တင်ပါးနီမြင်းမျောက်
Vol. 200 Ch. 2993
“ခင်ဗျားက မွန်မြတ်ကောင်းကင်ဘုံကမ္ဘာတံဆိပ်ပြားအကြောင်း သိထားတာလား”
ယွမ်အန်က ဆူဇီမိုကို အံ့အားသင့်စွာဖြင့် ကြည့်လိုက်၏။
ဆူဇီမိုက ခေါင်းညိတ်ပြပြီး တစ်စုံတစ်ရာ ပြောဆိုခြင်း မရှိပေ။
ယွမ်အန်၏ မျက်နှာပေါ်တွင် ပူဆွေးဝမ်းနည်းသော အမူအရာတစ်ခု ပေါ်ထွက်လာပြီး သူက သရော်တော်တော်ပြုံးလိုက်၏။
“ခင်ဗျားက မွန်မြတ်ကောင်းကင်ဘုံကမ္ဘာတံဆိပ်ပြားအကြောင်း သိထားပြီဆိုမှတော့ သူတို့က မွန်မြတ်ကောင်းကင်ဘုံကမ္ဘာမှာ ပါဝင်ပြီး ကောင်းကင်ဘုံရဲ့အားကိုးနဲ့ မောက်မာချင်တိုင်း မောက်မာလို့ရတယ်ဆိုတာ ခင်ဗျားသိထားမှာပေါ့… သူတို့ကို ဘယ်သူက စိန်ခေါ်ရဲမှာလဲ”
မြင်းမျောက်ဘုရင်၏ မေးခွန်းနှင့် ရင်ဆိုင်ရချိန်မှာ မျောက်ဝံဘုရင် ကောင်းကင်ဖြိုခွဲသူက ဖိအားတချို့ကို ခံနိုင်ရည်မရှိတော့သည့်ပုံပင်။ သူက အံကိုကြိတ်ပြီး ဖြည်းဖြည်းချင်း ပြန်ထိုင်လိုက်၏။
နီညိုရောင်မျောက်ဝံမျိုးရိုးက တဖြည်းဖြည်း ငြိမ်သက်သွားလေသည်။
မြင်းမျောက်မျိုးရိုးမှ ရယ်မောသံများကသာ နားကြားပြင်းကတ်စရာကောင်းစွာဖြင့် ထွက်ပေါ်နေ၏။
ဆူဇီမိုသည် နီညိုရောင်မျောက်ဝံမျိုးရိုးမှာ သူတို့ရှိသင့်သော စိတ်ဝိညာဉ်၊ စွမ်းအင်နှင့် စိတ်စွမ်းအားတို့ ဆက်လက်၍ မရှိတော့သည်ကို ရှင်းရှင်းလင်းလင်း အာရုံခံမိနိုင်၏။
ဆူဇီမိုက မေးလိုက်၏။
“သူတို့တွေက ပကတိစိတ်ဝိညာဉ်တိုက်ပွဲတွေမှာ အသေအကြေ တိုက်ခိုက်နိုင်တယ်ဆိုမှတော့ မင်းတို့တွေက တစ်ဖက်သူကို သတ်ဖြတ်မယ်ဆိုရင် ဘာဖြစ်မလဲ”
“အသက်အတွက် အသက်ပဲ”
ယွမ်အန်က ပြောလိုက်၏။
“နောက်ပြီး သူ့အသက်နဲ့ ပေးဆပ်ရမယ့်သူက တစ်ဖက်သူကို သတ်ဖြတ်လိုက်တဲ့ အဲဒီမျိုးနွယ်ဝင်တင် မဟုတ်ဘူး… အဲဒီမျိုးနွယ်ဝင်ရဲ့ မိဘတွေ၊ ညီအစ်ကိုမောင်နှမတွေနဲ့ ကလေးတွေကပါ သတ်ဖြတ်သုတ်သင်ခံရလိမ့်မယ်”
“ဒီလိုအခြေအနေမှာ ခင်ဗျားက တစ်ဖက်သူကို ဆန့်ကျင်သတ်ဖြတ်ရဲဦးမှာလား”
ဆူဇီမိုက နှုတ်ဆိတ်သွား၏။
ယွမ်အန်က သူ၏ လက်သီးနှစ်ဖက်ကို အနည်းငယ်ဆုပ်ပြီး မချင့်မရဲဖြစ်နေ၏။ သူက အသံနှိမ့်ကာ ပြောလိုက်၏။
