← Chapters

တံခါးတွင် ကပ်နေသော ဟွမ်ဖုယွီ

Vol. 52 Ch. 727

တံခါးတွင် ကပ်နေသော ဟွမ်ဖုယွီ

Vol. 52 Ch. 727

" သေချာတာပေါ့ကွ ၊ မင်းဘက်ကရော ငါစိန်ခေါ်တာကို လက်ခံရဲလား "

ဟွမ်ဖုယွီ ပြောကာ လောထျန်းအား အရောင်လက်နေသည့် မျက်လုံးများဖြင့် ကြည့်လိုက်သည်။

သူ့အသွင်မှာ လောထျန်းက ငြင်းလိုက်မည်ကို စိုးရိမ်နေသည့်အလား ...

လောထျန်းက သူ့ကိုကြည့်ကာ ခေါင်းညိတ်လိုက်၏။

" ကောင်းပြီလေ ။ မင်းက အဲ့လိုပြောလာမှတော့လဲ ငါ့ဘက်က ငြင်းမနေတော့ပါဘူး "

လောထျန်း ပြောပြီး ဟွမ်ဖုယွီရှေ့သို့ ပျံသန်းသွားလိုက်သည်။

ဟွမ်ဖုယွီမှာ ၎င်းကိုမြင်ပြီး ပျော်သွားကာ စိတ်ထဲမှ တွေးလိုက်၏။

" မင်း ဘယ်လောက် ဉာဏ်ကောင်းပြီး

ဉာဏ်နီဉာဏ်နက် ဘယ်လောက်များတယ်ဆိုတာ ငါ စိတ်မဝင်စားဘူး ။ ငါ့ဘက်ကသာ စစချင်းတည်းက အစွမ်းကုန် ထုတ်သုံးလိုက်ရင် မင်းအတွက် အခွင့်အရေး မရှိပါဘူးကွာ "

သူ့နောက်ရှိ မဟာအလင်းတန်းဂိုဏ်းမှ ဂိုဏ်းသားများမှာလည်း အလွန်စိတ်လှုပ်ရှားနေကြတော့သည်။

" နတ်ဘုရားသားတော်လေးပဲ နိုင်မှာ သေချာတယ် "

" နတ်ဘုရားသားတော် ဟွမ်ဖုယွီက တကယ့်ပြိုင်ဘက်ကင်းပဲ "

" ဟွမ်ဖုယွီဆိုတာ ဟိုးရှေးခေတ် ထျန်းယွမ်ကမ္ဘာမှာတည်းက အတော်ဆုံး ပါရမီရှင်ပဲ "

သူတို့လူစု၏ အော်ဟစ်အားပေးသံများမှာ ဆူညံလွန်း၍ နားပင် အူမတတ် .....

တဖက်ရှိ ကျန့်ဟွမ်တောင်မှ လူများကြားတွင်မူ...

လိုင်ရူဟော်က ကျန့်ဟွမ်တောင်မှ မသေမျိုးတစ်

ယောက်အား တီးတိုးပြောလိုက်၏။

" အကြီးအကဲ ၊ ဒီပွဲမှာ ဘယ်သူနိုင်မယ်လို့ ထင်လဲ "

အဘိုးအိုက မေးစေ့ကိုပွတ်ရင်း ပြန်ဖြေသည်။

" ပြောရခက်တယ်ကွ ။ ငါက လောထျန်းကို မသိပေမယ့် ဟွမ်ဖုယွီကိုတော့ ကောင်းကောင်းသိတယ် ။ သူက ငယ်ငယ်လေးနဲ့ နာမည်ကြီးလာခဲ့တာဆိုတော့ အင်မတန် မောက်မာပြီး ဘယ်သူ့ကိုမှ စိတ်ထဲအလေးနက်မထားတတ်ဘူး "

" ဒါပေမယ့်... သူက လောထျန်းကိုတော့ အထင်ကြီးထားတာဆိုတော့... အဲ့လောထျန်းက သူနဲ့အဆင့်တူတူလောက် ရှိမှာ သေချာတယ် ။ ပြီးတော့ ဟွမ်ဖုယွီရဲ့ ပုံစံကို ကြည့်ရတာလဲ ဒီတိုက်ပွဲက ကမ္ဘာတုန်လောက်အောင်ထိ ကြီးမှာသေချာတယ်ကွ ။ ဒီပွဲက ရက်တစ်ထောင် တိုက်ပွဲအဖြစ်တောင် ပြောင်းသွားနိုင်တယ် "

