← Chapters

အစွမ်းအထက်ဆုံး အလောင်းရုပ်သေး

Vol. 52 Ch. 720

အစွမ်းအထက်ဆုံး အလောင်းရုပ်သေး

Vol. 52 Ch. 720

ဝုန်း...

ထိုတခဏ၌ လောထျန်းကို ဗဟိုပြုထားသော ကြောက်မက်ဖွယ် အရောင်အဝါတစ်ခုက အရပ်မျက်နှာစုံသို့ တိုက်ခတ်သွားသည်။

အနီးနားတွင် ရှိနေကြသည့် ပျောင်ပိုင်မြို့ တပ်သားများမှာလည်း တစ်စုံတစ်ရာ လွဲနေပြီကို အာရုံခံမိကာ သူတို့၏ အကာအကွယ် မသေမျိုးလက်နက်များအား ရှေ့၌ ကိုယ်စီချထားလိုက်ကြ၏။

ထို မူလမသေမျိုးလက်နက်များပေါ်၌ တာအိုထွင်းစာများ တမဟုတ်ချင်း ပေါ်လာပြီး တစ်ခုနှင့်တစ်ခု ရောယှက်သွားကြသည်။ အစွမ်းကလည်း ပိုကြောက်စရာကောင်းသွား၏။

သို့သော်..

ဘုန်း...

တခဏအကြာမှာပင် အားလုံး နောက်သို့လွင့်ထွက်သွားရတော့သည်။

" ဟင် ... "

လောထျန်း ထိုအချိန်မှ အသိပြန်ဝင်ကာ သူ့အရောင်အဝါကို မြန်မြန်ပြန်ထိန်းချုပ်လိုက်ရ၏။

ထိုအချိန်မှလည်း လေထဲလွင့်သွားသော ပျောင်ပိုင်မြို့၏ တပ်သားများ အောက်ပြန်ကျလာကြသည်။

" မင်းတို့.. အဆင်.. အဆင်ပြေကြရဲ့လား "

လောထျန်းမှာ ထိုမြင်ကွင်းကိုကြည့်ရင်း အပြစ်ရှိသူတစ်ယောက်ပမာ ခံစားလိုက်ရရှာသည်။

သူ ရက်များစွာကြာ အချိန်ပေး လေ့ကျင့်ပေးထားရသော ထိပ်တန်းအဆင့် တပ်ဖွဲ့ဝင်များအားလုံးကို မတော်တဆသာ သတ်မိသွားခဲ့ပါက ဆုံးရှုံးမှု အလွန်ကြီးသွားပေမည် ။

" ဘာမှမဖြစ်ပါဘူး သခင်လေး ၊ အဆင်ပြေပါတယ် "

ပျောင်ပိုင်မြို့ တပ်သားတစ်ယောက်က သွေးချောင်း

တဟွတ်ဟွတ်ဆိုးရင်း ပြန်ဖြေရှာသည်။

" ဟုတ်တယ် သခင်လေး ၊ အရိုးလေး နှစ်ချောင်းလောက်ပဲ ကျိုးသွားတာပါ ။ ဒီလောက်ကတော့ နည်းနည်းလေး နားလိုက်ရင်တောင် သက်သာသွားမှာမို့ တိုက်ပွဲကို ဘာမှ မထိခိုက်နိုင်ဘူးဗျ "

အခြားတစ်ယောက်ကလည်း အသံတုန်တုန်ဖြင့် ပြောရှာ၏။

လောထျန်းက အားလုံးကို သူ့စိတ်ဝိဥာဥ်အစွမ်း ထုတ်၍ စစ်ဆေးကြည့်လိုက်သည်။

အများစုမှာ အပေါ်ယံ ဒဏ်ရာနည်းနည်းသာ ရခဲ့ကြပြီး အရိုးကျိုးရုံလောက်သာ ဖြစ်သည်ကို သိလိုက်ရမှ သူ စိတ်အေးသွားပါ၏။

