← Chapters

ထူးဆန်းသော ခေါင်းဆောင် ( ၁ )

Vol. 6 Ch. 90

ထူးဆန်းသော ခေါင်းဆောင် ( ၁ )

Vol. 6 Ch. 90

ထိုလူနှစ်ယောက်က ချီစုစည်းခြင်းအဆင့်ခြောက်တွင် ရှိနေသည်ကို ရွှီချင်း အာရုံခံမိပြီးနောက် သူ့အတွက် အနှောင့်အယှက်မဟုတ်ကြောင်း ခံစားလိုက်ရသည်။ လက်ရှိသူ၏ခွန်အားဖြင့် သူတို့နှစ်ယောက်ကို သတ်ဖြတ်နိုင်သည့်အတွက်ကြောင့် သူ စိတ်အေးသွားသည်။

လူငယ်က ရွှီချင်း၏အကြည့်ကို အာရုံခံမိလိုက်ဟန်တူပြီး သူ၏လည်ပင်းကို အလိုလို ဆုပ်ကိုင်လိုက်သည်။ ထို့နောက် သူ အနည်းငယ် တည်ကြည်သွားသည်။ သူ၏ရှေ့တွင်ရှိနေသော လူသစ်ကလေးက ယခင်လူသစ်များနှင့်မတူကြောင်း သူ ခံစားလိုက်ရသည်။

ထိုလူငယ်၏ဘေးတွင်ရှိနေသော မိန်းမပျိုသည်လည်း ထိုသည်ကို အာရုံခံမိလိုက်ပြီး မျက်လုံးများ မှေးသွားကာ စိတ်ဝင်စားသည့်အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။ ထို့နောက် နှုတ်ခမ်းများကို လျှာဖြင့်သပ်၍ လူငယ်ကို ပြောလိုက်သည်။

“ နင် တံခါးဝမှာ စောင့်နေလိုက်။ ငါ ဒီမောင်လေးကို အထဲခေါ်သွားလိုက်မယ် ”

မိန်းပျိုသည် ပြောပြီးသည်နှင့် ချိုသာသောအပြုံးကလေးဖြင့် လူဆိုးထိန်းဌာနကို ရွှီချင်းအား ဦးဆောင်ခေါ်သွားသည်။

“ မောင်လေး၊ အစ်မနောက်က လိုက်ခဲ့ ”

ရွှီချင်းက မိန်းမပျိုကို ကျေးဇူးတင်စကားပြောလိုက်သည်။

ဝင်ပေါက်ဘေးရှိ လူငယ်က ထိုမြင်ကွင်းကိုကြည့်၍ ခေါင်းကို ခါယမ်းလိုက်သည်။

“ ဒီအပျက်မကတော့ ဘယ်တော့မှ မပြောင်းလဲပါလား။ ဒီကလေးကလဲ တခြားလူသစ်လေးတွေနဲ့ သိပ်မတူဘူးဆိုပေမဲ့ လူဆိုးထိန်းဌာနလိုနေရာမျိုးမှာ သုံးလထက်ပိုပြီး အသက်ရှင်နိုင်မလား ပြောရခက်တယ် ”

ထိုအချိန်၌ ရွှီချင်းသည် လူဆိုးထိန်းဌာနမှလူများနှင့် ခပ်ခွာခွာနေကာ မိန်းမပျို၏နောက်မှနေ၍ ခြံဝန်းထဲ လျှောက်သွားသည်။ ထို့နောက် မီးခိုးရောင်တာအိုဝတ်ရုံများကို ဝတ်ဆင်ထားကြသည့် ဂိုဏ်းသားများကို သူ မြင်လိုက်ရသည်။

သူတို့အားလုံး အနိမ့်ဆုံး ချီစုစည်းခြင်းအဆင့်ငါး သို့မဟုတ် အဆင့်ခြောက်ကို ရောက်နေကြသည်။ ထိုလူများအနက် ချီစုစည်းခြင်းအဆင့်ခုနစ် သို့မဟုတ် အဆင့်ရှစ်ကို ရောက်နေသည့် ကျင့်ကြံသူများလည်း ရှိသည်။ တချို့က အေးစက်စက်အသွင်ရှိပြီး တချို့က ကြင်နာဟန်ရှိကာ တချို့ထံမှ သွေးညှီနံ့များ လွင့်ပျံနေပြီး တချို့ကတော့ တိုလီမိုလီပစ္စည်းလေးများကို လက်ထဲတွင် ကိုင်ထားကြသည်။