သူ ထိုသို့ပြောပြီး အနောက်ဘက်ရှိ ကျန့်ဟွမ်တောင် ဂိုဏ်းသားများဘက်လှည့်ကာ အော်ပြောလိုက်သည်။

" အားလုံး သေချာကြည့်ထားကြနော် ။ ဒီပွဲက ထျန်း

ယွမ်ကမ္ဘာရဲ့ ပါရမီအထူးဆုံး လူငယ်နှစ်ယောက်ကြားက တိုက်ပွဲပဲကွ ။ ဒါ မင်းတို့အတွက် လေ့လာစရာ ရှားပါးအခွင့်ကောင်းကြီးပဲ "

" ဟုတ်ကဲ့ပါ အကြီးအကဲ "

ကျန့်ဟွမ်တောင်မှ လူများ သံပြိုင် ပြန်ဖြေလိုက်ကြ၏။

အားလုံး၏ အကြည့်ကလည်း လောထျန်းတို့နှစ်ယောက်ဆီ ရောက်ကုန်ကြသည်။

ထိုအချိန်တွင် လောထျန်းမှာ ဟွမ်ဖုယွီရှေ့သို့ပင် ရောက်သွားလေပြီ ။

တဖက်မှ ဟွမ်ဖုယွီကမူ လောထျန်းကိုကြည့်ကာ အဓိပ္ပါယ်ဖော်ရန်ခက်သည့် မျက်နှာထား ဖြစ်နေ၏။

" လောထျန်း ၊ မင်းလက်ချက်နဲ့ သေခဲ့ရတဲ့ မဟာအလင်းတန်းဂိုဏ်းက မသေမျိုးငါးယောက်ကို မှတ်မိသေးလား "

သူ မေးလိုက်သည်။

" အင် ... အဲ့ဒါ ဘယ်တုန်းက ဖြစ်သွားတာလဲ "

လောထျန်း အံ့သြတကြီး ပြန်မေးလိုက်၏။

သူ အမှန်တကယ်လည်း မသိပါချေ ။

ဟွမ်ဖုယွီကမူ သူ့စကားကို ယုံဟန်မတူဘဲ အေးစက်စက် ပြန်ပြောသည်။

" အချင်ယောင် ဆောင်မနေနဲ့ကွ ။ ငါတို့ မဟာအလင်းတန်းဂိုဏ်းက ဒီအမုန်းကြွေးကို သေချာမှတ်ထားတယ် ။ ဒီနေ့တော့ အဲ့ဒီ သခင်ကြီးငါးယောက်အတွက် မင်းကိုငါ လက်တုန့်ပြန်မယ် "

" ပြီးတော့.. ဟိုးအရင်တည်းက ထျန်းယွမ်ကမ္ဘာရဲ့ အတော်ဆုံး ပါရမီရှင်က မင်းလား ၊ ငါလား ဆိုတာကိုလဲ ကမ္ဘာတစ်ခုလုံး သိသွားအောင် ပြဦးမှာ "

ဝုန်း...

စကားဆုံးချိန်မှာပင် သူ့ကိုယ်မှ မသေမျိုးအစွမ်းများ ထပ်ထုတ်လွှတ်လာပြန်သည်။

ထို မသေမျိုးစွမ်းအင်များ ကောင်းကင်ယံသို့ တက်သွားပြီးနောက်.. မြေပြင်သို့ ပြန်ကျကာ မြေကြီးထဲ ထိုးဖောက်ဝင်သွားကြ၏။

ခပ်လှမ်းလှမ်းတွင် ရှိနေသော ကျန့်ဟွမ်တောင်မှ ဂိုဏ်းသားများမှာ ထိုမြင်ကွင်းကိုကြည့်ရင်း အနည်းငယ်တုန်လှုပ်သွားကြသည်။

" ဘုရားရေ.. မကြာခင်လေးကမှ ကမ္ဘာပေါ်ကမသေမျိုးတစ်ယောက် ဖြစ်လာတဲ့ ဟွမ်ဖုယွီက ငါတို့ရဲ့ နတ်ဘုရားသခင်ကြီးလောက်ကို အစွမ်းထက်နေပြီလား ။ အံ့မခန်းပဲကွာ "

" ပါရမီရှင်ဆိုတာ ဒါမျိုးလား "

သူတို့သည်သာမက ကမ္ဘာနှစ်ခုကြား တံခါးပေါက်ရှိ ထျန်းမင်သခင်ကြီး ၇ ယောက်သည်ပင် ၎င်းကိုကြည့်ပြီး ခေါင်းအသာညိတ်လိုက်ကြပါ၏။

