အဆင့်တက်ခြင်း
Vol. 22 Ch. 324
ကသောင်းကနင်းအဖြစ်အပျက်များအတွင်း ရှောက်ရွှမ်သည်လည်း လဲ့နှင့်ထွော်တို့ နည်းတူပျောက်ဆုံးသွားမည်ကို စူးကု ကြောက်နေခဲ့သည်။ ရှောက်ရွှမ်လုံခြုံသည်ကို မြင်လိုက်ရသည့်အချိန်မှသာ စူးကု စိတ်သက်သာရာရသွားသည်။
“ မင်းအဆင်ပြေရဲ့လား “ စူးကုမေးလိုက်ပြီး ရှောက်ရွှမ် ပုခုံးကို ညွှန်ပြလိုက်ကာ “ အဲ့ဒါ ဘာလဲ “
ရှောက်ရွှမ်လှည့်ကြည့်လိုက်သည်တွင် သူ့အဝတ်ပေါ်၌ အပ်တစ်ချောင်းနှင့်တူသည့် မျဉ်းကြောင်းတစ်ခုကို သူတွေ့လိုက်ရသည်။ ဤသည်မှာသူအသုံးပြုသည့် ပိုးကြိုးမဟုတ်နေပေ။ သူထိုအရာကိုထုတ်ယူကြည့်လိုက်ပြီးနောက် ရုတ်တရက်ပြောလိုက်သည် “ အိုးဖြစ်နိုင်တာက ကြွက်ကြီးရဲ့ နှုတ်ခမ်းမွေးထင်တယ် “
ကြွက်ကြီးရဲ့နှုတ်ခမ်းမွေးက မင်းအပေါ်ကိုဘယ်လိုလုပ်ပြီးတော့ ရောက်နိုင်မှာလဲ ..... စူးကု တွေးမိလိုက်သည်။ ထိုကြွက်ကြီးများသည် သူတို့ပြေးလွှားကြသည့်အချိန်တွင် သူတို့၏ နှုတ်ခမ်းမွေးများကို နှုတ်ပစ်ကြလေသလော........။ မည်သည့်ကြွက်ကြီးက ထိုသို့ပြုလုပ်ခဲ့သည်ကိုတော့ သူမသိနေပေ။
ရှောက်ရွှမ်အဆင်ပြေနေသည်ကို တွေ့လိုက်သဖြင့် စူးကု ကင်းမြီးကောက်ကို ထိန်းကြောင်းနေသည့် ကျွန်များကို ကြည့်လိုက်သည်။ ရုတ်တရက်ဖြစ်ပေါ်ခဲ့သည့် ဖရိုဖရဲအဖြစ်ကြောင့် လူများ ရှုပ်ထွေးသွားခဲ့ရသည်။ သူ့လောင်းကြေးကိုပင် မရလိုက်ပေ။ သူသည် နောက်တစ်ကြိမ်မှသာ ပိုင်ရှီမြို့တော် လူများထံမှ လောင်းကြေးများကို တောင်းယူရမည်ဖြစ်သည်။
အချိန်နောက်ကျနေလေပြီ။ စူးကုသည် သားရဲမြို့တော်တွင် မနေ ခဲ့ပဲ ကျွန်များနှင့်အတူ ပြန်လာခဲ့လေသည်။
လော့ယဲ့မြို့တော် တဲအိမ်သို့ပြန်ရောက်သည်နှင့် ရှောက်ရွှမ် စားသောက်လိုက်ပြီး အနားယူလိုက်သည်။ ထို့နောက် သူ့သိမ်းငှက်ပေါ်သို့ တက်လိုက်ပြီး အဆင့်တက်ရန် နေရာတစ်ခုကို လိုက်ရှာလိုက်သည်။
ရှောက်ွရွှမ်သည် ချာချာကို သားရဲမြို့တော် သဲကန္တာရ ဆီသို့ လွှတ်လပ်စွာ ပျံသန်ခိုင်းလိုက်လေသည်။ သဲများကြားတွင် ထိုးထွက်နေသည့် သဲတောင်များကို သူကြည့်နေခဲ့သည်။
မည်သည့်လှုပ်ရှားမှုမှ ထိုနေရာတွင် မရှိနေခဲ့ပေ။ ကန္တာရ သားရဲတချို့သာ ရှိနေခဲ့သည်။
“ ဒီမှာ “ ရှောက်ရွှမ် ချာချာကို အောက်ဆင်းခိုင်းလိုက်သည်။
