက်ကို ပြင်းပြင်းရှုလိုက်ပြီး စိတ်ကိုတည်ငြိမ်စေလိုက်သည်။ သူ တည်ငြိမ်သွားသည့်အချိန်တွင် မြက်များကို လက်တဖက်ဖြင့်ဆုပ်ကိုင်လိုက်ပြီး သူ့စွမ်းအားများကို လှည့်ပတ်လိုက်သည်။ သူသည် ဤနည်းလမ်းဖြင့် လဲ့နှင့်ထွော်တို့၏ တည်နေရာကို ခန့်မှန်းလိုနေသည်။ သို့သော်လည်း ရှောက်ရွှမ် ခေါင်းမူးသည်ကို ခံစားလိုက်ရလေသည်။ ယနေ့တွင် သူသည် အတားအဆီးသော့ကို ချိုးဖြတ်နိုင်ရန် အကြိမ်များစွာ ကြိုးစားခဲ့လေသည်။ ထို့ကြောင့် သူ့စွမ်အားများကို များစွာ အသုံးပြုခဲ့ရသည်။ ထို့ကြောင့် ကြိုးဂမ္ဘီရ ပညာကို အသုံးချခြင်းသည် သူ့ကို သာမန်ထက် ပိုပြီးပင်ပန်းစေသည်။ သူ့ခေါင်းကို ငုံ့လိုက်ပြီး အသိစိတ်ကို တည်ငြိမ်စေရန် ပြုလုပ်လိုက်သည်။ ရှောက်ရွှမ် သူ့လက်ထဲမှ ကြိုးထုံးကို ကြည့်လိုက်ပြီး ကြိုးထုံးမှ ကောက်ချက်ကို လေ့လာလိုက်သည်။ သူ့မျက်ခုံးများ တွန့်ကွေးသွားပြီး မျက်လုံးများတွင် လေးနက်မှုများ ပြည့်လာခဲ့သည်။ ထိုအချိန်တွင် စူးကုတံခါး လာခေါက်လေသည်။ ရှောက်ရွှမ် တံခါး ကို ဖွင့်ပေးလိုက်သည်။ တံခါးဘေးတွင် စူးကု အားနည်းစွာရပ်နေသည်ကို သူမြင်လိုက်ရသည်။ စူးကု ကျွန်များကို ဝင်ခွင့်မပြုပဲ သူတစ်ယောက်တည်း အခန်းတွင်းသို့ ဝင်လာခဲ့သည်။ သူရှောက်ရွှမ်ကို ကြည့်လိုက်ပြီး မေးလိုက်သည်။ “ လဲ့နဲ့ထွော်တို့ အကြောင်း မင်းသိရပြီလား “ “ ပိုင်ရှီမြို့တော် “ ရှောက်ရွှမ် ရိုးရှင်းစွာ ပြောလိုက် သည်။ စူးကု အံ့သြသွားလေသည်။ ရှောက်ရွှမ်ထိုသို့ခန့်မှန်းလိုက်မည်ဟု သူမထင်ထားခဲ့ပေ။ သို့သော်လည်း ရှောက်ရွှမ်၏ ခန့်မှန်းတွက်ချက်နိုင်စွမ်းကို တွေးမိလိုက်သည့်အချိန်တွင် သူ စိတ်သက်သာရာရသွားလေသည်။ စူးကု အဝတ်အပိုင်းတစ်ခုကို ရှောက်ရွှမ်ကို ကမ်းပေးရင်းပြောလိုက်သည်။ “ ဒါကို ကြည့်ဦး၊ တစ်ယောက်ယောက် ပို့လိုက်တာ “ ထိုအဝတ်စသည် ရှောက်ရွှမ် ဝတ်ဆင်ထားသည်နှင့် တူနေသည်။ သိသာစွာပင် ၎င်းသည် လဲ့နှင့်ထွော်တို့ထံမှ ဖြတ်ယူထားခြင်းဖြစ်သည်။ အဝတ်စပေါ်တွင် ရေးထားသည့် စာများရှိ‌နေခဲ့သည်။ “ ပြိုင်ပွဲစင်မြင့် ဆီမှာ လာတွေ့ပါ “ သူ့ခေါင်းကို ကုတ်လိုက်ပြီး စူးကု မည်သို့ပြောရမည်ကို မသိတော့ပေ။ ရှောက်ရွှမ် ပိုင်ရှီ မြို့တော်မှ လူများထံသို့ တိုက်ရိုက်သွားမည်ကို သူစိတ်ပူနေခဲ့သည်။ ထို့ကြောင့် သူအကြံပေးလိုက်လေသည်။ “ မင်း ပိုင်ရှီမြို့တော် ဆီကို မသွားသင့်ဘူး၊ မင်းပြန်လာလို့မရတာ ဖြစ်နိုင်တယ် “ “ စိတ်ချပါ။ ငါသိပါတယ် “ ရှောက်ရွှမ် ပြောလိုက်သည်။ သူ အဝတ်စကို ဘေးတွင်ထားလိုက်ပြီး ပြောလိုက်သည် “ ငါ ဒီအဝတ်စကို ယူထားလိုက်မယ် “ “ ရတယ် “ စူးကု ထပ်မပြောတော့ပေ။ ထို့နောက် စူးကုထွက်ခွာသွားသည်။ ရှောက်ရွှမ် တစ်ညလုံး သူ့အခန်းထဲတွင် စဉ်းစားနေခဲ့သည်။ သူသည် အနည်းငယ်မျှ အိပ်ငိုက်ခြင်းမရှိပဲ တဖက်လူများ လဲ့နှင့်ထွော်တို့ကို ခေါ်ဆောင်သွားရခြင်း၏ ရည်ရွယ်ချက်ကို တွေးနေခဲ့သည်။ နောက်နေ့တွင် စူးကုသည် သားရဲမြို့တော်ဆီသို့ သွားခြင်းမရှိတော့ပေ။ ကင်းမြီးကောက်သည် ပိုင်ရှီမြို့တော်မှ လာခြင်းဖြစ်သည်ကို သူသိလိုက်သည့်အခါတွင် ဒေါသများထွက်နေခဲ့သည်။ သူကျွန်ပြုထားသည့် သားရဲနှစ်ကောင်တွင် ကင်းမြီးကောင် တစ်ကောင်သာ ကျန်တော့ခြင်း ဖြစ်သည်။ ကျေးကျွန်များသည် ဆေးဖက်ဝင်အပင်များကို သားရဲကို ကြွေးမွေးနေကြလေသည်။ သူသည် သားရဲငယ်များကို ဖမ်းပြီး ဆေးဖက်ဝင်အပင်များ အလုပ်လုပ်မလုပ်ကို လေ့လာနေခဲ့သည်။ ရှောက်ရွှမ် ချာချာကို ခေါ်ရန်မှလွဲပြီး အပြင်မ ထွက်ပေ။ ထို့အပြင် ပိုင်ရှီမြို့တော် လူများ ဖက်သို့လည်း မသွားပေ။ စူးကုထင်သည်မှာ ပိုင်ရှီမြို့တော်မှ လူများ ထိုသို့လု၇်ရခြင်းမှာ ကျွန်ပိုင်ရှင်များနှင့် ကျေးကျွန်များ ကြားမှ အညိုးအတေးများကြောင့် ဖြစ်သည်ဟု ထင်သည်။ သူ့နှလုံးသားထဲတွင် ရှောက်ရွှမ် ထိုနေ့က အပြင်မထွက်ခဲ့သည်အတွက် ကျေနပ်နေခဲ့သည်။ ထိုအချိန်တွင် ရှောက်ရွှမ်သည် အခြားအကြောင်းအရာများကို စဉ်းစားနေခဲ့လေသည်။ ဖြစ်နိုင်သည်မှာ တောက်ယွီသည် ဤကိစ္စနောက်တွင် ရှိနေခြင်း ဖြစ်နိုင်ပေသည်။ သို့သော်လည်း သူမည်သို့စီစဉ်ထားသည်ကိုတော့ မသိနေပေ။ တောက်ယွီ.......... ရှောက်ရွှမ် သူ့လက်ကို