အခန်း (၁၆၄၈-၁၆၅၀)
Vol. 110 Ch. 1648-1650
အခန်း(၁၆၄၈)
"ဝုန်း.."
ကိုယ်ခံပညာ ဥပဒေသ၏ မူလစွမ်းအား၇မျိုးက လေထဲတွင် ပေါင်းစပ်သွားခဲ့ပြီး အဆုံးသတ်တွင် အရောင်အသွေးစုံလင်သော အံ့ဖွယ်ဓားတစ်လက် အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ယခုအခါတွင် ကျန်းချန်သည် ကိုယ်ခံပညာ ဥပဒေသ၏ မူလစွမ်းအား၇မျိုးကို နားလည်ထားခဲ့ပြီ ဖြစ်သည်။
ဆိုရလျှင် ယခင်က သူဖွဲ့စည်းခဲ့သည့် လက်နက်များနှင့် လုံးဝကွာခြားသည့် အံ့ဖွယ်လက်နက်ကို ကိုယ်ခံပညာ ဥပဒေသ၏ မူလစွမ်းအား၇မျိုးကို အခြေခံကာ ဖန်တီးနိုင်နေပြီ ဖြစ်၏။
ထို့ကြောင့် ကျန်းချန်က ရောင်စုံ အံ့ဖွယ်ဓားတစ်လက်ကို ဖန်တီးလိုက်ခြင်း ဆိုလည်း မမှားပေ။
ကျန်းချန်က အံ့ဖွယ်ဓားကို ကိုင်စွဲကာ လေထဲတွင် တစ်ချက်ဝှေ့ယမ်းလိုက်သည်။
နောက်ထပ် တစ်ခဏမှာပင် မျက်စိကျိန်းလောက်အောင် တောက်ပသော ဓားအလင်းသည် ထွက်ပေါ်လာခဲ့၏။
ထိုဓားအလင်းသည် ကောင်းကင်နှင့် မြေကြီးကိုပင် အရောင်မှိန်သွားစေခဲ့၏။
ဓားအလင်းက ကောင်းကင်ယံသို့ တက်သွားခဲ့ပြီး မျက်တောင်တစ်ခတ် အတွင်းမှာပင် လေဟာနယ်ထဲတွင် ရှိနေသော ကြောက်မက်ဖွယ်ရာကောင်းသည့် လျှပ်စီးနှစ်ခု ဆီသို့ သက်ရောက်သွားခဲ့သည်။
"ဝုန်း.."
ကောင်းကင်နတ်ဘုရားကမ္ဘာထဲတွင် ကြောက်မက်ဖွယ်ပေါက်ကွဲမှု ဖြစ်ပေါ်လာခဲ့ပြီး အနက်ရောင် လျှပ်စီးနှစ်ခုသည် ကျန်းချန်၏ ဓားအလင်း လက်ချက်ဖြင့် ပျောက်ကွယ်သွားခဲ့သည်။
"ဟမ့်.. မင်း ငါ့ရဲ့ ကောင်းကင်နတ်ဘုရားကမ္ဘာ ထဲမှာ ဘယ်လောက်အထိ ကြာကြာနေနိုင်မလဲ ဆိုတာ ငါကြည့်ချင်သေးတယ်"
ကျန်းချန်က သူ၏ တိုက်ခိုက်မှုကို ဓားကွက် တစ်ကွက်တည်းဖြင့် ချေဖျက်လိုက်သည်ကို မြင်လျှင် အနက်ရောင်ဝတ်စုံဝတ် ကျင့်ကြံသူ၏ နှုတ်ခမ်းထောင့်တွင် လှောင်ပြုံးတစ်ပွင့် ဖြစ်ပေါ်လာခဲ့သည်။
ထို့နောက်တွင် သူက အတွေးတစ်ချက်ဖြင့်ပင် ဖျက်ဆီးခြင်းစွမ်းအားများ ကိန်းအောင်းနေသော လက်ဝါးတစ်ခုကို ဖန်တီးကာ ကျန်းချန်ကို ဖိနှိပ်လိုက်၏။
သူ၏ရှေ့မှ ကောင်လေးသည် ဥပဒေသ၇မျိုး၏ စွမ်းအားကို နားလည်ထားသူ ဖြစ်သော်လည်း ဓားလမ်းစဥ် ဥပဒေသမှလွဲလျှင် ကျန်ဥပဒေသ၆မျိုးသည် များစွာ အားနည်းနေသေးသည်။
တိုက်ခိုက်ရေးစွမ်းရည်နှင့် ပတ်သက်လျှင်မူ ထိုကောင်လေးသည် သာမန် ကောင်းကင်နတ်ဘုရား ပထမအဆင့်ကိုပင် ကျော်လွန်နေခဲ့ပြီ ဖြစ်၏။
သို့သော် သူကမူ ကောင်းကင်နတ်ဘုရား ပထမအဆင့်ကို ထိုးဖောက်ခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်၍ ဖျက်ဆီးခြင်း ဥပဒေသလမ်းစဥ်၏ မူလစွမ်းအားဖြင့် ဖွဲ့စည်းခဲ့သော သူ၏ ကမ္ဘာ့စွမ်းအားသည် ယခုအခါတွင် အကန့်အသတ်အထိ ရောက်ရှိနေခဲ့ချေပြီ။
ထိုကဲ့သို့သော အဆင့်သည် ကောင်းကင်နတ်ဘုရား ပထမအဆင့် အထွတ်အထိပ်နှင့် ညီမျှ၏။
ထို့အပြင် သူသည် ဒုတိယမြောက် ကိုယ်ခံပညာ ဥပဒေသ၏ မူလစွမ်းအားကို နားလည်ခဲ့ပြီး ကမ္ဘာ့စွမ်းအားအဖြစ်သို့ စုစည်းကာ ကောင်းကင်နတ်ဘုရား ဒုတိယအဆင့်သို့ တက်လှမ်းရန် သိပ်မလိုတော့ပေ။
ထိုကောင်လေး၏ တိုက်ခိုက်ရေးစွမ်းရည်က ထူးခြားသော်လည်း သူ၏ ကောင်းကင်နတ်ဘုရားကမ္ဘာထဲတွင် အရာအားလုံးသည် သူ၏ ထိန်းချုပ်မှုအောက်တွင်သာ ရှိသည်။
သူ၏ ကောင်းကင်နတ်ဘုရားကမ္ဘာထဲတွင် ရှိနေသရွေ့ ထိုကောင်လေးသည် ကောင်းကင်နှင့်မြေကြီးမှ စွမ်းအားများကို စုပ်ယူရန် မဖြစ်နိုင်ပေ။
တစ်နည်းအားဖြင့် ထိုကောင်လေးသည် တိုက်ကွက်ဖော်ဆောင်တိုင်းတွင် ခန္ဓာကိုယ်ထဲမှ စွမ်းအားများ ကုန်ခန်းသွားမည်ဖြစ်ပြီး ကောင်းကင်နှင့်မြေကြီး၏ စွမ်းအားများဖြင့် ပြန်လည် ဖြည့်စွက်နိုင်မည် မဟုတ်ပေ။
သို့သော် သူကမူ သူကိုယ်တိုင် ဖန်တီးထားသည့် ကောင်းကင်နတ်ဘုရားကမ္ဘာထဲတွင် ရှိနေခဲ့ခြင်းဖြစ်၍ သူ၏ စွမ်းအားသည် အဆုံးမရှိပေ။
"ပျက်စီးစမ်း"
ကျန်းချန်က ဓားကွက်တစ်ကွက်ကို ထုတ်ဖော်၍ သူ့ထံသို့ သက်ရောက်လာသော ဖျက်ဆီးခြင်းစွမ်းအားများ ကိန်းအောင်းနေသည့် ဧရာမလက်ဝါးကို ရင်ဆိုင်လိုက်သည်။
သူ၏ဓားချက်က ဧရာမလက်ဝါးကို ချက်ချင်းဆိုသလိုပင် ချေမှုန်းပစ်လိုက်၏။
ထို့နောက်တွင် ကျန်းချန်သည် အနက်ရောင်ဝတ်စုံဝတ် ကျင့်ကြံသူကို ထပ်မံ တိုက်ခိုက်ရန် အခွင့်အရေးမပေးတော့ပေ။
သူက အရောင်အသွေးစုံလင်စွာ တောက်ပနေသော သူ၏ အံ့ဖွယ်ဓားကို စွမ်းအား အပြည့်အဝလှုံ့ဆော်ကာ အနက်ရောင်ဝတ်စုံဝတ် ကျင့်ကြံသူ ဖန်တီးထားသည့် ကောင်းကင်နတ်ဘုရားကမ္ဘာ၏ နံရံဆီသို့ ခုတ်ချလိုက်သည်။
"ဝုန်း.."
