← Chapters

မဟာအလင်းတန်းဂိုဏ်း ရောက်လာပြီ

Vol. 52 Ch. 722

မဟာအလင်းတန်းဂိုဏ်း ရောက်လာပြီ

Vol. 52 Ch. 722

" ဒါ.... "

ကျန့်ဟွမ်တောင် နတ်ဘုရားသခင်ကြီး လွန်စွာတုန်လှုပ်သွားတော့သည်။

တစ်ယောက်ချင်းရင်ဆိုင်ရသည့် အခြေအနေမျိုးတွင် သူ ဓားချက်တစ်ချက်ကြောင့် ဒဏ်ရာရသွားမည်ဟု ထင်မထားခဲ့ပါချေ။

ချွှင်..

တဖက်မှ သွမ့်ချန်ချိုးက အေးစက်စက် နှာခေါင်းရှုံ့၍ နောက်ဓားတစ်လက်ဖြင့် သူ့ရှေ့ ရောက်လာပြန်၏။

ဝုန်း ..

ထိုဓားတစ်ချက်ဖြင့်ပင် ကျန့်ဟွမ်တောင် နတ်ဘုရားသခင်ကြီး ဒဏ်ရာရသွားပြန်တော့သည်။

" ကျုပ်ကို ကယ်ကြပါဦး "

ဤတစ်ကြိမ်တွင်မူ ကျန့်ဟွမ်တောင် နတ်ဘုရားသခင်ကြီး မနေနိုင်တော့ဘဲ သူ့လူများဘက်လှည့်၍ အကူညီတောင်းလိုက်ရ၏။

၎င်းကိုမြင်သော နတ်ဆိုးဘုန်းတော်ကြီး ဝင်တိုက်ခိုက်ရန် ပြင်လိုက်သည်။

သို့သော်..

" ရှင့်ရဲ့ ပြိုင်ဘက်က ဒီမှာ "

ယောင်ချီ နတ်ဘုရားသခင်မကြီး သူ့ရှေ့ရောက်လာပြီး လက်ယမ်းလိုက်ရာ ဓားသွားများက မရေမတွက်နိုင်သော မက်မွန်ပွင့်ဖတ်များအဖြစ် ပြောင်းပြီး သူ့ထံ တိုးဝင်လာ၏။

ဝုန်း... ချွှင် ....

နတ်ဆိုးဘုန်းတော်ကြီးမှာ ထိုမက်မွန်ပွင့်ဖတ်များကိုသာ အသည်းအသန် ခုခံလိုက်ရကာ ထိုတခဏ၌ အခြားသူများကို ဂရုမစိုက်နိုင်တော့ပါချေ ။

ထိုစဥ် နန်လင် နတ်ဆိုးမသေမျိုးက ဝင်တိုက်ခိုက်ရန် ပြင်လိုက်သည်။

သို့သော်..

ယား ..

ချင်းဝူချုံက ညာသံပေးအော်ဟစ်ပြီး မသေမျိုးစွမ်းအင် ပင်လယ်နှင့်အတူ လေထဲမှ ကျလာကာ..

သူ့အား ဖိနှိပ်လာ၏။

ဝုန်း.... ခွမ်း ...

နန်လင် နတ်ဆိုးမသေမျိုး၏ ခန္ဓာကိုယ်မှာ ပြိုကွဲသွားလိုက် ၊ ပြန်ကောင်းလိုက်ဖြင့် သံသရာလည်နေပြီး ထိုတခဏ၌ သူ ထိုအခြေအနေမှ မထွက်နိုင်ရှာပါချေ ။

" ဒါ ... "

၎င်းကို မြင်လိုက်ရသော စိတ်ဝိဥာဥ်အလောင်းဂိုဏ်း၏ ဘိုးဘေး တုန်လှုပ်သွားတော့သည်။

ထိုစဥ်မှာပင်...

