မွန်မြတ်ကောင်းကင်ဘုံကမ္ဘာ တံဆိပ်ပြား
Vol. 200 Ch. 2992
ဆူဇီမိုက သူ့ဘေးမှာရှိသော ယွမ်အာကို တစ်ချက်ကြည့်လိုက်၏။
တိုက်ပွဲကွင်းပေါ်မှ သွေးသံရဲရဲ မြင်ကွင်းကို ကြည့်ရင်း ယွမ်အာ၏ မျက်လုံးထဲမှာ အမျက်ဒေါသ တစ်စွန်းတစ်စ ဖျတ်ခနဲပေါ်ထွက်လာ၏။ သို့သော်လည်း သူက တစ်စုံတစ်ရာ ပြောဆိုခြင်းမရှိပေ။
အခြားသော နီညိုရောင်မျောက်ဝံများကလည်း အတူတူပင်ဖြစ်သည်။
သူတို့က ထိုအချင်းအရာကို တွေ့မြင်သောအခါ နီညိုရောင်မျောက်ဝံများသည် အဲဒါနှင့် အသားကျနေပုံရသည်။ သူတို့က ဒေါသထွက်နေသော်လည်း သူတို့သည် သန်မာအားကောင်းသော တိုက်ပွဲဝင် စိတ်ဝိညာဉ်တစ်စုံတစ်ရာကို ထုတ်ဖော်ကြခြင်း မရှိပေ။
ဤနေရာကို ထိန်းသိမ်းစောင့်ရှောက်ပေးနေသည့် နီညိုရောင်မျောက်ဝံကမ္ဘာမှ ဘုရင်ခြောက်ဦးပင်လျှင် သူ့ကို တားဆီးဖို့အတွက် ဝင်ပါလာကြခြင်း မရှိပေ။
နီညိုရောင်မျောက်ဝံကမ္ဘာမှ ဘုရင်ခြောက်ဦးထဲ နှစ်ဦးသည် ညိုမှောင်သော မျက်နှာရှိပြီး အခြားသော နီညိုရောင်မျောက်ဝံများထက် အရပ်အမောင်း ပိုမိုမြင့်မားသည်ကို ဆူဇီမိုက သတိထားမိသည်။
“နီညိုရောင်မျောက်ဝံမျိုးနွယ်က မင်းတို့ ပကတိစိတ်ဝိညာဉ်တွေ တိုက်ခိုက်တဲ့အခါ အသေအကြေ တိုက်ခိုက်ကြတာလား”
ဆူဇီမိုက မေးလိုက်၏။
ယွမ်အာက ခဏကြာ နှုတ်ဆိတ်နေပြီးနောက် ပြောလိုက်၏။
“သဘောတရားအရဆိုရင် အဲဒီမှာ စည်းမျဉ်းစည်းကမ်းတွေ ကန့်သတ်မှုတွေ မရှိတဲ့အတွက် အသေအကြေ တိုက်ခိုက်နိုင်ကြတယ်”
ယွမ်အာက သူ့စကားနှင့်ပတ်သက်၍ ရှင်းရှင်းလင်းလင်း ပြီးဆုံးအောင် မပြောဆိုပေ။
ဆူဇီမိုက တည်တံ့စွာ ပြောလိုက်၏။
“ကြည့်ရတာတော့ စောစောက သတ်လိုက်တဲ့ နီညိုရောင်မျောက်ဝံ ပကတိစိတ်ဝိညာဉ်နှစ်ဦးက မင်းတို့တွေနဲ့ မတူတဲ့ပုံပဲ… သူတို့တွေက တခြားမတူညီတဲ့ မျိုးရိုးကနေ လာတာဖြစ်ရမယ် ဟုတ်တယ်မလား”
ဤကဲ့သို့သော အခြေအနေသည် မျိုးနွယ်စုတစ်သောင်းကြားမှာ တွေ့ရများလေသည်။ ဥပမာအားဖြင့် နဂါးမျိုးနွယ်ကြားမှာ ဦးချိုနဂါးနှင့် အပြာရောင်နဂါး စသည်ဖြင့် နဂါးမျိုးရိုးငါးခု ရှိလေသည်။ သူတို့အားလုံးက နဂါးများဖြစ်သော်လည်း သူတို့၏ မျိုးရိုးများက လုံးလုံးလျားလျား ကွဲပြားခြားနားကြ၏။