အံ့ဖွယ်ဓားက ကောင်းကင်နတ်ဘုရားကမ္ဘာ၏ နံရံပေါ်သို့ ကျရောက်သွားသောအချိန်တွင် ကမ္ဘာကိုပင် တုန်လှုပ်စေလောက်သည့် စွမ်းအင်ပေါက်ကွဲမှုသည် ပဲ့တင်ထပ်သွားခဲ့၏။
သူ၏ ကောင်းကင်နတ်ဘုရားကမ္ဘာက ကျန်းချန်၏ဓားချက်အောက်တွင် ဆက်တိုက်ဆိုသလို တုန်ခါနေသည်ကို တွေ့လိုက်ရလျှင် အနက်ရောင်ဝတ်စုံဝတ် ကျင့်ကြံသူ၏ အမူအရာသည် ပြောင်းလဲသွားခဲ့သည်။
သူက သူ၏စွမ်းအားကို အပြည့်အဝ ထုတ်ဖော်ကာ ကောင်းကင်နတ်ဘုရားကမ္ဘာကို ပြန်လည်တည်ငြိမ်အောင် အလျင်အမြန် ထိန်းချုပ်လိုက်ပြီးနောက်တွင် ကျန်းချန်ကို လှောင်ပြုံး ပြုံးကာ ကြည့်လိုက်သည်။
"ကောင်လေး ငါ့ရဲ့ ကောင်းကင်နတ်ဘုရားကမ္ဘာ ထဲမှာ မင်းရဲ့စွမ်းအားကို ပြန်လည် ဖြည့်ဆည်းနိုင်မှာ မဟုတ်ဘူး.. ဒီလိုတိုက်ခိုက်မှုမျိုးကို မင်း ဘယ်နှစ်ကြိမ်လောက် လုပ်နိုင်မလဲ ဆိုတာ ငါသိချင်တယ်"
"ငါဘယ်နှစ်ကြိမ် လုပ်ဆောင်နိုင်မလဲ ဆိုတာ အရေးမကြီးဘူး.. အနည်းဆုံး မင်းကိုသတ်ဖို့ အတွက်တော့ လုံလောက်တာထက် ပိုပါသေးတယ်"
ထိုစကားကို ပြောလိုက်ပြီးနောက်တွင် ကျန်းချန်သည် သူ၏ အရောင်အသွေးစုံလင်စွာ တောက်ပနေသော အံ့ဖွယ်နတ်ဓားကို ထပ်မံ ဝှေ့ယမ်းလိုက်သည်။
ဤသို့ဖြင့်ပင် ကောင်းကင်နတ်ဘုရား ကမ္ဘာ၏ နံရံပေါ်သို့ ဓားကွက်များ တစ်ကွက်ပြီးတစ်ကွက် ကျရောက်လာခဲ့သည်။
"ဝုန်း..ဝုန်း..ဝုန်း.."
လေထုထဲတွင် ပေါက်ကွဲသံများသည် အလွန်အမင်း ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့၏။
အနက်ရောင်ဝတ်စုံဝတ်ကျင့်ကြံသူက သူ၏စွမ်းအားကို အစွမ်းကုန်ထုတ်ဖော်ကာ ကောင်းကင်နတ်ဘုရား ကမ္ဘာကို ထိန်းချုပ်ရန် ကြိုးစားခဲ့သော်လည်း ကျန်းချန်၏ ဆက်တိုက်ဆိုသလို တိုက်ခိုက်မှုအောက်တွင် သူ၏ ကောင်းကင်နတ်ဘုရားကမ္ဘာသည် တုန်ယင်နေခဲ့သည်။
"ဒီကောင်လေးက ဒီလောက်တောင် တိုက်ခိုက်နေတာ ဘာလို့ပင်ပန်းနွမ်းနယ်တဲ့ လက္ခဏာတောင် မပြရတာလဲ.. ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
အနက်ရောင်ဝတ်စုံဝတ် ကျင့်ကြံသူက ထိတ်လန့်သွားခဲ့သည်။
သူ၏ရှေ့မှ ကောင်လေးသည် ကောင်းကင်နတ်ဘုရားနယ်ပယ်အဆင့်ကို မထိုးဖောက်ရသေးပေ။
ထို့ကြောင့် အလွန်တရာ အစွမ်းထက်နေလျှင်ပင် ကောင်းကင်နတ်ဘုရား နယ်ပယ်အဆင့်၏ စွမ်းအားကို ခုခံနိုင်စရာအကြောင်း မရှိချေ။
သူဖန်တီးထားသည့် ကောင်းကင်နတ်ဘုရားကမ္ဘာ ထဲတွင် ထိုကောင်လေးသည် ကုန်ခန်းသွားသော စွမ်းအင်များကို ဖြည့်ဆည်း၍ ရမည်မဟုတ်ချေ။
ပုံမှန်အားဖြင့် ထိုကောင်လေးသည် ဤကဲ့သို့ ရူးသွပ်စွာ တိုက်ခိုက်နေမည်ဆိုလျှင် ခန္ဓာကိုယ်ထဲမှ ခွန်အားသည် ပို၍ အားနည်းလာသင့်သည် မဟုတ်ပါလား။
သို့ဆိုလျှင် ထိုကောင်လေးသည် သူ၏ခွန်အားများကို မလျော့ရန် မည်ကဲ့သို့ ထိန်းသိမ်းထားပါသနည်း။
"ဝုန်း.."
အနက်ရောင်ဝတ်စုံဝတ် ကျင့်ကြံသူ အံ့သြထိတ်လန့်မှုကနေ ပြန်လည် မသက်သာလာသေးသော အချိန်မှာပင် ကျန်းချန်၏ ကြောက်မက်ဖွယ်ရာကောင်းသော ဓားအလင်းသည် ကောင်းကင်နတ်ဘုရား ကမ္ဘာ၏ နံရံပေါ်သို့ ထပ်မံ ကျရောက်လာခဲ့သည်။
ကောင်းကင်နတ်ဘုရား ကမ္ဘာသည် အဆုံးသတ်တွင် ဤကဲ့သို့သော ကြောက်မက်ဖွယ်ရာကောင်းသော စွမ်းအားကို ခံနိုင်ရည်မရှိတော့ဘဲ ကျန်းချန်၏ ဓားအလင်းအောက်တွင် တိုက်ရိုက်ပင် ပျက်စီးသွားခဲ့သည်။
ကောင်းကင်နတ်ဘုရားကမ္ဘာ ပြိုပျက်သွားပြီးနောက်တွင် အနက်ရောင်ဝတ်စုံဝတ် ကျင့်ကြံသူ၏ ခန္ဓာကိုယ်က တုန်ယင်သွားခဲ့ပြီး ပါးစပ်ကနေလည်း သွေးများ အန်ထွက်လာခဲ့သည်။
"ဟားဟား ကောင်းကင်နတ်ဘုရား နယ်ပယ်အဆင့် ကျင့်ကြံသူရဲ့စွမ်းရည်က ဒီလောက်ပဲလား.. ဒီနေ့ ငါကျန်းချန်က ကောင်းကင်နတ်ဘုရား တစ်ပါးကို သတ်ဖြတ်ပစ်မယ်"
အနက်ရောင်ဝတ်စုံဝတ် ကျင့်ကြံသူ၏ ကောင်းကင်နတ်ဘုရားကမ္ဘာကို ဖျက်ဆီးပစ်ပြီးနောက်တွင် ကျန်းချန်သည် ဝင့်ကြွားစွာ ရယ်မောလိုက်သည်။
သူ၏အသံက ကမ္ဘာတစ်ဝန်းလုံးတွင် ပဲ့တင်ထပ်သွားခဲ့သည်။
သိပ်မကြာခင်မှာပင် အရောင်အသွေး စုံလင်သော ပကတိနတ်ဘုရားကမ္ဘာငယ်လေး တစ်ခုသည် သူ၏ ရှေ့တွင် စုစည်းသွားခဲ့ပြီး အနက်ရောင်ဝတ်စုံဝတ် ကျင့်ကြံသူကို ဖိနှိပ်လိုက်သည်။
ကျန်းချန်၏ ကြောက်မက်ဖွယ်ရာကောင်းသော ပကတိနတ်ဘုရား ကမ္ဘာငယ်လေးကိုမြင်လျှင် အနက်ရောင်ဝတ်စုံဝတ် ကျင့်ကြံသူသည် အလွန်အမင်း ထိတ်လန့်သွားခဲ့သည်။
သူက ကျန်းချန်၏ ပကတိနတ်ဘုရား ကမ္ဘာငယ်လေးကို တားဆီးရန်အတွက် အနက်ရောင် အကာအကွယ်တစ်ခုကို အလျင်အမြန်ပင် ဖန်တီးလိုက်သည်။
သို့ရာတွင် ပကတိနတ်ဘုရား ကမ္ဘာငယ်လေး၌ ကျန်းချန်၏ စွမ်းအား အလုံးစုံကို စုစည်းထားသည် ဖြစ်ရာ အနက်ရောင်ဝတ်စုံဝတ် ကျင့်ကြံသူ၏ အကာအကွယ်သည် မည်ကဲ့သို့ ခံနိုင်ရည် ရှိပါအံ့နည်း။
"ဝုန်း.."
