← Chapters

အခန်း (၁၆၄၅-၁၆၄၇)

Vol. 110 Ch. 1645-1647

အခန်း (၁၆၄၅-၁၆၄၇)

Vol. 110 Ch. 1645-1647

အခန်း(၁၆၄၅)

ဤအချိန်တွင် ယိုထျန်းခွေ့သည် အလွန်အမင်း ဒေါသထွက်နေခဲ့သည်။

နဝမသခင်လေးသည် သွေးလမင်းကုန်းမြေ၏ ခေါင်းဆောင်ဖြစ်သည့် နယ်မြေနတ်ဘုရား ပြုစုပျိုးထောင်ထားသော သခင်လေး ကိုးပါးထဲမှ တစ်ပါး ဖြစ်သည်။

ထို့ကြောင့် အနာဂတ်တွင် သွေးလမင်းကုန်းမြေ၏ ခေါင်းဆောင်နေရာကို ဆက်ခံရန် အခွင့်အ‌ရေး ရှိသူလည်း ဖြစ်၏။

နဝမသခင်လေးနှင့်အတူ ထျန်းဖန်းနိုင်ငံကို တိုက်ခိုက်ရန် လိုက်လာသူများသည် နဝမသခင်လေးကို ထောက်ခံသည့် နဝမသခင်လေး၏ လူများ ဖြစ်ကြသည်။

ဤတစ်ကြိမ်တွင် သူသည် နဝမသခင်လေး၏ ဂုဏ်သတင်းကိုမြှင့်တင်ရန်နှင့် သွေးလမင်းကုန်းမြေ၏ စစ်ရေးအတွက် ထျန်းဖန်းနိုင်ငံကို ခြေကုပ်ယူရာတွင် နဝမသခင်လေးကို အကူအညီပေးရန် အမိန့်ပေးခံခဲ့ရသည်။

သူက နဝမသခင်လေးကို အသက်အန္တရာယ်ကို လုံခြုံစေရန်အတွက် ဖေးယွင်ခံတပ်တွင်သာ ချန်ထားခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် ဖေးယွင်ခံတပ်တွင် ခြေလှမ်းတစ်ဝက် ကောင်းကင်နတ်ဘုရား တချို့ကိုပါ ချန်ထားခဲ့သေး၏။

သို့‌သော်လည်း ထျန်းဖန်းနိုင်ငံ ဘက်ကနေ ရုတ်တရက်အစွမ်းထက် ကျင့်ကြံသူ တစ်ယောက် ထွက်ပေါ်လာပြီး ဖေးယွင်ခံတပ်ထဲ ဝင်ကာ နဝမသခင်လေးကို သတ်ဖြတ်သွားလိမ့်မည်ဟု ယိုထျန်းခွေ့ တစ်ခါမှ မတွေးဖူးခဲ့ပေ။

သိထားရမည့်အချက်မှာ နဝမသခင်လေးသည် ခြေလှမ်းတစ်ဝက် ကောင်းကင်နတ်ဘုရား အထွတ်အထိပ် ပါရမီရှင်တစ်ယောက် ဖြစ်ပြီး ဖေးယွင်ခံတပ်တွင် သူချန်ထားရစ်ခဲ့သည့် ခြေလှမ်းတစ်ဝက် ကောင်းကင်နတ်ဘုရား တချို့လည်း ရှိနေခဲ့သည်။

ထို့ကြောင့် ကောင်းကင်နတ်ဘုရား နယ်ပယ်အဆင့် မဟုတ်လျှင် ဖေးယွင်ခံတပ်ကို သိမ်းပိုက်ရန်မှာ မည်သို့မှ မဖြစ်နိုင်ပေ။

ထျန်းဖန်းနိုင်ငံ၏ ကောင်းကင်နတ်ဘုရား၂ပါးသည် အင်ပါယာမြို့တော်ထဲတွင် သူတို့၏ ထိုးစစ်ကို ကာကွယ်ရန် အသင့်ရှိနေကြသည်။

သို့ဆိုလျှင် ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူသည် မည်သည့်နေရာကနေ ထွက်ပေါ်လာပါသနည်း။

ယိုထျန်းခွေ့ အကြောက်ဆုံးအချက်မှာ ဤတစ်ခေါက်တွင် သူသည် နဝမ သခင်လေးကို စောင့်ရှောက်ရန် အထူးတာဝန် ပေးအပ်ခြင်း ခံခဲ့ရသည်။

သို့ရာတွင် နဝမသခင်လေးသည် ဖေးယွင်ခံတပ်တွင် ကျဆုံးသွားခဲ့ချေပြီ။

ထို့ကြောင့် သွေးလမင်း ကုန်းမြေသို့ ပြန်ရောက်လျှင် နဝမသခင်လေး၏ လူများကို မည်ကဲ့သို့ ရှင်းပြရမလဲပင် သူ မသိတော့ပေ။

"ခေါင်း‌ဆောင်ယို.. ကျွန်တော်တို့စစ်တပ်က ထျန်းဖန်းနိုင်ငံကို ဝိုင်းရံထားပြီးပြီ ဆိုတော့ ကျွန်တော့်ကို ဖေးယွင်ခံတပ်ဆီ တစ်ခေါက်လောက် သွားခွင့်ပြုပါ"

အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသော ကျင့်ကြံသူက အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်ကာ လေးနက်သောလေသံဖြင့် ပြောလိုက်သည်။

"စိတ်မပူပါနဲ့.. နဝမသခင်လေးကို သတ်ဖြတ်ခဲ့တဲ့သူရဲ့ ဦးခေါင်းကို ယူပြီး ကျွန်တော် ပြန်လာခဲ့ပါ့မယ်"

ထျန်းဖန်းနိုင်ငံ၏ ဧကရာဇ်သည် ယိုထျန်းခွေ့ ကဲ့သို့ပင် ကောင်းကင်နတ်ဘုရား ဒုတိယအဆင့် ကျင့်ကြံသူ ဖြစ်၍ ထိပ်တိုက် ရင်ဆိုင်ရလျှင် ယိုထျန်းခွေ့ တစ်ယောက်သာလျှင် ယှဥ်နိုင်လိမ့်မည် ဖြစ်သည်။

ယိုထျန်းခွေ့သာ ဤနေရာမှ ထွက်သွားလျှင် ထျန်းဖန်းနိုင်ငံသည် သေချာပေါက်ပြန်လည် တိုက်ခိုက်ရန် အခွင့်အရေးကို ရရှိသွားလိမ့်မည် မဟုတ်ပါလား။

ဤတစ်ခေါက်တွင် သူတို့သည် နဝမ သခင်လေးကို ကူညီ၍ ထျန်းဖန်းနိုင်ငံကို တိုက်ခိုက်ရန် စီစဥ်ခဲ့ကြသည်။

သို့‌သော် နဝမသခင်‌လေး ကျဆုံးသွားခြင်းသည် သူတို့အတွက် ကြီးမားသော အမှားအယွင်းတစ်ခု ဖြစ်သွားခဲ့၏။

ထို့ကြောင့် သူတို့၏ အမှားကို ပြန်လည်ပေးဆပ်ရန် အတွက် ထျန်းဖန်းနိုင်ငံကို မဖြစ်မနေ သိမ်းပိုက်ရပေလိမ့်မည်။

ထိုသို့မဟုတ်ဘဲ သွေးလမင်းကုန်းမြေသို့ ပြန်ရောက်လျှင် ကြီးလေးသော ပြစ်ဒဏ်ကို ခံယူရလိမ့်မည် မဟုတ်ပါလော။

ယိုထျန်းခွေ့သည် အနက်ရောင်ဝတ်စုံဝတ် ကျင့်ကြံသူ၏ အတွေးကို ကောင်းစွာ နားလည်ခဲ့၏။

ယခု နဝမသခင်လေး ကျဆုံးသွားပြီဖြစ်ရာ ထျန်းဖန်းနိုင်ငံကို တိုက်ခိုက်ရာတွင် နောက်ထပ် အမှားများ ထပ်မံဖြစ်ပွား၍ မရတော့ပေ။

"ကောင်းပြီ.. သတိထားပါ"

ယိုထျန်းခွေ့၏ မျက်ဝန်းများက တဖျပ်ဖျပ် အရောင်လက်သွားခဲ့သည်။

"အဲဒီလူက နဝမသခင်လေးကိုတောင် သတ်ဖြတ်နိုင်တယ်ဆိုတော့ အတော်လေး အစွမ်းထက်လောက်တယ်"

"စိတ်မပူပါနဲ့ ကောင်းကင်နတ်ဘုရား ဒုတိယအဆင့် ကျင့်ကြံသူ မဟုတ်သရွေ့ ဘယ်သူမှ ကျွန်တော့်ကို ရင်ဆိုင်နိုင်မှာ မဟုတ်ဘူး"