“ကျုပ်တို့ နီညိုရောင်မျောက်ဝံမှာ မှန်ကန်ဖြောင့်မတ်မှု မရှိတာမဟုတ်ဘူး… ဒါပေမဲ့ ပြီးခဲ့တဲ့နှစ်တွေထဲမှာ ကျုပ်တို့တွေက ဆင်းရဲဒုက္ခအများကြီးကို အမှန်တကယ် တွေ့ကြုံခံစားခဲ့ရပြီးပြီ”
“မျောက်ဝံမျိုးနွယ်မှာ မျိုးရိုးလေးခုရှိတယ်လို့ စောစောက ခင်ဗျားကို ကျုပ်ပြောခဲ့တယ်… သူတို့ထဲမှာ ကျောက်တုံးမျောက်မျိုးရိုးက တိုက်ပွဲခေတ်ရဲ့အဆုံးမှာ မျိုးသုဉ်းပျောက်ကွယ်သွားခဲ့ပြီ”
“ဘာဘရီမျောက်မျိုးရိုးကလည်း နီညိုရောင်မျောက်ဝံတွေရဲ့ ဒီဘက်မျိုးဆက်ကပ်ဘေးမှာ မျိုးသုဉ်းသတ်ဖြတ်ခံလိုက်ရတယ်… နောက်ဆုံးမှာ ကျုပ်တို့ရဲ့ မှန်ကန်ဖြောင့်မတ်မှုက ဘာများသုံးစားရခဲ့လို့လဲ”
“မြင်းမျောက်မျိုးရိုးက အညံ့ခံပြီး ကောင်းကင်ဘုံကမ္ဘာရဲ့ နောက်လိုက်လက်ပါးစေတွေ ဖြစ်လာခဲ့တယ်… အနည်းဆုံးတော့ ကျုပ်တို့ နီညိုရောင်မျောက်ဝံမျိုးရိုးက အညံ့မခံခဲ့ဘူး”
ဆူဇီမိုက ကြိတ်၍ သက်ပြင်းချလိုက်၏။
နီညိုရောင်မျောက်ဝံမျိုးရိုး တွေ့ကြုံခံစားနေရသည့် ဆင်းရဲဒုက္ခများနှင့် သူတို့ရင်ဆိုင်နေရသည့် ဖိအားကို သူက သိရှိလာ၏။ သူသည် နီညိုရောင်မျောက်ဝံမျိုးနွယ် ပြုလုပ်ခဲ့သည့် ရွေးချယ်မှုများကိုလည်း နားလည်သဘောပေါက်မိလေသည်။
သူတို့က ဆက်လက်၍ ခုခံဆန့်ကျင်မည်ဆိုလျှင် နီညိုရောင်မျောက်ဝံမျိုးရိုးသည် ကျောက်တုံးမျောက်ဝံမျိုးရိုးနဲ့ ဘာဘရီမျောက်ဝံမျိုးရိုးကဲ့သို့ တူညီသောရလဒ်ဖြင့် ဆုံးသတ်သွားရပေလိမ့်မည်။
ယွမ်အန်ပြောသည့်အတိုင်းပင် နီညိုရောင်မျောက်ဝံမျိုးရိုးအနေဖြင့် ဒူးမထောက် အညံ့မခံခဲ့သည်ကပင် ရှားရှားပါးပါး ဖြစ်နေလေပြီ။
ဒါ့အပြင် သည်ဘက်မျိုးဆက်မှာ နီညိုရောင်မျောက်ဝံမျိုးရိုးကသာ မွန်မြတ်ကောင်းကင်ဘုံကမ္ဘာကို မေးခွန်းထုတ်ရဲပြီး သူတို့နှင့် တိုက်ရိုက်ပဋိပက္ခပင် ရှိခဲ့လေသည်။ နောက်ဆုံးမှာတော့ ရလဒ်အနေဖြင့် နီညိုရောင်မျောက်ဝံများ၏ ကပ်ဘေးဖြစ်ပေါ်လာခဲ့ပြီး သူတို့အားလုံးနီးပါးက သတ်ဖြတ်သုတ်သင်ခံခဲ့ရ၏။
အလယ်အလတ်ကမ္ဘာတစ်ထောင်လောကအတွင်းမှာ နီညိုရောင်မျောက်ဝံမျိုးရိုးမှာသာ ဤကဲ့သို့သော သတ္တိနှင့် မှန်ကန်ဖြောင့်မတ်မှု ရှိလေသည်။
