← Chapters

အခန်း (၁၆၃၆-၁၆၃၈)

Vol. 110 Ch. 1636-1638

အခန်း (၁၆၃၆-၁၆၃၈)

Vol. 110 Ch. 1636-1638

အဆတစ်ရာစနစ် စာစဥ်(၁၁၀)

အခန်း(၁၆၃၆)

ကျန်းချန် ရောက်ရှိလာသည်နှင့် ကောင်းကင်နဂါးနန်းတော်၏ အပြင်ဘက်တွင် အတားအဆီးများကို ဖြတ်ကျော်ရန် စောင့်ဆိုင်းနေသည့် တပည့်များသည် လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။

"ကျန်းချန်က ရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေထဲကို ဝင်ရောက်သွားတာ မဟုတ်ဘူးလား.. ဘယ်လိုလုပ်ပြီး ဒီကို‌ ရောက်လာရတာလဲ"

"ဒီတစ်ခေါက် ရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေက သတ်မှတ်ထားတဲ့ အချိန်ကာလကထက် စောစောစီးစီး ပြီးဆုံးသွားခဲ့တယ်.. ပထမတောင်ထွတ် ပျောက်ကွယ်သွားတာကို မင်းသတိမထားမိဘူးလား.. ပထမတောင်ထွတ်မှာ နေထိုင်တဲ့ စီနီယာအစ်ကို လုံဟောင်စန်းက ရှေးဟောင်းနဂါးအမွေအနှစ်နယ်မြေမှာ ကျဆုံးသွားပြီလို့ ပြောနေကြတယ်.. စီနီယာအစ်ကိုလုံဟောင်စန်း မရှိတော့ဘူးဆိုတော့ ကောင်းကင်နဂါးမြို့တော်မှာ ဘယ်သူကမှ ကျန်းချန်ရဲ့ ပြိုင်ဘက် မဖြစ်နိုင်တော့ဘူးလို့ထင်တယ်"

".............."

ကောင်းကင်နဂါးမြို့တော်မှ တပည့်များက ကျန်းချန်နှင့်ပတ်သက်၍ ပြောဆိုနေကြချိန်တွင် မိုးကြိုးဝတ်ရုံကို ဝတ်ဆင်ထားပြီး အေးစက်စက် မျက်နှာထားရှိသော လူငယ်တစ်ယောက်သည် ကျန်းချန်ကို ကြည့်နေခဲ့သည်။

သူ၏ မျက်ဝန်းထဲတွင် အလွန်တရာ စိတ်ရှုပ်ထွေးသောအမူအရာများ ဖြစ်ပေါ်နေခဲ့၏။

ဤမိုးကြိုးဝတ်ရုံကို ဝတ်ဆင်ထားသော လူငယ်သည် တခြားသူ မဟုတ်ပေ။

ကောင်းကင်နဂါးမြို့တော်၏ ထိပ်တန်းတပည့် တစ်ယောက်ဖြစ်သည့် ပိုင်လီထင်ပင် ဖြစ်သည်။

ကောင်းကင်နဂါး မြို့တော်သို့ ကျန်းချန် ပထမဆုံးအကြိမ် ဝင်ရောက်ခဲ့စဥ်က ပိုင်လီကျန့်၏ တွန်းအားပေးမှုဖြင့် ပိုင်လီထင်သည် ကျန်းချန်၏ နယ်မြေနတ်ဘုရားအဆင့် ကိုယ်ခံပညာ အခမဲ့ လဲလှယ်ခွင့်ကို ရယူရန် ကြိုးပမ်းခဲ့သည်။

အဆုံးသတ်တွင် ကျန်းချန်သည် ကောင်းကင်နဂါးနန်းတော်တွင် အသက်ရှူကြိမ် ၃၀ကြိမ် နေနိုင်ခဲ့ပြီး ကောင်းကင်နဂါးမြို့တော်၏ ၁၀ယောက်မြောက် မာနနဂါးအဆင့် တပည့် ဖြစ်လာခဲ့၏။

သို့ရာတွင် ပိုင်လီထင်က လက်မလျှော့သေးဘဲ ကျန်းချန်ကို စိန်ခေါ်ခဲ့သည်။

သို့သော်လည်း ထိုတိုက်ပွဲတွင် သူက ထိပ်တန်း တပည့် အများအပြားနှင့် ပူးပေါင်းခဲ့သည့်တိုင် ကျန်းချန်ကို အလွယ်တကူ ရှုံးနိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။

ယခုအချိန်အထိ သူသည် ကောင်းကင်နဂါးမြို့တော်၏ အသက်ရှူကြိမ် ၂၉ကြိမ်တွင် တစ်ဆို့နေခဲ့သည်။

သို့ရာတွင် ကျန်းချန်ကမူ ကောင်းကင်နဂါးမြို့တော်၏ မာနနဂါးအဆင့် တပည့်များထဲတွင် အားအကောင်းဆုံး ကျင့်ကြံသူ ဖြစ်လာခဲ့၏။

ထို့ကြောင့် သူ၏ တစ်သက်တာတွင် ကျန်းချန်ကို မည်သို့မှလိုက်မီနိုင်တော့မည် မဟုတ်ပေ။

ကောင်းကင်နဂါးမြို့တော်မှ တပည့်သည် ကောင်းကင်နဂါးနန်းတော်ထဲတွင် အသက်ရှူကြိမ်၂၃ကြိမ်အထိ နေနိုင်ခဲ့ပြီးနောက်တွင် အဆုံးသတ်၌ ထွက်လာခဲ့သည်။

ထိုလူ ထွက်လာပြီးနောက်တွင် မည်သူကမှ ကောင်းကင်နဂါးနန်းတော်ကို သွားရောက်ပြီး အတားအဆီးများကို ဖြတ်ကျော်ရန် ရည်ရွယ်ချက် မရှိကြတော့ပေ။

သူတို့အားလုံး၏ အကြည့်က ကျန်းချန်၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားခဲ့ပြီး ကောင်းကင်နဂါးနန်းတော်မှ အတားအဆီးများကို ကျော်ဖြတ်ရန် အတွက် ကျန်းချန်ကို ဦးစားပေးရန် အဆင်သင့် ဖြစ်နေကြသည်။

မည်သို့ပင်ဖြစ်စေကာမူ ကျန်းချန်သည် လက်ရှိအချိန်တွင် ကောင်းကင်နဂါးမြို့တော်၏ အသန်မာဆုံး မာနနဂါးအဆင့်တပည့်တစ်ယောက် ဖြစ်နေခဲ့ချေပြီ။

သို့ဖြစ်ရာ ကောင်းကင်နဂါး မြို့တော်မှ တပည့်များသည် ကျန်းချန်ထက် အရင် ကောင်းကင်နဂါးနန်းတော်ကို မည်ကဲ့သို့ ဝင်ရောက်ရဲပါမည်နည်း။

ကျန်းချန်က အားနာမနေတော့ဘဲ ကောင်းကင်နဂါးနန်းတော်၏ အတွင်းဘက်ဆီသို့ တိုက်ရိုက်ပင် လျှောက်လှမ်းသွားခဲ့သည်။

သိပ်မကြာခင်မှာပင် ကျန်းချန်သည် ကောင်းကင်နဂါးနန်းတော်မှ အတားအဆီးများကို စတင်ကျော်ဖြတ်ခဲ့၏။

ယခုအခါတွင် ကျန်းချန်၏ ကျင့်ကြံခြင်းအဆင့်သည် အဆင့်မြင့် ပကတိနတ်ဘုရား နှောင်းပိုင်းအဆင့်ကို ရောက်ရှိနေခဲ့ပြီဖြစ်၍ ကောင်းကင်နဂါးနန်းတော်ထဲမှ အတားအဆီးကို ကျော်ဖြတ်ရာတွင် ယခင်ထက် များစွာ ခက်ခဲသွားခဲ့သည်။

သို့သော်လည်း ကောင်းကင်နဂါးနန်းတော်မှ အတားအဆီးများသည် ကောင်းကင်နတ်ဘုရား ပထမအဆင့် ကျင့်ကြံသူကိုပင် ယှဥ်နိုင်နေပြီ ဖြစ်သည့် ကျန်းချန်ကို များစွာ ခြိမ်းခြောက်နိုင်ခြင်း မရှိခဲ့ပေ။

ကျန်းချန်က သိပ်အားမထုတ်လိုက်ရဘဲ ကောင်းကင်နဂါးထဲတွင် အသက်ရှူကြိမ် ၃၅ကြိမ်အထိ ဖြတ်ကျော်နိုင်ခဲ့ပြီး ယခင်စံချိန်ကို လိုက်မီခဲ့သည်။

အသက်ရှူကြိမ်၃၆ကြိမ်.. ၃၇ကြိမ်.. ၃၉ကြိမ်...