ကျယ်လောင်သော ပေါက်ကွဲသံတစ်သံ ထွက်ပေါ်လာခဲ့ပြီးနောက်တွင် အနက်ရောင်ဝတ်စုံဝတ် ကျင့်ကြံသူ၏ အနက်ရောင် အကာအကွယ်သည် ချက်ချင်းဆိုသလိုပင် ပေါက်ကွဲသွားခဲ့သည်။
ထို့နောက်တွင် ကျန်းချန်၏ ပကတိနတ်ဘုရားကမ္ဘာငယ်လေးသည် အနက်ရောင်ဝတ်စုံဝတ် ကျင့်ကြံသူ၏ ခန္ဓာကိုယ်ကို ထိမှန်သွားခဲ့ပြီး လေထဲကနေ မြေပြင်ဆီသို့ ပြုတ်ကျစေခဲ့သည်။
"ဝုန်း.."
ဖုန်မှုန့်များက ပြန့်လွင့်သွားခဲ့ပြီး ကမ္ဘာမြေတစ်ခုလုံး တုန်ခါသွားခဲ့သည်။
ဖေးယွင်ခံတပ်၏ အပြင်ဘက်တွင် မိုင်ထောင်ချီရှည်လျားသည့် အက်ကွဲကြောင်း တစ်ခု ဖြစ်ပေါ်လာခဲ့သည်။
ထိုအက်ကွဲကြောင်းသည် ချောက်နက်ကြီး တစ်ခုကဲ့သို့ပင် ဖြစ်နေခဲ့၏။
ချက်ချင်းဆိုသလိုပင် အနက်ရောင်အလင်းများဖြင့် လွှမ်းခြုံနေသော ပုံရိပ်တစ်ခုသည် အက်ကွဲကြောင်းကနေ ထွက်ပေါ်လာခဲ့ပြီး ကောင်းကင်ယံသို့ ထိုးတက်သွားခဲ့သည်။
ထို့နောက်တွင် အနောက်ကိုပင် လှည့်မကြည့်တော့ဘဲ အဝေးကို ထွက်ပြေးသွားခဲ့သည်။
ကျန်းချန်၏ ကြောက်မက်ဖွယ်ရာကောင်းသော တိုက်ခိုက်ရေးစွမ်းရည်ကို သွေးလမင်းကုန်းမြေမှ ကောင်းကင်နတ်ဘုရားက အလွန်အမင်း ကြောက်လန့်သွားသည်မှာ ထင်ရှားနေ၏။
သူက နည်းလမ်း အားလုံးကို အသုံးပြုခဲ့ပြီး ထိုအထဲတွင် ကောင်းကင်နတ်ဘုရား ကမ္ဘာပင် ပါဝင်ခဲ့သည်။
သို့သော်လည်း ထိုကောင်လေး၏ လက်ချက်ဖြင့် ဆိုးဆိုးရွားရွားပင် ရှုံးနိမ့်ခဲ့ရသည်။
ထို့အပြင် ထူးခြားချက်မှာ ထိုကောင်လေး၏ စွမ်းအားသည် အချိန်ကြာမြင့်လာသည့်တိုင် ယုတ်လျော့မသွားခြင်း ဖြစ်သည်။
ဤအတိုင်းသာ ဆက်လက် တိုက်ခိုက်နေမည်ဆိုလျှင် ယနေ့တွင် ထိုကောင်လေး၏ လက်ထဲတွင် အမှန်တကယ် ကျဆုံးသွားမည်ကို သူ စိုးရိမ်မိ၏။
"ထွက်ပြေးချင်တာလား.. ဟမ့်.. ငါ့လက်ထဲကနေ လွတ်မယ်များထင်နေလား"
ကျန်းချန်၏ မျက်ဝန်းထဲတွင် အေးစက်သော အလင်းတန်းများက တောက်ပသွားခဲ့သည်။
ထို့နောက်တွင် သူက လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီး အနက်ရောင်ဝတ်စုံဝတ် ကျင့်ကြံသူ ရှိနေသည့် နေရာကို သက်ရောက်စေလိုက်သည်။
တစ်ခဏအတွင်းမှာပင် အနက်ရောင်ဝတ်စုံဝတ် ကျင့်ကြံသူ ရှိနေသည့် လေထုသည် ၇ရောင်ခြယ် နေရာလွတ်ထောင် အဖြစ်သို့ ချက်ချင်းဆိုသလို ပြောင်းလဲသွားခဲ့ပြီး အနက်ရောင်ဝတ်စုံဝတ်ကျင့်ကြံသူကို ထိုအထဲတွင် ပိတ်မိစေခဲ့သည်။
ကျန်းချန်၏ စွမ်းအားဖြင့် အချုပ်ခံလိုက်ရသော အနက်ရောင်ဝတ်စုံဝတ် ကျင့်ကြံသူသည် အလွန်တရာ ကြောက်ရွံ့နေခဲ့၏။
သူက သူ၏ စွမ်းအားအလုံးစုံကို ထုတ်ဖော်ကာ ကျန်းချန်၏ နေရာလွတ်ထောင်ကနေ ဖောက်ထွက်ဖို့ကြိုးစားခဲ့သည်။
သို့သော်လည်း သူက နေရာလွတ်ထောင်ကို ဖောက်ထွက်ရန် ကြိုးစားနေသည့် အချိန်မှာပင် ကြောက်မက်ဖွယ် ရွှေရောင်ဓားရိပ် တစ်ခုသည် လေထုကို ဖြတ်ကျော်ကာ သူ၏ ခေါင်းအထက်သို့ ကျရောက်လာခဲ့၏။
"ဝုန်း.."