သို့သော်လည်း ပြီးခဲ့သည့်နှစ်များမှာ သစ္စာဖောက်များနဲ့ မွန်မြတ်ကောင်းကင်ဘုံကမ္ဘာ၏ စွမ်းပကားနှင့် ဖိအားအောက်မှာ နီညိုရောင်မျောက်ဝံမျိုးရိုး၏ မှန်ကန်ဖြောင့်မတ်မှုက တဖြည်းဖြည်းလျော့ကျလာပြီး သူတို့မှာ ကောင်းကင်နှင့်မြေကြီးကို ခုခံဆန့်ကျင်လိုသည့် စိတ်ဝိညာဉ်များ ဆက်လက်၍ မရှိကြတော့ပေ။
ယွမ်အန်က သူ၏ စိတ်ကို တဖြည်းဖြည်း ငြိမ်သက်စေပြီး သူက ဣန္ဒြေပျက်ယွင်းသွားသည်ကို နားလည်သိရှိလိုက်၏။
“တာအိုရောင်းရင်း… အခုလိုအများကြီး ပြောမိတဲ့အတွက် တောင်းပန်ပါတယ်”
ဆူဇီမို၏ မျက်လုံးထဲမှာ မည်သည့်အထင်အမြင်သေးမှုမှ မရှိပေ။ တည်တံ့သော အမူအရာနှင့်အတူ သူက လေးစားသမှုဖြင့် လက်နှစ်ဖက်ကို ယှက်ပြလိုက်၏။
ပကတိစိတ်ဝိညာဉ်တိုက်ပွဲများ၏ ဒုတိယအချီက ယခုထိ မပြီးဆုံးသေးပေ။
ကျန်ရှိနေသော လေးဦးက တစ်တွဲစီ တိုက်ခိုက်နေကြ၏။ နံပါတ်(၁)အနေဖြင့် မျောက်သည် စောစောကတင် နီညိုရောင်မျောက်ဝံ ပကတိစိတ်ဝိညာဉ်တစ်ဦးကို သတ်ဖြတ်ထားသည့် မာရှောင်နှင့် ဆန့်ကျင်တိုက်ခိုက်ရ၏။
နံပါတ်(၂) မာရွှမ်က နံပါတ်(၃)ဖြစ်သော နီညိုရောင်မျောက်ဝံ ပကတိစိတ်ဝိညာဉ်တစ်ဦးနှင့် ဆန့်ကျင်တိုက်ခိုက်ရသည်။
တိုက်ပွဲကို တွေ့မြင်သောအခါ ယွမ်အန်က လှည့်ကြည့်လိုက်၏။
“စီနီယာအစ်ကိုယွမ်ဟွမ်ရဲ့ကံက သိပ်ပြီးတော့ မဆိုးဘူး… သူက မာရှောင်ကို အနိုင်ရဖို့ အခွင့်အရေးရှိတယ်… သူက ဒီတစ်ခေါက် မာရွှမ်နဲ့ ဆန့်ကျင်တိုက်ခိုက်ရမယ်ဆိုရင် သူက တစ်ခါတည်း ပြုတ်ကျသွားနိုင်တယ်”
သူသည် မြင်းမျောက်မျိုးရိုးမှ ဖြစ်သော်လည်း မာရွှမ်၏ သွေးချီက သူ၏ အခြားသော ကလန်သားများထက် သိသိသာသာ ပိုမိုသန်မာသည်ကို ဆူဇီမိုက သတိထားမိနေခဲ့ပြီးသားဖြစ်သည်။
“မာရွှမ်ရဲ့မျိုးဆက်သွေးက နည်းနည်းထူးခြားနေတဲ့ပုံပဲ… သူ့ရဲ့နောက်ခံက ဘာလဲ”
ဆူဇီမိုက မေးလိုက်၏။
ယွမ်အန်က ဆူဇီမိုကို အံ့အားသင့်စွာကြည့်ပြီး ချီးကျူးလိုက်၏။
“တာအိုရောင်းရင်း… ခင်ဗျားရဲ့ အမြင်အာရုံက ထက်ရှသားပဲ”
ခဏမျှ ရပ်တန့်ပြီးနောက် ယွမ်အန်က ပြောလိုက်၏။
“မြင်းမျောက်မျိုးရိုးမှာ တင်ပါးနီမြင်းမျောက်လို့ခေါ်တဲ့ အရမ်းကိုရှားပါးပြီး စွမ်းအားကြီးမားတဲ့ မျိုးဆက်သွေးတစ်ခု ရှိတယ်”
