တိုက်ပွဲအဆင့်သတ်မှတ်ချက်
Vol. 200 Ch. 2991
“ဘယ်သူလဲဟေ့”
အစိမ်းရောင်ဝတ်အမျိုးသားက နီညိုရောင်မျောက်ဝံကမ္ဘာသို့ ချဉ်းကပ်လာသည့်ခဏမှာပင် နီညိုရောင်မျောက်ဝံကမ္ဘာမှ ပကတိစိတ်ဝိညာဉ်ပညာရှင်နှစ်ဦးက ပေါ်ထွက်လာပြီး သူ၏ လမ်းကြောင်းကို ပိတ်ဆို့တားဆီးကာ အော်ငေါက်လိုက၏။
အစိမ်းရောင်ဝတ်အမျိုးသားက ပြုံး၍ သူ၏ လက်နှစ်ဖက်ကို ယှက်ပြလိုက်၏။
“ကျုပ်က ဆူဇီမို.. မိတ်ဆွေဟောင်းတစ်ယောက်ဆီကို အလည်လာတာပါ”
ဆူဇီမိုသည် ဤတစ်ခေါက် ဓားကမ္ဘာကနေ ထွက်ခွာ၍ နဝမမြောက်တောင်ထွတ်သခင်အဖြစ်ကနေ နှုတ်ထွက်ခဲ့ပြီးနောက် သူသည် သူ၏ သရုပ်သကန်ကို ဆက်လက်၍ ဖုံကွယ်ထားဖို့ စိတ်ကူးမရှိတော့ပေ။ ထိုအစား သူက သူ၏ နာမည်အရင်းကို ပြန်လည်အသုံးပြုလိုက်၏။
တစ်ဘက်မှာ သူ၏ ကျင့်ကြံမှုက တဖြည်းဖြည်းမြင့်မားလာပြီး သူသည် အတိုင်းအတာတစ်ခုထိ သူ့ကိုယ်သူ ကာကွယ်နိုင်သည့်ခွန်အားရှိလာသည်။
အခြားတစ်ဘက်မှာ သိုင်းတာအိုပင်မခန္ဓာ၏ ခွန်အားကြောင့်လည်းဖြစ်သည်။
“မိတ်ဆွေဟောင်းတစ်ဦးလား”
နီညိုရောင်မျောက်ဝံမျိုးနွယ်မှ ပကတိစိတ်ဝိညာ်နှစ်ဦးက မျက်မှောင်ကြုတ်ပြီး ဆူဇီမိုကို စေ့စေ့စပ်စပ်အကဲခတ်ကြည့်နေ၏။
အစိမ်းရောင်ဝတ်အမျိုးသားသည် ခရီးပန်းလာသည့်ပုံပေါ်ပြီး အဝေးကနေလာခဲ့ခြင်းဖြစ်ရပေမည်။
ပကတိစိတ်ဝိညာဥ်ပညာရှင်များသည် အဝေးကနေ ကြယ်တာရာကောင်းကင်ကိုဖြတ်ကျော်လာသည့်အခါ လမ်းမှာမထင်မှတ်ထားသော အန္တရာယ်များစွာနှင့် ကြုံတွေ့ရပေလိမ့်မည်။ သူတို့အနေဖြင့် ရှင်သန်ဖို့မျှော်လင့်ချက်က ပါးပါးကလေးသာရှိသည်ဟု ဆိုနိုင်လေသည်။
လူသားမျိုးနွယ်မှ ဤပကတိစိတ်ဝိညာဥ်က အနည်းငယ်အားနည်းသည့်ပုံပေါ်နေပြီး သူ့မှာ ဤကဲ့သို့သော သတ္တိနှင့်နည်းလမ်းများရှိနေသည်ဆိုတော့…။
“မင်းရဲ့မိတ်ဆွေဟောင်းနာမည်က ဘယ်သူလဲ”
နီညိုရောင်မျောက်ဝံမျိုးနွယ်က ပကတိစိတ်ဝိညာဥ်က မေးလိုက်၏။