အနက်ရောင်ဝတ်စုံဝတ် ကျင့်ကြံသူက တစ်ခဏအတွင်း ထိုရွှေရောင်ဓားပုံရိပ်ဖြင့် ထိမှန်ခံလိုက်ရသည်။
ယင်းနောက်တွင် သူ၏ပုံရိပ်သည် ကြိုးပြတ်သွားသော စွန်တစ်ကောင်နှယ် အတော်ဝေးဝေး အထိ လွင့်စင်သွားခဲ့၏။
အခန်း(၁၆၄၈)ပြီး၏။
အခန်း(၁၆၄၉)
အနက်ရောင်ဝတ်စုံဝတ် ကျင့်ကြံသူ လွင့်စင်သွားပြီးနောက်တွင် ကျန်းချန်သည် အနက်ရောင်ဝတ်စုံဝတ် ကျင့်ကြံသူကို အခွင့်အရေးပင် လုံးဝမပေးခဲ့ပေ။
သူက လူသားဧကရာဇ် စည်းတံဆိပ်၏ ကောင်းကင်ဖွင့်လှစ်စည်းတံဆိပ်၊ နတ်ခန္ဓာပုံရိပ်နှင့် ထိုက်စုအထွတ်အထိပ် နဂါးအသွင်ပြောင်း နည်းစနစ်အပြင် ကိုယ်ခံပညာဥပဒေသ၏ မူလစွမ်းအားများကို ထုတ်ဖော်လိုက်သည်။
ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်မှုများသည် အနက်ရောင်ဝတ်စုံဝတ် ကျင့်ကြံသူဆီသို့ ဆက်တိုက်ဆိုသလို သက်ရောက်လာခဲ့၏။
အနက်ရောင်ဝတ်စုံဝတ် ကျင့်ကြံသူသည် ကောင်းကင်နတ်ဘုရား နယ်ပယ်အဆင့် ကျင့်ကြံသူ ဖြစ်နေသည့်တိုင် ကျန်းချန်၏ လျှပ်ပြက်သလို မြန်ဆန်သော တိုက်ခိုက်မှုများကို ရင်ဆိုင်ရန် မတတ်နိုင်ခဲ့ပေ။
အဆုံးသတ်တွင် အနက်ရောင်ဝတ်စုံဝတ် ကျင့်ကြံသူသည် ကျန်းချန်၏ တိုက်ကွက်များ ထိမှန်သွားခဲ့ပြီး သွေးများအန်ထွက်လာခဲ့သည်။
"ကောင်စုတ်လေး မင်း ငါ့ကို အတင်းအကျပ် ဖိအားပေးမှတော့ ငါသေခဲ့ရင်တောင် မင်းကို ငါနဲ့အတူ သေရွာဆီ အပါခေါ်သွားမယ်"
သွေးအလိမ်းလိမ်း ဖြစ်နေသော အနက်ရောင်ဝတ်စုံဝတ်ကျင့်ကြံသူ၏ ကျန်းချန်ကို ကြည့်နေသော အကြည့်သည် တစ်ခဏအတွင်းမှာပင် အလွန်တရာ ကြောက်စရာကောင်းလာခဲ့သည်။
နောက်ထပ်တစ်ခဏတွင် သူ၏ခန္ဓာကိုယ်ကနေ ဖျက်ဆီးခြင်းလမ်းစဥ်၏ ဥပဒေသနှင့်အတူ သေခြင်းတရား၏ အရှိန်အဝါက ပျံ့နှံ့လာခဲ့သည်။
ထို့အပြင် ခန္ဓာကိုယ် တစ်ခုလုံး သည်လည်း ပြင်းထန်စွာ ဖောင်းကားလာခဲ့၏။
"ဒီလူက သူ့ကိုယ်သူ ဖောက်ခွဲတော့မဲ့ပုံပဲ"
အနက်ရောင်ဝတ်စုံဝတ် ကျင့်ကြံသူ၏ လုပ်ရပ်ကို မြင်လျှင် ကျန်းချန်သည် ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့သည်။
သူက ချက်ချင်းဆိုသလိုပင် ဖေးယွင်ခံတပ် ရှိရာသို့ အလျင်အမြန်ပင် ဆုတ်ခွာလိုက်၏။
တစ်ချိန်တည်းမှာပင် နေရာလွတ် ဥပဒေသကို အထူးပြုကာ ဥပဒေသ၇မျိုး၏ စွမ်းအားကို ထုတ်ဖော်လိုက်ပြီး ၇ရောင်ခြယ် နေရာလွတ်ထောင် အဖြစ်သို့ ပြောင်းလဲလိုက်သည်။
ထိုနေရာလွတ်ထောင်က အနက်ရောင်ဝတ်စုံဝတ် ကျင့်ကြံသူ၏ ပတ်ပတ်လည်ရှိ မီတာထောင်ချီ ကျယ်ပြန့်သည့် လေထုကို ပိတ်ဆို့ထားခဲ့သည်။
ယင်းအချိန်မှာပင် အနက်ရောင်ဝတ်စုံဝတ် ကျင့်ကြံသူ၏ ခန္ဓာကိုယ်သည် သူ၏ အကန့်အသတ်အထိ ဖောင်းကားလာခဲ့၏။
သိပ်မကြာခင်မှာပင် ထိတ်လန့်စရာကောင်းသော ပေါက်ကွဲမှုတစ်ခုသည် ဖြစ်ပေါ်လာခဲ့သည်။
"ဝုန်း.."
အလွန် ကြောက်မက်ဖွယ်ရာ ကောင်းသော ဖျက်ဆီးခြင်းမုန်တိုင်းတစ်ခုသည် အရပ်မျက်နှာ အားလုံးသို့ ရူးသွပ်စွာတိုက်ခတ်သွားခဲ့သည်။
ကျန်းချန်၏ ဥပဒေသ ၇မျိုးဖြင့် စုစည်းထားသော နေရာလွတ်ထောင်သည်ပင် ဖျက်ဆီးခြင်း စွမ်းအင်မုန်တိုင်း၏ အောက်၌ ပြိုကျသွားခဲ့၏။
သို့သော် နေရာလွတ်ထောင်က ကြောက်မက်ဖွယ် အဖျက်စွမ်းအင်မုန်တိုင်းကြောင့် ပြိုကျသွားသော အချိန်တွင် ကျန်းချန်၏ ပုံရိပ်သည် လုံခြုံသော အကွာအဝေးအထိ ဆုတ်ခွာသွားခဲ့ပြီ ဖြစ်၏။
သူက ဖျက်ဆီးခြင်းမုန်တိုင်း စွမ်းအင် တိုက်ခတ်သွားသည့် နေရာကို လှမ်းကြည့်လိုက်သည်။
ကံကောင်းစွာဖြင့် သူက အလျင်အမြန် တုံ့ပြန်နိုင်ခဲ့၏။
ထိုသို့မဟုတ်ဘဲ အနက်ရောင်ဝတ်စုံဝတ် ကျင့်ကြံသူ၏ ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးလိုက်သော စွမ်းအားဖြင့် အမှန်တကယ် ထိမှန်ခံလိုက်ရလျှင် မသေလျှင်ပင် သူ့အတွက် ဆိုးဆိုးဝါးဝါး ဒဏ်ရာရသွားနိုင်ပေသည်။
"ကောင်းကင်နတ်ဘုရား နယ်ပယ်အဆင့်ကို ခြေလှမ်းတစ်ဝက် ကောင်းကင်နတ်ဘုရား အဆင့်က တကယ်ကို လွယ်လွယ်ကူကူ သတ်ဖြတ်လို့မရဘူးပဲ"
ကျန်းချန်က သူ၏ ခေါင်းကို ခါရမ်းကာ ရေရွတ်လိုက်သည်။
ဤတိုက်ပွဲတွင် သူသည် အနက်ရောင်ဝတ်စုံဝတ် ကျင့်ကြံသူကို သတ်ဖြတ်နိုင်ရန်အတွက် သူ၏ စွမ်းအားအလုံးစုံကို ထုတ်ဖော်ကာ တိုက်ခိုက်ခဲ့ရသည်။
ထိုအထဲတွင် အသက်သစ်ကိုင်း၏ အကူအညီပင် ပါဝင်ခဲ့၏။
အနက်ရောင်ဝတ်စုံဝတ် ကျင့်ကြံသူ၏ ကောင်းကင်နတ်ဘုရားကမ္ဘာနှင့် ရင်ဆိုင်ရစဥ်က ကောင်းကင်နှင့်မြေကြီး၏ စွမ်းအင်များကို စုပ်ယူ၍ မရခဲ့ပေ။
အကယ်၍ အသက်သစ်ကိုင်းကသာ သူ၏ ကုန်ခန်းသွားသော စွမ်းအင်များကို ဆက်တိုက်ဆိုသလို ဖြည့်ဆည်းမပေးနိုင်ခဲ့လျှင် သူ့အနေဖြင့် အနက်ရောင်ဝတ်စုံဝတ် ကျင့်ကြံသူ၏ ကောင်းကင်နတ်ဘုရား ကမ္ဘာထဲတွင် သေဆုံးသွားနိုင်ခြေ ရှိ၏။