“တင်ပါးနီမြင်းမျောက်က ယင်နဲ့ယန်ကို နားလည်သဘောပေါက်ပြီး လူသားအရေးကိစ္စတွေကို ဘယ်လိုကိုင်တွယ်ရမလဲ ကောင်းကောင်းသိကျွမ်းကြတယ်… သူတို့တွေက သူတို့ရဲ့ဘဝသက်တမ်းကို ဆွဲဆန့်ဖို့အတွက် အလိုက်သင့်နေထိုင်ပြီး သေဘေးကို ရှောင်လွှဲတဲ့နေရာမှာ တော်ကြတယ်… မာရွှမ်မှာ အဲလိုမျိုး မျိုးဆက်သွေးတစ်ခု ရှိတယ်”
သူတို့နှစ်ယောက် အပြန်အလှန်ပြောဆိုနေစဉ် ကြီးမားသော တိုက်ပွဲတစ်ခုက တိုက်ပွဲကွင်းပေါ်မှာ စတင်ပေါ်ထွက်လာခဲ့လေပြီ။
ဆူဇီမိုက လေးနက်စွာ တွေးတောပြီး ထပ်မံ၍ မေးလိုက်၏။
“မြင်းမျောက်မျိုးရိုးမှာ ဒီလိုမျိုး စွမ်းအားကြီးမားတဲ့ မျိုးဆက်သွေးတစ်ခု ရှိတယ်ဆိုတော့ တခြားမျိုးရိုးသုံးခုမှာရော မရှိဘူးလား”
“ရှိတာပေါ့”
ယွမ်အန်က ခေါင်းညိတ်ပြလိုက်၏။
“ကျောက်တုံးမျောက်ဝံမျိုးရိုးမှာ နိုးထလာတဲ့ အသန်မာဆုံးမျိုးဆက်သွေးကို လျှို့ဝှက်ဆန်းကြယ်ဉာဏ်ပညာရဲ့ ကျောက်တုံးမျောက်လို့ခေါ်တယ်… အဲဒါက စွယ်စုံရတယ်… သူတို့က ရာသီဥတုကို သိတယ်… မြေပြင်အနေအထားရဲ့ အားသာချက်ကို နားလည်သဘောပေါက်တယ်… ကြယ်တွေကို ရွှေ့ပြောင်းနိုင်တယ်”
“ဘာဘရီမျောက်မျိုးရိုးမှာ အသန်မာဆုံးမျိုးဆက်သွေးကို နားရွက်ခြောက်ဖက် ဘာဘရီမျောက်လို့ခေါ်တယ်… သူက အသံကို နားစွင့်တဲ့နေရာမှာ တော်တယ်… သူတို့က သဘောတရားတွေကို ဝေဖန်ဆန်းစစ်နိုင်တယ်… သူတို့က အတိတ်နဲ့ပစ္စုပ္ပန်ရဲ့ အသိပညာကို နားလည်သဘောပေါက်ပြီး ကိစ္စတိုင်းကို ကောင်းကောင်း နားလည်ဆင်ခြင်နိုင်စွမ်း ရှိတယ်”
“ကျုပ်တို့ နီညိုရောင်မျောက်ဝံမျိုးရိုးမှာ နိုးထလာတဲ့ အသန်မာဆုံးမျိုးဆက်သွေးကတော့ အဲဒါက လက်ချင်းဆက် နီညိုရောင်မျောက်ဝံပဲ… ကျုပ်တို့တွေက နေနဲ့လကို အသုံးချနိုင်တယ်… တောင်တန်းပေါင်းထောင်ချီကို ဆွဲချုံ့နိုင်ပြီး မင်္ဂလာအတိတ်နိမိတ်နဲ့ အမင်္ဂလာအတိတ်နိမိတ်ကို ခွဲခြားနိုင်တယ်… အပင်တွေနဲ့ ကြယ်တွေကိုတောင်မှ ကိုင်တွယ်ထိန်းချုပ်နိုင်တယ်”
ထိုနေရာမှာ ယွမ်အန်က တိုက်ပွဲကွင်းပေါ်မှာရှိသော မျောက်ကို ကြည့်ပြီး တွေဝေတုံ့ဆိုင်းစွာဖြင့် ပြောလိုက်၏။
“တကယ်တော့ စီနီယာအစ်ကို ယွမ်ဟွမ်က လက်ချင်းဆက်မျိုးဆက်သွေးကို နိုးထစေခဲ့ပြီးပြီ… ဒါပေမဲ့...”
