ထွက်ပေါက်
Vol. 200 Ch. 2989
သိုင်းတာအိုပင်မခန္ဓာက ထန်ခုန်းနှင့် ငရဲအရှင်ခါးသက်စိမ့်စမ်းကို လှည့်ကြည့်ပြီး ညင်သာစွာ ခေါင်းညိတ်ပြလိုက်၏။
“ဒီကိစ္စအတွက် မင်းတို့ကို ကျေးဇူးတင်ပါတယ်”
ငရဲအရှင်ခါးသက်စိမ့်စမ်းနှင့် ထန်ခုန်း၏ မဆုတ်မနစ် ကာကွယ်ပေးမှုမရှိဘဲ ကြင်ရာတော်ယုက ယခုအချိန်ထိ ရှင်သန်နိုင်လိမ့်မည် မဟုတ်သည်ကို သူပြောနိုင်နေသည်။
ထန်ခုန်းက ပြုံးပြလိုက်၏။
“အရှင်... ခင်ဗျားက ကျုပ်တို့ကို မြင့်မြင့်မားမား သတ်မှတ်ပြီး ပြောဆိုနေတာပဲ… ဒါက ကျုပ်တို့ရဲ့ တာဝန်ပါ”
ငရဲအရှင်ခါးသက်စိမ့်စမ်းကလည်း ပြုံးပြလိုက်၏။
“ကျုပ်မှာ ဘဝသက်တမ်း များများစားစား မကျန်တော့ဘူး… အခု အရှင်ပြန်ရောက်လာပြီး ငရဲကို ထိန်းသိမ်းစောင့်ရှောက်ပေးနေတာမြင်တော့ ကျုပ်က အေးအေးချမ်းချမ်း ထွက်သွားနိုင်ပါပြီ”
သိုင်းတာအိုပင်မခန္ဓာက ငရဲအရှင်ခါးသက်စိမ့်စမ်း၏ ပခုံးကို ညင်သာစွာပုတ်ပြီး အေးဆေးတည်ငြိမ်စွာ ပြောလိုက်၏။
“ငါရှိနေသရွေ့ မင်းသေမှာ မဟုတ်သေးပါဘူး”
“အမ်…”
ငရဲအရှင်ခါးသက်စိမ့်စမ်းက အနည်းငယ်မှင်တက်သွားပြီး သိုင်းတာအိုပင်မခန္ဓာ ဆိုလိုသည့်အရာကို နားမလည်ပေ။ သူက တွေဝေတုံ့ဆိုင်းစွာဖြင့် ပြောလိုက်၏။
“ကျုပ်မှာ အသက်ရှင်နေထိုင်ဖို့အတွက် နှစ်ထောင်ဂဏန်းတချို့ပဲ ကျန်တော့မယ် ထင်တယ်”
ကောင်းကင်လိုဏ်ဂူဘုရင်များမှာ ဘဝသက်တမ်း နှစ်တစ်သန်းရှိလေသည်။
ဧကရာဇ်တစ်ပိုင်းပညာရှင်များက ဧကရာဇ်နယ်ပယ်သို့ အမှန်တကယ် မဝင်ရောက်သော်လည်း သူတို့၏ ဘဝသက်တမ်းက ကြီးမားစွာ မြင့်တက်လာပြီး နှစ်နှစ်သန်းကနေ နှစ်သုံးသန်းအထိ ရောက်ရှိနိုင်ကြ၏။
နှစ်ပေါင်းထောင်ချီက ရှည်ကြာသည်ဟု ထင်ရသော်လည်း ဘဝသက်တမ်း နှစ်သုံးသန်းရှိသော ဧကရာဇ်တစ်ပိုင်းများအတွက် တစ်ခဏသာ ဖြစ်လေသည်။
သိုင်းတာအိုပင်မခန္ဓာက ပြောလိုက်၏။
“မပူပါနဲ့… နှစ်ထောင်ဂဏန်းတချို့ဆိုရင် လုံလောက်ပါတယ်”
သိုင်းတာအိုပင်မခန္ဓာက အဲဒါနှင့်ပတ်သက်၍ ရှင်းရှင်းလင်းလင်း ပြောဆိုခြင်းမရှိပေ။
