အခန်း (၇၁၅)
Vol. 52 Ch. 715
" အခု မဟာအလင်းတန်းဂိုဏ်းရဲ့ အမိန့်အတိုင်း ကမ္ဘာနှစ်ခုကြားတံခါးပေါက် မပွင့်ခင်မှာ ... အဓိက မြင့်မြတ်နယ်မြေ ဂိုဏ်းတွေကို စုပြီးတော့ ပျောင်ပိုင်မြို့ကို ဖျက်ဆီးကြမယ် ။ အားလုံး အသင့်ပြင်ကြတော့ဟေ့ .... ။ နောက်နာရီဝက်နေရင် ပျောင်ပိုင်မြို့ကို သွားကြမယ် "
စကားသံဆုံးသည်နှင့် ကျန့်ဟွမ်တောင် နတ်ဘုရားသခင်ကြီး၏ ပုံရိပ် ပြန်ပျောက်ကွယ်သွားသည်။
" ပျောင်ပိုင်မြို့ .. ဟုတ်လား ၊ ထျန်းမင်ကမ္ဘာက ဘာဖြစ်လို့ အဲ့မှာဆင်းဖို့ ရွေးလိုက်ရတာလဲ "
လိုင်ရူဟော်ဘေးနားမှ ဂိုဏ်းသားတစ်ယောက်က တအံ့တသြ မေး၏။
" ဟား ဟား.. ပျောင်ပိုင်မြို့က ကောင်တွေက တအားမြောက်ကြွမြောက်ကြွ လုပ်လွန်းလို့ ဖြစ်မှာပေါ့ကွာ ။ ဒီကောင်တွေက အစွမ်းလဲ အဲ့လောက်မရှိပဲနဲ့
ထျန်းမင်ကမ္ဘာကို ပုန်ကန်ဖို့ပြောခဲ့ကြတာလေ ။ ဒီကောင်တွေ ကိုယ့်ကိုကိုယ် အထင်ကြီးလွန်းနေကြတာ အခုတော့ ခံရတော့မယ် "
အခြား ဂိုဏ်းသားတစ်ယောက်က ရယ်ရင်း ပြန်ပြောသည်။
ထိုစဥ်တွင် လိုင်ရူဟော်က လက်ထဲမှဓားကို ခပ်တင်းတင်းဆုပ်လိုက်ပြီး ... သူ့မျက်လုံးထဲတွင်လည်း အေးစက်စက် အလင်းတန်းတစ်ခု ဖျတ်ခနဲလက်သွား၏။
" ဟား ဟား... ကျူးကဲ့ကျန့် ... မင်း တော်တော်ကံဆိုးတာပဲ ။ ငါက အစပိုင်းတော့ မင်းကို ရက်နည်းနည်းလောက် ထပ်လွှတ်ထားပေးမလို့ ။ ဒါပေမယ့်.. ကြည့်ရတာ မင်း ဒီနေ့ပဲ သေရတော့မယ်ထင်တယ် "
သူ အပြုံးဖြင့် ပြောလိုက်သည်။
ထိုစဥ် အနောက်ပိုင်းဒေသ ၊ လွင်တီးခေါင်တစ်နေရာ၌...
ဝုန်း...
မြေပြင်ထဲမှ နှစ်တစ်ထောင် ဘုရားကျောင်းတော်တစ်ခု တိုးထွက်လာကာ ...
လည်ပင်းတွင် ဦးခေါင်းခွံဆယ့်နှစ်ခုကို ကြိုးဖြင့်သီကာ ဆွဲထားပြီး ရီဝေဝေ မျက်လုံးများနှင့် အဝတ်အစားမဲ့ ဘုန်းတော်ကြီးတစ်ယောက် ပေါ်လာသည်။
သူ ခေါင်းမော့၍ မြောက်ပိုင်းဒေသသို့ လှမ်းကြည့်ကာ တီးတိုးရေရွတ်၏။
" ပျောင်ပိုင်မြို့ ..တဲ့ ... "
ကျုံ့ကျိုးဒေသ နယ်စပ် ၊ သချ်ိုင်းဂူကြီး တစ်ခုတွင်လည်း ...
ဝုန်း... ဝုန်း... ဝုန်း...
မရေမတွက်နိုင်သော ခေါင်းတလားများ၏ အဖုံးများ ပွင့်ထွက်ကုန်ပြီး ..
