သေလုဆဲဆဲ
Vol. 50 Ch. 742
အရဟာ လက်သီးစွမ်းအင်သည် အရှိန်အဟုန်ပြင်းစွာ ထိုးထွက်သွားသော်လည်း ငရဲတံခါးနှင့် ထိတွေ့မိပြီးနောက် မကြာမီမှာပင် ပြင်းထန်သော စွမ်းအင်က နှေးသွားပုံရသည်။ ၎င်း၏ စွမ်းအားတစ်ဝက်က စုပ်ယူခြင်း ခံလိုက်ရသလိုပင်။
“ဗွမ်း”
ငရဲတံခါးဘေးရှိ ပင်လယ်ရေက ချက်ချင်း ဆူပွက်လာပြီး ကြီးမားသော စိတ်ဝိညာဉ်စွမ်းအင် မုန်တိုင်းတစ်ခု ထပ်မံထွက်ပေါ်လာခဲ့သည်။ ပင်လယ်က မတည်မငြိမ်ဖြစ်ကာ လှိုင်းများ ဆက်တိုက် ထလာသောကြောင့် ကျယ်လောင်သော အသံပင် ထွက်ပေါ်လာခဲ့သည်။
“သေစမ်း!”
အဘိုးအို၏ မျက်နှာအမူအရာ ရုတ်တရက် ပြောင်းလဲသွားပြီး သူ့အသံတွင် သတ်ဖြတ်လိုစိတ် အပြည့်အဝ ပါဝင်နေ၏။ ထိုပိုးချည်မျှင်များသည် ရုတ်တရက် ရှေ့သို့ ဖြောင့်တန်းစွာ တိုးဝင်လာပြီး ရဲ့လင်းချန်ထံသို့ ဓားသဖွယ် ထိုးဖောက်ဝင်ရောက်လာသည်။
ရဲ့လင်းချန်က ဘေးသို့ တိမ်းရှောင်၍ အန္တရာယ်ကို ကပ်သီးလေး ရှောင်တိမ်းနိုင်ခဲ့သည်။ သို့သော်လည်း ပိုးချည်မျှင်တစ်ခုက သူ့ကို ထိမှန်သွားပြီး သူ၏ ဘယ်ဘက် လက်မောင်းကို ဒဏ်ရာရ စေခဲ့သည်။ ဒဏ်ရာသည် အလွန်အမင်း ပူလောင်ပြီး မီးကင်ခံရလိုက်ရသလိုပင်။
သူ့လက်မောင်းအပြင် သူ၏ ခြေသလုံးတွင်လည်း သွေးများစီးကျနေသော ပြတ်ရှရာတစ်ခု ရှိနေခဲ့သည်။
သို့သော်လည်း သူ အရာအားလုံးကို လျစ်လျူရှုပြီး ငရဲတံခါးသို့ နောက်တစ်ကြိမ် လက်သီးဖြင့် ထပ်မံ ထိုးသွင်းလိုက်သည်။
“ဝေါ”
ငရဲတံခါးမှ ရေဝဲသည် ရုတ်တရက် တုန်ယင်သွားပြီး မျက်စိဖြင့် မြင်သာသောနှုန်းဖြင့် လျင်မြန်စွာ ပိုကြီးလာခဲ့သည်။ ရေဝဲ၏ လှုပ်ရှားမှုများသည် ပို၍ ပေါ်လွင်လာခဲ့ပြီး စိတ်ဝိညာဉ်စွမ်းအင်သည် ဒေါသထွက်နေသော နဂါးတစ်ကောင် ကဲ့သို့ ပန်းထွက်လာခဲ့သည်။
“ဝုန်း”
ပင်လယ်ထဲမှနေ၍ တအုံးအုံးမြည်သံ ထွက်ပေါ်လာပြီးနောက် ငရဲတံခါးပတ်ပတ်လည်ရှိ ရေများက ကောင်းကင်သို့ မြင့်တက်လာကာ ကြီးမားသော ရေဆင်နှာမောင်းတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