ထိုသို့သော ဒဏ်ရာမျိုးလောက်မှာ သူတို့လို ကျင့်ကြံခြင်းအဆင့် ရှိထားသူများအတွက် ဘာမှ မပြောပလောက်ပေ ။

သို့သော်.. သူ ချက်ချင်း စိတ်ပြန်ပူသွားရသည်။

" ငါ.. ခုနတုန်းက အစွမ်းသိပ်မသုံးခဲ့တာတောင် သူတို့တွေအားလုံး ဒဏ်ရာရသွားခဲ့ကြတာ ။ ဒါဆို... ဒီ မသေမျိုးလက်နက်တွေက ဘယ်လောက်ထိပဲ အသုံးဝင်နိုင်မလဲ "

လောထျန်း တစ်ကိုယ်တည်း ရေရွတ်လိုက်၏။

သို့သော်.. သူ ထိုသို့တွေးနေရင်း ရုတ်တရက် သန်းဝေသွားပါသည်။

" သခင်.. သခင်လေး ၊ ခဏလောက် အနားယူလိုက်ပါလားဗျ "

တစ်ယောက်က အကြံပြု၏။

သူ့စကားကြောင့် လောထျန်း ချက်ချင်းအသိပြန်ဝင်သွားသည်။

" ရတယ်.. မလိုဘူး ၊ အခုက နားရမယ့်အချိန် မဟုတ်သေးဘူးကွ "

သူ ပြောလိုက်၏။

" ဒါပေမယ့်.. သခင်လေးက.... "

တဖက်လူက ဆက်ပြောချင်နေဟန်ပင်...

လောထျန်း လက်ကာပြ၍ ပြောလိုက်သည်။

" မလိုဘူးကွ ။ အခု ငါနည်းနည်းပင်ပန်းလို့ အိပ်ချင်နေတာ ။ ဒါပေမယ့် ငါ့ရဲ့ တိုက်ခိုက်စွမ်းရည်ကိုတော့ ဘာမှ မထိခိုက်နိုင်ပါဘူး ။ ကဲ.. အခု အပြင်ထွက်ပြီး လူသွားစုကြ ။ ကျင့်ကြံနေကြတဲ့ သူတွေအပါအဝင် အားလုံးကို ခေါ်ထုတ်လာခဲ့ "

ယနေ့တိုက်ပွဲသည် သူတို့ ပျောင်ပိုင်မြို့၏ ရှင်သန်မှုအတွက်သာမက ၊ ထျန်းယွမ်ကမ္ဘာ၏ ရှင်သန်မှုအတွက်ပါ အရေးကြီးလှကြောင်း လောထျန်း ကောင်းကောင်းကြီးသိပါ၏။

သို့ဖြစ်ရာ.. ဤတိုက်ပွဲ၌ ဘာကိုမှ ချန်မထားဘဲ ရှိသမျှအစွမ်းကုန် ထုတ်သုံးရပေမည် ။

" ဟုတ်ကဲ့ပါ သခင်လေး "

အားလုံး သံပြိုင်ပြန်ဖြေကာ ထွက်ခွာသွားကြသည်။

လောထျန်း တစ်ယောက်တည်းသာ ကျန်ခဲ့တော့၏။

" ထျန်းမင်ကမ္ဘာ ..... "

ထိုစဥ် သူ အိပ်ချင်စိတ် ထပ်ဖြစ်လာကာ.. သူ့မျက်လုံးနီနီထဲမှ အမုန်းတရားများလည်း ပိုကြီးထွားလာတော့သည်။

တဖက်ရှိ ပျောင်ပိုင်မြို့ပြင်တွင် ...

ဘုန်း ...