ယွမ်အာက ခေါင်းညိတ်ပြီးနောက် တစ်စုံတစ်ရာကို ဖုံးကွယ်မထားပေ။
“တာအိုရောင်းရင်း… ခင်ဗျားပြောတာ မှန်တယ်… စောစောက အဲဒီရောင်းရင်းနှစ်ယောက်က မြင်းမျောက်မျိုးရိုးကပဲ”
“မျောက်ဝံမျိုးနွယ်မှာ မျိုးရိုးလေးခု ရှိတယ်… နီညိုရောင်မျောက်ဝံကမ္ဘာမှာ အတွေ့ရအများဆုံး မျိုးရိုးနှစ်ခုကတော့ အခုမြင်တွေ့နေရတဲ့ နီညိုရောင်မျောက်ဝံမျိုးရိုးနဲ့ မြင်းမျောက်မျိုးရိုးပဲ”
ဆူဇီမိုက ခေါင်းညိတ်လိုက်၏။
သို့သော်လည်း မြင်းမျောက်မျိုးရိုးကပင်ဖြစ်သော မာရွှမ်မှာ ထူးခြားသော မျိုးဆက်သွေးတစ်ခုရှိပြီး သူက အခြားသော ကလန်သားများထက် သိသိသာသာ ပိုမိုသာလွန်နေ၏။
သူတို့နှစ်ယောက် အပြန်အလှန်ပြောဆိုနေစဉ် ကျန်ရှိနေသော တိုက်ပွဲသုံးခု၏ ရလဒ်ကို ဆုံးဖြတ်ပြီးသွားခဲ့လေပြီ။
ပကတိစိတ်ဝိညာဉ်တိုက်ပွဲသုံးခုမှာ မျောက်အပါအဝင် ပကတိစိတ်ဝိညာဉ်များသည် နီညိုရောင်မျောက်ဝံမျိုးရိုးမှ ဖြစ်လေသည်။
သူတို့၏ တိုက်ပွဲများက ပြင်းထန်ကြမ်းတမ်းသော်လည်း သူတို့သည် အသေအကြေ တိုက်ပွဲများအထိ အရှိန်အဟုန် မြင့်တက်သွားခြင်း မရှိပေ။ အနိုင်ရလဒ်ကို ဆုံးဖြတ်ပြီးသွားသည်နှင့် သူတို့က ရပ်တန့်ပြီး သူတို့၏ တိုက်ပွဲကွင်းများကနေ အသီးသီး ပြန်ဆင်းလာခဲ့၏။
“ကြည့်ရတာတော့ နီညိုရောင်မျောက်ဝံတွေနဲ့ မြင်းမျောက်မျိုးရိုးကြားမှာ ရန်ငြိုးရန်စတချို့ ရှိနေတဲ့ပုံပဲ”
ဆူဇီမိုက စိတ်ထဲကနေ ရေရွတ်လိုက်၏။
တိုက်ပွဲ၏ ပထမအချီ ပြီးဆုံးသွားပြီးနောက် လူငါးဦးက အနိုင်ရကာ မျောက်ကလည်း သူတို့ထဲမှ တစ်ယောက်ဖြစ်သည်။
ပကတိစိတ်ဝိညာဉ်တိုက်ပွဲများ၏ ဒုတိယအချီမှာ သူတို့ငါးယောက်က အရင်ဆုံး မဲနှိုက်ရပြီး ထိုနေရာမှာ စုစုပေါင်း တံဆိပ်ပြားငါးခု ရှိနေ၏။
နံပါတ်(၄)နှင့် နံပါတ်(၅)တံဆိပ်ပြားများကို နှိုက်မိသည့် ပကတိစိတ်ဝိညာဉ်နှစ်ဦးသည် အနိုင်ရလဒ်ကို ဆုံးဖြတ်ဖို့နှင့် နံပါတ်(၄)နေရာကို ယာယီထိန်းသိမ်းထားဖို့အတွက် အရင်ဆုံး တိုက်ခိုက်ကြရပေလိမ့်မည်။