သူ့မှာ ငရဲအရှင်ခါးသက်စိမ့်စမ်းနှင့် အခြားသူများကို အခွင့်အလမ်းတစ်ခုပေးဖို့ နည်းလမ်းတစ်ခု တကယ်ပင် ရှိနေ၏။ သို့သော်လည်း ယခုက အချိန်မကျသေးပေ။
ငရဲအရှင်ခါးသက်စိမ့်စမ်းသည် သိုင်းတာအိုပင်မခန္ဓာက သူ့ကို ဟာသလုပ် ပြောဆိုနေခြင်း မဟုတ်သည့်အလား… သူ၏ လေသံက တည်ကြည်ခိုင်မာနေသည်ကို တွေ့မြင်ရသောအခါ သူ၏ အတွေးရိုင်းများက ခုန်ပေါက်ပြေးလွှားသွားလေသည်။
သူ့မှာ ဘဝသက်တမ်း နှစ်ထောင်ဂဏန်းတချို့သာ ကျန်တော့လေသည်။ သူက မသေလိုဘူးဆိုလျှင် ဖြစ်နိုင်ခြေတစ်ခုသာ ရှိလေသည်။ သူက ဧကရာဇ်နယ်ပယ်သို့ ဝင်ရောက်ရပေမည်။
ဧကရာဇ်နယ်ပယ်သို့ ဝင်ရောက်ပြီး သူ၏ ဘဝသက်တမ်းက ဆပွားမြင့်တက်လာပြီးမှသာ သူက အသက်ရှင်နိုင်မည်ဖြစ်သည်။
သို့သော်လည်း ငရဲကမ္ဘာ၏ လောကက ကြေမွပျက်စီးနေပြီး ၎င်း၏ နိယာမများက ပြည့်စုံမှု မရှိတော့ပေ။ သူသည် ဧကရာဇ်တစ်ပိုင်းအဆင့်မှာ ရပ်တန့်နေခဲ့သည်မှာ နှစ်နှစ်သန်းကြာသွားခဲ့ပြီဖြစ်ပြီး ဧကရာဇ်နယ်ပယ်သို့ လုံးဝမတက်လှမ်းနိုင်တော့ပေ။
ငရဲအရှင်က သူ့ကို ဧကရာဇ်နယ်ပယ်သို့ တက်လှမ်းပြီး အစစ်အမှန်ဧကရာဇ်တစ်ပါး တကယ်ပင် ဖြစ်လာစေနိုင်မှာလား။
ထိုသို့အတွေးဖြင့် ငရဲအရှင်ခါးသက်စိမ့်စမ်း၏ နှစ်ပေါင်းများစွာ ငြိမ်သက်နေခဲ့သော နှလုံးက နောက်တစ်ဖန် လှုပ်ခတ်လာခဲ့၏။
သိုင်းတာအိုပင်မခန္ဓာက ငရဲအရှင်ခါးသက်စိမ့်စမ်းနှင့် ထန်ခုန်းကိုကြည့်ပြီး လေးနက်သောအသံဖြင့် ပြောလိုက်၏။
“ငါက လောလောဆယ် အချိန်တစ်ခုကြာအောင် ငရဲကမ္ဘာမှာ တံခါးပိတ်ကျင့်ကြံဖို့ ပြင်ထားတယ်… လောလောဆယ် ဒီနေရာကို မင်းတို့နဲ့ပဲ လွှဲထားရဦးမယ်”
ငရဲအရှင်ခါးသက်စိမ့်စမ်းနှင့် ထန်ခုန်းက သဘောတူနာခံစွာဖြင့် ဦးညွှတ်လိုက်ကြ၏။
ဧကရာဇ်မိုးပြာရောင်မီးတောက်သည် တစ်ကျော့ပြန်လာမည်ဟု ထုတ်ဖော်ကြေညာခဲ့၏။ အဲဒါသည် နှစ်ရာဂဏန်းတစ်ချို့သာ ကြာလိမ့်မည်ဟု တျဲယွဲ့က ခန့်မှန်းချက်ထုတ်ထားပြီး အချိန်က အပူတပြင်းနိုင်နေ၏။