အားလုံးခြုံကြည့်လျှင် တူညီသောဌာနတွင် ရှိပါသော်လည်း တူညီသော အရှိန်အဝါမျိုး ရှိနေကြောင်း မြင်တွေ့ရန် ခဲယဉ်းသည်။ ထို့ပြင် သူတို့က တစ်ယောက်နှင့်တစ်ယောက် ရန်ငြိုးများရှိနေကြသည့်အလား ခပ်ခွာခွာ နေကြသည်။

ရွှီချင်းက ဘေးပတ်ဝန်းကျင်ကို တိတ်တဆိတ် လေ့လာလိုက်သည်။ သူ၏အကြည့်က ဘေးမှ ဖြတ်သွားသည့်ကျင့်ကြံသူတိုင်း၏ လည်ပင်းများပေါ် ကျရောက်သွားပြီး သူတို့၏အတိုက်အခိုက်စွမ်းရည်နှင့် သူတို့ကို သူ သတ်နိုင်၊ မသတ်နိုင် ဝေဖန်ဆန်းစစ်နေသည်။

ယင်းသည် သူ၏အလေ့အကျင့်ဖြစ်သည်။

မကြာခင် လူများစွာက သတ်ဖြတ်ရန် ခဲယဉ်းသည်ကို သူ သိလာရပြီး ပို၍ သတိထားလာသည်။ သူ့ကို အနှောင့်အယှက်ကြီးတစ်ခုသဖွယ် ခံစားစေရသည့် ဂိုဏ်းသားအအနည်းအကျဉ်းလည်း ရှိသည်။

တချိန်တည်းမှာပင် လူဆိုးထိန်းဌာန၏ ဖွဲ့စည်းတည်ဆောက်ပုံကို သူ ကြည့်ရှုကာ စိတ်ထဲတွင် မှတ်သားထားသည်။

ထိုစဉ် ရှေ့တွင်ရှိနေသော မိန်းမပျိုက ချက်ချင်း နောက်လှည့်လာပြီး သူ့အနားကို တိုး၍ ခပ်လွင်လွင်ကလေး ရယ်မောကာ ပြောသည်။

“ မောင်လေး၊ နင်ဘာလို့ တခြားလူတွေရဲ့ လည်ပင်းတွေကို အမြဲ လိုက်ကြည့်နေရတာတုံး ”

မိန်းမပျိုသည် စကားပြောနေရင်း ရွှီချင်း၏ဘေးသို့ ရောက်သွားကာ ညာလက်ကို မြှောက်၍ ရွှီချင်း၏ဗိုက်ကို ပွတ်သပ်ရန် ပြင်လိုက်စဉ် ကွက်ခနဲ မျက်နှာပျက်သွားသည်။ ထို့နောက် ဆတ်ခနဲ နောက်ဆုတ်သွားပြီး ဆေးလုံးအနည်းငယ်ကို ထုတ်၍ သောက်လိုက်သည်။ ရွှီချင်းကို ခေါင်းမော့၍ ကြည့်လိုက်သောအခါ မိန်းမပျို၏အမူအရာက တည်ငြိမ်နေတော့သည်။

“ ကျုပ်အနားကို တခြားလူတွေ ကပ်တာ ကျုပ် မကြိုက်ဘူး ”

ရွှီချင်းက မိန်းမပျိုကို တည်ငြိမ်စွာ ကြည့်၍ ပြောလိုက်သည်။

မိန်းမပျိုသည် ရွှီချင်းကို လေးလေးနက်နက်ကြည့်၍ ခေါင်းညိတ်ကာ ရင်ထဲတွင် အတွေးစများကို သိုဝှက်ထားလိုက်တော့သည်။ သူမ၏ရှေ့ရှိ လူသစ်ကလေးက ထင်ထားသလောက် မရိုးရှင်းကြောင်း နားလည်သွားပြီဖြစ်သည်။

“ စိတ်ဝင်စားစရာပဲ။ နင့်လိုကလေးက ဒီမှာ ကြာကြာ အသက်ရှင်နိုင်မှာပါ ”

ပြောပြီးသည်နှင့် မိန်းမပျိုက ဆက်လက်ဦးဆောင်ခေါ်သွားသည်။ ဤတစ်ကြိမ်တွင် ရွှီချင်းက ခပ်ခွာခွာနေသည်မဟုတ်ဘဲ မိန်းမပျိုကိုယ်တိုင်ကပင် ဆက်လက်စကားမပြောတော့ဘဲ ရွှီချင်းနှင့် ခပ်ခွာခွာ နေလာတော့သည်။

