ဟွမ်ဖုယွီ၏ အစီအစဥ် ၊ လောထျန်းနှင့် နှစ်ယောက်ချင်း တိုက်ခိုက်ခြင်း
Vol. 52 Ch. 726
" ကျွန်မပြောတာ ဘာရယ်စရာကောင်းလို့လဲ "
ရွှေယွဲ့ချီ ထပ်အော်လိုက်သည်။
တဖက်လူ အရယ်ရပ်သွားပြီး ရွှေယွဲ့ချီအား အပြုံးဖြင့်ကြည့်ကာ ပြော၏။
" ဘာရယ်ရလဲ.. ဟုတ်လား ၊ အင်း.. ငါ ဒီနေ့ စိတ်ကောင်းဝင်နေတာမို့ မင်းကို ရှင်းပြလိုက်မယ် "
သူ ပြောပြီး ကောက်ကျစ်သည့် အပြုံးမျက်နှာဖြင့် ရှေ့သို့ ခြေလှမ်းအနည်းငယ် တိုးလိုက်သည်။
" မင်းတို့ဆီမှာ ကမ္ဘာပေါ်ကမသေမျိုးလို့ ခေါ်တဲ့သူတွေကို တကယ်တော့.. စိတ်ဝိဥာဥ်မသေမျိုး လို့ ခေါ်သင့်တာ "
" စိတ်ဝိဥာဥ် မသေမျိုး.... "
သူ့စကားကြောင့် ရွှေယွဲ့ချီ သာမက အနီးနား၌ ရှိနေ
သူအားလုံးပါ အံ့အားသင့်ကုန်ကြသည်။
ရှေးခေတ်တွင် ထျန်းယွမ်ကမ္ဘာ ဖျက်ဆီးခံလိုက်ရသည့်အတွက်.. အမွေအနှစ်များလည်း ပျက်စီးသွားခဲ့ပြီး မသေမျိုးလမ်းစဥ်နှင့် ပတ်သက်သည့် ဗဟုသုတ အနည်းငယ်လေးသာ နောက်မျိုးဆက်များကို လက်ဆင့်ကမ်းပေးနိုင်ခဲ့ပါ၏။
သို့ဖြစ်သဖြင့် ... စိတ်ဝိဥာဥ်မသေမျိုး ဆိုသောအမည်ကို ကြားဖူးသူအချို့ ရှိသည့်တိုင် အများစုမှာ ထိုအမည်အား ယခုမှ ယထမဆုံး ကြားဖူးကြခြင်းဖြစ်သည်။
တဖက်လူ စကားဆက်၏။
" အဲ့ဒီ စိတ်ဝိဥာဥ်မသေမျိုး တွေ ၊ မင်းတို့အခေါ်တော့ ကမ္ဘာပေါ်ကမသေမျိုးပေါ့ကွာ... အဲ့လူတွေက မသေမျိုးလမ်းစဥ်ကို ရောက်စလေးပဲ ရှိသေးတာကွ ။ အဲ့လိုကောင်တွေကို စကားထဲ ထည့်ပြောဖို့တောင် မတန်ဘူး "
" စိတ်ဝိဥာဥ်မသေမျိုး တွေရဲ့ အထက်မှာမှ မသေမျိုးအစစ်တွေ ရှိတာ "
သူ ပြောပြီး ထျန်းယွမ်တိုက်ပွဲစင်မြင့်ထက်တွင် ရှိနေကြသော သွမ့်ချန်ချိုး ၊ ချင်းဝူချုံ နှင့် သခင်ကြီးထျန်းလုံ တို့အား လှမ်းကြည့်လိုက်သည်။
ထို့နောက် သူ ခေါင်းညိတ်၍ ဆက်ပြော၏။
" အံ့သြစရာပါလား... အဲ့သုံးယောက်က မသေမျိုးအစစ်ဖြစ်ဖို့ လမ်းတစ်ဝက်တောင် ရောက်နေကြပြီ ။ ဒါပေမယ့်... လိုတော့ လိုသေးတယ် "
သူ့စကားကြောင့် အားလုံး တုန်လှုပ်သွားကြပြန်သည်။
တဖက်လူက မည်သူ့အား ရည်ရွယ်ပြီးပြောနေသည်ကို သူတို့ မသိဘဲမနေပါချေ။
တစ်ချိန်တည်းမှာပင် သူတို့ စိတ်သက်သာရာလည်း ရသွား၏။
သွမ့်ချန်ချိုးနှင့် ကျန်သခင်ကြီး နှစ်ယောက်တို့က အခြားကမ္ဘာပေါ်မှ မသေမျိုးများထက် ပိုအစွမ်းထက်နေခဲ့ကြသည်မှာ မဆန်းတော့ပါ ။
အမှန်တွင် သူတို့သုံးယောက်လုံးက မသေမျိုးအစစ်ဖြစ်ရန် လမ်းတစ်ဝက်သို့ပင် ရောက်နေသတဲ့...