ကျန်းချန်က အလွယ်တကူပင် ဖြတ်ကျော်လာနိုင်ခဲ့သည်။

အသက်ရှူကြိမ် ၄၁ ကြိမ်သို့ အရောက်တွင် ကျန်းချန်၏ ရှေ့တွင် ပေါ်လာသော ပြိုင်ဘက်သည် ကောင်းကင်နတ်ဘုရားပထမအဆင့် ကျင့်ကြံသူ ဖြစ်သွားခဲ့သည်။

ကျန်းချန်၏ တိုက်ခိုက်ရေးစွမ်းရည်က သူ၏ ရှေ့မှ ပြိုင်ဘက်ထက် မနိမ့်သော်လည်း တစ်ချက်တည်းဖြင့် သတ်ဖြတ်ရန် အတွက်မူ ခက်ခဲ၏။

နောက်ထပ် အသက်ရှူကြိမ် ၃ကြိမ်တွင် ကျန်းချန်သည် ကောင်းကင်နဂါးနန်းတော်ကနေ ထုတ်ပယ်ခံခဲ့ရသည်။

သူ၏ ရလဒ်သည်လည်း အဆုံးသတ်တွင် အသက်ရှူကြိမ် ၄၃ကြိမ်၌ ရပ်တန့်သွားခဲ့၏။

ကောင်းကင်နဂါးနန်းတော်၏ အပြင်ဘက်မှ တပည့်များသည် ကောင်းကင်နဂါးနန်းတော်၏ အထက်တွင် ပြသထားသည့် ကိန်းဂဏန်းကို ကြည့်ကာ အချိန်အတော်ကြာအောင် မှင်တက်နေခဲ့ကြသည်။

ကျန်းချန်၏ လက်ရှိ စွမ်းရည်ဖြင့်ဆိုလျှင် ကောင်းကင်နဂါးမြို့တော်၏ အတားအဆီးထဲတွင် စွမ်းဆောင်ရည် အလွန်မြင့်မားမည်ကို သူတို့ သိသော်လည်း ဤမျှအထိ ကြောက်စရာ ကောင်းနေလိမ့်မည်ဟု မထင်ထားခဲ့ကြပေ။

"အသက်ရှူကြိမ် ၄၃ကြိမ်ပါလား.. ဒါက အရမ်းကို ကြောက်စရာကောင်းတဲ့ရလဒ်ပဲ"

ကောင်းကင်နဂါးမြို့တော်မှ တပည့်တစ်ယောက်သည် မှင်တက်ရာကနေ သတိပြန်ဝင်လာခဲ့ပြီးနောက်တွင် တံတွေးကိုမျိုချကာ ပြောလိုက်သည်။

သူ၏ မျက်နှာတစ်ခုလုံးတွင် အံ့သြတုန်လှုပ်မှုများဖြင့် ပြည့်နှက်နေခဲ့၏။

"ကျန်းချန်ရဲ့စွမ်းရည်က တကယ်ကို ကြောက်စရာကောင်းတာပဲ"

နောက်ထပ် တပည့်တစ်ယောက်ကလည်း အသက်ကို ခပ်ပြင်းပြင်းရှူလိုက်ပြီး တီးတိုးရေရွတ်လိုက်သည်။

"ငါသိသလောက်တော့ ကောင်းကင်နဂါးမြို့တော်ကို တည်ထောင်ပြီးကတည်းက ဘယ်သူကမှ ကောင်းကင်နဂါးနန်းတော်မှာ အသက်ရှူကြိမ်၄၀ကြိမ်အထိ မနေနိုင်သေးဘူး"

ကောင်းကင်နဂါးနန်းတော်ကို လွန်ခဲ့သော နှစ်ပေါင်းတစ်သန်းကျော်က တည်ထောင်ခဲ့သည်။

ထိုနှစ်ပေါင်းတစ်သန်းကျော် သမိုင်းတွင် ကောင်းကင်နဂါးနန်းတော်၌ အသက်ရှူကြိမ် ၄၀ကျော်အထိ နေနိုင်သည့်သူ တစ်ယောက်မှမရှိခဲ့ပေ။

ဤမတိုင်ခင်က ကောင်းကင်နဂါးနန်းတော်၏ အမြင့်ဆုံးစံချိန်မှာ အသက်ရှူကြိမ် ၃၉ကြိမ်သာ ဖြစ်သည်။

ထိုစံချိန်၏ ပိုင်ရှင်မှာ လွန်ခဲ့သော နှစ်တစ်သိန်းက ကောင်းကင်နဂါး မြို့တော်တွင် နေထိုင်ခဲ့သည့် လုံကျန့်ရှင်းဖြစ်ပြီး ယခုအခါတွင် ရှေးဟောင်းနဂါး မျိုးနွယ်စု၏ အကြီးအကဲချုပ်ပင် ဖြစ်နေခဲ့ချေပြီ။

နှစ်တစ်သိန်းအတွင်း ကောင်းကင်နဂါး မြို့တော်တွင် ထိုစံချိန်ကို ချိုးဖျက်နိုင်သူ တပည့်တစ်ယောက်မှ မပေါ်ထွက်ခဲ့ပေ။

ယခုတော့ ကျန်းချန်သည် ထိုစံချိန်ကို ချိုးဖျက်နိုင်ခဲ့ပြီး နှစ်ပေါင်း တစ်သန်းကျော် အတွင်း‌ ရှေးဟောင်းနဂါးမျိုးနွယ်စု၏ ပထမဆုံးပုဂ္ဂိုလ် ဖြစ်လာခဲ့သည်။

"အသက်ရှူကြိမ် ၄၃ကြိမ်ပါလား.. ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

ပိုင်လီထင်၏ မျက်ဝန်းများက မှုန်မှိုင်းနေခဲ့ပြီး မျက်နှာပေါ်တွင်လည်း မယုံကြည်နိုင်သော အမူအရာများ ဖြစ်ပေါ်နေခဲ့သည်။

ပိုင်လီထင်သည် အသက်ရှူကြိမ် ၃၀ကြိမ် နောက်ပိုင်း၌ ကောင်းကင်နဂါးနန်းတော်တွင် ကြုံတွေ့ရမည့် အခြေအနေကို ရင်ဆိုင်ရန် အရည်အချင်း မပြည့်မီသေးပေ။

သို့သော်လည်း သူသိထားသလောက်ဆိုလျှင် ကောင်းကင်နဂါးနန်းတော်ကနေ အသက်ရှူကြိမ် ၃၁ကြိမ်ကနေ အသက်ရှုကြိမ်၄၀ကြိမ်အထိ ရင်ဆိုင်ရမည့်ပြိုင်ဘက်များသည် ခြေလှမ်းတစ်ဝက် ကောင်းကင်နတ်ဘုရားအဆင့် ဖြစ်သည်။

ထို့အပြင် အသက်ရှူကြိမ် ၄၀ကြိမ်ကို ကျော်ဖြတ်ပြီးနောက်တွင် ရင်ဆိုင်ရ‌သောသူများသည် ကောင်းကင်နတ်ဘုရား ပထမအဆင့် ကျင့်ကြံသူများ ဖြစ်၏။

ကျန်းချန်က ကောင်းကင်နဂါး နန်းတော်တွင် အသက်ရှူကြိမ် ၃၃ကြိမ်အထိ နေနိုင်ခြင်းသည် ကျန်းချန်က ကောင်းကင်နတ်ဘုရား ပထမအဆင့် ကျင့်ကြံသူများကို ရင်ဆိုင်နိုင်နေပြီဟူသော အဓိပ္ပါယ်ပင် မဟုတ်ပါလော။

တစ်ချိန်တည်းမှာပင် ကောင်းကင်နဂါး နန်းတော်နှင့် မိုင်ပေါင်းထောင်ချီ အကွာအဝေးတွင် ရှိသည့် ကြီးမားသော ခန်းမတစ်ခုထဲတွင် ခြေချိတ်၍ ထိုင်နေသော ရွှေလင်းလုံသည် ကောင်းကင်နဂါး နန်းတော်မှ အခြေအနေကို အာရုံခံမိလျှင် အံ့သြ ထိတ်လန့်သွားခဲ့သည်။

"ကျန်းချန် ဆိုတဲ့ကောင်လေးက ကောင်းကင်နဂါးမြို့တော်ကို ပြန်ရောက်တာနဲ့ ကောင်းကင်နဂါးနန်းတော်ကို သွားခဲ့တာပဲ.. ဒီကောင်လေးက အသက်ရှူကြိမ် ၄၃ကြိမ်အထိ ကောင်းကင်နဂါးနန်းတော်ထဲမှာ နေနိုင်ခဲ့ပြီး အကြီးအကဲ လုံကျန့်ရှင်းရဲ့ စံချိန်ကိုပါ ချိုးဖျက်နိုင်ခဲ့တယ်"

မကြာသေးခင်က ကျန်းချန်နှင့် တခြားသူများသည် ရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေထဲကနေ ထွက်လာခဲ့ကြသည်။