သိုင်းတာအိုပင်မခန္ဓာသည် ကြင်ရာတော်ယုနှင့် စကားအနည်းငယ် ပြောဆိုပြီးနောက် စိမ့်စမ်းကိုးခုငရဲသုတ္တန်၏ ကျန်ရှိနေသော အတွဲခုနစ်တွဲကို ကျင့်ကြံရန် သူက တခြားသော ငရဲခုနစ်ခုဆီသို့ ဦးတည်လိုက်လေသည်။
ပန်းကမ္ဘာ၊ အစိမ်းရောင်ကြာပန်းကြယ်ပေါ်မှာ…
ပြီးခဲ့သည့် ဆယ်နှစ်အတွင်း သိုင်းတာအိုပင်မခန္ဓာနှင့် တျဲယွဲ့သည် တာအိုအကြောင်းကို ဆွေးနွေးခဲ့ပြီး မဟာအရိုင်းကမ္ဘာမှာ ထိတွေ့ဆက်ဆံခဲ့ကြ၏။
အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကလည်း ဤနေရာမှာ သူ၏ တံခါးပိတ်ကျင့်ကြံမှုကနေ အကျိုးအမြတ်ကြီးမားစွာ ရရှိခဲ့၏။
သို့သော်လည်း သိုင်းတာအိုပင်မခန္ဓာက ငရဲသို့ ဝင်ရောက်သွားပြီးနောက် အစစ်အမှန်ခန္ဓာနှစ်ခုကြား ဆက်သွယ်မှုက နောက်တစ်ဖန် ပြတ်တောက်သွားလေသည်။
ဆူဇီမိုသည် သူ၏ လိုဏ်ဂူခန်းဝါထဲမှာ တံခါးပိတ်ကျင့်ကြံရာကနေ တဖြည်းဖြည်းနိုးထလာ၏။
ပေမင်ရွှယ်နှင့် ရှောင်းယောင်ကို သူ့ဘေးသို့ ခေါ်ပြီးနောက် ဆူဇီမိုက ပြောလိုက်၏။
“အဆင်သင့်ပြင်ထားကြ… ငါ မင်းတို့ကို ဓားကမ္ဘာဆီ ခေါ်သွားပေးမယ်”
ပေမင်ရွှယ်က ကန့်ကွက်မှုမရှိဘဲ တည်ငြိမ်သောအမူအရာဖြင့် ခေါင်းညိတ်လိုက်၏။ သို့သော်လည်း ရှောင်းယောင်မှာ အခက်တွေ့နေသော အမူအရာတစ်ခုရှိပြီး သူက တွေဝေကာ ဝန်လေးနေပုံရ၏။
“ဘာလို့လဲ… ဘာကိစ္စများရှိလို့လဲ”
ဆူဇီမိုက ရှောင်းယောင်ကို အံ့အားသင့်စွာဖြင့်ကြည့်ပြီး မေးလိုက်၏။
ပေမင်ရွှယ်က ဘေးကနေ ညင်သာစွာ ပြုံးပြလိုက်၏။
“ဆရာ... ကျွန်မတို့ အတူတူပြန်ကြတာပေါ့… ရှောင်းယောင်ကိုတော့ သူ့ရဲ့ချစ်မမ မူလျန်ဆီမှာ ခဏနေခဲ့ပါစေဦး”
ရှောင်းယောင်က ထိုစကားကို ကြားသောအခါ သူ၏ မျက်နှာက နီမြန်းသွား၏။
ရှောင်းယောင်က မည်သည့်စကားမှမဆိုဘဲ ပေမင်ရွှယ်ကို ခပ်စိမ်းစိမ်းစိုက်ကြည့်နေ၏။ ပေမင်ရွှယ်က သူ၏ အတွေးများကို ထုတ်ဖော်လိုက်သည့်အတွက် သူက တိတ်တဆိတ် အလိုမကျဖြစ်နေသည့်အလားပင်။
“ဟမ်...”