သခင်ကြီးထျန်းလုံက သူ့ရှေ့ ရောက်လာ၏။

" ဟမ့် ... အဘိုးကြီး ၊ ငါ မင်းကို ဒဏ်ရာရအောင် မလုပ်နိုင်ပေမယ့် မင်းကလဲ ငါ့ရဲ့ သေမင်းအဆိပ်ကို မတိုက်ခိုက်ရဲပါဘူးကွာ ။ ငါတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် ဘာမှ မလုပ်နိုင်ဘဲနဲ့ ငါ့ကိုဘာလို့ စိုက်ကြည့်နေဦးမှာလဲ "

စိတ်ဝိဥာဥ်အလောင်းဂိုဏ်း၏ ဘိုးဘေးမှာ ရင်ထဲတွင် သခင်ကြီးထျန်းလုံအား အနည်းငယ်ကြောက်စိတ် ဝင်နေသော်လည်း ဟန်ကိုယ့်ဖို့လုပ်၍ ခြောက်ကပ်ကပ်ရယ်ကာ ပြောလိုက်သည်။

တဖက်မှ သခင်ကြီးထျန်းလုံကမူ ဘာခံစားချက်မှ မရှိသည့် မျက်နှာသေဖြင့် ဖြစ်နေကာ လက်ဝါးနှစ်ဖက်ကို ရုတ်ရက် စုလိုက်သည်။

ဝီ ...

သူ့အနောက်ဘက်၌ မှိန်ဖျော့ဖျော့ နဂါးရိပ်တစ်ခု

ရုတ်ချည်း စုစည်းလာ၏။

ထို့နောက်တွင် သခင်ကြီးထျန်းလုံ အသက်ပြင်းပြင်းရှိုက်၍ လက်ဖြင့် လှုပ်ရှားမှုအချို့ လုပ်လိုက်ရာ အနောက်မှ နဂါးအရိပ်ကြီးကလည်း သူ့ပုံစံအတိုင်း လှုပ်ရှားလာပြီး စိတ်ဝိဥာဥ်အလောင်းဂိုဏ်း၏ ဘိုးဘေးကိုကြည့်ကာ ဟိန်းလိုက်သည်။

ထို နဂါးဟိန်းသံမှာ ကြောက်စရာ ကောင်းလွန်းလှပြီး ..

အသံက အစိုင်အခဲအဖြစ် ပြောင်းသွားဟန်တူကာ သေမင်းအဆိပ်ကို လျစ်လျူရှု၍ စိတ်ဝိဥာဥ်အလောင်းဂိုဏ်း၏ ဘိုးဘေးဆီ တိုးဝင်လာ၏။

ဝုန်း ..

စိတ်ဝိဥာဥ်အလောင်းဂိုဏ်း၊ ဘိုးဘေး၏ ခန္ဓာကိုယ်အများစုက ဖုန်မှုန့်အဖြစ် ချက်ချင်းပြိုကွဲသွားပြီး သူ့ထံမှ ဆိုးရွားလှသည့် အော်သံကျယ်ကြီး ထွက်လာသည်။

" မင်း... မျိုးမစစ်ကောင် .. "

စိတ်ဝိဥာဥ်အလောင်းဂိုဏ်း၏ ဘိုးဘေးမှာ သူ့ခန္ဓာကိုယ်ကို ပြန်ကောင်းအောင် ကြိုးစားရင်း ဒေါသတကြီး အော်၏။

သို့သော် ထိုစဥ်မှာပင် ... သခင်ကြီးထျန်းလုံထံမှ ဒုတိယမြောက် နဂါးဟိန်းသံ ထပ်ထွက်လာသည်။

" ဟင်... "

စိတ်ဝိဥာဥ်အလောင်းဂိုဏ်း၏ ဘိုးဘေး လွန်စွာ ကြောက်ရွံ့တုန်လှုပ်သွားတော့၏။

ထင်မှတ်မထားစွာပင် မျက်စိတစ်မှိတ်ခန့် အချိန်လေးအတွင်း သူတို့သုံးယောက်လုံး ဖိနှိပ်ခံနေရလေပြီ ။

အထူးသဖြင့် သူပါပင် ...

