အခန်း (၁၆၃၉-၁၆၄၁)
Vol. 110 Ch. 1639-1641
အခန်း(၁၆၃၉)
ကျန်းချန်က အဖွဲ့ထဲကနေ ခွဲထွက်ပြီးနောက်တွင် တစ်ယောက်တည်း ခရီးဆက်လာခဲ့သည်။
၁၀ရက်ခန့် အကြာတွင် ကျန်းချန်သည် ထျန်းဖန်းနိုင်ငံ၏ နယ်မြေဆီသို့ အဆုံးသတ်၌ ရောက်ရှိလာခဲ့သည်။
ထိုအခါ ထျန်းဖန်းနိုင်ငံသည် သူထင်ထားသည်ထက်ပင် အခြေအနေများစွာ ပို၍ ဆိုးရွားနေမှန်း တွေ့ရှိခဲ့ရ၏။
လမ်းတစ်လျှောက်တွင် သူသည် ထျန်းဖန်းနိုင်ငံမှ လူအများအပြား အလျင်စလို ထွက်ပြေးနေကြသည်ကို တွေ့ခဲ့ရသည်။
ဆိုရလျှင် ထျန်းဖန်းနိုင်ငံ တစ်ခုလုံးသည် ကစဉ့်ကလျား ဖြစ်နေခဲ့၏။
ကျန်းချန်က ထွက်ပြေးလာသည့် ပကတိနတ်ဘုရား အဆင့် စစ်သည်တစ်ယောက်ကို ဟန့်တား၍ မေးမြန်းလိုက်ရာ ထျန်းဖန်းနိုင်ငံ၏ အခြေအနေကို အကြမ်းဖျင်း သိခဲ့ရသည်။
လွန်ခဲ့သော ရက်အနည်းငယ်က သွေးလမင်းကုန်းမြေ၏ ထိုးစစ်အောက်တွင် ထျန်းဖန်းနိုင်ငံသည် ဆက်တိုက်ဆိုသလို ဆုတ်ခွာခဲ့ရပြီး နယ်မြေ တော်တော်များများကို ဆုံးရှုံးခဲ့ရသည်။
လက်ရှိအချိန်တွင် ထျန်းဖန်းနိုင်ငံ၏ အရှေ့အရပ်မှ နယ်မြေအများစုကို သွေးလမင်း ကုန်းမြေသည် သိမ်းပိုက်လိုက်ပြီဖြစ်၏။
ယခုအခါတွင် သွေးလမင်းကုန်းမြေသည် ထျန်းဖန်းနိုင်ငံ၏ အင်ပါယာ မြို့တော်နားသို့ပင် ရောက်ရှိလာခဲ့ပြီ ဖြစ်ရာ ထျန်းဖန်းနိုင်ငံသည် အလွန်ပင် အန္တရာယ်ကြီးသောအခြေအနေသို့ ကျရောက်နေခဲ့သည်။
သွေးလမင်းကုန်းမြေက ထျန်းဖန်းနိုင်ငံ၏ မြို့တော်ကို ထိုးဖောက်လိုက်သည်နှင့် ရှေးဟောင်းနဂါး ကုန်းမြေ၏ ကာကွယ်ရေးစည်းသည် ကျိုးပေါက်သွားခဲ့မည် ဖြစ်ပြီး ရှေးဟောင်းနဂါး ကုန်းမြေ၏ အရှေ့ပိုင်းဒေသ တစ်ခုလုံးသည် သွေးလမင်းကုန်းမြေ၏ လက်ထဲသို့ ကျရောက်သွားလိမ့်မည်ဖြစ်သည်။
ထျန်းဖန်းနိုင်ငံ၏ အခြေအနေကို သိရှိရပြီးနောက်တွင် ကျန်းချန်သည် လုံးဝ တုံ့ဆိုင်းမနေတော့ဘဲ ထျန်းဖန်းနိုင်ငံ၏ မြို့တော်ဆီသို့ အလျင်စလိုပင် ထွက်လာခဲ့သည်။
နာရီဝက်ခန့် အကြာတွင် ကျန်းချန်သည် ထျန်းဖန်းနိုင်ငံနှင့် မိုင်၁၀၀၀ပင် မဝေးတော့သော နေရာသို့ ရောက်လာခဲ့၏။
ထိုအခါ သူ၏မြင်ကွင်းထဲသို့ ကြီးမားသော မြို့တစ်မြို့၏ ပုံရိပ်က ဝင်ရောက်လာခဲ့သည်။
ကျန်းချန်က မြို့တော်ဆီသို့ တဖြည်းဖြည်း ချဥ်းကပ်လာသောအခါ စစ်ပွဲတစ်ပွဲသည် ကျန်းချန်၏ ရှေ့တွင် တိုက်ရိုက်ပေါ်ပေါက်လာခဲ့၏။
ယင်းမှာ သွေးလမင်းကုန်းမြေ၏ ထိုးစစ်ဖြစ်သည်မှာ ထင်ရှားသည်။
ဤအချိန်တွင် ထျန်းဖန်းနိုင်ငံဘက်မှ ငွေရောင်သံချပ်ဝတ်စုံဝတ် ကျင့်ကြံသူတစ်ယောက်သည် သွေးရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် သွေးလမင်းကုန်းမြေမှ ကျင့်ကြံသူတစ်ယောက်နှင့် ပြင်းပြင်းထန်ထန် တိုက်ခိုက်နေခဲ့သည်။
"ဟားဟား.. ဒီမြို့ကို သိမ်းပိုက်နိုင်တာနဲ့ ကောင်းကင်နတ်ဘုရားအဆင့်ကို တစ်ထိုင်တည်းနဲ့ ထိုးဖောက်နိုင်ဖို့အတွက် လိုအပ်တဲ့ အရင်းအမြစ်တွေကို လဲလှယ်ဖို့ လုံလောက်တဲ့ ရမှတ်တွေကို အဆုံးသတ်မှာ စုဆောင်းနိုင်ပြီကွ"
သွေးလမင်းကုန်းမြေ ဘက်မှ ခန္ဓာကိုယ်သန်မာထွားကျိုင်းသော ကျင့်ကြံသူက သွေးရောင်ဓားရှည် တစ်လက်ကို ကိုင်စွဲရင်း ရယ်မောကာ ပြောလိုက်သည်။
ထို့နောက်တွင် သူက ဓားကွက်တစ်ကွက်ကို ထုတ်ဖော်ကာ ငွေရောင်သံချပ် ဝတ်စုံဝတ် ကျင့်ကြံသူကို တိုက်ခိုက်လိုက်သည်။
သွေးရောင်ဝတ်စုံဝတ် ကျင့်ကြံသူ၏ ဓားချက်ကို မြင်လျှင် ငွေရောင် သံချပ်ဝတ်စုံဝတ် ကျင့်ကြံသူ၏ မျက်နှာအမူအရာသည် အကြီးအကျယ် ပြောင်းလဲသွားခဲ့၏။
သူက ဓားကွက်များကို ဆက်တိုက်ဆိုသလို ထုတ်ဖော်ကာ သွေးရောင်ဝတ်စုံဝတ် ကျင့်ကြံသူ၏ ဓားချက်ကို ခုခံလိုက်သည်။
ငွေရောင်သံချပ်ဝတ်စုံဝတ် ကျင့်ကြံသူသည် အဆင့်မြင့်ပကတိနတ်ဘုရား အစောပိုင်းအဆင့်သာ ရှိသေးသော်လည်း သွေးလမင်းကုန်းမြေဘက်မှ ခန္ဓာကိုယ် ထွားကျိုင်းသော ကျင့်ကြံသူကမူ အဆင့်မြင့်ပကတိနတ်ဘုရား အထွတ်အထိပ်အဆင့်ကို ရောက်ရှိနေပြီ ဖြစ်၏။
ထို့အပြင် ယခင် တိုက်ခိုက်မှုတွင် ငွေရောင်သံချပ်ဝတ် ကျင့်ကြံသူသည် ပြင်းထန်သော ဒဏ်ရာများကို ရရှိထားခဲ့၍ အထွတ်အထိပ် အခြေအနေတွင် ရှိမနေတော့ပေ။
ထို့ကြောင့် သွေးလမင်းကုန်းမြေဘက်မှ သူ့ထက် ကျင့်ကြံခြင်းအဆင့် မြင့်မားသော ကျင့်ကြံသူနှင့် ရင်ဆိုင်ရသောအခါ သူ့အနေဖြင့် အသေအလဲ ခုခံနေရ၏။
သုံးကွက်ခန့် တိုက်ခိုက်ပြီးနောက်တွင် ငွေရောင်သံချပ် ဝတ်စုံဝတ် ကျင့်ကြံသူသည် ခုခံနိုင်စွမ်း မရှိတော့ဘဲ နောက်သို့ လွင့်စင်သွားခဲ့သည်။
