လျှို့ဝှက်ဆန်းကြယ်သော လမ်းညွှန်မှု
Vol. 200 Ch. 2988
သိုင်းတာအိုပင်မခန္ဓာထံမှ စကားတစ်ခွန်းနှင့်အတူ ငရဲအရှင်ခုနှစ်ဦးက ရင်ထဲမှာ ဗြောင်းဆန်သွားကြလေသည်။
ထိုသို့ဖြစ်ရသည့်အတွက် သူတို့ကို အပြစ်မတင်နိုင်ပေ။ ထိုစကားလုံးများက အရမ်းကို ကြောက်စရာကောင်းလွန်းနေ၏။
ပကတိလောကများကို ပိုင်ဆိုင်ထားသည်က မည်ကဲ့သို့သော ပုဂ္ဂိုလ်များလဲ။
အစစ်အမှန်ဧကရာဇ်ပညာရှင်များ။
ဒါ့အပြင် ထိုသူများသည် အထွတ်အထိပ်ဧကရာဇ်ပညာရှင်များဖြစ်သည်။ သို့သော်လည်း အထွတ်အထိပ်ဧကရာဇ်ပညာရှင်များပင် အထီးကျန်သိုင်းသခင်၏ သတ်ဖြတ်ခြင်းခံခဲ့ရသည်။
သူတို့သည် သိုင်းတာအိုပင်မခန္ဓာကို တိုက်ခိုက်ရဲသည့် အကြောင်းအရင်းမှာ သူတို့၏ ဧကရာဇ်တစ်ပိုင်း တိုက်ခိုက်ရည်ခွန်အားကြောင့်ဖြစ်သည်။ သို့သော် ယခု သူတို့ ဧကရာဇ်တစ်ပိုင်းဖြစ်လာသည့်အကြောင်းအရင်းမှာ အထီးကျန်သိုင်းသခင်သည် အမှုမဲ့အမှတ်မဲ့အနေဖြင့် သူတို့အား အခွင့်အလမ်းတစ်ခုကို ပေးခဲ့မိသောကြောင့်ဖြစ်သည်ကို လူတိုင်းက ရုတ်တရက်သိရှိလိုက်ရသည်။
တိုက်ပွဲမစတင်ခင်မှာပင် လူတိုင်း၏ သတ္တိများက ပျောက်ဆုံးသွားပြီး သူတို့က ရှေ့မတိုးနိုင် နောက်မဆုတ်နိုင်ဖြစ်နေကြ၏။
ငရဲအရှင် ညှင်းပန်းနှိပ်စက်စိမ့်စမ်းက အခြေအနေမကောင်းတော့သည်ကို တွေ့မြင်သောအခါ ဤတိုင်းသာ ဆက်သွားလျှင် သိုင်းတာအိုပင်မခန္ဓာက တိုက်ခိုက်စရာပင်မလိုဘဲ သူတို့က လဲပြိုကျသွားပေလိမ့်မည်။
“အားလုံးပဲ သူ့ရဲ့ ပေါက်တတ်ကရစကားကို နားထောင်မနေကြနဲ့”
ငရဲအရှင်ညှင်းပန််းနှိပ်စက်စိမ့်စမ်းက လေးနက်သောအသံဖြင့် ပြောလိုက်၏။
“ငရဲအရှင်ထွက်ခွာမသွားခင်က သူ့ရဲ့တိုက်ခိုက်ရည်ခွန်အားက ဧကရာဇ်နယ်ပယ်ကို မရောက်ရှိသေးဘူး… အခု နှစ်ထောင်ဂဏန်းတချို့ပဲကြာသေးတယ်… သူက အထွတ်အထိပ်ဧကရာဇ်တစ်ပါးကို သတ်ဖြတ်နိုင်တဲ့အဆင့်ထိ ဘယ်လိုလုပ်ရောက်ရှိနိုင်ပါဦးမလဲ”
“အဲဒါ အမှန်ပဲ”
ငရဲအရှင်ယင်စိမ့်စမ်းကလည်း ကျယ်လောင်စွာပြောလိုက်၏။
“သူ့ရဲ့စကားတွေက ဟာကွက်တွေနဲ့ပြည့်နေတယ်… အဲဒါ သူက ငရဲအရှင်အဖြစ် ဟန်ဆောင်နေတယ်ဆိုတာကို သက်သေပြနေတာပဲ”