သူ့ တိုက်ခိုက်စွမ်းရည် အများစုမှာ အလောင်းရုပ်သေးများပေါ်တွင်သာ မူတည်ပြီး..

ယခု သူ့အစွမ်းအထက်ဆုံး အလောင်းရုပ်သေးက ချုပ်နှောင်ခံထားရကာ.. ကျန် အလောင်းရုပ်သေး

နှစ်ခုမှာလည်း ထို့နည်းတူပင် ဖြစ်သဖြင့် ...သူ အရင်ဆုံး ရှုံးနိမ့်သွားရတော့မည် ထင်ပါသည်။

သို့သော်. ... ထိုစဥ်တွင် ဘေးပတ်လည်၌ အလင်းရောင်များ တောက်လာ၏။

သခင်ကြီးထျန်းလုံတို့ လူစု၏ ရင်ထဲတွင် အန္တရာယ်၏ အငွေ့အသက်ကို ရုတ်ချည်း ခံစားမိလိုက်ကြသည်။

" ဟင် ... ဒါက... "

သခင်ကြီးထျန်းလုံ တုန်လှုပ်စွာ စကားစလိုက်သည်။

ဝုန်း...

ထိုစဥ်မှာပင် မလှမ်းမကမ်းရှိ လေထု ပြိုကွဲသွားကာ... ထိုအပျက်အစီး လေထုကြားမှ မသေမျိုးတောင်တစ်လုံး တိုးထွက်လာ၏။

ထို တောင်ထိပ်မှလည်း အဆုံးမဲ့သော ထွင်းစာများ ကျနေကာ ကြောက်မက်ဖွယ် ဖိအားကြီးတစ်ခုကို

ထုတ်လွှတ်နေသည်။

နေတစ်စင်းပမာ တစ်ကိုယ်လုံး အရောင်တလက်လက်တောက်နေသော အလင်းတန်းများ လွှမ်းခြုံထားသည့် လူတစ်ယောက်ကလည်း တောင်ထိပ်မှနေ၍ အားလုံးကို ငုံ့ကြည့်နေ၏။

ထိုသူကို မြင်သည်နှင့် လက်ကျိုးနေသော ကျန့်ဟွမ်တောင် နတ်ဘုရားသခင်ကြီး၏ မျက်လုံးများ အရောင်လက်သွားကာ ဝမ်းသာအားရ အော်ပြောသည်။

" မဟာအလင်းတန်းဂိုဏ်း.. ဂိုဏ်းချုပ်ကြီး ၊ ကျုပ်တို့ကို လာကူပါဦးဗျာ "

မဟာအလင်းတန်းဂိုဏ်းတဲ့...

ကျန်လူများမှာလည်း သူ့စကားကို ကြားမှသာ အသိပြန်ဝင်လာကြသည်။

သူတို့ မျှော်နေခဲ့သော မဟာအလင်းတန်းဂိုဏ်းက အချိန်မီလေး ရောက်လာခဲ့လေပြီ ။

" ပေါင်းပြီး တိုက်ခိုက်ချင်တယ်ပေါ့လေ ၊ အိမ်မက် ဆက်မက်လိုက်ဦး "

သွမ့်ချန်ချိုး အေးစက်စက် နှာခေါင်းရှုံ့၍ သူ့ပြိုင်ဘက်အား ဦးစွာရှင်းရန် လုပ်လိုက်သည်။

သို့သော်.. ထိုစဥ် မသေမျိုးတောင်ထိပ်ပေါ်မှ မဟာအလင်းတန်းဂိုဏ်း ဂိုဏ်းချုပ်ကြီးက သူတို့ဘက်လှည့်ကာ လက်ချောင်းတစ်ချောင်းကို အသာဆန့်ထုတ်လိုက်သည်။

ဝီ ..