ဆူဇီမိုက မှင်တက်သွား၏။ သူက ရှောင်းယောင်၏ ရှက်ကိုးရှက်ကန်းအမူအရာကို တွေ့မြင်သောအခါ ပေမင်ရွှယ်၏ စကားက လိမ်ညာနေခြင်းမဟုတ်သည်ကို သိရှိလိုက်၏။
ဤနှစ်များအားလုံးမှာ သူသည် အချိန်အများစုမှာ တံခါးပိတ်ကျင့်ကြံနေပြီး သူ၏ နလပိန်းတုံး ဤတပည့်ကို စိတ်အာရုံများစွာ မစိုက်မိခဲ့ပေ။ ရှောင်းယောင်နှင့် မူလျန်က ဤမျှအထိ လျင်မြန်စွာ အဆင့်တက်လာခဲ့ပြီလား။
ဆူဇီမိုက ပြုံး၍ မေးလိုက်၏။
“ငါ တံခါးပိတ်ကျင့်ကြံဖို့ မဝင်ရောက်ခင်တုန်းက မင်းတို့နှစ်ယောက်က တစ်ချိန်လုံးအတူရှိပြီး တာအိုကို ဆွေးနွေးပြီး လက်ရည်စမ်းနေတာကို ငါမှတ်မိပါသေးတယ်”
ပေမင်ရွှယ်က နှုတ်ခမ်းကို အနည်းငယ်မဲ့ကာ ပြောလိုက်၏။
“သူက ပထမတစ်နှစ်လောက်ပဲ ကျွန်မဘေးမှာ ရှိနေတာ… နောက်တော့ ဟိုစီနီယာအစ်မဆီ သူက အမြဲတမ်းသွားနေတော့တာပဲ… နောက်နှစ်အနည်းငယ်ကြာမှာ ကျွန်မ သူ့ကို တစ်ခါတွေ့ရဖို့တောင် မလွယ်တော့ဘူး”
“အဲ့လိုမဟုတ်ပါဘူး”
ရှောင်းယောင်က အိုးတိုးအမ်းတမ်းအမူအရာဖြင့် မကျေမနပ်ပြောလိုက်လေသည်။
မူလျန်သည် သူရဲကောင်းဆန်ပြီး မှန်ကန်ဖြောင့်မတ်သော လူတစ်ယောက်ဖြစ်၏။ ရှောင်းယောင်က သူမနှင့် တာအိုလက်တွဲဖော်များ ဖြစ်လာမည်ဆိုလျှင် ဆူဇီမိုက သူ့အတွက် ဝမ်းသာကျေနပ်မိပေလိမ့်မည်။
သို့သော်လည်း သူ၏ ရင်ထဲမှာ နောက်ထပ် စိုးရိမ်ပူပန်စရာ ရှိနေ၏။
အဲဒါသည် ပန်းကမ္ဘာကနေ သူထွက်ခွာလိုသည့် အကြောင်းအရင်းလည်း ဖြစ်လေသည်။
ဆူဇီမိုက ခဏမျှစဉ်းစားပြီး ပြောလိုက်၏။
“အင်မော်တယ်ဘုရင်မ ယိုလန် ဓားကမ္ဘာကို အလည်လာတုန်းက သူက တမလွန်ကပ်ဘေးအဆိပ်အကြောင်း ပြောခဲ့တာ မှတ်မိသေးလား”
ပေမင်ရွှယ်က ခေါင်းညိတ်ပြလိုက်၏။
ဆူဇီမိုက ပြောလိုက်သည်။
“အဲဒီအချိန်တုန်းက ပန်းကမ္ဘာရဲ့ ရေအရင်းအမြစ်များစွာက တမလွန်ကပ်ဘေးအဆိပ်နဲ့ အဆိပ်ခတ်ခံထားရပြီး ဘယ်သူကမှ အဲဒါကို သတိမထားမိခဲ့ဘူးလို့ အင်မော်တယ်ဘုရင်မ ယိုလန်က ပြောခဲ့တယ်… အဲဒီအချိန်တုန်းက အဲဒီတမလွန်ကပ်ဘေးအဆိပ်ကို ပန်းကမ္ဘာက တစ်ယောက်ယောက်က ဖြန့်ခဲ့တာ ဖြစ်နိုင်တယ်လို့ ငါထင်မြင်ယူဆမိခဲ့တယ်”
“နောက်ပြီး ပန်းကမ္ဘာမှာ အဲဒီလူရဲ့ အဆင့်အတန်းက သိပ်ပြီး နိမ့်ကျနေမှာ မဟုတ်ဘူး”