သွေးလမင်းကုန်းမြေဘက်မှ ကျင့်ကြံသူက ငွေရောင်သံချပ်ဝတ်စုံဝတ် ကျင့်ကြံသူကို ရှင်းလင်းပစ်ရန် ပြင်ဆင်နေသည့်အချိန်မှာပင် အဝေးရှိ ကောင်းကင်ယံကနေ အနက်ရောင်ပုံရိပ် တစ်ခုသည် ဥက္ကာခဲ ကဲ့သို့ ကျဆင်းလာခဲ့၏။
ထိုပုံရိပ်မှာ တခြားသူ မဟုတ်ပေ။ ကျန်းချန်ပင် ဖြစ်၏။
ကျန်းချန်က ကောင်းကင်ကနေ ဆင်းသက်လာပြီးနောက်တွင် သူ၏ ခြေတစ်ဖက်ကို ဆောင့်ချလိုက်သည်။
ထိုအခါ ချက်ချင်းဆိုသလိုပင် ပေ၁၀၀၀ ပတ်လည်အတွင်းရှိ သွေးလမင်းကုန်းမြေမှ ကျင့်ကြံသူ တစ်ဒါဇင်ကျော်၏ ခန္ဓာကိုယ်များသည် ပေါက်ကွဲထွက်သွားခဲ့သည်။
ထိုမြင်ကွင်းသည် ပတ်ဝန်းကျင်မှ လူတိုင်းကို ရုတ်တရက် မှင်တက်သွားစေခဲ့၏။
ငွေရောင်သံချပ် ဝတ်စုံဝတ် ကျင့်ကြံသူနှင့် ထျန်းဖန်းနိုင်ငံဘက်မှ ကျင့်ကြံသူများ၏ မျက်ဝန်းထဲတွင် ဝမ်းသာသော အမူအရာများ ဖြစ်ပေါ်လာကြသည်။
သူတို့က သူတို့ရှေ့တွင် ရုတ်တရက် ပေါ်ထွက်လာသည့် အနက်ရောင်ဝတ်စုံဝတ် လူငယ်၏ အထောက်အထားကို မသိရှိကြသော်လည်း ထိုလူငယ်၏ စွမ်းအားသည် အလွန်တရာအားကောင်းသည်မှာ ထင်ရှား၏။
ဤကဲ့သို့ အစွမ်းထက် ကျင့်ကြံသူ တစ်ယောက်၏ အကူအညီကို ရရှိခြင်းသည် သူတို့အတွက် ကောင်းမွန်သော အခြေအနေပင် မဟုတ်ပါလား။
"မင်းဘယ်သူလဲ.. ငါတို့ သွေးလမင်းကုန်းမြေရဲ့ အစီအစဥ်ကိုတောင် ဖျက်ဆီးရဲတယ်"
အစောပိုင်းက ငွေရောင်သံချပ် ဝတ်စုံဝတ် ကျင့်ကြံသူနှင့် တိုက်ခိုက်နေသည့် သွေးလမင်းကုန်းမြေ ဘက်မှ ကျင့်ကြံသူသည် ကျန်းချန်ကို စူးစိုက်ကြည့်ကာ မေးခွန်းထုတ်လိုက်သည်။
သူ၏ မျက်နှာထက်တွင် ချက်ချင်းဆိုသလို ဒေါသရိပ်များ ပြည့်နှက်သွားခဲ့၏။
ကျန်းချန်က ပေါ့ပါးစွာပင် ပြန်ဖြေလိုက်သည်။
"ငါက မင်းကိုသတ်ဖို့ အတွက် ဒီနေရာကို လာခဲ့တဲ့သူပဲ"
"ဟမ့်.. မလောက်လေး မလောက်စားကောင်ကများ ငါ့ရဲ့ရှေ့မှာ ရိုင်းစိုင်းရဲတယ်.. သွားသေလိုက်တော့"
သွေးလမင်းကုန်းမြေ ဘက်မှ ကျင့်ကြံသူက ကျန်းချန်ကို စူးရှစွာ ကြည့်လိုက်ပြီးနောက်တွင် သူ၏ လက်ထဲမှ ဓားရှည်ကို ဝှေ့ယမ်းကာ ကျန်းချန်ကို တိုက်ခိုက်လိုက်သည်။
ကျန်းချန်က ခံစားချက်ကင်းမဲ့သော အမူအရာဖြင့် သူ၏ လက်ကို အသာအယာ ဆန့်ထုတ်ကာ နေရာလွတ်စွမ်းအားကို ထုတ်ဖော်လိုက်၏။
နောက်ထပ် တစ်ခဏမှာပင် သွေးလမင်းကုန်းမြေဘက်မှ ခန္ဓာကိုယ်ထွားကျိုင်းသော ကျင့်ကြံသူ၏ ခန္ဓာကိုယ်သည် လေထဲတွင် တောင့်တင်းသွားသည်ကို အားလုံးက တွေ့လိုက်ရသည်။
သွေးလမင်းကုန်းမြေဘက်မှ ကျင့်ကြံသူသည် လေထဲတွင်ရပ်တန့်နေခဲ့ပြီး မလှုပ်ရှားနိုင်တော့ပေ။
တစ်ချိန်တည်းမှာပင် ကျန်းချန်၏ လက်ညှိုးကနေ ပစ်ခတ်လိုက်သည့် ဓားစွမ်းအားသည် သွေးလမင်းကုန်းမြေဘက်မှ ခန္ဓာကိုယ်ထွားကျိုင်းသော ကျင့်ကြံသူ၏ မျက်ခုံးအလယ်တည့်တည့်ကို ဖောက်ဝင်သွားခဲ့သည်။
"ဝုန်း.."
ပေါက်ကွဲသံနှင့်အတူ သွေးလမင်းကုန်းမြေဘက်မှ ခန္ဓာကိုယ်သန်မာထွားကျိုင်းသော ကျင့်ကြံသူ၏ ခန္ဓာကိုယ်သည် လေထဲတွင် တိုက်ရိုက် ပေါက်ကွဲသွားခဲ့၏။
ထိုမြင်ကွင်းကိုမြင်လျှင် သွေးလမင်းကုန်းမြေမှ ကျင့်ကြံသူများသည် သွေးပျက်မတတ် ချောက်ချားသွားကြသည်။
သူတို့ရှေ့တွင် ရုတ်တရက် ထွက်ပေါ်လာသည့် အနက်ရောင်ဝတ်စုံဝတ် လူငယ်၏ စွမ်းအားသည် ဤမျှအထိ ကြောက်စရာကောင်းနေလိမ့်မည်ဟု သူတို့ မထင်ထားခဲ့ပေ။
အဆင့်မြင့် ပကတိနတ်ဘုရား အထွတ်အထိပ်အဆင့်ကို ရောက်ရှိနေသည့် သူတို့၏ ခေါင်းဆောင်ပင်လျှင် တစ်ကွက်တည်းဖြင့် အသတ်ခံလိုက်ရ၏။
သွေးလမင်းကုန်းမြေဘက်မှကျင့်ကြံသူများသည် မှင်တက်ရာကနေ အသိဝင်လာပြီးနောက်တွင် ဆက်လက် တိုက်ခိုက်လိုစိတ် မရှိတော့ဘဲ ထိတ်လန့်တကြားဖြင့် ခွေးပြေးဝက်ပြေး ထွက်ပြေးသွားခဲ့ကြသည်။
"ဒီက မိတ်ဆွေလေး.. ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်.. မိတ်ဆွေလေးရဲ့ နာမည်ကို သိလို့ရမလား"
ငွေရောင်သံချပ် ဝတ်စုံဝတ် ကျင့်ကြံသူက ကျေးဇူးတင်သောအမူအရာဖြင့် ကျန်းချန် ဆီသို့ ရောက်ရှိလာခဲ့သည်။
ဤတစ်ခေါက် ထိုးစစ်တွင် သွေးလမင်းကုန်းမြေ ဘက်မှ စစ်သည်များက အလွန်တရာ အစွမ်းထက်နေ၍ သူတို့ဘက်မှ လုံးဝ ခုခံနိုင်စွမ်း မရှိခဲ့ပေ။
ကျန်းချန်၏ အကူအညီကိုသာ အချိန်မီ မရရှိခဲ့လျှင် သူ့အနေဖြင့် ဤနေရာတွင် သေဆုံးရုံသာမက မြို့တော်တစ်ခုလုံးသည် သွေးလမင်းကုန်းမြေ၏ လက်ထဲကို ကျရောက်သွားမည်မှာ သေချာသလောက်ပင်။
"ရပါတယ်.. ငါ့နာမည်က ကျန်းချန်.. ထျန်းဖန်းနိုင်ငံကို စစ်ကူပေးဖို့အတွက် ဒီနေရာကို ရောက်လာတဲ့ ရှေးဟောင်းနဂါးမျိုးနွယ်စုက တပည့်တစ်ယောက်ပဲ"
ကျန်းချန်က သူ၏ လက်ကိုဝှေ့ယမ်းကာ ပြောလိုက်သည်။