“ဒါပေမဲ့ ဘာဖြစ်လို့လဲ”
ဆူဇီမိုက မေးလိုက်၏။
ယွမ်အန်က ယူကျုံးမရဟန်ဖြင့် ပြောလိုက်၏။
“နီညိုရောင်မျောက်ဝံတွေရဲ့ ကပ်ဘေးပြီးနောက်မှာ မြင်းမျောက်မျိုးရိုးက မွန်မြတ်ကောင်းကင်ဘုံကမ္ဘာထံမှာ အညံ့ခံသွားပြီး နီညိုရောင်မျောက်ဝံကမ္ဘာကို ထိန်းချုပ်လာခဲ့တယ်… သူတို့တွေက ကျုပ်တို့မျိုးနွယ်ဝင်တွေကို အပြင်ထွက်ခွင့်မပေးတော့ဘူး”
“အဲ့လိုနဲ့ စီနီယာအစ်ကို ယွမ်ဟွမ်က အခွင့်အလမ်းတွေကို လိုအပ်နေပြီး သူ့ရဲ့မျိုးဆက်သွေးက အလွန်ဆုံး ၂၀ ရာခိုင်နှုန်းအထိပဲ နိုးထလာနိုင်တယ်… သူက လက်ချင်းဆက် နီညိုရောင်မျောက်ဝံရဲ့ အထွတ်အထိပ်အခြေအနေကိုရောက်ဖို့ အလှမ်းကွာဝေးလွန်းသေးတယ်”
သူတို့နှစ်ယောက် အပြန်အလှန်ပြောဆိုနေစဉ် တိုက်ပွဲကွင်းပေါ်မှ တိုက်ပွဲနှစ်ပွဲ၏ ရလဒ်ကို အဆုံးအဖြတ်ပေးတော့မည်ဖြစ်သည်။
တင်ပါးနီမြင်းမျောက်၏ စွမ်းအားကြီးမားသော သွေးချီပေါ်မှီခိုပြီး မာရွှမ်က သူ၏ ခွန်အားအပြည့်အဝကို လုံးဝမထုတ်သုံးပေ။ သူက သူ၏ ပြိုင်ဘက်ကို အရုပ်တစ်ရုပ်လို ကစားနေပြီး အခြေအနေကို ထိန်းချုပ်ထား၏။
တစ်ဖက်မှာတော့ မျောက်၏ ကျင့်ကြံမှုနယ်ပယ်က ပိုမိုနိမ့်ကျသော်လည်း သူက သူ၏ တိုက်ခိုက်ရည်ခွန်အားကို သုခဘုံလေဟာနယ်နယ်ပယ်သို့ မြှင့်တင်နိုင်သည့် စွမ်းအားကြီးမားသော လျှို့ဝှက်အတတ်တစ်ခုကို ထုတ်ဖော်ထားလေသည်။
ဆူဇီမိုသည် ထိုလျှို့ဝှက်အတတ်ကို သူ့မျက်လုံးနှင့် ကိုယ်တိုင်မြင်တွေ့ခဲ့ဖူးသည်။
အစစ်အမှန်သိုင်း ဒသမမြောက် ကောင်းကင်ဘုံကပ်ဘေး သိုင်းတာအိုပင်မခန္ဓာထံ ဆင်းသက်လာတုန်းက မဟာဧကရာဇ်တိုက်ပွဲက ထိုကဲ့သို့ ဆင်တူသော နည်းလမ်းများကို ထုတ်ဖော်ခဲ့လေသည်။
ယွမ်အန်၏ ဖော်ပြချက်အရ လက်ချင်းဆက် နီညိုရောင်မျောက်ဝံသည် နေနှင့်လကို အသုံးချနိုင်ပြီး တောင်တန်းပေါင်းထောင်ချီကို ဆွဲချုံ့နိုင်၏။ ထိုအချက်သည် သူတို့က အနီးကပ်တိုက်ခိုက်ရည်မှာ အလွန်တရာသန်မာပြီး အတော်ဆုံးဖြစ်သည်ကို သက်သေပြပေးနေ၏။