" ဒီ ဟွမ်ဖုယွီ ဆိုတဲ့ကောင်လေးက ငါတို့ ထျန်းမင်ကမ္ဘာရဲ့ လူငယ်မျိုးဆက်ထဲမှာတောင် ပါရမီရှင်အဖြစ် သတ်မှတ်ခံရမှာ "

" ရိုးရိုး ပါရမီရှင်တောင် မဟုတ်ဘူး ။ လူငယ်မျိုးဆက်ထဲမှာ အဆင့် တစ်ကနေ တစ်ဆယ်အတွင်း ဝင်နိုင်တယ် "

သူတို့သည်လည်း ဟွမ်ဖုယွီအား အထင်ကြီးနေကြသည်မှာ ယုံမှားဖွယ်မရှိပါ ။

အခြားတဖက်၌ ...

လောထျန်းက ရှေ့မှ ဟွမ်ဖုယွီကိုကြည့်ရင်း အေးဆေး မေးလိုက်၏။

" အခု စကြတော့မလား "

ဟွမ်ဖုယွီက မျက်နှာထားတင်းတင်းဖြင့် ပြန်ပြောသည်။

" စလေ ။ လောထျန်း.. ငါ မင်းကို သတိပေးထားလိုက်မယ်နော်... ဒီနေ့ ... "

သူ စကားကြမ်းကြမ်းပြောရန် ပြင်လိုက်၏။

သို့သော်.. သူ့စကား မဆုံးခင်မှာပင် လောထျန်းကို လက်ကို ဖြည်းညင်းစွာ မြှောက်၍ ယမ်းလိုက်သည်။

ဖြောင်း ....

ထို့နောက်တွင်မူ... ဟွမ်ဖုယွီ၏ ခန္ဓာကိုယ် လွင့်ထွက်သွားကာ ကမ္ဘာနှစ်ခုကြား တံခါးပေါက်နှင့် ခပ်ပြင်းပြင်း ရိုက်မိသွားတော့၏။

ထို့နောက်..

သူ ထိုတံခါးပေါ်တွင်သာ ကပ်နေတော့သည်။

ကပ်သည်မှ ဂေါ်ပြားနှင့် ကော်ထုတ်၍ပင် မရသော ပုံစံဖြင့် ကပ်နေခြင်းဖြစ်၏။

ထိုတခဏ၌ ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားပြီး ..

အချိန် အတန်ကြာသွားပြီးမှ လူတစ်စု၏ တအံ့တသြ ရေရွတ်သံများ ထွက်လာသည်။

" ဟွမ်.. ဟွမ်ဖုယွီက ရှုံးသွားပြီလား "

" တံခါးမှာတောင် ကပ်နေပြီကိုကွာ... ရှုံးတာလို့ပဲ ပြောရမှာပေါ့ "

" ပြောတော့... လက်ရည်တူတယ်ဆို... ရက်တစ်ထောင်စစ်ပွဲဆို... "

ထျန်းယွမ်ကမ္ဘာမှ လူများအားလုံး တစ်ယောက်ကိုတစ်ယောက် နားမလည်နိုင်စွာ ကြည့်လိုက်ကြပြီးနောက်.. တုန်လှုပ်ကုန်ကြ၏။

ထိုစဥ် တဖက်ရှိ ကမ္ဘာနှစ်ခုကြား တံခါးပေါက်ရှေ့မှ ထျန်းမင်သခင်ကြီး ၇ ယောက်တို့မှာလည်း အံ့သြမှင်သက်လျက်...

" အဲ့ကောင်လေးက ဘယ်လိုကြီးလဲ "

နဂါးမည်းသခင်ကြီးက တုန်လှုပ်စွာ စကားစလာသည်။

ဝိဥာဥ်သခင်ကြီးက မျက်လုံးအပြူးသားဖြင့် ပြန်ပြော၏။

" ထျန်းယွမ်ကမ္ဘာရဲ့ ဒီနေ့ခေတ် မျိုးဆက်ထဲမှာ အဲ့လိုလူတစ်ယောက် ရှိနေတာ ယုံတောင်မယုံနိုင်ဘူး ။ သူ့

ရဲ့ လက်ဝါးချက်က အနည်းဆုံးဆိုရင်တောင် ကောင်းကင်ဘုံမသေမျိုး အဆင့်လောက် ရှိတယ်ကွ "

" မဟုတ်သေးဘူး ၊ သာမာန် ကောင်းကင်ဘုံမသေမျိုးတောင် မဟုတ်ဘူး ။ အဆင့်ကိုး ကောင်းကင်ဘုံမသေမျိုးလောက် ရှိတာ "