“မပြောတတ်ဘူး”
ဆူဇီမိုက သူ၏ ခေါင်းကို ညင်သာစွာခါပြလိုက်၏။
နီညိုရောင်မျောက်ဝံမျိုးနွယ်မှ ပကတိစိတ်ဝိညာဥ်နှစ်ဦး၏ အမူအရာက တည်တံ့သွားလေသည်။ ဆူဇီမိုသည် သူတို့ကို လာရောက်နောက်ပြောင်ကျီစယ်နေပြီး သူတို့က ဒေါသထောင်းခနဲထွက်သွားကြ၏။
ဆူဇီမိုက ထပ်မံ၍ပြောလိုက်သည်။
“အဲဒီမိတ်ဆွေဟောင်းက အောက်ဘုံလောကရဲ့ ထျန်ဟွမ်ကုန်းမြေတိုက်က လာခဲ့တာ... အောက်ဘုံလောကမှာတုန်းက သူ့မှာ မျိုးရိုးနာမည် ဒါမှမဟုတ် နာမည်တစ်ခုခု မရှိခဲ့ဘူး... အဲဒါကြောင့် တက်လှမ်းလာပြီးတဲ့နောက် သူ့ရဲ့နာမည်က ဘာဖြစ်နေမလဲ ကျုပ်မပြောတတ်ဘူး”
“ထျန်ဟွမ်ကုန်းမြေတိုက်လား”
ညာဘက်မှာရှိသောနီညိုရောင်မျောက်ဝံမျိုးနွယ်မှ ပကတိစိတ်ဝိညာဥ်က အနည်းငယ်မျက်မှောင်ကြုတ်ပြီး တီးတိုးပြောဆိုလိုက်၏။
“အဲဒါ.. စီနီယာအစ်ကိုယွမ်ဟွမ်များ ဖြစ်နေမလား”
“ဖြစ်နိုင်လောက်တယ်”
ဘယ်ဘက်မှာရှိသောတစ်ယောက်က ပြောလိုက်၏။
“ဆရာက စီနီယာအစ်ကိုယွမ်ဟွမ်ကို အဲဒီအကြောင်းမေးမြန်းခဲ့တုန်းက သူက ထျန်ဟွမ်ကုန်းမြေတိုက်ကနေလာလို့ အဲဒီနာမည်ကိုရွေးချယ်တာလို့ ပြောခဲ့တဲ့ပုံပဲ”
နီညိုရောင်မျောက်ဝံမျိုးနွယ်မှ ပကတိစိတ်ဝိညာဥ်နှစ်ဦးသည် ဆူဇီမို၏ ဖော်ရွေတတ်သောမျက်နှာနှင့် ရိုးဖြောင့်သောလေသံကို ကြားသောအခါ သူတို့က သတိကို လျှော့ချလိုက်၏။
“ကျုပ်နောက်ကလိုက်ခဲ့”
ဘယ်ဘက်မှာရှိသော နီညိုရောင်မျောက်ဝံမျိုးနွယ်မှ ပကတိစိတ်ဝိညာဥ်က သွေးနီရောင်တောင်ထွတ်ရှိရာသို့ အရင်လှည့်ထွက်သွားပြီး ပြောလိုက်၏။
“မကြာသေးခင်တုန်းက ကျုပ်တို့မျိုးနွယ်က ပကတိစိတ်ဝိညာဥ်တိုက်ပွဲတစ်ခုကို ကျင်းပနေခဲ့တယ်... စီနီယာအစ်ကိုယွမ်ဟွမ်က နံပါတ်တစ်ပကတိစိတ်ဝိညာဥ်နေရာအတွက် ရေပန်းစားနေတဲ့ ပြိုင်ပွဲဝင်တစ်ယောက်လည်း ဖြစ်တယ်”
“အို... အဲလိုလား”
ဆူဇီမို၏ မျက်လုံးက ဝင်းလက်သွား၏။