"ရှေးဟောင်းနဂါး မျိုးနွယ်စုရဲ့ စစ်ကူက နောက်ဆုံးတော့ ရောက်လာခဲ့ပြီ"
ကျန်းချန်၏ စကားကိုကြားလျှင် ငွေရောင်သံချပ်ဝတ်စုံဝတ်ကျင့်ကြံသူ၏ မျက်နှာထက်တွင် ဝမ်းသာသောအမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
သို့သော်လည်း ကျန်းချန် တစ်ယောက်တည်းသာ ရောက်လာသည်ကို သတိပြုမိလျှင် သူ၏ မျက်နှာသည် ချက်ချင်းပင် အနည်းငယ် ညှိုးနွမ်းသွားခဲ့သည်။
"ဆရာကျန်းချန်. ရှေးဟောင်းနဂါး မျိုးနွယ်စုက ဆရာကျန်းချန် တစ်ယောက်တည်းကိုပဲ စစ်ကူပို့လိုက်တာလား.. အခုအချိန်မှာ ထျန်းဖန်းနိုင်ငံက အန္တရာယ်တွေ ပတ်လည်ဝိုင်းနေပြီ.. ဆရာကျန်းချန် တစ်ယောက်တည်းနဲ့ဆိုရင် စစ်ပွဲရဲ့ အခြေအနေကို အပြောင်းအလဲ မလုပ်နိုင်မှာ ကျွန်တော် စိုးရိမ်မိတယ်"
"စိတ်မပူပါနဲ့.. ငါတစ်ယောက်တည်း လာတာ မဟုတ်ပါဘူး"
ကျန်းချန်က ပြုံး၍ ပြောလိုက်သည်။
"ရှေးဟောင်းနဂါးမျိုးနွယ်စုရဲ့ အကြီးအကဲ နှစ်ယောက်နဲ့ ကောင်းကင်နဂါးမြို့တော်က တပည့်ရာချီက စစ်ကူပေးဖို့အတွက် လမ်းတစ်ဝက်မှာ ရောက်နေပါပြီ.. ရက်အနည်းငယ်လောက်ဆို သူတို့တွေ ထျန်းဖန်းနိုင်ငံကို ရောက်လာပါလိမ့်မယ်"
ထိုစကားကိုကြားမှပင် ငွေရောင်သံချပ်ဝတ်စုံဝတ် ကျင့်ကြံသူသည် သက်ပြင်းချနိုင်ခဲ့သည်။
ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူ နှစ်ယောက်နှင့် ရှေးဟောင်းနဂါး မျိုးနွယ်စုမှ ပါရမီရှင် တပည့်၁၀၀ကျော်အရေအတွက်ဖြင့် ဆိုလျှင် သွေးလမင်းကုန်းမြေမှ ကျင့်ကြံသူများကို မောင်းမထုတ်နိုင်လျှင်ပင် အနည်းဆုံးတော့ ထျန်းဖန်းနိုင်ငံ၏ အခြေအနေကို တည်ငြိမ်အောင် လုပ်ရန် ပြဿနာရှိမည် မဟုတ်ပေ။
"ဒါနဲ့ ငါ့ကို ထျန်းဖန်းနိုင်ငံရဲ့ လက်ရှိအခြေအနေနဲ့ ပတ်သက်ပြီး ပြောပြပါဦး"
ကျန်းချန်က အပိုစကားများ မပြောတော့ဘဲ ငွေရောင်သံချပ်ဝတ်စုံဝတ် ကျင့်ကြံသူကို တိုက်ရိုက်ပင် မေးမြန်းလိုက်သည်။
ငွေရောင်သံချပ်ဝတ်စုံဝတ် ကျင့်ကြံသူက ခေါင်းညိတ်လိုက်ပြီး ထျန်းဖန်းနိုင်ငံ၏ လက်ရှိ အခြေအနေနှင့် ပတ်သက်၍ ကျန်းချန်ကို အလျင်အမြန်ပင် ရှင်းပြလိုက်သည်။
ရက်အနည်းငယ်က ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် သွေးလမင်းကုန်းမြေ၏ တိုက်ခိုက်မှုအောက်၌ ထျန်းဖန်းနိုင်ငံသည် ဆက်တိုက် ဆိုသလို ဆုတ်ခွာခဲ့ရပြီး ယခုအခါတွင် ထျန်းဖန်းနိုင်ငံ၏ အင်ပါယာမြို့တော်တွင် ပိတ်မိနေပြီ ဖြစ်သည်။
အင်ပါယာမြို့တော်၏ အားကောင်းသော အကာအကွယ် အစီအရင်ကို အားကိုးနေရသော်လည်း ထျန်းဖန်းနိုင်ငံသည် သွေးလမင်းကုန်းမြေ၏ တိုက်ခိုက်မှုကို ရေရှည် ခုခံနိုင်မည် မဟုတ်ပေ။
ယခုအခါ သွေးလမင်း ကုန်းမြေသည် ထျန်းဖန်းနိုင်ငံကို တရစပ် ထိုးစစ်ဆင်နေခဲ့ပြီး ထျန်းဖန်းနိုင်ငံ၏ အင်ပါယာမြို့တော်ကို သိမ်းပိုက်ရန် အားကုန် ထုတ်နေခဲ့သည်။
ဆိုရလျှင် သွေးလမင်းကုန်းမြေသည် ထျန်းဖန်းနိုင်ငံ၏ ပတ်ဝန်းကျင်မှ မြို့အများစုကို သိမ်းပိုက်ခဲ့ပြီးပြီ ဖြစ်သည်။
ကျန်းချန်သာ အချိန်မီ ရောက်မလာခဲ့လျှင် ဤချင်းဖုန်းမြို့သည်လည်း ယနေ့တွင် သွေးလမင်းကုန်းမြေ၏ လက်ထဲကို ကျရောက်မည်မှာ သေချာသလောက်ပင်။
အခန်း(၁၆၃၉)ပြီး၏။
အခန်း(၁၆၄၀)
"ထျန်းဖန်းနိုင်ငံကို တိုက်ခိုက်နေတဲ့ သွေးလမင်းကုန်းမြေက ကျင့်ကြံသူတွေထဲမှာ စွမ်းအားကြီးမားတဲ့ ကျင့်ကြံသူ ဘယ်နှစ်ယောက်ရှိလဲ"
ကျန်းချန်က ခဏမျှ တွေးတောပြီးနောက်တွင် ပို၍အရေးပါသော မေးခွန်းတစ်ခုကို မေးလိုက်သည်။
"ကျွန်တော် သိသလောက်တော့ ထျန်းဖန်းနိုင်ငံကို တိုက်ခိုက်နေတဲ့ သွေးလကုန်းမြေဘက်မှာ ကောင်းကင်နတ်ဘုရား လေးယောက်ရှိတယ်.. ဒီလေးယောက်ထဲမှာ တစ်ယောက်က ကောင်းကင်နတ်ဘုရား ဒုတိယအဆင့် ဖြစ်ပြီး ကျန်သုံးယောက်ကတော့ ကောင်းကင်နတ်ဘုရား ပထမအဆင့်တွေပဲ.. ဒါ့အပြင် ခြေလှမ်းတစ်၀က် ကောင်းကင်နတ်ဘုရား အများအပြားလည်း ရှိသေးတယ်.. အရင်ကတော့ ထျန်းဖန်းနိုင်ငံရဲ့ဧကရာဇ်နဲ့ ကျွန်တော်တို့ကို စစ်ကူပေးဖို့ ရောက်လာတဲ့ ကောင်းကင်နတ်ဘုရား နှစ်ပါး ရှိနေတဲ့အတွက် ထျန်းဖန်းနိုင်ငံက သွေးလမင်းကုန်းမြေရဲ့ ထိုးစစ်ကို တားဆီးနိုင်ခဲ့တယ်.. ဒါပေမဲ့ မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့တိုက်ပွဲမှာ ကောင်းကင်နတ်ဘုရားတစ်ပါး ကျဆုံးသွားတဲ့အတွက် အခြေအနေက ချက်ချင်းဆိုသလိုပဲ ကစဉ့်ကလျား ဖြစ်သွားခဲ့တယ်"
ငွေရောင်သံချပ်၀တ် ကျင့်ကြံသူက ခါးသီးစွာ ပြုံး၍ ပြောလိုက်သည်။
ကျန်းချန်၏ မျက်၀န်းများက အနည်းငယ် တဖျပ်ဖျပ် လက်သွားခဲ့၏။