အနက်ရောင်ဝတ်စုံဝတ် ကျင့်ကြံသူက ယုံကြည်မှုရှိစွာ ပြုံး၍ ပြောလိုက်သည်။

သူက ကောင်းကင်နတ်ဘုရား ပထမအဆင့်ကို လွန်ခဲ့သော နှစ်ပေါင်း များစွာကတည်းကပင် ထိုး‌ဖောက်နိုင်ခဲ့သူ ဖြစ်သည်။

ယခုအခါအတွင် သူသည် ဒုတိယမြောက် ကိုယ်ခံပညာဥပဒေသ၏ မူလစွမ်းအား တစ်စိတ်တစ်ပိုင်းကို နားလည်ထားခဲ့ပြီ ဖြစ်ရာ ကောင်းကင်နတ်ဘုရား ဒုတိယအဆင့်ကို ထိုးဖောက်ရန်ပင် အလှမ်းမဝေးတော့ပေ။

ထို့ကြောင့် ကောင်းကင်နတ်ဘုရား ဒုတိယအဆင့် ကျင့်ကြံသူနှင့် မတွေ့မချင်း သူ့ကို မည်သူမှ ခြိမ်းခြောက်နိုင်မည် မဟုတ်ပေ။

အနက်ရောင်ဝတ်စုံဝတ် ကျင့်ကြံသူက ထိုစကားကို ပြောပြီးနောက်တွင် တုံ့ဆိုင်းမနေတော့ဘဲ နန်းတော်ထဲကနေ လျှပ်တစ်ပြက် ပျောက်ကွယ်သွားခဲ့သည်။

"မင်းတို့နှစ်ယောက် ငါ့နောက်ကနေ လိုက်ခဲ့ကြ.. ငါတို့တွေ ထျန်းဖန်းနိုင်ငံရဲ့မြို့တော်ကို အပြင်းအထန် တိုက်ခိုက်မှ ဖြစ်တော့မယ်.. ဘယ်လောက်ပဲ ပေးဆပ်ရပါစေ ထျန်းဖန်နိုင်ငံကို အမြန်ဆုံး သိမ်းပိုက်ကြမယ်"

အနက်ရောင်ဝတ်စုံဝတ် ကျင့်ကြံသူ ထွက်သွားပြီးနောက်တွင် ယိုထျန်းခွေ့က ပြတ်သားစွာ ပြောလိုက်သည်။

သူ၏မျက်ဝန်းတွင် အေးစက်စက် အလင်းတန်းတစ်ခု လင်းလက်သွားခဲ့၏။

ထျန်းဖန်းနိုင်ငံတွင် လျှို့ဝှက်ဆန်းကြယ်သော ကျင့်ကြံသူ တစ်ဦး ရုတ်တရက် ထွက်ပေါ်လာခြင်းသည် အလွန်ပင် ဆန်းကြယ်လွန်းနေခဲ့သည်။

ထိုရုတ်တရက် ထွက်ပေါ်လာသော ကျင့်ကြံသူသည် ရှေးဟောင်းနဂါး မျိုးနွယ်စုမှ စေလွှတ်လိုက်သော စစ်ကူ ဖြစ်နိုင်သည်ဟု သူသံသယအချို့ ရှိခဲ့၏။

သူခန့်မှန်းထားသည့် အတိုင်းသာ ဖြစ်လာခဲ့လျှင် ထျန်းဖန်းနိုင်ငံကို တိုက်ခိုက်ရန်အတွက် စစ်ရေး အရှိန်အဟုန်ကို မြှင့်တင်ရမည် ဖြစ်သည်။

သို့မဟုတ်လျှင် ရှေးဟောင်းနဂါးမျိုးနွယ်စုမှ စစ်ကူများ ရောက်လာသည်နှင့် သူတို့ စစ်တပ်တစ်ခုလုံးသည် ဖျက်ဆီးခံရနိုင်သည့် အန္တရာယ်ရှိနေပြီ မဟုတ်ပါလော။

ထိုသို့ တွေးမိသည်နှင့် ယိုထျန်းခွေ့သည် ကျန်ကောင်းကင်နတ်ဘုရားနှစ်ပါးနှင့် အတူ ပကတိနတ်ဘုရားအဆင့်စစ်သည် ထောင်ပေါင်းများစွာကို ခေါ်ဆောင်ကာ ထျန်းဖန်းနိုင်ငံ၏ အင်ပါယာမြို့တော်ကို ကာကွယ်ထားသည့် အစီအရင်အား အရူးအမူး တိုက်ခိုက်တော့သည်။

-------------

တစ်ချိန်တည်းမှာပင် ထျန်းဖန်းနိုင်ငံ၏ အင်ပါယာမြို့တော်ရှိ ခမ်းနားသော နန်းတော်တစ်ခုထဲတွင် ရွှေရောင်ဝတ်စုံကို ဝတ်ဆင်ထားသော လူလတ်ပိုင်းအရွယ် ကျင့်ကြံသူတစ်ယောက်နှင့် မျက်ခုံးမွေး ဖြူဆွတ်နေသော ကျင့်ကြံသူတစ်ယောက်သည် စစ်ရေးကိစ္စများ ပြောဆို ဆွေးနွေးနေခဲ့ကြသည်။

"ထျန်းဖန်းဧကရာဇ်.. ဧကရာဇ်နဲ့ ကျွန်တော့်ရဲ့ စွမ်းအားနဲ့တော့ ထျန်းဖန်းနိုင်ငံကို ကာကွယ်ဖို့ မဖြစ်နိုင်တော့ဘူး ထင်တယ်.. ဧကရာဇ်မှာ ဘာဆက်လုပ်ဖို့ အစီအစဥ်ရှိလဲ"

မျက်ခုံးမွေးဖြူဆွတ်နေသော ကျင့်ကြံသူက သူ၏ရှေ့ရှိ ထျန်းဖန်း ဧကရာဇ်ကို လေးနက်သော အမူအရာဖြင့် ကြည့်ကာ ပြောလိုက်သည်။

ယခုအခါတွင် သွေးလမင်း ကုန်းမြေ၌ ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူ ၄ယောက်ရှိ၏။

သူတို့အနေဖြင့် ထျန်းဖန်းနိုင်ငံ၏ ကာကွယ်ရေး အစီအရင်ပေါ် မှီခိုနေလျှင်ပင် အချိန်ကြာကြာ တောင့်မခံနိုင်လောက်ဟု သူ ထင်မြင်ခဲ့၏။

မျက်ခုံးမွေး ဖြူဆွတ်နေသော ကျင့်ကြံသူ၏ စကားကို ကြားလျှင် ထျန်းဖန်းဧကရာဇ်သည် ခေါင်းခါရမ်းကာ မချိပြုံး ပြုံးလိုက်သည်။

"အခုအချိန်မှတော့ ငါတို့အနေနဲ့ ဘိုးဘေးတွေ ချန်ထားရစ်ခဲ့တဲ့ မြို့တော်ကာကွယ်ရေး အစီအစဥ်ကို မှီခိုပြီး ရှေးဟောင်းနဂါးမျိုးနွယ်စုက စစ်ကူလွှတ်တဲ့ အချိန်အထိ တောင့်ခံဖို့ပဲ ရှိတော့တယ်"

"ထျန်းဖန်းဧကရာဇ်.. ရှေးဟောင်းနဂါးမျိုးနွယ်စုရဲ့ အင်အားက သွေးလမင်းကုန်းမြေထက် အနည်းငယ် နိမ့်ကျတယ်.. သူတို့အနေနဲ့ ထျန်းဖန်းနိုင်ငံဆီ စစ်ကူစေလွှတ်ပေးပါ့မလား"

"ငါ့အထင် သေချာပေါက် စေလွှတ်ပေးလိမ့်မယ်.. ဘာလို့လည်းဆိုတော့ ငါ့ရဲ့ ထျန်းဖန်းနိုင်ငံက ရှေးဟောင်းနဂါးကုန်းမြေရဲ့ အရှေ့ပိုင်းဒေသမှာ ဗျူဟာမြောက် နေရာတစ်ခု ဖြစ်နေလို့ပဲ.. ထျန်းဖန်းနိုင်ငံ ကျဆုံးသွားတာနဲ့ အရှေ့ပိုင်းဒေသတစ်ခုလုံးက သွေးလမင်းကုန်းမြေ လက်ထဲကို ကျရောက်သွားလိမ့်မယ်"

ထျန်းဖန်းဧကရာဇ်က အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်ကာ ပြောလိုက်သည်။