ထို့နောက် နံပါတ်(၁)နှင့် နံပါတ်(၄)၊ နံပါတ်(၂)နှင့် နံပါတ်(၃)တို့က တစ်တွဲစီ တိုက်ခိုက်ကြရပေလိမ့်မည်။
မဲနှိုက်ခြင်း၏ ရလဒ်ကို အလျင်အမြန် ကြေညာလိုက်၏။
နံပါတ်(၁) မျောက်
နံပါတ် (၂) မာရွှမ်
နံပါတ် (၃) ယွမ်ချန်
နံပါတ်(၄) မာရှောင်
နံပါတ်(၅) ယွမ်စီ
နံပါတ်(၄)နှင့် နံပါတ်(၅)သည် နီညိုရောင်မျောက်ဝံကမ္ဘာ၏ မတူညီသော မျိုးရိုးနှစ်ခုမှ ဖြစ်ကြလေသည်။ စောစောက ပကတိစိတ်ဝိညာဉ်တိုက်ပွဲမှာ မာရှောင်သည် အခြားသော နီညိုရောင်မျောက်ဝံ ပကတိစိတ်ဝိညာဉ်တစ်ဦးကိုပင် သတ်ဖြတ်ထားခဲ့၏။
မာရှောင်က ယွမ်စီကို သွားဖြီးပြလိုက်၏။
ယွမ်စီက တစ်စုံတစ်ရာ ပြောဆိုခြင်းမရှိဘဲ သူ၏ တောင်ဝှေးနှင့်အတူ တိုက်ပွဲကွင်းပေါ်သို့ တက်လှမ်းလာခဲ့၏။ ကြီးမားသော တိုက်ပွဲတစ်ခုက ချက်ချင်းပင် ဖြစ်ပွားလာခဲ့လေသည်။
တိုက်ပွဲအဆင့်သတ်မှတ်ချက်၏ ထိပ်ဆုံးငါးယောက်ထဲ ဝင်လာနိုင်သော ထိုသူများက ကိုင်တွယ်ရ မလွယ်ကူကြပေ။
မာရှောင်၏ တိုက်ခိုက်မှုများက ထက်ရှပြီး ကြမ်းကြုတ်ခက်ထန်နေ၏။
ယွမ်စီက အလွန်တရာ တည်ငြိမ်ပြီး ဣန္ဒြေရနေ၏။
သူ၏ တိုက်ခိုက်မှုများက ခံစစ်ဖြစ်ပြီး ရေပက်မဝင်ပေ။
နှစ်ဦးနှစ်ဖက်စလုံးက မျှခြေမှာ အတန်ကြာသည်အထိ လွန်ဆွဲနေခဲ့ကြ၏။ မာရှောင်၏ တိုက်ခိုက်မှုများက တဖြည်းဖြည်း အားပျော့လာစဉ် ယွမ်စီက စတင်တန်ပြန်တိုက်ခိုက်ပြီး တဖြည်းဖြည်း အသာစီးရရှိလာခဲ့၏။
နောက်ထပ် ခဏကြာတိုက်ခိုက်ပြီးနောက် ယွမ်စီ၏ မျိုးဆက်သွေးက တလိပ်လိပ် ထိုးတက်လာပြီး သူ၏ အော်ရာက ရုတ်တရက် မြင့်တက်လာခဲ့လေသည်။ သံရှည်ဆွဲ၍ တစ်ချက်ဟိန်းဟောက်လိုက်ပြီး သူက မာရှောင်၏ ခံစစ်ကို ချိုးဖျက်ကာ သူ၏ သံတုတ်က ဆန့်တန်းသွားပြီး ထိုသူ၏ ဦးခေါင်းရှိရာသို့ ပစ်ဝင်လာ၏။
ထိုတောင်ဝှေးရိုက်ချက် ထိခတ်သွားလျှင် မာရှောင်၏ ဦးခေါင်းက သေချာပေါက် ကြေမွသွားပြီး သူက နေရာမှာပင် သေရပေလိမ့်မည်။
မာရှောင်က မခုခံနိုင်တော့ဘဲ နေရာမှာတင် သေရတော့မည်ကို တွေ့မြင်သောအခါ ယွမ်စီ၏ သံတုတ်က မာရှောင်၏ ဦးခေါင်းထက်မှာ ရစ်ဝဲ၍ ရုတ်တရက် ရပ်တန့်သွား၏။
ဆူဇီမိုက မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။