များမကြာမီ မိန်းမပျို၏ ဦးဆောင်မှုအောက်တွင် သူတို့သည် စံအိမ်ခုနစ်အိမ်ရှစ်အိမ်နှင့် လမ်းသွယ်လေးများကို ကျော်ဖြတ်လာခဲ့သည်။ ထို့နောက် ခန်းမကျယ်ကြီးတစ်ခုထဲကို ရွှီချင်း ရောက်သွားသည်။ ခန်းမ၏အတွင်းပိုင်းက နေရောင်ခြည်တောက်ပနေသော အပြင်ဘက်နှင့်ယှဉ်ပါက ဆန့်ကျင်ဘက်ပင် မည်းမှောင်နေ၏။

“ ဌာနမှူး၊ လူသစ်တစ်ယောက် လာပါတယ်။ သူ့နာမည်က ရွှီချင်းပါ ”

အမျိုးသမီးက ရောက်သောအခါ ပို၍ လေးနက်သွားပြီး ကျယ်ကျယ်လောင်လောင် အော်ပြောပြီးနောက် ခေါင်းငုံ့၍ မလှုပ်မယှက်ရပ်နေတော့သည်။

ရွှီချင်းသည်လည်း တည်ကြည်သောအသွင်ဖြင့် ခေါင်းငုံ့၍ စောင့်နေသည်။

ခဏအကြာ မှောင်မည်းနေသော ခန်းမကြီးထဲ၌ စူးရှတောက်ပသော မီးတောက်နှစ်ခု ချက်ချင်း တောက်လောင်လာသည့်အလားပင်။ ၎င်းတို့က မျက်ဝန်းတစ်စုံဖြစ်သည်။ ထိုအကြည့်က လေဟာနယ်ကိုဖြတ်၍ ခန်းမထဲမှ လွင့်ပျံလာကာ ရွှီချင်းအပေါ် ကျရောက်သွားသည်။

ထိုအကြည့်စူးစူးကြောင့် ရွှီချင်း၏ခန္ဓာကိုယ် တုန်ရီသွားရပြီး ပြင်းထန်သော ဖိအားတစ်ရပ် ကျဆင်းလာသည့်အလား ခံစားလိုက်ရသည်။ ကြောက်မက်ဖွယ်ကောင်းသော သားရဲကြီးတစ်ကောင်က ခန်းမကြီးတစ်ခုလုံးကို မွန်းကြပ်သွားအောင် စေစားနေသည့်အလားပင်။

ရွှီချင်း၏ဆံပင်များ ထောင်ထသွားပြီး အသက်ရှူသံများ မြန်ဆန်လာသည်။ သူ၏ညာလက်က ဘေးကို အလိုလို ရွေ့သွားကာ သူ၏ခန္ဓာကိုယ် အနည်းငယ် ကိုင်းညွတ်သွားသည်။

ကံကောင်းထောက်မ၍ သူ၏အကြည့်ကို ချက်ချင်း ရုတ်သိမ်းနိုင်လိုက်သည်။ သို့သော်လည်း သူ အသက်ရှူသံ ပြန်မှန်မလာခင် သူ၏ဘယ်လက်ထဲရှိ ဂိုဏ်းတံဆိပ်ပြားက ပြင်းထန်သော အားတစ်ခု၏ ဆွဲခေါ်ခြင်း ခံလိုက်ရပြီး လက်ထဲမှ လွတ်ထွက်သွားသည်။

ဝှစ်ခနဲ မြည်သံနှင့်အတူ တံဆိပ်ပြားက ခန်းမကြီးထဲ တန်းတန်းမတ်မတ် ပြေးဝင်သွားသည်။

ထိုဆွဲအားက ကြီးမားလွန်းလှ၍ ရွှီချင်း ခုခံနိုင်စွမ်း ကင်းမဲ့သွားရသည်။ ဆွဲအားက ဂိုဏ်းတံဆိပ်ပြားကို မဟုတ်ဘဲ သူ့အပေါ်သာ ကျရောက်လာခဲ့ပါက ခန်းမကြီးတစ်လျှောက် တရွတ်တိုက် ဆွဲခေါ်ခံလိုက်ရမည်ဖြစ်ကြောင်း သူ ခံစားနေရသည်။

သူ၏နဖူးမှ ချွေးများ စီးကျလာသည်။ မကြာခင် ခန်းမကြီးထဲမှ အေးစက်စက်အသံတစ်သံ လွင့်ပျံလာသည်။