ထိုစဥ် တဖက်လူက စကားဆက်လာသည်။
" မသေမျိုးအစစ်ရဲ့ အထက်မှာတော့ ကောင်းကင်ဘုံမသေမျိုးတွေ ရှိတယ်ကွ ။ ထျန်းမင်ကမ္ဘာရဲ့ ထျန်းမင်သခင်ကြီး ၇ ယောက်လုံးက ကောင်းကင်ဘုံမသေမျိုး တွေပဲ ။ ငါတို့ထဲက ဘယ်သူမဆို မင်းတို့ ထျန်းယွမ်ကမ္ဘာ တစ်ခုလုံးကို အပြတ်ရှင်းပစ်နိုင်တယ် "
" ဒါ.... "
အားလုံးရင်ထဲ ဗြောင်းဆန်သွားတော့သည်။
ထျန်းမင်ကမ္ဘာက အစွမ်းထက်သည်ကို သူတို့ ယခင်တည်းက သိထားပြီး ဖြစ်ပါ၏။
သို့သော်.. ကျင့်ကြံခြင်းအဆင့် ကွာဟမှုများအား ကြားလိုက်ရပြီး နောက်တွင်မူ.. သူတို့ ကမ္ဘာနှစ်ခုကြားမှ ကွာဟချက် မည်မျှကြီးကြောင်းကို သေချာ နားလည်သွားရတော့သည်။
ထျန်းမင်သခင်ကြီးက စကားဆက်သည်။
" ကောင်းကင်ဘုံမသေမျိုးရဲ့ အထက်မှာတော့ ရွှေရောင်မသေမျိုးဆိုပြီး ရှိသေးတယ် ။ အဲ့ ရွှေရောင်မသေမျိုး အထက်မှာတော့ မသေမျိုးသခင်ကြီး ၊ အဲ့ မသေမျိုးသခင်ကြီးရဲ့ အထက်မှာမှ မသေမျိုးဘုရင် ဆိုပြီးရှိတာ "
သူ ပြောနေရင်း ခေတ္တမျှ စကားရပ်လိုက်ပြီးမှ အပြုံးဖြင့် ဆက်ပြော၏။
" ဒါနဲ့ ... ငါတို့ရဲ့ ထျန်းမင်ကမ္ဘာသခင်ကြီးက မသေမျိုးသခင်ကြီး အဆင့်ကို ရောက်သွားပြီဆိုတာ ငါ မင်းတို့ကို ပြောပြီးပြီလား "
" ဘယ်လို... "
အားလုံးထံမှ တအံ့တသြ ရေရွတ်သံများ ကိုယ်စီထွက်လာကြသည်။
ထျန်းမင်သခင်ကြီး ၇ ယောက်ထဲမှ တစ်ယောက်တည်းအစွမ်းဖြင့်ပင် သူဆို့ ထျန်းယွမ်ကမ္ဘာကို ဖျက်ဆီးပစ်နိုင်နေလေပြီ။
ယခု သူတို့၏ ကမ္ဘာသခင်ကြီးက ကောင်းကင်ဘုံမသေမျိုးထက် နှစ်ဆင့်မြင့်သော မသေမျိုးသခင်ကြီး အဆင့်သို့ပင် ရောက်ထားပြီတဲ့ ။
သူတို့ ထိုလူမျိုးကို မည်သို့ တိုက်ခိုက်ရပါမည်နည်း ။
ထိုတခဏ၌ အားလုံး ကူကယ်ရာမဲ့ ဖြစ်သွားတော့သည်။
ရွှေယွဲ့ချီသည်ပင် စကားဆက်မပြောနိုင်ဘဲ အသံတိတ်သွားရှာ၏။
ကမ္ဘာနှစ်ခုကြား အစွမ်းကွာဟချက်က ကြီးလွန်းလှပါတကား ..