၎င်းတို့ထဲမှ ဝိဥာဥ်နှင့်တူသော ပိန်လှီလှီ အရိပ်များစွာ ထွက်လာကြ၏။
" ပျောင်ပိုင်မြို့ ... ပျောင်ပိုင်မြို့ ... "
အရိပ်များက ထိုတစ်ခွန်းတည်းကို အဆက်မပြတ် ရေရွတ်ကာ မြောက်ပိုင်းဒေသဘက်သို့ ဦးတည်ထွက်သွားလိုက်ကြသည်။
တဖက်ရှိ ကျုံ့ကျိုးဒေသ ၊ ယောင်ချီ၌မူ ...
ယောင်ချီ နတ်ဘုရားသခင်မကြီး မျက်လုံးများ ရုတ်တရက်ဖွင့်လာ၏။
" ဒီအရောင်အဝါက ... မြင့်မြတ်နယ်မြေတစ်ခု အချုပ်နှောင်ကို ဖွင့်လိုက်တာလား ။ အရောင်အဝါကလဲ တစ်ခုထက် ပိုနေတယ် "
သူမ တအံ့တသြ ရေရွတ်လိုက်သည်။
ထိုစဥ်မှာပင် သူမ၏ ဆက်သွယ်ရေးကျောက်စိမ်းပြားက အရောင်လက်လာပြီး တာအိုသခင်ကြီး ထျန်းလုံ၏ ပုံရိပ် ပေါ်လာ၏။
" သခင်မကြီးရော ခံစားမိလိုက်တယ် မဟုတ်လား "
သခင်ကြီးထျန်းလုံက အလေးနက်မေးသည်။
ယောင်ချီ နတ်ဘုရားသခင်မကြီး မျက်နှာဖြူရော်သွားကာ ခေါင်းညိတ်ပြလိုက်၏။
" ဟုတ်တယ်. ... ကျွန်မတို့တွေ စိုးရိမ်နေခဲ့တဲ့ နေ့က နောက်ဆုံးရောက်လာပြီနဲ့တူတယ် "
တာအိုသခင်ကြီးထျန်းလုံကလည်း ခေါင်းညိတ်သည်။
" အမှန်ပဲ ၊ ကျုပ် ခုနလေးတင် ထျန်းမင်ကမ္ဘာ ဒီနေ့ရောက်လာမယ် ဆိုတဲ့သတင်းကို ရလိုက်တာ ။ ရောက်လာမယ့်နေရာက ပျောင်ပိုင်မြို့ တဲ့ "
" ပျောင်ပိုင်မြို့လား ..."
ယောင်ချီနတ်ဘုရားသခင်မကြီး အံ့သြတုန်လှုပ်သွား၏။
သခင်ကြီးထျန်းလုံ စကားဆက်သည်။
" ဟုတ်တယ် ။ မဟာအလင်းတန်းဂိုဏ်းက အနည်းဆုံး မြင့်မြတ်နယ်မြေ ဂိုဏ်းကြီးငါးခုလောက်ကိုလဲ အတင်းဖိအားပေးပြီး ထျန်းမင်ကမ္ဘာရဲ့ လက်အောက်ခံအဖြစ် အဖွဲ့ဝင်ခိုင်းထားသေးတယ် ။ သူတို့အားလုံး ပျောင်ပိုင်မြို့ကို တိုက်ခိုက်ကြမှာ "
" ဘယ်လို ... "
ယောင်ချီနတ်ဘုရားသခင်မကြီး တုန်လှုပ်သွားရပြန်၏။
ယခင်ကဆိုလျှင်... ထျန်းမင်ကမ္ဘာမှ မြင့်မြတ်နယ်မြေများသည် အပေါ်ကမ္ဘာမှ ဖိအားပေးလာလျှင်ပင် လိပ်များသဖွယ် မတုန်မလှုပ်သာ နေတတ်ကြသည်က များပါသည်။
သို့သော် ယခု မြင့်မြတ်နယ်မြေ ငါးခုက ထျန်းမင်ကမ္ဘာကို လက်နက်ချ အညံ့ခံခဲ့သတဲ့လား ။
" ဒီအရူးကောင်တွေက ပျောင်ပိုင်မြို့ရဲ့ အစွမ်းကို မသိကြဘူးနဲ့တူတယ် "
ယောင်ချီ နတ်ဘုရားသခင်မကြီး မျက်မှောင်ကြုံ့လိုက်၏။
သခင်ကြီးထျန်းလုံ သက်ပြင်းချသည်။
" သူတို့က ထျန်းမင်ကမ္ဘာကို ပိုအစွမ်းထက်တယ်လို့ ထင်နေကြတာပဲဖြစ်မှာ။ သခင်လေးလောထျန်း ကိုယ်တိုင်ကလဲ ထျန်းမင်ကမ္ဘာနဲ့ ရင်ဆိုင်ဖို့ကို သတိကြီးကြီးထားပြီး ကိုင်တွယ်နေခဲ့တာ မဟုတ်လား "
ယောင်ချီ နတ်ဘုရားသခင်မကြီး ခေါင်းညိတ်လိုက်၏။