သွေးလမင်းကုန်းမြေဘက်တွင် ကောင်းကင်နတ်ဘုရား လေးပါး ရှိပြီး ထိုအထဲမှ သုံးယောက်က ပထမအဆင့် ကောင်းကင်နတ်ဘုရားများ ဖြစ်ကြပြီး တစ်ယောက်ကမူ ဒုတိယအဆင့်ကောင်းကင်နတ်ဘုရား ဖြစ်သည်။
သူ၏ လက်ရှိ စွမ်းရည်ဖြင့် ဆိုလျှင် ကောင်းကင်နတ်ဘုရားပထမအဆင့် ကျင့်ကြံသူ သုံးယောက်ကို သတ်ဖြတ်ရန်မှာ လုံး၀ အခက်အခဲ မရှိပေ။
သူ့ကို ဒုက္ခပေးနိုင်သည့် တစ်ခုတည်းသော အရာမှာ ကောင်းကင်နတ်ဘုရား ဒုတိယအဆင့် ကျင့်ကြံသူပင် ဖြစ်၏။
ကျန်းချန်သည် ခဏမျှ တွေးလိုက်ပြီးနောက်တွင် ငွေရောင်သံချပ်၀တ် ကျင့်ကြံသူကို တိုက်ရိုက်ပင် ပြောလိုက်သည်။
"ဗိုလ်ချုပ်က ငါ့ထက် စာရင် ချင်းဖုန်းမြို့ရဲ့ ပတ်ဝန်းကျင် အခြေအနေကို ပိုပြီးတော့ နားလည်ထားမှာပဲ.. ငါ့ကို သွေးလမင်းကုန်းမြေက သိမ်းပိုက်ထားတဲ့မြို့ဆီ လိုက်ပို့ပေးပါ"
"ဆရာကျန်းချန်.. ဆရာကျန်းချန်က သွေးလမင်းကုန်းမြေကို တစ်ယောက်ထဲ သွားတိုက်ခိုက်မလို့လား"
ငွေရောင်သံချပ်၀တ်စုံ၀တ် ကျင့်ကြံသူက ကျန်းချန်ကို ကြည့်ကာ ပြောလိုက်သည်။
သူ၏မျက်၀န်းထဲတွင် အံ့အားသင့်သော အမူအရာများ ဖြစ်ပေါ်နေခဲ့သည်။
သူ့ရှေ့မှ ရှေးဟောင်းနဂါး မျိုးနွယ်စု၏တပည့်သည် အလွန်တရာပင် အားကောင်းပြီး အဆင့်မြင့် ပကတိနတ်ဘုရား အထွတ်အထိပ်အဆင့်ကိုပင် စက္ကန့်ပိုင်းအတွင်း သတ်ဖြတ်နိုင်သည့် စွမ်းရည် ပိုင်ဆိုင်ထား၏။
သို့သော်လည်း ထိုကောင်လေး တစ်ယောက်တည်း စွမ်းအားဖြင့် ထျန်းဖန်းနိုင်ငံ၏ ဆိုးရွားလှသည့် အခြေအနေကို ပြောင်းပြန်လှန်နိုင်လိမ့်မည်ဟု သူ မထင်ပေ။
သူက ကျန်းချန်ကို မြို့ထဲတွင် အနားယူရန် ဖိတ်ခေါ်ကာ ရှေးဟောင်းနဂါး မျိုးနွယ်စုမှ စစ်ကူများ ရောက်လာသည်အထိ စောင့်ဆိုင်းရန် အစီအစဥ်ရှိခဲ့သည်။
သို့သော်လည်း ကျန်းချန်က သွေးလမင်းကုန်းမြေ၏ သိမ်းပိုက်ခံထားရသော မြို့ဆီသို့ လိုက်လံ ပို့ဆောင်ခိုင်းမည်ဟု မည်သူက ကြိုသိနိုင်ပါမည်နည်း။
ကျန်းချန်က ခေါင်းညိတ်၍ ပြောလိုက်သည်။
"ဟုတ်တယ်.. ငါက သွေးလမင်းကုန်မြေ သိမ်းပိုက်ထားတဲ့ မြို့အနည်းငယ်ကို ပြန်လည်သိမ်းယူဖို့ ရည်ရွယ်ထားတယ်.. ဒါက ထျန်းဖန်းနိုင်ငံရဲ့ အင်ပါယာမြို့တော် အပေါ်မှာ သက်ရောက်နေတဲ့ ဖိအားတွေကို လျော့ချနိုင်ဖို့ အတွက်ပဲ"
လက်ရှိတွင် ထျန်းဖန်းနိုင်ငံ၏ အင်ပါယာမြို့တော်ကို သွေးလမင်းကုန်းမြေက ဝိုင်းရံထား၍ အင်ပါယာမြို့တော်၏ ဖိအားသည် မသေးလှပေ။
သူသာ မြို့အနည်းငယ်ကို တိုက်ခိုက်လိုက်လျှင် သွေးလမင်းကုန်းမြေသည် သူ့ကို နှိမ်နင်းရန်အတွက် အားထုတ်လိမ့်မည်မှာ သေချာသလောက်ပင်။
ထိုအချိန်သို့ရောက်လျှင် သူသည် သွေးလမင်းကုန်မြေကို အပြတ်အသတ် ချေမှုန်းပစ်မည် ဖြစ်သည်။
အကယ်၍ သွေးလမင်းကုန်းမြေက ကောင်းကင်နတ်ဘုရားပထမအဆင့် ကျင့်ကြံသူကို စေလွှတ်လိုက်လျှင်ပင် သူကအလွယ်တကူပင် သတ်ဖြတ်နိုင်မည် ဖြစ်သည်။
ဆိုရလျှင် ဤစစ်ပွဲကို အဆုံးအဖြတ် ပေးနိုင်သည်မှာ ကောင်းကင်နတ်ဘုရားများ ဖြစ်သည်။
ထို့ကြောင့် ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူတစ်ယောက်ကို သတ်ဖြတ်နိုင်သရွေ့ စစ်ပွဲ၏ အခြေအနေသည် ပြောင်းပြန် လှန်သွားလိမ့်မည် မဟုတ်ပါလား။
ထိုပြင် အကြီးအကဲ ကျင်းချိုးရန်သည် ကောင်းကင်နတ်ဘုရားမြို့တော်မှ တပည့်များကို ခေါ်ဆောင်ကာ သိပ်မကြာခင် ရောက်ရှိလာမည် ဖြစ်ရာ သွေးလမင်းကုန်းမြေမှ ကျင့်ကြံသူများကို အဆုံးသတ်တွင် ထျန်းဖန်း နိုင်ငံကနေ အပြီးတိုင် မောင်းထုတ်နိုင်ပေလိမ့်မည်။
"ချင်းဖုန်းမြို့နဲ့ အနီးဆုံးမှာ ရှိတဲ့မြို့က ဒီကနေ မိုင်၅၀၀၀ အကွာအဝေးမှာရှိတဲ့ ပိုင်ဟယ်မြို့ပဲ.. ကျွန်တော်ရထားတဲ့ သတင်းအချက်အလက် အရတော့ ပိုင်ဟယ်မြို့ကို လွန်ခဲ့တဲ့နှစ်ရက်ကပဲ သွေးလမင်း ကုန်းမြေက သိမ်းပိုက်ခဲ့တယ်"
ငွေရောင်သံချပ်ဝတ်စုံဝတ် ကျင့်ကြံသူက သွားများကို အံကြိတ်ကာ ပြောလိုက်သည်။
ကျန်းချန်က သွေးလမင်းကုန်းမြေကို တိုက်ခိုက်ပြီး ထျန်းဖန်းနိုင်ငံ၏ အင်ပါယာမြို့တော် ဖိအားကို လျော့ချချင်နေသည်ဖြစ်ရာ ထျန်းဖန်းနိုင်ငံ၏ စစ်ဗိုလ်ချုပ် တစ်ယောက် အနေဖြင့် ငွေရောင်၀တ်စုံ၀တ် ကျင့်ကြံသူသည် ကန့်ကွက်ရန် ဆန္ဒ လုံး၀မရှိခဲ့ပေ။
ပြောနေစရာ မလိုလောက်အောင်ပင် သူ့ရှေ့မှ လူငယ်သည် အဆင့်မြင့် ပကတိနတ်ဘုရားအဆင့် အထွတ်အထိပ်ကိုပင် စက္ကန့်ပိုင်းအတွင်း သတ်ဖြတ်နိုင်ခဲ့၍ အနည်းဆုံး ခြေလှမ်းတစ်၀က် ကောင်းကင်နတ်ဘုရားအဆင့် ဖြစ်နိုင်၏။