မျောက်သည် နီညိုရောင်မျောက်ဝံကမ္ဘာမှာ ကောင်းကောင်းရှင်သန်နေရုံသာမက သူသည် အောင်မြင်စွာပင်ကျင့်ကြံပြီး သူတို့မျိုးနွယ်မှာ နံပါတ်တစ်ပကတိစိတ်ဝိညာဥ်နေရာအတွက် ယှဥ်ပြိုင်တိုင်ခိုက်ဖို့ အခွင့်အရေးတစ်ခုပင် ရှိနေလေသည်။
“တာအိုရောင်းရင်း... ခင်ဗျားနာမည်ကို ကျုပ်သိလို့ရမလား”
ဆူဇီမိုက မေးလိုက်၏။
“ကျုပ်နာမည်က ယွမ်အန်”
နီညိုရောင်မျောက်ဝံမျိုးနွယ်မှ ပကတိစိတ်ဝိညာဥ်က ပြန်ဖြေလိုက်၏။
သူတို့နှစ်ယောက်က လမ်းတစ်လျှောက် လျှောက်လှမ်းလာပြီး သိပ်မကြာခင် သွေးနီရောင်တောင်ထွတ်အနီးနားသို့ ရောက်ရှိလာကြ၏။ အနားသို့ ချဥ်းကပ်လာသည့်ခဏမှာပင် ဆူဇီမိုသည် တောင်ထွတ်များပေါ်ရှိ ရှေးဟောင်းသစ်ပင်များကြားမှာ အလွန်တရာသက်ဝင်စည်ကားသောပုံစံဖြင့် အော်ဟစ်အားပေးနေသော နီညိုမျောက်ဝံများ၏ အသံကို ကြားလိုက်ရ၏။
ဆူဇီမိုက တစ်ချက်လှမ်းကြည့်ပြီးနောက် သွေးနီရောင်တောင်ထွတ်အနီးနားမှာ စုဝေးရောက်ရှိနေသည့် နီညိုရောင်မျောက်ဝံများစွာကို တွေ့မြင်လိုက်ရ၏။ ရှေးဟောင်းသစ်ပင်များပေါ်မှ ပုံရိပ်များက သိပ်သည်းများပြားစွာနေရာယူထားပြီး အဲဒါက မကြုံစဖူးမြင်ကွင်းတစ်ခုဖြစ်သည်။
ကြည့်ရသည်မှာ ဤတစ်ခေါက် ပကတိစိတ်ဝိညာဥ်တိုက်ပွဲသည် နီညိုရောင်မျောက်ဝံကမ္ဘာမှာ ရှားရှားပါးပါးပွဲတော်တစ်ခုလည်းဖြစ်ပုံရသည်။
တောင်ခြေရင်းမှာ ဧရာမကျောက်သားစင်မြင့်ဆယ်ခုကို တည်ဆောက်ထား၏။ ကျောက်သားစင်မြင့်တစ်ခုချင်းစီပေါ်မှာ နီညိုရောင်မျောက်ဝံနှစ်ကောင်စီက တိုက်ခိုက်နေကြ၏။
သွေးနီရောင်တောင်ထွတ်ပေါ်မှာ ဗလာကျင်းနေသော ဧရာမအဆင့်သတ်မှတ်ချက်စာရင်းတစ်ခုရှိနေ၏။
ယွမ်အန်က ရှင်းပြလိုက်သည်။
“အဲဒီကျောက်သားစင်မြင့်ဆယ်ခုက ကျုပ်တို့မျိုးနွယ်ရဲ့ တိုက်ပွဲကွင်းတွေပဲ... အဆင့်သတ်မှတ်ချက်စာရင်းကတော့ တိုက်ပွဲအဆင့်သတ်မှတ်ချက်ပဲ... ပကတိစိတ်ဝိညာဥ်တိုက်ပွဲတိုင်းမှာ ထိပ်ဆုံးကလန်သားဆယ်ယောက်ကပဲ... တိုက်ပွဲအဆင့်သတ်မှတ်ချက်မှာ သူတို့ရဲ့နာမည်တွေကို ချန်ထားခဲ့နိုင်တယ်”