သွမ့်ချန်ချိုးဆီသို့ နတ်ဘုရားအလင်းတန်းတစ်ခု ရုတ်ချည်း ကျလာ၏။

" ဟင် ... "

သွမ့်ချန်ချိုး မျက်မှောင်ကြုံ့သွားပြီး အလင်းတန်းအား ဓားဖြင့် ကာလိုက်သည်။

ချွှင်..

အသံကျယ် တစ်သံနှင့်အတူ သူ နောက်သို့ ခြေလှမ်းများစွာ ဆုတ်သွားရ၏။

" ဘယ်လိုဖြစ်ပြီး ... "

သွမ့်ချန်ချိုးတစ်ယောက် တုန်လှုပ်သွားတော့သည်။

သူသည် မဟာအလင်းတန်းဂိုဏ်း၏ ဂိုဏ်းချုပ်ကြီးနှင့် ကြိမ်ဖန်များစွာ တိုက်ခိုက်ဖူးပြီး တစ်ယောက်အကြောင်းကို တစ်ယောက် ကောင်းကောင်းကြီးသိပါ၏။

ယခင်ကဆိုလျှင် သူတို့နှစ်ယောက် လက်ရည်တူပြီး သူက ပိုကောင်းသည်ဟုပင် ပြော၍ရပါသေးသည်။

သို့သော် အစောက လက်ချောင်းလေးတစ်ချောင်းကမူ သူ့အား ကြောက်မက်ဖွယ် ဖိအားကြီးကို ခံစားရအောင် လုပ်နိုင်ခဲ့၏။

" မဟုတ်မှလွဲရော... သူ ကျင့်ကြံခြင်း အဆင့်တက်သွားတာလား "

သွမ့်ချန်ချိုး ရင်ထဲ တင်းကျပ်သွားရသည်။

ဝုန်း..

ထိုစဥ်မှာပင် မဟာအလင်းတန်းဂိုဏ်း၏ မသေမျိုးတောင်က ဟင်းလင်းပြင်ထဲမှ လွတ်လာကာ ပျောင်ပိုင်မြို့ရှေ့သို့ ခပ်ပြင်းပြင်းကျသွား၏။

" ကျင့်ကြံရာကနေ ထွက်လာတဲ့အတွက် ဂုဏ်ယူပါတယ် ဂိုဏ်းချုပ်ကြီး "

၎င်းကိုမြင်သော စိတ်ဝိဥာဥ်အလောင်းဂိုဏ်း၏ ဘိုးဘေးက အရူးတစ်ယောက်သဖွယ် အော်ရယ်ကာ မသေမျိုးတောင်ဆီသို့ ပြေးသွားသည်။

မဟာအလင်းတန်းဂိုဏ်း ဂိုဏ်းချုပ်ကြီးက ခေါင်းအသာညိတ်၍ သခင်ကြီးထျန်းလုံနှင့် သူ့လူများဘက် လှည့်ကြည့်ကာ အေးစက်စက် ပြော၏။

" အားလုံး... ထျန်းယွမ်ကမ္ဘာက သေသွားပြီဆိုတော့ ထျန်းမင်ကမ္ဘာကပဲ ဒီကမ္ဘာရဲ့ အမွေအနှစ်တွေကို ဆက်​ခံသင့်တယ်လေ ။ ဒါပေမယ့် ထျန်းမင်ကမ္ဘာက အသက်တွေကို တန်ဖိုးထားတယ်ကွ ။ မင်းတို့ ဒူးထောက်ပြီးတော့ ထျန်းမင်ကမ္ဘာရဲ့ သစ္စာခံအဖြစ်သာ ကျိန်ဆိုရင် မင်းတို့အသက်ကို ချမ်းသာပေးမှာပဲ "

တောင်ထိပ်ပေါ်မှ ပြောနေသော သူ့အသွင်မှာ မိန့်ခွန်းခြွေနေသည့် နတ်ဘုရားတစ်ပါးလိုပါပင် ။

ချင်းဝူချုံ ဒေါသတကြီး ပြန်အော်ပြောလိုက်သည် ။

" အဘိုးကြီး ၊ ဘာတွေ ဟန်ဆောင်ပြီးတော့ အဲ့လောက်မောက်မာပြနေရတာလဲ ။ စကားပြောချင်ရင် အောက်ကို ဆင်းလာခဲ့လေ "

ဘုန်း...