“ငါတို့တွေက ပိုင်နက်နယ်မြေတွေကို အုပ်စိုးနေတဲ့ ငရဲအရှင်တွေပဲ… မင်းရဲ့သာမန်ကာလျှံကာစကားတစ်ခွန်းနဲ့ ငါတို့ကို ခြိမ်းခြောက်နိုင်မယ်ထင်ရင် မင်းက ရိုးအလွန်းနေတာပဲ”
ငရဲအရှင်ခုနှစ်ဦးက တဖြည်းဖြည်းတည်ငြိမ်လာကြ၏။
သို့သော်လည်း အခြားသောဧကရာဇ်တစ်ပိုင်းပညာရှင်ဆယ်ဦးကျော်က တွေဝေတုံ့ဆိုင်းနေကြဆဲဖြစ်၏။ ငရဲအရှင် ညှင်းပန်းနှိပ်စက်စိမ့်စမ်းက တစ်ချက်ဝေ့ကြည့်ပြီးနောက် လှောင်ရယ်လိုက်၏။
“မင်းတို့တွေက ဒီနေ့ သူ့ရဲ့စကားတစ်ခွန်းနဲ့ ကြောက်လန့်သွားမယ်ဆိုရင် မင်းတို့က သေချာပေါက် မျက်နှာပျက်ရလိမ့်မယ်… မင်းတို့က နောက်ပိုင်းငရဲကမ္ဘာမှာ ရယ်စရာဟာသတွေ ဖြစ်လာကြလိမ့်မယ်”
ဧကရာဇ်တစ်ပိုင်းပညာရှင်များက ထိုစကားကိုကြားသောအခါ သူတို့ကလည်း ရှက်ရွံ့လာကြလေသည်။ သူတို့က သူတို့၏ ဧကရာဇ်တစ်ပိုင်းကောင်းကင်လိုဏ်ဂူများကို တောက်တစ်ဖန် မြှောက်တင်ပြီး သိုင်းတာအိုပင်မခန္ဓာကို ခပ်စိမ်းစိမ်းစိုက်ကြည့်ကာ တိုက်ခိုက်ဖို့ အဆင်သင့်ဖြစ်လာကြ၏။
သိုင်းတာအိုပင်မခန္ဓာက သူ၏ ဘေးပတ်လည်မှ ဧကရာဇ်တစ်ပိုင်းပညာရှင်နှစ်ဆယ်ကျော်ကို တစ်ချက်လှည့်ကြည့်လိုက်၏။ သူ၏ အကြည့်က တည်ငြိမ်နေပြီး ဖြည်းဖြည်းချင်းပြောလိုက်၏။
“မင်းတို့အသက်ကို ဆုံးရှုံးရတာထက်စာရင် မျက်နှာပျက်ရတာက ပိုကောင်းလိမ့်မယ်”
မဟာအရိုင်းကမ္ဘာမှာတုန်းက သူသည် အစစ်အမှန်ဧကရာဇ်တိုက်ပွဲကို တွေ့ကြုံဆင်နွှဲထားပြီး အန္တိမဧကရာဇ်များနှင့် အထွတ်အထိပ်ဧကရာဇ်များနှင့်ပင် ရင်ဆိုင်ခဲ့ရလေသည်။ သူသည် သူ၏ ဘေးပတ်လည်မှ ဧကရာဇ်တစ်ပိုင်းပညာရှင်နှစ်ဆယ်ကျော်ကို တွေ့မြင်သောအခါ သူက တကယ်ပင် စိတ်ဝင်စားမှုမရှိပေ။
တကယ်ဆို သိုင်းတာအိုပင်မခန္ဓာက တိုက်ခိုက်ခြင်းပင်မရှိပေ။ သူက မှင်သေသေဖြင့် သူတို့ကို တစ်ချက်သာကြည့်ပြီး စိတ်ဖြင့်စေညွှန်လိုက်၏။
ရုတ်တရက် ဧကရာဇ်တစ်ပိုင်းပညာရှင်နှစ်ဆယ်၏ ခန္ဓာကိုယ်များထဲကနေ အပူလှိုင်းတစ်ခု ထွက်ပေါ်လာ၏။
ရွှစ်…