ဒါ့အပြင် ဆူဇီမိုသည် မျောက်ထံမှ သန်မာအားကောင်းသော တိုက်ပွဲဝင်စိတ်စွမ်းအားတစ်ခုကို အာရုံခံမိနိုင်၏။ သူက အရိုင်းဆန်ပြီး အကြောက်အလန့်ကင်းမဲ့နေ၏။
ထိုအော်ရာ၏ ဖိနှိမ်မှုအောက်မှာ မာရှောင်က တစ်လှမ်းပြီးတစ်လှမ်း နောက်ဆုတ်ပေးနေရ၏။
“သေစမ်း”
ထိုစဉ်မှာပင် မာရွှမ်က ဆက်လက်၍ ကစားလိုစိတ် မရှိတော့ပေ။ သူ၏ သွေးချီက သိပ်သည်းစုဖွဲ့လာခဲ့၏။ သူက သူ၏ လှံကို ဝှေ့ယမ်းပြီး နီညိုရောင်မျောက်ဝံ ပကတိစိတ်ဝိညာဉ်၏ ခံစစ်ကို ချိုးဖျက်လိုက်လေသည်။ သူက ရှေ့သို့ပြေးဝင်ပြီး တစ်ဖက်သူ၏ ဦးခေါင်းကို ထိုးဖောက်လိုက်၏။
တစ်ဖက်မှာတော့ ရလဒ်ကို ဆုံးဖြတ်ပြီးသွားခဲ့လေပြီ။
ဆက်တိုက် ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ပြီးနောက် မာရှောင်၏ လက်က ထုံကျင်ကိုက်ခဲလာပြီး သူ၏ တောင်ဝှေးကို ကောင်းကောင်း ဆုပ်ကိုင်မထားနိုင်တော့ပေ။ သူက မျောက်၏ တောင်ဝှေးရိုက်ချက်ဖြင့် လွင့်စင်ထွက်သွား၏။
သို့သော်လည်း မျောက်က လက်ဗလာဖြစ်သွားသော မာရှောင်နှင့် ရင်ဆိုင်ရချိန်မှာ မရပ်တန့်လိုက်ပေ။ သူ၏ မျက်လုံးထဲရှိ ကြမ်းကြုတ်ခက်ထန်သော အလင်းရောင်က ဖျပ်ခနဲ လက်လာပြီး သူ၏ တောင်ဝှေးကို ကိုင်မြှောက်ကာ မာရှောင်၏ ဦးခေါင်းအပေါ်ပိုင်းကို ပစ်ရိုက်ချလိုက်၏။
“ဟမ်…”
မာရှောင်၏ အမူအရာက ပြောင်းလဲသွား၏။
ထိုတောင်ဝှေးရိုက်ချက်ကနေ ထွက်ပေါ်လာသော အော်ရာနှင့် သတ်ဖြတ်ခြင်းစိတ်ဆန္ဒက စောစောက အခြေအနေနှင့် လုံးဝကွဲပြားခြားနားနေ၏။
“မကောင်းတော့ဘူး… သူ ငါ့ကို သတ်တော့မှာပဲ”
ထိုအတွေးက မာရှောင်၏ စိတ်ထဲမှာ ပေါ်ထွက်လာပြီး သူက တုန်လှုပ်သွား၏။ တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ သူက မျောက်၏ တောင်ဝှေးကို ဖမ်းဆွဲဖို့ အလိုလိုလက်လှမ်းလိုက်၏။
ဘန်း…