“ဗွမ်း ဗွမ်း ဗွမ်း”
ပင်လယ်သည် အလွန် မတည်မငြိမ်ဖြစ်နေပြီး လှိုင်းများက တစ်မီတာ ကျော်လာကာ ပို၍ မြန်ဆန်လာပြီး အကြိမ်ရေ ပိုများလာသည်။
ထိုလက်သီးလနှစ်ချက်တည်းဖြင့် ငရဲတံခါးသည် အလွန် မတည်မငြိမ်ဖြစ်သွားခဲ့ပြီး ၎င်း၏ ကျယ်ပြန့်မှု အမြန်နှုန်းသည် တစ်လထိ လျော့ကျသွားခဲ့သည်။
လူသားများအနေဖြင့် ပြင်ဆင်ရန် သုံးလရှိခဲ့ပါက အနည်းငယ်သာ လိုက်မီနိုင်သော်လည်း နှစ်လသာ ကျန်တော့ပါက လက်တွေ့တွင် မဖြစ်နိုင်တော့ပါ။ အဘယ်ကြောင့်ဆိုသော် ငရဲတံခါး ပွင့်သည်နှင့် တစ်ပြိုင်နက် လူသားများသည် ဟင်းလင်းပြင် နယ်မြေမှ သတ္တဝါများ၏ ကြမ်းတမ်းသော တိုက်ခိုက်မှုများကို ရင်ဆိုင်ရတော့မည် ဖြစ်သည်။
အဘိုးအို၏ မူလအစီအစဉ်များသည် လုံးဝ ပျက်ပြားသွားခဲ့သည်မှာ အသေအချာပင်။
“ီးပဲ၊ ီးပဲကွာ”
အဘိုးအိုက အော်ဟစ်လိုက်ပြီး သူ၏ လက်ချောင်းများကို လက်သည်းပုံစံ ကွေးလိုက်ကာ ရဲ့လင်းချန်၏ လည်ပင်းကို သူ့၏ သံမဏိကဲ့သို့သော လက်သည်းများဖြင့် ဆွဲဆုပ်လိုက်သည်။
ရဲ့လင်းချန်က အသာပြုံးလိုက်ပြီး ရေကူးနေသော ငါးတစ်ကောင်သဖွယ် ရေထဲသို့ တိုက်ရိုက် ငုပ်လျှိုး သွားလိုက်သည်။ သူက ရေဝိညာဉ် ခန္ဓာကိုယ်ကို အားကိုးပြီး ငါးတစ်ကောင်ကဲ့သို့ ရေထဲကို ဝင်ရောက်ကာ ငရဲတံခါး ပတ်ပတ်လည်မှာ လှည့်ပတ်သွားလာခဲ့တယ်။ ထိုအခိုက်တွင် အဘိုးအို ဘာမှမတတ်နိုင်ချေ။
သူတို့နှစ်ယောက် မတိုးသာ မဆုတ်သာ အခြေအနေ၌ ရှိနေချိန်တွင် လှိုင်းလုံးများက တဖြည်းဖြည်း ပိုကြီးလာပြီး ဆယ်မီတာ ကျော်လာသည်။ လှိုင်းလုံးများ ဆက်တိုက် လာနေသဖြင့် ရဲ့လင်းချန်နှင့် အဘိုးအိုတို့သည် မုန်တိုင်းအောက်က ပုရွက်ဆိတ်များကဲ့သို့ ရုန်းကန်နေကြရလေသည်။
ဆူနာမီ။
ဆူနာမီ ပေါ်လာလေပြီ။