သူတို့မတုံ့ပြန်နိုင်ခင်မှာပင် နီရဲနေသော မီးတောက်များက သူတို့၏ ခန္ဓာကိုယ်များကနေ ပစ်လွင့်ထွက်ပေါ်လာပြီး သူတို့၏ ဝိညာဉ်များက လောင်ကျွမ်းလာခဲ့၏။ သူတို့၏ အသားများက အနီရောင်ကြာပန်းများကဲ့သို့ အက်ကွဲသွားပြီး သူတို့၏ ဒွာရခုနှစ်ပေါက်ကနေ မီးတောက်များက လျှံထွက်လာ၏။
ဤဧကရာဇ်တစ်ပိုင်းပညာရှင်များ၏ ကောင်းကင်လိုဏ်ဂူများက ပြင်းထန်ကြမ်းတမ်းစွာ လောင်ကျွမ်းခံရပြီး ချက်ချင်းပင်နီရဲလာခဲ့၏။
အသက်ရှူချိန်အနည်းငယ်မှာပင် သူတို့သည် ဆက်လက်၍ တောင့်မခံနိုင်တော့ဘဲ လုံးဝကို လဲပြိုကျသွားကြသည်။
သိုင်းတာအိုပင်မခန္ဓာထိန်းချုပ်ထားသည့် အန္တိမမီးတောက်ခြောက်ခု၏ စွမ်းအားသည် ဆက်လက်၍ မြင့်တက်လာခဲ့၏။
သူ့ကျင့်ကြံမှုနယ်ပယ်အရ ဘေးပတ်လည်မှာရှိသော ဧကရာဇ်တစ်ပိုင်းများသည် သူ၏ မီးတောက်တစ်ခုကိုပင် မခုခံနိုင်ပေ။
“အား.. အား..အား”
လူတိုင်း၏ ရှေ့မှောက်မှာပင် ဧကရာဇ်တစ်ပိုင်းပညာရှင်နှစ်ဆယ်က အနီရောင်ကြာပန်းကြမ္မာမီးဖြင့် လောင်ကျွမ်းခံရပြီး စူးစူးဝါးဝါးအော်ဟစ်လိုက်ကြ၏။
သူတို့က မည်သို့ပင် လှုပ်ရှားရုန်းကန်သည်ဖြစ်စေ သူတို့သည် အနီရောင်ကြာပန်းကြမ္မာမီး၏ သတ်ဖြတ်စွမ်းအားကနေ ရုန်းမထွက်နိုင်ကြပေ။
အနီရောင်ကြာပန်းကြာမ္မာမီးသည် အကုသိုလ်ကမ္မများအားလုံးကို လောင်ကျွမ်းစေနိုင်သည်။ ကမ္မဖြင့်စွန်းထင်းမခံရဘဲ အကုသိုလ်ကမ္မဖြင့် ကင်းလွတ်နေသည့် ထိုသူများကသာ လုံးဝထိခိုက်မှုရှိလိမ့်မည် မဟုတ်ပေ။
ဤမြင်ကွင်းသည် ဘီလီယံနှင့်ချီသော ငရဲသက်ရှိများအပေါ် ကြီးမားသည့် ထိုးနှက်ချက်တစ်ခု ဖြစ်လာခဲ့၏။ အစကနေ ယခုအချိန်ထိ သိုင်းတာအိုပင်မခန္ဓာက သူ၏ လက်ချောင်းတစ်ချောင်းကိုပင် လှုပ်ရှားခဲ့ခြင်းမရှိပေ။ သို့သော်လည်း ဧကရာဇ်တစ်ပိုင်းနှစ်ဆယ်က အသက်ရှူချိန်အနည်းငယ်အတွင်းမှာ အလောင်းပင်မကျန်အောင် လောင်ကျွမ်းပြာကျသွားလေသည်။
အရင်တုန်းက ငရဲအရှင်ပင်လျှင် ယခုသူ့နှင့်ယှဉ်လျှင် များစွာကွာခြားတော့မည် မဟုတ်ပေ။