ထိုစဥ် ထျန်းမင်သခင်ကြီး ၇ ယောက်ထဲမှ အရပ်အရှည်ဆုံး တစ်ယောက်က စိတ်မရှည်ဟန်ဖြင့် ပြောလာသည်။
" ဝိဥာဥ်သခင်ကြီး ၊ ဘာတွေ လျှောက်ပြီး ရှင်းပြနေတာလဲ ။ ကမ္ဘာသခင်ကြီး ရောက်လာတော့မှာလေ "
သူ့စကားကို ကြားသောအခါ ဝိဥာဥ်သခင်ကြီး ဆိုသူ
က အပြုံးဖြင့် ပြန်ပြော၏။
" နဂါးမည်း သခင်ကြီး ၊ မင်းက ထျန်းယွမ်ကမ္ဘာရဲ့ ကောင်းကင်ဘုံနဂါး သွေးဆက်ကို လိုချင်နေတာ ငါ သိတယ် ။ ဒါပေမယ့် ထျန်းယွမ်ကမ္ဘာမှာ ကောင်းကင်ဘုံနဂါးရဲ့ မျိုးဆက် ရှိနေသေးတယ်ဆိုတာ ဒီတိုင်း ကောလဟလ သတင်းတစ်ခုလေကွာ ။ အဲ့သတင်း မှန်လား ၊ မှားလား ဆိုတာ သိတဲ့သူ တစ်ယောက်မှ မရှိဘူး "
နဂါးမည်း သခင်ကြီး အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။
" မှန်လား မှားလားဆိုတာ မကြာခင် သိရမှာပဲလေ "
ဝိဥာဥ်သခင်ကြီး ခေါင်းညိတ်လိုက်၏။
" ကောင်းပြီလေ ၊ ဒါဆိုလဲ ပြင်ဆင်လိုက်ကြတာပေါ့ "
သူ ပြောကာ အမိန့်တစ်ခု ထုတ်ရန် ပြင်လိုက်သည်။
သို့သော် ထိုစဥ်မှာပင်..
ဝုန်း ...