သူ ထိုသို့ပြောပြီး ရှေ့သို့ လက်သီးဖြင့် ထိုးလိုက်သည်။

မသေမျိုးအစွမ်း ပင်လယ်တစ်ခု ချက်ချင်းပေါ်လာကာ မဟာအလင်းတန်းဂိုဏ်း၏ မသေမျိုးတောင်ကြီးဆီသို့ ဝုန်းခနဲ တိုးဝင်သွား၏။

သို့သော်...

ထို မသေမျိုးအစွမ်းပင်လယ်က တစ်စက္ကန့်မျှ အချိန်အတွင်းမှာပင် နတ်ဘုရားအလင်းတန်းကြောင့် ရုတ်ချည်းအငွေ့ပျံ ပျောက်ကွယ်သွားတော့သည်။

" ဘယ်လိုလုပ်ပြီး ... "

၎င်းကိုတွေ့သော ချင်းဝူချုံတစ်ယောက် တုန်လှုပ်သွား၏။

တဖက်မှပြိုင်ဘက်က သူ၏ အစွမ်းအထက်ဆုံး သိုင်းကွက်ကို ဘာမှပင်ပင်ပန်းပန်း မလုပ်လိုက်ရဘဲ ဖြိုခွဲပစ်နိုင်ခဲ့သတဲ့လား ...

ထိုသူက ဘယ်တုန်းက အဲ့လောက်အစွမ်းထက်လာပါသလဲ ...

ထိုစဥ် မဟာအလင်းတန်းဂိုဏ်း၏ ဂိုဏ်းချုပ်ကြီးက တည်တည်ငြိမ်ငြိမ် ပြောလာသည်။

" ကြည့်ရတာ.. မင်း အဆုံးထိခုခံဖို့ စဥ်းစားထားတဲ့ပုံပုံပဲ ။ အဲ့လိုဆိုတော့လဲ ရှိပါစေ "

သူ ပြောပြီး လက်ယမ်းလိုက်၏။

ဝီ ....

ရွှေရောင် တိုက်ပွဲစင်မြင့်တစ်ခု လေထဲ

တဖြည်းဖြည်း ပျံတက်လာပြီး အရွယ်အစားလည်း တစစကြီးလာသည်။

ဝုန်း..

နောက်ဆုံးတွင် အသံကျယ် တစ်သံနှင့်အတူ စင်မြင့်ကြီး လေထဲ၌ ရပ်သွား၏။

သွမ့်ချန်ချိုးက ၎င်းကိုကြည့်ရင်း မျက်မှောင်ကြုံ့၍ ပြောလိုက်သည်။

" အဲ့ဒါ ထျန်းယွမ် တိုက်ပွဲစင်မြင့် မဟုတ်လား ။ အဲ့ပစ္စည်းက မင်းလက်ထဲတောင် ရောက်နေပြီလား "

မဟာအလင်းတန်းဂိုဏ်း ဂိုဏ်းချုပ်ကြီး ခေါင်းညိတ်ပြ၏။

" ငါက ကံကြမ္မာရဲ့ သားတော်ပဲလေ ။ အဲ့ပစ္စည်း ငါ့လက်ထဲရောက်တာ ထူးဆန်းလို့လား "

တဖက်လူများ : " ............. "

ထိုလူမှာ အရှက်မဲ့လှပါတကား ...