ပြီးခဲ့သည့်ဆယ်နှစ်မှာ သားရဲဧကရာဇ်ဦးချိုစံအိမ်၏ လောကအပိုင်းအစများကို ရရှိပြီး ဧကရာဇ်တစ်ပိုင်းနယ်ပယ်သို့ တက်လှမ်းလာခဲ့သည့် ငရဲဘုရင်ပညာရှင်များက ယခုသေဆုံးသွားသော ဆယ်ဦးထက် မကပေ။
အနီးနားမှာ ပုန်းလျှိုးချောင်းမြောင်းကာ ပေါ်ထွက်လာမည့်ရလဒ်ကို စောင့်ဆိုင်းနေသည့် ဧကရာဇ်တစ်ပိုင်းပညာရှင်သုံးဆယ်ကျော်ရှိနေဆဲဖြစ်၏။
သူတို့က ထိုသည်ကို တွေ့မြင်သောအခါ ဧကရာဇ်တစ်ပိုင်းပညာရှင်သုံးဆယ်ကျော်ကျော်က တွေဝေတုံ့ဆိုင်းမနေရဲတော့ဘဲ တစ်ယောက်ပြီးတစ်ယောက် ပေါ်ထွက်လာကြ၏။ သူတို့က ဆီးနှင်းစိမ့်စမ်းငရဲ၏ ပင်မခန်းမရှေ့သို့ ရောက်ရှိလာပြီး သိုင်းတာအိုပင်မခန္ဓာဘက်သို့ ဒူးထောက်ချလိုက်ကြ၏။
“နှုတ်ဆက်ပါတယ်အရှင်”
ဧကရာဇ်တစ်ပိုင်းသုံးဆယ်ကျော်ကျော်က ဦးညွှတ်ပြီး သူတို့၏ အရှင်ကို အသိအမှတ်ပြုလိုက်ကြ၏။
ဘီလီယံနှင့်ချီသော ငရဲသက်ရှိများကလည်း ထိတ်လန့်တကြားအမူအရာများဖြင့် မြေပြင်ပေါ်မှာ ဒူးထောက်ချလိုက်ကြ၏။
သိုင်းတာအိုပင်မခန္ဓာက သူတို့ကို လျစ်လျူရှုထား၏။ သူက တစ်စုံတစ်ရာကို ရှာဖွေတွေ့ရှိသွားပုံရပြီး အလေးအနက်စဉ်းစားတွေးတောနေ၏။
စောစောက သူသည် ဧကရာဇ်တစ်ပိုင်းပညာရှင်နှစ်ဆယ်ထံမှာ အနီရောင်ကြာပန်းကြမ္မာမီးကို ထွန်းညှိခဲ့စဉ် အနီရောင်ကြာပန်းကြမ္မာမီး၏ မီးတောက်များက အနည်းငယ်တိမ်းညွှတ်နေခဲ့၏။
သိုင်းတာအိုပင်မခန္ဓာက သူ၏ လက်ချောင်းတစ်ချောင်းကို ဆန့်ထုတ်ပြီး ၎င်းပေါ်မှာ အနီရောင်ကြာပန်းကြမ္မာမီးကို ထွန်းညှိလိုက်၏။
မီးတောက်က အရပ်တစ်ဘက်သို့ ထူးခြားသောစွမ်းအားတစ်ခုဖြင့် လမ်းညွှန်ခံနေရသည့်အလား အနည်းငယ်တိမ်းစောင်းနေ၏။
ထိုသည်က ငရဲဆီးနှင်းစိမ့်စမ်းရှိရာဘက်သို့ ဖြစ်လေသည်။
သိုင်းတာအိုပင်မခန္ဓာသည် ဤနေရာမှာ အနီရောင်ကြာပန်းကြမ္မာမီးကို နောက်ဆုံးအကြိမ်ထုတ်ဖော်ခဲ့စဉ်က ဤကဲ့သို့သော အရာ မဖြစ်ပွားခဲ့ပေ။
သို့သော်လည်း အနီရောင်ကြာပန်းကြမ္မာမီးသည် တမလွန်ချီကို လောင်ကျွမ်းခဲ့ပြီးနောက် ၎င်း၏ စွမ်းအားကလည်း တိုးလာပေလိမ့်မည်။
ယခု သူ၏ ကျင့်ကြံမှုက တိုးမြင့်လာပြီး အနီရောင်ကြာပန်းကြမ္မာမီး၏ စွမ်းအားကလည်း မြင့်တက်လာသောကြောင့် ဖြစ်နိုင်လေသည်။