မျိုးရိုးနှစ်ခုကြား ဆက်ဆံရေးသည် စစချင်း သူတွေးထင်ထားသည်နှင့် ကွာခြားနေပုံရလေသည်။
မျိုးရိုးနှစ်ခုကြားမှာ ရန်ငြိုးရန်စတချို့ ရှိသည်ဆိုလျှင် မြင်းမျောက်မျိုးရိုးက သွေးအေးရက်စက်ပြီး ကလန်သားအချင်းချင်းပင် သတ်ဖြတ်နေစဉ်မှာ နီညိုရောင်မျောက်ဝံမျိုးရိုးက ဘာကြောင့် ထိန်ချန်ထားတာလဲ။
တိုက်ပွဲကွင်းပေါ်မှာ ယွမ်စီက ရပ်တန့်လိုက်သည်ကို တွေ့ရသောအခါ ဘေးမှာရှိသော ယွမ်အန်က ဒေါသမထွက်သွားပေ။ ထိုအစား သူက စိတ်သက်သာစွာ သက်ပြင်းချလိုက်၏။
အခြားသော နီညိုရောင်မျောက်ဝံများကလည်း ဤမြင်ကွင်းမှာ အံ့အားသင့်မသွားကြပေ။
“မင်းတို့တွေက အသေအကြေ တိုက်ခိုက်နိုင်တယ်ဆိုမှတော့ နီညိုရောင်မျောက်ဝံမျိုးရိုးက ဘာကို စိုးရိမ်ပူပန်နေတာလဲ”
ဆူဇီမိုက ရုတ်တရက် မေးလိုက်၏။
ဆူဇီမိုသည် တစ်စုံတစ်ရာ လွဲမှားနေသည်ကို ဤမျှမြန်မြန်ဆန်ဆန် သတိထားမိသွားလိမ့်မည်ဟု မထင်မှတ်ထားသည့်အလား ယွမ်အန်က မှင်တက်သွား၏။
သူက အကျပ်ရိုက်နေပြီး တစ်စုံတစ်ရာ ပြောဆိုခြင်းမရှိဘဲ တွေဝေတုံ့ဆိုင်းနေ၏။
ထိုစဉ်မှာပင် တိုက်ပွဲနယ်မြေမှာ မထင်မှတ်ထားတာ တစ်စုံတစ်ရာ ဖြစ်ပွားလာခဲ့၏။
အစက တိုက်ပွဲ၏ ရလဒ်ကို ဆုံးဖြတ်ပြီးသွားခဲ့ပြီဖြစ်သည်။
သို့သော်လည်း ယွမ်စီက သူ၏ တောင်ဝှေးကို ရုတ်သိမ်းပြီး လှည့်ထွက်လိုက်စဉ်မှာပင် မာရှောင်က ရုတ်တရက် တိုက်ခိုက်လိုက်လေသည်။ သူက သူ၏ သတ်ဖြတ်ကွက်များနှင့် လျှို့ဝှက်အတတ်များကို ဆက်တိုက်ထုတ်ဖော်လိုက်၏။
ယွမ်စီက အငိုက်မိသွားပြီး သိပ်ကြာကြာ မခုခံနိုင်ဘဲ ဒဏ်ရာအပြင်းအထန် ရရှိသွား၏။
သို့သော်လည်း မာရှောင်က သူ့ကို ရှင်သန်ဖို့အတွက် မည်သည့်အခွင့်အရေးမှ မပေးဘဲ တောင်ဝှေးရိုက်ချက်တစ်ချက်နှင့်အတူ သူ့ကိုသတ်ဖြတ်ကာ သူ၏ အမြုတေစိတ်ဝိညာဉ်ကို ဖျက်ဆီးပစ်လိုက်၏။
ထိုအပြောင်းအလဲက အုံးအုံးကျက်ကျက် ဖြစ်သွားစေ၏။
ဖြစ်စဉ်တစ်ခုလုံးသည် အသက်နှစ်ရှိုက်စာထက် မပိုခဲ့ပေ။
လူတိုင်း တုံ့ပြန်လာသည့်အချိန်မှာ ယွမ်စီက နေရာမှာတင် သေဆုံးသွားခဲ့ပြီဖြစ်သည်။
“မင်း အဲဒါ ဘာလုပ်တာလဲ”