"ဒီလူက သာမန် ကောင်းကင်နတ်ဘုရား ပထမအဆင့် မဟုတ်လောက်ဘူး ထင်တယ်.. ကောင်းကင်နတ်ဘုရား ပထမအဆင့် အထွတ်အထိပ် ဖြစ်နေလောက်တယ်"
ကျန်းချန်၏ မျက်ဝန်းများက အနည်းငယ် တဖျပ်ဖျပ်လက်သွားခဲ့သည်။
သူက သူ၏ လက်ရှိ တိုက်ခိုက်ရေးစွမ်းအားကို ယေဘုယျအားဖြင့် နားလည်သွားခဲ့သည်။
သူ၏လက်ရှိ တိုက်ခိုက်ရေး စွမ်းရည်သည် သာမန် ကောင်းကင်နတ်ဘုရား ပထမအဆင့် ကျင့်ကြံသူ တချို့ကို သတ်ဖြတ်ရန် မည်သည့်ပြဿနာမှ မရှိပေ။
သို့သော် အနက်ရောင်ဝတ်စုံဝတ် ကျင့်ကြံသူကဲ့သို့ ကောင်းကင်နတ်ဘုရား ပထမအဆင့် အထွတ်အထိပ်ကို ကိုင်တွယ်ရလျှင်မူ ခက်ခဲမည် ဖြစ်၏။
ကောင်းကင်နတ်ဘုရား ကမ္ဘာထဲတွင် ရှိစဥ်က အသက်သစ်ကိုင်း၏ ဆက်တိုက်ဆိုသလို ပံ့ပိုးမှုကြောင့် သူ့အတွက် ဖိအားများစွာ လျော့နည်းခဲ့ရသည်။
အသက်သစ်ကိုင်း၏ ပံ့ပိုးမှုဖြင့် ဆိုလျှင် ကောင်းကင်နတ်ဘုရား ပထမအဆင့် အထွတ်အထိပ်ကျင့်ကြံသူကို ရင်ဆိုင်ရလျှင်ပင် သူ့အနေဖြင့် လုံးဝ ကြောက်ရွံ့မှု မရှိပေ။
သို့ရာတွင် ကောင်းကင်နတ်ဘုရား ဒုတိယအဆင့်ကမူ သူ၏ လက်ရှိ တိုက်ခိုက်ရေးစွမ်းရည်ဖြင့် ကိုင်တွယ်နိုင်မည် မဟုတ်လောက်ပေ။
ဝမ်ယင်က သူ၏ ရှေ့မှမြင်ကွင်းကို မှင်တက်ကာ ငေးကြည့်နေခဲ့ပြီး အချိန်အတော်ကြာသည်အထိ ပြန်လည် မသက်သာလာခဲ့ပေ။
သူ၏ ရှေ့မှ လူငယ်သည် ခြေလှမ်းတစ်ဝက် ကောင်းကင်နတ်ဘုရား အဆင့်ဖြင့် ကောင်းကင်နတ်ဘုရား အဆင့်ကို အဆင့်ကျော် တိုက်ခိုက်ကာ သတ်ဖြတ်ပစ်လိုက်သည်။
"ဒါ ဒါ တကယ်ပဲလား"
ဝမ်ယင်က သူ၏ မျက်လုံးကိုပင် မယုံကြည်နိုင် ဖြစ်နေခဲ့သည်။
ခြေလှမ်းတစ်ဝက် ကောင်းကင်နတ်ဘုရားအဆင့်သည် ပကတိနတ်ဘုရားအဆင့်နှင့် သက်ဆိုင်နေဆဲပင်။
ဆိုရလျှင် ပကတိနတ်ဘုရား နယ်ပယ်အဆင့်နှင့် ကောင်းကင်နတ်ဘုရား နယ်ပယ်အဆင့်သည် မိုးနှင့်မြေကဲ့သို့ ကွာခြားပြီး ကျော်ဖြတ်၍ မရနိုင်သည့် ကောင်းကင် ချောက်ကမ်းပါးနှင့် ဆင်တူ၏။
နတ်ဘုရားနယ်မြေရှိ ကျင့်ကြံသူများ၏ ၉၉ရာခိုင်နှုန်းသည် ပကတိနတ်ဘုရားအဆင့်ဖြင့် ကောင်းကင်နတ်ဘုရား အဆင့်ကို သတ်ဖြတ်နိုင်ရန် လုံးဝ မစွမ်းဆောင်နိုင်ကြပေ။
ထို့ကြောင့် ထိုအကန့်အသတ်ကို ဖြတ်ကျော်ကာ တိုက်ခိုက်နိုင်ခဲ့သော သူသည် နတ်ဘုရားနယ်မြေတွင် အလွန်တရာ ရှားပါးသည့် ပါရမီရှင် တစ်ယောက်ပင် မဟုတ်ပါလော။
ထိုကဲ့သို့သော ပါရမီရှင်များသည် ဝေးလံခေါင်သီသည့် သေးငယ်သော နယ်မြေများတွင် မွေးဖွားခဲ့လျှင်ပင် ဒဏ္ဍာရီလာ ပုဂ္ဂိုလ်များ ဖြစ်လာခဲ့ကြသည်။
သူ၏ရှေ့တွင်ရှိနေသည့် ကျန်းချန်က အဆင့်ကျော် တိုက်ခိုက်နိုင်သည့် အင်အားကြီးမားသော ပါရမီရှင်တစ်ယောက် ဖြစ်နေလိမ့်မည်ဟု ဝမ်ယင် မတွေးမိခဲ့ပေ။
"ဆရာကျန်းချန်က သွေးလမင်းကုန်းမြေက ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူတစ်ယောက်ကို သတ်လိုက်တယ်ဆိုတော့ ထျန်းဖန်းနိုင်ငံရဲ့ အန္တရာယ်ကို အတိုင်းအတာတစ်ခုအထိ လျှော့ချနိုင်ခဲ့ပြီ"
ဝမ်ယင်၏ မျက်ဝန်းထဲတွင် ဝမ်းသာသော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
သွေးလမင်းကုန်းမြေမှ ကောင်းကင်နတ်ဘုရား ၄ပါးသည် ထျန်းဖန်းနိုင်ငံကို တိုက်ခိုက်နေခဲ့ကြသည်။
ယခု ကျန်းချန်က တစ်ယောက်ကို သတ်ဖြတ်ခဲ့ပြီဖြစ်ရာ သုံးယောက်သာလျှင် ကျန်ရှိတော့၏။
ထျန်းဖန်းနိုင်ငံတွင် ကောင်းကင်နတ်ဘုရား နှစ်ပါးရှိ၍ ကောင်းကင်နတ်ဘုရား အဆင့်ကို အနိုင်ယူနိုင်သည့် ကျန်းချန်ကိုပါ ထပ်ပေါင်းလိုက်လျှင် သူတို့၏ တိုက်ခိုက်ရေးစွမ်းအားသည် အားနည်းတော့မည် မဟုတ်ပေ။
ရှေးဟောင်းနဂါး မျိုးနွယ်စုမှ စစ်ကူများ မရောက်သေးလျှင်ပင် ကျန်းချန် တစ်ယောက်တည်း ရှိနေရုံဖြင့် သူတို့ ထျန်းဖန်းနိုင်ငံ၏ အခြေအနေကို တည်ငြိမ်အောင် လုပ်ဆောင်နိုင်တော့မည် မဟုတ်ပါလား။
[အရင်က ဆရာကျန်းချန် တစ်ယောက်တည်းနဲ့ စစ်ပွဲကို အလှည့်အပြောင်း မလုပ်နိုင်လောက်ဘူးလို့ တွေးခဲ့တာ တကယ်ကို ရယ်စရာကောင်းတာပဲ]
ဝမ်ယင်က ခါးသီးစွာပြုံးလိုက်ပြီး သူ၏ ခေါင်းကို ခါရမ်းလိုက်သည်။
သူ၏ရှေ့မှ ကောင်လေးသည် သာမန် ကောင်းကင်နတ်ဘုရားပထမအဆင့် ကျင့်ကြံသူထက်ပင် ပို၍ အစွမ်းထက်သည့် ကျင့်ကြံသူတစ်ဦး ဖြစ်သည်။
တစ်ရက်ပင် မကြာသောအချိန်မှာပင် ကျန်းချန်သည် သွေးလမင်းကုန်းမြေမှ သိမ်းပိုက်ထားသည့် မြို့အချို့ကို ဆက်တိုက် ဆိုသလို သိမ်းပိုက်ခဲ့ပြီး ပကတိနတ်ဘုရားထောင်ပေါင်း များစွာကို သတ်ဖြတ်ခဲ့သည်။
ထို့အပြင် သွေးလမင်းကုန်းမြေမှ နဝမသခင်လေး ကဲ့သို့ ခြေလှမ်းတစ်ဝက် ကောင်းကင်နတ်ဘုရား အထွတ်အထိပ်အဆင့်အပြင် ခြေလှမ်းတစ်ဝက် ကောင်းကင်နတ်ဘုရား အများအပြားကိုပါ သတ်ဖြတ်ခဲ့၏။