ထိုသံသယကြောင့်ပင် ပန်းကမ္ဘာသို့ ရောက်ရှိလာပြီးနောက် ဆူဇီမိုသည် ထိုအဆိပ်အသုံးပြုသူ၏ ပစ်မှတ်ထားခြင်းမှ ကာကွယ်ရန် သူတို့သုံးယောက်၏ အခြေအနေကို ဖုံးကွယ်ပေးထားဖို့ အင်မော်တယ်ဘုရင်မ ယိုလန်ကို မှာကြားခဲ့ခြင်းဖြစ်သည်။
“ပန်းကမ္ဘာက လူတွေက သူတို့ ကလန်သားအချင်းချင်း ဘာလို့ထိခိုက်အောင် လုပ်ချင်ရတာလဲ”
ရှောင်းယောင်က တွေဝေရှုပ်ထွေးစွာဖြင့် မေးလိုက်၏။
ဆူဇီမိုက တိတ်တဆိတ်ဖြင့် ခေါင်းခါပြလိုက်၏။
အဲဒါက သူ၏ ခန့်မှန်းချက်သာဖြစ်ပြီး တကယ်ပင် သက်သေအထောက်အထား မရှိပေ။
ဆူဇီမိုက ပြောလိုက်၏။
“ဘာပဲဖြစ်ဖြစ်… ရှောင်းယောင်… မင်း အစိမ်းရောင်ကြာပန်းကြယ်ပေါ်မှာ နေခဲ့ချင်တယ်ဆိုရင် မင်း နေရာတိုင်းမှာ သတိထားနေရမယ်… မင်းက မင်းရဲ့ မျိုးဆက်သွေးကို ဖုံးကွယ်ထားရုံတင် မကဘူး… မင်းက အမှောင်ထဲမှာ ပုန်းလျှိုးနေတဲ့ အန္တရာယ်တချို့ကိုလည်း အာရုံစိုက်ထားရမယ်”
ရှောင်းယောင်က ခေါင်းညိတ်ပြလိုက်၏။
ဆူဇီမိုက ခဏမျှ စဉ်းစားပြီးနောက် ရှောင်းယောင်အတွက် သတင်းပို့အဆောင်တစ်ခုကို ထုတ်ပေးလိုက်၏။
“မင်း တစ်စုံတစ်ရာ လွဲမှားနေတာကို အာရုံခံမိရင် တတ်နိုင်သမျှ မြန်မြန်ထွက်ပြေးဖို့ ကြိုးစား… မင်းက တကယ်ပဲ မလွတ်မြောက်နိုင်တော့ဘူးဆိုရင် ဒီသတင်းပို့အဆောင်ကို ဆုတ်ဖြဲလိုက်… အဲဒါဆိုရင် ငါသိလိမ့်မယ်”
“ကျေးဇူးတင်ပါတယ် ဆရာ”
ရှောင်းယောင်က မြေပြင်ပေါ်မှာ အလောတကြီး ဒူးထောက်ချပြီး ဆူဇီမိုကို ဦးညွှတ်လိုက်၏။
“ထတော့”
ဆူဇီမိုက ပြုံးပြပြီး သူ၏ အင်္ကျီလက်စကို ညင်သာစွာ လှုပ်ခါကာ ရှောင်းယောင်ကို ထူမပေးလိုက်၏။
ထို့နောက် သူက ပြင်ဆင်စရာရှိတာ ပြင်ဆင်ပြီး ပေမင်ရွှယ်ကို ခေါ်ကာ အင်မော်တယ်ဘုရင်မ ယိုလန်ကို နှုတ်ဆက်၍ ဓားကမ္ဘာဆီသို့ အင်မော်တယ်ယာဉ်ပျံကို မောင်းနှင်လိုက်၏။
ဆူဇီမိုသည် ကောင်းကင်လိုဏ်ဂူနယ်ပယ်သို့ ယခုအချိန်ထိ မတက်လှမ်းရသေးသော်လည်း သူက ယင်ယန်ကောင်းကင်လိုဏ်ဂူပုံရိပ်ယောင်၏ အကူအညီနှင့်အတူ လေဟာနယ်ကို ချိုးဖျက်ကာ အာကာသဥမင်ထဲသို့ ဝင်ရောက်နိုင်လေသည်။
ပြန်လာရာလမ်းမှာ…
ဆူဇီမိုက ပြောလိုက်၏။
“ငါ ဒီတစ်ခေါက် ပြန်ရောက်တဲ့အခါ ဓားကမ္ဘာကနေ ထွက်သွားရလိမ့်မယ်”