“ရွံစရာကောင်းလိုက်တာ”
“အရှက်ကို မရှိဘူး”
နီညိုရောင်မျောက်ဝံအုပ်စုထဲမှ မချင့်မရဲဖြင့် အော်ဟစ်ကျိန်ဆဲသံများ ထွက်ပေါ်လာ၏။
“ဟားဟားဟား”
မာရှောင်က မောက်မာခက်ထန်စွာ ရယ်မောပြီး အောက်ဘက်မှာရှိသော နီညိုရောင်မျောက်ဝံများစွာကို သူ၏ တောင်ဝှေးဖြင့် ထိုးညွှန်ကာ အော်ပြောလိုက်၏။
“မကျေနပ်တဲ့သူတွေအကုန် တိုက်ပွဲကွင်းပေါ်ကို တက်လာခဲ့…. တိုက်ခိုက်ကြမယ်”
နီညိုရောင်မျောက်ဝံများစွာက အလွန်တရာ ဒေါသထွက်နေသော်လည်း ထိုစကားကို ကြားသောအခါ မည်သူကမှ ရှေ့သို့တက်လှမ်းသွားခြင်း မရှိပေ။
ဆူဇီမိုသည် ပကတိစိတ်ဝိညာဉ်တိုက်ပွဲများကို ထိန်းသိမ်းစောင့်ရှောက်ပေးနေသည့် အမြင့်တစ်နေရာမှာ ထိုင်နေသော ဘုရင်ခြောက်ဦးကို ကြည့်လိုက်၏။
ဤကဲ့သို့သော အခြေအနေအောက်မှာ တရားမျှတမှုကို ထိန်းသိမ်းဖို့အတွက် ဘုရင်ခြောက်ဦးထဲ မည်သူကမှ ရှေ့သို့ထွက်မလာဘူးဆိုလျှင် နီညိုရောင်မျောက်ဝံကမ္ဘာ၏ ပြဿနာသည် သူတွေးထင်ထားသည်ထက်ပင် ပိုမိုပြင်းထန် လေးနက်နေနိုင်သည်။
ဘုရင်ခြောက်ဦးထဲမှာ နီညိုရောင်မျောက်ဝံဘုရင်တစ်ဦးက ဖြည်းဖြည်းချင်း မတ်တတ်ထရပ်ပြီး သူ၏ လက်နှစ်ဖက်ကို လေထဲမှာ ဖိပြလိုက်၏။ ဆူညံပွက်လောရိုက်နေသော အသံများနှင့် ကျိန်ဆဲသံများက တဖြည်းဖြည်း စဲသွားစဉ် သူက သူ့ဘေးမှာ ထိုင်နေသော မြင်းမျောက်ဘုရင်နှစ်ဦးကို ကြည့်လိုက်၏။
“စောစောက တိုက်ပွဲရဲ့ ရလဒ်ကို သိသိသာသာ ဆုံးဖြတ်ပြီးသွားပြီ… ယွမ်စီက သနားညှာတာမှု ပြခဲ့တယ်… ဒါပေမဲ့ မာရှောင်က သူ့ကို နောက်ကနေ ချောင်းမြောင်းတိုက်ခိုက်ပြီး ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တယ်… အဲဒီလုပ်ရပ်က အရမ်းကို အညှာအတာမဲ့လွန်းရာကျမနေဘူးလား”
“ဟဲဟဲ”
မြင်းမျောက်ဘုရင်များထဲမှတစ်ဦးက လှောင်ရယ်လိုက်၏။
“ရလဒ်ကို ဆုံးဖြတ်ပြီးသွားပြီလား… တိုက်ပွဲကွင်းပေါ်မှ တိုက်ပွဲတွေက အသေအကြေ တိုက်ခိုက်ဖို့ပဲ… တစ်ဖက်သူက မသေမချင်း အနိုင်အရှုံးရလဒ်ဆိုတာ မရှိဘူး”
“သူက နမော်နမဲ့နဲ့ ကိုယ်စွမ်းကိုယ်စ ညံ့ဖျင်းလို့ပဲ… သူက အသတ်ခံရတာ ဘယ်သူ့ကို သွားပြီး အပြစ်တင်နေရမှာလဲ”