သို့သော်လည်း ဤလျှို့ဝှက်ဆန်းကြယ်သော စွမ်းအားသည် အနီရောင်ကြာပန်းကြမ္မာမီးကို ဘာအတွက်လမ်းညွှန်ပေးနေတာလဲ။
ငရဲဆီးနှင်းစိမ့်စမ်း၏ အရင်းအမြစ်များဖြစ်နေမလား။
ငရဲဆီးနှင်းစိမ့်စမ်းမှာ ဤကဲ့သို့သော သွင်ပြင်လက္ခဏာတစ်ရပ်ရှိသည်ဟု ငရဲကမ္ဘာမှ မှတ်တမ်းများမှာ ဖော်ပြထားပုံမရပေ။
သို့မဟုတ် ထိုလမ်းညွှန်စွမ်းအား၏ အရင်းအမြစ်သည် ငရဲဆီးနှင်းစိမ့်စမ်း၏ အရင်းအမြစ် တမလွန်မြစ်များ ဖြစ်နိုင်မလား။
သိုင်းတာအိုပင်မခန္ဓာက အတန်ကြာအောင်စဉ်းစားတွေးတောပြီးနောက် လောလောဆယ်မှာ သူ၏ သိချင်စိတ်ကို ဖိနှိမ်လိုက်၏။
တမလွန်မြစ်၏ အဆုံးမှာ မဟာအကြောက်မက်ဖွယ်ရာတစ်ခုရှိသည်ဟု တျဲယွဲ့က သူ့ကို တစ်ခါပြောခဲ့ဖူးလေသည်။
တျဲယွဲ့ပင် ဤမျှအထိ စိုးရိမ်ပူပန်ရသည်ဆိုလျှင် သူ့အနေဖြင့် ထိုအန္တရာယ်အတွက် ယခုအချိန်မှာ စွန့်စားဖို့မလိုအပ်ပေ။
အရေးကြီးဆုံးအရာမှာ ဧကရာဇ်နယ်ပယ်သို့ တက်လှမ်းရန် စိမ့်စမ်းကိုးခု ငရဲသုတ္တန်ကို ကျင့်ကြံပြီး တစ်ချိန်တည်းမှာပင် လောကအပိုင်းအစများစွာကို စုပ်ယူသန့်စင်ဖို့ဖြစ်လေသည်။
သိုင်းတာအိုပင်မခန္ဓာ၏ စိတ်က အခြားတစ်နေရာကို ရောက်ရှိနေပြီး သူ၏ တခြားအရာများနှင့်ပတ်သက်၍ စဉ်းစာတွေးတောနေသည့်အလားပင်။
ဧကရာဇ်တစ်ပိုင်းသုံးဆယ်ကျော်ကျော်နှင့် ဘီလီယံနှင့်ချီသော ငရဲသက်ရှိများက မြေပြင်ပေါ်မှာ ဒူးထောက်နေပြီး လုံးဝမလှုပ်ရှားရဲကြပေ။ သူတို့က ရင်တလှပ်လှပ်ခံစားနေရပြီး တိတ်တဆိတ်ညှင်းပန်းနှိပ်စက်မှုကို တွေ့ကြုံခံစားနေရ၏။
ငရဲအရှင်က မည်သည့်အရာကို တွေးနေသည်ကို ဘယ်သူသိပါ့မလဲ။
သူ့အနေဖြင့် တစ်ခုခုကို အလိုမကျဖြစ်နေပြီး သူတို့အပေါ် သူ၏ အမျက်ဒေါသများ ပုံချလာဖို့ မဖြစ်နိုင်သည် မဟုတ်ပေ။
သိုင်းတာအိုပင်မခန္ဓာကငြိမ်သက်နေလေလေ ဤလူအုပ်စုက ပို၍ ကြောက်လန့်လာလေဖြစ်ပြီး သူတို့၏ အတွေးရိုင်းများက ခုန်ပေါက်ပြေးလွှားနေ၏။
“အရှင်”
ငရဲအရှင်ခါးသက်စိမ့်စမ်းက ဘေးကနေ ညင်သာစွာအော်ခေါ်လိုက်၏။
“အမ်း..”