ယခုအခါတွင် သွေးလမင်းကုန်းမြေ၏ သန်မာသော ကျင့်ကြံသူများသည် ထျန်းဖန်းနိုင်ငံ၏ အင်ပါယာမြို့တော် အနီးတွင် စုစည်းနေကြ၍ ပတ်၀န်းကျင်မြို့များကို တာ၀န်ယူထားသည့် သွေးလမင်းကုန်းမြေမှ ကျင့်ကြံသူများသည် အနည်းငယ်မျှသာ ရှိသည်။
သူ့ရှေ့မှ လူငယ်၏ စွမ်းရည်ဖြင့်သာ ဆိုလျှင် ပိုင်ဟယ်မြို့ကို အမှန်တကယ်ပင် ပြန်လည် သိမ်းပိုက်နိုင်ပြီး အင်ပါယာမြို့တော်၏ ဖိအားကို လျော့ချနိုင်လောက်၏။
ထိုသို့တွေးမိသည်နှင့် ငွေရောင်၀တ်စုံ၀တ် ကျင့်ကြံသူသည် တုံ့ဆိုင်းမနေတော့ဘဲ စစ်သည်တချို့နှင့်အတူ ကျန်းချန်ကို ပိုင်ဟယ်မြို့ဆီသို့ အလျင်အမြန်ပင် ခေါ်ဆောင်သွားခဲ့သည်။
မည်သို့ပင်ဖြစ်စေကာမူ အစောပိုင်းက ထွက်ပြေးသွားသော သွေးလမင်းကုန်းမြေမှ သူများသည် ပိုင်ဟယ်မြို့ကို ဤနေရာမှ စစ်သတင်းအား သတင်းပို့ရန် ဖြစ်နိုင်ခြေရှိသည်။
ထို့ကြောင့် ၎င်းတို့ထက် သူတို့က စောစောစီးစီး ပိုင်ဟယ်မြို့သို့ ရောက်လေ ပိုကောင်းလေလေပင် မဟုတ်ပါလား။
သို့သော်လည်း ကျန်းချန်က ထိုအရာများကို ဂရုမစိုက်ခဲ့ပေ။
အကြောင်းရင်းမှာ ထျန်းဖန်းနိုင်ငံ၏ အင်ပါယာမြို့တော်ကို တိုက်ခိုက်နေသည့် သွေးလမင်းကုန်းမြေမှ ဒုတိယအဆင့် ကောင်းကင်နတ်ဘုရားမှ လွဲလျှင် သူ့ကို မည်သူမျှ တားဆီးနိုင်မည်မဟုတ်သောကြောင့်ပင်။
မိုင်၅၀၀၀ အကွာအဝေးသည် ကျန်းချန်တို့လို ကျင့်ကြံသူများအတွက် သိပ်မဝေးလှပေ။
မကြာမီမှာပင် ကျန်းချန်သည် ငွေရောင်၀တ်စုံ၀တ် ကျင့်ကြံသူ၏ လမ်းပြမှု အောက်တွင် ပိုင်ဟယ်မြို့သို့ ရောက်ရှိလာခဲ့သည်။
ပိုင်ဟယ်မြို့၏ ဂိတ်တံခါးအပြင်ဘက်တွင် သွေးလမင်းကုန်းမြေမှ ကျင့်ကြံသူ ဒါဇင်ချီ စုဝေးနေကြသည်။
၎င်းတို့၏ ခေါင်းဆောင်မှာ သွေးရောင်၀တ်စုံကို ၀တ်ဆင်ထားသည့် လူလတ်ပိုင်းအရွယ် ကျင့်ကြံသူတစ်ယောက် ဖြစ်သည်။
ထိုလူလတ်ပိုင်းအရွယ် ကျင့်ကြံသူ ဦးဆောင်သော လူစုသည် ပိုင်ဟယ်မြို့ကို လှမ်းလာနေသည့် ကျန်းချန်တို့ လူစုကို မြင်လျှင် မျက်နှာထက်၌ အံ့အားသင့်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
သူတို့ သွေးလမင်းကုန်းမြေက ထျန်းဖန်းနိုင်ငံကို စတင်ကျူးကျော်စဉ်ကတည်းက စ၍ ထျန်းဖန်းနိုင်ငံမှ လူများသည် မြို့ရွာများကို စွန့်ပစ်ကာ ထွက်ပြေးခဲ့ကြသည် သို့မဟုတ် မြို့ကို ကာကွယ်ခဲ့ကြသည်။
သူတို့ရှေ့မှ လူများကဲ့သို့ သူတို့သွေးလမင်းကုန်းမြေမှ သိမ်းပိုက်ထားသော နယ်မြေထဲသို့ ဤမျှအထိ ရဲရဲတင်းတင်း ၀င်လာရဲတဲ့သူ တစ်ယောက်မျှ မရှိခဲ့ပေ။
"ခေါင်းဆောင်ထုံ.. သူတို့က ချင်းဖုန်းမြို့က သူတွေပဲ"
ထိုအချိန်မှာ လူလတ်ပိုင်းအရွယ် ကျင့်ကြံသူ၏ နံဘေးမှလူတစ်ယောက်သည် ထိတ်လန့်တကြား ရေရွတ်လိုက်သည်။
ထိုလူ၏ စကားကိုကြားလျှင် လူလတ်ပိုင်းအရွယ် ကျင့်ကြံသူ၏ မျက်၀န်းများသည် ကျဉ်းမြောင်းသွားခဲ့သည်။
လွန်ခဲ့သည့်နာရီ၀က်ခန့်က သူသည် သူ၏ လက်ထောက် ဖြစ်သည့် အဆင့်မြင့် ပကတိနတ်ဘုရား အထွတ်အထိပ် ကျင့်ကြံသူ တစ်ယောက်ကို စစ်သည်တစ်ဖွဲ့အား ဦးဆောင်စေကာ ချင်းဖုန်းမြို့ကို တိုက်ခိုက်ရန် စေလွှတ်လိုက်သည်။
သို့သော်လည်း သိပ်မကြာခင်က ချင်းဖုန်းမြို့ကို သူစေလွှတ်လိုက်သည့် စစ်သည်များသည် ထွက်ပြေးလာခဲ့ကြပြီး ချင်းဖုန်းမြို့တွင် အစွမ်းထက် ကျင့်ကြံသူတစ်ဦး ပေါ်ထွက်လာခဲ့ကာ သူတို့၏ ခေါင်းဆောင်ကို သတ်ဖြတ်လိုက်သည်ဟု သူ့ကို ပြောပြခဲ့သည်။
ထိုအကြောင်းကို သိရပြီးနောက်တွင် လူလတ်ပိုင်းအရွယ် ကျင့်ကြံသူသည် ချက်ချင်းဆိုသလို ဒေါသအိုး ပေါက်ကွဲသွားခဲ့ပြီး ချင်းဖုန်းမြို့ကို တိုက်ခိုက်ရန် အတွက် စစ်သည်များကို အသင့်ပြင်စေခဲ့၏။
သို့သော်လည်း သူက စစ်သည်များကို ဦးဆောင်၍ စစ်ချီရန် ပြင်ဆင်နေချိန်မှာပင် ချင်းဖုန်းမြို့မှ ကျင့်ကြံသူ တချို့က သူ့ဆီသို့ ရုတ်တရက် ရောက်ရှိလာလိမ့်မည်ဟု မထင်ထားခဲ့ပေ။
"ကောင်လေး မင်းက တကယ်ကို သတ္တိရှိသားပဲ.. ငါ မင်းဆီရောက်မလာခင် မင်းက ငါ့ဆီ အရင် ရောက်လာလိမ့်မယ်လို့ ငါတကယ် မထင်ထားခဲ့ဘူး"
လူလတ်ပိုင်းအရွယ် ကျင့်ကြံသူက ကျန်းချန်ကို စိုက်ကြည့်ကာ ပြောလိုက်သည်။
စစ်သည်များ၏ ပြောကြားချက်အရ ဤအနက်ရောင်၀တ်စုံ၀တ် လူငယ်သည် သူ၏ လက်ထောက်ခေါင်းဆောင်ကို သတ်ဖြတ်ခဲ့သူမှန်း သူသိခဲ့သည်။
"သွေးလမင်းကုန်းမြေက လူတွေ ငါတို့ ရှေးဟောင်းနဂါးကုန်းမြေက မင်းတို့တွေ ရှိသင့်တဲ့ နေရာ မဟုတ်ဘူး"
ကျန်းချန်က ထီမထင်သော အမူအရာဖြင့် ပြောလိုက်သည်။
"မင်းတို့ကို အသက်ရှင်ဖို့ အခွင့်အရေးပေးမယ်.. မင်းတို့လာတဲ့နေရာကို ချက်ချင်း ပြန်သွားကြ.. မဟုတ်ရင်တော့ ငါ့ရဲ့လက်ထဲမှာ ရက်ရက်စက်စက် အသတ်ခံရမယ်"