"ရှေးဟောင်းနဂါး မျိုးနွယ်စုက အ‌ရှေ့ပိုင်းဒေသကို စွန့်လွှတ်ဖို့ဆန္ဒမရှိသရွေ့ ငါတို့အတွက် စစ်ကူ သေချာပေါက် စေလွှတ်ပါလိမ့်မယ်"

"ဧကရာဇ် သတင်းပို့ပါတယ်.. သွေးလမင်းကုန်းမြေက ရုတ်တရက်ကြီး ပြင်းထန်တဲ့ ထိုးစစ်ဆင်မှုကို စတင်ခဲ့တယ်"

ထိုအချိန်မှာပင် အစောင့်တစ်ယောက်သည် နန်းတော်အပြင်ဘက်ကနေ အလျင်အမြန် ဝင်ရောက်ကာ လျှောက်တင်လိုက်သည်။

ထိုစကားကိုကြားလျှင် ထျန်းဖန်းဧကရာဇ်နှင့် မျက်ခုံးမွေး ဖြူဆွတ်နေသော ကျင့်ကြံသူ၏ အမူအရာသည် ပြောင်းလဲသွားခဲ့သည်။

သူတို့၏ ခန္ဓာကိုယ်က ဖျတ်ခနဲ လက်သွားခဲ့ပြီး မြို့တော်၏ အထက်တွင် ချက်ချင်းဆိုသလို ပေါ်လာခဲ့သည်။

"ယိုထျန်းခွေ့က အင်အားအကုန်သုံးပြီး ထိုးစစ်ဆင်နေပြီ.. ဒီအခြေအနေအတိုင်းဆိုရင် အင်ပါယာမြို့တော်ရဲ့ ကာကွယ်ရေး အစီအရင်က သိပ်မကြာခင် အချိန်အတွင်း ပျက်စီးသွားနိုင်လောက်တယ်"

မျက်ခုံးမွေးဖြူဆွတ်နေသော ကျင့်ကြံသူက လေးနက်စွာ ပြောလိုက်သည်။

"သွေးလမင်းကုန်းမြေက ရုတ်တရက် အရူးအမူး ထိုးစစ်ဆင်ခဲ့တယ်ဆိုတော့ ဒီထဲမှာ ကိစ္စတချို့ ရှိနေလောက်တယ်"

ထျန်းဖန်းဧကရာဇ်၏ မျက်ဝန်းများသည် အနည်းငယ် ကျဥ်းမြောင်းသွားခဲ့သည်။

"သွေးလမင်းကုန်းမြေဘက်မှာ ကောင်းကင်နတ်ဘုရား တစ်ပါး လျော့နေတာကို မင်းသတိထားမိလား"

ထိုစကားကိုကြားလျှင် မျက်ခုံးမွေး ဖြူဆွတ်နေသော ကျင့်ကြံသူက တစ်ခဏမျှ အံ့အားသင့်သွားခဲ့သည်။

ထို့အပြင် သူ၏ အိုမင်းသော မျက်ဝန်းထဲတွင်လည်း သံသယ အရိပ်အယောင် တချို့ လင်းလက်သွားခဲ့၏။

သွေးလမင်းကုန်းမြေဘက်တွင် ကောင်းကင်နတ်ဘုရား ၄ပါးရှိသည်။

ယခု ယိုထျန်းခွေ့က ထျန်းဖန်းနိုင်ငံကို အစွမ်းကုန် ထိုးစစ်ဆင် တိုက်ခိုက်နေသော်လည်း ထိုအထဲတွင် ကောင်းကင်နတ်ဘုရားတစ်ပါး လျော့နေသည်မှာ အလွန်တရာပင် ထူးဆန်းနေသည် မဟုတ်ပါလော။

ထျန်းဖန်ဧကရာဇ်၏ မျက်ဝန်းများက လင်းလက်သွားခဲ့ပြီး ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။

"ငါတို့ မြို့တော်ကို အကောင်းဆုံး ကာကွယ်ကြတာပေါ့.. စစ်ပွဲရဲ့ အခြေအနေ အပြောင်းအလဲဖြစ်ဖို့ သိပ်မကြာတော့ဘူး ထင်တယ်"

ထိုစကားကိုကြားလျှင် မျက်ခုံးမွေး ဖြူဆွတ်နေသော ကျင့်ကြံသူ၏ မျက်ဝန်းများသည် အနည်းငယ် တောက်ပလာခဲ့သည်။

"ဧကရာဇ် ဆိုလိုတာက ရှေးဟောင်းနဂါး မျိုးနွယ်စုက စစ်ကူတွေ စေလွှတ်လိုက်ပြီဆိုတဲ့ အဓိပ္ပါယ်လား"

"၉၀ ရာခိုင်နှုန်း ဖြစ်နိုင်ခြေ ရှိတယ်.. ယိုထျန်းခွေ့က ဒီသတင်းကို ရထားတဲ့အတွက် ထျန်းဖန်းနိုင်ငံကို အလျင်အမြန် ထိုးစစ်ဆင်နေတာ ဖြစ်နိုင်တယ်"

ထျန်းဖန်းဧကရာဇ်က ယုံကြည်မှုအပြည့်ဖြင့် ပြုံးကာ ပြောလိုက်သည်။

ဤရက်များတွင် ယိုထျန်းခွေ့သည် ထျန်းဖန်းနိုင်ငံ၏ မြို့တော်ကာကွယ်ရေး အစီအရင်ကို ဖြိုခွင်းရန် ကြိုးစားခဲ့သော်လည်း အင်အား အကုန်အစင် ထုတ်သုံးကာ ဖြိုခွင်းရန် ရည်ရွယ်ချက် မရှိခဲ့ပေ။

ယခုအခါတွင်မူ ယိုထျန်းခွေ့သည် သူ၏ ယခင်ဗျူဟာကို ရုတ်တရက် ပြောင်းလဲလိုက်ပြီး မြို့တော် ကာကွယ်ရေး အစီအရင်ကို ဖြိုဖျက်ရန် အပြင်းအထန်ပင် ကြိုးစားနေခဲ့၏။

ဤကဲ့သို့ အရေးကြီးသော အချိန်တွင် ကောင်းကင်နတ်ဘုရားတစ်ပါး ရှိမနေသည်မှာ တိုက်ဆိုင်မှုတစ်ခု မဖြစ်နိုင်လောက်ပေ။

ထိုကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူသည် ရှေးဟောင်းနဂါး မျိုးနွယ်စု၏ စစ်ကူများကို ဟန့်တားရန် သွားရောက်နေခြင်း ဖြစ်ပုံရသည်။

ရှေးဟောင်းနဂါးမျိုးနွယ်စုမှ စစ်ကူများကို ပိတ်ဆို့ အချိန်ဆွဲထားမှသာလျှင် ယိုထျန်းခွေ့ အနေဖြင့် ထျန်းဖန်းနိုင်ငံကို ထိုးဖောက်ရာတွင် အခွင့်အရေး ရနိုင်မည် မဟုတ်ပါလား။

ဤအချိန်တွင် ထျန်းဖန်းဧကရာဇ်သည် ယိုထျန်းခွေ့၏ အပြင်းအထန် ထိုးစစ်ဆင်မှုကို တောင့်ခံနိုင်သရွေ့ ကြီးမားသော ကံကြမ္မာ အလှည့်အပြောင်း တစ်ခု ဖြစ်ပေါ်လာနိုင်သည်ကို တွေးမိခဲ့သည်။

အခန်း(၁၆၄၅)ပြီး၏။

အခန်း(၁၆၄၆)

"ထျန်းဖန်းဧကရာဇ်.. မင်းတို့နှစ်ယောက်ရဲ့စွမ်းအားနဲ့ အင်ပါယာမြို့တော်ကို ထိန်းထားနိုင်မှာ မဟုတ်ဘူး.. အခြေအနေကို နားလည်ရင် အစီအရင်ကိုဖွင့်ပြီး အဖမ်းခံလိုက်ပါ.. ငါမင်းတို့ရဲ့ အသက်တွေကို ချမ်းသာပေးမယ်.. ဒီလိုမှ မဟုတ်ရင်တော့ အင်ပါယာမြို့တော်ကို ထိုးဖောက်နိုင်တာနဲ့ ခင်ဗျားရဲ့သွေးတွေကို မြို့တော်ထဲမှာ စီးဆင်းစေမယ်"

ယိုထျန်းခွေ့က အင်ပါယာမြို့တော်၏ အထက်တွင် ဝင့်ကြွားစွာ ရပ်နေသည့် ထျန်းဖန်းဧကရာဇ်တို့ နှစ်ယောက်ကို ခေါင်းမော့၍ စိုက်ကြည့်လိုက်သည်။