“မင်း…”
နီညိုရောင်မျောက်ဝံဘုရင်က ထိုစကားကို ကြားသောအခါ သူ၏မျက်နှာက အမျက်ဒေါသဖြင့် နီမြန်းလာခဲ့၏။
ကျန်ရှိနေသော နီညိုရောင်မျောက်ဝံဘုရင်သုံးဦးကြားမှာ တစ်ဦးက နှုတ်ဆိတ်နေပြီး တစ်ဦးက သက်ပြင်းချလိုက်၏။
နောက်ဆုံးတစ်ယောက်က လက်လှမ်းပြီး နီညိုရောင်မျောက်ဝံဘုရင်ကို ဆွဲခေါ်ကာ အသံနှိမ့်၍ ဖျောင်းဖျလိုက်၏။
“ကောင်းကင်ဖြိုခွဲသူ… ထားလိုက်စမ်းပါကွာ”
ဘုရင်ကောင်းကင်ဖြိုခွဲသူက သူ၏ လက်သီးနှစ်ဖက်ကို ဆုပ်ထားပြီး သူ့ဘေးမှာရှိသော မြင်းမျောက်ဘုရင်နှစ်ဦးကို အေးစက်စွာ ကြည့်နေဆဲဖြစ်၏။
ဆူဇီမို၏ စိတ်ဝိညာဉ်အသိစိတ်က လှုပ်ရှားသွား၏။
မျောက်ဝံဘုရင် ကောင်းကင်ဖြိုခွဲသူ၏ ကျင့်ကြံမှုနယ်ပယ်က ကောင်းကင်လိုဏ်ဂူအကြီးနယ်ပယ်မှာဖြစ်ပြီး မြင်းမျောက်ဘုရင်နှစ်ဦးက ကောင်းကင်လိုဏ်ဂူအသေးနယ်ပယ်မှာ ဖြစ်လေသည်။
သို့သော်လည်း မျောက်ဝံဘုရင် ကောင်းကင်ဖြိုခွဲသူနှင့် အခြားသော နီညိုရောင်မျောက်ဝံဘုရင်သုံးဦးသည် မြင်းမျောက်ဘုရင်နှစ်ဦးကို သိသိသာသာ စိုးရွံ့နေ၏။
“ဘာဖြစ်လို့လဲ”
မျောက်ဝံ ကောင်းကင်ဖြိုခွဲသူက နေရာမှာတင် မလှုပ်မယှက်ရပ်၍ သူ့ကို အေးစက်စွာ စိုက်ကြည့်နေဆဲဖြစ်သည်ကို မြင်းမျောက်ဘုရင် တွေ့မြင်သောအခါ သူ၏ အမူအရာက တည်တံ့လာခဲ့၏။ သူက ဖြည်းဖြည်းချင်း မတ်တတ်ထရပ်ပြီး အေးစက်စွာ မေးလိုက်သည်။
“မင်းတို့တွေက ကောင်းကင်ဘုံကို ဆန့်ကျင်ဖို့ ကြိုးစားနေတာလား”
ဆူဇီမို၏ အကြည့်က ရွေ့လျားသွားပြီး မြင်းမျောက်ဘုရင်၏ ခါးပေါ်မှ တံဆိပ်ပြားတစ်ခုအပေါ် ဆင်းသက်သွားလေသည်။ သူ၏ သူငယ်အိမ်က တင်းကျပ်သွားပြီး သူ၏ မျက်လုံးကို မှေးကျဉ်းကာ အေးစက်စက်အလင်းတစ်ချက် လက်လာ၏။
“မွန်မြတ်ကောင်းကင်ဘုံကမ္ဘာ တံဆိပ်ပြား”
ထိုတံဆိပ်ပြားသည် မြင်းမျောက်ဘုရင်၏ ဇာစ်မြစ်ကို ကိုယ်စားပြုပေးနေ၏။
မွန်မြတ်ကောင်းကင်ဘုံကမ္ဘာ…
ဆူဇီမိုသည် နီညိုရောင်မျောက်ဝံကမ္ဘာမှာ မွန်မြတ်ကောင်းကင်ဘုံကမ္ဘာမှ တစ်စုံတစ်ယောက်နှင့် တွေ့ဆုံရလိမ့်မည်ဟု ထင်မှတ်မထားပေ။ ဒါ့အပြင် ဤနေရာမှာ ရှိနေသည်က ထိုသူတစ်ယောက်တည်း မဟုတ်ပေ။