“ဓားကမ္ဘာကနေ ထွက်သွားဖို့လား”
ပေမင်ရွှယ်က ဆူဇီမိုကို တွေဝေရှုပ်ထွေးစွာ ကြည့်လိုက်၏။
ဆူဇီမိုသည် စိတ်ပြေလက်ပျောက် လမ်းလျှောက်ဖို့ ထွက်သွားမည့်အကြောင်း ပြောဆိုနေခြင်း မဟုတ်သည်ကို သူမ ပြောနိုင်လေသည်။
ဆူဇီမိုက ခေါင်းညိတ်ပြလိုက်၏။
“အရင်တုန်းက ငါ့ကို ဧကရာဇ် သံသရဖူက ဓားကမ္ဘာကို ဝင်ရောက်ဖို့ ဖိတ်ခေါ်ခဲ့တုန်းက ငါက တစ်နေ့မှာ ထွက်သွားမယ်လို့ သူ့ကို ပြောထားခဲ့တယ်”
တကယ်တော့ ဤသည်က ကောက်ခါငင်ခါ ပေါ်လာသော စိတ်ကူးတစ်ခု မဟုတ်ပေ။
လွန်ခဲ့သည့် အချိန်အတော်ကြာကတည်းက ဆူဇီမိုသည် အောက်ဘုံလောကမှာ သက်ရှိများအားလုံး သာတူညီမျှ ကျင့်ကြံနိုင်မည့် အဖွဲ့အစည်းတစ်ခု တည်ထောင်ဖို့ တွေးထားခဲ့ပြီးသား ဖြစ်သည်။
ထျန်ဟွမ်ဂိုဏ်းကို ထိုသဘောတရား၏ အောက်မှာ တည်ထောင်ခဲ့ခြင်းဖြစ်သည်။
သို့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ ထျန်ဟွမ်ကုန်းမြေတိုက်မှာ ကစဉ့်ကလျားအခြေအနေများ ပေါ်ထွက်လာ၏။ ဧကရာဇ်ပိုရွှင်းက သုခဘုံသန့်စင်ကုန်းမြေသို့ ဝင်ရောက်သွားပြီး မိစ္ဆာဧကရာဇ် ကမ္ဘာဖျက်ကပ်ဘေးက ပြန်လည်ရှင်သန်လာကာ အင်မော်တယ်ဧကရာဇ် အရုဏ်ဆည်းဆာက မိုးကောင်းကင်ကိုးလွှာ အင်မော်တယ်မဟာနယ်မြေမှာ အုပ်စိုးနေလေသည်။
အရိပ်လက္ခဏာတစ်ခုချင်းစီသည် ကောင်းကင်ဘုံကမ္ဘာက ကောင်းမွန်သောနေရာတစ်ခု ဆက်လက်၍ မဟုတ်တော့ဘူးဆိုတာကို ညွှန်ပြနေ၏။
ထျန်ဟွမ်ဂိုဏ်းက သေချာပေါက် ဆုတ်ခွာရပေလိမ့်မည်။
ဒါ့အပြင် ဧကရာဇ်ဂူသင်္ချိုင်းထဲမှာတုန်းက ဖြစ်ပေါ်လာမည့်ကပ်ဘေးကနေ ပါဝင်ပတ်သက်ခြင်းမရှိစေရန် တတ်နိုင်သမျှ ဝေးဝေးထွက်သွားဖို့ အင်မော်တယ်ဧကရာဇ် အရုဏ်ဆည်းဆာက သူ့ကို တစ်ခါပြောခဲ့ဖူးလေသည်။
အလယ်အလတ်ကမ္ဘာတစ်ထောင်လောကကို တိုက်ခတ်လာသည့် ကပ်ဘေးက ဖြစ်ပွားလာသည်နှင့် သိုင်းတာအိုပင်မခန္ဓာကလွဲလျှင် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာအပါအဝင် ထျန်ဟွမ်ကုန်းမြေတိုက်မှ သူ၏ မိတ်ဆွေဟောင်းများထဲ မည်သူကမှ ၎င်းကို ခုခံနိုင်လိမ့်မည် မဟုတ်ပေ။
ဆူဇီမိုသည် ထျန်ဟွမ်ကုန်းမြေတိုက်မှ ဤမိတ်ဆွေဟောင်းများအတွက် ထွက်လမ်းတစ်ခုကို ကြံဆဖို့အတွက် ထွက်ခွာရပေမည်။