"ကောင်လေး မင်းက တကယ်ကို လေလုံးထွားတာပဲ.. မင်းက ဒီလောက်တောင် သေဖို့ စိတ်အားထက်သန်နေမှတော့ ငါ မင်းဆန္ဒကို ဖြည့်ဆည်းပေးမယ်.. ဒီကောင့်ကို သတ်လိုက်စမ်း"
လူလတ်ပိုင်းအရွယ် ကျင့်ကြံသူက အေးစက်စက် ပြုံးလိုက်ပြီး သူ၏ လက်ကို ဝှေ့ယမ်းလိုက်ရာ သူ၏နောက်လိုက်များ ဖြစ်သည့် သွေးလမင်းကုန်းမြေမှ စစ်သည်များသည် ကျန်းချန်ကို တိုက်ခိုက်ရန် ရှေ့တက်လာခဲ့ကြသည်။
"သွားသေလိုက်တော့"
ကျန်းချန်း၏ မျက်၀န်းထဲတွင် အေးစက်သော အလင်းတန်းတစ်ခု လင်းလက်သွားခဲ့သည်။
သူက ဆန်းကြယ်သော လက်ဟန်များကို ထုတ်ဖော်လိုက်ရာ စိတ်ဝိညာဉ်ငြိမ်းသတ်ခြင်း စည်းတံဆိပ်သည် လေထုထဲတွင် ထွက်ပေါ်လာခဲ့ပြီး သူ့ဆီသို့ အလျင်အမြန် ပြေးတက်လာသည့် သွေးလမင်းကုန်းမြေမှ ကျင့်ကြံသူ နှစ်ယောက်ကို ချက်ချင်းဆိုသလို သတ်ဖြတ်ပစ်လိုက်သည်။
ထိုနောက်တွင် ကျန်းချန်သည် ကျူးရှန်း စည်းတံဆိပ်နှင့်ကောင်းကင်ဖွင့်လှစ် စည်းတံဆိပ် တို့ကိုပါ ထုတ်သုံးကာ သွေးလမင်းကုန်းမြေမှာ စစ်သည်များ အပေါ်တွင် သက်ရောက်စေခဲ့သည်။
"ဝုန်း.. ဝုန်း.."
စွမ်းအားကြီးလှသော စည်းတံဆိပ်နှစ်ခု၏ အောက်တွင် သွေးလမင်းကုန်းမြေမှ စစ်သည် ဒါဇင်ချီသည် အော်ဟစ်သံပင် မထွက်နိုင်ဘဲ ပြာပုံအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
လက်ရှိအချိန်တွင် ကျန်းချန်သည် ခြေလှမ်းတစ်၀က် ကောင်းကင် နတ်ဘုရားများကို ကြက်သတ် သကဲ့သို့ အလွယ်တကူ သတ်ဖြတ်နိုင်စွမ်း ရှိနေချေပြီ။
ထို့ကြောင့် သူ၏ ရှေ့တွင်ရှိသည့် ဤသာမန် ပကတိနတ်ဘုရား နယ်ပယ်အဆင့်များ ဆိုလျှင် ပြောနေစရာပင် မလိုတော့ပေ။
မျက်တောင်တစ်ခတ် အတွင်းမှာပင် ကျန်းချန်သည် သွေးလမင်း ကုန်းမြေမှ စစ်သည်များကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ပစ်ခဲ့သည်။
အခန်း(၁၆၄၀)ပြီး၏။
အခန်း(၁၆၄၁)
"မင်း မင်းဘယ်သူလဲ"
ထိုမြင်ကွင်းကိုကြည့်ရင်း သွေးလမင်းကုန်းမြေ ဘက်မှ ခေါင်းဆောင်၏ မျက်ဝန်းထဲတွင် ထိတ်လန့်သော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။
ဒါဇင်နှင့်ချီသော ပကတိနတ်ဘုရားများသည် အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားသော လူငယ်၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရ၏။
ထိုအထဲတွင် အဆင့်မြင့် ပကတိနတ်ဘုရား ဒါဇင်များစွာ အပြင် အဆင့်မြင့် ပကတိနတ်ဘုရား အထွတ်အထိပ်အဆင့် လက်ထောက်ခေါင်းဆောင် နှစ်ယောက်လည်း ပါဝင်၏။
သူ၏ရှေ့မှကောင်လေးက အလွန်တရာ အစွမ်းထက်မှန်း သိသော်လည်း ဤမျှအထိ ကြောက်မက်ဖွယ်ရာ ကောင်းနေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
သူ့လို ခြေလှမ်းတစ်ဝက် ကောင်းကင်နတ်ဘုရား အစောပိုင်းအဆင့် ကျင့်ကြံသူပင် ထိုသို့ လုပ်ဆောင်ရန် မဖြစ်နိုင်ပေ။
သံသယဝင်စရာ မရှိလောက်အောင်ပင် ထိုကောင်လေးသည် ခြေလှမ်းတစ်ဝက် ကောင်းကင်နတ်ဘုရား တစ်ပါး ဖြစ်နိုင်မည်မှာ သေချာ၏။
ထို့အပြင် ထိုကောင်လေးသည် သူ့ထက်ပင် ပို၍ အစွမ်းထက်သည့် ခြေလှမ်းတစ်ဝက် ပကတိနတ်ဘုရားလည်း ဖြစ်၏။
"ငါ့နာမည် ကျန်းချန်.. ရှေးဟောင်းနဂါးမျိုးနွယ်စုရဲ့ တပည့်တစ်ယောက်ပဲ.. မင်းတို့က ရှေးဟောင်းနဂါးကုန်းမြေကနေ မထွက်သွားချင်မှတော့ မင်းတို့ရဲ့ အသက်ကို ရှေးဟောင်းနဂါးကုန်းမြေဆီမှာ ထားခဲ့ရလိမ့်မယ်"
ကျန်းချန်က အေးစက်စက် ကြုံးဝါးလိုက်သည်။
ထို့နောက်တွင် သူ၏ ခန္ဓာကိုယ်ကနေ ဓားလမ်းစဥ် ဥပဒေသ၏ မူလစွမ်းအားသည် ချက်ချင်းဆိုသလို ပေါက်ကွဲထွက်လာခဲ့၏။
ကျန်းချန်က ဓားလမ်းစဥ် ဥပဒေသ၏ မူလစွမ်းအားကို ရှေးဟောင်း နတ်ဓားတစ်လက် အဖြစ်သို့ ပြောင်းလဲလိုက်သည်။
ကြောက်မက်ဖွယ်ရာ ကောင်းသော ဓားအရှိန်အဝါသည် လေထုထဲတွင် ပြည့်နှက်သွားခဲ့၏။
ပိုင်ဟယ်မြို့မှ ခေါင်းဆောင်၏ မျက်နှာက ဖြူဖျော့နေခဲ့ပြီး ခန္ဓာကိုယ်ကလည်း ကြောက်မက်ဖွယ်ကောင်းသော ဓားအရှိန်အဝါ၏ ဖိအားအောက်တွင် တုန်ယင်နေခဲ့သည်။
ဤအချိန်တွင် အနက်ရောင်ဝတ်စုံဝတ် လူငယ်သည် သူ့ကို ကောင်းကင်နတ်ဘုရား တစ်ပါးနှင့် ရင်ဆိုင်နေရသကဲ့သို့ ထူးဆန်းသော ခံစားချက်မျိုးကို ပေးစွမ်းနေခဲ့သည်။
ထို့ကြောင့် သူက ကျန်းချန်နှင့် ဆက်လက် ရင်ဆိုင်ရန် သတ္တိမရှိတော့ဘဲ ချက်ချင်းဆိုသလို နောက်လှည့်ကာ သွေးအလင်းအဖြစ်သို့ ပြောင်းလဲ၍ ထွက်ပြေးသွားခဲ့သည်။
သို့သော်လည်း ဝေးဝေးသို့ ထွက်မပြေးနိုင်ခင်မှာပင် ဓားလမ်းစဥ်ဥပဒေသ၏ မူလစွမ်းအားသည် သွေးလမင်းကုန်းမြေမှ ကျင့်ကြံသူ၏ ခန္ဓာကိုယ်ကို ထိမှန်သွားခဲ့သည်။
"ဝုန်း.."