ယခုအခါတွင် သွေးလမင်းကုန်းမြေ၏ အင်အားသည် ကျန်းချန်ကြောင့် များစွာ အားနည်းသွားခဲ့ပြီ ဖြစ်သည်။
သူတို့ ထျန်းဖန်းနိုင်ငံတွင် ကျန်းချန်ကဲ့သို့ ပြိုင်ဘက်ကင်းနတ်ဆိုးတစ်ယောက် ရှိနေခဲ့ပြီဖြစ်ရာ သွေးလမင်းကုန်းမြေသည် သူတို့ကို လုံးဝ အသာစီးရတော့မည် မဟုတ်ပေ။
ဆိုရလျှင် ကျန်းချန်သည် ထျန်းဖန်းနိုင်ငံကို ရောက်ရှိလာပြီး တစ်ရက်အတွင်းမှာပင် ထျန်းဖန်းနိုင်ငံ၏ အလွန် ဆိုးရွားလှသော အခြေအနေများကို တစ်ခဏအတွင်း ပြောင်းပြန်လှန်နိုင်ခဲ့၏။
ယခု သူတို့ဘက်တွင် ကျန်းချန် ရှိနေပြီဖြစ်ရာ သွေးလမင်းကုန်းမြေသည် ထျန်းဖန်း နိုင်ငံကို တစ်ခဏအတွင်း ဖျက်ဆီးရန်မှာ လုံးဝ နီးပါး မဖြစ်နိုင်တော့ချေ။
ရှေးဟောင်းနဂါး မျိုးနွယ်စုမှ အကြီးအကဲနှစ်ယောက် ဖြစ်သည့် ကောင်းကင်နတ်ဘုရား နှစ်ပါး ရောက်လာသရွေ့ သူတို့သည် သွေးလမင်းကုန်းမြေမှ သူများကို ထျန်းဖန်းနိုင်ငံကနေ မောင်းထုတ်ပစ်နိုင်တော့မည် မဟုတ်ပါလော။
"ဆရာကျန်းချန်.. အခုအချိန်မှာ ထျန်းဖန်းနိုင်ငံကို သွေးလမင်းကုန်းမြေဘက်က ကောင်းကင်နတ်ဘုရား ၃ပါးက တိုက်ခိုက်နေတယ်.. ဆရာကျန်းချန် အင်ပါယာမြို့တော်ကို သွားပြီး ကူညီပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်"
ဝမ်ယင်က မှင်တက်ရာကနေ သတိပြန်ဝင်လာပြီးနောက်တွင် ကျန်းချန်ကို တလေးတစားဖြင့် ပြောလိုက်သည်။
ကောင်းကင်နတ်ဘုရား တစ်ပါးကို သတ်ဖြတ်လိုက်သည့် ကျန်းချန်၏ စွမ်းရည်ကို မြင်တွေ့ရပြီးနောက်တွင် ဝမ်ယင်သည် ကျန်းချန်၏ ခွန်အားနှင့် ပတ်သက်၍ လုံးဝ သံသယမရှိတော့ပေ။
ကျန်းချန်တွင် ထိုကဲ့သို့ ခွန်အားမျိုးရှိမှန်း သူသိသည်နှင့် အင်ပါယာမြို့တော်ကို ကူညီရန်အတွက် ကျန်းချန်ကို ချက်ချင်းဆိုသလို တောင်းဆိုလိုက်သည်။
ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်၏။
"စိတ်မပူပါနဲ့ ငါခဏနေရင် ထျန်းဖန်းနိုင်ငံရဲ့ အင်ပါယာမြို့တော်ကို သွားပြီး သွေးလမင်းကုန်းမြေက လူတွေကို လက်ဆောင်ကြီးတစ်ခု ပေးလိုက်မယ်"
အခန်း(၁၆၄၉)ပြီး၏။
အခန်း(၁၆၅၀)
ထျန်းဖန်းနိုင်ငံ၏ အင်ပါယာမြို့တော် အပြင်တွင် ကြောက်မက်ဖွယ်ရာကောင်းသော တိုက်ပွဲသည် ဆက်လက်ဖြစ်ပွားနေဆဲပင်။
ထျန်းဖန်းဧကရာဇ်နှင့် ယိုထျန်းခွေ့ တို့သည် တိုက်ကွက်ပေါင်းဒါဇင်ချီ တိုက်ခိုက်ခဲ့ကြသော်လည်း တစ်ယောက်ကို တစ်ယောက် ထိခိုက်အောင် မလုပ်ဆောင်နိုင်ခဲ့ကြပေ။
သူတို့နှစ်ယောက် အပြန်အလှန် နားလည်မှုဖြင့် တိုက်ပွဲကို ရပ်တန့်လိုက်ကြသည်။
ယင်းနောက်တွင် သူတို့သည် လေထုထဲ၌ မျက်နာချင်းဆိုင် ရပ်နေခဲ့ကြ၏။
တခြားတစ်ဖက်တွင်လည်း မျက်ခုံးမွေး ဖြူဆွတ်နေသော ကျင့်ကြံသူသည် သွေးလမင်းကုန်းမြေမှ အခြား ကောင်းကင်နတ်ဘုရား တစ်ပါး၏ တိုက်ခိုက်မှုအောက်တွင် အောက်စည်းသို့ ရောက်ရှိနေပြီး ရှုံးနိမ့်တော့မည့် လက္ခဏာများပင် ပြသနေခဲ့သည်။
အောက်ဘက်ရှိ ပကတိနတ်ဘုရားအဆင့် ထောင်ပေါင်းများစွာဖြင့် ဖွဲ့စည်းထားသည့် သွေးလမင်းကုန်းမြေ ဘက်မှ စစ်တပ်ကမူ ကောင်းကင်နတ်ဘုရား တစ်ပါး၏ ဦးဆောင်မှုဖြင့် အင်ပါယာ မြို့တော်၏ ကာကွယ်ရေး အစီအစဥ်ကို ရူးသွပ်စွာ တိုက်ခိုက်နေခဲ့ကြသည်။
ကံကောင်းစွာဖြင့် ထျန်းဖန်းနိုင်ငံသည် လွန်ခဲ့သည့် နှစ်တစ်သိန်းကျော်က တည်ထောင်ခဲ့သော နိုင်ငံ ဖြစ်၍ တောင့်တင်းသော နောက်ခံ ရှိသည်။
ထို့အပြင် ထျန်းဖန်းနိုင်ငံသည် ကောင်းကင်နတ်ဘုရား တတိယအဆင့် ထွက်ပေါ်ခဲ့ဖူးသည့် နိုင်ငံလည်း ဖြစ်၏။
အင်ပါယာမြို့တော်၏ ကာကွယ်ရေး အစီအရင်ကို ထိုကျင့်ကြံသူက ချန်ထားပေးခဲ့ခြင်း ဖြစ်သည်။
ဤအစီအရင်၏ အားကိုးဖြင့် ထျန်းဖန်းနိုင်ငံမှ စစ်သည်များသည် သွေးလမင်းကုန်းမြေ၏ တိုက်ခိုက်မှုကို ယာယီခံနိုင်ရည် ရှိခဲ့ကြပြီး ကြီးကြီးမားမား ပြဿနာ မရှိခဲ့ပေ။
"ထျန်းဖန်းဧကရာဇ်.. မင်းဘက်က ကောင်းကင်နတ်ဘုရားက ရှုံးနိမ့်တော့မယ်.. သူရှုံးနိမ့်သွားတာနဲ့ ငါတို့ သွေးလမင်းကုန်းမြေရဲ့ ကောင်းကင်နတ်ဘုရားနှစ်ပါးက မြို့တော်ရဲ့ကာကွယ်ရေးအစီအရင်ကို ပူးပေါင်းတိုက်ခိုက်လိမ့်မယ်.. သူတို့နှစ်ယောက်ရဲ့ ခွန်အားနဲ့ဆိုရင် မင်းရဲ့ ကာကွယ်ရေး အစီအရင်က ဘယ်လောက်အထိ ကြာကြာခံနိုင်မယ်လို့ မင်းထင်လဲ"
ယိုထျန်းခွေ့က စစ်မြေပြင်မှ အခြေအနေကို တစ်ချက်ကြည့်လိုက်ပြီးနောက်တွင် ထျန်းဖန်း ဧကရာဇ်ကို လှောင်ပြောင်၍ ပြောလိုက်သည်။