ရှောက်ရွှမ်ရွေးချယ်လိုက်သည့်နေရာသည် သဲတောင်နှစ်ခုကြားတွင်ဖြစ်သည်။ အဝေးမှကြည့်လျှင် လူများသည် ထိုနေရာကိုသဲကွဲစွာ တွေ့နိုင်လိမ့်မည် မဟုတ်ပေ။
ချာချာသည် သဲတောင်တစ်ခုပေါ်တွင် ရပ်တန့်နေပြီး သူ့ကို စောင့်ကြည့်ပေးနေခဲ့သည်။
ညရောက်လာလေပြီ။
ကြီးမားကျယ်ပြန့်သည့် ကန္တာရအတွင်းတွင် လနှစ်စင်းသည် နီးကပ်နေခဲ့သည်။
လရောင်သည် အောက်ဖက်ရှိ နှင်းပြင်ပေါ်တွင် ထင်ဟပ်နေသည်။ ကန္တာရသည် ထို့ကြောင့် နှင်းပြင်ကြီးတစ်ခုနှင့်တူနေခဲ့လေသည်။
လရောက်အောက်တွင် အရာအားလုံးသည် ကြည်လင်နေခဲ့သည်။ အကယ်၍ သင်သာ သဲသောင်ပေါ်တွင် မတ်တပ်ရပ်နေခဲ့လျှင် သေးငယ်သော သားရဲလေးများ ကျက်စားနေကြသည်ကို မြင်နိုင်ပေသည်။
ရှောက်ရွှမ်သဲများ ပေါ်တွင် ထိုင်ချလိုက်သည်။ ထို့နောက် သူ့မျက်လုံးများကို မှိတ်ထားလိုက်ပြီး သူ့ခေါင်းထဲမှ နတ်မီးတောက်များကို အာရုံခံနေလိုက်သည်။
သူ့ခန္ဓာကိုယ်အတွင်းမှ စွမ်းအားများ စတင်
လှုပ်ရှားလာခဲ့ပြီး သူ့သွေးကြောဆုံမှတ်များ နှင့်သွေးကြောများအတွင်း စီးဆင်းသွားလေသည်။
အလယ်အလတ် နှင့် စီနီယာအဆင့် မျိုးနွယ်စုစစ်သည်တော်များသည် ခန္ဓာကိုယ်အင်အားတွင်များစွာ ကွာခြားကြလေသည်။ ထို့ကြောင့်ပင် အရိုးများ၊ ကြွက်သားများ၊ သွေးကြော ဆုံမှတ်များ၊ သွေဂကြောများသည်လည်း ထိုတိုးတက်လာသည့်အင်အားကို ခံနိုင်စေရန်အတွက် ပိုပြီး ကြံခိုင်လာကြလေသည်။
သာမန်အခြေအနေများတွင် ထိုကဲ့သို့သော ပြောင်းလဲမှုသည် အချိန်ကြာမြင့်ပေသည်။ မီးတောက် သလင်းကျောက်၏ အကူအညီဖြင့်ပင် ပြောင်းလဲမှုသည် အလွန်မများပေ။ မီးတောက်သလင်းကျောက် ပါမှသာ ငြင်သာစွာပြောင်းလဲနိုင်ခြင်းလည်း ဖြစ်လေသည်။ ထို့ကြောင့်ပင် မျိုးနွယ်စုမှလူများသည် မီးတောက်သလင်းကျောက်ကို ရူးသွပ်စွာပင် အသုံးပြုကြ
ခြင်းဖြစ်သည်။ ကံမကောင်းသည်မှာ ယခုရှောက်ရွှမ်သည် အဆင့်တက်ရန်အတွက် မီးတောက်သလင်းကျောက်ကို အသုံးမပြုနိုင်ခြင်း ဖြစ်လေသည်။ မျိုးနွယ်စုမှ လူများ အဆင့်တက်ရန်အတွက် မီးတောက်သလင်းကျောက်ကို အသုံးပြုကြသည့်အချိန်များတွင် ရှောက်ရွှမ်သည် ပင်ပန်းနွမ်းနယ်မှုများကို သက်သာစေရန်အတွက်သာ အသုံးပြုခဲ့ဖူးသည်။