သူ၏ အေးစက်စက် အသံသည် ပတ်ဝန်းကျင်တွင် တစ်ခဏအတွင်း ပဲ့တင်ထပ်သွားခဲ့၏။

"ယိုထျန်းခွေ့.. အပိုစကား‌တွေ ပြောမနေနဲ့.. ငါမင်းကို လက်နက်ချမှာမဟုတ်ဘူး"

ထျန်းဖန်း ဧကရာဇ်က အေးစက်စက်ပြုံးကာ ပြောလိုက်သည်။

"မင်းသိထားရမှာက ငါ့ရဲ့ အင်ပါယာမြို့တော်ကို မင်းထိုးဖောက်ချင်တိုင်း ထိုးဖောက်လို့မရဘူးဆိုတာပဲ"

"ဟမ့်.. ထျန်းဖန်းဧကရာဇ်.. ဒီအစီအရင်လောက်နဲ့ ငါ့ကိုတားမြစ်နိုင်မယ်လို့ မင်းထင်နေတာလား.. အားလုံးပဲ ငါ့အမိန့်ကိုနားထောင်.. ငါနဲ့အတူ မြို့တော်ရဲ့ကာကွယ်ရေးအစီအရင်ကို တစ်ပြိုင်နက် တိုက်ခိုက်ကြစို့"

ယိုထျန်းခွေ့ဆီမှ အမိန့်ကိုရသည်နှင့် ချက်ချင်းဆိုသလိုပင် သွေးလမင်းကုန်းမြေမှ စစ်သည်များသည် ထျန်းဖန်းနိုင်ငံ၏ အင်ပါယာမြို့တော် ကာကွယ်ရေး အစီအရင်ကို တိုက်ခိုက်ခဲ့ကြသည်။

ယခုတစ်ခေါက် စစ်ချီရာတွင် ယိုထျန်းခွေ့သည် ကောင်းကင်နတ်ဘုရားနှစ်ပါး အပြင် ပကတိနတ်ဘုရား ထောင်ပေါင်းများစွာကို ခေါ်လာခဲ့၏။

သူက ထိုအင်အားများကို တစ်စုတစ်စည်းတည်း စုပေါင်းကာ အင်ပါယာမြို့တော်၏ အစီအရင်ကို တိုက်ခိုက်စေခဲ့သည်။

ထိုအချိန်မှာပင် ထျန်းဖန်းဧကရာဇ်သည် လေထဲကနေ ယိုထျန်းခွေ့ဆီသို့ အလျင်အမြန် ပျံသန်းလာခဲ့သည်။

အင်ပါယာမြို့‌တော်၏ ကာကွယ်ရေးအစီအရင်ကို အမှန်တကယ် ခြိမ်းခြောက်နိုင်သူသည် ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူများသာ ဖြစ်သည်။

ထို့ကြောင့် သူက ယိုထျန်းခွေ့ကို တိုက်ခိုက်၍ မျက်ခုံးမွေးဖြူဆွတ်နေသည့် ကျင့်ကြံသူက နောက်ထပ် ကောင်းကင်နတ်ဘုရား တစ်ပါးကို တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်ကြသည်။

သူတို့၏ ရည်ရွယ်ချက်မှာ ကောင်းကင်နတ်ဘုရားများကို မြို့‌တော်အစီအရင်အား ဖြိုခွင်းရာတွင် မပါဝင်စေလိုခြင်း ဖြစ်၏။

ကောင်းကင်နတ်ဘုရား နှစ်ပါး လျော့သွားခဲ့လျှင် ကျန်ရှိသော ကောင်းကင်နတ်ဘုရားနှင့် စစ်သည်များသည် ထျန်းဖန်းနိုင်ငံ၏ မြို့တော် ကာကွယ်ရေး အစီအရင်ကို အလွယ်တကူ ထိုးဖောက်နိုင်တော့မည် မဟုတ်ပေ။

"ဝုန်း.. ဝုန်း.. ဝုန်း.."

ထျန်းဖန်းဧကရာဇ်နှင့် ယိုထျန်းခွေ့ တို့သည် ကောင်းကင်နတ်ဘုရား ဒုတိယအဆင့် ကျင့်ကြံသူများ ဖြစ်သောကြောင့် တိုက်ခိုက်မှု စတင်လိုက်သည်နှင့် ကမ္ဘာမြေကိုပင် တုန်ဟည်းစေသည့် ပေါက်ကွဲမှုများ ဖြစ်ပေါ်လာခဲ့သည်။

အင်ပါယာမြို့တော်တွင် စစ်ပွဲဖြစ်ပွားနေသော အချိန်တွင် ဖေးယွင်ခံတပ်၏ အပြင်ဘက်တွင် ကျန်းချန်သည် ခံတပ်မြို့ရိုးပေါ်တွင် ဝင့်ကြွားစွာ ရပ်နေခဲ့သည်။

ထိုအချိန်တွင် သူနှင့် မိုင်၁၀၀ အကွာ၌ အနက်ရောင်ဝတ်စုံဝတ် ကျင့်ကြံသူ တစ်ယောက်သည် အလွန်နက်ရှိုင်းသော အရှိန်အဝါကို ထုတ်လွှတ်ကာ လေထဲတွင် တိတ်တဆိတ် ရပ်နေခဲ့သည်။

ထိုအနက်ရောင်ဝတ်စုံဝတ် ကျင့်ကြံသူသည် တခြားသူ မဟုတ်ပေ။

နဝမသခင်လေး အတွက် လက်စားချေရန် ဖေးယွင်ခံတပ်ကိုရောက်လာသည့် သွေးလမင်းကုန်းမြေမှ ကောင်းကင်နတ်ဘုရားပင် ဖြစ်သည်။

ကျန်းချန်က သူ၏ရှေ့မှ အနက်ရောင်ဝတ်စုံဝတ် ကျင့်ကြံသူကို တည်ငြိမ်စွာကြည့်ကာ မဲ့ပြုံး ပြုံးလိုက်သည်။

"သွေးလမင်းကုန်းမြေက ကောင်းကင်နတ်ဘုရားအဆင့်ကျင့်ကြံသူ.. မင်း နောက်ဆုံးတော့ ရောက်လာပြီပေါ့.. ငါမင်းကို ဒီမှာ စောင့်နေတာ အချိန်အတော်တောင် ကြာခဲ့ပြီ"

"ကောင်လေး.. မင်းက ငါတို့ သွေးလမင်းကုန်းမြေရဲ့ နဝမသခင်လေးကို သတ်ဖြတ်လိုက်တဲ့သူလား"

အနက်ရောင်ဝတ်စုံဝတ် ကျင့်ကြံသူက ကျန်းချန်ကို စူးရှစွာ စိုက်ကြည့်ရင်း မေးလိုက်သည်။

သူ၏ အိုမင်းသောမျက်ဝန်းထဲတွင် အံ့အားသင့်သော အရိပ်အယောင်များ ဖြစ်ပေါ်နေခဲ့၏။

ဤနေရာကို မလာခင်က အနက်ရောင်ဝတ်စုံဝတ် ကျင့်ကြံသူသည် ဖေးယွင်ခံတပ်ကို ထိုးဖောက်ဝင်ရောက်ပြီး နဝမသခင်လေးကို သတ်ဖြတ်နိုင်သူသည် အနည်းဆုံး ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူ ဖြစ်နိုင်သည်ဟု တွေးထားခဲ့သည်။

အဘယ်ကြောင့်ဆိုသော် နဝမသခင်လေးသည် ခြေလှမ်းတစ်ဝက် ကောင်းကင်နတ်ဘုရား အထွတ်အထိပ် ပါရမီရှင် ဖြစ်သည့်အပြင် အသက်ကယ်ဝှက်ဖဲ တစ်ခုလည်း ရှိနေသောကြောင့်ပင်။

ယင်းအပြင် ဖေးယွင်ခံတပ်တွင် ခြေလှမ်းတစ်ဝက်ကောင်းကင်နတ်ဘုရား အချို့နှင့် ပကတိနတ်ဘုရား ရာချီလည်း ရှိနေခဲ့သည်။

သို့ဖြစ်ရာ ကောင်းကင်နတ်ဘုရားအဆင့် မဟုတ်လျှင် ၎င်းတို့ကို အနိုင်ယူရန်မှာ မဖြစ်နိုင်သလောက်ပင် မဟုတ်ပါလော။

သို့သော် ဖေးယွင်ခံတပ်သို့ ရောက်လာသောအခါတွင် သူထင်ထားသလို ကောင်းကင်နတ်ဘုရား မဟုတ်ဘဲ အဆင့်မြင့်ပကတိနတ်ဘုရား အထွတ်အထိပ်အဆင့် ကျင့်ကြံသူသာ ဖြစ်သည်ကို သူ သိလိုက်ရသည်။