ထိုစဥ်က ရွှေလင်းလုံသည် ကျန်းချန်က ရှေးဟောင်းနဂါးအမွေအနှစ် နယ်မြေထဲတွင် ဒါဇင်နှင့်ချီသော ခြေလှမ်းတစ်ဝက် ကောင်းကင်နတ်ဘုရားများအား သတ်ဖြတ်နိုင်ခဲ့သည်ကို သိပ်မယုံကြည်ခဲ့ပေ။

သို့သော်လည်း ဤအချိန်တွင်မူ ‌ရွှေလင်းလုံသည် ယုံကြည်ရပေတော့မည်။

ကောင်းကင်နဂါးနန်းတော်တွင် အသက်ရှူကြိမ် ၄၃ကြိမ် အထိ နေနိုင်သည်ကပင် ကျန်းချန်သည် ကောင်းကင်နတ်ဘုရားပထမအဆင့်နှင့် ရင်ဆိုင်နိုင်သည်ကို သက်သေပြရန် လုံလောက်နေပြီ မဟုတ်ပါလား။

"ကောင်းကင်နဂါးနန်းတော်ရဲ့ အသက်ရှူကြိမ် ၄၀ကြိမ်နောက်ပိုင်းက တကယ်ကို သာမန်မဟုတ်ဘူးပဲ.. ပကတိနတ်ဘုရား အဆင့်နဲ့တော့ ဒီအထဲမှာ အချိန်ကြာကြာ ခံနိုင်ရည်ရှိဖို့က မလွယ်လောက်ဘူး"

‌ကောင်းကင်နဂါးနန်းတော်ကနေ အပြင်သို့ ထုတ်ပယ်ခံခဲ့ရသည့်ကျန်းချန်သည် တိတ်တဆိတ် ခေါင်းခါရမ်းလိုက်သည်။

သူ၏တိုက်ခိုက်ရေးစွမ်းရည်က ကောင်းကင်နတ်ဘုရား ပထမအဆင့်ထက် မနိမ့်သော်လည်း တစ်ကွက်တည်းဖြင့် သတ်ဖြတ်ရန်မှာ လုံးဝ မဖြစ်နိုင်ပေ။

သူ့အနေဖြင့် ယခုထက် ပိုသောရလဒ်ကို ရရှိချင်သည်ဆိုလျှင် အဆင့်မြင့် ပကတိနတ်ဘုရား အထွတ်အထိပ်ကို ရောက်ရှိပြီး ကိုယ်ခံပညာ၏ မူလစွမ်းအား ဥပဒေသ၆မျိုးကို ၉၀ရာခိုင်နှုန်းအထိ နားလည်မှသာလျှင် ဖြစ်နိုင်ပေလိမ့်မည်။

သို့သော်လည်း ကျန်းချန်သည် ဤတစ်ကြိမ် သူ၏ဖြတ်ကျော်မှုရလဒ်နှင့် ပတ်သက်၍ အလွန်တရာ ကျေနပ်နေခဲ့၏။

ယခင်ရလဒ်နှင့် နှိုင်းယှဥ်လျှင် ကျန်းချန်၏ ကောင်းကင်နဂါးနန်းတော်ထဲတွင် ခံနိုင်ရည်ရှိသည့် အချိန်သည် အသက်ရှူကြိမ် ၈ကြိမ်ခန့် တိုးလာခဲ့သည် မဟုတ်ပါလား။

ထို့ကြောင့်ပင် သူက ဆုလာဘ်အဖြစ် ရှေးဟောင်းနဂါးသွေးအဆီအနှစ် ၈စက်ကို ရရှိခဲ့သည်။

ယင်းအပြင် ထိုရှေးဟောင်းနဂါး သွေးအဆီအနှစ် ၈စက်၏ အရည်အသွေးသည် သူယခင်က ရရှိခဲ့သည့် သွေးအဆီအနှစ်များထက် များစွာ ပို၍ မြင့်မား၏။

ဤရှေးဟောင်းနဂါး သွေးအဆီအနှစ် ၈စက်ဖြင့် ဆိုလျှင် သူသည် အဆင့်မြင့် ပကတိနတ်ဘုရား အထွတ်အထိပ်အဆင့်ကို အချိန်တိုအတွင်း ထိုးဖောက်ရန်မှာ မဖြစ်နိုင်သည်တော့ မဟုတ်ပေ။

အခန်း(၁၆၃၆)ပြီး၏။

အခန်း(၁၆၃၇)

ကောင်းကင်နဂါးနန်းတော်ကနေ ထွက်လာပြီးနောက်တွင် ကျန်းချန်သည် ကောင်းကင်နဂါး မြို့တော်မှ တပည့်များစွာ၏ အံ့အားသင့်တုန်လှုပ်နေသော အကြည့်များအောက်မှာပင် သူနေထိုင်သည့် ဒသမ တောင်ထွတ်သို့ ပြန်လာခဲ့သည်။

ကျန်းချန်၏ ကျင့်ကြံခြင်း အမြန်နှုန်းသည် နတ်ဘုရားနယ်‌မြေကို စရောက်စဥ်ကတည်းကပင် အလွန် ကြောက်မက်ဖွယ်ရာကောင်းသော အရှိန်အဟုန်ဖြင့် တိုးတက်လာခဲ့သော်လည်း တကယ်တမ်း ကျင့်ကြံခဲ့သောအချိန်သည် ဆယ်နှစ်ပင် မကြာမြင့်သေးပေ။

သူက ရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေတွင် အဆင့်မြင့်ပကတိနတ်ဘုရား နှောင်းပိုင်းအဆင့်ထိ တိုးတက်လာခဲ့ပြီး တိုက်ခိုက်ရေး စွမ်းရည်တွင်လည်း ကောင်းကင်နတ်ဘုရား ပထမအဆင့်ထက် မနိမ့်ကျတော့ပေ။

သို့သော်လည်း လက်ရှိ ရောက်နေသောအဆင့်သည် ကျန်းချန်၏ အမြင်တွင် မလုံလောက်သေးပေ။

အကြောင်းအရင်းမှာ ပကတိ နတ်ဘုရား နယ်ပယ်အဆင့်သည် နတ်ဘုရား နယ်မြေတွင် အနိမ့်ဆုံးအဆင့်သာ ရှိသောကြောင့်ပင်။

အနည်းဆုံး ကောင်းကင်နတ်ဘုရားအဆင့်ကို မရောက်ရှိလျှင် နတ်ဘုရားနယ်မြေတွင် လွတ်လွတ်လပ်လပ် သွားလာ၍ ရမည်မဟုတ်ပေ။

နတ်ဘုရားနယ်‌မြေမှ နယ်မြေသုံးထောင်သည် ကြယ်များကဲ့သို့ပင် ကြီးမားသော စကြ၀ဠာထဲ၌ ဖြန့်ကျက်၍ ရှိနေကြ၏။

ပကတိနတ်ဘုရားအဆင့်သည် အဆုံးမဲ့ ဟင်းလင်းပြင်ထဲတွင် သွားလာနိုင်သည့် စွမ်းရည် မရှိချေ။

အသန်မာဆုံး ပကတိနတ်ဘုရားပင်လျှင် အဆုံးမဲ့ဟင်းလင်းပြင်ထဲမှ လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားကို ခံနိုင်ရည်မရှိချေ။

ထို့ကြောင့် အဆုံးမဲ့ ဟင်းလင်းပြင်ထဲကို ၀င်ရောက်သွားသည်နှင့် အသက်ရှင်နိုင်ရန်မှာ ခက်ခဲမည် ဖြစ်သည်။

ယင်းအတွက်ကြောင့် နတ်ဘုရားနယ်မြေ၏ နယ်မြေသုံးထောင်တွင် လွတ်လွတ်လပ်လပ် ခရီးသွားလာချင်သည် ဆိုလျှင် အနည်းဆုံး ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူ ဖြစ်ရပေမည်။

ကောင်းကင်နတ်ဘုရား အဆင့်ကို ထိုးဖောက်နိုင်မှသာ ရှေးဟောင်းနဂါး ကုန်းမြေက‌နေ ထွက်ခွာပြီး သူ့ဖခင် ကျန်းဝူရကို လိုက်လံရှာဖွေနိုင်လိမ့်မည် မဟုတ်ပါလား။

ထို့ကြောင့် ကျန်းချန်က တုံ့ဆိုင်းမနေဘဲ ခုနလေးတင်ကမှ ရရှိခဲ့သည့် ရှေးဟောင်းနဂါး သွေးအဆီအနှစ် ၈စက်ကို ထုတ်ယူကာ စတင် မျိုချလိုက်သည်။

"ဒင်.. သင်ကရေရောထားတဲ့ ရှေးဟောင်းနဂါး သွေးအဆီအနှစ် တစ်စက်ကို မျိုချပြီး နတ်စွမ်းအားအများအပြားကို ရရှိခဲ့ပါတယ်"

"ဒင်.. သင်က ရေရောထားတဲ့ ရှေးဟောင်းနဂါး သွေးအဆီအနှစ် တစ်စက်ကို မျိုချပြီး နတ်ခန္ဓာပုံရိပ် အတွေ့ကြုံရမှတ် အများအပြားကို ရရှိခဲ့ပါတယ်"

"ဒင်.. သင်က ရေရောထားတဲ့ ရှေးဟောင်းနဂါး သွေးအဆီအနှစ် တစ်စက်ကို မျိုချပြီး နတ်စွမ်းအား အများအပြားကို ရရှိခဲ့ပါတယ်"

"ဒင်.. သင်က ရေရောထားတဲ့ ရှေးဟောင်းနဂါး သွေးအဆီအနှစ် တစ်စက်ကို မျိုချပြီး နတ်ခန္ဓာပုံရိပ် အတွေ့ကြုံရမှတ် အများအပြားကို ရရှိခဲ့ပါတယ်"

"............."