အားလုံး အနောက်ရှိ ပျောင်ပိုင်မြို့ဆီမှ ကြောက်မက်ဖွယ် အစွမ်းများ ရုတ်ချည်း တိုးလာ၏။
" ဟင်.. ပျောင်ပိုင်မြို့သားတွေ တိုက်ခိုက်ကြတော့မယ်ထင်တယ် "
ယောင်ချီမှ ဂိုဏ်းသူတစ်ယောက်က တအံ့တသြ ရေရွတ်လိုက်သည်။
" ပျောင်ပိုင်မြို့သား.. ဟုတ်လား ၊လောထျန်း လား "
ရွှေယွဲ့ချီ၏ကိုယ်လေး ဆတ်ခနဲတုန်သွားပြီး စိတ်လှုပ်ရှားစွာ အော်ပြောလိုက်၏။
ထိုစဥ်မှာပင် ပျောင်ပိုင်မြို့ထဲမှ လူတစ်စု ထွက်လာသည်ကို အားလုံး မြင်လိုက်ရသည်။
ထိုလူစု၏ ခေါင်းဆောင်မှာ လောထျန်း ပင် ။
" ဟင်.. အဲ့ဒါ ဘယ်သူလဲ "
ဝိဥာဥ်သခင်ကြီးက တအံ့တသြ မေးလာ၏။
" အဲ့ဒါ.. လောထျန်းလား "
မြေပြင်တွင် ဒူးထောက်နေသော ဟွမ်ဖုယွီမှာလည်း မျက်မှောင်အနည်းငယ် ကြုံ့သွားသည်။
ပျောင်ပိုင်မြို့မှ လောထျန်းကို သူ၏ အကြီးဆုံး ရန်သူတော်ကြီး တစ်ယောက်အဖြစ် ဟွမ်ဖုယွီ သတ်မှတ်ထားသည်မှာ ကြာလေပြီ ။
ယခု.. နောက်ဆုံးတွင် သူ့ရန်သူ ထွက်လာလေပြီ ။
သူ ချက်ချင်း ခေါင်းမော့၍ ဝိဥာဥ်သခင်ကြီးအား အရိုအသေပေးကာ ပြောလိုက်၏။
" ဝိဥာဥ်သခင်ကြီး ၊ အဲ့ဒီ လောထျန်းဆိုတဲ့ ကောင်က ထျန်းယွမ်ကမ္ဘာရဲ့ ဘာမဟုတ်တဲ့ အမှိုက်ကောင်ပါ ။ ပြီးတော့ သူက ကျုပ်တို့ မဟာအလင်းတန်းဂိုဏ်းရဲ့ ရန်သူတော်ပဲဗျ ။ ကျေးဇူးပြုပြီးတော့ အဲ့ကောင်ကို ကျုပ် သွားရှင်းပါရစေ "
ဝိဥာဥ်သခင်ကြီး ခေါင်းအသာညိတ်လိုက်သည်။
" ကောင်းပြီလေ ၊ အဲ့ကိစ္စကို မင်းပဲရှင်းလိုက် ။ ငါလဲ မင်းဘယ်လောက်အစွမ်းထက်လဲ သိချင်နေတာနဲ့ အတော်ပဲ "
သူ့စကားကြောင့် ဟွမ်ဖုယွီ အလွန်ဝမ်းသာသွား၏။
" ကျေးဇူးတင်ပါတယ် ဝိဥာဥ်သခင်ကြီး "
ထိုသို့ ပြောပြီးသည်နှင့် သူ ချက်ချင်းထရပ်၍ ပျောင်ပိုင်မြို့သားများဘက် လှည့်ကြည့်လိုက်သည်။ လောထျန်းကိုလည်း ချက်ချင်းပင် မြင်လိုက်ရပါ၏။
" သူ့မျက်နှာ တစ်ခုလုံးက လူသတ်အရိပ်အငွေ့ ၊ အမုန်းတွေနဲ့ ပြည့်နေတာ ၊ သူ့မျက်လုံးတွေကလဲ နီရဲနေတာပဲ ။ သူ့အရောင်အဝါကို ကြည့်ရင်လဲ... ဒီကောင်က သာမာန်လူတစ်ယောက် မဟုတ်မှန်း သိသာတယ် "
ဟွမ်ဖုယွီမှာ လောထျန်းအား ယခုမှ ပထမဆုံး မြင်ဖူးခြင်းဖြစ်ကာ.. စိတ်ထဲမှ တွေးမိလိုက်သည်။