ကောင်းကင်နတ်ဘုရား နယ်ပယ်အဆင့်ကို မထိုးဖောက်ရသေးသည့် ကောင်လေးတစ်ယောက်သည် ဖေးယွင်ခံတပ်ကို ထိုးဖောက်ပြီး နဝမသခင်လေးကို မည်ကဲ့သို့ သတ်ဖြတ်နိုင်မှန်း သူတကယ် မတွေးတတ်တော့ပေ။

"ဟုတ်တယ်.. ငါက မင်းတို့သွေးလမင်းကုန်းမြေက နဝမသခင်လေးလို့ ခေါ်တဲ့သူကို သတ်ခဲ့တဲ့သူပဲ"

ကျန်းချန်က အနက်ရောင်ဝတ်စုံဝတ် ကျင့်ကြံသူကို စူးရှစွာ စိုက်ကြည့်၍ တည်တည်ငြိမ်ငြိမ်ပင် ပြောလိုက်သည်။

"ဟမ့်.. ငါက သူ့ကိုသတ်ရုံတင်မဟုတ်ဘူး.. မင်းကိုပါ ဒီနေ့သတ်ပြီး သူ့နောက်ကို အဖော်အဖြစ် ပို့ပေးဦးမယ်"

"ကောင်းကင်နတ်ဘုရား နယ်ပယ်အဆင့်ကို မထိုးဖောက်ရသေးတဲ့ ပုရွက်ဆိတ်တစ်ကောင်ကများ ငါ့ရဲ့ရှေ့မှာ လေလုံးထွားရဲနေပါလား.. နဝမသခင်လေးကို မင်းသတ်သည်ဖြစ်စေ .. မသတ်သည်ဖြစ်စေ ငါ့ကို မလေးမစားလုပ်ရဲမှတော့ မင်းအတွက် သေလမ်း တစ်လမ်းပဲ ရှိတယ်"

စကားဆုံးသည်နှင့် အနက်ရောင်ဝတ်စုံဝတ် ကျင့်ကြံသူ၏ ခန္ဓာကိုယ်ကနေ နတ်စွမ်းအားများ ပေါက်ကွဲထွက်လာခဲ့သည်။

သူက ထိုနတ်စွမ်းအားကို ဧရာမ လက်သည်းတစ်ခု အဖြစ်သို့ ပြောင်းလဲလိုက်ပြီး ကျန်းချန်ကို တိုက်ခိုက်လိုက်၏။

အနက်ရောင်ဝတ်စုံဝတ် ကျင့်ကြံသူသည် သူ့ရှေ့မှ ကောင်လေးက အလွန်တရာ ထူးခြားမှန်း သိသော်လည်း ဖေးယွင်ခံတပ် တစ်ခုလုံးကို ရှင်းလင်းခဲ့သူမှာ ထိုကောင်လေး၏ လက်ချက် မဖြစ်နိုင်ဟု ယုံကြည်နေခဲ့သည်။

သူက ကျန်းချန်၏ နောက်ကွယ်တွင် ကောင်းကင်နတ်ဘုရားတစ်ပါး ရှိနေမည်ဟု ထင်နေခဲ့ခြင်း ဆိုလည်းမမှားပေ။

ထိုကောင်းကင်နတ်ဘုရားက ယခုအချိန်အထိ မထွက်ပေါ်လာသေးသည့် အတွက် ဤကောင်လေးကို အရင်ရှင်းပစ်ပြီးမှသာလျှင် ဖေးယွင်ခံတပ်ထဲကို ဝင်ရောက်ရှာဖွေကာ နဂမသခင်လေးအတွက် လက်စားချေရပေမည်။

"ပြိုကွဲစမ်း"

ကျန်းချန်က ဓားဥပဒေသ မူလစွမ်းအားကို လှုံ့ဆော်ကာ ဓားအလင်း အဖြစ်သို့ ပြောင်းလဲ၍ အနက်ရောင်ဝတ်စုံဝတ် ကျင့်ကြံသူ၏ ဧရာမလက်သည်းကို ဖြိုခွဲလိုက်သည်။

သူ၏ရှေ့မှ မြင်ကွင်းကိုမြင်လျှင် အနက်ရောင်ဝတ်စုံဝတ် ကျင့်ကြံသူသည် ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့၏။

ထိုအချိန်တွင် သူသည် သူ၏ ရှေ့မှ ကောင်လေးသည် နဝမသခင်လေးကို သတ်ဖြတ်လိုက်သည့်သူမှန်း ကောင်းစွာ သိရှိသွားခဲ့သည်။

အကြောင်းရင်းမှာ ထိုကောင်လေးသည် ဓားဥပဒေသ၏ မူလစွမ်းအားကို ပြီးပြည့်စုံစွာ နားလည်ထားသောကြောင့်ပင်။

ယင်းက ထိုကောင်လေး ဆန္ဒရှိသ‌ရွေ့ ဓားဥပဒေ၏ မူလစွမ်းအားကို ကမ္ဘာ့စွမ်းအား အဖြစ် စုစည်းကာ ကောင်းကင်နတ်ဘုရား ကပ်ဘေးကို ဖြတ်ကျော်၍ ကောင်းကင်နတ်ဘုရားတစ်ပါး အချိန်မရွေး ဖြစ်လာနိုင်သည်ဟု ဆိုလိုရာ ‌ရောက်နေသည် မဟုတ်ပါလော။

ထိုကောင်လေးက ကောင်းကင်နတ်ဘုရား နယ်ပယ်အဆင့်သို့ မတက်လှမ်းရသေးသည့် အကြောင်းအရင်းမှာ တခြားသော ကိုယ်ခံပညာ ဥပဒေသ၏ မူလစွမ်းအားများကို နားလည်ချင်သေး၍ ဖြစ်နိုင်လောက်သည်။

ကြည့်ရသည်မှာ ထိုကောင်လေးသည် ကောင်းကင်နတ်ဘုရား ဒုတိယအဆင့် သို့မဟုတ် ထိုထက်ပိုသော အဆင့်အထိ တစ်ခါတည်း တက်လှမ်းနိုင်ရန် ရည်ရွယ်ထားပုံ ရ၏။

"ကောင်လေး.. ငါမင်းကို အထင်သေးခဲ့မိတယ်"

အနက်ရောင်ဝတ်စုံဝတ် ကျင့်ကြံသူက ကျန်းချန်ကို ခပ်တင်းတင်း စိုက်ကြည့်ကာ ပြောလိုက်သည်။

"အခုတော့ သွေးလမင်းကုန်းမြေရဲ့ နဝမသခင်လေးက မင်းလက်ထဲမှာ ကျဆုံးသွားတာကို ငါယုံကြည်သွားပြီ"

"သွေးမပျက်ပါနဲ့.. မင်းကိုပါ သူ့ဆီအဖော်လွှတ်ပေးမယ်"

"ဟားဟား ကောင်လေး.. မင်းက ကိုယ့်ကိုယ်ကိုယ် အတော်လေး အထင်ကြီးနေတာကိုး.. မင်းက ကိုယ်ခံပညာ ဥပဒေသရဲ့ မူလစွမ်းအားကို ပြီးပြည့်စုံတဲ့အဆင့်အထိ နားလည်ထားရင်တောင် ကောင်းကင်နတ်ဘုရား အဆင့်ကို မထိုးဖောက်ရသေးသရွေ့ ကောင်းကင်နတ်ဘုရား နယ်ပယ်အဆင့်နဲ့ ပကတိနတ်ဘုရား နယ်ပယ်အဆင့်တို့ ကြားက ကွာခြားချက်ကို မင်းဘယ်လိုမှ နားလည်နိုင်မှာ မဟုတ်ဘူး

"ဒီနေ့ ငါမင်းကို ကောင်းကင်နတ်ဘုရား နယ်ပယ်အဆင့်ရဲ့စွမ်းအားက ဘယ်လိုလဲဆိုတာ ပြသပေးမယ်"

အနက်ရောင်ဝတ်စုံဝတ် ကျင့်ကြံသူက လှောင်ရယ်၍ ပြောလိုက်သည်။

ထို့နောက်တွင် သူ၏ ခန္ဓာကိုယ်ကနေ အဆုံးမဲ့ ဖျက်ဆီးခြင်းလမ်းစဥ် ဥပဒေသ၏ မူလစွမ်းအားသည် ပေါက်ကွဲထွက်လာခဲ့သည်။

ထိုစွမ်းအားက ကောင်းကင်နှင့်မြေကြီးကိုပင် ဖျက်ဆီးပစ်နိုင်လောက်သည့် နက်မှောင်သော လက်ဖဝါးအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး မိုင်၁၀၀ ပတ်ဝန်းကျင်ရှိ လေဟာနယ်ကို တစ်ခဏအတွင်းမှာပင် ဘာမှ မကျန်ရှိ‌တော့သည်အထိ ရှင်းလင်းပစ်လိုက်သည်။