ထိုစဥ် မဟာအလင်းတန်းဂိုဏ်း ဂိုဏ်းချုပ်ကြီးက စကားဆက်သည်။

" အားလုံးက ဒီကို ကိုယ့်ဂိုဏ်းက တပည့်တွေနဲ့ လာခဲ့ကြတာမဟုတ်လား ။ အဲ့တော့ ဒီမှာ တိုက်ခိုက်ရင် သူတို့ကို ငဲ့ညှာနေရတာနဲ့ အစွမ်းပြည့် ထုတ်သုံးနိုင်မှာမဟုတ်ဘူး ။ ဒီတော့... တိုက်ခိုက်ချင်ရင် ထျန်းယွမ်စင်မြင့်ကို သွားပြီး သူသေကိုယ်သေ တိုက်ခိုက်ကြတာ ပိုမကောင်းဘူးလား "

ထို ထျန်းယွမ်စင်မြင့်မှာ ထူးခြားသော မသေမျိုးလက်နက်တစ်ခု ဖြစ်ပါ၏။ ၎င်းတွင် တိုက်ခိုက်အစွမ်း သီးသန့်မရှိသည့်တိုင်.. အပြင်ကမ္ဘာနှင့် အတွင်းအား သီးသန့် ခွဲထားနိုင်စွမ်း ရှိပါသည်။

လူတစ်ယောက်က ထိုနေရာထဲ ဝင်လိုက်သည်နှင့် ပြိုင်ဘက်ကို မသတ်နိုင်မချင်း ပြန်ထွက်၍မရပါ ။

ထိုအထဲကို ဝင်သည့်သူတိုင်း သူသေကိုယ်သေ တိုက်ခိုက်ရမည် ဖြစ်၏။

သွမ့်ချန်ချိုးက သခင်ကြီးထျန်းလုံဘက် လှည့်ကြည့်လိုက်သည်။

သခင်ကြီးထျန်းလုံက ခေတ္တမျှ စဥ်းစားနေပြီးမှ တီးတိုးပြော၏။

" ထျန်းမင်ကမ္ဘာက အစွမ်းထက်လွန်းတယ်ကွ ။ ငါတို့တွေ ပျောင်ပိုင်မြို့ကို မကူညီနိုင်ရင်တောင် သူတို့ရဲ့ တပ်ဖွဲ့တွေအနေနဲ့ ငါတို့ကို ကယ်ပေးစရာ မလိုအောင်တော့ နေမှဖြစ်််မယ် ။ သူတို့က ထျန်းမင်ကမ္ဘာနဲ့ တိုက်ခိုက်ရမှာဆိုတော့ ... ငါတို့က ဒီလူတွေကို ဒီမှာပဲ ထိန်းထားမှဖြစ်မှာ ။ ငါ ... တိုက်ခိုက်လိုက်မယ် "

ချင်းဝူချုံကလည်း ခေါင်းညိတ်သည်။

" ကျုပ်လဲ အဲ့လိုပဲတွေးတယ်ဗျ ။ ထျန်းမင်ကမ္ဘာနဲ့ ပတ်သက်ပြီး ကျုပ်တို့တွေ ဘာမှမကူညီပေးနိုင်တာတောင် ရှက်စရာကောင်းလှပြီ ။ အဲ့တော့ ကျုပ်တို့ သေရမယ်ဆိုရင်တောင် .. ဟိုကောင်တွေကိုပါ အပါခေါ်သွားမှ ဖြစ်မယ် "

ယောင်ချီ နတ်ဘုရားသခင်မကြီးကလည်း သက်ပြင်းချ၍ ဆိုသည်။

" အင်း... သူတို့ဘက်က တိုက်ခိုက်ချင်ရင်တော့ တိုက်ခိုက်ကြတာပေါ့ ။ အခုက ပြီးခဲ့တဲ့နှစ်အတွင်း ကျွန်မတို့ကြားမှာ ရှိခဲ့ကြတဲ့ အာဃာတအငြိုးတွေ

ကို အဆုံးသတ်ဖို့အချိန်ပဲ "

All Chapters