သူ၏စိတ်ထဲမှာ စနစ်၏ အသံကို ကြားလျှင် ကျန်းချန်သည် အနည်းငယ် အံ့အားသင့်သွားခဲ့သည်။

အဘယ်ကြောင့်ဆိုသော် ကောင်းကင်နဂါးနန်းတော်မှ အသက်ရှူကြိမ် လေးဆယ်ကြိမ် မတိုင်ခင် ရရှိခဲ့သည့် ရှေးဟောင်းနဂါး သွေးအဆီအနှစ်၏ အရည်အသွေးသည် ကောင်းမွန်သော်လည်း ရေရောထားသည့် ရှေးဟောင်းနဂါး သွေးအဆီအနှစ်သာ ဖြစ်နေသေးသောကြောင့်ပင်။

အသက်ရှူကြိမ် လေးဆယ်ကြိမ် နောက်ပိုင်း အတွက် ရရှိသော ဆုလာဘ်ကမူ ရှေးဟောင်းနဂါး သွေးအဆီအနှစ် အစစ်အမှန် ဖြစ်နေခဲ့သည်။

ဤရှေးဟောင်းနဂါး သွေးအဆီအနှစ် အစစ်အမှန် တစ်စက်သည် ရေရော၍ဖျော်ထားသော ရှေး‌ဟောင်းနဂါး သွေးအဆီနှစ် တစ်စက်ထက် အဆပေါင်း ဒါဇင်နှင့်ချီကာ ပို၍ အာနိသင်ရှိသည်ဟု ကျန်းချန် ရှင်းရှင်းလင်းလင်း ခံစားမိခဲ့သည်။

ကျန်းချန်က ရှေးဟောင်းနဂါး သွေးအဆီအနှစ်များကို ဆက်တိုက်ဆိုသလို မျိုချလိုက်၏။

ခဏအကြာတွင် ရေရောထားသော ရှေးဟောင်းနဂါး သွေးအဆီအနှစ် ၅စက်နှင့် အစစ်အမှန် ရှေးဟောင်းနဂါး သွေးအဆီအနှစ် ၃စက်စလုံးကို ကျန်းချန်က မျိုချ၍ ပြီးသွားခဲ့သည်။

ယင်းနောက်တွင် ကျန်းချန်၏ ကျင့်ကြံခြင်းအဆင့်သည် အဆင့်မြင့် ပကတိနတ်ဘုရား အထွတ်အထိပ်အဆင့်ကို ချောမွေ့စွာ ထိုးဖောက်သွားခဲ့၏။

ဤမျှဖြင့် မပြီးသေးဘဲ သူ၏ နတ်ခန္ဓာပုံရိပ်သည်လည်း ကြီးမြတ်သော နယ်ပယ်အဆင့်ထိ ရောက်ရှိသွားခဲ့သည်။

"ကောင်းကင်နတ်ဘုရား နန်းတော်ရဲ့ အသက်ရှူကြိမ် လေးဆယ်ကြိမ် နောက်ပိုင်းမှာ ရရှိတဲ့ဆုလာဘ်က ရှေးဟောင်းနဂါးသွေးအဆီအနှစ် အစစ်အမှန် ဖြစ်နေလိမ့်မယ်လို့ ငါမမျှော်လင့်ထားခဲ့ဘူး"

ကျန်းချန်က ပိတ်ထားသော သူ၏ မျက်လုံးများကို ဖွင့်လိုက်သည်။

သူ၏ မျက်၀န်းထဲတွင် အံ့အားသင့်သော အရိပ်အယောင်များ ဖုံးဖိမရစွာ ဖြစ်ပေါ်နေခဲ့၏။

အစက သူသည် ဤရှေးဟောင်းနဂါး သွေးအဆီအနှစ် ၈စက်က သူ့ကို အဆင့်မြင့် ပကတိနတ်ဘုရား အထွတ်အထိပ်အဆင့်ထိ ရောက်ရှိစေရန် လုံလောက်မှုမရှိဟု ထင်မြင်ခဲ့သည်။

သို့ရာတွင် ဤရှေးဟောင်းနဂါး သွေးအဆီအနှစ် ၈စက်၌ ရှေးဟောင်းနဂါး သွေးအဆီအနှစ် အစစ်အမှန် ၃စက် ပါ၀င်‌နေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

ယင်းက ရေရောထားသော ရှေးဟောင်းနဂါး သွေးအဆီအနှစ် ရာချီကို ချက်ချင်းဆိုသလို မျိုချလိုက်သည်နှင့် အတူတူပင်ဖြစ်၍ အဆင့်မြင့် ပကတိနတ်ဘုရား အထွတ်အထိပ်အဆင့်ကို တစ်ထိုင်တည်းဖြင့် ရောက်ရှိသွားခဲ့ခြင်း ဖြစ်၏။

"အခု ငါ့ရဲ့ ကျင့်ကြံခြင်းအဆင့်က အဆင့်မြင့် ပကတိနတ်ဘုရား အထွတ်အထိပ်ကို ရောက်ရှိသွားခဲ့ပြီ.. နောက်တစ်ဆင့်အနေနဲ့ ကိုယ်ခံပညာ ဥပဒေသရဲ့ မူလစွမ်းအားတွေကို အပြည့်အ၀ နားလည်ပြီး ကောင်းကင်နတ်ဘုရားအဆင့်ကို ထိုးဖောက်ဖို့ ပြင်ဆင်ရမယ်"

ထိုသို့ တွေးမိလိုက်ပြီးနောက်ပြီး ကျန်းချန်သည် သိုလှောင်လက်စွပ်ထဲမှ ရတနာများကို စတင်ရေတွက်ခဲ့သည်။

ဤတစ်ခေါက် မဟာနဂါးနန်း‌‌တော်တွင် ကျန်းချန်သည် ကိုယ်ခံပညာ ဥပဒေသ၏ မူလစွမ်းအားကို မြင့်တင်နိုင်ရန်အတွက် အထောက်အကူ ပြုသည့် ရတနာ အများအပြားကိုလည်း ရရှိခဲ့သည်။

သူက ဤရတနာများဖြင့် ကိုယ်ခံပညာ ဥပ‌ဒေသ၏ မူလစွမ်းအားကို အပြည့်အ၀ မြှင့်တင်ရန် စီစဉ်ထားခဲ့သည်။

ကျန်းချန်သည် အရာအားလုံးကို ပြင်ဆင်ပြီး နောက်တွင် ထပ်မံ၍ ကျင့်ကြံခဲ့သည်။

"ဒင်.. သင်က ခရမ်းရောင်မိုးကြိုး နတ်ဝိညာဉ်ဝါးကို အသုံးပြုပြီး မိုးကြိုးဥပဒေသ မူလစွမ်းအား အတွေ့အကြုံရမှတ် ဆယ်သိန်းကို အဆ ၁၀၀ ရရှိပါတယ်"

"ဒင်.. သင်က မီးအင်ပါယာ တာအိုသစ်သီးတစ်လုံးကို စားသုံးပြီး မီးလမ်းစဉ်ဥပဒေသ မူလစွမ်းအား အတွေ့ကြုံရမှတ် သိန်းသုံးဆယ်ကို အဆ ၁၀၀ ရရှိပါတယ်"

"..........."