ယခုတွင်မူ သူ့အတွက် အခွင့်အရေး ရလာခဲ့ပြီဖြစ်သည်။
သူ့စိတ်ထဲတွင် နတ်မီးတောက်များ တောက်ပလာခဲ့သည်။ မီးတောက်များသည် ပို၍ ရှည်လျားကြီးမားလာကြလေသည်။ သူတို့အထဲတွငင် အနီရောင်နှင့် အပြာရောင်မီးတောက်များသည် အသိသာဆုံးဖြစ်ကြလေသည်။ မီးတောက်များ တဖြေးဖြေးချင်းဖြန့်ကားလာကြသည်။
နတ်မီးတောက်များ၏ ပြောင်းလဲမှုဖြင့် သူ့ခန္ဓာကိုယ်အတွင်းမှ အမှတ်အသားတိုင်းသည် မြစ်တစ်စင်းသဖွယ် လှုပ်ရှားလာခဲ့သည်။ ရုတ်တရက် ထိုစွမ်းအားများသည် ပေါက်ကွဲစီးဆင်းလာကြလေသည်။ ချိုးဖြတ်စမ်း၊ ချိုးဖြတ်စမ်း......... နောက်ထပ် ချိုးဖြတ်လိုက်ဦး.......။ သူ့သွေးကြော ဆုံမှတ် မရီဒျန်များသည် ကျယ်ပြန့်လာခဲ့ပြီး ခိုင်မာလာကြသည်။ သူ့ကြွက်သားတိုင်းသည်လည်း ပြောင်းလဲလာခဲ့လေပြီ။
နာကျင်မှုသည် သိသာလာခဲ့သည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံးကို သန်းပေါင်းများစွာသော ဆူးချွန်များဖြင့် ထိုးစိုက်နှိပ်စက်နေသည့်သဖွယ် ဖြစ်လာခဲ့သည်။ သူ့ကြွက်သားများသည်လည်း နေရာအနှံ့ တွန့်ကွေးတက်လာခဲ့သည်။ သူ့နှဖူးမှ ချွေးများ စီးဆင်းကျလာခဲ့ပြီး သူ့အသက်ရှုခြင်းသည်ပင် ခက်ခဲလာခဲ့သည်။
သူ့အင်္ကျီအတွင်းမှ လက်များသည် ယောင်ကိုင်းနေခဲ့လေပြီ။ အကယ်၍ အင်္ကျီလက်များကို ပင့်တင်လိုက်လျှင် သူ့လက်မောင်းများတွင် သွေးကြော များဖောင်းတက်နေသည်ကို တွေ့မြင်နိုင်သည်။ မူလ ရှိနေသည့် မျိုးနွယ်စု အမှတ်အသားများသည် ပြောင်းလဲလာကြပြီး နဂိုလ် အနက်ရောင်မှ မီးတောက် အရောင်သို့ ပြောင်းလဲသွားသည်။ သူစွမ်းအင်နှိုးထစဉ်က မီးတောက်တွင်းဘေးတွင် ဖြစ်ခဲ့သည်နှင့်ပင် တူနေသေးသည်။ တစ်ချက်ကြည့်လိုက်လျှင် ထိုအရာသည် ကြမ်းတမ်းသော မီးတောင်ချော်ရည် ပုံကို ရေးဆွဲထားသည်နှင့် တူနေလေသည်။
မီးတောက် အရောင်ဖြစ်နေသည့် မျိုးနွယ်စု အမှတ်အသားများသည် သူ့လက်မောင်းတလျှောက် စီးဆင်းနေခဲ့သည်။ ထို့နောက် သူ့တံတောင်ဆစ်.... ထို့နောက် လက်ကောက်ဝတ် ထိသို့တိုင် ရောက်သွားကြသည်။ ထိုအမှတ်အသားများစီးဆင်းနေသည်ကို မည်သည့်အရာကမှ ရပ်တန့်နိုင်ခြင်း မရှိဟန်တူသည်။
အမှတ်အသားများ ပိုပြီးတောက်ပလာခဲ့သည်။ စုဝေးနေမှုသည် အဆင့်ချိုးဖြတ်ရန်အတွက် အသင့်ဖြစ်နေဟန် ရှိသည်။