ခါးပေါ်သို့ တင်ထားလိုက်သည်။ စူးကု အပြောအရ ရှောက်ရွှမ်သာ ပိုင်ရှီမြို့တော် တဲအိမ် ဆီသို့သွားလျှင် သူပြန်လာ၍ မရနိုင်ခြင်း ဖြစ်နိုင်သည်ဟု ဆိုသည်။ ထို့အပြင် သူ့ခွန်အားအရ ပိုင်ရှီမြို့တော်ဖက်မှ လူအားလုံးကို အနိုင်မယူနိုင်ကြောင်းလည်း ရှောက်ရွှမ်သိနေခဲ့သည်။ တဖက်မှလူသည် အဝတ်စ တစ်စကို ပေးခဲ့ပြီး သူတို့နှင့်တွေ့ရန် ပြောခဲ့လေရာ သူတို့ဖက်မှ ကြိုတင်ပြင်ဆင်မှုများ လုပ်ထားမည်ဖြစ်သည်။ တစ်ညတာ စဉ်းစားလိုက်ပြီးနောက် ထိုကိစ္စနှင့်ပတ်သက်ပြီး မည်သို့လုပ်ရမည်ကို သူမသိသေးချေ။ ရှောက်ရွှမ် သူ့အခန်းတွင်း၌သာ ထိုင်နေခဲ့သည်။ တဖက်မှလူများသည် “ ပြိုင်ပွဲစင်မြင့်တွင် တွေ့မည် “ ဟု ပြောထားသဖြင့် သူ့အနေဖြင့် သားရဲတိုက်ခိုက်မှုများကို ပြုလုပ်ရမည်လော..........။ ထိုသို့ဆိုလျှင် မည်သို့ တိုက်ခိုက်ရမည်နည်း.......။ သူစဉ်းစားနေစဉ် အသံတစ်ခုကို ရှောက်ရွှမ်ကြားလိုက်ရသည်။ သူမြေပြင်ကို ကြည့်လိုက်ရာတွင် အပြာရောင်နွားချေးပိုးကောင်ငယ်ကို တွေ့လိုက်ရသည်။ သူ အတွေးများစွာဖြင့် ပိုးကောင်ကို စိုက်ကြည့်နေလိုက်သည်။ ပိုးကောင်သည် ပြန်လည်ထွက်သွားရန် ကြံစည်နေရာ ရှောက်ရွှမ် ပြောလိုက်လေသည် “ ပြန်လာခဲ့ “ မြေတွင်းထဲပြန်ဝင်ရန် ပြင်ဆင်နေသည့် ပိုးကောင် သည် သူ့စကားကြောင့် နောက်ပြန်ဆုတ်လာခဲ့သည်။ ရှောက်ရွှမ် ပိုးကောင်ကို လက်လှမ်းလိုက်သည်။ သူသည် ယခင်က နောက်ပိုင်းမှသာ ပိုးကောင်၏ အတားအဆီးသော့များကို ဖျက်ပေးရန် စဉ်းစားထားခဲ့သည်။ ယခုတွင် လဲ့နှင့်ထွော်တို့ ပျောက်နေပြီဖြစ်သည်။ ရှောက်ရွှမ် စိတ်ပြောင်းသွားလေပြီ။ သူသည် ပိုးကောင် ၏ ပထမအတားအဆီးသော့ကို ဖျက်ပေးရန် ကြံစည်လိုက်သည်။ ရှောက်ရွှမ် လက်များပေါ်တွင် အပြာရောင်မီးတောက် တစ်ခု ပေါ်လာပြီး ပိုးကောင်သည် ရှောက်ရွှမ်၏ ရည်ရွယ်ချက်ကို သိနေဟန် ရသည်။ ၎င်းသည် ထိုနေရာတွင်သာ လိုက်နာစွာဖြင့် ရှိနေခဲ့သည်။ ၎င်းသည် စိတ်လှုပ်ရှားနေဟန်ဖြင့် မြေချေးလုံးပေါ်မှ သူ့ခြေထောက်များကို လှုပ်ယမ်းနေခဲ့လေသည်။

All Chapters