တစ်လလုံးလုံး ကျန်းချန်သည် သူ၏ ကိုယ်ခံပညာ ဥပဒေသမူလစွမ်းအားများကို မြှင့်တင်ရန်အတွက် မဟာနဂါးနန်းတော်ကနေ သူရရှိခဲ့သည့် ရတနာအားလုံးကို အဆုံးသတ်တွင် အသုံးပြုပြီး သွားခဲ့သည်။

ယခုအခါ သူသည် ဓားလမ်းစဉ်ဥပ‌ဒေသ၏ မူလစွမ်းအားကို ၉၀ရာခိုင်နှုန်းအထိ နားလည်နေပြီဖြစ်ကာ လေဥပဒေသမူလစွမ်းအား၊ မီးဥပဒေသမူလစွမ်းအား၊ မိုးကြိုးဥပဒေသ မူလစွမ်းအား တို့ကိုလည်း အနည်းဆုံး ၇၀ရာခိုင်နှုန်းကျော် အထိ နားလည်နေပြီ ဖြစ်သည်။

အချိန်ဥပဒေသ မူလစွမ်းအားနှင့် နေရာလွတ် ဥပဒေသမူလစွမ်းအားကမူ ဤကာလအတွင်း သိပ်အဆင့်မတက်ခဲ့ဘဲ ‌၄၀ရာခိုင်နှုန်း၀န်းကျင်၌သာ ရှိနေခဲ့သည်။

အကြောင်းရင်းမှာ အချိန်ဥပဒေသ မူလစွမ်းအားနှင့် နေရာလွတ်ဥပဒေသ မူလစွမ်းအားကို မြှင့်တင်ပေးနိုင်သည့်ရတနာများက ရှားပါးသောကြောင့်ပင်။

ကျန်းချန် မဟာနဂါးနန်းတော်ကနေ ရရှိခဲ့သည့် ရတနာများထဲတွင် ထိုကဲ့သို့သော ရတနာမျိုး လုံး၀မပါရှိခဲ့ပေ။

သို့ဖြစ်၍ ကျန်းချန်သည် ထိုဥပဒေသ နှစ်မျိုးကို မြင့်တင်ရန်အတွက် အတော်လေးကို ကူကယ်ရာမဲ့နေခဲ့သည်။

အချိန်လမ်းစဥ် ဥပဒေသ မူလစွမ်းအားနဲ့ နေရာလွတ် ဥပဒေသ မူလစွမ်းအားတို့သည် သူ၏ တခြားဥပဒေသ လေးခုနှင့် ယှဉ်လျှင် များစွာ ကွာခြားသည်။

ကိုယ်ခံပညာ ဥပဒေသခြောက်မျိုးကို တစ်ပြိုင်တည်း ကျင့်ကြံသူအနေဖြင့် မူလစွမ်းအားကို အပြည့်အ၀ နားလည်ကာ တစ်ထိုင်တည်းဖြင့် ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့်သို့ တက်လမ်းရန်မှာ သံသယဖြစ်ဖွယ်ရာမရှိ အလွန်တရာ ခက်ခဲသော အလုပ် ဖြစ်သည်။

လုံလောက်သည့် ကျင့်ကြံခြင်းအရင်းအမြစ် မရှိလျှင် ဆယ်နှစ်မျှ အပတ်တကုတ် ကြိုးစားသည့်တိုင် အချိန်ဥပဒေသ မူလစွမ်းအားနှင့် နေရာလွတ် ဥပဒေသ မူလစွမ်းအားကို တိုးတက်အောင် လုပ်ဆောင်ရန် ခက်ခဲမည် ဖြစ်သည်။

သို့သော်လည်း ဓားဥပဒေသ မူလစွမ်းအား၊‌ လေဥပဒေသမူလစွမ်းအား၊ မီးဥပဒေသမူလစွမ်းအား၊ မိုးကြိုးဥပဒေသ မူလစွမ်းအား စသည့် မူလစွမ်းအား လေးမျိုးကို နားလည်ပြီး ကမ္ဘာ့စွမ်းအား လေးမျိုးကို စုစည်းကာ ကောင်းကင်နတ်ဘုရား စတုတ္ထအဆင့်ကို တိုက်ရိုက် တက်လှမ်းနိုင်သည်ကလည်း အလွန် ကောင်းမွန်သည်ဟု ယူဆနိုင်ပေသည်။

ပကတိနတ်ဘုရား နယ်ပယ်အဆင့်တွင် ကိုယ်ခံပညာဥပဒေ၏ မူလစွမ်းအားကို အပြည့်အ၀ နားလည်ကာ ကမ္ဘာ့စွမ်းအား နှစ်မျိုးကို စုစည်းပြီး ကောင်းကင်နတ်ဘုရား ဒုတိယအဆင့်ကို တစ်ထိုင်တည်း တက်လှမ်းနိုင်ခဲ့သည့် ပါရမီရှင်များ ရှားပါးသည်။

သို့ဖြစ်၍ ကမ္ဘာ့စွမ်းအား သုံးမျိုး နှင့် လေးမျိုးကို စုစည်းပြီး ကောင်းကင်နတ်ဘုရား တတိယအဆင့်နှင့် စတုတ္ထအဆင့်များကို တစ်ထိုင်တည်း တက်လှမ်းနိုင်သူသည် ပို၍ပင် ရှားပါး၏။

ပြောနေစရာ မလိုလောက်အောင်ပင် သာမန် ပါရမီရှင်များသည် ကောင်းကင်နတ်ဘုရား အဆင့်ကို ထိုးဖောက်ရန် အတွက် ကိုယ်ခံပညာဥပဒေသ စွမ်းအား၏ မူလစွမ်းအား တစ်မျိုးကိုသာ နားလည်အောင် ကျင့်ကြံကြလေ့ ရှိသည်။

အကြောင်းရင်းမှာ ကောင်းကင်နတ်ဘုရား နယ်ပယ်အဆင့်ကို ထိုးဖောက်သောအခါတွင် ကောင်းကင်နတ်ဘုရား ကပ်ဘေးကို ရင်ဆိုင်ရသောကြောင့်ပင်။

ထိုကပ်ဘေးသည် အဆင့် ထိုးဖောက်လိုသော ကောင်းကင်နတ်ဘုရား နယ်ပယ်အဆင့်ကို လိုက်၍ အလွန်ပင် အန္တရာယ်များပြီး သတိမထားမိလျှင် အသက်ပင် သေဆုံးနိုင်သည့် အန္တရာယ် ရှိ၏။

တစ်ဆင့်ချင်း ထိုးဖောက်မည်ဆိုလျှင် အဆင့်တစ်ခါ ထိုးဖောက်တိုင်းတွင် ကောင်းကင်နတ်ဘုရား ကပ်ဘေးကို တစ်ကြိမ်သာ ဖြတ်ကျော်ရန် လိုအပ်၏။

အကယ်၍ ဆဋ္ဌမအဆင့်ထိ တိုက်ရိုက် ထိုးဖောက်လိုလျှင်မူ ကောင်းကင်နတ်ဘုရား ကပ်ဘေးကို ခြောက်ကြိမ် လိုအပ်မည်ဖြစ်သည်။

ပကတိနတ်ဘုရား နယ်ပယ်အဆင့်တွင် ကိုယ်ခံပညာ ဥပဒေသ၏ မူလစွမ်းအား ခြောက်မျိုးကို အပြည့်အ၀ နားလည်နိုင်လျှင် ကမ္ဘာ့စွမ်းအား ခြောက်မျိုးကို စုစည်းကာ ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့်ကို တစ်ထိုင်တည်းဖြင့် တိုက်ရိုက် တက်လှမ်းနိုင်မည် ဖြစ်၏။

သို့သော်လည်း ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့်ကို တိုက်ရိုက် တက်လှမ်းခြင်းသည် ကောင်းကင်နတ်ဘုရား ကပ်ဘေးကို ခြောက်ကြိမ် တွေ့ကြုံရမည် ဖြစ်ရာ အလွန်ပင် အန္တရာယ် များလှသည်။

ထိုကြောင့် ပါရမီရှင် အများပြားသည် ကောင်နတ်ဘုရားနယ်‌ပယ်ကို ထိုးဖောက်ရာတွင် တစ်ဆင့်ချင်းသာ ထိုးဖောက်လေ့ရှိပြီး အဆင့်မြင့် ပကတိနတ်ဘုရား အထွတ်အထိပ်အဆင့်ကို ရောက်မှသာ ထိုးဖောက်ကြသည်။

ကျန်းချန်ကမူ ခန္ဓာကိုယ်ထဲတွင် အဆ ၁၀၀ စနစ် ရှိနေ၍ ကောင်းကင်နတ်ဘုရား ကပ်ဘေးကို လုံး၀ ကာကွယ်နိုင်စွမ်း ရှိသည်။

ဆိုရလျှင် ကောင်ကင်နတ်ဘုရား ပထမအဆင့်ကို ထိုးဖောက်ခြင်းဖြစ်စေ၊ ကိုယ်ခံပညာဥပဒေသ အများအပြားကို နားလည်၍ တစ်ပြိုင်တည်း ထိုးဖောက်ခြင်းဖြစ်စေ၊ သူ့အတွက် သိပ်ပြီးကွာခြားမှုမရှိပေ။