တောင်ဝှေးက ဖိချေကျဆင်းလာသော်လည်း ၎င်းကို မာရှောင်၏ ဧရာမလက်က တင်းကျပ်စွာ ဖမ်းဆုပ်လိုက်၏။
ဖျောက်… ဖျောက်… ဖျောက်…
အရိုးများကျိုးသံက ထွက်ပေါ်လာ၏။
မာရှောင်သည် နာကျင်စွာဖြင့် မျောက်ကို ဒေါသတကြီး စိုက်ကြည့်ပြီး အော်ငေါက်လိုက်၏။
“မင်း ငါ့ကိုသတ်ဖို့ ဘယ်လိုတောင် ကြိုးစားရဲတာလဲ”
“ငါဘာလို့ မသတ်ရဲရမှာလဲ”
မျောက်က မကောင်းဆိုးဝါးဆန်ဆန်အကြည့်နှင့်အတူ သွားဖြီးပြီး သူ၏ တောင်ဝှေးကို လွှတ်ပေးလိုက်၏။ သူက ရှေ့သို့ခုန်ဝင်ပြီး သူ၏ ဒူးနှစ်ဖက်ကို အနည်းငယ် ကွေးညွှတ်ကာ သစ်သီးတစ်လုံးကို ကမ်းလှမ်းနေသည့်အလား သူ၏ လက်နှစ်ဖက်ကို အပေါ်သို့ ပင့်တင်လိုက်၏။
မာရှောင်သည် မျောက်၏ တောင်ဝှေးကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်မိထားပြီး အချိန်မီ မခုခံနိုင်ပေ။ သူက နောက်သို့သာ အလိုလိုဆုတ်လိုက်နိုင်၏။
သို့သော်လည်း မျောက်က ပို၍ပင် မြန်ဆန်လေသည်။ သူက ဒူး၏ ညွှတ်အားဖြင့် ခုန်ထွက်ပြီး မာရှောင်၏ မေးကို လက်နှစ်ဖက်ဖြင့် ပင့်ရိုက်လိုက်၏။
ဖျောက်….
မာရှောင်၏ ဦးခေါင်းက ကြောက်စရာကောင်းသော ထောင့်ချိုးဖြင့် နောက်ပြန်လန်ကျသွားပြီး သူ၏ လည်ပင်းရိုးက ကျိုးသွားလေသည်။
မျောက်က ရပ်တန့်ဖို့ စိတ်ကူးမရှိဘဲ ဧရာမချိပ်စည်းတစ်ခုကဲ့သို့ မာရှောင်၏ မျက်နှာဆီသို့ လက်ပြန်ပစ်ရိုက်ချလိုက်၏။
မာရှောင်၏ တုံ့ပြန်မှုကလည်း အရမ်းကိုမြန်ဆန်လေသည်။
သူ၏ ခန္ဓာကိုယ်က ဒဏ်ရာအပြင်းအထန်ရရှိသွားပြီး သူ၏ အမြုတေစိတ်ဝိညာဉ်က ခန္ဓာကိုယ်ထဲကနေ ရုန်းထွက်ကာ အဝေးသို့ ပြေးထွက်လိုက်၏။
သူ၏ အမြုတေစိတ်ဝိညာဉ်က မျောက်၏ တိုက်ခိုက်မှုဧရိယာကနေ ထွက်ပြေးလွတ်မြောက်တော့မည့်ဆဲဆဲမှာပင် မျောက်၏ လက်က ရုတ်တရက် ဆယ်ပေကျော် ရှည်ထွက်လာခဲ့၏။ သူ၏ လက်က လေထုကို ဆုတ်ဖြဲပြီး ကောင်းကင်ထက်ကနေ ဧရာမချိပ်စည်းတစ်ခု ဆင်းသက်လာကာ မာရှောင်၏ အမြုတေစိတ်ဝိညာဉ်ကို ခြေမွှဖျက်ဆီးပစ်လိုက်လေသည်။