ကျယ်လောင်သော ပေါက်ကွဲသံ ထွက်ပေါ်လာပြီးနောက်တွင် သွေးလမင်းကုန်းမြေဘက်မှ ကျင့်ကြံသူ၏ ခန္ဓာကိုယ်သည် ပေါက်ကွဲထွက်သွားခဲ့သည်။
ကျန်းချန်၏ လက်ရှိ တိုက်ခိုက်ရေး စွမ်းရည်သည် ပထမအဆင့် ကောင်းကင်နတ်ဘုရားကိုပင် မှုစရာ မလိုအပ်တော့ပေ။
သူ၏ရှေ့မှ ကျင့်ကြံသူက သာမန် ခြေလှမ်းတစ်ဝက် ကောင်းကင်နတ်ဘုရား နယ်ပယ်အဆင့်သာ ရှိရာ ထိုအဆင့်သည် ကျန်းချန်၏ ရှေ့တွင် ပုရွက်ဆိတ်နှင့် ဘာမှ မကွာခြားပေ။
"ဒါ ဒါ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ
ပိုင်ဟယ်မြို့၏ မြို့ရိုးပေါ်တွင် ရှိနေသော သွေးလမင်းကုန်းမြေမှ စစ်သည်တချို့သည် သူတို့ရှေ့မှ မြင်ကွင်းကြောင့် လုံးဝကို ထိတ်လန့်သွားခဲ့သည်။
"ထွက်ပြေးကြ"
သွေးလမင်း ကုန်းမြေမှ စစ်သည် အများအပြားသည် ထိတ်လန့်တကြားဖြင့် အလျင်အမြန်ပင် ခွေးပြေးဝက်ပြေး ထွက်ပြေးသွားကြသည်။
"ရှေးဟောင်းနဂါး မျိုးနွယ်စုရဲ့ တပည့်က အတော် ကြမ်းလှချည်လား"
ကျန်းချန်နှင့်အတူ လိုက်ပါလာသည့် ဝမ်ယင်ဟု ခေါ်သော ငွေရောင်သံချပ်ဝတ် စစ်ဗိုလ်ချုပ်သည် အသက်ရှူရပ်မတတ်ပင် အံ့အားသင့်သွားခဲ့သည်။
ထိုကောင်လေးက သွေးလမင်း ကုန်းမြေမှ စစ်သည် ဒါဇင်ချီကို အလွယ်တကူပင် သတ်ဖြတ်ခဲ့ပြီး ခြေလှမ်းတစ်ဝက် ကောင်းကင်နတ်ဘုရား နယ်ပယ်အဆင့် ခေါင်းဆောင်ပင်လျှင် တစ်ကွက်တည်းဖြင့် အသတ်ခံခဲ့ရသည်။
ဤအချိန်တွင် ကျန်းချန်သည် ထွက်ပြေးနေသော သွေးလမင်းကုန်းမြေမှ ကျင့်ကြံသူများကို တစ်ချက်ကြည့်လိုက်ပြီး သူ၏ လက်တစ်ဖက်ကို အသာအယာ ဝှေ့ယမ်းလိုက်ကာ ဓားစွမ်းအင် ဥပဒေသ၏ မူလစွမ်းအားကို ထုတ်ဖော်၍ မိုင်၁၀၀ ပတ်ဝန်းကျင်ရှိ လေထုကို ချက်ချင်းပင် လွှမ်းခြုံပစ်လိုက်သည်။
ထိတ်လန့်တကြား ထွက်ပြေးနေသော သွေးလမင်းကုန်းမြေမှ စစ်သည်များသည် လုံးဝ မတုံ့ပြန်နိုင်ခဲ့ဘဲ ဓားစွမ်းအင်ဥပဒေသ၏ မူလစွမ်းအားအောက်တွင် သတ်ဖြတ်ခံခဲ့ရကာ သွေးမိုးများ အဖြစ်သို့ ပြန့်ကျဲသွားခဲ့သည်။
သွေးလမင်းကုန်းမြေမှ စစ်သည်များကို အလွယ်တကူရှင်းလင်းပစ်လိုက်ပြီးနောက်တွင် ကျန်းချန်သည် ပိုင်ဟယ်မြို့ထဲကို ဝင်ကာ မြို့ထဲတွင် ကျန်ရှိနေသည့် သွေးလမင်းကုန်းမြေမှ ကျင့်ကြံသူများကို ရှင်းလင်းပစ်လိုက်သည်။
ဤသို့ဖြင့် ကျန်းချန်သည် ပိုင်ဟယ်မြို့ကို သွေးလမင်းကုန်းမြေလက်ကနေ ပြန်လည် သိမ်းပိုက်နိုင်ခဲ့သည်။
ထို့နောက်တွင် သူက အချိန်ကို ဖြုန်းလိုစိတ်မရှိဘဲ ဝမ်ယင်ကို တိုက်ရိုက်ပင် ပြောလိုက်သည်။
"ပိုင်ဟယ်မြို့ကို အုပ်ချုပ်ဖို့ တစ်ယောက်ယောက်ကို တာဝန်ပေးလိုက်ပါ.. ပြီးရင် ငါ့ကို သွေးလမင်းကုန်းမြေက သိမ်းပိုက်ထားတဲ့ နောက်ထပ်တစ်မြို့ဆီ ခေါ်သွားပေးဦး"
"ဟုတ်ကဲ့ပါ.. ဆရာကျန်းချန်"
ဝမ်ယင်က တရိုတသေပင် တုံ့ပြန်ပြောဆိုလိုက်သည်။
ယနေ့တွင် ဝမ်ယင်သည် ကျန်းချန်၏ စွမ်းရည်ကို လုံးဝ ယုံကြည်သွားခဲ့ပြီဖြစ်၏။
သူက ကျန်းချန်ကို ပိုင်ဟယ်မြို့သို့ ခေါ်လာသည်မှာ နာရီဝက်ပင် မကြာသေးပေ။
သို့သော်လည်း ကျန်းချန်သည် ယင်းကဲ့သို့ အချိန်တိုလေးအတွင်းမှာပင် တစ်ကိုယ်တော် စွမ်းရည်ဖြင့် ခြေလှမ်းတစ်ဝက်ကောင်းကင်နတ်ဘုရား ကျင့်ကြံသူ ဦးဆောင်သည့် ပိုင်ဟယ်မြို့ကို သိမ်းပိုက်နိုင်ခဲ့သည်။
သူ့အမြင်တွင် ကျန်းချန်၏ စွမ်းရည်ဖြင့် ဆိုလျှင် သွေးလမင်းကုန်းမြေမှ ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူကလွဲလျှင် မည်သူကမှ ခြိမ်းခြောက်နိုင်မည် မဟုတ်ပေ။
ထို့နောက်တွင် ဝမ်ယင်သည် ကျန်းချန်ကို ပိုင်ဟယ်မြို့နှင့်ကပ်ရပ် တည်ရှိသော မြို့ဖြစ်သည့် နှင်းသစ်ရွက်မြို့ ဆီသို့ လိုက်ပို့ခဲ့သည်။
သွေးလမင်းကုန်းမြေ ဘက်မှ နှင်းသစ်ရွက်မြို့ကို ယာယီအုပ်ချုပ်နေသော ခေါင်းဆောင်သည် ခြေလှမ်းတစ်ဝက် ကောင်းကင်နတ်ဘုရား နယ်ပယ်အဆင့်ပင် မရောက်ရှိသေးပေ။
ထို့ကြောင့် ကျန်းချန်သည် နှင်းသစ်ရွက်မြို့ကို သိမ်းပိုက်ထားသည့် သွေးလမင်း ကုန်းမြေမှ ခေါင်းဆောင်နှင့် စစ်သည်များကို သတ်ဖြတ်ကာ နောက်ထပ် မြို့တစ်မြို့ကို ထပ်မံ သိမ်းပိုက်နိုင်ခဲ့သည်။