အနက်ရောင်ဝတ်စုံဝတ် ကျင့်ကြံသူသည် ဖျက်ဆီးခြင်းဥပဒေသလမ်းစဥ်ကို ကျင့်ကြံထားသောသူ ဖြစ်သည်။

သူက ထိုဥပဒေသကို အထူးပြု၍ ကောင်းကင်နတ်ဘုရားအဆင့်ကို ထိုးဖောက်ခဲ့သူတစ်ဦး ဆိုလည်း မမှားပေ။

ကျန်းချန်က အနက်ရောင်ဝတ်စုံဝတ် ကျင့်ကြံသူ၏ ဧရာမအနက်ရောင် လက်ဖဝါးကို တစ်ချက်ကြည့်လိုက်သည်။

ထို့‌နောက်တွင် သူ၏ ခန္ဓာကိုယ်မှ တောက်ပသော ရွှေရောင်အလင်းသည် ကောင်းကင်ယံကို တစ်ခဏအတွင်းမှာပင် ထိုးတက်သွားခဲ့ပြီး မီတာ၁၀၀၀၀ ရှည်လျားသည့် ရွှေရောင်ဓားပုံရိပ် အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

ရှေးဟောင်းနဂါး သွေးအဆီအနှစ်၈စက်ကို အသုံးပြုပြီးနောက်တွင် သူ၏ နတ်ခန္ဓာပုံရိပ်သည် အဆင့်တက်သွားခဲ့ပြီး ယခင်ထက် စွမ်အား ၁၀ဆကျော် တိုးတက်လာခဲ့သည်။

ယခုအခါတွင် ကျန်းချန်သည် သူ၏ ရှေ့မှ အနက်ရောင်ဝတ်စုံဝတ် ကျင့်ကြံသူ၏ တိုက်ခိုက်မှုကို ရင်ဆိုင်ရန်အတွက် နတ်ခန္ဓာပုံရိပ်ကို အသုံးပြုလိုက်ပြီ ဖြစ်၏။

"ပိုင်းဖြတ်စမ်း"

ကျန်းချန်၏ မျက်ဝန်းများက အေးစက်နေခဲ့သည်။

သူ၏ လှုံ့ဆော်မှုကို ရရှိသည်နှင့် ရွှေရောင်ဓားပုံရိပ်သည် လေထုထဲတွင် ရှိနေသည့် ဧရာမ အနက်ရောင်လက်ဖဝါးကို ခုတ်ချလိုက်သည်။

အခန်း(၁၆၄၆)ပြီး၏။

အခန်း(၁၆၄၇)

"ဝုန်း.."

ရွှေရောင်ဓားပုံရိပ်နှင့် အနက်ရောင် ဧရာမလက်ဝါးတို့ လေထဲတွင် ထိပ်တိုက် ဆုံမိသွားပြီးနောက်တွင် မိုင်ရာချီ ပတ်ဝန်းကျင်သည် ကြောက်မက်ဖွယ်ကောင်းသော အဖျက်စွမ်းအင် မုန်တိုင်းအောက်တွင် ပြာမှုန်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

ဤအချိန်တွင် အနက်ရောင်ဝတ်စုံဝတ် ကျင့်ကြံသူ၏ မျက်နှာထက်တွင် အံ့အားသင့်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

သူ၏ ကောင်းကင်နတ်ဘုရားအဆင့် စွမ်းအားကို သူ၏ ရှေ့မှကောင်လေးသည် နတ်ခန္ဓာပုံရိပ်၏ စွမ်းအားဖြင့် အလွယ်တကူ ရင်ဆိုင်နိုင်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

သိထားရမည့်အချက်မှာ ကောင်းကင်နတ်ဘုရား နယ်ပယ်အဆင့်၏ စွမ်းအားသည် ပကတိနတ်ဘုရားအဆင့် စွမ်းအားကို လုံးဝ ကျော်လွန်နေသည့် စွမ်းအား ဖြစ်သည်။

ကိုယ်ခံပညာဥပဒေသ၏ မူလစွမ်းအားကို ပြီးပြည့်စုံသော အဆင့်အထိ နားလည်ထားသည့် ခြေလှမ်းတစ်ဝက် ကောင်းကင်နတ်ဘုရား ဖြစ်နေလျှင်ပင် ကောင်းကင်နတ်ဘုရားအဆင့်ကို မထိုးဖောက်ရသေးသ၍ တကယ့်ကောင်းကင်နတ်ဘုရား အဆင့်နှင့် ကွာခြားချက် ကြီးကြီးမားမားရှိနေဆဲ ဖြစ်သည်။

ထို့ကြောင့် ယေဘုယျအားဖြင့် ကိုယ်ခံပညာ ဥပဒေသ၏ မူလစွမ်းအားကို ပြီးပြည့်စုံစွာ နားလည်ထားသော ခြေလှမ်းတစ်ဝက် ကောင်းကင်နတ်ဘုရားသည် ကောင်းကင်နတ်ဘုရား နယ်ပယ်အဆင့်နှင့် ရင်ဆိုင်ရန် လွယ်ကူမည် မဟုတ်ချေ။

သို့သော် သူ၏ရှေ့မှ ကောင်လေးကမူ နတ်ခန္ဓာပုံရိပ် စွမ်းအားကို အသုံးပြု၍ သူ့လို ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူကိုပင် အမှန်တကယ်ပင် ယှဥ်ပြိုင်နိုင်ခဲ့သည်။

သူ၏ ခန့်မှန်းချက်သာ မမှားလျှင် ထိုကောင်လေး၏ နတ်ခန္ဓာပုံရိပ်သည် အဆင့်အတန်းအလွန်ပင် မြင့်မားပုံရ၏။

အနည်းဆုံး အင်ပါယာအဆင့် အထက်မှ နတ်ခန္ဓာပုံရိပ် ဖြစ်နေမည်ကိုပင် သူစိုးရိမ်မိသည်။

ထို့အပြင် ထိုကောင်လေး၏ နတ်ခန္ဓာပုံရိပ်သည် အလွန်ပင်မြင့်မားသော အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်၏။

ထိုသို့မဟုတ်လျှင် ဤနတ်ခန္ဓာပုံရိပ် တစ်ခုတည်းဖြင့် ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူကို ယှဥ်ပြိုင်ရန်မှာ လုံးဝ ဖြစ်နိုင်မည်မဟုတ်ပေ။

အနက်ရောင်ဝတ်စုံဝတ် ကျင့်ကြံသူက ကျန်းချန်ကို ခပ်တင်းတင်း စိုက်ကြည့်လိုက်သည်။

ထို့နောက်တွင် သူ၏ အမူအရာသည် တစ်ခဏအတွင်းမှာပင် အလွန်တရာ လေးနက်လာခဲ့၏။

ဤတစ်ကြိမ်တွင် ကျန်းချန်ကို သူသည် နောက်ထပ်အထင်သေးရဲခြင်း မရှိတော့ပေ။

နတ်ခန္ဓာပုံရိပ်သည် ကျင့်ကြံသူတစ်ဦး၏ ပါရမီ အလားအလာကို အတိုင်းအတာတစ်ခု အထိ ကိုယ်စားပြုနိုင်၏။

သူ၏ရှေ့မှ ကောင်လေး၏ နတ်ခန္ဓာပုံရိပ်သည် အလွန်တရာပင် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းသောကြောင့် သာမန်အသိဖြင့်ပင် ဖော်ပြရန် မဖြစ်နိုင်ပေ။

ထို့ကြောင့် ထိုကောင်လေးသည် ကောင်းကင်ကိုပင် ဆန့်ကျင်နေသော အနှိုင်းမဲ့ ပါရမီရှင်တစ်ယောက် ဖြစ်နိုင်ခြေ အလွန်များ၏။

ထိုကဲ့သို့သော ပါရမီရှင်များသည် ပကတိနတ်ဘုရား အဆင့်ဖြင့်ပင် ကောင်းကင်နတ်ဘုရားများကို တိုက်ခိုက်နိုင်စွမ်း ရှိကြသည်။

"နတ်ဆိုးလက်သီးသိုင်း"

အနက်ရောင်ဝတ်စုံဝတ် ကျင့်ကြံသူ၏ မျက်ဝန်းများက ဖျတ်ခနဲ လက်သွားခဲ့သည်။

ထို့နောက်တွင် ကမ္ဘာ့စွမ်းအားကို လက်သီးပေါ်တွင် စုစည်းကာ လက်သီးတစ်ချက်ကို ထုတ်ဖော်လိုက်သည်။

"ဝုန်း.."