ငရဲတံခါး၏ ပုံမှန်မဟုတ်သော ကျယ်ပြန့်မှုအပြီးတွင် မူလချိန်ခွင်လျှာ ပျက်စီးသွားခဲ့ပြီး လျှံကျလာသော စိတ်ဝိညာဉ် စွမ်းအင်က ဆူနာမီကို ဖြစ်ပေါ်လာစေခဲ့သည်။ ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားက လူသား၏ ခွန်အားကို အသေးအဖွဲ ဖြစ်သွားစေကာ ဘုရင်အဆင့် ဖြစ်သော အဘိုးအိုတောင်မှ ဘာမှ မတတ်နိုင်ပေ။
“လိပ်အိုကြီး၊ သွားကြစို့”
ရဲ့လင်းချန်က ခပ်အုပ်အုပ် ပြောပြီး လိပ်အိုကြီးနှင့်အတူ လျင်မြန်စွာ ဆုတ်ခွာလေသည်။
မတည်မငြိမ်ဖြစ်နေသော ပတ်ဝန်းကျင်က သူတို့အတွက် အကျိုးရှိစေပြီး အဘိုးအိုက အနည်းငယ် အလေးမသာ ဖြစ်နေပုံ ရသည်။ သူသည် ရေမျက်နှာပြင်ပေါ်၌သာ ရပ်နေနိုင်ခဲ့သည်။ ရဲ့လင်းချန် ထင်ထားသည့်အတိုင်းပင်၊ သူ၏ ရေနှင့် ကျွမ်းကျင်ဆက်နွှယ်မှုက မကောင်းပေ။ ထို့ကြောင့် ပင်လယ်ပြင်၌ သူ၏ ခွန်အားက များစွာ လျော့ကျနေ၏။
“သေပေတော့”
အဘိုးအိုက အော်ဟစ်ပြီး နီရဲနေသော မျက်လုံးများနှင့် သူ့နောက်သို့ လိုက်လေသည်။
သို့သော် ထိုအခိုက်မှာပင် ကြီးမားသော လှိုင်းလုံးကြီးတစ်ခုက သူ့ထံသို့ တည့်တည့်မတ်မတ် ရိုက်ခတ်လာ၏။ မသိလျှင် မပြောင်းလဲနိုင်သော စွမ်းအားတစ်ခုက ရိုက်ချလိုက်သလိုပင်။
အဘိုးအိုက သူ့လက်ကို မြှောက်၍ ဝှေ့ယမ်းလိုက်ပြီးနောက် လှိုင်းလုံးများကို ဖြတ်ကျော်လိုက်သည်။ သို့သော် တစ်ခဏအတွင်းမှာပင် နောက်ထပ် ကြီးမားသော လှိုင်းလုံးတစ်ခုက ယခင်ကထက် အရှိန်အဟုန် ပိုကြီးစွာဖြင့် သူ့မျက်နှာထံ တိုးဝင်လာသည်။
ရဲ့လင်းချန်က နောက်ကို လှမ်းကြည့်လိုက်ပြီးနောက် သူ့မျက်လုံးတွင် ပြုံးရိပ်သန်းလာသည်။ သူ့ခန္ဓာကိုယ်ထဲတွင် စိတ်ဝိညာဉ်စွမ်းအင်များ တရကြမ်း စီးဆင်းနေပြီး သူ၏ ရေဝိညာဉ် ခန္ဓာကိုယ်ကို အသုံးပြုပြီး ပင်လယ်ရေကို ထိန်းချုပ်ကာ အဘိုးအိုကို တိုက်ခိုက်နေခဲ့သည်။
၎င်းကို အလယ်အလတ်အဆင့်သို့ မြှင့်တင်ပြီးနောက် သူ လေ့ကျင့်နေသည်မှာ လဝက်မျှ ရှိနေပြီ ဖြစ်သည်။ ထိုတစ်လခွဲသည် ယခင်က ရက်ပေါင်း တစ်ရာမျှ လေ့ကျင့်ခဲ့ရသည့် ပမာဏနဲ့ ညီမျှပြီး သူ၏ ခန္ဓာကိုယ်ထဲက စိတ်ဝိညာဉ် စွမ်းအင်ကို နှစ်ဆကျော် တိုးစေခဲ့သည်။ အလယ်အလတ်အဆင့် ရေဝိညာဉ် ခန္ဓာကိုယ်နှင့် တွဲဖက်လိုက်သောအခါ ထိုအဘိုးအိုကို ဒုက္ခပေးနိုင်နေဆဲ ဖြစ်သည်။