“ ရွှမ် အမှတ်ခြောက်အသင်းကို သတင်းပို့လိုက် ”

သူ၏အသံ ပဲ့တင်ထပ်သွားသည်နှင့် ခန်းမကြီးထဲမှ ရွှီချင်း၏ ဂိုဏ်းတံဆိပ်ပြားနှင့် တံဆိပ်တို့က ကြောက်ခမန်းလိလိ အမြန်နှုန်းဖြင့် ရွှီချင်းထံ ချက်ချင်း ချဉ်းကပ်လာသည်။

ရွှီချင်း၏မျက်လုံးများမှေးသွားပြီး လက်မြှောက်၍ ဖမ်းယူလိုက်သည်။ ဂိုဏ်းတံဆိပ်ပြားနှင့်တံဆိပ်မှ ပြင်းအားက ကြီးမားလွန်းလှသည်ဖြစ်၍ သူ၏ခန္ဓာကိုယ်အပေါ်ပိုင်း နောက်ယိုင်သွားရသည်။ သို့သော် သူ၏ခြေထောက်များက လွန်စွာ မြဲမြံခိုင်မာလှပြီး နောက်ကို ခြေလှမ်းဝက်မျှပင် မဆုတ်သွားချေ။

ထိုအခြင်းအရာကြောင့် ခန်းမထဲရှိ မျက်ဝန်းတစ်စုံက ဝင်းလက်သွားပြန်သည်။ ၎င်းက စကားမပြောတော့ဘဲ တဖြည်းဖြည်း မျက်လုံးများ မှိတ်သွားသည်။

ရွှီချင်း၏ တံဆိပ်ပြားနှင့် တံဆိပ်အား ဖမ်းယူသည့်ပုံစံကို မြင်သောအခါ ဘေးရှိ မိန်းမပျို၏မျက်လုံးများ မှေးသွားသည်။

“ သူက ဂိုဏ်းထဲက အကြီးအကဲတွေလောက် သတိရှိနေတာပဲ။ ပြီးတော့ ဒီလိုမျိုး ခွန်အားကိုလည်း ပိုင်ဆိုင်ထားသေးတယ် ”

အမျိုးသမီးက မျက်တောင်တဖျပ်ဖျပ် ခတ်လိုက်သည်။ အစက ရွှီချင်းက သွားရောက်မနှောင့်ယှက်သင့်သည့် လူစားဖြစ်ကြောင်း သူမ သိခဲ့ရပြီးနောက် သူနှင့် မပတ်သက်ရန် ဆုံးဖြတ်ချက်ချခဲ့သည်။ သို့သော် ယခုတွင် သူမ၏အတွေးများ ပြောင်းလဲသွားခဲ့ရပြီး သူနှင့် ဆက်ဆံရေးကောင်းတစ်ခု တည်ဆောက်ချင်လာသည်။ ထို့ကြောင့် စကားစ၍ ပြောလိုက်၏။

“ မောင်လေးရွှီချင်း၊ အမှတ်ခြောက်အသင်းကို အစ်မ သိတယ်။ အစ်မ မင်းကို အဲဒီ ခေါ်သွားပေးမယ် ”

မိန်းမပျိုက စကားပြောနေရင်း ရွှီချင်းကို တံဆိပ်အား ပတ်ရန် လက်ဟန်အမူအရာဖြင့် ပြလိုက်သည်။

ရွှီချင်းက အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး တံဆိပ်ကို ပတ်ထားလိုက်သည်။ ထို့နောက် လက်နှစ်ဖက်ကို ဆုပ်၍ မိန်းမပျိုအား ကျေးဇူးတင်စကား ပြောလိုက်သည်။

သူသည် ကလေးတစ်ယောက်သာ ဖြစ်သော်လည်း သူ၏ အတွေ့အကြုံများအရ လူသားများ၏စိတ်ကို သူ နားလည်နေပြီဖြစ်သည်။

ထိုမိန်းမပျို၏စိတ်ထား ပြောင်းလဲသွားခဲ့ပြီး ထိုအကြောင်းအရင်းကို သူ ခန့်မှန်းမိလိုက်သည်။

အမှန်တကယ်တွင်လည်း သူ ခန့်မှန်းသည့်အတိုင်း ဖြစ်ပေသည်။ လမ်းတစ်လျှောက်တွင် မိန်းမပျိုကပင် ရွှီချင်းကို မိတ်ဆက်ပြောကြားလာခဲ့သည်။

All Chapters