" အဲ့လိုလဲ ဖြစ်နိုင်ပါတယ် ။ ဒါပေမယ့် ကျွန်မတို့ ယောင်ချီကတော့ ဘယ်လိုပဲဖြစ်ဖြစ် သခင်လေးလောထျန်းကို သစ္စာဖောက်မှာ မဟုတ်ဘူး ။ ကျွန်မ ဂိုဏ်းထဲက အစွမ်းထက်ကျင့်ကြံသူတွေကို စုပြီး အခုပဲ ပျောင်ပိုင်မြို့ကို သွားလိုက်တော့မယ် "
သခင်ကြီးထျန်းလုံကလည်း ခေါင်းညိတ်၍ ပြောသည်။
" ကောင်းပြီဗျာ ။ ကျုပ်လဲ ထျန်းယွမ်ကျောင်းတော်ရဲ့ ဂိုဏ်းသားတွေအားလုံးကို မြောက်ပိုင်းဒေသဆီ သွားဖို့ အမိန့်ပေးလိုက်တော့မယ် ။ အခုက ကောင်းကင်ဘုံပျက်စီးခြင်း အပေါ်သုံးခုထဲမှာမှ နောက်ဆုံးတစ်ခုဆိုတော့ ... ထျန်းယွမ်ကမ္ဘာကြီးရဲ့ ရှေ့ရေးက ဒီတိုက်ပွဲအပေါ်မှာ အများကြီး မူတည်နေတယ် "
....
တဖက်ရှိ ပျောင်ပိုင်မြို့ပြင်တွင် ...
ဝုန်း ..
လေထုလမ်းကြောင်းတစ်ခု ပွင့်လာပြီး အထဲမှ ရာပေါင်းများစွာသော လူများ ထွက်လာကြ၏။
" အိုး ငါတို့ ထျဲ့ကူဂိုဏ်းက အရင်ဆုံးရောက်မယ်လို့ ထင်တောင်မထင်ထားဘူး "
အဘိုးအိုတစ်ယောက်က အပြုံးဖြင့် ဆိုသည်။
" သခင်ကြီး ၊ ကျုပ်တို့တွေ မဟာအလင်းတန်းဂိုဏ်း ရောက်လာတာကို စောင့်ပြီးမှ အတူတူတိုက်ခိုက်ကြမှာ မဟုတ်လား "
အဘိုးအိုနောက်ရှိ သက်လတ်ပိုင်းအရွယ် လူကြီးတစ်ယောက်က ဦးညွှတ်၍ မေး၏။
ဂိုဏ်းချုပ် အဘိုးအို ချက်ချင်းမျက်နှာကြီးညိုသွားသည်။
" စောင့်ရမယ်.. ဟုတ်လား ။ ငါတို့ ထျဲ့ကူဂိုဏ်းက မြင့်မြတ်နယ်မြေတစ်ခု မဟုတ်တော့ ထျန်းမင်ကမ္ဘာရဲ့ လက်အောက်ခံဖြစ်သွားရင်တောင် တန်ဖိုးထားခံရ
မှာ မဟုတ်ဘူးကွ ။ အဲ့တော့ ငါတို့ချည်းပဲသက်သက် အောင်မြင်မှုတွေ ယူနှင့်ထားလိုက်ရင် မကောင်းဘူးလား "
" အောင်မြင်မှုတွေ ကြိုယူမယ်... "
သူ့စကားကြောင့် သက်လတ်ပိုင်းအရွယ်လူကြီး အံ့အားသင့်သွားသည်။
ဂိုဏ်းချုပ်ကြီးက ရှေ့မှ ပျောင်ပိုင်မြို့အား မျက်မှောင်ကြုံ့ကြည့်ရင်း စကားဆက်၏။
" သိပ်မကြာခင် ထျန်းမင်ကမ္ဘာက သခင်ကြီးတွေ ရောက်လာတော့မှာလေ ။ သူတို့ ရောက်မလာခင် မြက်ပင်တွေကို ရှင်းထားလိုက်ကြတာပေါ့ "
ကျန်လူများကလည်း ပျောင်ပိုင်မြို့အား အပြုံးကိုယ်စီဖြင့် ကြည့်လိုက်ကြသည်။
" ဒီ မြောက်ပိုင်းဒေသက အမှိုက်တွေကို အရှင်ထားစရာ ဘာအကြောင်းမှ မရှိဘူး ၊ အားလုံးကို သတ်ကြဟေ့ ... ။ အားလုံး ငါနဲ့ လိုက်ခဲ့ကြ ။ တိုက်ခိုက်ဖို့ ဆန္ဒမရှိတဲ့သူတွေက ဂိုဏ်းရဲ့ စည်းမျဥ်းတွေအတိုင်း အရေးယူခံရမယ် "
ဂိုဏ်းချုပ်ကြီး ပြောကာ လေထဲသို့ ပျံတက်လိုက်သည်။
" သတ်ကြဟေ့ ... "
ကျန်လူများမှာလည်း အချိန်မဆွဲရဲကြတော့ဘဲ လက်နက်ကိုယ်စီထုတ်၍ ပျောင်ပိုင်မြို့သို့ ပျံသန်းသွားလိုက်ကြသည်။
သို့သော်..