"ဘာပဲဖြစ်ဖြစ် ဓားလမ်းစဥ်ဥပဒေသရဲ့ မူလစွမ်းအားကို အရင်ဆုံး နားလည်အောင် လုပ်ရမယ်"

ကျန်းချန်၏ မျက်၀န်းများက အနည်းငယ် တဖျပ်ဖျပ် လက်သွားခဲ့သည်။

ဓားလမ်းစဥ်ဥပဒေသ၏ မူလစွမ်းအားကို ပြီးပြည့်စုံသော အဆင့်ထိ နားလည်နိုင်သရွေ့ သူက ကောင်းကင် နတ်ဘုရားပထမအဆင့်ကို အချိန်မရွေး ထိုးဖောက်နိုင်လိမ့်မည် မဟုတ်ပါလော။

ရှင်းလင်းစွာဆိုရလျှင် ကျန်းချန်သည် ဓားလမ်းစဉ်ဥပဒေသ၏ မူလစွမ်းအားကို အပြည့်အ၀ နားလည်လျှင်ပင် ကောင်းကင်နတ်ဘုရား နယ်ပယ်အဆင့်ကို အန္တရာယ်နှင့်ကြုံမှ ထိုးဖောက်ရန် ရည်ရွယ်ထားခဲ့သည်။

အန္တရာယ်အခက်အခဲ မရှိသရွေ့ သူက အလောတကြီး ထိုးဖောက်မည် မဟုတ်ဘဲ တခြားသော ကိုယ်ခံပညာ ဥပဒေသများ၏ မူလစွမ်းအားများကို အပြည့်အ၀ နားလည်သည် အထိ ဆက်လက် အားထုတ်မည် ဖြစ်၏။

ထို့အပြင် ကောင်းကင်နတ်ဘုရား နယ်ပယ်အဆင့်ကို ထိုးဖောက်ခြင်းသည် သူ၏ ဝှက်ဖဲတစ်ခုလည်း ဖြစ်လာနိုင်သည်။

ထိုသို့ တွေးမိလိုက်သည်နှင့် ကျန်းချန်သည် တုံ့ဆိုင်းမနေတော့ဘဲ ဒသမတောင်ထွတ်မှ နယ်မြေနတ်ဘုရား စွမ်းအားကို ခံစားကာ ကိုယ်ခံပညာ ဥပဒေသ၏ မူလစွမ်းအားကို ဆက်လက်မြင့်တင်ရန် ကြိုးစားခဲ့သည်။

အခန်း(၁၆၃၇)ပြီး၏။

အခန်း(၁၆၃၈)

ဒသမတောင်ထွတ်၏ အလယ်ဗဟိုရှိ တောင်ထိပ်တစ်ခုတွင် ကျန်းချန်သည် ခြေချိတ်၍ ထိုင်နေခဲ့ပြီး နယ်မြေနတ်ဘုရား၏ စွမ်းအားကို အပြည့်အဝနားလည်ရန် ကြိုးစားနေခဲ့သည်။

"ဒင်.. သင်က နယ်မြေနတ်ဘုရားရဲ့ စွမ်းအားကို လေ့လာပြီး ဓားလမ်းစဥ်ဥပဒေသ မူလစွမ်းအား အတွေ့အကြုံရမှတ် ၅၀၀၀၀ကို အဆ ၁၀၀ ရရှိပါတယ်"

"ဒင်.. သင်က နယ်မြေနတ်ဘုရားရဲ့ စွမ်းအားကို လေ့လာပြီး မိုးကြိုးလမ်းစဥ် ဥပဒေသ မူလစွမ်းအား အတွေ့အကြုံရမှတ် ၅၀၀၀၀ကို အဆ ၁၀၀ ရရှိပါတယ်"

"ဒင်.. သင်က နယ်မြေနတ်ဘုရားရဲ့ စွမ်းအားကို လေ့လာပြီး လေလမ်းစဥ် ဥပဒေသ မူလစွမ်းအား အတွေ့အကြုံရမှတ် ၅၀၀၀၀ကို အဆ ၁၀၀ ရရှိပါတယ်"

"..........."

ကိုယ်ခံပညာ ဥပဒေသ၏ မူလစွမ်းအားသည် ကိုယ်ခံပညာဥပဒေသ၏ အထက်တွင် ရှိသော စွမ်းအား ဖြစ်သည်။

ထို့ကြောင့် ကိုယ်ခံပညာဥပဒေသ၏ မူလစွမ်းအားကို နားလည်အောင် ကြိုးစားခြင်းသည် ကိုယ်ခံပညာ ဥပဒေသကို နားလည်အောင် ကြိုးစားခြင်းထက် သိသိသာသာပင် နှေးကွေးနေခဲ့သည်။

သို့သော် ကျန်းချန်တွင် လက်ရှိအချိန်၌ ကိုယ်ခံပညာဥပဒေသ၏ မူလစွမ်းအားကို မြှင့်တင်ပေးနိုင်သော ရတနာများ မရှိပေ။

ထို့ကြောင့် နယ်မြေနတ်ဘုရား၏ စွမ်းအားသည်သာလျှင် သူ၏ ကိုယ်ခံပညာ ဥပဒေသ မူလစွမ်းအားကို မြန်မြန်ဆန်ဆန် မြှင့်တင်ပေးနိုင်မည့် တစ်ခုတည်းသော နည်းလမ်း ဆိုလည်းမမှားပေ။

ဤသို့ ကျင့်ကြံခြင်းဖြင့်ပင် တစ်နှစ် ဟူသော အချိန်ကာလသည် အလျင်အမြန်ပင် ကုန်ဆုံးသွားခဲ့သည်။

ကျန်းချန်၏ ဓားလမ်းစဥ် ဥပဒေသ မူလစွမ်းအားသည် ၉၀ ရာခိုင်နှုန်းကနေ ပြီးပြည့်စုံသော အဆင့်အထိ ရောက်ရှိသွားခဲ့သည်။

ယင်းမှာ ကျန်းချန်သည် ကောင်းကင်နတ်ဘုရား နယ်ပယ်အဆင့်ကို ခြေတစ်လှမ်း ဝင်ရောက်သွားပြီ ဟူသော အဓိပ္ပါယ်ပင် ဖြစ်သည်။

သူ ဆန္ဒရှိသရွေ့ ကမ္ဘာ့စွမ်းအားကို စုစည်းကာ ကောင်းကင်နတ်ဘုရား ပထမအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်လာနိုင်ပေသည်။

ဓားလမ်းစဥ် ဥပဒေသ၏ မူလစွမ်းအားကို ပြီးပြည့်စုံသောအဆင့်အထိ နားလည်ပြီးနောက်တွင် ကျန်းချန်သည် သူ၏ ကျင့်ကြံမှုကို အဆုံးသတ်ရန် အစီအစဥ် မရှိခဲ့ပေ။

သူက သူ၏ တခြား ကိုယ်ခံပညာဥပဒေသ မူလစွမ်းအားများကို ဆက်လက် နားလည်ရန် အဆင်သင့် ဖြစ်နေခဲ့၏။

သို့သော်လည်း ဓားလမ်းစဥ် ဥပဒေသ၏ မူလစွမ်းအားကို ပြီးပြည့်စုံသော အဆင့်အထိ ရောက်ရှိပြီးနောက်တွင် ကျန်းချန်သည် တခြားသော ကိုယ်ခံပညာ ဥပဒေသ မူလစွမ်းအားများကို ကျင့်ကြံရန် အချိန်မရလိုက်ပေ။

အကြောင်းရင်းမှာ သူသည် ရွှေလင်းလုံ ထံကနေ ရုတ်တရက် သတင်းစကား တစ်ခုကို လက်ခံရရှိခဲ့၍ပင်။

ရွှေလင်းလုံက သူ့ကို ကောင်းကင်နဂါး မြို့တော်၏ ဗဟိုရင်ပြင်သို့ လာရောက်ရန် ပြောကြားခဲ့သည်။

"ကြည့်ရတာ ကိစ္စကြီးကြီးမားမား တစ်ခုခု ဖြစ်နေတဲ့ပုံပဲ"

ကျန်းချန်က သူ့ဘာသာသူ တစ်ကိုယ်တည်း တီးတိုးရေရွတ်လိုက်သည်။

ကိစ္စ ကြီးကြီးမားမားသာ ဖြစ်ပျက်ခြင်း မဟုတ်ခဲ့လျှင် ကောင်းကင်နဂါး မြို့တော်ကို တာဝန်ယူထားသော ပထမ အကြီးအကဲသည် သူ့ကို အရေးပေါ် သတင်းစကား ပေးပို့စရာအကြောင်း မရှိပေ။

ထို့ကြောင့် သူက လုံးဝ တုံ့ဆိုင်းမနေတော့ဘဲ ကျင့်ကြံမှုကို ရပ်တန့်လိုက်ကာ ဗဟိုရင်ပြင် ရှိရာသို့ ထွက်လာခဲ့၏။