အမှန်တွင်မူ... လောထျန်း၏ မျက်နှာတွင် ရှိနေရသော အမုန်းတရားနှင့် မျက်လုံးနီတို့မှာ အိပ်ရေးမဝခြင်းကြောင့် ဖြစ်မှန်း သူ မည်သို့ သိပါမည်နည်း ။
" လောထျန်း... "
ထိုစဥ် ရွှေယွဲ့ချီက လောထျန်းနားသို့ ဦးစွာရောက်သွား၏။
" ဟင်.... မင်းကိုး... ၊ ကမ္ဘာနှစ်ခုကြား တံခါးပေါက် ပွင့်သွားပြီလား ။ ငါ အရမ်းကြီး နောက်ကျသွားပြီလား "
ရွှေယွဲ့ချီကို မြင်သောအခါ လောထျန်း၏ မျက်နှာထား အနည်းငယ်ပြေလျော့သွားပြီး မေးလိုက်သည်။
" မဟုတ်ဘူး ၊ နောက်မကျသေးဘူး ။ ကမ္ဘာနှစ်ခုကြား တံခါးပေါက်က ခုနလေးကမှ ပွင့်သွားတာ ။ သူတို့ရဲ့ ကမ္ဘာသခင်ကြီးတောင် ရောက်မလာသေးဘူး "
ရွှေယွဲ့ချီ ပြောပြ၏။
ထိုစကားကို ကြားသောအခါ လောထျန်း ကမ္ဘာနှစ်ခုကြား တံခါးပေါက်ဘက်သို့ လှည့်ကြည့်လိုက်သည်။
" ဘာလို့ နောက်လိုက် ၇ ယောက်ပဲ ရှိနေရတာလဲ "
သူ့စိတ်ထဲ အတွေးများသွား၏။
ထိုစဥ်မှာပင်..
" လောထျန်း "
ဟွမ်ဖုယွီ၏ အော်သံက ကောင်းကင်ယံသို့တိုင် ဟိန်းထွက်လာပါသည်။
သူ့တစ်ကိုယ်လုံးတွင်လည်း မသေမျိုးအစွမ်းများ ရုတ်ချည်းပြည့်လာပြီး .. ကြောက်မက်ဖွယ် အရောင်အဝါတစ်ခု ထုတ်လွှတ်လာ၏။
သူက ထျန်းမင်ကမ္ဘာမှ ဝိဥာဥ်သခင်ကြီးရှေ့တွင် သူ့အစွမ်းကို ထုတ်ပြရန် ကြိုးစားနေသည်မှာ သိသာလှပါသည်။
" အဲ့ကောင်က ဘယ်သူလဲ "
လောထျန်းကမူ ဟွမ်ဖုယွီကို မသိသဖြင့် မေးလိုက်၏။
ဒီကောင်က ဘယ်သူလဲ တဲ့ ....
ဟွမ်ဖုယွီ မျက်နှာကြီး ရှုံ့မဲ့သွားတော့သည်။
" လောထျန်း ၊ ဟိတ်ကြီးဟန်ကြီး လုပ်ပြမနေစမ်းပါနဲ့
ကွာ ။ တခြားသူတွေက မင်းအကြောင်းကို သိချင်မှသိမှာ ဆိုပေမယ့်... ငါက မင်းကို ကောင်းကောင်းကြီး နားလည်တယ် ။ မင်းလို ထျန်းယွမ်ကမ္ဘာရဲ့ ဉာဏ်ပညာအရှိဆုံးနဲ့ အကွက်ချတာ အကောင်းဆုံးသူက ငါ့ကို မသိစရာ အကြောင်းမရှိဘူး ။ ငါ့ကို ထောင်ချောက်ဆင်ပြီး အကွက်ချဖို့တောင် နည်းလမ်းစဥ်းစားထားပြီးပြီ မဟုတ်လား ။ ဒါပေမယ့်.. ငါက ကမ္ဘာပေါ်ကမသေမျိုးတစ်ယောက် ဖြစ်လာပြီဆိုတာကိုတော့.. မင်း ကြိုမတွက်ထားမိဘူးနဲ့ တူတယ် "
ဟွမ်ဖုယွီက လောထျန်းအား လက်ညိုးထိုးကာ အော်ပြောလိုက်သည်။
ပျောင်ပိုင်မြို့မှ လူများမှာကား ဆွံ့အတိတ်ဆိတ်လျက် ....