သူတို့ မြို့နှင့်မလှမ်းမကမ်းသို့ အရောက်မှာပင်..
ဝီ ..
ပျောင်ပိုင်မြို့ မြို့ရိုးပေါ်၌ စိတ်စွမ်းအင် အလင်းတန်းတစ်ခု အရောင်လက်သွားပြီး သူတို့၏ ဂိုဏချုပ်ကြီး တုန့်ခနဲရပ်သွား၏။
" အိုး ... အကာအကွယ် အစီအမံတစ်ခု ရှိနေတာပါလား ။ ဟား ဟား... သနားစရာ ကောင်းလိုက်တာကွာ ၊ အဲ့လို အစီအမံလောက်ကတော့ ငါ့လို မသေ
မျိုးအစွမ်း စုပ်ယူထားတဲ့ မသေမျိုးတစ်ယောက်နဲ့ ယှဥ်လိုက်ရင် ဘာမှမဟုတ်တော့ဘူး "
သူ အော်ရယ်ကာ အစီအမံအား လက်ဖြင့်ရိုက်လိုက်သည်။
သူ့အတွေးတွင်လည်း လက်နှင့် တစ်ချက်ရိုက်ရုံဖြင့် ပျောင်ပိုင်မြို့၏ အစီအမံက ချက်ချင်းပြိုကွဲသွားမည်ဟုသာ ထင်ထားပါ၏။
သို့သော်...
ဝှစ်...
သူ့လက်ဝါးချက်က အစီအမံထဲသို့ နှစ်ဝင်သွားကာ.. ပင်လယ်ထဲသို့ ရေစက်လေးတစ်စက်သာ ကျသွားသည့်အလား အစအနမကျန် ပျောက်ကွယ်သွားပါသည်။
" ဘာတွေ ဖြစ်နေတာလဲ "
ထိုတခဏ၌ ဂိုဏ်းချုပ်ကြီး အံ့သြမှင်သက်သွားရ၏။
သို့သော် ထိုစဥ်မှာပင်..
ဘုန်း...
အစီအမံထဲမှ ခပ်ပြင်းပြင်း အားတစ်ခု ပြန်ကန်ထွက်လာသည်။
၎င်းမှာ ဂိုဏ်းချုပ်ကြီး၏ လက်ဝါးအစွမ်းနှင့် အလွန်ဆင်သော်လည်း ..
အစွမ်းကမူ ဆယ်ဆမက ပိုများပါ၏။
" ဒါ... "
ထျဲ့ကူဂိုဏ်းမှ လူများအားလုံး တုန်လှုပ်သွားကြသည်။
ထိုအစီအမံက တိုက်ခိုက်လာသောအစွမ်း၏ ဆယ်ဆကို ပြန်ကန်ထုတ်နိုင်သတဲ့လား ..
အားလုံး ကြောက်လန့်တုန်လှုပ်ကာ ထွက်ပြေးရန်
ကြိုးစားလိုက်ကြတော့၏။ သို့သော်.. နောက်ကျသွားခဲ့လေပြီ ။
" ဒီမအေ $#@# "
ထျဲ့ကူဂိုဏ်းချုပ်ကြီး ဒေါသတကြီး အော်ကာ အစွမ်းကုန်သုံး ပြန်တိုက်ခိုက်လိုက်သည်။
သို့သော် အစွမ်းနှစ်ခု၏ ကွာဟချက်က ကြီးလွန်းလှပါ၏။
ဝုန်း....