အဆုံးမဲ့ဖျက်ဆီးခြင်း စွမ်းအားများ ပါဝင်နေသည့် အနက်ရောင် လက်သီးချက်သည် မိုင်၁၀၀ ပတ်ဝန်းကျင်ကို ငရဲဘုံတစ်ခု အဖြစ်သို့ ပြောင်းလဲသွားစေခဲ့၏။

အနက်ရောင်ဝတ်စုံဝတ် ကျင့်ကြံသူ၏ အားကောင်းသော လက်သီးချက်ကို မြင်လျှင် ကျန်းချန်သည် အနည်းငယ်မျှပင် မပေါ့ဆရဲခဲ့ပေ။

သူက ကိုယ်ခံပညာ ဥပဒေသ၏ မူလစွမ်းအား၇မျိုးကို ချက်ချင်းဆိုသလို ပေါင်းစည်းလိုက်ပ ၇ရောင်ခြယ်ဓားအလင်း အဖြစ်သို့ ပြောင်းလဲလိုက်သည်။

အသက်သစ်ပင်၏ တည်ရှိမှုကြောင့် ကျန်းချန်၏ အသက်လမ်းစဥ် ဥပဒေသအပေါ် နားလည်မှုသည် ဆက်တိုက်ဆိုသလို တိုးတက်လာခဲ့သည်။

လွန်ခဲ့သည့် ၁နှစ်ကျော်အကြာက ကောင်းကင်နဂါးမြို့တော်သို့ ပြန်‌ရောက်လာပြီးနောက်တွင် ကျန်းချန်၏ အသက်ဥပဒေသသည် တတိယအဆင့်ကို ကျော်ဖြတ်ကာ မူလစွမ်းအားကို စတင် နားလည်ခဲ့သည်။

ထို့ကြောင့် ယနေ့တွင် ကျန်းချန်သည် ဥပဒေသ၇မျိုး၏ မူလစွမ်းအားကို ပိုင်ဆိုင်နေခဲ့ပြီ ဖြစ်၏။

ကိုယ်ခံပညာ ဥပဒေသ၇မျိုး၏ မူလစွမ်းအားကနေ ဖွဲ့စည်းထားသည့် ၇ရောင်ခြယ် ဧရာမဓားသည် ကမ္ဘာကိုပင် တုန်လှုပ်သွားစေခဲ့သည်။

အနက်ရောင်ဝတ်စုံဝတ် ကျင့်ကြံသူ၏ အဆုံးမဲ့စွမ်းအားများကိန်းအောင်းနေသော လက်သီးချက်သည် ချက်ချင်းဆိုသလို ဖြိုခွင်းခံလိုက်ရပြီး အနက်ရောင်ဝတ်စုံဝတ် ကျင့်ကြံသူ၏ပုံရိပ်သည်လည်း ၇ရောင်ခြယ် ဓားအလင်း၏ အောက်တွင် တစ်ခဏအတွင်း နစ်မြုပ်သွားခဲ့သည်။

"ဝုန်း.."

ထိတ်လန့်စရာကောင်းသော စွမ်းအင် ပေါက်ကွဲသံသည် ကမ္ဘာတစ်ဝန်းလုံးတွင် ပဲ့တင်ထပ်သွားခဲ့၏။

ယင်းနောက်တွင် အနက်ရောင်ဝတ်စုံဝတ် ကျင့်ကြံသူ၏ ပုံရိပ်သည် ကြိုးပြတ်သွားသော စွန်တစ်ကောင်နှယ် မီတာထောင်ချီ အကွာအဝေးအထိ လွင့်စင်သွားခဲ့သည်။

"ဆရာကျန်းချန်ရဲ့ စွမ်းအားက တကယ်ကို ကြောက်စရာပဲ"

ကျန်းချန်နှင့်အတူ ဖေးယွင်ခံတပ်ကို လိုက်လာသည့် ဝမ်ယင်သည် သူ၏ရှေ့မှ ထိတ်လန့်စရာကောင်းသော မြင်ကွင်းကို မြင်လျှင် အလွန်အမင်း အံ့အားသင့်သွားခဲ့သည်။

ထိုနေ့က ကျန်းချန်သည် ဖေးယွင်ခံတပ်ကို တိုက်ခိုက်ခဲ့ပြီး ခြေလှမ်းတစ်ဝက် ကောင်းကင်နတ်ဘုရား များစွာကို အလွယ်တကူပင် သတ်ဖြတ်နိုင်ခဲ့သည်။

ထိုကဲ့သို့သော စွမ်းရည်သည်ကပင် ကောင်းကင်ကို ဆန့်ကျင်နေခဲ့ပြီ ဖြစ်၏။

ထို့အတူ ယနေ့တွင်လည်း ဆရာကျန်းချန်သည် အနက်ရောင်ဝတ်စုံဝတ် ကျင့်ကြံသူကို လုံးဝ အသာစီးရနေခဲ့၏။

သိထားရမည့်အချက်မှာ အနက်ရောင်ဝတ်စုံဝတ် ကျင့်ကြံသူသည် ကောင်းကင်နတ်ဘုရား နယ်ပယ်အဆင့် ကျင့်ကြံသူ ဖြစ်သည်။

ခြေလှမ်းတစ်ဝက် ကောင်းကင်နတ်ဘုရား အထွတ်အထိပ်အဆင့်ဖြင့် ကောင်းကင်နတ်ဘုရားအဆင့်ကို အသာစီး တိုက်ခိုက်နိုင်ခဲ့သည်မှာ တကယ်ကို မယုံနိုင်စရာ ကောင်းလွန်းနေသည် မဟုတ်ပါလော။

သူ၏ရှေ့ရှိ လေထုထဲမှ တိုက်ပွဲကို ကြည့်ရင်း ဝမ်ယင်၏ မျက်ဝန်းထဲတွင် စိတ်လှုပ်ရှားသော အရိပ်အယောင်များ ဖြစ်ပေါ်နေခဲ့သည်။

ယနေ့တွင် သူသည် ပကတိနတ်ဘုရား တစ်ပါးက ကောင်းကင်နတ်ဘုရားတစ်ပါးကို အနိုင်ယူသည့် ဒဏ္ဍာရီတစ်ခုအား မျက်မြင်ကြုံတွေ့ရရန် ဖြစ်ကောင်း ဖြစ်နိုင်လောက်၏။

"ကိုယ်ခံပညာ ဥပဒေသ ၇မျိုးရဲ့ မူလစွမ်းအားပါလား.. မင်းက ဘယ်သူလဲ ဘယ်လိုလုပ်ပြီး ကိုယ်ခံပညာ ဥပဒေသရဲ့ မူလစွမ်းအားတွေကို ဒီလောက်အများကြီး သဘောပေါက်နိုင်တာလဲ"

လေထုထဲတွင် အနက်ရောင်ဝတ်စုံဝတ် ကျင့်ကြံသူသည် သူ၏ ခန္ဓာကိုယ်ဟန်ချက်ကို တည်ငြိမ်အောင် ထိန်းလိုက်ပြီးနောက်တွင် ကျန်းချန်ကို မေးခွန်းထုတ်လိုက်သည်။

ဤအချိန်တွင် ကျန်းချန်ကို ကြည့်နေသော သူ၏ မျက်ဝန်းထဲ၌ ကြောက်ရွံ့သော အရိပ်အယောင်များ ဖြစ်ပေါ်နေခဲ့၏။

"ငါက မင်းထက်ပိုပြီး ပါရမီ ရှိနေလို့ပေါ့"

ကျန်းချန်က မထီတရီပြုံးကာ ပြန်ဖြေလိုက်သည်။

[လမ်းစဥ်၇မျိုးရဲ့ စွမ်းအား.. ဒီကောင်လေးက တကယ်ကို ကိုယ်ခံပညာဥပဒေသ၇မျိုးရဲ့ မူလစွမ်းအားကို နားလည်သဘောပေါက်ထားတာပဲ]

အနက်ရောင်ဝတ်စုံဝတ် ကျင့်ကြံသူက ထိတ်လန့်နေခဲ့၏။

ရှေးဟောင်းနဂါးကုန်းမြေတွင် ဤမျှကြောက်စရာကောင်းသော ကျင့်ကြံသူတစ်ဦး မည်ကဲ့သို့ ရှိနေသလဲ ဆိုသည်ကို သူအမှန်တကယ် နားမလည်တော့ပေ။

ဤကမ္ဘာကြီးတွင် နှစ်ပေါင်းများစွာ အသက်ရှင် နေထိုင်လာသူတစ်ဦး အနေဖြင့် အနက်ရောင်ဝတ်စုံဝတ် ကျင့်ကြံသူ၏ အသိပညာနှင့် အတွေ့အကြုံသည် အလွန်တရာပင် ထူးခြားလှ၏။