ဆူဇီမိုက ခေါင်းညိတ်ပြီး ဘေးပတ်လည်ကိုထောက်လှမ်းကြည့်ရှုကာ မျောက်၏ အရိပ်အယောင်ကို ရှာဖွေနေ၏။
“စီနီယာအစ်ကိုယွမ်ဟွမ်က ဟိုမှာပဲ”
ယွမ်အန်က အဝေးတစ်နေရာကို လက်ညှိုးထိုးပြလိုက်၏။
ဆူဇီမိုက လှမ်းကြည့်ပြီးနောက် ရယ်မိသွားသည်။
နီညိုရောင်မျောက်ဝံတစ်ကောင်သည် သူ၏ မျက်လုံးနှစ်ဖက်ကိုမှိတ်ပြီး ခပ်လှမ်းလှမ်းမှာခြေချိတ်ပြီး ထိုင်နေ၏။ သူ့ကို ဆူဇီမိုက ဘေးတိုက်သာမြင်ရသော်လည်း တစ်ချက်ကြည့်ရုံနှင့် မှတ်မိလေသည်။
ယွမ်ဟွမ်ဟု အမည်ရသော နီညိုရောင်မျောက်ဝံက မျောက်ဖြစ်သည်။
မတွေ့ရသည်မှာ နှစ်ပေါင်းများစွာကြာခဲ့ပြီးနောက် မျောက်က အများကြီးပြောင်းလဲသွားသည်။ သူ၏ ခန္ဓာကိုယ်က သိသိသာသာပိုမိုမြင့်မားလာပြီး သူ၏ လက်နှစ်ဖက်က ပို၍ပင်ရှည်လျားကာ တစ်မူထူးခြားစွာတုတ်ခိုင်နေ၏။
“စီနီယာအစ်ကိုယွမ်ဟွမ်က အခုတင်ကြီးမားတဲ့တိုက်ပွဲတစ်ခုကို ဆင်နွဲထားပြီး ပြန်ပြီးအားဖြည့်နေတာပဲ... လောလောဆယ်မှာ သူ့ကိုအနှောက်အယှက်မပေးကြရအောင်”
ယွမ်အန်က ဆူဇီမိုနှင့်အတူ ရှေ့သို့ဆက်တက်မသွားတော့ပေ။ ထိုအစား သူက အနီးနားမှာဆင်းသက်ပြီး လေးနက်သောအသံဖြင့် ပြောလိုက်သည်။
“ပကတိစိတ်ဝိညာဥ်တိုက်ပွဲရဲ့ ထိပ်ဆုံးဆယ်ယောက်ကို ဆုံးဖြတ်ပြီးသွားပြီ... ဒါက နောက်ဆုံးအဆင့်သတ်မှတ်ချက်အတွက် တိုက်ပွဲပဲ... ခင်ဗျားအနေနဲ့ အဆင့်သတ်မှတ်ချက်တိုက်ပွဲပြီးမှ သူ့ဆီကို အလည်သွားမယ်ဆိုရင်လည်း နောက်ကျဦးမှာ မဟုတ်ဘူး”
“ဟုတ်ပါပြီ”
ဆူဇီမိုက မျောက်အဆင်ပြေသည်ကို တွေ့မြင်သောအခါ သူက သူ့ကို နှုတ်ဆက်ဖို့ အလောတကြီးရှိမနေပေ။ သူသည် မျောက်၏ နည်းလမ်းများကို ဘေးကနေစောင့်ကြည့်နိုင်မည်ဖြစ်လေသည်။