“ငါ တကယ်ကို ကံမကောင်းတာပဲ”
အဘိုးအို၏ စိတ်ထဲ၌ မသက်မသာ ဖြစ်လာပြီး သူ့မျက်နှာက ပိုပို၍ ကြည့်ရဆိုးလာသည်။ သူ အလွန် ဒေါသထွက်နေမှန်း သိသာလှသည်။ ရဲ့လင်းချန်ဘက်တွင် လှိုင်းလုံးများက အနည်းငယ်မျှသာ ရှိသည်ကို သူ သတိထားမိသည်။ ရှိခဲ့လျှင်တောင်မှ ထိုလှိုင်းလုံးများက အလွန် သေးငယ်လှသည်။ လက်ရှိတွင် သူ ရင်ဆိုင်နေရသော လှိုင်းလုံးများက ကြီးမားပြီး အားကောင်းကာ အံ့ဩစရာ ကောင်းလောက်အောင် မြင့်မားလှသည်။ သူ့တွင် ခွန်အား ရှိလင့်သော်လည်း မောပန်းစ ပြုလာသည်။
“ဒီလှိုင်းလုံးတွေက တော်တော် ကြမ်းတာပဲ”
သူနှင့် အတန်ငယ် ဝေးသွားသော ရဲ့လင်းချန်ကို ကြည့်ပြီး သူ့အမူအရာက မည်းမှောင်သွားသည်။ သူသည် လှိုင်းလုံးများကို နင်းပြီး သူ၏ အရှိန်ကို ထပ်တင်ရန် ကြိုးစားလေသည်။
ထိုအခိုက်တွင် ရဲ့လင်းချန်သည် တရုတ် ရေပိုင်နက်ထဲသို့ ဝင်ရောက်သွားခဲ့လေသည်။ သူသည် နက်သထက် ပိုနက်အောင် ကူးလာလိုက်သည်။
သူ သက်ပြင်းချနိုင်လုနီးပါးချိန်တွင် အဘိုးအိုက ရုတ်တရက် လေထဲ မြောက်တက်သွားပြီး မရေတွက်နိုင်သော ပိုးချည်မျှင်များက သူ့ခန္ဓာကိုယ် တစ်ခုလုံးကို ဖုံးအုပ်သွားသည်။ ၎င်းတို့သည် လိမ်ကောက်နေကြပြီး အဝေးမှ ကြည့်လျှင် ပင့်ကူမျှင်က အဘိုးအို၏ ခန္ဓာကိုယ်တစ်ခုလုံးကို ပတ်ရစ်ထားသည်ဟု ထင်ရသည်။
ရဲ့လင်းချန်က လှမ်းကြည့်လိုက်ပြီးနောက် ရုတ်တရက် သူ၏ ဦးရေပြား ထုံကျင်သွားသည်ဟု ခံစားလိုက်ရသည်။ သူ၏ မသိစိတ်က လိပ်အိုကြီးနှင့်အတူ ပို၍ လျင်မြန်စွာ ထွက်ပြေးရန် တိုက်တွန်းနေသည်။
အဘိုးအိုသည် လေထဲမှနေ၍ ရဲ့လင်းချန်၏ ပုံရိပ်ကို စိုက်ကြည့်နေပြီး သူ၏ အကြည့်က ဓားကဲ့သို့ အေးစက်ပြီး ထက်မြက်နေသည်။