တစ်ချိန်က သူသည် အင်အားကြီးမားသည့် နယ်မြေတစ်ခုကို ခရီးသွားခဲ့ဖူးသည်။

ထိုနယ်မြေတွင် ကောင်းကင်ကိုပင် ဆန့်ကျင်နေသော ပါရမီရှင်များ မရေမတွက်နိုင်အောင် ရှိကြသည်။

သို့သော်လည်း ထိုကဲ့သို့သော နယ်မြေမှာပင် ပကတိနတ်ဘုရားအဆင့်တွင် ကိုယ်ခံပညာ ဥပဒေသ၏ မူလစွမ်းအားကို ၄မျိုး သို့မဟုတ် ၅မျိုးလောက် သဘောပေါက်နိုင်သူသည် ပါရမီရှင်များထဲမှ ပါရမီရှင်ဟု သတ်မှတ်၍ ရပြီး မွန်းစတားများထဲမှ မွန်းစတားဟုပင် ညွှန်းဆို၍ ရနေပြီ ဖြစ်သည်။

သို့သော်လည်း သူ့ရှေ့မှ ကောင်လေးသည် ကိုယ်ခံပညာ ဥပဒေသ၏ မူလစွမ်းအားကို ၇မျိုးအထိ နားလည် သဘောပေါက်ထားခဲ့သည်။

သူအသက်ရှင် နေထိုင်လာသည့် သက်တမ်း တစ်လျှောက်တွင် ထိုကဲ့သို့သော ကျင့်ကြံသူမျိုးကို ကြားပင်မကြားဖူးပေ။

လမ်းစဥ်၆မျိုးကို ကျင့်ကြံသူများသည် ကောင်းကင်နတ်ဘုရားအဆင့်ကို ထိုးဖောက်သည်နှင့် ဆဋ္ဌမအဆင့်ကောင်းကင်နတ်ဘုရားအဆင့်သို့ တစ်ခါတည်း ရောက်ရှိသွားမည် ဖြစ်သည်။

သူ၏ ရှေ့မှ ရှေးဟောင်းနဂါးကုန်းမြေမှ ကောင်လေးကမူ လမ်းစဥ်၇မျိုးကို ကျင့်ကြံထား၍ ပို၍ပင် ကြောက်စရာကောင်းနေခဲ့သည်။

သိထားရမည့်အချက်မှာ သူသည် ယခင်က လမ်းစဥ်၅မျိုးကို ကျင့်ကြံထားသည့် အထွတ်အထိပ် ပါရမီရှင် တစ်ယောက်ကို မြင်တွေ့ခဲ့ဖူးသည်။

ထိုပါရမီရှင်သည် ခြေလှမ်းတစ်ဝက် ကောင်းကင်နတ်ဘုရား နယ်ပယ်အဆင့်ဖြင့်ပင် ကောင်းကင်နတ်ဘုရား တစ်ပါးကို သတ်ဖြတ်ခဲ့ဖူး၏။

သူ၏ရှေ့မှ အနက်ရောင်ဝတ်စုံဝတ် ကောင်လေးကမူ လမ်းစဥ် ၇မျိုးကို ကျင့်ကြံထား၍ ထိုပါရမီရှင်ထက် ပို၍ ကြောက်စရာကောင်းမည်မှာ ဧကန်မလွဲပင်။

အနက်ရောင်ဝတ်စုံဝတ် ကျင့်ကြံသူသည် သူ၏ စိတ်နှလုံးထဲမှ ထိတ်လန့်မှုကို ဖိနှိပ်လိုက်သည်။

ထို့နောက်တွင် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှ စွမ်းအင်များကို အဆုံးစွန်အထိ ထုတ်ဖော်လိုက်၏။

ဤအခြေအနေတွင် သူ့အခြေအနေဖြင့် ထိုကောင်လေးကို အသက်နှင့်ရင်းကာ သူသေကိုယ်သေ တိုက်ခိုက်မှသာ ဖြစ်နိုင်တော့မည်။

သို့မဟုတ်လျှင် အနည်းငယ် ပေါ့ဆလိုက်သည်နှင့် ယနေ့တွင် သူသည် ထိုကောင်လေး၏ လက်ထဲတွင် အမှန်တကယ် ကျဆုံးသွားလိမ့်မည် မဟုတ်ပါလား။

အနက်ရောင်ဝတ်စုံဝတ် ကျင့်ကြံသူက သူ၏ ခန္ဓာကိုယ်ထဲမှ ကမ္ဘာ့စွမ်းအားကို အပြည့်အဝပင် လှုံ့ဆော်လိုက်သည်။

တစ်ခဏအတွင်းမှာပင် ကျန်းချန် ရှိနေသော ပတ်ဝန်းကျင်ကို အနက်ရောင်ဝတ်စုံဝတ် ကျင့်ကြံသူ၏ ကမ္ဘာ့စွမ်းအားက ဖုံးလွှမ်းသွားခဲ့ပြီး ဖျက်ဆီးခြင်းကမ္ဘာတစ်ခု အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

ထိုကမ္ဘာထဲတွင် အရာအားလုံး လွင့်စင်သွားခဲ့ပြီး အဆုံးမဲ့ဖျက်ဆီးခြင်း စွမ်းအားတစ်မျိုးသာလျှင် ကျန်ရှိတော့၏။

ထိုကမ္ဘာတစ်ခုလုံးသည် အနက်ရောင်ဝတ်စုံဝတ် ကျင့်ကြံသူ၏ ထိန်းချုပ်မှုအောက်တွင် လုံးဝနီးပါး ရှိနေခဲ့သည်။

"ကောင်းကင်နတ်ဘုရားကမ္ဘာပါလား"

ဤသည်မှာ ကောင်းကင်နတ်ဘုရားနယ်ပယ်အဆင့် စွမ်းအားဖြင့် ဖွဲ့စည်းထားသည့် ကောင်းကင်နတ်ဘုရားကမ္ဘာ ဖြစ်သည်။

၎င်းသည် ပကတိနတ်ဘုရား ကမ္ဘာငယ်လေးနှင့် ယှဥ်လျှင် လုံးဝကို ကွဲပြားလှ၏။

ကောင်းကင်နတ်ဘုရား ကမ္ဘာထဲတွင် အရာအားလုံးသည် ကောင်းကင်နတ်ဘုရား၏ ထိန်းချုပ်မှုအောက်တွင်သာ ရှိပြီး လူတစ်ယောက်၏ သေခြင်းရှင်ခြင်းသည် ကောင်းကင်နတ်ဘုရား၏ အတွေးတစ်ချက် ပေါ်တွင်သာ မူတည်သည်။

"သတ်.."

အနက်ရောင်ဝတ်စုံဝတ် ကျင့်ကြံသူက သူ၏ ကောင်းကင်နတ်ဘုရားကမ္ဘာကို လှုံ့ဆော်လိုက်သည်နှင့် ဖျက်ဆီးခြင်းစွမ်းအားများ ကိန်းအောင်းနေသော အနက်ရောင် လျှပ်စီး နှစ်ခုသည် မီတာ၁၀၀၀၀ အမြင့်ကနေ ဆင်းသက်လာခဲ့သည်။

ထိုအချိန်တွင် ကျန်းချန်သည် ကြောက်မက်ဖွယ်ရာကောင်းသော အရှိန်အဝါ ဖိအားကို ခံစားခဲ့ရ၏။

သာမန် ခြေလှမ်းတစ်ဝက် ကောင်းကင်နတ်ဘုရားသာ ဆိုလျှင် ထိုဖျက်ဆီးခြင်းစွမ်းအားများ ကိန်းအောင်းနေသည့် လျှပ်စီးကနေ ထွက်ပေါ်လာသော အရှိန်အဝါနှင့် ရင်ဆိုင်မိရုံဖြင့် မသေဆုံးလျှင်ပင် ဒဏ်ရာ ဆိုးဆိုးဝါးဝါး ရနိုင်ပေသည်။

ကျန်းချန်က ချက်ချင်းဆိုသလိုပင် ထိုက်စု အထွတ်အထိပ် နဂါးအသွင်ပြောင်း နည်းစနစ်ကို လှုံ့ဆော်လိုက်ပြီး ဖျက်ဆီးခြင်းစွမ်းအားများ ကိန်းအောင်းနေသော လျှပ်စီး နှစ်ခုကို ပိတ်ဆို့လိုက်သည်။

တစ်ချိန်တည်းမှာပင် ကျန်းချန်သည် ကိုယ်ခံပညာ ဥပ‌ဒေသ၏ မူလစွမ်းအား ၇မျိုးကိုပါ ထုတ်ဖော်လိုက်၏။

အခန်း(၁၆၄၇)ပြီး၏။

All Chapters