ဆူဇီမိုက အကြမ်းဖျင်းတစ်ချက်ကြည့်လိုက်၏။ တိုက်ပွဲကို စောင့်ကြည့်နေသော နီညိုရောင်မျောက်ဝံမျိုးနွယ်မှ ပကတိစိတ်ဝိညာဥ်များစွာအပြင် တိုက်ပွဲကိုထိန်းသိမ်းစောင့်ရှောက်ပေးနေသော ဘုရင်ခြောက်ဦးလည်းရှိနေ၏။
သိပ်မကြာခင် ထိပ်ဆုံးဆယ်နေရာအတွက် အဆင့်သတ်မှတ်ချက်တိုက်ပွဲက စတင်လာခဲ့သည်။
ထိပ်ဆုံးနီညိုရောင်မျောက်ဝံများထဲ နှစ်ဦးက ဗလာနယ်ဝိညာဥ်နယ်ပယ်မှာသာရှိပြီး မျောက်က သူတို့ထဲမှတစ်ယောက်ဖြစ်သည်ကို ဆူဇီမိုက သတိထားမိလိုက်၏။
ကျန်ရှိနေသောရှစ်ဦးစလုံးက သုခဘုံလေဟာနယ်နယ်ပယ်မှာရှိကြသည်။
မျောက်သည် ဗလာနယ်ဝိညာဥ်နယ်ပယ်မှာ တိုက်ပွဲအဆင့်သတ်မှတ်ချက်ထဲသို့ ဝင်ရောက်ပြီး နံပါတ်တစ်ပကတိစိတ်ဝိညာဥ်၏ ဘွဲ့အတွက်ပင် ယှဥ်ပြိုင်တိုက်ခိုက်ဖို့ အခွင့်အရေးတစ်ခုရှိနေသည့်အတွက် သူက တကယ်ပင်အစွမ်းအစရှိသည်ဟု ဆိုရပေမည်။
“အဲဒါဘယ်သူလဲ”
ဆူဇီမို၏ အကြည့်က ထိပ်ဆုံးဆယ်ယောက်ထဲမှ နီညိုရောင်မျောက်ဝံတစ်ကောင်ပေါ် ဆင်းသက်သွားပြီး ညင်သာစွာမေးလိုက်၏။
ထိုနီညိုရောင်မျောက်ဝံ၏ မျက်နှာက ညိုမှောင်နေပြီး သူ၏ အကြည့်က တစ်မူထူးခြားစွာ ကြမ်းကြုတ်ခက်ထန်နေ၏။ သူ၏ သားမွေးများက ထူထဲပြီး သူ၏ သွေးချီက အလွန်တရာသန်မာအားကောင်းနေ၏။
အဝေးကနေကြည့်လျှင်ပင် ဆူဇီမိုသည် ၎င်း၏ စွမ်းအားကြီးမားသောမျိုးဆက်သွေးကို အာရုံခံမိနိုင်၏။
ဤနီညိုရောင်မျောက်ဝံ၏ မျိုးဆက်သွေးသည် အခြားကိုးဦးထက် သိသိသာသာပိုမိုသာလွန်ပြီး မျောက်၏ အသန်မာဆုံးပြိုင်ဘက်သေချာပေါက်ဖြစ်လေသည်။
ယွမ်အန်က ဆူဇီမိုမေးလိုက်သည့်စကားကိုကြားသောအခါ သူက မျက်မှောင်အလိုလိုကြုတ်ပြီး သူ၏ အကြည့်ကို ရှောင်လွှဲလိုက်၏။ သူ၏ အမူအရာက ထူးဆန်းသွားလေသည်။ သူက ကြောက်ရွံနေခြင်း သို့မဟုတ် ရွံရှာစက်ဆုပ်နေခြင်းဖြစ်သည့်အလားပင်။
“သူက မာရွှမ်ပဲ”
ယွမ်အန်က ပြန်ဖြေလိုက်၏။
ဆူဇီမိုက ထပ်မေးလိုက်၏။
“သူ့ရဲ့မျိုးရိုးနာမည်က ဘာလို့'မာ'ဖြစ်နေတာလဲ”