သဲတောင်များ၏ အပေါ်တွင် ချာချာသည် သတိရှိရှိဖြင့် သူတို့ပတ်ဝန်းကျင်ကို စစ်ဆေးနေဆဲဖြစ်သည်။ အကယ်၍ တစ်စုံတစ်ယောက်သာ ရှောက်ရွှမ်ထံသို့ တိတ်တဆိတ် ရောက်လာခဲ့လျှင် သူတို့သည် ချာချာကြောင့် ဒဏ်ရာရသွားကြမည် ဖြစ်သည်။
ရုတ်တရက် ချာချာ တစ်စုံတစ်ခုကို ကြားလိုက်ရသည်။ သူ့စူးရှသည့် မျက်လုံးများသည် ရှောက်ရွှမ်ထိုင်နေသည့် နေရာနှင့်မဝေးသော နေရာတစ်ခုကို စိုက်ကြည့်နေခဲ့သည်။
ချာချာ သူ့တောင်ပံများကို တိတ်တဆိတ်ဖြန့်ကားထားလိုက်သည်။ အကယ်၍ ရှောက်ရွှမ် ထံတွင် တစ်စုံတစ်ခုဖြစ်လာခဲ့လျှင် ၎င်းသည် ချက်ချင်းပင်တိုက်ခိုက်လိမ့်မည် ဖြစ်သည်။ သို့သော်လည်း အသံထွက်လာရခြင်းသည် သေးငယ်သော သားရဲလေးများထံမှသာဖြစ်သည်။ ထို့ကြောင့် ရှောက်ရွှမ် အဆင့်တက်ခြင်းကို အနှေင့်အယှက်ဖြစ်စေလိမ့်မည် မဟုတ်ပေ။
သဲထဲတွင် မြေတွင်းတစ်ခု ဖြစ်နေခဲ့သည်။ ထိုမြေတွင်းထဲမှ ခြေတံလက်တံများစွာရှိသော ဖရဲသီးနှင့်တူသည့် အငးဆက်တစ်ကောင် ထွက်လာလေသည်။
ချာချာသည် မြေဆွေးလုံးပြုလုပ်နေတတ်သည့် အင်းဆက်ကို မြင်ဖူးပြီးသားဖြစ်လေသည်။
ရှောက်ရွှမ်သည် ချာချာကို ထိုအင်းဆက်ကို ဂရုမ
စိုက်ရန်ပြောထားခဲ့သည်။ ထို့ကြောင့် ယခုအင်းဆက်ကို မြင်လိုက်သည့်အခါတွင်လည်း ချာချာ ဂရုမစိုက်နေတော့ပဲ တောင်ပံများကို ပြန်သိမ်းထားလိုက်သည်။
ပိုးကောင်သည် ရှောက်ရွှမ်ကို လှည့်ပတ်နေခဲ့လေသည်။ သို့သော် အနားသို့ကပ်လာရဲခြင်း မရှိပေ။ ကြည့်ရသည်မှာ ၎င်းသည် ရှောက်ရွှမ် ခန္ဓာကိုယ်ထဲတွင် လှည့်ပတ်နေသည့် စွမ်းအားများကို ထိတ်လန့်ဟန်တူသည်။ ၎င်းသည် မိတ်ဆက်ရမည့် အချိန်မဟုတ်သည်ကိုသိနေသည့်ပုံဖြင့် အနားတွင်သာ ပတ်သွားနေခဲ့သည်။ ယနေ့တွင် သူသည် ရှောက်ရွှမ်ကို တဲအိမ်တွင် မတွေ့ခဲ့ပေ။ ထို့ကြောင့် သူသည် တဲအိမ်မှ ထွက်လာခဲ့ပြီး ရှောက်ရွှမ်ကို အာရုံခံကာ လိုက်လာခဲ့ခြင်းဖြစ်သည်။
ရှောက်ရွှမ် ဤတစ်ကြိမ်အဆင့်တက်ခြင်းသည် တိုတောင်းနေခြင်း မရှိပေ။ ညမှောင်စပျိုးသည့်အချိန်မှ စလိုက်သည့်အဆင့်တက်ခြင်းသည်
နောက်နေ့ နေထွက်သည့်အချိန်အထိ ဆက်ဖြစ်နေခဲ့သည်။