ချင်းဝူချုံ၏ လက်သီးချက်မှ ထွက်လာသော အသံကျယ်နှင့်အတူ နန်လင် နတ်ဆိုးမသေမျိုး လဲကျသွားသည်။

သို့သော် ထိုအချိန်မှာပင် နတ်ဆိုးဘုန်းတော်ကြီးက ထပ်တိုက်ခိုက်လာပြန်၏။

ချင်းဝူချုံမှာ ထိုသိုင်းကွက်အား မည်သို့မှ မရှောင်လိုက်နိုင်သဖြင့် ပုခုံးနှင့် ထိမိသွားကာ သွေးများ ပန်းထွက်လာသည်။

" သေစမ်းကွာ "

သူ ဒေါသထွက်သွားပြီး နတ်ဆိုးဘုန်းတော်ကြီးအား

လက်နောက်ပြန် ရိုက်လိုက်၏။ သို့သော် နတ်ဆိုးဘုန်းတော်ကြီးက လက်ဝါးချက်အား ထိပ်တိုက်ရင်မဆိုင်ရဲဘဲ ခပ်ဝေးဝေးထိ ဆုတ်၍ ရှောင်တိမ်းလိုက်သည်။

တစ်ချိန်တည်းမှာပင် တဖက်မှ အလောင်းရုပ်သေးက ထပ်တိုက်ခိုက်လာကာ ချင်းဝူချုံအား အချိန် တခဏလေးအတွင်း အကြိမ်ပေါင်းထောင်ချီ ရိုက်လိုက်သည်။

ချင်းဝူချုံတစ်ယောက် ၎င်းကို အသည်းအသန် ခုခံကာကွယ်လိုက်သည့်တိုင် သူ့လက်များ အနည်းငယ် နှေးသွားခဲ့သဖြင့် ...

ဘုန်း...

အလောင်းရုပ်သေး၏ လက်သီးချက်တစ်ခု သူ့ကိုယ်ကို ထိသွားပြီး သူ ယိုင်သွား၏။

" ဖယ်စမ်းကွာ ... "

သို့သော် သူ ချက်ချင်းကိုယ်ကိုပြန်ထိန်းကာ အံကြိတ်၍ လက်သီးဖြင့် ပြန်ထိုးလိုက်သည်။

သူ့လက်သီးမှ အဆုံးအစမဲ့ အစွမ်းများ ထွက်လာ၏။

ဘုန်း...

အလောင်းရုပ်သေး လဲကျသွားပြန်ကာ.. တစ်ကိုယ်လုံးလည်း ပျက်စီးလုနီးပါး ဖြစ်သွားတော့သည်။

သို့သော်..

ဝီ ...

ထိုစဥ် အလောင်းရုပ်သေး၏ ကိုယ်မှ အစိမ်းရောင်အငွေ့များ ထွက်လာပြီး ပြိုကွဲလုနီး သူ့ခန္ဓာကိုယ်ကလည်း ရုတ်ချည်း ပြန်ကောင်းသွား၏။

" မသေမျိုးခန္ဓာကိုယ်က တော်တော်အလုပ်ရှုပ်တာပဲကွာ "

ချင်းဝူချုံ ဒေါသတကြီး ပြောလိုက်တော့သည်။

အခြားတဖက်၌ ...

" ဓားဧကရာဇ် ဓားကိုးသွယ် "

ကျန့်ဟွမ်တောင် နတ်ဘုရားသခင်ကြီး၏ အော်သံနှင့်အတူ တောင်များကဲ့သို့ ကြီးမားသော ဓားအရိပ် ၇ ခုက သွမ့်ချန်ချိုးထံ တိုးဝင်လာကြသည်။

သွမ့်ချန်ချိုး၏ မျက်နှာထား အနည်းငယ်အေးစက်သွား၏။

" လေကိုခွင်းမယ့် ဓားတစ်လက် "

ချွှင် ...

ဓားသံတစ်သံ မြည်လာသည်။

သို့သော် ထိုစဥ်တွင် ...

ဝှစ် ...

ဝမ်ထျန်းဖုန်းက ကျန့်ဟွမ်တောင် နတ်ဘုရားသခင်ကြီး ရှေ့၌ ရုတ်တရက်ဝင်ရပ်ကာ ဓားသိုင်းကွက်ကို ရင်ဆိုင်လိုက်၏။

ဇွပ် ..