ထိုနီညိုရောင်မျောက်ဝံမျိုးနွယ်က မျိုးရိုးနာမည်'ယွမ်'ကိုယူထားသည်ကို သူက နားလည်လက်ခံနိုင်၏။ သို့သော်လည်း မျိုးရိုးနာမည် 'မာ'က ဘယ်ကနေ ပေါ်ထွက်လာတာလဲ။
ယွမ်အန်က နှုတ်ခမ်းကိုအနည်းငယ်မဲ့ကာပြောလိုက်သည်။
“သူ့ရဲ့နောက်ခံက မတူဘူး... သူ့ရဲ့အဆင့်အတန်းနဲ့ မျိုးဆက်သွေးက ကျုပ်တို့ထက် အများကြီးပိုပြီးမြင့်မြတ်တယ်... ကျုပ်တို့က သူ့ကိုမယှဥ်နိုင်ဘူး”
ယွမ်အန်က တစ်စုံတစ်ရာကို သွယ်ဝိုက်ပြောဆိုနေခြင်းဖြစ်ကြောင်း ဆူဇီမိုက ပြောနိုင်လေသည်။
ဘေးပတ်ဝန်းကျင်ရှိ နီညိုရောင်မျောက်ဝံများကြားမှာ အတူတကွစုဝေးနေသောသူတချို့ တကယ်ပင်ရှိနေ၏။ သူတို့သည် မျောက်၊ ယွမ်အန်နှင့် အခြားသောနီညိုရောင်မျောက်ဝံများနှင့် ကွဲပြားသည့်ပုံပေါ်နေ၏။
အထင်ရှားဆုံးအရာမှာ ထိုနီညိုရောင်မျောက်ဝံများ၏ မျက်နှာများက ညိုမှောင်နေပြီး သူတို့က အရပ်ပိုမိုမြင့်မားကာ ပို၍ပင်သန်မာကြလေသည်။
ဆူဇီမိုက ဆက်လက်၍မမေးမြန်းရသေးခင် တိုက်ပွဲကွင်းပေါ်မှတိုက်ပွဲက စတင်ပေါ်ထွက်လာခဲ့ပြီဖြစ်သည်။
နီညိုရောင်မျောက်ဝံဆယ်ဦးက တစ်တွဲစီတိုက်ခိုက်လိုက်ကြသည်။
မျောက်သည် သုခဘုံလေဟာနယ်ပကတိစိတ်ဝိညာဥ်တစ်ဦးနှင့် ရင်ဆိုင်ရလေသည်။ နှစ်ဦးနှစ်ဖက်တိုက်ခိုက်သည့်ခဏမှာပင် သူတို့က အနီးကပ်တိုက်ခိုက်ရည်မှာ တစ်မူထူးခြားစွာ ပြင်းထန်ကြမ်းတမ်းသောပုံစံဖြင့် တိုက်ခိုက်လိုက်ကြ၏။
မျောက်၏ ကျင့်ကြံမှုနယ်ပယ်က ပိုမိုနိမ့်ကျသော်လည်း သူက အနီးကပ်တိုက်ခိုက်ရည်မှာ အားမနည်းပေ။
ဒါ့အပြင် မျောက်၏ တိုက်ပွဲစိတ်ဝိညာဥ်က တစ်ဘက်သူထက် သိသိသာသာသာလွန်နေပြီး သူက တိုက်ရင်းခိုက်ရင်း ပို၍ပင်ရဲဝံ့လာလေသည်။
ဆူဇီမိုက သူ့ဘာသာသူခေါင်းညိတ်လိုက်၏။
မထင်မှတ်ထားတာ တစ်စုံတစ်ရာဖြစ်မလာလျှင် မျောက်သည် ဤတိုက်ပွဲမှာ အနိုင်ရရှိပေလိမ့်မည်။