" အဲ့လိုဆိုရင်... သူ့ကို သေချာဖမ်းဖို့ဆို အနည်းဆုံး လူသုံးယောက်လောက် လိုမှာပေါ့ "

" အင်း အဲ့လောက်ပေါ့ကွာ "

" ဟား ဟား.. ပျော်စရာကြီးပါလားကွာ ။ အဲ့လိုမဟုတ်ရင် ထျန်းယွမ်ကမ္ဘာကို လွယ်လွယ်လေး ဖျက်ဆီးရမှာဆိုတော့ ပျင်းစရာကောင်းနေတာ "

ထျန်းမင်သခင်ကြီး ၇ ယောက်လုံး ရုတ်တရက် မျက်လုံးများ အရောင်လက်သွားကြသည်။

တဖက်မှ လောထျန်းမှာကား.. ဟွမ်ဖုယွီကို သတ်လိုက်ပြီးနောက်.. မနေနိုင်ဘဲ သန်းဝေလိုက်၏။

သူ ပိုပို၍လည်း အိပ်ချင်လာကာ မျက်လုံးများ ပိုရဲလာကြသည်။

" မျိုးမစစ်ကောင်တွေ ... ဘာမဟုတ်တဲ့စကားတွေ ဆက်တိုက်ကြီး လျှောက်ပြောနေကြတော့ ငါ အိပ်တောင်ပျော်တော့မလို့ ။ မင်းတို့ကိုမှ အသေမသတ်ရင် ဘယ်သူ့ကို သတ်ရတော့မလဲ "

လောထျန်း စိတ်ဆိုးမာန်ဆိုး ပြောလိုက်သည်။

သူ ပြောပြီး ကျန့်ဟွမ်တောင်မှ လူများရှိရာဘက် လှမ်းကြည့်လိုက်၏။

သူ့အကြည့်ကို မြင်သည်နှင့် ကျန့်ဟွမ်တောင်မှ လူများအားလုံး နောက်သို့ ခြေတစ်လှမ်းစီ ဆုတ်လိုက်ကြသည်။

သူတို့ရှေ့မှ လောထျန်းက ကြောက်စရာကောင်းလွန်းလှပေရာ... မဆုတ်၍လည်း ရပါမည်လား ။

ဟွမ်ဖုယွီလို လူတစ်ယောက်သည်ပင် သိုင်းကွက်တစ်ကွက်တည်းဖြင့် အသတ်ခံခဲ့ရရာ..

သူတို့ကိုသာ တိုက်ခိုက်လာပါက... ဘာဖြစ်သွားမည်နည်း ။

သို့သော်... ထိုစဥ် လောထျန်းအနားတွင် ရှိနေသော လိုင်ရူဟော် တစ်ယောက်မှာကား နောက်ဆုတ်ရန် နေရာမရှိရှာပါချေ ။

အစောပိုင်းတွင် သူသည် ရှေ့ထွက်ကာ အော်ဟစ်နေခဲ့သော်လည်း.. ယခုတွင်ကား ပါးစပ်အဟောင်းသားဖြင့် ဘာမှ မဆိုနိုင်တော့ပါ ။

သူ့ရှေ့မှ လောထျန်းက အမှန်တကယ် ဘီလူးကြီးတစ်ကောင်ပါပင် ။

အကယ်၍ လောထျန်းကသာ သူ့အား တိုက်ခိုက်လာပါက... သူ ဟွမ်ဖုယွီကဲ့သို့ တံခါးပေါ်တွင်ပင် ကပ်ကျန်နိုင်မည် မဟုတ်ဘဲ အပိုင်းပိုင်းအစစ ဖြစ်သွားရပေလိမ့်မည် ။

ထိုသူကို တိုက်ခိုက်၍ မဖြစ်ပါ ။

လိုင်ရူဟော်၏ ခေါင်းထဲတွင် အတွေးပေါင်းစုံ ဖြတ်

ပြေးသွားပြီးနောက်... လေသံမာမာဖြင့် အော်လိုက်၏။

" လောထျန်း ၊ ငါက ကျန့်ဟွမ်တောင်ရဲ့ နတ်ဘုရားသားတော် အသစ်ပဲ ။ မင်းနဲ့ငါနဲ့ကြားမှာ ဘယ်လိုရန်ငြိုးမှ မရှိဘူး ။ ငါက ဒီနေ့ ကျူးကဲ့ကျန့် တစ်ယောက်တည်းကိုပဲ တိုက်ခိုက်ချင်တာ ။ အဲ့တော့.. ကျူးကဲ့ကျန့်ကိုပဲ ငါနဲ့တွေ့ဖို့ ထွက်လာခိုင်းလိုက်ပါ "