ချာချာ သူ့ခေါင်းကိုလှည့်ပတ်လိုက်သည်။ ထို့နောက် သူ့ခန္ဓာကိုယ်ကို အကြောလျော့လိုက်ပြီး ပျံသန်းသွားလိုက်သည်။ သူသည် နိမ့်နိမ့်သာ ပျံသန်းနေခဲ့ပြီး ပတ်ဝန်းကျင်ကို လေ့လာနေခဲ့လေသည်။ အခြား လူများနှင့် အန္တရာယ်ပေးနိုင်သည့် သားရဲများ မရှိနေကြောင်း သေချာသွားမှသာ သူသည် ရပ်တန့်လိုက်ပြီး မူလနေရာတွင် ပြန်ထိုင်နေလိုက်သည်။
ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်သည်တွင် ပိုးကောင်သည် သဲတောင် တဖက်ဆီသို့ ပြေးသွဦးသည်ကို ချာချာ တွေ့လိုက်ရသည်။ ပိုးကောင်သည် သဲနှင့် နှင်းများ ထိစပ်နေသည့် နယ်စပ်နေရာကို နှစ်သက်ဟန် ရသည်။
ယခုတွင် ပိုးကောင်သည် နှင်းလုံးတစ်လုံးကို ပြုလုပ်ပြီး လမ်းလျှောက်နေခဲ့လေသည်။ သူ့ခြေထောက်နှစ်ချောင်းကိုလည်း နှင်းလုံးပေါ်တွင် တင်ထားသေးသည်။
သဲတောင်များပေါ်တွင် နေရောက်ခြည်ကျဆင်းလာသည့်အခါတွင် ရှောက်ရွှမ် သက်ပြင်းရှည်ချလိုက်ပြီး မျက်လုံးများကို ဖွင့်လိုက်သည်။ သူသည် ချွေးများစွာ ထွက်နေခဲ့သော်လည်း လေသည် ယခင်ကထက် ပိုအေးနေပုံရသည်။
သူမော့ကြည့်လိုက်သည့်အချိန်တွင် သဲတောင် ထိပ်တစ်နေရာတွင် အနားယူနေသည့် ချာချာကိုတွေ့လိုက်ရသည်။ ထို့အပြင် ပိုးကောင်လည်း ရှိနေခဲ့သည်။
သူ့ခေါင်းထဲမှ မျိုးနွယ်စု နတ်အမှတ်အသားများကို ပြန်ကြည့်လိုက်ပြီးနောက် အပြာရောင်မီးတောက် သည် ပို၍ ရှည်လျားလာခဲ့သည်ကို
ရှောက်ရွှမ်တွေ့လိုက်ရသည်။ ထိုမျဉ်းကြောင်း ၏ အဆုံးသတ်တွင် ကြယ်တစ်လုံး နှင့်ဆက်သွယ်ထားသည်ကိုပါ သူတွေ့လိုက်ရသည်။
ထိုတောက်ပနေခဲ့သည့်ကြယ်သည် ပိုးကောင်ပင် ဖြစ်နိုင်သည်။
ဤသည်မှာ ပထမဆုံးသောအကြိမ်အဖြစ် သခင်နှင့် ကျေးကျွန်တစ်ယောက်တို့၏ ဆက်ဆံရေးကို ရှောက်ရွှမ် ခံစားမိသည့်အချိန်ပင်ဖြစ်သည်။ သူသည် အဆင့်မတက်မှီကပင် ထိုအရာကို သတိပြုမိခဲ့သော်လည်း ယခုလောက်တော့ ရှင်းလင်းပြတ်သားနေခြင်းမရှိပေ။ ကျွန်များစွာကို သိမ်းသွင်းကျွန်ပြုထားသည့် ကျွန်ပိုင်ရှင်များတွင် မည်သို့ဖြစ်နေမည်ကို ရှောက်ရွှမ် မသိနေခဲ့ပေ။ သူတို့က ဘယ်လိုလုပ်ပြီးတော့ မီးတောက် ကြိုးမျှင်တွေ ထောင်သောင်းများစွာကို ခွဲထုတ်နိုင်တာလဲ........ ဖြတ်လိုက်ရင်ကော ဘာဖြစ်မလဲ.......။