သူ လက်များကို ဖြည်းညင်းစွာ ဖြန့်ကားလိုက်ပြီး သူ၏ ခန္ဓာကိုယ်ပတ်လည်ရှိ ပိုးချည်မျှင်များကို စုစည်းကာ သူ၏ လက်ဖဝါးတွင် သိပ်သည်းသော အမျှင်ထုတစ်ခု ဖြစ်ပေါ်လာစေခဲ့သည်။ ခဏအကြာတွင် ၎င်းတို့သည် သူ၏ လက်ထဲ၌ တစ်မီတာ (၃ ပေ) ခန့် ရှည်သော ဓားကောက်အဖြစ် ပုံပေါ်လာခဲ့သည်။
“သေပေတော့”
အဘိုးအို၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး လက်နှစ်ဖက်လုံးဖြင့် တစ်ပြိုင်နက် ခုတ်ချလိုက်သည်။ ဓားကောက်သည် ဖြူဖွေးသော အလင်းတန်းကဲ့သို့ လေကို ဖြတ်တောက်ကာ ရဲ့လင်းချန်ဆီသို့ တည့်တည့် ဦးတည်လာခဲ့သည်။
ပြင်းထန်သော အန္တရာယ်ကို ခံစားမိသဖြင့် ရဲ့လင်းချန်၏ ဆံပင်များ ထောင်မတ်သွားသည်။ သူ၏ သွေးများ အေးခဲသွားပြီး သူ၏ ဦးရေပြားသည် ကွဲထွက်လုနီးပါး ထုံကျင်သွားခဲ့သည်။
လက်ရှိတွင် သူ ပေါ့ဆစွာ လုပ်ဆောင်၍ မဖြစ်နိုင်တော့ပေ။ သူ စုဆောင်းထားသော စိတ်ဝိညာဉ်စွမ်းအင်သည် အရှိန်အဟုန်ဖြင့် ပြည့်လျှံလာကာ ရေလှိုင်းပေါင်းများစွာကို ဓားသွားဆီသို့ ရိုက်ခတ်စေသည်။ ထို့နောက် သူ၏ စိတ်ဝိညာဉ် စွမ်းအင်အားလုံးကို စုစည်းပြီး သူ၏ အပြင်းထန်ဆုံး လက်သီးချက်ဖြင့် ဓားကောက်ဆီသို့ ထိုးနှက် လိုက်သည်။
“ဝုန်း”
ဓားကောက်သည် ဝါးချောင်းကို နှစ်ပိုင်းခုတ်ဖြတ်သကဲ့သို့ အရာအားလုံးကို ရှင်းလင်းစွာ လှီးဖြတ်သွားခဲ့သည်။ ၎င်းသည် အားကောင်းသော လှိုင်းလုံးများကို တစ်လွှာပြီး တစ်လွှာ ဖောက်ထွင်းသွားပြီး မသိလျှင် လှိုင်းလုံးများအား တို့ဟူးနှင့်ပင် အမှတ်မှားရလောက်သည်။ နောက်ဆုံးတွင် ၎င်းက ရဲ့လင်းချန်၏ လက်သီးစွမ်းအင်နှင့် ထိပ်တိုက် တိုးလေသည်။
“ဒုန်း”
နားကွဲမတတ် မြည်ဟီးသံအောက်တွင် လက်သီးစွမ်းအင် ပျောက်ကွယ်သွားခဲ့သည်။ ဓားကောက်၏ အလင်းရောင် အနည်းငယ် မှေးမှိန်သွားသော်လည်း ၎င်း၏ လမ်းကြောင်းက ရဲ့လင်းချန်ဆီသို့ ဆက်လက်ဦးတည်နေခဲ့သည်။