"ဟားဟား ယိုထျန်းခွေ့.. ငါတို့ ထျန်းဖန်းနိုင်ငံရဲ့အရေးကိစ္စကို မင်းဘာမှစိုးရိမ်နေစရာ မလိုပါဘူး.. မင်းရဲ့အခြေအနေကိုပဲ မင်းပိုပြီး စိုးရိမ်သင့်တယ်.. မင်းက ထျန်းဖန်းနိုင်ငံရဲ့ အင်ပါယာမြို့တော်ကို ဒီလောက်တောင် သိမ်းပိုက်ချင်နေမှတော့ ဘာလို့ ကောင်းကင်နတ်ဘုရား တစ်ပါးကို ခေါ်မလာရတာလဲ"
ထျန်းဖန်းဧကရာဇ်က ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။
"ငါ ခန့်မှန်းတာ မမှားရင် မင်းက ပြဿနာတွေနဲ့ ကြုံတွေ့ခဲ့ရလိမ့်မယ်.. ဒီပြဿနာကို ဖြေရှင်းဖို့အတွက် ကောင်းကင်နတ်ဘုရား တစ်ပါးကို စေလွှတ်လိုက်တာ မဟုတ်လား"
ထိုစကားကိုကြားလျှင် ယိုထျန်းခွေ့၏ မျက်နှာက အေးစက်သွားခဲ့သည်။
"ထျန်းဖန်းဧကရာဇ် မင်းသိပ်ပျော်မနေနဲ့.. မင်းက ရှေးဟောင်းနဂါးမျိုးနွယ်စုဆီက စစ်ကူရခဲ့ရင်တောင် ငါယိုထျန်းခွေ့က မင်းရဲ့ ထျန်းဖန်းနိုင်ငံကို ဖျက်ဆီးပစ်နိုင်တယ်"
"တကယ်လား အဲဒါဆိုလည်း ငါစောင့်ကြည့်လိုက်ဦးမယ်"
ထျန်းဖန်းဧကရာဇ်၏ နှုတ်ခမ်းထောင့်တွင် လှောင်ပြုံးတစ်ခုဖြစ်ပေါ်လာခဲ့သည်။
သွေးလမင်းကုန်းမြေသည် ကောင်းကင်နတ်ဘုရား တစ်ပါးကို အကျပ်အတည်းအား ဖြေရှင်းရန် စေလွှတ်လိုက်သည်မှာ ထင်ရှား၏။
ကောင်းကင်နတ်ဘုရားတစ်ပါးကို စေလွှတ်လိုက်ပုံထောက်လျှင် ရှေးဟောင်းနဂါး မျိုးနွယ်စုမှ စေလွှတ်လိုက်သောသူသည် အနည်းဆုံး ကောင်းကင်နတ်ဘုရားတစ်ပါး ဖြစ်နိုင်သည်ကို သက်သေပြရန် လုံလောက်နေသည် မဟုတ်ပါလား။
ရှေးဟောင်းနဂါးမျိုးနွယ်စုမှ ကောင်းကင်နတ်ဘုရားက သွေးလမင်းကုန်းမြေမှ ကောင်းကင်နတ်ဘုရားကို ထိန်းထားနိုင်သရွေ့ ယိုထျန်းခွေ့သည် ထျန်းဖန်းနိုင်ငံ၏ အင်ပါယာမြို့တော်ကို အလွယ်တကူ ထိုးဖောက်နိုင်တော့မည် မဟုတ်ပေ။
သိထားရမည့်အချက်မှာ လွန်ခဲ့သော ရက်အနည်းငယ်က ယိုထျန်းခွေ့သည် ကောင်းကင်နတ်ဘုရား ၄ပါးကို ဦးဆောင်ကာ ထျန်းဖန်းနိုင်ငံ၏ အင်ပါယာမြို့တော်ကို ပြင်းထန်စွာ စတင်တိုက်ခိုက်ခဲ့သည်။
သို့သော်လည်း ယခုအချိန်အထိ သူတို့သည် အင်ပါယာမြို့တော်ကို အခိုင်အမာ ကာကွယ်နိုင်နေဆဲပင်။
ယခုဆိုလျှင် သွေးလမင်းကုန်းမြေမှ ကောင်းကင်နတ်ဘုရားတစ်ပါး လျော့နည်းသွားခဲ့ပြီ ဖြစ်၍ သူတို့ ရင်ဆိုင်ခဲ့ရသော ဖိအားသည် များစွာ လျော့ကျသွားခဲ့ချေပြီ။
ယင်းမှာ အင်ပါယာမြို့တော်ကို ထိန်းသိမ်းရာတွင် ပို၍ပင် လွယ်ကူစေမည် မဟုတ်ပါလော။
"လောင်ပိုင် ထပ်မတိုက်ခိုက်နဲ့တော့.. အင်ပါယာမြို့တော်ထဲကို ပြန်ပြီး ကာကွယ်ရေးအစီအရင်နဲ့ ခုခံကြမယ်"
ထျန်းဖန်းဧကရာဇ်က တဖြည်းဖြည်း နောက်ဆုတ်နေရပြီး အခြေအနေမလှ ဖြစ်နေသည့် မျက်ခုံးမွေးအဖြူရောင် ရှိသော ကျင့်ကြံသူကို ကြည့်ကာ ပြောလိုက်သည်။
မျက်ခုံးမွေးဖြူဆွတ်နေသော ကျင့်ကြံသူ၏ ခွန်အားသည် ကောင်းကင်နတ်ဘုရား ပထမအဆင့် အစောပိုင်းတွင်သာ ရှိနေသေးသည်။
ထို့အပြင် သူနှင့် ရင်ဆိုင်နေရသော သွေးလမင်းကုန်းမြေဘက်မှ ကောင်းကင်နတ်ဘုရားသည် သူ့ထက်ပင် ပို၍ သန်မာနေခဲ့၏။
ဆက်လက် တိုက်ခိုက်နေမည်ဆိုလျှင် မျက်ခုံးမွေးဖြူဆွတ်နေသော ကျင့်ကြံသူသည် ရှုံးနိမ့်သွားရပေလိမ့်မည်။
မျက်ခုံးမွေးဖြူဆွတ်နေသော ကျင့်ကြံသူ ရှုံးနိမ့်သည်နှင့် ထျန်းဖန်းနိုင်ငံ၏ဖိအားသည် မလွဲမသွေ များစွာ တိုးလာလိမ့်မည် မဟုတ်ပါလား။
ထို့ကြောင့် အကောင်းဆုံးနည်းလမ်းမှာ မျက်ခုံးမွေးဖြူဆွတ်နေသော ကျင့်ကြံသူကို အင်ပါယာမြို့တော်သို့ ပြန်ခိုင်းပြီး မြို့တော်၏ ကာကွယ်ရေးအစီအရင်ကို အားကိုးကာ ခုခံရန်ပင်ဖြစ်သည်။
မြို့တော်ကာကွယ်ရေး အစီအရင်ဖြင့် ဆိုလျှင် သွေးလမင်းကုန်းမြေသည် အချိန်တိုအတွင်း ထျန်းဖန်းနိုင်ငံကို ထိုးဖောက်ရန်မှာ လုံးဝ မဖြစ်နိုင်သလောက်ပင်။
မျက်ခုံးမွေးဖြူဆွတ်နေသော ကျင့်ကြံသူကလည်း သူရင်ဆိုင်နေရသည့် ကောင်းကင်နတ်ဘုရားက အစွမ်းထက်ပြီး သူက ၎င်း၏ ပြိုင်ဘက် မဖြစ်နိုင်ကြောင်း ကောင်းစွာသိသည်။
ထို့ကြောင့် နောက်ထပ် တွေဝေမနေတော့ဘဲ ချက်ချင်းဆိုသလိုပင် အင်ပါယာမြို့တော် ဆီသို့ ပြန်လည် ဆုတ်ခွာသွားခဲ့သည်။
"အင်ပါယာမြို့တော်ထဲကို ဆုတ်ခွာချင်တယ်လား.. မင်းက မြို့တော်ရဲ့ ကာကွယ်ရေးဧရိယာထဲမှာ ရှိနေရင်တော့ ငါမင်းကို သတ်နိုင်မှာမဟုတ်ဘူး.. ဒါပေမဲ့ ကာကွယ်ရေးဧရိယာထဲက ထွက်ပြီး ငါနဲ့တိုက်ရဲမှတော့ မင်းမှာ သေဖို့ ကံကြမ္မာက ပါလာပြီးသားပဲ"
သွေးလမင်းကုန်းမြေဘက်မှ ကောင်းကင်နတ်ဘုရား၏ နှုတ်ခမ်းထောင့်တွင် လှောင်ပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
မကြာခင်မှာပင် သူက နေရာလွတ် စွမ်းအားများကို ထုတ်လွှတ်နေသည့် သွေးရောင်စာလိပ် တစ်လိပ်ကို ယူထုတ်လိုက်ပြီး မျက်ခုံးမွေးဖြူဆွတ်နေသော ကျင့်ကြံသူဆီသို့ တိုက်ရိုက်ပင် ပစ်ပေါက်လိုက်သည်။
"ဝုန်း.."