ဓားစိတ်ဆန္ဒက သူ့ရင်ဘတ်ထဲသို့ ချက်ချင်းထိုးဖောက်ဝင်သွားပြီး ဝမ်ထျန်းဖုန်း၏ ခန္ဓာကိုယ်တစ်ဝက် ဖျက်ဆီးခံလိုက်ရတော့သည်။

သို့သော် ဓားစိတ်ဆန္ဒမှာလည်း ကုန်ခမ်းသွားပြီဖြစ်ကာ ကျန့်ဟွမ်တောင် နတ်ဘုရားသခင်ကြီးအား ဆက်မတိုက်ခိုက်နိုင်တော့ပါချေ ။

ထိုအစား.. ကျန့်ဟွမ်တောင် နတ်ဘုရားသခင်ကြီး၏ ဓားအရိပ် ၇ ခုကသာ ကောင်းကင်ယံမှ ကျလာ၏။

သွမ့်ချန်ချိုးမှာ ၎င်းအား မည်သို့မှ မရှောင်တိမ်းနိုင်တော့ဘဲ ခုခံရန်သာ တတ်နိုင်တော့သည်။

ဝုန်း... ဝုန်း... ဝုန်း...

အသံကျယ်များ ဆက်တိုက်ထွက်လာပြီးနောက် သွမ့်ချန်ချိုး နောက်သို့ ခြေလှမ်း ၇ လှမ်း ဆုတ်လိုက်

ရ၏။

" မြင်လိုက်ကြလား... သွမ့်ချန်ချိုး ဓားတစ်လက်ကြောင့် နောက်ကို ခြေလှမ်း ၇ လှမ်းတောင် ဆုတ်သွားရတာ ။ ငါကသာ ထျန်းယွမ်ကမ္ဘာရဲ့ နံပါတ်တစ် ဓားသမားပဲ ။ ကျန့်ဟွမ်တောင်ရဲ့ နတ်ဘုရားသခင်ကြီး ဖြစ်တဲ့ ငါကမှ တကယ့်ပြိုင်ဘက်ကင်း ဓားသမားအစစ်ပဲကွ "

ကျန့်ဟွမ်တောင် နတ်ဘုရားသခင်ကြီးက အသံကျယ်ဖြင့် အရူးတစ်ယောက်ပမာ အော်ရယ်လိုက်သည်။

ထိုတခဏ၌ ကျန့်ဟွမ်တောင် ဂိုဏ်းသားများ၏ အားပေးအော်ဟစ်သံများလည်း ထွက်လာ၏။

သို့သော် ဝူလျန်နန်းတော်ဘက်မှ လူများမှာမူ ဒေါသထွက်နေသည့် မျက်နှာထားကိုယ်စီဖြင့် ...

ထိုလူကြီးက အလောင်းရုပ်သေးအား ဒိုင်းကာအဖြစ် သုံးထားပြီးမှ သူ့ဓားဖြင့် သွမ့်ချန်ချိုးကို ခြေလှမ်း ၇ လှမ်း နောက်ဆုတ်အောင် လုပ်နိုင်သည်ဟု ပြောနေသည် မဟုတ်ပါလား ။

သွမ့်ချန်ချိုးမှာလည်း ထိုစကားကို ကြားကာ ဒေါသူပုန်ထသွားသည်။

သူ ကျန့်ဟွမ်တောင် နတ်ဘုရားသခင်ကြီးအား အေးစက်စက်မျက်လုံးများဖြင့်ကြည့်၍ အေးစက်စက်လေသံဖြင့် ပြောလိုက်၏။

" မင်းက အဲ့စကား ပြောရဲတယ်ပေါ့လေ "

သူ ပြောနေစဥ်တွင်လည်း လက်ထဲရှိ ဓားမှ မြည်သံထွက်လာသည်။

ဝုန်း..