သိုင်းတာအိုပင်မခန္ဓာက ငေးငိုင်နေရာကနေ နိုးထလာခဲ့၏။
“သူတို့တွေက…”
ငရဲအရှင်ခါးသက်စိမ့်စမ်းက မြေပြင်ပေါ်မှာ ဒူးထောက်နေသော ငရဲသက်ရှိများကို လက်ညှိုးထိုးပြီး အကဲစမ်းမေးမြန်းလိုက်၏။
“အဲဒီလူတွေက အမှားကို ကျူးလွန်ခဲ့တယ်ဆိုပေမဲ့ သူတို့ရဲ့ ပြစ်မှုက သေလောက်အောင်တော့ မဟုတ်ဘူးထင်ပါတယ်… သူတို့ကို ခင်ဗျားရဲ့ ဘေးမှာထားမယ်ဆိုရင် သူတို့က ကြီးမားတဲ့အထောက်အကူတစ်ခု ဖြစ်လာနိုင်ပါလိမ့်မယ်… သူတို့ကို အခွင့်အရေးတစ်ခုပေးရင် မကောင်းဘူးလား”
“ထကြ”
သိုင်းတာအိုပင်မခန္ဓာက ခေါင်းညိတ်ပြလိုက်၏။ သူ့မှာ အစကတည်းက လူတိုင်းကို သတ်ဖြတ်ဖို့စိတ်ကူးမရှိပေ။ သူတို့သည် လွတ်ငြိမ်းချမ်းသာခွင့်ရရှိသွားသည့်အလား လူတိုင်းက စိတ်သက်သာစွာ သက်ပြင်းချလိုက်ကြ၏။ သို့သော်လည်း သူတို့က ချက်ချင်း ထမလာရဲသေးပေ။
သိုင်းတာအိုပင်မခန္ဓာက ဧကရာဇ်တစ်ပိုင်းသုံးဆယ်ကျော်နှင့် ဘီလီယံနှင့်ချီသော ငရဲသက်ရှိများကို ကြည့်ပြီး ဖြည်းဖြည်းချင်းပြောလိုက်၏။
“မင်းတို့တွေက ငါ့ကို မင်းတို့ရဲ့အရှင်အဖြစ် အသိအမှတ်ပြုလိုမယ်ဆိုရင် ငါက အနာဂတ်မှာ မင်းတို့ကို ပိုမိုကြီးမားတဲ့ အခွင့်အလမ်းတွေပေးနိုင်တယ်… မင်းတို့တွေက အသိအမှတ်မပြုလိုဘူးဆိုရင် အခု ထွက်သွားလို့ရတယ်”
ဧကရာဇ်တစ်ပိုင်းပညာရှင်သုံးဆယ်ကျော်ကျော်က ထိုစကားကိုကြားသောအခါ စိတ်အားမာန်တက်ကြွလာကြ၏။ သိုင်းတာအိုပင်မခန္ဓာသည် အထွတ်အထိပ်ဧကရာဇ်တစ်ပါးကို သတ်ဖြတ်ပြီးနောက် အမှတ်တမဲ့ကျဆင်းလာခဲ့သည့် လောကအပိုင်းအစများသည် သူတို့ကို ဧကရာဇ်တစ်ပိုင်းပညာရှင်များ ဖြစ်လာစေသည့်အထိ လုံလောက်ခဲ့လေသည်။
သူတို့က ပိုမိုကြီးမားသည့် အခွင့်အလမ်းများကို ရရှိသည်ဆိုလျှင် ဘယ်သူက အဲဒါကို မတပ်မက်ဘဲနေပါ့မလဲ။
“အရှင် ကျုပ်တို့တွေက သေသည့်တိုင်အောင် ခင်ဗျားနောက်ကို လိုက်လိုပါတယ်… ကျုပ်တို့က ခင်ဗျားကိုသစ္စာဖောက်ခဲ့မယ်ဆိုရင် ကောင်းကင်ဘုံက ကျုပ်တို့ကို ဖျက်ဆီးပစ်ပါစေ”
ဧကရာဇ်တစ်ပိုင်းပညာရှင်သုံးဆယ်ကျော်ကျော်က တစ်ပြိုင်နက်တည်းပြောဆိုလိုက်ကြပြီး ဘီလီယံနှင့်ချီသော ငရဲသက်ရှိများ၏ အသံများကလည်း ဟိန်းထွက်လာခဲ့၏။
ငရဲအရှင်ခါးသက်စိမ့်စမ်းက ထိုသည်ကို တွေ့မြင်သောအခါ သူ့မှာ မျှော်လင့်ချက်ကင်းမဲ့သော အမူအရာတစ်ခု ရှိလာခဲ့၏။
သူ့မှာ ဘဝသက်တမ်းများစွာ မကျန်ရှိတော့ပေ။ အခွင့်အလမ်းတစ်ခုခုရှိနေမည်ဆိုလျှင်တောင် အဲဒါက သူနှင့် သက်ဆိုင်မှုမရှိတော့ပေ။