ကျန်းချန် ဗဟိုရင်ပြင်သို့ ရောက်သောအခါတွင် ကောင်းကင်နဂါး မြို့တော်၏ တပည့် ၁၀၀ကျော်သည် ဗဟိုရင်ပြင်တွင် စုဝေးနေကြသည်ကို တွေ့ခဲ့ရသည်။

ထိုအထဲတွင် ကောင်းကင်နဂါး မြို့တော်မှ မာနနဂါးအဆင့်တပည့်၈ယောက် အပြင် ပိုင်လီထင်နှင့် တခြားသော ထိပ်တန်း တပည့်များလည်း ပါဝင်နေခဲ့၏။

ဆိုရလျှင် ဗဟိုရင်ပြင်တွင် စုဝေးရောက်ရှိနေသော ကျင့်ကြံသူများသည် ကောင်းကင်နဂါး မြို့တော်၏ ထိပ်တန်းတပည့်များ ဖြစ်ကြသည်။

"ညီနောင်ကျန်းချန် ရောက်လာပြီလား"

ကျန်းချန် ရောက်ရှိလာသည်ကို မြင်လျှင် ဗဟိုရင်ပြင်တွင် အရင်‌ ရောက်နှင့်နေသည့် လျှိုထျန်းရှင်းက အလျင်အမြန် ပြေးလာပြီး ကျန်းချန်ကို နှုတ်ဆက်လိုက်သည်။

ထိုအခါ ကျန်းချန်က စူးစမ်းစွာ မေးလိုက်၏။

"အစ်ကိုလျှို.. အကြီးအကဲက ကျွန်တော်တို့ကို ဘာအတွက်နဲ့ခေါ်လိုက်သလဲ ဆိုတာ အစ်ကိုသိလား"

ထိုစကားကိုကြားလျှင် လျှိုထျန်းရှင်းက အံ့အားသင့်သွားကာ ပြောလိုက်၏။

"မင်းမသိသေးဘူးလား"

ကျန်းချန်က ခေါင်းခါရမ်းလိုက်သည်။

ဤတစ်နှစ်ပတ်လုံး သူသည် ကိုယ်ခံပညာ ဥပဒေသ၏မူလစွမ်းအားကို နားလည်ရန်အတွက် ဒသမတောင်ထွတ် တွင်သာ ရှိနေခဲ့ပြီး တောင်ထွတ် အပြင်သို့ ခြေတစ်လှမ်းပင် မထွက်ခွာခဲ့ပေ။

သို့ဖြစ်၍ ပြင်ပတွင် မည်သည့်အရာများ ဖြစ်ပျက်နေသည်ကို ကျန်းချန် လုံးဝမသိခဲ့ချေ။

ဤကဲ့သို့ အလွန်တရာ အရေးကြီးသည့် ကိစ္စကြီးတစ်ခု ဖြစ်ပွားနေသည်ကိုပင် ကျန်းချန်က ဘာမှ မသိသေးသည်ကိုမြင်လျှင် လျှိုထျန်းရှင်းသည် မှင်တက်သွားခဲ့သည်။

ထို့နောက်တွင်မူ လျှိုထျန်းရှင်းသည် ကျန်းချန်ကို ရှင်းပြလိုက်၏။

လွန်ခဲ့သော ၃လခန့်က သွေးလမင်းကုန်းမြေသည် ရှေးဟောင်းနဂါးကုန်းမြေကို ရုတ်တရက် ကျူးကျော်ခဲ့ပြီး ကုန်းမြေနှစ်ခုကြားရှိ စစ်ပွဲသည် စတင် ဖြစ်ပွားခဲ့သည်။

ထိုသို့ မဖြစ်ခင်က ရှေးဟောင်းနဂါးမျိုးနွယ်စုသည် ရှန်လုံမြို့၏ ခွန်အားကိုသာ အသုံးပြုခဲ့ပြီး ကောင်းကင်နဂါးမြို့ကမူ စစ်ပွဲတွင် မပါဝင်ခဲ့ပေ။

သို့သော် ၃လကြာ တိုက်ခိုက်ပြီးနောက်တွင် ရှေးဟောင်းနဂါးကုန်းမြေဘက်မှ အထိအခိုက် များလာခဲ့ပြီး ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူပင် စစ်မြေပြင်တွင် ကျဆုံးသွားခဲ့ရသည်။

စစ်ပွဲ၏အခြေအနေက ဆိုးရွားလာသည့်အတွက် ကောင်းကင်နဂါးမြို့တော်သည် စစ်ပွဲတွင် ပါဝင်ရတော့မည် ဖြစ်၏။

ဤတစ်ခေါက် ရွှေလင်းလုံက သူတို့ကို ဗဟိုရင်ပြင်သို့ ဆင့်ခေါ်လိုက်သည်မှာ ရှေ့တန်း စစ်မြေပြင်ကို စစ်ကူပေးရန် အတွက်ဖြစ်လောက်သည်။

ကျန်းချန်နှင့် လျှိုထျန်းရှင်းတို့ စကားပြောဆိုနေသော အချိန်မှာပင် ရင်ပြင်အထက်ရှိ ကောင်းကင်ယံတွင် ရုတ်တရက် လေထု လှုပ်ရှားမှု ဖြစ်ပေါ်လာခဲ့ပြီး ရွှေလင်းလုံ အပါအဝင် ကောင်းကင်နတ်ဘုရားအဆင့် အကြီးအကဲ ၃ယောက်သည် တစ်ခဏအတွင်း ပေါ်ထွက်လာခဲ့သည်။

"အားလုံးပဲ.. သွေးလမင်းကုန်းမြေက ရှေးဟောင်းနဂါး ကုန်းမြေကို ကျူးကျော်နေတာ သိထားပြီးသား ဖြစ်မယ်လို့ ငါထင်တယ်. စစ်ပွဲရဲ့ လက်ရှိအခြေအနေကို မကွယ်ဝှက်တမ်း ပြောရရင် ငါတို့ ရှေးဟောင်းနဂါး ကုန်းမြေက အခြေအနေ အရမ်း ဆိုးရွားနေတယ်.. မင်းတို့အားလုံးက ရှေးဟောင်းနဂါးမျိုးနွယ်စုရဲ့ ထိပ်တန်းတပည့်တွေပဲ.. အခု ရှေးဟောင်းနဂါးမျိုးနွယ်စုက အခက်အခဲ ကြုံတွေ့နေရပြီ ဆိုတော့ မင်းတို့အနေနဲ့ အင်တိုက်အားတိုက် အကူအညီပေးနိုင်မယ်လို့ မျှော်လင့်တယ်.. အကြီးအကဲ နှစ်ယောက်ဖြစ်တဲ့ ကျင်းချိုးရန်နဲ့ ယန်ချန်တို့က မင်းတို့ကို ဦးဆောင်ပြီး စစ်မြေပြင်ဆီ စစ်ကူသွားလိမ့်မယ်"

ရွှေလင်းလုံက ရင်ပြင်တွင် စုဝေးနေသည့် ကောင်းကင်နဂါးမြို့တော်မှ တပည့်များကို ကြည့်လိုက်သည်။

သူမ၏ အသံက ရင်ပြင်ဆီသို့ တိုက်ရိုက်ပင် မြည်ဟည်းသွားခဲ့၏။

ရွှေလင်းလုံ၏ စကားကိုကြားလျှင် ‌‌ကောင်းကင်နဂါးမြို့တော်မှ တပည့်အများအပြားသည် အံ့အားမသင့်ခဲ့ပေ။

အကြောင်းရင်းမှာ ဤရက်ပိုင်းတွင် ကောင်းကင်နဂါး မြို့တော်မှ တပည့်များသည် ရှေ့တန်း စစ်မြေပြင်မှ သတင်းများကို ကြားသိပြီးသား ဖြစ်သောကြောင့်ပင်။

တပည့်အချို့ ဆိုလျှင် မျက်ဝန်းထဲတွင် စိတ်လှုပ်ရှားသော အရိပ်အယောင်များပင် ဖြစ်ပေါ်နေခဲ့ကြသည်။

ဤသို့ဖြင့် အကြီးအကဲနှစ်ယောက် ဖြစ်သည့် ကျင်းချိုးရန်နှင့် ယန်ချန်တို့၏ ဦးဆောင်မှုအောက်တွင် သူတို့ ကောင်းကင်နဂါးမြို့တော်မှ အဖွဲ့သည် တည်နေရာ ရွှေ့ပြောင်းခြင်း အစီအရင်မှ တစ်ဆင့် အရှေ့ပိုင်းဒေသသို့ ရောက်လာခဲ့သည်။