ကြောက်မက်ဖွယ် ဖိအားကြီးတစ်ခုလည်း ရုတ်ချည်းထွက်လာ၏။

" ဟမ်.... "

ခပ်လှမ်းလှမ်းတွင် ရှိနေသော စိတ်ဝိဥာဥ်အလောင်းဂိုဏ်း၏ ဘိုးဘေးက တစ်ခုကို သတိထားမိသွားဟန်ဖြင့် မျက်နှာထားအနည်းငယ် ပြောင်းသွားပြီးနောက်... အစီအမံတစ်ခု ချက်ချင်းလုပ်သည်။

ထိုစဥ်မှာပင်..

" နှစ်တစ်ထောင်ကို ဖြတ်မယ့် ဓားတစ်လက် "

သွမ့်ချန်ချိုး၏ အေးစက်စက် အသံနှင့်အတူ ကြောက်မက်ဖွယ် ဓားစိတ်ဆန္ဒတစ်ခု ကောင်းကင်ယံသို့ မြင့်တက်လာ၏။

" ဓားစိတ်ဆန္ဒကိုပဲ သုံးတယ်ပေါ့လေ ။ မင်းက ငါ့ကို လျှော့တွက်ထားတာပဲကွ ။ ဓားဧကရာဇ် ဓားကမ္ဘာ... "

ကျန့်ဟွမ်တောင် နတ်ဘုရားသခင်ကြီးက လှောင်ပြုံးဖြင့်ပြောကာ ဓားယမ်း၍ ဓားကမ္ဘာကို ဖွင့်လိုက်သည်။

ချွှင်..

သူ့ရှေ့ရှိ လေထုက များစွာသော ကမ္ဘာငယ်များအဖြစ် ပြောင်းပြီး သွမ့်ချန်ချိုးဆီ တိုးဝင်သွားကြ၏။

ဓားသိုင်းကျင့်စဥ်တွင် ... ဓားစွမ်းအင် ၊ ဓားစိတ်

ဆန္ဒ ၊ ဓားကမ္ဘာ ... အားလုံးက အရေးကြီးပါသည်။

လက်ရှိတွင် သူ၏ ဓားကမ္ဘာမှာ သွမ့်ချန်ချိုး၏ ဓားစိတ်ဆန္ဒထက် အဆင့်နှစ်ခု ပိုမြင့်ပေရာ ၎င်းအား အလွယ်တကူ ဖိနှိပ်နိုင်မည်ဟု ကျန့်ဟွမ်တောင် နတ်ဘုရားသခင်ကြီး တွေးလိုက်သည်။

သို့သော်... ထင်မထားစွာပင် ..

ဝုန်း ...

သူ့ ဓားကမ္ဘာက သွမ့်ချန်ချိုး၏ ဓားစိတ်ဆန္ဒကို ထိမိသည်နှင့် ချက်ချင်း နှစ်ခြမ်းကွဲသွားပါတော့၏။

" ဘယ်လိုဖြစ်ပြီး .... "

ကျန့်ဟွမ်တောင် နတ်ဘုရားသခင်ကြီး အံ့သြမှင်သက်သွားတော့သည်။

ဓားစိတ်ဆန္ဒ တစ်ခုတည်းက ဓားကမ္ဘာကို အနိုင်ယူလိုက်နိုင်သတဲ့လား ...

မည်သို့ ဖြစ်နိုင်ပါသနည်း ။

ထိုအချိန်မှာပင် သွမ့်ချန်ချိုး၏ အသံက သူ့နားထဲ ရောက်လာသည်။

" ဓားကျင့်စဥ်ဆိုတာ ပိုမြင့်တဲ့ ဓားကမ္ဘာအဆင့်ကို ရောက်ရုံနဲ့ မပြီးဘူးကွ ။ ဓားစိတ်ဆန္ဒ ၊ ဓားစွမ်းအင် ၊ ဓားအဆင့် ၊ ဓားကမ္ဘာ ... အားလုံးက မတူတဲ့အ​ခြေအနေတွေ ဆိုပေမယ့် ဘယ်ဟာက နိမ့်ပြီး ဘယ်ဟာကမြင့်တယ်ဆိုတဲ့ ကွာဟချက်မျိုး မရှိဘူး "

သူ့စကား ဆုံးချိန်မှာပင် ....