မည်သို့ပင်ဖြစ်စေ သူသည် သာမန်ကျွန်ပိုင်ရှင် တစ်ယောက် မဟုတ်နေပေ။ သူသည် နွားချေးပိုးကောင်နှင့် သူ့ကြားမှ ဆက်သွယ်မှုကြိုးမျှင်ကို ဖြတ်တောက်လိမ့်မည် မဟုတ်ပေ။
သဲသောင်ပြင်ပေါ်သို့ ရှောက်ရွှမ်ကြည့်လိုက်သည့်အချိန်တွင် နွားချေးပိုးသည် မြေဆွေးလုံးကို တနည်းအားဖြင့် နှင်းလုံးကို လှိမ့်နေဆဲဖြစ်သည်။ မကြာခင်တွင် နှင်းလုံးသည် သဲတောင်ဆီမှ ပြုတ်ကျလာပြီး ရှောက်ရွှမ် ခြေထောက်နားသို့ ရောက်လာခဲ့သည်။
အဆင့်တက်ပြီးကာစ ဖြစ်သဖြင့် ရှောက်ရွှမ်၏ စွမ်းအားထိန်ချုပ်နိုင်မှုများသည် အကောင်းဆုံးအခြေအနေသို့ မရောက်သေးပေ။ သူနှင်းလုံးကို ကိုင်လိုက်ပြီး သူ့လက်ဖြင့် ခွဲလိုက်သည်။
နှင်းလုံးတွင် သဲမှုန်များစွာကပ်တင်နေခဲ့သည်။ သူသည် နှင်းလုံး၏ အပေါ်ယံကိုကြည့်ပြီး အတွင်း၌မည်သည့်အရာများရှိသည်ကို မပြောနိုင်ပေ။ နှင်းလုံးကို ခွဲလိုက်ပြီးနောက်တွင်မှ အတွင်း၌ လက်ချောင်းတစ်ခုစာခန့် ရှိသည့် သေးငယ်သည့် ပုတ်သင်ညို တစ်ကောင် ပုန်းအောင်းနေသည်ကို တွေ့လိုက်ရသည်။
မလှုပ်ရှားတော့သည့် ပုတ်သင်ညိုကို ကြည့်လိုက်ပြီးနောက် ရှောက်ရွှမ် ပဟေဠိဖြစ်သွားမိကာ နွားချေးပိုးကို စိုက်ကြည့်လိုက်သည်။ ဒီကောင်က ပုတ်သင်ညိုတွေကိုတောင် သတ်နိုင်နေပြီလား ....... သူ့အကြိုက် ပြောင်းသွားတာလား........။
သူ့ခေါင်းကို ခါယမ်းလိုက်ပြီးနောက် ရှောက်ရွှမ် ထိုအကြောင်းကို ဆက်မတွေးတော့ပေ။ သူ မိုးကောင်းကင်ပေါ်သို့ မော့ကြည့်လိုက်သည်။ ရှောက်ရွှမ် သူ့လက်များကို အကြောဆန့်လိုက်သည်။ သူ့ခန္ဓာကိုယ်သည် နာကျင်နေဆဲဖြစ်သော်လည်း
သူ့တိုးတက်လာသည့်ခွန်အားများကို သေချာ ခံစားကြည့်နိုင်ပြီဖြစ်သည်။ သူသည် ကျေနပ်စွာဖြင့် အော်ဟစ်လိုက်ချင်နေသည်။ သို့သော်လည်း သူမအော်ဖြစ်လိုက်ပေ။ ဤနေရာသည် ထိုသို့ အော်ဟစ်ရန်အတွက် ကောင်းမွန်သည့်နေရာတစ်ခု မဟုတ်ပေ။
“ သွားမယ်၊ ပြန်ရအောင် “ ရှောက်ရွှမ်ပြောလိုက်သည်။
သိန်းငှက်ကို စီးနင်းရမည့်အစား သူ့ခြေထောက်နှစ်ချောင်းဖြင့်သာ ပြေးလွှားလိုက်သည်။ သူအဆင့်တက်လာခြင်း၏ ခွန်အားများကို သူကောင်းစွာ ခံစားနိုင်နေသည်။ သူ့ခန္ဓာကိုယ်သည် အရင်ကထက်များစွာ ပိုပြီးသန်မာ လာခဲ့လေပြီ။ ပြေးနေစဉ်တွင် သူသည် သူ့ခန္ဓာကိုယ်မှပြောင်းလဲမှုများကို ကောင်းစွာ အာရုံခံနိုင်ခဲ့သည်။