-------------------

သွေးလမင်း ကုန်းမြေသည် ရှေးဟောင်းနဂါး ကုန်းမြေ၏ အ‌ရှေ့ဘက်ဒေသတွင် တည်ရှိသည်။

လွန်ခဲ့သည့် သုံးလအကြာက သွေးလမင်း ကုန်းမြေမှ စစ်သည်များသည် ရှေးဟောင်းနဂါး ကုန်းမြေကို ရုတ်တရက် ကျူးကျော်လာခဲ့၍ ရှေးဟောင်းနဂါးကုန်းမြေ၏ နယ်စပ်စည်းသည် လုံးဝ ပြိုလဲသွားခဲ့ရသည်။

ယခု ကျန်းချန်တို့ စစ်ကူပေးရန် သွားရောက်ရမည့်နေရာမှာ အရှေ့ပိုင်းဒေသ၏ နယ်နိမိတ်ထဲတွင် ပါဝင်သည့် ထျန်းဖန်းနိုင်ငံဟု ခေါ်သော ကောင်းကင်နတ်ဘုရားအဆင့် အင်အားစု အခြေချသည့် နေရာ ဖြစ်သည်။

ထျန်းဖန်းနိုင်ငံသည် စစ်ပွဲ၏ ရှေ့တန်းစစ်မျက်နှာပြင် မဟုတ်သော်လည်း ၎င်း၏ ပထဝီဝင် တည်နေရာကမူ ထူးခြားလှသည်။

ဆိုရလျှင် ထျန်းဖန်းနိုင်ငံကို ဆုံးရှုံးလိုက်သည်နှင့် အရှေ့ပိုင်းဒေသ တစ်ခုလုံးသည် သွေးလမင်းကုန်းမြေ၏ လက်အောက်သို့ ကျရောက်သွားလိမ့်မည် ဖြစ်၏။

ထို့ကြောင့် ထျန်းဖန်းနိုင်ငံသည် ရှေးဟောင်းနဂါး ကုန်းမြေ၏ အဓိက ခံတပ်နေရာများထဲမှ တစ်ခုဆိုလည်း မမှားပေ။

သို့သော်လည်း မကြာသေးမီက သွေးလမင်းကုန်းမြေဘက်မှ အားကောင်းသော ကျင့်ကြံသူ အများအပြားကို စေလွှတ်ခဲ့၍ ထျန်းဖန်းနိုင်ငံသည် အကြီးအကျယ် ရှုံးနိမ့်မှုများ ကြုံတွေ့ခဲ့ရသည်။

ထိုတိုက်ပွဲတွင် ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူတစ်ယောက်နှင့် ခြေလှမ်းတစ်ဝက် ကောင်းကင်နတ်ဘုရားများစွာ ကျဆုံးသွားခဲ့ရသည်။

ထိုအတွက်ကြောင့်လည်း ရှေးဟောင်းနဂါး မျိုးနွယ်စုသည် ထျန်းဖန်းနိုင်ငံကို စစ်ကူပေးရန်အတွက် တုံ့ဆိုင်းမနေဘဲ ကောင်းကင်နဂါးမြို့တော်မှ တပည့်များကို စစ်ကူလွှတ်ရန် ဆုံးဖြတ်ခဲ့ခြင်းပင်။

"အကြီးအကဲကျင်း.. ထျန်းဖန်းနိုင်ငံကို စစ်ကူပေးဖို့ အတွက် ကျွန်တော်အရင်ဆုံး သွားလိုက်တော့မယ်"

အရှေ့ပိုင်းဒေသကို တည်နေရာ ရွှေ့ပြောင်းပြီးနောက်တွင် ကျန်းချန်၏ ထျန်းဖန်းနိုင်ငံကို သွားရောက်သော အရှိန်အဟုန်က အလွန်တရာ နှေးကွေးနေသည်ဟု ခံစားမိခဲ့ပြီး ထျန်းဖန်းနိုင်ငံကို သူ့ဘာသာသူ သွားရန် ဆုံးဖြတ်ချက် ချလိုက်သည်။

ကျင်းချိုးရန်က အနည်းငယ် တွေးလိုက်ပြီးမှ ကျန်းချန်ကို ပြောလိုက်၏။

"ဒီလိုဆိုရင်လည်း အကြီးအကဲ ယန်ချန်းကို ဒီက တပည့်တွေကို အုပ်ချုပ်ဖို့အတွက် ထားခဲ့လိုက်မယ်.. ငါနဲ့မင်းနဲ့က ထျန်းဖန်းနိုင်ငံဆီ အရင် သွားနှင့်ကြတာပေါ့"

ကျန်းချန်က ယခုအခါတွင် အလွန်တရာ အစွမ်းထက်နေပြီ ဖြစ်သော်လည်း ကျင်းချိုးရန်သည် ကျန်းချန် တစ်ယောက်တည်း ထျန်းဖန်းနိုင်ငံသို့ သွားရောက်မည်ကို စိတ်မပူဘဲ မနေနိုင်ခဲ့ပေ။

ကျင်းချိုးရန်၏ စကားကို ကြားလျှင် ယန်ချန်က မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

"ကျင်းချိုးရန်.. ရှင်က ကောင်းကင်နဂါးမြို့တော်ရဲ့ အကြီးအကဲတစ်ယောက် ဖြစ်ပြီး ကျန်းချန်ရဲ့နောက်ကို လိုက်သွားမလို့လား"

"ဘာလို့ ငါက ကျန်းချန်နဲ့ အတူ သွားလို့မရရမှာလဲ"

ကျင်းချိုးရန်က နှာခေါင်းရှုံ့ကာ အေးစက်စက် ပြောလိုက်သည်။

"အခုအချိန်မှာ ထျန်းဖန်းနိုင်ငံက အန္တရာယ်တွေနဲ့ ဝိုင်းရံနေတယ်.. ကျန်းချန်နဲ့ငါ အရင်ဆုံး ရောက်သွားမယ်ဆိုရင် ထျန်းဖန်းနိုင်ငံရဲ့ ဖိအားကို အနည်းငယ်တော့ လျှော့ချပေးနိုင်လိမ့်မယ်"

"ဒီလိုလုပ်ပါလား အကြီးအကဲကျင်း.. အကြီးအကဲက အကြီးအကဲယန်ချန်နဲ့ အတူ ဒီအဖွဲ့ကိုပဲ ဦးဆောင်လိုက်ပါ.. ကျွန်တော် တစ်ယောက်တည်းနဲ့လည်း လုံလောက်ပါတယ်"

ကျန်းချန်က ပြုံးကာ ပြောလိုက်သည်။

ရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေတွင် ရှိစဥ်ကပင် သူ၏ တိုက်ခိုက်ရေး စွမ်းရည်သည် သာမန် ကောင်းကင်နတ်ဘုရား ပထမအဆင့်ထက် မနိမ့်ကျတော့ပေ။

ယခုအခါ သူ၏ ကျင့်ကြံခြင်းအဆင့်သည် အဆင့်မြင့် ပကတိနတ်ဘုရား အထွတ်အထိပ်အဆင့်ကို ရောက်ရှိနေပြီ ဖြစ်ပြီး ကိုယ်ခံပညာဥပဒေသ၏ မူလစွမ်းအားအပေါ် နားလည်မှုတွင်လည်း များစွာ တိုးတက်လာခဲ့ချေပြီ။

အထူးသဖြင့် သူသည် ဓားလမ်းစဥ် ဥပဒေသ၏ မူလစွမ်းအားကို ပြီးပြည့်စုံသော အဆင့်အထိ အောင်မြင်စွာ နားလည်သွားခဲ့ပြီဖြစ်သည်။

ဆိုရလျှင် သူ၏ လက်ရှိစွမ်းအားဖြင့် ဆိုလျှင် ကောင်းကင်နတ်ဘုရား ပထမအဆင့် ကျင့်ကြံသူများပင်လျှင် သူ၏ပြိုင်ဘက် ဖြစ်နိုင်တော့မည် မဟုတ်ပေ။

"ကောင်းပြီလေ.. ဒါဆိုလည်း သတိထားပါ ကျန်းချန်"

ကျန်းချန်က ကောင်းကင်နဂါး နန်းတော်တွင် အသက်ရှူကြိမ် ၄၃ကြိမ်ထိ ထိုးဖောက်နိုင်ခဲ့၍ ကောင်းကင်နတ်ဘုရား ပထမအဆင့်နှင့် ယှဥ်နိုင်သော စွမ်းရည်ရှိသည်ဟု တွေးမိလိုက်လျှင် ကျင်းချိုးရန်သည် အဆုံးသတ်၌ ကျန်းချန် အဆိုကို သဘောတူလိုက်သည်။

"စိတ်ချပါ အကြီးအကဲကျင်း"

စကားဆုံးသည်နှင့် ကျန်းချန်က အလင်းတန်းသဖွယ်ပြောင်းလဲသွားခဲ့ပြီး ကောင်းကင်ယံသို့ တိုးဝင်ကာ ပျောက်ကွယ်သွားခဲ့သည်။

အခန်း(၁၆၃၈)ပြီး၏။

All Chapters