ချွှင် ...

ကျန့်ဟွမ်တောင် နတ်ဘုရားသခင်ကြီး၏ ဓားကမ္ဘာ နှစ်ခြမ်းကွဲကာ ဓားစိတ်ဆန္ဒက သူ့ထံ ဆက်တိုးဝင်လာ၏။

ကျန့်ဟွမ်တောင် နတ်ဘုရားသခင်ကြီးမှာ ရှောင်တိမ်းလိုက်ချင်သော်လည်း သူ့ခန္ဓာကိုယ်က ဓားစိတ်ဆန္ဒကြောင့် ချုပ်နှောင်ခံထားရသလို ဖြစ်နေပြီး ရှောင်တိမ်း၍ မရပါချေ။

သို့သော် ထိုအချိန်မှာပင် သွေးနီရောင် ခေါင်းတလားကြီးတစ်ခု ကောင်းကင်ယံမှ ကျလာသည်။

ဝုန်း..

သွမ့်ချန်ချိုး၏ ဓားစိတ်ဆန္ဒက ခေါင်းတလားနှင့် တွေ့သွားပြီး ခေါင်းတလားကြီး ချက်ချင်းကွဲကာ အထဲမှ အရိပ် ပေါ်လာ၏။

ချွှင်...

ဓားစိတ်ဆန္ဒက ထိုအရိပ်ပေါ်သို့ ကျသွားကာ အသံတစ်သံ ထွက်လာသည်။

ထိုအရိပ်ကြီး နောက်လွင့်ပြီး ကျန့်ဟွမ်တောင် နတ်ဘုရားသခင်ကြီး၏ ကိုယ်ပေါ်သို့ အရှိန်ပြင်းပြင်း ကျသွား၏။

အွတ်...

ကျန့်ဟွမ်တောင် နတ်ဘုရားသခင်ကြီးမှာ ထိုအရိပ်

ကျလာသည့် အရှိန်ကြောင့် သွေးပင်အန်သွားကာ အနောက်ဘက် ပေထောင်ချီ အကွာအဝေးထိ ဆုတ်လိုက်ရပြီးမှ ခက်ခက်ခဲခဲ မတ်တပ်ပြန်ရပ်နိုင်သည်။

တဖက်မှ သွမ့်ချန်ချိုးမှာ ၎င်းကိုကြည့်ရင်း မျက်မှောင်အနည်းငယ် ကြုံ့သွား၏။

သူ့ဓားချက်က တတိယမြောက် ခေါင်းတလားထဲမှ အလောင်း၏ ခန္ဓာကိုယ်အား နှစ်ခြမ်းကွဲအောင် မလုပ်နိုင်ခဲ့ပါချေ။

ထိုသူက သူ့ခန္ဓာကိုယ်အစွမ်းကို သုံး၍ သူ၏ အစွမ်းအထက်ဆုံး ဓားစိတ်ဆန္ဒအား တားနိုင်ခဲ့ပါသည်။

" အဲ့လူက... ဘယ်သူလဲ "

သွမ့်ချန်ချိုး မျက်မှောင်ကြုံ့၍ မေးလိုက်သည်။

တဖက်မှ စိတ်ဝိဥာဥ်အလောင်းဂိုဏ်း၏ ဘိုးဘေးက လှောင်ပြုံးဖြင့် ပြန်ပြော၏။

" ဘယ်သူလဲ.. ဟုတ်လား ၊ အဲ့ဒါ ရှေးခေတ် ထျန်းယွမ်ကမ္ဘာက အစွမ်းထက်ကျင့်ကြံသူကြီး တစ်ယောက်ရဲ့ ရုပ်ကြွင်းပေါ့ ။ ငါ့ရဲ့ အစွမ်းအထက်ဆုံး အလောင်းရုပ်သေးပဲ "

All Chapters