ထိုစဥ်မှာပင် အခြားသောတိုက်ပွဲကွင်းမှာ အပြောင်းအလဲတစ်ရပ် ပေါ်ထွက်လာ၏။
နီညိုရောင်မျောက်ဝံတစ်ကောင်က ဒဏ်ရာအပြင်းအထန်ရရှိ၍ ရှုံးနိမ့်သွားလေသည်။ သူက တစ်ဘက်သို့လှည့်ပြီး တိုက်ပွဲကွင်းကနေ ထွက်ခွာတော့မည့်ဆဲဆဲဖြစ်သည်။
သို့သော်လည်း အရပ်အမောင်းမြင့်မားသော နီညိုရောင်မျောက်ဝံက သူ့ကို လိုက်မီလာပြီး တောင်ဝှေးတစ်ချောင်းနှင့်ပစ်ရိုက်ကာ သူ၏ ဦးခေါင်းအပေါ်ပိုင်းကို ကြေမွသွားစေ၏။ သူ၏ ဝိညာဥ်က ပျက်ပြယ်ကာ သေဆုံးသွားလေသည်။
ဆူဇီမိုက သူ၏ မျက်လုံးကို မှေးကျဥ်းရင်း ရင်တစ်ချက်ထိတ်သွား၏။
ဤအချင်းအရာက အရမ်းကို ရက်စက်ကြမ်းတမ်းလေသည်။
ထိုတိုက်ခိုက်မှုသည် သတ်ဖြတ်ဖို့ကို လုံးဝရည်ရွယ်ခဲ့သည်။
နီညိုရောင်မျောက်ဝံမျိုးနွယ်သည် တိုက်ခိုက်ရသည်ကို ခုံမင်သဘောကျပြီး အလွန်တရာရန်လိုတတ်သည်ကို သူကြားဖူးထားသည်။ သူတို့က သူတို့မျိုးနွယ်ဝင်အချင်းချင်း သတ်ဖြတ်ရလောက်အောင်ထိ ရက်စက်ကြမ်းတမ်းနိုင်ကြတာလား”
တိုက်ပွဲ၏ ရလဒ်ကို စောစောက သိသိသာသာဆုံးဖြတ်ပြီးသွားခဲ့ပြီဖြစ်ပြီး သတ်ဖြတ်ဖို့အတွက် လုံးဝမလိုအပ်တော့ပေ။
သို့မဟုတ် တခြားသောအကြောင်းအရင်းများ ရှိနေမလား။
ဆူဇီမိုက အဲဒါကို ပုံမဖော်နိုင်ခင် အခြားသောတိုက်ပွဲကွင်းမှာ အနိုင်ရလဒ်တစ်ခုကို ဆုံးဖြတ်ပြီးသွားသည်။
အတိအကျဆိုရလျှင် သေခြင်းရှင်ခြင်းကို ဆုံးဖြတ်ပြီးသွားပြီဖြစ်သည်။
မာရွှမ်က အလွန်တရာစိတ်လှုပ်ရှားတက်ကြွသောပုံစံဖြင့် သူ၏ ရင်ဘတ်ကို တဖုန်းဖုန်းထုရိုက်ပြီး ဟိန်းဟောက်နေ၏။ သူက သူ၏ တောင်ဝှေးကို အခြားသောလက်တစ်ဖက်ဖြင့် တင်းကျပ်စွာဆုပ်ကိုင်ပြီး သူ့ရှေ့မှာရှိသော နီညိုရောင်မျောက်ဝံ၏ ဦးခေါင်းကို ထိုးဖောက်ကာ ကြိတ်ချေဖျက်ဆီးပစ်လိုက်လေသည်။
ဦးခေါင်းမဲ့သွားသော နီညိုရောင်မျောက်ဝံ၏ အလောင်းက သွေးအိုင်ထဲမှာလဲကျသွားပြီး ဆိုးဆိုးဝါးဝါးပုံစံဖြင့် သတိလက်လွတ်အကြောဆွဲနေ၏။