သွေးရောင်ကျမ်းစာလိပ်သည် လေထဲကနေ ပျံသန်းလာခဲ့ပြီး မျက်ခုံးမွေးဖြူဆွတ်နေသော ကျင့်ကြံသူ၏ ဦးခေါင်းအထက်တွင် ပေါက်ကွဲသွားခဲ့သည်။
ထို့နောက်တွင် သွေးရောင်နေရာလွတ် ထောင်တစ်ခု အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး မျက်ခုံးမွေးဖြူဆွတ်နေသောကျင့်ကြံသူကို လွှမ်းခြုံလိုက်၏။
"ကမ္ဘာ့စွမ်းအားနှစ်မျိုးနဲ့ ဖွဲ့စည်းထားတဲ့ နေရာလွတ်ထောင်ပါလား.. ဒါက ကောင်းကင်နတ်ဘုရားဒုတိယအဆင့်ရဲ့ စွမ်းအားပဲ"
ထိုမြင်ကွင်းကိုမြင်လျှင် ထျန်းဖန်းဧကရာဇ်သည် ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့သည်။
ယိုထျန်းခွေ့ကို ကြည့်နေသော သူ၏အကြည့်သည်လည်း တစ်ခဏအတွင်းမှာပင် အလွန်တရာ မှောင်မိုက်သွားခဲ့၏။
"ယိုထျန်းခွေ့ မင်းက အတော်လေး ပြင်ဆင်လာတာပဲ"
သွေးလမင်းကုန်းမြေသည် ထျန်းဖန်းနိုင်ငံကို သိမ်းပိုက်နိုင်ရန်အတွက် ကောင်းကင်နတ်ဘုရား ဒုတိယအဆင့် တိုက်ခိုက်မှုကို ထုတ်ဖော်နိုင်သော မှော်ရတနာကိုပင် သုံးစွဲရန် ဝန်မလေးခဲ့ပေ။
မျက်ခုံးမွေးဖြူဆွတ်နေသော ကျင့်ကြံသူ၏ ခွန်အားဖြင့်ဆိုလျှင် နေရာလွတ်ထောင်ကို ဖောက်ထွင်းရန် မဖြစ်နိုင်၍ အနည်းငယ် အန္တရာယ် ရှိနေခဲ့သည်။
ယိုထျန်းခွေ့က အေးစက်စက် ပြုံးလိုက်၏။
"ထျန်းဖန်းဧကရာဇ်.. ဒီတစ်ခေါက်တော့ မင်းရဲ့ အင်ပါယာမြို့တော်ကို ငါသေချာပေါက် သိမ်းပိုက်တော့မယ်"
ထိုအချိန်တွင် ထျန်းဖန်းဧကရာဇ်သည် မျက်ခုံးမွေးဖြူဆွတ်နေသော ကျင့်ကြံသူကို ကယ်တင်ရန်အတွက် သူ၏ ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်သည်။
သို့သော်လည်း ထျန်းဖန်းဧကရာဇ်က ထိုသို့ပြုလုပ်လိမ့်မည်ကို ယိုထျန်းခွေ့သည် ကြိုတင် တွက်ဆထားခဲ့သည်။
သူက နေရာမှာပင် ဖျတ်ခနဲ ပျောက်ကွယ်သွားပြီး ထျန်းဖန်းဧကရာဇ်၏ ရှေ့တွင် ပေါ်လာခဲ့သည်။
"ထွက်သွားစမ်း"
ထျန်းဖန်းဧကရာဇ်က ကျယ်လောင်စွာ ကြုံးဝါးလိုက်သည်။
သူ၏ခန္ဓာကိုယ်သည် အစိမ်းတစ်ခြမ်း၊အနီတစ်ခြမ်း ဖြစ်နေခဲ့သည်။
ထို့နောက်တွင် ထျန်းဖန်းဧကရာဇ်သည် ကမ္ဘာ့စွမ်းအား နှစ်မျိုးကို ထုတ်ဖော်ကာ ယိုထျန်းခွေ့ကို တိုက်ခိုက်လိုက်သည်။
"ဟားဟား ထျန်းဖန်းဧကရာဇ်.. မင်းရဲ့ပြိုင်ဘက်က ငါပဲ.. မင်းရဲ့ မိတ်ဆွေကို ကယ်တင်ချင်ရင် ငါ့ကိုအနိုင်ယူနိုင်မှပဲ ဖြစ်နိုင်လိမ့်မယ်"
ယိုထျန်းခွေ့က လှောင်ရယ်ကာ ပြောလိုက်သည်။
ယင်းနောက်တွင် ထျန်းဖန်းဧကရာဇ်နှင့် ယိုထျန်းခွေ့သည် ထပ်မံ တိုက်ခိုက်ခဲ့ကြ၏။
တခြားတစ်ဖက်တွင်လည်း နေရာလွတ်ထောင်ထဲတွင် အကျဥ်းချထားခံရသော မျက်ခုံးမွေးဖြူဆွတ်နေသော ကျင့်ကြံသူသည် ဒေါသအကြီးအကျယ် ထွက်လာခဲ့သည်။
သူက စွမ်းအားအပြည့်အဝကို လှုံ့ဆော်ကာ ဓားစွမ်းအားကို ထုတ်ဖော်လိုက်၏။
ကောင်းကင်ယံကိုပင် ထိုးခွဲနိုင်လောက်သည့် ဓားစွမ်းအင်ဖြင့် သူသည် သူ၏ပတ်ဝန်းကျင်မှ နေရာလွတ် အကျဥ်းထောင်ကို ခုတ်ချလိုက်သည်။
သို့ရာတွင် မျက်ခုံးမွေးဖြူဆွတ်နေသော ကျင့်ကြံသူက မည်မျှပင် တိုက်ခိုက်ပါစေ၊ နေရာလွတ်ထောင်ကို သိသာသော သက်ရောက်မှု မပေးစွမ်းနိုင်ခဲ့ပေ။
"အားကုန်ခံပြီး တိုက်မနေနဲ့.. ကောင်းကင်နတ်ဘုရားဒုတိယအဆင့်ရဲ့ စွမ်းအားကို မင်းက ဘယ်လိုလုပ်ပြီး ထိုးဖောက်နိုင်မှာလဲ"
သွေးလမင်းကုန်းမြေမှ ကောင်းကင်နတ်ဘုရားက မျက်ခုံးမွေးဖြူဆွတ်နေသော ကျင့်ကြံသူကို အထင်သေးစွာ ကြည့်လိုက်သည်။
သူ၏ နှုတ်ခမ်းထောင့်တွင် လှောင်ပြုံးတစ်ပွင့် ဖြစ်ပေါ်နေခဲ့၏။
ထိုအချိန်မှာပင် သူ၏ခန္ဓာကိုယ်သည် သွေးရောင်များဖြင့် တောက်ပလာခဲ့သည်။
ထို့နောက်တွင် သူသည် သွေးရောင်ကမ္ဘာတစ်ခုကို ထုတ်ဖော်လိုက်ပြီး မျက်ခုံးမွေးဖြူဆွတ်နေသော ကျင့်ကြံသူကို ထိန်းချုပ်ထားသည့် နေရာလွတ်ထောင်ကို လွှမ်းခြုံလိုက်၏။
သို့ရာတွင် သွေးလမင်းကုန်းမြေမှ ကျင့်ကြံသူက မျက်ခုံးမွေးဖြူဆွတ်နေသော ကျင့်ကြံသူကို သူ၏စွမ်းအား အပြည့်အဝဖြင့် သတ်ဖြတ်ရန် ပြင်ဆင်နေသော အချိန်မှာပင် အဝေးရှိကောင်းကင်ယံကနေ ကျယ်လောင်သော အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။
နောက်ထပ်တစ်ခဏမှာပင် မျက်စိကျိန်းလောက်အောင် တောက်ပသော ၇ရောင်ခြယ်ဓားအလင်းသည် ကောင်းကင်ယံကို ဖြတ်သန်းနေသော ရှည်လျားသည့် သက်တန့်တစ်ခု ကဲ့သို့ ထွက်ပေါ်လာခဲ့သည်။
ထိုရုတ်တရက် ထွက်ပေါ်လာသော အနှိုင်းမဲ့ ဓားအလင်းသည် သွေးလမင်းကုန်းမြေဘက်မှ ကောင်းကင်နတ်ဘုရား ယခုလေးတင် ထုတ်ဖော်ထားသော ကောင်းကင်နတ်ဘုရားကမ္ဘာပေါ်သို့ ကျရောက်သွားခဲ့၏။
"ဝုန်း.."
ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ သွေးရောင်တောက်ပနေသော ကောင်းကင်နတ်ဘုရား ကမ္ဘာသည် လေထဲတွင် တစ်ခဏအတွင်း ပေါက်ကွဲထွက်သွားခဲ့၏။
အခန်း(၁၆၅၀)ပြီး၏။