သူသာ ကျူးကဲ့ကျန့်နှင့် နှစ်ယောက်ချင်းတိုက်ခိုက်ရန် စိန်ခေါ်ပါက လောထျန်း ငြင်းလိမ့်မည် မဟုတ်ကြောင်းကို လိုင်ရူဟော် သိထားပြီးသားပင် ။

ထို့နောက် သူ ကျူးကဲ့ကျန့်အား အနိုင်ယူလိုက်နိုင်သည်နှင့် နောက်ပြန်ဆုတ်ရန် အကြောင်းပြချက်လည်း ရသွားပေမည် ။

လောထျန်းက သူ့အား မျက်ခုံးပင့်ကြည့်ကာ မေးလာ၏။

" မင်း သေချာရဲ့လား "

လိုင်ရူဟော် အံကြိတ်၍ ပြောလိုက်သည်။

" သေချာတာပေါ့ "

လောထျန်း ခေါင်းညိတ်ပြီး ပျောင်ပိုင်မြို့မှ လူအုပ်ဘက် ပျံသန်းသွားလိုက်၏။

၎င်းကိုကြည့်နေသော လိုင်ရူဟော်တစ်ယောက် ပျော်သွားတော့သည်။

" အဲ့လောက်လွယ်လွယ်နဲ့ သဘောတူလိုက်တာလား ။ ကြည့်ရတာ ငါ ဒီနေ့ အန္တရာယ်ကနေ လွတ်ပြီထင်တယ် ။ ငါက အဆုံးအစမဲ့အဆင့်ကို ရောက်ထားပြီဆိုတော့ ကျူးကဲ့ကျန့်ထက် အစွမ်းပိုသာမှာ သေချာတယ် ။ တကယ်လို့ သူ့ဘက်က တိုးတက်လာတယ်ဆိုရင်တောင် အနိုင်ရနိုင်ချေက အလွန်ဆုံးမှ 50-50 ပဲလေ "

သူ တွေးလိုက်၏။

တဖက်မှ သူ့လူများဆီ ပြန်သွားသည့် လောထျန်းမှာ လူအုပ်ထဲမှ ကျူးကဲ့ကျန့်အား ချက်ချင်းပင် တွေ့သွားပါသည်။

" ကျူးကဲ့ကျန့် ၊ ဒီတိုက်ပွဲကို မင်းကိုပဲ လွှဲပေးလိုက်

မယ်... အဆင်ပြေလား "

လောထျန်း မေးလိုက်သည်။

" ရတာပေါ့ သခင်လေး "

သူ့လိုပင် ပင်ပန်းနေပုံရသော ကျူးကဲ့ကျန့် ပြန်ဖြေသည်။

သူသည် စိတ်ဝိဥာဥ်ပုလဲလုံးကို သန့်စင်ပြီးနောက် အချိန်နှင့်နေရာဗိမ္မာန်ထဲတွင်သာ ကျင့်ကြံနေခဲ့ပြီး ယနေ့မှ အလောတကြီး ပြန်ထွက်လာရသဖြင့် အလွန်ပင်ပန်းနွမ်းနယ်နေပါ၏။

" မင်းရဲ့ ကျင့်ကြံခြင်းအဆင့် ဘယ်လိုရှိလဲ "

လောထျန်းက သူ့ကိုကြည့်ကာ စိတ်ဝင်တစား မေးလိုက်သည်။

ကျူးကဲ့ကျန့်က အောင့်သက်သက်အပြုံးဖြင့် ပြန်ဖြေ၏။

" ကျုပ် အကောင်းဆုံး ကြိုးစားခဲ့ပေမယ့် အလုပ်မဖြစ်သေးဘူး "

ထိုစကားကို ကြားသောအခါ လောထျန်းဘေးတွင် ရှိ

နေသော ရွှေယွဲ့ချီ စိတ်ထဲမှ သက်ပြင်းကြိတ်ချလိုက်သည်။

ကျူးကဲ့ကျန့်က ခေါင်းယမ်း၍ ဆက်ပြောလာ၏။

" ဒီလောက် အချိန်ကြာတာတောင်.. ကျုပ် အခုမှ မသေမျိုးဘုရင်အဆင့်ကို ခြေလှမ်းတစ်ဝက်ပဲ ရောက်သေးတယ် ။ အဲ့ကျန်တဲ့ ခြေလှမ်းတစ်ဝက်လေးက လှမ်းဖို့ တော်တော်ခက်တာပဲ "

All Chapters