ကြောက်မက်ဖွယ် အားကြီးက ဂိုဏ်းချုပ်ကြီးဆီ ရောက်လာကာ ...
သူ စက္ကန့်ပိုင်းလေးသာ တောင့်ခံလိုက်နိုင်ပြီး ... နောက်သို့ လွင့်ထွက်သွားတော့သည်။
သူ လေထဲလည်နေစဥ်မှာပင် သွေးအန်သွားကာ သူ့ကိုယ်မှ မသေမျိုးအစွမ်းများလည်း စီးထွက်လာပြီး ... နေရာတွင်ပင် သေဆုံးသွားရတော့၏။
ကျန်လူများမှာလည်း အခြေအနေ မကောင်းလှပါ ။
ပြန်ကန်ထွက်လာသော လက်ဝါးအစွမ်းကြီးက ဂိုဏ်းချုပ်ကြီး တစ်ယောက်တည်းသာမက သူတို့အားလုံးပေါ်သို့ လွှမ်းခြုံလာပါ၏။
တခဏအတွင်းမှာပင် သူတို့အားလုံး လွင့်ထွက်ကုန်ကြသည်။
အများစုမှာ ထျဲ့ကူဂိုဏ်းချုပ်ကြီးလိုပင် နေရာ၌ သေဆုံးသွားကြပြီး အစအနလေးပင် မကျန်ခဲ့ကြပါ ။
ထိုလက်ဝါးအစွမ်းနှင့် တိုက်ရိုက်မတွေ့လိုက်ရသည့် လူအနည်းငယ်ကမူ နောက်သို့သာ လွင့်ထွက်သွားကြ၏။
သို့သော် ထိုလူများမှာလည်း အနောက်ဘက် ပေထောင်ချီ အကွာဝေးထိ လွင့်ထွက်ကာ ဒဏ်ရာဆိုးရွားစွာ ရသွားကြသည်ချည်းပင် ။
လွန်ခဲ့သော စက္ကန့်ပိုင်းလေးကတင် ပျောင်ပိုင်မြို့အား ဖျက်ဆီးပစ်မည်ဟု ခြိမ်းခြောက်စကား ဆိုခဲ့သော ထျဲ့ကူဂိုဏ်းမှာ ပျောင်ပိုင်မြို့သား တစ်ယောက်ကိုပင် မမြင်ရသေးဘဲ.. တစ်ဂိုဏ်းလုံးနီးပါး ပြောင်ခါနီးဖြစ်သွားလေပြီ ။
ထိုစဥ် ပျောင်ပိုင်မြို့ မြို့ရိုးပေါ်၌ ....
" ဟင်... အဲ့နားလေးမှာ ဘာဖြစ်နေတာလဲ "
မြို့တော်အစောင့်တပ်ဖွဲ့မှ တပ်သားတစ်ယောက်က ပုံမှန်မဟုတ်သော အခြေအနေကို သတိထားမိကာ ထျဲ့ကူဂိုဏ်း တိုက်ခိုက်ခဲ့သည့်ဘက်သို့ လှမ်းကြည့်လိုက်သည်။
သို့သော်.. မြို့ရိုးအောက်၌ ဘာမှ ရှိမနေပါချေ ။
" မင်း နားကြားလွဲသွားတာများလား ။ အပြင်ဘက်မှာ ဘယ်သူမှလဲ မရှိဘူး "
အခြား အစောင့်တပ်သားတစ်ယောက်က ပြော၏။
" အင်း... ဒီတလောတွေ ငါ သေချာမနားထားရလို့နဲ့ တူပါတယ်ကွာ "
ပထမ တပ်သားက ခေါင်းယမ်း၍ဆိုပြီး အခြားနေရာဘက်သို့သာ စစ်ဆေးကြည့်လိုက်သည်။
ထျဲ့ကူဂိုဏ်းမှလူများ အခြေအနေ အလွန်ဆိုးနေချိန်တွင်... ပျောင်ပိုင်မြို့သားများမှာကား.. သူတို့ရှိနေသည်ကိုပင် မသိကြပါ ။
ထိုစဥ်မှာပင် .
ဝုန်း..
ပျောင်ပိုင်မြို့ပြင်၌ လေထုလမ်းကြောင်း နောက်တစ်ခု ထပ်ပေါ်လာ၏။