ရဲ့လင်းချန်၏ မျက်လုံးထောင့်များ တုန်ယင်သွားခဲ့သည်။ သူ သူ၏ ခန္ဓာကိုယ်ရှိ ကြွက်သားများကို လှုပ်ရှားလိုက်ပြီး သူ၏ ရှစ်ဆပြင်းထန် သားရဲလေ့ကျင့်ခန်းသာလျှင် ထိုတိုက်ခိုက်မှုကို တားဆီးနိုင်မည်ဟု မျှော်လင့်ခဲ့သည်။ ဝမ်းနည်းစရာမှာ သူ အောင်မြင်နိုင်မည့် အခွင့်အရေးမှာ အလွန်ပင် နည်းပါးသည်။
အခြေအနေသည် သာမန်လူတစ်ဦးက ဓားကို သူ၏ သွေးသားခန္ဓာကိုယ်ဖြင့် တားဆီးရန် ကြိုးစားနေခြင်းနှင့် တူသည်။ ထိုသူသည် အသက်ရှင်ကျန်ရစ်ရန် အလွန်ကံကောင်းမှ ဖြစ်မည်။
ဓားသွားအလင်းသည် လေကို ဖြတ်တောက်ကာ သူ၏ အမြင်အာရုံကို ကွယ်သွားသည်။ ထိုစဉ် သူ၏ ရှေ့မှ မြင်ကွင်းက အနည်းငယ် ပြောင်းလဲသွားခဲ့ပြီး လိပ်အိုကြီး၏ ကြီးမားသော ပုံရိပ်က ရဲ့လင်းချန်၏ အရှေ့မှ ပိတ်ဆို့ ကာကွယ်လာ၏။ ဓားသွားအလင်းသည် လိပ်အိုကြီး၏ ခွံပေါ်သို့ ပြင်းထန်စွာ ရိုက်ခတ်ပြီး ၎င်းကို ပေပေါင်းများစွာ လွင့်သွားစေခဲ့သည်။
“လိပ်အိုကြီး”
ရဲ့လင်းချန်၏ မျက်နှာအမူအရာ အကြီးအကျယ် ပြောင်းလဲသွားသည်။ လိပ်အိုကြီးကို ကြည့်ရင်း သူ၏ အမြင်အာရုံများ ဝေဝါးလာသည်။
လိပ်၏ ထူထဲသော အခွံ အလယ်ဗဟို၌ သုံးလက်မခန့်ရှိသော ကြီးမားသော ဒဏ်ရာတစ်ခု ပေါ်လာသည်။ ဒဏ်ရာသည် အလွန် ကြောက်မက်ဖွယ်ကောင်းပြီး သွေးများက အက်ကြောင်းတိုင်းမှ စီးဆင်းကျနေခဲ့သည်။ ၎င်းသည် တကယ်ကို ထိတ်လန့်စရာကောင်းသည့် မြင်ကွင်းပင်။
“ငါ အဆင်ပြေပါတယ်၊ မြန်မြန်သွားရအောင်”
လိပ်အိုကြီးက အားအင်ချိနဲ့စွာ ပြောပြီး သူ၏ ခြေလက်များဖြင့် အားသွန်ခွန်စိုက် ကူးခတ်စပြုလာခဲ့သည်။
ရဲ့လင်းချန်သည် ဘာမျှမပြောဘဲ လိပ်အိုကြီးနှင့်အတူ အလျင်အမြန် ပြန်လာခဲ့သည်။
အလွမ်းအဆွေးဇာတ်ခင်းရန် အချိန်မရှိသလို ရဲ့လင်းချန်သည် လိပ်အိုကြီး၏ ဒဏ်ရာကို မြန်နိုင်သမျှ မြန်မြန် ကုသနိုင်ရန် အလျင်စလို ပြန်မှရပေမည်။ လိပ်အိုကြီး၏ အသက်ဓာတ်က လျင်မြန်စွာ ဆုတ်ယုတ်နေသည်ကို သူ ခံစားမိပြီး အချိန်ကြာကြာ ဆက်လက် ထိန်းထားနိုင်မည်မဟုတ်ကြောင်း သိနေလေသည်။