"ဆရာကျန်းချန်.. နှင်းသစ်ရွက်မြို့ရဲ့ အရှေ့ဘက်မှာ ထျန်းဖန်းနိုင်ငံရဲ့ နာမည်ကျော် ဖေးယွင်ခံတပ် ရှိတယ်.. ဖေးယွင်ခံတပ်က ထျန်းဖန်းနိုင်ငံရဲ့ အရှေ့ဘက် အရပ်မှာ အရေးကြီးတဲ့ နေရာပဲ.. အဲဒီနေရာကို သွေးလမင်းကုန်းမြေက စစ်သည်အများအပြားနဲ့ အစောင့်အကြပ် ချထားမှာ သေချာတယ်.. ကျွန်တော်တို့ ဖေးယွင်ခံတပ်ကို တကယ်ပဲ သွားမှာလား"
ဝမ်ယင်က အနည်းငယ် တွန့်ဆုတ်နေခဲ့သည်။
"သွားမှာပေါ့.. ဘာလို့ မသွားရမှာလဲ"
ကျန်းချန်၏ မျက်ဝန်းများက အရောင်လက်သွားခဲ့၏။
"ဖေးယွင်ခံတပ်က ဒီလောက်တောင် အရေးကြီးတာ ဖေးယွင်ခံတပ်ကို သိမ်းပိုက်နိုင်ရင် သွေးလမင်းကုန်းမြေရဲ့ အန္တရာယ်ကို အတိုင်းအတာ တစ်ခုအထိ လျှော့ချပစ်နိုင်လိမ့်မယ်"
ယခုအခါတွင် သူက မြို့ငယ်လေးနှစ်မြို့သာ သိမ်းပိုက်ထားခဲ့သည် ဖြစ်ရာ သွေးလမင်းကုန်းမြေ၏ အာရုံကို ဆွဲဆောင်ရန် ခက်ခဲလိမ့်မည် ဖြစ်၏။
အကယ်၍ ဖေးယွင်ခံတပ်ကိုသာ သိမ်းပိုက်နိုင်ခဲ့လျှင် သွေးလမင်းကုန်းမြေကို အကြီးအကျယ် တုန်လှုပ်သွားစေပြီး ကောင်းကင်နတ်ဘုရား နယ်ပယ်အဆင့် ကျင့်ကြံသူကို သူ့ကို ကိုင်တွယ်ရန် စေလွှတ်နိုင်လောက်သည်။
ထိုအချိန်သို့ ရောက်လျှင် သွေးလမင်းကုန်းမြေ၏ ကောင်းကင်နတ်ဘုရားကို သတ်ဖြတ်ကာ သွေးလမင်းကုန်းမြေ၏ ခွန်အားကို လျော့နည်းအောင် လုပ်ဆောင်နိုင်လိမ့်မည် မဟုတ်ပါလား။
ကျန်းချန်က ဖေးယွင်ခံတပ်ကို တိုက်ခိုက်ဖို့ ဆုံးဖြတ်ပြီးသည်ကိုမြင်လျှင် ဝမ်ယင်သည် တုံ့ဆိုင်းမနေတော့ဘဲ ကျန်းချန်ကို ဖေးယွင်ခံတပ် ဆီသို့ ခေါ်ဆောင်လာခဲ့သည်။
------------------
ဖေးယွင်ခံတပ်သည် ထျန်းဖန်းနိုင်ငံ၏ အင်ပါယာမြို့တော် အရှေ့ဘက် မိုင်၁၀၀၀ အကွာတွင် တည်ရှိသည်။
ထူးခြားချက်မှာ ဖေးယွင်ခံတပ်သည် တောင်တန်းနှစ်ခု၏ ဆုံရာတွင် တည်ရှိနေခြင်း ဖြစ်သည်။
ဖေးယွင်ခံတပ်၏ ဘေးတစ်ဖက်တစ်ချက်တွင် ရှိသည့် တောင်တန်းများသည် ချွန်ထက်သော ပုဆိန်ဖြင့်ခွဲထားခံရသကဲ့သို့ အလွန်တရာ မတ်စောက်နေခဲ့၏။။
ထို့အပြင် အလွန်ပြင်းထန်သော လေပြင်းသည်လည်း ဖေးယွင်ခံတပ်၏ အထက် ကောင်းကင်ယံတွင် အမြဲတစေ တိုက်ခတ်နေခဲ့သည်။
ထိုလေပြင်းသည် ပကတိနတ်ဘုရားအဆင့် ကျင့်ကြံသူကိုပင် အလွယ်တကူ သတ်ဖြတ်ပစ်နိုင်၏။
ဖေးယွင်ခံတပ်၏ ပတ်ဝန်းကျင်ကြောင့်ပင် ဖေးယွင်ခံတပ်သည် တိုက်ခိုက်ရခက်ခဲသည့် ခံတပ်တစ်ခု ဖြစ်လာခဲ့သည်။
ပကတိနတ်ဘုရားအဆင့် ကျင့်ကြံသူများပင်လျှင် လေထဲကနေ ဖေးယွင်ခံတပ်ကို ဖြတ်သန်း၍ မရပေ။
ဤအချိန်တွင် ဖေးယွင်ခံတပ်၏ ဗဟိုရှိ ကြီးမားသော နန်းတော် တစ်ခုထဲတွင် သွေးရောင်ဝတ်စုံဝတ် လူငယ်တစ်ယောက်သည် ခန်းမ၏ အဓိက ထိုင်ခုံတွင် ထိုင်နေခဲ့သည်။
ထိုလူငယ်က အလွန်တရာ ချောမောပြီး မျက်ခုံးအလယ်တွင် လျှို့ဝှက်ဆန်းကြယ်သော သင်္ကေတတစ်ခု ရှိနေခဲ့၏။
ထိုလျှို့ဝှက်ဆန်းကြယ်သော သင်္ကေတသည် သွေးအရှိန်အဝါကို ခပ်ရေးရေး ထုတ်လွှတ်နေခဲ့ပြီး အလွန်တရာ ထူးဆန်းသော ခံစားချက်ကို ပေးစွမ်းနေခဲ့သည်။
ခန်းမ၏ ဘေးတစ်ဖက်တစ်ချက်တွင် သွေးလမင်းကုန်းမြေမှ စစ်သည် အများအပြားသည် သူတို့၏ ရှေ့မှ အရသာရှိသော ဟင်းပွဲမျိုးစုံနှင့် အရက်များကို မြည်းစမ်းရင်း အဆို၊အကများကို ခံစားနေခဲ့ကြသည်။
"နဝမသခင်လေး.. ရှေးဟောင်းနဂါး မျိုးနွယ်စုဘက်က ထူးခြားတဲ့ ကျင့်ကြံသူတစ်ယောက် ပေါ်ထွက်လာခဲ့ပြီး ကျွန်တော်တို့ သိမ်းပိုက်ထားတဲ့ ပိုင်ဟယ်မြို့နဲ့ နှင်းသစ်ရွက်မြို့ကို ပြန်လည် သိမ်းပိုက်သွားခဲ့တယ်လို့ အခုပဲ ရှေ့တန်းကနေ သတင်းပို့လာတယ်.. အဲဒီလူက ဖေးယွင်ခံတပ်ကိုလည်း ရောက်လာဖို့ ဖြစ်နိုင်ခြေများတဲ့ အတွက် ကြိုတင်ပြင်ဆင်ထားဖို့ သခင်လေးကို အကြံပေးချင်ပါတယ်"
ဗိုလ်ချုပ် တစ်ယောက်က သွေးရောင်ဝတ်စုံဝတ် လူငယ်ကို သတိပေးလိုက်သည်။
"ဘာလို့ ငါက ကြိုတင်ပြင်ဆင်စရာ လိုအပ်မှာလဲ"
သွေးရောင်ဝတ်စုံဝတ်လူငယ်က လုံးဝ အရေးမစိုက်သော အမူအရာဖြင့် ပြောလိုက်သည်။
"အဲဒီကောင် လာရဲရင်လည်း ကိစ္စမရှိဘူး.. သူတကယ်ပဲ ဖေးယွင်ခံတပ်ကို လာရဲရင် ငါသူ့ကို သတ်ပစ်လိုက်မယ်"
အခန်း(၁၆၄၁)ပြီး၏။