တခဏအကြာတွင်မူ သူတို့လူစု ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။
" ဒီကောင်က သခင်လေးအကြောင်းကို ဘာပြောလိုက်တာလဲ ။ ဉာဏ်ထက်ပြီး အကွက်ချတာ ကောင်းတယ်လို့ ပြောလိုက်တာလား ။ ငါ နားကြားများ လွဲ
သွားသလားကွာ "
" မင်းကြားတာ မှန်တယ်ကွ ၊ ငါလဲ အဲ့လိုပဲ ကြားလိုက်တာ ။ အဲ့ကောင်ရဲ့ ဦးနှောက်က တစ်ခုခုလွဲနေပြီနဲ့ တူပါတယ် "
" ဟုတ်တယ်ကွ ၊ သခင်လေးကို အစွမ်းအထက်ဆုံးလို့ ပြောလာရင်တောင် လက်ခံဦးမယ် ။ အခုဟာက ဉာဏ်အထက်ဆုံးနဲ့ အကွက်ချတာ အတော်ဆုံးတဲ့ ။ မဟုတ်တာတွေကွာ ... "
" ဒီကောင်က ဉာဏ်ရည်မမှီလို့ အားလုံးကို ဉာဏ်ထက်တယ်လို့ ထင်နေတာလား မသိဘူး "
" အင်း... အဲ့ဒါ ကျိုးကြောင်းဆီလျော်တယ် "
အားလုံး တစ်ယောက်တစ်ပေါက် ထင်ရာဆွေးနွေးလိုက်ကြပြီး မကြာခင်မှာပင် အဖြေတစ်ခု ထုတ်လိုက်ကြသည်။
ထိုစဥ် ဟွမ်ဖုယွီက လောထျန်းကိုကြည့်ကာ ဆက်ပြောလာ၏။
" လောထျန်း ၊ ငါက မင်းလောက် ဉာဏ်ရည်မထက်မြတ်ဘူးဆိုတာ ဝန်ခံပါတယ် ။ ဒါပေမယ့် ... မင်း ငါ့ကို ထောင်ချောက်ဆင်ပြီး အကွက်ချလို့ရမယ် မထင်နဲ့ ။ မင်းနဲ့ငါ နှစ်ယောက်တည်း သူသေကိုယ်သေ တိုက်ခိုက်ကြမယ် ။ ဘာနည်းတွေ ၊ လှည့်ကွက်တွေမှ မသုံးပဲနဲ့ အစွမ်းချည်းသက်သက် တိုက်ခိုက်မယ်ကွာ "
ဟွမ်ဖုယွီသည် လောထျန်း၏ အကွက်ဆင်ခံရမည်ကို ကြောက်သဖြင့် လှည့်စား၍မရသော အစီစဥ်ကို စဥ်းစားထားခဲ့ခြင်း ဖြစ်ပါသည်။
ထိုအစီစဥ်မှာ လောထျန်းအား စိန်ခေါ်ပြီး နှစ်ယောက်ချင်း တိုက်ခိုက်ရန်ပင် ။
သို့ဆိုလျှင် လောထျန်း၏ အကွက်ဆင် ၊ ချောက်ချခံရမည်ကို စိုးရိမ်စရာ မရှိတော့ဘူး မဟုတ်ပါလား ။
တဖက်ရှိ လောထျန်းကမူ သူ့စကားကို နားထောင်ပြီး ထူးဆန်းသော မျက်နှာထားဖြစ်သွား၏။
" မင်း ဘာတွေပြောနေတယ်ဆိုတာ ငါ သိပ်တော့ နားမလည်ဘူး ။ ဒါပေမယ့်.. မင်း ငါနဲ့ သူသေကိုယ်သေ
တိုက်ခိုက်ချင်တာ သေချာရဲ့လား "